အခန်း (၉၀၆-၉၁၀)
Vol. 37 Ch. 906-910
အခန်း(၉၀၆) မင်းရှာနေတဲ့ နတ်ယုတ်မာကြီးဆိုတာ
ထန်ထိုက်မင် မျက်နှာဖုံးကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။
ဟူကျစ်လည်း ဒီနေ့ ပါလာပါသည်။ သူ့အနံ့နဲ့ ရောင်ဝါကို ဟူကျစ် တွေ့ဖူးပြီးသားဖြစ်သဖြင့် ဖုံးကွယ်ထားလို့ မရတော့မှန်း ထန်ထိုက်မင်သိသည်။
အမှန်ပင်။ ဖုံးကွယ်ထားစရာလည်း မလိုတော့ပါ။
ဒီနေ့ အရာရာကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ။
နှစ်ပေါင်း ၃၀၀ ကြာလောက် အဓွန့်ရှည်ခဲ့သည့် ဒီအငြှိုးတရား အဆုံးသတ်သင့်ပြီဖြစ်သည်။
ဒီလမ်းကို ဆက်မလျှောက်လှမ်းချင်တော့ပါ။ လျှောက်လှမ်းဖို့လည်း အချိန်မရှိတော့ပါ။
“ဟာ! ဆရာမင်!”
စူစူလေး ကြောင်စီစီဖြစ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
ဆရာမင်က ဘာလို့ လူဆိုးကြီးရဲ့ မျက်နှာဖုံးကို ဝတ်ထားတာလဲ။
“ကလေးမလေး… မင်းကိုငါ ပိုသန်မာလာအောင် သင်ပေးမယ်လို့ ငါကတိပေးခဲ့ဖူးတယ် ငါကတိတည်တယ်မလား”။ ထန်ထိုက်မင် မေးလိုက်လေသည်။
ထန်ထိုက်မင်အသွင်နဲ့ စူစူလေးကို စွမ်းအင်ထိန်းချုပ်နည်းတွေ သူသင်ပေးခဲ့သည်။
စူစူလေးကို ပြန်ပေးဆွဲခဲ့တုန်းက ပေးခဲ့သည့်ကတိကို သူတည်ခဲ့ပါသည်။
စူစူလေး၏ မျက်လုံးလေးများ ပြူးကျယ်သွားသည်။
ဆရာမင်က သိပ်မဆိုးတဲ့ မျက်နှာဖုံးနဲ့ လူဆိုးကြီးပဲ!
အဲ့ဒီလူဆိုးကြီး ပေးထားတဲ့ ကတိကိုလည်း ဆရာမင်က တည်အောင်လုပ်ခဲ့တာ!
ဒီလိုကိုး!
“နင်ကတိတည်ပြီး ငါ့ကို သန်မာလာအောင် သင်ပေးခဲ့ပေမယ့် ကိုကြီးကို အနိုင်ကျင့်တယ်! နင် လူကောင်း မဟုတ်ဘူး!”။ စူစူလေး ဒေါသတကြီး ပြောလိုက်သည်။
“သူက သာမန် ‘ကိုကြီး’မဟုတ်ဘူး။ ငါတို့ရဲ့ ဘုံရန်သူပဲ”
“ဘုံရန်သူဟုတ်လား။ ငါ့ရဲ့ တစ်ဦးတည်းသော ရန်သူက နတ်ယုတ်မာကြီးပဲ! နင်က အခု နတ်ယုတ်မာကြီးထက်တောင် ပိုယုတ်မာသွားပြီ!”
“အဲ့ဒီ နတ်ယုတ်မာကြီးဆိုတာ တခြားသူမဟုတ်ဘူး။ မင်းရဲ့ ကိုကြီးဆိုတဲ့ လုကျန်းယွီပဲ”။ ထန်ထိုက်မင် ဝန်ခံလိုက်သည်။
စူစူလေး မျက်လုံးပြူးကျယ်သွားလေသည်။ သူမ အံ့အားသင့်သွားပြီး လုကျန်းယွီအား လှည့်ကြည့်လိုက်၏။
ကိုကြီးက နတ်ယုတ်မာကြီး
နတ်ယုတ်မာကြီးက ကိုကြီး
သူတို့နှစ်ယောက်က အတူတူပဲ ဟုတ်လား
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”။ စူစူလေး ခေါင်းခါလိုက်သည်။ “ကိုကြီးက နတ်ယုတ်မာကြီး မဖြစ်နိုင်ဘူး။ နတ်ယုတ်မာကြီးက ဒီလိုပုံစံ မဟုတ်ဘူး!”
တစ်ချိန်တုန်းကတော့ လုကျန်းယွီကို နတ်ယုတ်မာကြီးဖြစ်မည်ဟု စူစူလေး သံသယဝင်ဖူးသည်။
ထန်ထိုက်မင်၏ စကားကို ကြားတာတောင် စူစူလေး မယုံကြည်သေးပါ။
“အဲ့တာသူပဲ… ငါမှားမှာ မဟုတ်ဘူး။ မင်းရဲ့ နတ်ယုတ်မာကြီးဆိုတာ ငါ့ရဲ့ အစ်ကိုအရင်းပဲ… ငါလုံးဝ မမှားနိုင်ဘူး”။ ထန်ထိုက်မင် ပြေလာိုက်သည်။
“နတ်ယုတ်မာကြီးက နင့်အစ်ကို ဟုတ်လား”။ စူစူလေး ခေါင်းပိုရှုပ်သွားသည်။
“ဟုတ်တယ်… သူက ငါ့အစ်ကိုပဲ။ မိခင်ချင်း မတူကြပေမယ့် ငါတို့က ညီအစ်ကိုတွေပဲ… တစ်ချိန်တုန်းက ငါသူ့ကို အရမ်း လေးစားခဲ့ဖူးတယ်…”။ ထန်ထိုက်မင် တိုးညှင်းစွာ ရယ်မောလိုက်ရင်း ပြောလိုက်ပါသည်။
“သူက နင့်အစ်ကိုကြီးဆိုရင် ဘာလို့ အနိုင်ကျင့်နေတာလဲ!”
“သူ့ဘက်ကအရင် ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာလေ… အဲ့တာကြောင့် ငါလည်း ပြန်သတ်ဖို့ ကြိုးစားတာ တရားတယ် မဟုတ်ဘူးလား”
ထန်ထိုက်မင်၏ အပြုံးက ဘာကြောင့်မှန်း မသိဘဲ အကျည်းတန်နေပါသည်။
“မဟုတ်ဘူး! နတ်ယုတ်မာကြီးက အဲ့လိုလူ မဟုတ်ဘူး!”
“မင်းကိုယ်တိုင် သူ့ကို နတ်ယုတ်မာကြီးလို့ ခေါ်နေတာ မဟုတ်ဘူးလား။ သူက အဲ့လိုလူမျိုး မဟုတ်ဘူးလို့ ဘာလို့ တပ်အပ် ပြောနိုင်ရတာလဲ”
“နတ်ယုတ်မာကြီးက အဲ့လို ယုတ်မာတာ မဟုတ်ဘူး! တစ်ခုခု မှားနေပြီ”
နတ်ယုတ်မာကြီးက ဆိုးသွမ်းသဖြင့် သူ့ကို ပြန်တွေ့လျှင် သူမ ကန်ပစ်မည်ဖြစ်သည်။ သို့သော်လည်း သူက သူမကို အမြဲတမ်း ဂရုစိုက်ပေးခဲ့သည်…။
အထူးသဖြင့် ဖေဖေနဲ့ မေမေတို့ရဲ့ သမီးအဖြစ် မွေးဖွားလာသည့်နောက်ပိုင်း ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ မလွယ်ကူမှန်း စူစူလေး နားလည်လာခဲ့သည်။
တစ်ခါတလေ ကလေးတစ်ယောက်ကို ဆိုးသွမ်းသည်၊ တုံးအသည်ဟု ပြောဆိုခြင်းက ထိုကလေးကို မချစ်လို့ မဟုတ်ဘဲ တိုးတက်လာစေချင်တာကြောင့်သာ ဖြစ်သည်။
“ဒါဆို… မင်းသူ့ကို ကလဲ့စား ချေချင်သေးလား။ ကလဲ့စားချေချင်ရင် အခု သူမင်းဘေးမှာ ရှိနေတယ်နော်။ မင်းလုပ်ချင်တာ လုပ်လို့ရတယ်”။ ထန်ထိုက်မင် ပြောလိုက်သည်။
လုကျန်းယွီ၏ မျက်နှာကို စူစူလေး လှည့်ကြည့်လိုက်သည်။
ကလဲ့စား ချေရမှာလား…
ကိုကြီးကို ထိုးလိုက်ရမလား…
စူစူလေး လက်သီးကို မြှောက်လိုက်လေသည်။
… … …
အခန်း(၉၀၇) စူစူလေး အစွမ်းတွေပွင့်သွားပြီ
စူစူလေး အချိန်အတော်ကြာ တွန့်ဆုတ်သွားခဲ့သည်။
ထို့နောက် သူမ ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး!”
သူမရဲ့ ကိုကြီးက တကယ်ပဲ နတ်ယုတ်မာကြီးဖြစ်နေရင်တောင် သူ့ကို မထိုးနှက်ချင်တော့ပါ။
ထန်ထိုက်မင် မျက်မှောင်ကြုတ်သွားသည်။ “သူ့ကို အဲ့ဒီအတိုင်းပဲ ခွင့်လွှတ်တော့မှာလား”
“ခွင့်မလွှတ်သေးဘူး။ သူ့ကို ကန်ပစ်ချင်တုန်းပဲ။ ဒါပေမယ့် အခုတော့ မဟုတ်ဘူး။ သူအခု အရမ်း နာကျင်နေတယ်”
“ဒါဆို ငါလုပ်လိုက်မယ် ဘေးဖယ်” ထန်ထိုက်မင် ပြောလိုက်သည်။
“မလုပ်ရဘူး!” စူစူလေး မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် လုကျန်းယွီအား ကာကွယ်ပေးလိုက်ပါသည်။
စူစူလေးက လူကောင်သေးပြီး လက်ချောင်းလေးများက တိုတောင်းသော်လည်း မျက်လုံးလေးများကတော့ အလွန် စူးရှနေပါသည်။
ထန်ထိုက်မင်၏ မျက်နှာ မှောင်မိုက်သွားသည်။ “ကလေးမလေး… ငါမင်းကို တစ်ချိန်က သဘောကျခဲ့ဖူးတယ်။ ငါ့ကို ဆက်အာခံနေဦးမယ်ဆိုရင် မင်းကိုပါ တိုက်ခိုက်ရလိမ့်မယ်နော်”
“ငါ့ကို နင်သဘောကျစရာမလိုဘူး။ ကိုကြီးကို အနိုင်မကျင့်ဖို့ပဲလိုတာ!”
“စကားနဲ့ ပြောလို့မရမှတော့ ငါ့အဆိုးမဆိုနဲ့တော့…”
ထန်ထိုက်မင်၏ အရှိန်အဝါများ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ အလွန်အားကောင်းသည့် စွမ်းအင်များ ဖြာထွက်လာခဲ့သည်။
ထန်ထိုက်မင်၏ ခြေဖျားနှစ်ဖက်မှ ကြက်သွေးရောင် အလင်းများ ပေါ်လာပြီး ကြမ်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
စူစူလေးကို သူအထင်သေးမှာ မဟုတ်ပါ။ ပိုင်ကျဲနတ်သားရဲတစ်ကောင်ရဲ့ အစွမ်းတွေအကြောင်း သူနားလည်သည်။ သူသာ အစွမ်းကုန်ထုတ် မသုံးပါက အနိုင်ယူနိုင်မှာ မဟုတ်ပေ။
သို့သော် အစွမ်းကုန်ထုတ်သုံးလိုက်ရင်လည်း သူသေရလိမ့်မည်။ လောကသုံးပါး နိယာမ၏ ဒဏ်ခတ်ခြင်းကြောင့် သေရနိုင်သလို သူ့နတ်စွမ်းအင်တွေ အားလုံး ခမ်းခြောက်ကာ လေထဲ လွင့်ပျံ သေဆုံးသွားနိုင်သည်။
အခြေအနေတွေ ဒီလောက်ထိတောင် ဆိုးရွားနေပြီဖြစ်သဖြင့် သူ့အပေါ် သူ့အစ်ကိုကြီး ချမှတ်ခဲ့သည့် စည်းအား ရုတ်သိမ်းဖို့ မဖြစ်နိုင်တော့ပါ။
နောက်ဆုံးရွေးချယ်စရာလမ်းဆိုလို့ နှစ်ဦးနှစ်ဖက် ပျက်သုဉ်းခြင်းသာ ရှိတော့သည်။
သူရှုံးနိမ့်သွားပါက တစ်ယောက်တည်း လွင့်ပျံ သေဆုံးသွားရလိမ့်မည်။
အနိုင်ရသွားပါက အားလုံးအတူတူ လွင်ပျံ သေဆုံးရပါလိမ့်မည်။
ကြမ်းပြင်ပေါ်က အနီရောင် အလင်းများကို မြင်သောအခါ ဟူကျစ် အမွေးများထောင်သွားပြီး ထန်ထိုက်မင်ကို အစွယ်ပြ မာန်ဖီလိုက်လေသည်။
ဒါတိရိစ္ဆာန်တစ်ကောင်ရဲ့ အန္တရာယ် သိမြင်စိတ်ကြောင့် သတိပေးနေခြင်း ဖြစ်သည်။
စူစူလေးလည်း ခံစားမိသည်။ ထန်ထိုက်မင် အန္တရာယ်များတာတစ်ခုခု လုပ်တော့မည်။
တင်းမာနေသည့် ဟူကျစ်ကို စူစူလေး ကြည့်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှာ အားနည်းချည့်နဲ့စွာ သတိလစ်နေသည့် လုကျန်းယွီကိုလည်း လှည့်ကြည့်လိုက်သည်။
သူမရဲ့ တာဝန်တွေကို စူစူလေး နားလည်သွားပါသည်။
ကိုကြီးနဲ့ ဟူကျစ်တို့ကို သူမ ကာကွယ်ပေးရမည်။
သူမ ဒီ့ထက် သန်မာလာဖို့ လုံးဝ လိုအပ်သွားပါပြီ။
နှလုံးသားမှ ခံစားချက်နဲ့အတူ စွမ်းအင်များလည်း လိုက်ပါလာသည်။
စူစူလေး၏ ခန္ဓာကိုယ်မှ အလွန်အားကောင်းသည့် ရောင်ခြည်တစ်ခု ထွက်လာသည်။
အခန်းထဲက လေတွေ မငြိမ်မသက်ဖြစ်လာပြီး ပရိဘောဂတွေအကုန် ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ခါလာလေသည်။
ကျောက်တိုင် ၈ တိုင်မှအပ အခန်းထဲက ပစ္စည်းအားလုံး ကြောက်ဖို့ကောင်းလောက်အောင် လှုပ်ခါသွားသည်။
ထိုစဉ် ကုန်းပတ်ပေါ်မှာ ရှိနေသည့် ဆရာကြီးရှုယီနဲ့ အာ့ချောင်တို့လည်း ကောင်းကင်ပေါ် ရုတ်တရက် စုဝေးလာသည့် တိမ်နက်များကို သတိထားမိသွားကြသည်။
စက္ကန့်ပိုင်းအတွင်း ကောင်းကင်ပြာနဲ့တိမ်ဖြူများကို ပိန်းပိတ်အောင် မှောင်မိုက်သည့် တိမ်နက်များက ဖုံးလွှမ်းသွားသည်။ ထိုတိမ်နက်များအတွင်း ရံဖန်ရံခါ လျှပ်စီးအလင်းရောင်များကို မြင်နေသည်။
ဆရာကြီးရှုယီ ရင်တုန်သွား၏။
ဒါစူစူလေးရဲ အစွမ်းနဲ့ တူနေသည်။
ယခင်တုန်းက စူစူလေး လေတွေကို ထိန်းချုပ်နိုင်ခဲ့သည်။ မိုးကြိုးတွေကို ခေါ်နိုင်ခဲ့သည်။ သို့သော်လည်း သူမ ဒေါသထွက်သည့် အချိန်ကျမှ ထိုအစွမ်း မတော်တဆ ပေါ်လာခြင်းသာ ဖြစ်သည်။
သူမရဲ့ စွမ်းရည်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပါ။
ကောင်းကင်ပေါ်က တိမ်နက်များကို ကြည့်ရင်း စူစူလေးရဲ့ စွမ်းအင်တွေ မြင့်တက်သွားခဲ့ပြီဖြစ်မှန်း ဆရာကြီးရှုယီ နားလည်လိုက်ပါသည်။
ထို့အပြင် မိုးကြိုးက ချက်ချင်း မပစ်ဘဲ အားကောင်းအောင် လျှပ်စီးများကို စုစည်းနေသလိုပင်။
ဒါ စူစူလေး စွမ်းအင်ကို ထိန်းချုပ်နေသည့် လက္ခဏာဖြစ်သည်။
အာ့ချောင်လည်း မှင်သက်နေသော မျက်လုံးများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါသည်။
ဒါသာမန် မုန်တိုင်း မဟုတ်ဘူး!
သူတို့ရင်ထဲ ဖိအားတစ်ခုကို ရုတ်တရက်ခံစားလိုက်ရပြီး အကြောက်တရားများ ပေါ်လာခဲ့သည်။
ဒါဘော့စ်ရဲ့ စွမ်းအားလား…
ဒါမှမဟုတ် ချင်းစူစူရဲ့ စွမ်းအားလား…
… … …
အခန်း(၉၀၈) မသေမျိုးများရဲ့ တိုက်ပွဲ
အာ့ချောင် ကြက်သေသေနေစဉ် မကြာသေးခင်ကမှ အရှိန်အဝါအပြည့်နဲ့ မတ်တပ်ရပ်နေခဲ့သော ဆရာကြီးရှုယီ ချက်ချင်း ထွက်ပြေးသွားကာ စက်ခန်းထဲ ဝင်ပုန်းနေလေသည်။
စက်ခန်းထဲမှာ ပုန်းရင်း အာ့ချောင်တို့ကို ဆရာကြီးရှုယီ လှမ်းအော်လိုက်ပါသည်။ “ဟေ့ကောင်တွေ! အဲ့မှာ ကြောင်ကြည့်မနေကြနဲ့! မြန်မြန် အကာအကွယ်ယူကြ! ငါတို့ သေမျိုးတွေ ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး! မသေမျိုးတွေ တိုက်ခိုက်နေကြပြီ! အကုန် အကာအကွယ်ယူကြ!”
အာ့ချောင် ကြက်သေသေနေဆဲဖြစ်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသည်။
“ဘာရပ်ကြည့်နေတာလဲကွ။ ဒီစက်ခန်းထဲမှာ ဝင်နေရင် ကုန်းပတ်ပေါ်မှာ မတ်တပ်ရပ်နေတာထက်စာရင် မိုးကြိုးဒဏ်က သက်သာလိမ့်မယ်! မြန်မြန်ဝင်ကြ!”။ ဆရာကြီးရှုယီ ထပ်အော်လိုက်သည်။
ခေါင်းပေါ်မှ ခပ်အုပ်အုပ် မိုးချုန်းသံများကို ကြားသောအခါ အာ့ချောင် အသိစိတ်ပြန်ဝင်လာပြီး ကုန်းပတ်ပေါ်မှာ သတိလစ်နေသည့် လက်အောက်ငယ်သားများအား စက်ခန်းထဲ အမြန်ရွှေ့ဖို့ ကျန်လူတွေကို အမိန့်ပေးလိုက်လေသည်။
မကြာမီ စက်ခန်းထဲ လူတွေပြည့်ကြပ်သွားလေတော့သည်။
မကြာသေးခင်ကမှ တိုက်ခိုက်ဖို့အသင့်ဖြစ်နေသည့် သူတို့အားလုံး ယခုတော့ စက်ခန်းထဲမှ စုပြုံလျက် မိုးကြိုးဒဏ်မှ လွတ်အောင် ပုန်းခိုနေကြလေသည်။
“ဆရာကြီးရှုယီ စူစူလေးကလည်း ကျုပ်တို့ဘော့စ်လိုပဲ လူသား မဟုတ်ဘူးလား”။ အာ့ချောင် မေးလိုက်သည်။
“ဘာ မင်းဘော့စ်ကလည်း လူသား မဟုတ်ဘူးလား”။ ဆရာကြီးရှုယီ မျက်လုံးပြူးသွားလေသည်။
ဘာတွေဖြစ်နေတာလဲ
မသေမျိုးတွေရဲ့ အသိုက်ထဲ သူတို့ ရောက်နေကြတာလား
“ခင်ဗျား မသိဘူးလား”
“ဘာလို့ သိရမှာလဲကွ မင်းဘော့စ် ဘယ်သူဘယ်ဝါမှန်းတောင် ငါမသိဘူး!”
“ဪ”
“မင်းတို့ဘော့စ်က ဘာလိုချင်တာလဲ။ လူတစ်ယောက်ကို ရှာချင်တာနဲ့ ကလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ပြန်ပေးဆွဲနေတာ ဘာသဘောလဲ”
“ဘော့စ်က သူ့အပေါ် ကျိန်စာတိုက်ပြီး စည်းချခဲ့တဲ့ လူတစ်ယောက်ကို ရှာနေတာ။ အဲ့ဒီကျိန်စာကြောင့် သူ့မသေမျိုး စွမ်းအင်တွေ တဖြည်းဖြည်း ပျောက်ကွယ်နေရပြီ။ အဲ့ဒီ ကျိန်စာကိုသာ မဖျက်နိုင်ရင် မကြာခင် သူလည်း လေထဲမှာ လွင့်ပျံပြီး သေဆုံးရလိမ့်မယ်”
“လေထဲမှာ လွင့်ပျံပြီး သေဆုံးစေတဲ့ ကျိန်စာဟုတ်လား။ ဘယ်လို လူယုတ်မာက အဲ့လို ကျိန်စာတိုက်မှာလဲ။ ဒါမှမဟုတ် မင်းတို့ဘော့စ် အပြစ်တစ်ခုခု လုပ်ခဲ့လို့လား”။ ဆရာကြီးရှုယီ မေးလိုက်သည်။
“မဖြစ်နိုင်တာ! ကျုပ်တို့ဘော့စ်က မယုတ်မာဘူး! ချင်းစူစူကို ပြန်ပေးဆွဲတုန်းက သူဘာမှ မလုပ်ခဲ့ဘူး!”
“ဟား! အဲ့တာ ငါတို့စူစူလေးကို သူဘာမှ မလုပ်နိုင်လို့လေ။ အဲ့ဒီ ဟဲပေမူကို သေလုမျောပါးဖြစ်အောင် မင်းတို့ပဲ နှိပ်စက်ခဲ့တာ မဟုတ်ဘူးလား”
“အဲ့ဒီ ဟဲပေမူကလည်း သာမန် လူသား မဟုတ်ဘူး။ သူရှာနေတဲ့ လူမွေးထားတဲ့ ဝံပုလွေတစ်ကောင်လို့ ဘော့စ်က ပြောတယ်။ ချင်းစူစူကို ကာကွယ်ဖို့ အဲ့ဒီဝံပုလွေကို လွှတ်ထားခဲ့တာတဲ့။ သူ့ရဲ့ အသွင်အစစ်ကို ဖော်ထုတ်ဖို့အတွက် ကျုပ်တို့ နှိပ်စက်ခဲ့တာ။ သေလုမျောပါး ခံစားချက်ကို ခံစားရမှ လူသားခန္ဓာကိုယ်ထဲက အသွင်အစစ် ထွက်လာလိမ့်မယ်လို့ ဘော့စ်က ပြောတယ်”
အာ့ချောင် ဆက်ရှင်းပြလိုက်သည်။ “ပုံမှန်ဆို ကျုပ်တို့ဘော့စ်က ဒီလို မလုပ်ပါဘူး… တစ်ခါတလေ သူ့ကိုယ်သူ လူဆိုးတစ်ယောက်လို့ပြောပေမယ့် ကျုပ်ရင်ထဲမှာတော့ သူက လူဆိုး မဟုတ်ဘူး”
“ဒီလိုကိုး…”။ ဆရာကြီးရှုယီ မုတ်ဆိတ်ကို ပွတ်သပ်ကာ ရေရွတ်လိုက်သည်။ အခုတော့ သူ့ရန်သူအကြောင်းကို အနည်းငယ် နားလည်လာပါပြီ။
“ခင်ဗျားကကော ဘာလဲ။ ခင်ဗျားက လူသားတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက် သိနေရတာလဲ”။ ဆရာကြီးရှုယီကို အာ့ချောင် နားမလည်နိုင်စွာ မေးလိုက်သည်။
“ငါက လူသားတစ်ယောက်ပါ။ ဒါပေမယ့် အနာဂတ်ကို မြင်နိုင်တဲ့ မသေမျိုးသွေးနှောတစ်ယောက်နဲ့ ငါဆုံခဲ့တယ်။ ငါ့ကို ဘေးအန္တရာယ်တစ်ခုကနေ သူကယ်တင်ပေးခဲ့ပြီး ဒါတွေအားလုံး ရှင်းပြခဲ့တာ”
“ချင်းစူစူကို ကျေးဇူးပြန်ဆပ်ဖို့ သူ့ဘေးနားမှာ တစ်ချိန်လုံး နေခဲ့တာပေါ့ ဟုတ်လား”
“ကျေးဇူးဆပ်တာတွေ မဆပ်တာတွေနဲ့ မဆိုင်ဘူး။ ငါအသက်ကြီးနေပြီ။ တစ်သက်လုံးလည်း ဆေးပညာကိုပဲ သင်ယူခဲ့တာ။ ငါသေရမှာ မကြောက်ဘူး။ ၁၀ နှစ်လောက် အသက်ဆက်ရှင်ရလို့ ငါ့အတွက် ဘာမှ ထူးခြားမသွားဘူး။ ငါ့ကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးနိုင်ခဲ့တုန်းကလည်း အဲ့ဒီလူကို အကြံအဖန် မဟုတ်ဘူးလို့ ယုံကြည်သွားရုံကလွဲပြီး ကျန်တာ ပြောင်းလဲမသွားဘူး”
“အဲ့တာဆို ခင်ဗျားက ဘာကို ရှာဖွေနေတာလဲ”
… … …
အခန်း(၉၀၉) စူစူလေးနဲ့ ထန်ထိုက်မင် (၁)
“ငါရှာဖွေနေတဲ့အရာ ဟုတ်လား…”။ ကောင်းကင်ကြီးကို ဆရာကြီးရှုယီ မော့ကြည့်လိုက်သည်။ “စူစူလေးက ချစ်ဖို့ကောင်းပြီး နွေးထွေးတဲ့ အရာလေးပဲ။ သူ့အပြုံးကို မြင်ရရင် ဘယ်လောက် ချိုမြိန်သလဲ မင်းနားလည်မှာ မဟုတ်ဘူး”
ဘာမှ မလုပ်နိုင်ဘဲ သမီးဖြစ်သူရဲ့ ထွက်သက်ကို သူရပ်ကြည့်နေခဲ့ရသည်။ သမီးဖြစ်သူ သေဆုံးသွားပြီးနောက် မျှော်လင့်ချက် အားလုံးပျက်စီးသွားပြီး အသက်ရှင်လိုစိတ်ပင် ပျောက်ကွယ်သွားခဲ့ရသည်။
ကိုယ့်သမီးအရင်းကိုတောင် မကယ်တင်နိုင်မှတော့ လူပေါင်းများစွာကို ကယ်တင်နိုင်လည်း ဘာထူးတော့မှာလဲ။
နတ်ဆေးသမားတော်ကြီးဟွာထော် ပြန်ဝင်စားသကဲ့သို့ သူ့မှာ အလွန်အစွမ်းထက်သည့် ဆေးပညာများ ရှိနေသည်ဟု လူတိုင်းက ဆိုကြသည်။
သို့သော်လည်း ထိုပညာက သမီးဖြစ်သူကို ကယ်တင်ဖို့တော့ မလုံလောက်ခဲ့ပေ။
ထို့ကြောင့် သူအနားယူဖို့ ဆုံးဖြတ်လိုက်ပြီး ကျန်ရှိနေသော နေ့ရက်များကို အေးချမ်းသော တောင်ပေါ်ဒေသ တစ်ခုတွင်သာ ကုန်ဆုံးခဲ့လေသည်။
ထိုကာလအတွင်း ချင်းမိသားစုနဲ့ သူဆုံတွေ့ခဲ့ရသည်။ ထိုကလေးမလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် သူ့ရင်ထဲက ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
နောက်တော့ ထိုကလေးမလေးရဲ့ အမှတ်မထင် ပြောလိုက်သော စကားလုံးလေးတွေကြောင့် အချုပ်အနှောင်များမှ သူလွတ်မြောက်ခဲ့ရသည်။
“ဦးလေးပိုင်ဟူကျစ် မကြောက်နဲ့! ဦးလေးက အရမ်းတော်ပြီးသား! မလုပ်တတ်တဲ့ အရာတချို့ရှိလည်း ဘာမှ မဖြစ်ပါဘူး”
“ဦးလေး ပိုင်ဟူကျစ်ရဲ့ သမီးက အေးအေးချမ်းချမ်းနဲ့ရှိနေတယ်”
“လူတွေသေသွားရင် ဝိညာဉ်ဆိုတာ ရှိသေးတယ်တဲ့။ ဦးလေးပိုင်ဟူကျစ် သမီးရဲ့ ဝိညာဉ်ကို သမီးတွေ့ခဲ့တယ်!”
“…”
“အဲ့တာဆို… ခင်ဗျားကို အဲ့တာတွေ ပြောပြခဲ့တဲ့လူက ဘယ်သူလဲ။ သူကကော ဘာလို့ အဲ့လောက်တောင် သိနေရတာလဲ”။ အာ့ချောင် ထပ်မေးလိုက်သည်။
“ဗေဒင်ဆရာတစ်ယောက်ပါ။ ပေကျင်းမြို့မှာ နာမည်ကြီးတယ်။ သူများတွေကို မကြာခဏ လှည့်စားနေကျ။ ဥပမာ စူစူလေးကို ရှာတွေ့အောင် ဆရာကြီးကောဆိုတဲ့ ပန်းချီဆရာကြီးကို ဟွာချန့်မြိုဆီ ရောက်အောင် လွှတ်လိုက်တာ သူပဲလေ။ စူစူလေးနားမှာ နေရင် သူသက်ရှည်ကျန်းမာလိမ့်မယ်ဆိုပြီး ဗေဒင်ဟောပေးလိုက်တာ”
သူတို့ စကားပြောနေကြစဉ် ကောင်းကင်ပေါ်က တိမ်နက်များ အလွန်ထူထပ်လာသဖြင့် နေရောင်ကိုတောင် လုံးဝ မမြင်ရတော့ချေ။
တိမ်နက်အလွှာတွေကြားထဲ ရွှေရောင် လျှပ်စီးတွေကို ရံဖန်ရံခါ မြင်နေရသည်။
ဆရာကြီးရှုယီ တီးတိုး ရေရွတ်လိုက်လေသည်။ “စူစူလေး… နောက်ဆုံးတော့ အလင်းရသွားခဲ့ပြီပဲ…”
အာ့ချောင်တို့အဖွဲ့ တုန်လှုပ်သွားကြသည်။ မသေမျိုးတွေရဲ့ အကြွင်းမဲ့ စွမ်းအားတွေနဲ့ ရင်ဆိုင်ရလို့ အားနည်းပျော့ညံ့တဲ့ လူသားခန္ဓာကိုယ်က အလိုလျောက် တုန့်ပြန်လာတာပဲလား…။
--- --- ---
သင်္ဘောအောက်ထပ်တွင် ကောင်းကင်ပေါ်မှ ကြီးမားသော ဖိအားနဲ့ စူစူလေးထံမှ ဖြာထွက်နေသော နတ်စွမ်းအင်များကြောင့် ထန်ထိုက်မင် ထိတ်လန့်သွားခဲ့ရသည်။
ဒီလောက်သေးငယ်တဲ့ ခန္ဓာကနေ ဒီလောက်ကြီးမားတဲ့ စွမ်းအားမျိုး ထုတ်နိုင်တာလား…။
လောကသုံးပါးရဲ့ နောက်ဆုံးလက်ကျန် ပိုင်ကျဲနတ်သားရဲရဲ့ စွမ်းအားအစစ်အမှန်က ဒါလား…။
စစ်နတ်ဘုရား ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသော မျိုးဆက် ပိုင်ကျဲနတ်သားရဲဆိုတာ ဒါလား…။
စူစူလေးကိုတောင် အနိုင်ယူနိုင်ပါတော့မလားဟု ထန်ထိုက်မင် သံသယတွေ ဝင်လာခဲ့ပါသည်။
စူစူလေးထံမှ ဖြာထွက်နေသည့် စွမ်းအင်တွေကြောင့်ပဲလား တခြား ဘာအကြောင်းအရင်းတစ်ခုခုကြောင့်ပဲလား မသိနိုင်သော်လည်း လုကျန်းယွီ သတိပြန်လည်လာပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပါသည်။
စူစူလေးနဲ့ ထန်ထိုက်မင်တို့ ရင်ဆိုင်နေကြတာကို မြင်သောအခါ စူစူလေးကို လှမ်းဆွဲဖို့ လုကျန်းယွီ ကြိုးစားလိုက်သည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်က အလွန် အားနည်းနေပါသည်။ လက်ကို ခေတ္တသာ မြှောက်နိုင်ပြီး ကြမ်းပြင်ပေါ် ပြန်ကျသွားခဲ့သည်။
ထို့နောက် ကြမ်းပြင်ပေါ်က အနီရောင် အလင်းများကို လုကျန်းယွီ မြင်သွားသည်။ ကြမ်းပြင်တစ်ခုလုံး အနီရောင် အလင်းများဖြင့် ဖုံးလွှမ်းနေပြီး ရွှေရောင် မှော်အက္ခရာများ လွင့်မျောနေသည်။
ဒါအန္တရာယ်အလွန်များသည်ဟု လုကျန်းယွီ စိတ်ထဲ တစ်စုံတစ်ခုက သတိပေးလာသည်။
“စူစူလေး!”
စူစူလေးလည်း လုကျန်းယွီကို ခေတ္တလှည့်ကြည့်လိုက်သည်။ ထို့နောက် ထန်ထိုက်မင်ဘက်သို့ ပြန်လှည့်သွားပါသည်။
“ငြိမ်ငြိမ်နေ ကိုကြီး! သမီး ကာကွယ်ပေးမယ်!”
သူမရဲ့ အသံက နူးညံ့ချိုမြိန်နေသော်လည်း စကားလုံးများက အလွန်အရှိန်အဝါကြီးပါသည်။
အခုချိန်မှာ ကိုကြီးကို ကာကွယ်နိုင်တာ သူမတစ်ယောက်တည်းသာ ရှိမှန်း စူစူလေး သိသည်။
သူမ အောင်မြင်မှ ဖြစ်ပါမည်။
… … …
အခန်း(၉၁၀) စူစူလေးနဲ့ ထန်ထိုက်မင် (၂)
ထို့နောက် ဟူကျစ်ကို စူစူလေး အမိန့်ပေးလိုက်သည်။ “ဟူကျစ်! ကိုကြီးကို ကာကွယ်ပေးထား! သူ့ကို မလှုပ်ရှားစေနဲ့!”
“မြောင်!”။ ဟူကျစ် ပြန်အော်လိုက်ပြီး လုကျန်းယွီဘေးသို့ ခုန်လိုက်ကာ သေချာ စောင့်ကြည့်လိုက်သည်။
စူစူလေး၏ နောက်ကျောကို လုကျန်းယွီ ငေးကြည့်ရင်း အရွယ်ရောက်ပြီးသား စူစူလေးကို မြင်နေရသလို ခံစားလိုက်ရသည်။
ထန်ထိုက်မင် စဉ်းစားဖို့ အချိန်မရှိတော့ပါ။ ကောင်းကင်ပေါ်မှ ရွှေရောင်မိုးကြိုး အစင်း ကိုးထောင့်ကိုးရာ တစ်ပြိုင်နက်တည်း ဆင်းသက်လာသည်။
ထန်ထိုက်မင်၏ ခြေဖျားမှ အနီရောင် အလင်းများလည်း တိုက်စစ်မှ ခံစစ်အဖြစ် ပြောင်းလဲလိုက်ရသည်။ ထို အနီရောင် အလင်းများ ကောင်းကင်ပေါ်သို့ အလျှင်အမြန် မြင့်တက်သွားခဲ့ပါသည်။
သင်္ဘောအောက်ထပ်မှ အနီရောင်အလင်းများတက်လာပြီး ကုန်းပတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည့် မြင်ကွင်းကို ဆရာကြီးရှုယီနဲ့ အာ့ချောင်တို့အားလုံး မြင်လိုက်ရလေသည်။
အနီရောင်အလင်းများတက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်မှ ရွှေရောင်မိုးကြိုးများလည်း ဆင်းသက်လာကာ စွမ်းအင်နှစ်ခု ထိတိုက်မိလေတော့သည်။
ချက်ချင်းဆိုသလို ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို တုန်ခါသွားစေသည့် အသံနက်ကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
ကမ္ဘာကြီး အရောင်ပြောင်းလဲသွားကာ ပင်လယ်ကြီးလည်း ကြမ်းတမ်းလာခဲ့သည်။
မိုးထိအောင် မြင့်သည့် လှိုင်းလုံးကြီးများတက်လာပြီး သင်္ဘောကြီးကို သားရဲတစ်ကောင်လို ဝါးမြိုရိုက်ခတ်လိုက်ပါသည်။
စက်ခန်းထဲမှာ ပုန်းနေသည့် ဆရာကြီးရှုယီတို့ ရေတွေစိုရွှဲကုန်ပြီး အမြင်အာရုံတွေလည်း ဝေဝါးသွားကြသည်။ အပြင်ဘက်က မိုးကြိုးသံတွေကိုသာ ကြားရတော့သည်။
ဆူညံသံတွေနဲ့ တုန်ခါမှုတွေကြောင့် အချိန်မရွေး တစ်စစီဖြစ်သွားနိုင်သလို ခံစားနေရသဖြင့် အားလုံး အကြောက်တရားများ ဖုံးလွှမ်းနေကြသည်။ ထို့ကြောင့် မျက်လုံးတွေ၊ နားတွေကို လက်ဖြင့် အုပ်ထားလိုက်ကြပါသည်။
သင်္ဘောကြီးရဲ့ အထက်မှာ အနီရောင်အလင်းများက ဒိုင်းသဖွယ် အသွင်ဆောင်လိုက်ပြီး ရွှေရောင် မိုးကြိုးများ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
မိုးကြိုးပေါင်း တစ်ထောင်ကျော်ကို ထန်ထိုက်မင် ကာကွယ်နိုင်ခဲ့သည်။
သို့သော် မိုးကြိုးတွေ များလာပြီး ပိုမိုအားကောင်းလာသောကြောင့် ထန်ထိုက်မင် ခွန်အား လျော့နည်းလာသည်။
သူ့နှုတ်ခမ်းတွေ စည်းတင်းနေပြီး နဖူးပေါ်မှာလည်း ချွေးသီးချွေးပေါက်တွေ စိုရွှဲနေသည်။
အစင်း ခြောက်ထောင်မြောက် မိုးကြိုး ရိုက်ခတ်သောအခါ အနီရောင် အလင်းဒိုင်းတွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ထန်ထိုက်မင်၏ မျက်နှာလည်း စာရွက်တစ်ရွက်လို ဖြူဖွေးသွားပါသည်။
စူစူလေး၏ မျက်နှာက ခက်ထန်နေဆဲဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် လုံးဝ မတွေ့ရပါ။ မျက်လုံးများက စူးရှ ထက်မြက်နေဆဲဖြစ်သည်။
သူရှုံးနိမ့်သွားပြီဆိုတာ ထန်ထိုက်မင် သိလိုက်ရသည်။
ဒီကလေးမလေးကို သူမယှဉ်နိုင်တော့ပါ။
ဒါအဆုံးသတ်ပဲ ဖြစ်သည်။ သူ့မသေမျိုးစွမ်းအင်တွေ ကုန်ခမ်းသွားပါပြီ။ ထိုစည်းကြောင့် သူသေဆုံးရတော့မည်။
စိတ်ပျက်ဖို့ကောင်းလိုက်တာ…
သူ့ကို ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာ မျက်နှာချင်းဆိုင် မမေးရသေးဘူးလေ…
ထန်ထိုက်မင်၏ အနီရောင်အလင်းဒိုင်းပေါ်က အက်ကွဲကြောင်းများ ပိုမို ကြီးမားလာခဲ့သည်။
အစင်း ရှစ်ထောင်မြောက် မိုးကြိုးကြောင့် အနီရောင်အလင်းဒိုင်း ပျက်ယွင်းသွားပြီး အစိတ်စိတ်အမြွှာမြွှာကွဲထွက်ကာ အလင်းမှုန်လေးများအဖြစ် မှေးမှိန်ပျောက်ကွယ်သွားကြလေတော့သည်။
နောက်ထပ် မိုးကြိုးတစ်စင်းကျလာလျှင် သူသေဆုံးရတော့မည်ဆိုတာကို ထန်ထိုက်မင် သိသည်။ စက်ခန်းထဲက အာ့ချောင်တို့လည်း သေရတော့မည်ဟု ခံစားနေရသည်။
မိုးကြိုးများက သင်္ဘောစက်ခန်းနဲ့ ကိုယ်ထည်ကို ဖြတ်သန်းသွားပြီး အောက်ထပ်ရှိ ထန်ထိုက်မင်ပေါ် တန်းတန်းမတ်မတ် ကျရောက်လာခဲ့သည်။
မျက်စိတစ်မှိတ် အချိန်အတွင်း ရွှေရောင်မိုးကြိုးပေါင်းများစွာ ထန်ထိုက်မင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာခဲ့သည်။
မိုးကြိုးအစင်းပေါင်း ကိုးရာ့ကိုးဆယ်တိတိ၏ ရိုက်ခတ်မှုကို ထန်ထိုက်မင် ခံစားလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လုကျန်းယွီ၏ ခန္ဓာကိုယ်အတွင်း ပူနွေးသော စွမ်းအင်တချို့ တလိပ်လိပ် တက်လာခဲ့သည်။
လုကျန်းယွီ၏ လှုပ်ရှားမရသော ခန္ဓာကိုယ်လည်း တုန်ခါလာခဲ့ပြန်သည်။
တစ်ခုခု မှားယွင်းနေတာကိုမြင်ပြီး ဟူကျစ် ချက်ချင်း အော်ကာ သတိပေးလိုက်သည်။ “မြောင် မြောင် မြောင်!”
စူစူလေး နောက်လှည့်ကြည့်လိုက်ရာ လုကျန်းယွီ၏ ထူးထူးဆန်းဆန်း အခြေအနေကို မြင်ပြီး အမြန် ပြေးသွားလိုက်ပါသည်။
“ကိုကြီး! ကိုကြီး ဘာဖြစ်တာလဲ!”
ကိုကြီးပုံစံ အရမ်းထူးဆန်းနေတယ်… ဘာလုပ်ရမလဲ!
ထိုစဉ် ရုတ်တရက်ဆိုသလို လုကျန်းယွီ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ထန်ထိုက်မင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့တော့သည်။
… … …