← Chapters

အခန်း (၉၁၁-၉၁၅)

Vol. 37 Ch. 911-915

အခန်း (၉၁၁-၉၁၅)

Vol. 37 Ch. 911-915

အခန်း(၉၁၁) အားလုံး နားလည်မှုလွဲခဲ့တာ (၁)

ထန်ထိုက်မင် သူ့ကိုယ်သူ သေဆုံးသွားပြီဟု ထင်ခဲ့သည်။ သူ့အသိစိတ်က ဟင်းလင်းနယ်တစ်ခုကို ရောက်ရှိနေသည်။

ဘေးပတ်လည်မှာ အဆုံးမရှိနိုင်သော အဖြူရောင်တွေကိုသာ မြင်နေရသည်…။

ဒါ လွင့်ပျံသေဆုံးခြင်း ဆိုတာလား…

ငါ့မှာ အသိဉာဏ်ရှိနေသေးပေမယ့် တခြား ဘာမှ မရှိတော့တာကို ဆိုလိုတာလား…

သူထင်ထားတာထက် ပိုပြီး ရင်နာစရာကောင်းပါသည်။

လွင့်ပျံသေဆုံးခြင်းဆိုတာ စိတ်ဝိညာဉ်နဲ့ ခန္ဓာ အရာရာ ပျက်သုဉ်းခြင်းကို ဆိုလိုသည်ဟု ထန်ထိုက်မင် ထင်ထားခဲ့သည်။

ဒီလို ဟင်းလင်းနယ်ထဲမှာ အသိဉာဏ်နဲ့ ထာဝရ ပိတ်မိနေမှာထက်စာလျှင် လုံးဝ ပျောက်ကွယ်သွားလိုက်တာမှ ပိုကောင်းပါဦးမည်။

ထန်ထိုက်မင် ခါးသီးစွာ ရယ်မောလိုက်သည်။

ထိုစဉ် ဟင်းလင်းနယ်ထဲမှာ ရွှေရောင်အလင်းလေးတစ်ခု ပေါ်လာသည်။ ထို့နောက် ရွှေရောင်အလင်းလေးက တဖြည်းဖြည်း ပြန့်ကားသွားပြီး စက်ဝိုင်းသဏ္ဌာန်ဖြစ်သွားသည်။

နောက်ဆုံးတော့ ထိုစက်ဝိုင်းထဲမှာ အတိတ်မှတ်ဉာဏ်ပုံရိပ်တစ်ခု ပေါ်လာခဲ့ပါသည်။

ထိုပုံရိပ်ထဲမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မာန ထောင်လွှား ဆိုးသွမ်းနေသည့် လူငယ်တစ်ယောက်ကို မြင်နေရသည်။

သူ့ကိုယ်သူ ထန်ထိုက်မင် မှတ်မိပါသည်။ ဒီလူက လွန်ခဲ့သည့် နှစ် ၃၀၀ တုန်းက သူ့ရဲ့အသွင်ပဲ ဖြစ်သည်။

ထိုနေ့ကလည်း သူ့အစ်ကိုကြီး သူ့အပေါ် ကျိန်စာတိုက် စည်းချခဲ့သည့် နေ့ပဲဖြစ်သည်။

ထိုနေ့က သူ့အစ်ကိုကြီး ကျင့်ကြံနေသည့် မင်းမဲ့မြို့ဟောင်းထံသို့ သူသွားခဲ့သည်။ သူ့အစ်ကိုကြီး ကျင့်ကြံခြင်း ပြီးဆုံးမည့် နေ့ဖြစ်တာကြောင့် သွားကြိုခြင်း ဖြစ်ပါသည်။

မင်းမဲ့မြို့ဟောင်းအပြင်ဘက်မှာ ရပ်စောင့်ရင်း သူ့အစ်ကိုကြီး မရှိစဉ် သူလုပ်ခဲ့သည့် အပြစ်များအကြောင်း ပြန်စဉ်းစားမိသည်။

သူ့ကို သူ့အစ်ကိုကြီး အပြစ်ပေးမှာ သေချာပါသည်။ သို့သော် ဒါတွေအားလုံးက သူ့အစ်ကိုကြီးရဲ့ အာရုံစိုက်မှုကို လိုချင်လို့သာ လုပ်ခဲ့ရတာတွေဖြစ်သည်။

သူအမြဲတမ်း အမှားအယွင်းတွေ လုပ်ခဲ့သည်။ တစ်ခါတလေ နတ်သမီးတွေကို လိုက်နှောင့်ယှက်ပြီး တစ်ခါတလေ သစ်သီးတွေ ခူးစားတတ်သည်။ အားလုံးက သူ့ကို သူ့အစ်ကိုကြီး သတိထားမိစေချင်လို့သာ ဖြစ်သည်။

လောကသုံးပါးတွင် သူ့အတွက် အစ်ကိုကြီးတစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် သူ့အစ်ကိုကြီးရဲ့ မေတ္တာကို သူတောင့်တခဲ့သည်။

သူ့အစ်ကိုကြီး ကျင့်ကြံခြင်း ပြီးဆုံးကာ ပြန်ထွက်လာပြီး သူ့ကို ကောင်းကောင်းဆုံးမမည့်အချိန်ကို စောင့်နေစဉ် ရွှေရောင်အလင်းတန်းတစ်ခု လွင့်ပျံလာတာကို မြင်ခဲ့ရပါသည်။ ထိုရွှေရောင်အလင်းတန်းက သူ့အစ်ကိုကြီးရဲ့ နတ်စွမ်းအင် ဖြစ်မှန်း သူမှတ်မိသည်။

သို့သော် ထိုရွှေရောင်အလင်းတန်းက သူ့ထံသို့ ဦးတည်လာကာ သူ့အပေါ်တည့်တည့် ကျရောက်လာခြင်း ဖြစ်သည်။

ထို့နောက် သူ သတိလစ်သွားခဲ့သည်။

သူသတိပြန်လည်လာသောအခါ မင်းမဲ့မြို့ဟောင်း ဝင်ပေါက် ပြန်လည် ပိတ်သွားခဲ့ပြီဖြစ်သည်။ သူ့အစ်ကိုကြီးကိုလည်း မတွေ့ရတော့ပါ။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှာတော့ ကျိန်စာစည်းတစ်ခုကို ခံစားမိသည်။ သူ့ရဲ့ နတ်သက်တမ်းကို စားသုံးပြီး ပျက်စီးခြင်းကိန်းဆိုက်စေမည့် ကျိန်စာဖြစ်သည်။

သူ့အပေါ် သူ့အစ်ကိုကြီးကိုယ်တိုင် ကျိန်စာစည်း ချမှတ်ခဲ့တာဖြစ်သည်။

ထန်ထိုက်မင် မိုးကြိုးပစ်ခံရသလို ခံစားခဲ့ရသည်။ သူ့အစ်ကိုကြီး ဘာကြောင့် သူ့အသက်ကို သတ်ချင်နေရတာလဲ နားမလည်နိုင်ခဲ့ပါ။

သူ့အပြစ်တွေက သေးငယ်လွန်းသည်။ တခြားသူတွေကိုတောင် အစ်ကိုကြီး ဒီလောက် ရက်ရက်စက်စက် အပြစ် မပေးဖူးပါ။

ဒါကိုလက်မခံနိုင်ဘဲ သူ့အစ်ကိုကြီးကို သွားတွေ့ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူ့အစ်ကိုကြီးရဲ့ ကိုယ်ရံတော်က တားမြစ်ခဲ့ပါသည်။

သူ့ကို သူ့အစ်ကိုကြီးက မတွေ့ချင်ဘူးဟု ဆိုသည်။

သူအလေးစားရဆုံး ပုဂ္ဂိုလ်ထံက ဒီလို ပြုမူတာကို ထန်ထိုက်မင် လက်မခံနိုင်ခဲ့ပါ။

မင်းမဲ့မြို့ဟောင်းထဲ အားသုံးပြီး ဝင်ဖို့ ကြိုးစားခဲ့သည်။ သို့သော် စွမ်းအင်တွေ အများကြီး သုံးမိကာ ကျိန်စာစည်းကြောင့် သွေးအန်ပြီး လဲကျမေ့မျောသွားခဲ့သည်။

သတိပြန်လည်လာတော့ လူသားကမ္ဘာကို သူရောက်ရှိနေပါပြီ။

သူစွန့်ပစ်ခံခဲ့ရသည်။

ထို့ကြောင့် နှစ်ပေါင်း ၃၀၀ တိုင်အောင် သူ့အစ်ကိုကြီးကို ကလဲ့စားချေဖို့ လိုက်ရှာခဲ့သည်။

ကလဲ့စားချေဖို့ထက် အဖြေတစ်ခု လိုချင်တာကြောင့် ဖြစ်သည်။

ထိုမှတ်ဉာဏ်တွေကို ပြန်ကြည့်ရင်း ထန်ထိုက်မင် ခါးသီးစွာ ပြုံးလိုက်ပါသည်။

သေသွားတာတောင် ဒီမှတ်ဉာဏ်တွေဆီက မလွတ်မြောက်နိုင်သေးဘူးလား…

ဒါဆို ဒီသေဆုံးမှုက လွတ်မြောက်ခြင်း မဟုတ်ဘဲ ထာဝရ ငရဲတစ်ခုပေါ့…

ထန်ထိုက်မင် အတွေးလွန်နေစဉ် မှတ်ဉာဏ်ပုံရိပ်များ ပြောင်းလဲသွားခဲ့ပြီး သူတစ်ခါမှ မမြင်ခဲ့ဖူးသော မှတ်ဉာဏ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုနေ့က မင်းမဲ့မြို့ဟောင်းအတွင်းမှ ပုံရိပ်တစ်ခုပဲဖြစ်သည်။

အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသူက သူဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သော သူ့အစ်ကိုကြီးဖြစ်သည်။

ဒါပေမယ့် သူ့ရှေ့က အနက်ရောင် အရိပ်ကြီးက ဘာလဲ…။

အဲ့ဒီနေ့က မင်းမဲ့မြို့ဟောင်းထဲမှာ တခြားသူတစ်ယောက်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခု ရှိနေခဲ့သေးတာလား…။

… … …

အခန်း(၉၁၂) အားလုံး နားလည်မှုလွဲခဲ့တာ (၂)

ထိုအနက်ရောင် အရိပ်ကြီးက အသွင်အမျိုးမျိုး ပြောင်းလဲနေပြီး အစ်ကိုကြီးကို တိုက်ခိုက်နေသည်။ အစ်ကိုကြီး တစ်ယောက်တည်း ခက်ခက်ခဲခဲ ခုခံနေရပါသည်။

သူ့အစ်ကိုကြီးရဲ့ နှုတ်ခမ်းမှာ သွေးစတွေကို မြင်နေရသည်။

ထန်ထိုက်မင် ကြက်သေသေသွားခဲ့၏။

ဒါဘာတွေလဲ။

ဒီလို ဖြစ်ခဲ့တာ သူ မမှတ်မိပါလား။

အစ်ကိုကြီးက ထိုအရိပ်နက်ကိုချိန်ရွယ်လျက် ရွှေရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

အရိပ်နက်က ရှောင်ရှားလိုက်ရာ မင်းမဲ့မြို့ဟောင်း၏ အပြင်ဘက်သို့ ရွှေရောင်အလင်းတန်း ချော်ထွက်သွားလေသည်။

အဲ့ဒီ အလင်းတန်းပဲ…

ထန်ထိုက်မင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အဲ့ဒီ အလင်းတန်းက သူ့ကို ချိန်ရွယ်ခဲ့တာ မဟုတ်ဘူးလား…

မတော်တဆဖြစ်ခဲ့တာပဲ!

အစ်ကိုကြီးက သူ့ကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး!

ထန်ထိုက်မင် စိတ်ချောက်ချားသွားသည်။ ထိုပုံရိပ်ဆီ သူပြေးသွားမိသည်။

ပုံရိပ်ထဲမှာ အရိပ်နက်နဲ့ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသူတို့ ဆက်လက်တိုက်ခိုက်နေကြပြီး မင်းမဲ့မြို့ဟောင်းအတွင်းမှ အပြင်ဘက်သို့ ထွက်လာကြသည်။

မင်းမဲ့မြို့ဟောင်း၏ အပြင်ဘက်မှာ ထန်ထိုက်မင် သတိလစ်မေ့မျောနေတာကို သူ့အစ်ကိုကြီး မြင်သွားပါသည်။

သို့သော်လည်း သူ့အစ်ကိုကြီး တိုက်ပွဲပြင်းထန်နေသဖြင့် သူ့ကို ဂရုမစိုက်အားခဲ့ပေ။

ထန်ထိုက်မင် တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ယင်သွားခဲ့သည်။

အစ်ကိုကြီးက သူ့ကို ဂရုစိုက်တာပဲ!

သူ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး!

ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တာလည်း မဟုတ်ဘူး!

ထန်ထိုက်မင် စိတ်ဖိစီးစွာ ခေါင်းကို လက်ဖြင့် ဖိထားမိသည်။ သို့သော်လည်း ဒီမှတ်ဉာဏ်တွေကို သူ ဆက်ကြည့်ချင်သေးသည်။

သူ့အစ်ကိုကြီးကို သွားတွေ့ဖို့ ကြိုးစားခဲ့စဉ် သူ့အစ်ကိုကြီး မွေးထားသည့် ဝံပုလွေက သူ့ကို တားဆီးခဲ့သည်။

ထိုအချိန်တုန်းက သူ့အစ်ကိုကြီး အထဲမှာ ရှိနေခဲ့သော်လည်း သတိလစ်နေခဲ့သည်။

အရိပ်နက်နဲ့ တိုက်ပွဲပြီးဆုံးပြီးနောက် နှစ်ဖက်စလုံး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသည်။ အစ်ကိုကြီးလို စွမ်းအား ကြီးမားသူတစ်ယောက်တောင် သတိလစ်မေ့မျောသွားခဲ့ရလေသည်။

သူ့အစ်ကိုကြီးရဲ့ ကုသမှု လုပ်ငန်းစဉ်များကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ဝံပု‌လွေ ထန်းလျန်က တားဆီးခဲ့ခြင်း ဖြစ်ပါသည်။

ထန်းလျန်ကိုလည်း အပြစ်ဆိုလို့ မရပေ။ ထန်ထိုက်မင်က ပေါ့ပေါ့တန်တန် နေထိုင်ခဲ့တာကြောင့် သူ့ကို မယုံကြည်တာ မထူးဆန်းပါ။

ထန်ထိုက်မင် ခန္ဓာကိုယ်ထဲက အားအင်များ ချက်ချင်း ကုန်ခမ်းသွားခဲ့သည်။

အဖြူရောင် ဟင်းလင်းနယ်ထဲမှာ သူထိုင်ချလိုက်မိသည်။

နှစ်ပေါင်း ၃၀၀ ကျော်တိုင်အောင် သူထားခဲ့တဲ့ အငြှိုးတရားက ဘာမှမဟုတ်ဘဲ နားလည်မှုလွဲခဲ့တာတဲ့လား…

သူဘာတွေလုပ်ခဲ့တာလဲ

နောင်တရလိုက်တာ…

ဒါပေမယ့် နောက်ကျသွားပြီ…

ဘာမှ ပြန်ပြုပြင်လို့ မရတော့ဘူး…

ထန်ထိုက်မင် နောင်တကြီးစွာ ရသွားချိန် သူ့ထံသို့ ရွှေရောင်အလင်းတန်းတစ်ခု ရောက်ရှိလာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုရွှေရောင်အလင်းတန်း၏ နွေးထွေးမှုကို ထန်ထိုက်မင် ခံစားမိပါသည်။

အစ်ကိုကြီးရဲ့ စွမ်းအင်ပဲ…

ရုတ်တရက် ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားကာ ထန်ထိုက်မင် မျက်လုံးများလည်း ပြန်ပွင့်လာခဲ့သည်။ သူ့အပေါ်တည့်တည့် မျက်နှာကြက်ပေါ်က ဧရာမ အပေါက်ကြီးကို ကြည့်ရင်း သူဘယ်ကို ရောက်ရှိနေတာလဲ ဝေခွဲမရ ဖြစ်သွားလေသည်။

“ကိုကြီး ဘာဖြစ်တာလဲ”။ လုကျန်းယွီကို ပွေ့ဖက်လျက် စူစူလေး စိုးရိမ်တကြီး မေးလိုက်သည်။

လုကျန်းယွီ သတိပြန်လစ်သွားခဲ့ကာ စူစူလေး ဘယ်လောက်ခေါ်ခေါ် မတုန့်ပြန်တော့ပေ။

ထန်ထိုက်မင် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

သူ့ရှေ့က လုကျန်းယွီနဲ့ စူစူလေးတို့ကို စိုက်ကြည့်နေမိ၏။

သူအသက်ရှင်နေသေးတာ မယုံကြည်နိုင်ပါ။

နတ်သားရဲမလေးရဲ့ မိုးကြိုးအစင်းပေါင်း ကိုးရာကျော်ကို သူခံစားခဲ့ရတာ သိသာသည်။ သို့သော် ဘာကြောင့် သူအသက်ရှင်နေသေးရသလဲဆိုတာ နားမလည်နိုင်ပေ။

ထို့အပြင် သူ့ခန္ဓာကိုယ်ပေါ်က ကျိန်စာစည်းကြောင့် အခုဆို သူသေဆုံးသွားသင့်ပြီဖြစ်သည်။

ထန်ထိုက်မင် သူ့ခန္ဓာကိုယ်သူ ငုံ့ကြည့်လိုက်ပြီး ညာဘက်လက်ဖဝါးပေါ်က လက်ချောင်းများကို လှုပ်ရှားကြည့်လိုက်ပါသည်။

သူ့ခန္ဓာကိုယ် ဘာမှမဖြစ်သလို မိုးကြိုးအပစ်မခံရခင်ကထက်ပင် ခံစားချက် ပိုကောင်းနေသေးသည်။

သူ့နတ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီဖြစ်ကာ ကျိန်စာစည်းလည်း ပျောက်ကွယ်သွားပါပြီ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ခုနက ရွှေရောင်အလင်းတန်းကို ထန်ထိုက်မင် ပြန်မြင်ယောင်ကြည့်လိုက်သည်။

နောက်ဆုံးတော့ ထန်ထိုက်မင် နားလည်သွားပါပြီ။

သူ့အစ်ကိုကြီး ကာကွယ်ပေးခဲ့တာ!

အစ်ကိုကြီးက ချင်းစူစူရဲ့ မိုးကြိုးတွေကို အသုံးချပြီး သူ့ခန္ဓာကိုယ်ပေါ်က ကျိန်စာစည်းကို ဖျက်ဆီးပစ်ခဲ့တာ!

ဒါ့ကြောင့် သူမသေဘဲ ကျိန်စာစည်းပဲ ပျက်စီးသွားခဲ့ရတာပေါ့…

ဟုတ်တယ် ဒီလိုလုပ်ရပ်မျိုး သူ့အစ်ကိုကြီးတစ်ယောက်တည်း လုပ်နိုင်လိမ့်မယ်…!

အဖြစ်အပျက်တွေကို နားလည်သွားပြီးနောက် လုကျန်းယွီဆီသို့ ထန်ထိုက်မင် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

… … …

အခန်း(၉၁၃) လုကျန်းယွီ ကိုမာဝင်သွားပြီ

“နင်ဘာလုပ်မလို့လဲ”

“မြောင်!”

ထန်ထိုက်မင်ကို စူစူလေးနဲ့ ဟူကျစ်တို့ စူးစူးရှရှ ကြည့်လိုက်သည်။

“နောက်တစ်လှမ်းထပ်လှမ်းရင် မိုးကြိုးနဲ့ ထပ်ပစ်မှာနော်!”။ စူစူလေး သတိပေးလိုက်ပါသည်။

“မကြောက်ပါနဲ့။ ငါမင်းကို ထိခိုက်အောင် မလုပ်ပါဘူး”။ ထန်ထိုက်မင် ရှင်းပြလိုက်လေသည်။

“နင်က လူဆိုးကြီး။ ငါနင့်ကို မယုံတော့ဘူး!”

“ဟုတ်ပါတယ် ငါက လူဆိုးကြီးပါ… ဒါပေမယ့် ငါမင်းကို လိမ်နေတာ မဟုတ်ဘူး”။ လုကျန်းယွီကို ငုံ့ကြည့်လျက် ထန်ထိုက်မင် ရှင်းပြလိုက်သည်။

သူ့ကို စူစူလေး မယုံကြည်သေးမှန်း နားလည်သဖြင့် ထန်ထိုက်မင် ဆက်ရှင်းပြလိုက်ပါသည်။ “ငါ့အစ်ကိုကြီးကို ငါ နားလည်မှုလွဲခဲ့တာမှန်း သိလိုက်ရပြီ။ သူငါ့ကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ဘူး။ အဲ့တာကြောင် ငါသူ့ကို မုန်းတီးစရာ အကြောင်းမရှိတော့ဘူး။ ငါသူ့ကို ကာကွယ်ပေးမလို့ပါ”

ထန်ထိုက်မင်၏ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုများ မြင်နေရသဖြင့် စူစူလေး ယုံကြည်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

“အဲ့တာဆိုလည်းပြီးရော ညှင်ညှင်သာသာ လုပ်နော်”။ လုကျန်းယွီ ထပ်မံ ထိခိုက်သွားမည်စိုးသဖြင့် စူစူလေး သတိပေးလိုက်ပါသည်။

သတိလစ်နေသည့် လုကျန်းယွီနား ကပ်ကာ ထန်ထိုက်မင် နတ်စွမ်းအင်များကို အသုံးပြုပြီး သတိလည်လာအောင် ပြုလုပ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လုကျန်းယွီ၏ ခန္ဓာကိုယ်ထဲရောက်တာနဲ့တစ်ပြိုင်နက် နတ်စွမ်းအင်များ ပြန်ကန်ထွက်လာပြီး သူ့ကို ကုသခွင့် မပေးခဲ့ပါ။

သူအကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ရလဒ်က အတူတူပဲ ဖြစ်သည်။

သူဘာလုပ်ရမလဲ…။

ထန်ထိုက်မင် စိတ်ဖိစီးသွားသည်။

သူသေဆုံးရမည့် အချိန်တုန်းကတောင် ဒီလောက် စိတ်မဖိစီးခဲ့ပါ။

ဟုတ်သားပဲ အပေါ်ထပ်မှာ နတ်ဆေးသမားတော် ဆရာကြီးရှုယီ ရှိနေသေးတာပဲ!

အစ်ကိုကြီးက အခု လူသားခန္ဓာကိုယ်ထဲမှာဆိုတော့ လူသားခန္ဓာကိုယ်ကို လူသားအချင်းချင်း ကုသပေးနိုင်လောက်တယ်!

“ဆရာကြီးရှုယီဆီ သွားကြစိုံ”။ လုကျန်းယွီကို ထန်ထိုက်မင် ပွေ့ချီလိုက်ပြီး ကုန်းပတ်ပေါ်သို့ တက်သွားခဲ့သည်။

ဒီလို အချိန်မျိုးမှာ ဆရာကြီးရှုယီကို အကူအညီတောင်းသင့်မှန်း စူစူလေးလည်း သတိရသွားပါသည်။

သူတို့ ၃ ယောက် ကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြသည်။

ယခု သင်္ဘောကြီးတစ်စင်းလုံး အပေါက်များဖြင့် ပြည့်နှက်နေပါပြီ။ အကြီးမားဆုံး အပေါက်ကြီးက စူစူလေး၏ မိုးကြိုးကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လှိုင်းလုံးတွေ၊ လေပြင်းတွေကြောင့်လည်း အပျက်အစီးများစွာ ရှိခဲ့သည်။

စက်ခန်းထဲမှာ သူ့လက်အောက်ငယ်သားများနဲ့အတူ ပုန်းနေသည့် ဆရာကြီးရှုယီကို ထန်ထိုက်မင် မြင်သွားပါသည်။

ဆရာကြီးရှုယီနဲ့ အာ့ချောင်တို့လည်း ထန်ထိုက်မင်ကို မြင်သွားသည်။

အာ့ချောင် အခုမှ စိတ်အေးနိုင်တော့သည်။

သူတို့ဘော့စ် အောင်မြင်သွားပြီ! သူ မသေသေးဘူး တော်သေးတာပေါ့!

“အဘိုးကြီး အပြင်ထွက်ခဲ့”။ ထန်ထိုက်မင် အလောတကြီး အမိန့်ပေးလိုက်ပါသည်။

ဆရာကြီးရှုယီက မလှုပ်သေးပါ။ ထန်ထိုက်မင် အမိန့်ပေးတာနဲ့ပဲ ထွက်သွားရလျှင် သိက္ခာကျမှာ မဟုတ်လား။

“ဦးလေးပိုင်ဟူကျစ်!”

စူစူလေးလည်း ကုန်းပတ်ပေါ် ရောက်လာခဲ့သည်။

“စူစူလေး!”

စူစူလေးကို မြင်မှ ဆရာကြီးရှုယီ တစ်စက္ကန့်ပင် မတွန့်ဆုတ်ဘဲ ပြေးထွက်လာခဲ့ပါသည်။

“အဘိုးကြီး သူ့ကို ကယ်ပေးပါ!”။ ဆရာကြီးရှုယီကို ထန်ထိုက်မင် တားလိုက်ပြီး လုကျန်းယွီအား ကယ်တင်ခိုင်းလိုက်သည်။

ဆရာကြီးရှုယီ သူ့ကို မသိချင်ယောင် ဆောင်လိုက်ပါသည်။ “မင်းက အရမ်းအစွမ်းထက်တဲ့ကောင် မဟုတ်ဘူးလား။ မင်းဖာသာမင်း ကယ်လိုက်လေ!”

“ခင်ဗျားတော့!”။ ထန်ထိုက်မင် ဒေါသထွက်သွားကာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။

“ငါက ဘာဖြစ်လဲ။ မင်းက မသေမျိုးတစ်ယောက်ဖြစ်ပြီး ငါ့ကို လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ သတ်နိုင်တယ် ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါမင်းကို မကြောက်ဘူး။ မင်းတို့ မသေမျိုးတွေမှာလည်း စည်းမျဉ်းတွေရှိတယ် မဟုတ်လား။ မင်းငါ့ကို သတ်လိုက်ရင် မင်းအတွက်လည်း အကျိုးဆက်တွေရှိလာမှာပဲ!”။ ဆရာကြီးရှုယီ မောက်မာစွာ ပြောလိုက်ပါသည်။

“ခင်ဗျား မဟုတ်တာတွေ မပြောလို့မရဘူးလား။ လူတစ်ယောက် အသက်အန္တရာယ်ရှိနေတယ်လေ!”

“အဲ့လို အသက်အန္တရာယ်ရှိအောင် မင်းပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား! သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့မင်းက အခု ငါ့ကို လာကယ်ခိုင်းနေတယ်ပေါ့”။

ထန်ထိုက်မင် ဘာမှ ပြန်မချေပနိုင်တော့ပေ။ ဆရာကြီးရှုယီပြောတာ မမှားပါ။

“ဦးလေးပိုင်ဟူကျစ်၊ ကိုကြီး သတိလစ်နေတယ်။ သူ့ကို မြန်မြန်ကြည့်ပေးပါ”

စူစူလေး သူတို့နှစ်ယောက်ကြားထဲဝင်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ ဦးလေး ကြည့်ပေးမယ်”

ဆရာကြီးရှုယီ ချက်ချင်း အချိုးပြောင်းသွားပြီး လုကျန်းယွီ၏ တွဲလောင်းကျနေသော လက်ကို လှမ်းကိုင်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း ဆရာကြီးရှုယီ မျက်နှာပြောင်းလဲသွားသည်။ အပြောင်အပျက်တွေမရှိတော့ဘဲ အတည်ပေါက် မျက်မှောင်ကြုတ်သွားလေသည်။

… … …

အခန်း(၉၁၄) နတ်သားရဲ ဇနီးမောင်နှံ (၁)

သူ့မျက်နှာကို မြင်ပြီး ထန်ထိုက်မင် နှလုံးခုန် ရပ်မတပ်ဖြစ်သွားသည်။

သို့သော် ဆရာကြီးရှုယီရဲ့ စစ်ဆေးမှုကို မနှောင့်ယှက်မိအောင် စိတ်ကို ထိန်းထားလိုက်ပါသည်။

လုကျန်းယွီ၏ လက်ကို ဆရာကြီးရှုယီ ပြန်လွှတ်လိုက်မှ ထန်ထိုက်မင် ချက်ချင်း မေးလိုက်သည်။ “သူအခြေအနေ ဘယ်လိုရှိလဲ။ ဘာဖြစ်တာလဲ”

“ထူးဆန်းတယ်… တော်တော် ထူးဆန်းတယ်”။ ဆရာကြီးရှုယီ မုတ်ဆိတ်ကို ပွတ်သပ်လျက် ရေရွတ်လိုက်ပါသည်။

“ဘာထူးဆန်းတာလဲ”။

ထန်ထိုက်မင် အလွန်စိတ်ဖိစီးကာ ဒေါသထွက်နေပါပြီ။

ဒီအဘိုးကြီး စကားကို ရှင်းရှင်းပြောလို့ မရဘူးလား!

“ထူးဆန်းတယ်ဆိုတာ ထူးဆန်းတာပေါ့ကွ! သာမန် လူတစ်ယောက် ဖြစ်သင့်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုလိုတာ”။ ထန်ထိုက်မင်ကို ဆရာကြီးရှုယီ မျက်စောင်းထိုးလိုက်သည်။

ဒီကောင်က လူဆိုးဖြစ်ပြီး စကားများလိုက်တာ!

“ကိုကြီး သတိပြန်ရလာမှာလား ဦးလေးပိုင်ဟူကျစ်”။ စူစူလေး မေးလိုက်သည်။

“သတိပြန်ရလာမှာပါ စိတ်မပူနဲ့နော် စူစူလေး”။ ဆရာကြီးရှုယီ အမြန် ပြန်ဖြေလိုက်သည်။

သို့သော်လည်း သူ့ရင်ထဲမှာတော့ သိပ်မသေချာပါ။

ထိုစဉ် သူတို့ခေါင်းပေါ်တည့်တည့် ကောင်းကင်ပေါ်မှ တိမ်စိုင်များ ပြိုကွဲသွားပြီး အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့သည်။ အလင်းတန်းက အလွန်စူးရှလွန်းသဖြင့် ကုန်းပတ်ပေါ်က လူတွေအားလုံး မျက်လုံးကို လက်ဖြင့် အုပ်လိုက်ရပါသည်။

ခဏကြာမှ အလင်းတန်း ပျောက်ကွယ်သွားလေသည်။

စူစူလေး မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ သူမဘေးပတ်လည်မှာ ဘာမှမရှိတော့ပေ။

ပင်လယ်ကြီးလည်းမရှိ၊ သင်္ဘောကြီးလည်း မရှိ၊ လူတွေလည်း မရှိတော့ပါ။

အားလုံး ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ။

ထိုစဉ် အဖြူရောင်အရိပ်နှစ်ခု အလင်းထဲမှာ ရုတ်တရက်ပေါ်လာခဲ့သည်။

ပိုးချည်တမျှ နူးညံ့သည့် သားမွေးများကို စူစူလေး မြင်နေရသည်။ စူစူလေး ရပ်တန့်သွားကာ သူမအာရုံထဲ မှတ်ဉာဏ် အစိတ်အပိုင်းတချို့ ပေါ်လာခဲ့ပါသည်။ နွေးထွေးသော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရသည်။

သူမရှေ့က အဖြူရောင် အရိပ်များကို စူစူလေး မော့ကြည့်လိုက်သည်။ ထိုအရိပ်တွေက အဖြူရောင် မြင်းကဲ့သို့ သတ္တဝါမျိုး ဖြစ်ပြီး ပိုမိုကြီးမားသောခန္ဓာကိုယ်ရှိကာ သားမွေးတွေကလည်း နူးညံ့ရှည်လျားလှသည်။

ထို့အပြင် ဦးခေါင်းပေါ်မှာ သမင်တစ်ကောင်ထက် ပိုမို ခန်းနားသည့် ဦးချိုတစ်စုံစီ ရှိကြပြီး အတောင်ပံအကြီးကြီးတွေလည်း ရှိကြသည်။

သူတို့က ပိုင်ကျဲ နတ်သားရဲများဖြစ်ကြပါသည်။ စူစူလေး ကိုယ့်မျိုးနွယ်ကိုယ် မှတ်မိသည်။

ယခင်တုန်းက သူမရဲ့ အသွင်ကလည်း သူတို့နဲ့ ဆင်တူပါသည်။

သို့သော် အတောင်ပံကတော့ သူတို့လောက် မကြီးမားပါ။ ဦးခေါင်းပေါ်က ဦးချိုကလည်း အဖုသေးသေးလေးတွေသာ ရှိသေးပြီး သူတို့လောက် ကြည့်မကောင်းပါ။

စူစူလေး မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ထိုပိုင်ကျဲနတ်သားရဲများကို အူတူတူ ကြည့်နေပါသည်။

သူမက လောကသုံးပါးမှာ နောက်ဆုံး ပိုင်ကျဲနတ်သားရဲလို့ နတ်ယုတ်မာကြီး ပြောခဲ့တာ မဟုတ်ဘူးလား။

ဘာလို့ နောက်ထပ် နှစ်ကောင်ရှိနေသေးတာလဲ။

ထို ပိုင်ကျဲနတ်သားရဲ နှစ်ကောင်က စူစူလေး၏ တစ်ဖက်တစ်ချက်စီသို့ ရောက်လာကြပြီး ခေါင်းတွေကို ငုံ့ကာ စူစူလေးရဲ့ မျက်နှာနဲ့ နီးကပ်သွားစေသည်။

ထိုပိုင်ကျဲနတ်သားရဲများက အလွန်ကြီးမားကြပြီး စူစူလေးရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးက သူတို့ခေါင်းအရွယ်သာ ရှိသည်။

“စူစူလေး…”

ဘယ်ဘက်ရှိ ပိုင်ကျဲနတ်သားရဲက နူးညံ့သိမ်မွေ့သော အသံဖြင့် ခေါ်လိုက်ပါသည်။

“နင်တို့က ဘယ်သူလဲ ဘာလို့ ငါနဲ့ ပုံစံတူနေတာလဲ”။ စူစူလေးက မယုံသင်္ကာဖြင့် မေးလိုက်သည်။

“စူစူလေးရဲ့ မေမေလေ”

“မေမေဟုတ်လား”။ စူစူလေး ခေတ္တကြက်သေသေသွားပြီး ခေါင်းခါလိုက်ပါသည်။ “သမီးဖေဖေနဲ့ မေမေတို့က သမီးပိုင်ကျဲနတ်သားရဲပေါက်စလေး အရွယ်ကတည်းက သေသွားပြီလေ!”

“သမီးလေး… ဖေဖေတို့က ကြွင်းကျန်ပုံရိပ်သက်သက်ပါပဲ။ ဖေဖေတို့ရဲ့ ခန္ဓာကိုယ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့ပြီ”။ ပိုင်ကျဲနတ်သားရဲနောက်တစ်ကောင်ကလည်း နူးညံ့ပြီး ယောက်ျားဆန်သော အသံဖြင့် ပြောလိုက်သည်။

“ကြွင်းကျန်ပုံရိပ်တွေ ဟုတ်လား”။ စူစူလေး သိပ်နားမလည်ပါ။

“မေမေတို့ သေဆုံးသွားတဲ့အချိန်တုန်းက သမီးငယ်ငယ်လေးပဲ ရှိသေးတယ်… သမီးကို တစ်ယောက်တည်း မထားခဲ့ရက်လို့ ဒီကြွင်းကျန်ပုံရိပ်လေးတွေ ချန်ရစ်ထားပေးခဲ့တာ…။ သမီးလေး အရွယ်ရောက်လာတာနဲ့ မေမေတို့ကို ပြန်မြင်နိုင်စေဖို့လေ…”။ ပိုင်ကျဲနတ်သားရဲမေမေက ရှင်းပြလိုက်ပါသည်။

“စူစူလေး နောက်ဆုံးတော့ အရွယ်ရောက်လာပြီး စွမ်းအားတွေကို ထိန်းချုပ်နိုင်နေပြီပဲ”။ ပိုင်ကျဲနတ်သားရဲဖေဖေကလည်း ပြောလိုက်သည်။

“တကယ်ပဲ သမီးရဲ့ ဖေဖေနဲ့ မေမေလား”။ စူစူလေး လက်သီးဆုပ်လိုက်ပြီး နှုတ်ခမ်း စည်းတင်းကာ မေးလိုက်သည်။

သူမ မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် စိတ်လှုပ်ရှားမှု အရိပ်အယောင်တချို့ကိုလည်း မြင်နိုင်ပါသည်။

“ဟုတ်ပါတယ်… သမီးလေးရဲ့ ဖေဖေနဲ့ မေမေအစစ်ပါ”။ ပိုင်ကျဲနတ်သားရဲမေမေက အတည်ပြုပေးလိုက်ပါသည်။

စူစူလေး တိတ်ဆိတ်သွားပြီး မျက်လုံးများ နီမြန်းလာပါသည်။

… … …

အခန်း(၉၁၅) နတ်သားရဲ ဇနီးမောင်နှံ (၂)

“စူစူလေး… သမီးလေး ကြီးပြင်းလာတဲ့အချိန် ဖေဖေနဲ့ မေမေတို့ အနားမှာ ရှိမပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်”

ပိုင်ကျဲနတ်သားရဲမေမေက စူစူလေး၏ မျက်နှာနားကပ်ကာ စူစူလေးရဲ့ ပုံရိပ်ကို သူမအာရုံထဲ ရေးထွင်းနေသကဲ့သို့ ငေးကြည့်နေပါသည်။

စူစူလေး မျက်လုံးများ နီမြန်းနေပြီး မျက်ရည်တွေဝဲလာသော်လည်း မျက်ရည်ကျမလာအောင် ထိန်းထားခဲ့သည်။

မငိုနဲ့ မငိုနဲ့… ငိုတာ မမိုက်ဘူး!

ငိုသည့် ကလေးတွေကို သူမ အမုန်းဆုံးဖြစ်သဖြင့် သူမကိုယ်တိုင် ငိုမိလို့ မဖြစ်ပါ။

စူစူလေး နှုတ်ခမ်းကို ကိုက်ကာ ပြန်ပြောလိုက်သည်။ “ရပါတယ်။ အားလုံးအတွက် ဖေဖေနဲ့ မေမေတို့ ဒီလို လုပ်ခဲ့တာလို့ နတ်ယုတ်မာကြီးက ပြောတယ်။ ဖေဖေနဲ့ မေမေတို့က အရမ်း အစွမ်းထက်တယ်တဲ့”

ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံတို့ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ပြုံးလိုက်ပါသည်။ သူတို့ရင်ထဲ နာကျင်မိသော်လည်း တစ်ချိန်တည်းမှာပဲ စိတ်အေးသွားသလို ခံစားမိကြသည်။

“ဖေဖေနဲ့ မေမေ့ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စူစူလေး”။ ပိုင်ကျဲနတ်သားရဲမေမေက ပြောလိုက်သည်။

ထို့နောက် စူစူလေး၏ ပါးကို သူမပါးနဲ့ ပွတ်သပ်လိုက်ပါသည်။

နူးညံ့ဖြူဖွေးသည့် သားမွေးက စူစူလေး၏ ပါးကို ပွတ်တိုက်သွားသည်။

ထိုနူးညံ့မှုကို စူစူလေး ခေါင်းအစ ခြေအဆုံး ခံစားလိုက်ရပြီး ရင်ထဲနွေးထွေးလာကာ မျက်ရည်ကျချင်စိတ် ပြန်ပေါ်လာပြန်သည်။

ထူးဆန်းလိုက်တာ…

သူမ ငိုတာကို မုန်းတယ် ဒါပေမယ့် အခု ဘာလို့ ငိုချင်နေရတာလဲ။

ထို့နောက် ပိုင်ကျဲနတ်သားရဲဖေဖေကလည်း တစ်ဖက်မှ စူစူလေး၏ ပါးကို ပွတ်သပ်ပေးလိုက်သည်။

စူစူလေးကို ပိုင်ကျဲနတ်သားရဲနှစ်ကောင်က ပွေ့ဖက်ထားပြီး နွေးထွေးနူးညံ့မှုတွေ ပေးစွမ်းနေခဲ့သည်။

“ဖေဖေနဲ့ မေမေတို့ စူစူလေးကို အရမ်းချစ်တယ်နော်”

ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံ တစ်ပြိုင်တည်း ပြောလိုက်ပါသည်။

“ဖေဖေ… မေမေ…”

စူစူလေး ရေရွတ်လိုက်သည်။

“စူစူလေး… သန်သန်မာမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ နောင်လာမယ့် နေ့ရက်တိုင်းမှာ ကံကောင်းပါစေ…”

“အင်းပါ! သမီးက အရမ်း သန်မာလာမှာ!”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူမ မေးခွန်းတစ်ခု မေးလိုက်ပါသည်။ “ဖေဖေနဲ့ မေမေတို့ ကိုကြီးကို သတိရလာအောင် ကူညီပေးလို့ရလား”

“တောင်းပန်ပါတယ် စူစူလေး။ မေမေတို့က ကြွင်းကျန်ပုံရိပ်သက်သက်ပဲမို့လို့ စူစူလေးကို ကူညီပေးဖို့ စွမ်းအား မရှိတော့ဘူး”။ ပိုင်ကျဲနတ်သားရဲမေမေက ဝမ်းနည်းစွာ ပြောလိုက်ပါသည်။

“ဒါဆို… ကိုကြီး ပြန်သတိရလာမှာလား”။ စူစူလေး မေးလိုက်သည်။

“စိတ်မပူပါနဲ့။ သူကျိန်းသေပေါက် ပြန်သတိရလာပါလိမ့်မယ်”။ နတ်သားရဲဖေဖေက ပြန်ဖြေလိုက်သည်။

“ဪ အာ့ဆိုပြီးရော။ တော်သေးတာပေါ့”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

ကိုကြီး သတိရလာမယ်ဆိုရင် ပြီးတာပဲ!

“ဒါပေမယ့် အခု အဲ့ဒါထက် အရေးကြီးတဲ့ ပြဿနာတွေ ရှိနေပြီ”။ နတ်သားရဲဖေဖေက ပြောလိုက်သည်။

“ဘာပြဿနာတွေလဲ”

“ထန်ထိုက်မင်က လောကသုံးပါးနိယာမာကို ချိုးဖောက်ပြီး နတ်စွမ်းအင်တွေ အသုံးချခဲ့တယ်။ မကြာခင် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်မှု ကျရောက်လာတော့မယ်။ တခြားသူတွေကို ခေါ်ပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပါ စူစူလေး။ မဟုတ်ရင် သူတို့ပါ အန္တရာယ်ကျရောက်သွားလိမ့်မယ်”။ နတ်သားရဲဖေဖေက သတိပေးလိုက်သည်။

စူစူလေးရဲ့ ဉာဏ်ပညာနဲ့ စွမ်းအားတို့ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်တာကြောင့် ဒီအချိန်ကို ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အပြစ်ကင်းစင်သူတွေ အန္တရာယ်မှ လွတ်မြောက်နိုင်အောင် စူစူလေးကို အချိန်မှီ သတိပေးဖို့လည်း ပါဝင်သည်။

“အဲ့တာဆို သူတို့ကို မြန်မြန်သွားကယ်မယ်လေ!” စူစူလေး ချက်ချင်း စိတ်ဖိစီးသွားပြီး ဂနာမငြိမ်ဖြစ်လာပါသည်။

“စိတ်မပူပါနဲ့။ အပြင်လောကနဲ့ယှဉ်ရင် ဒီနေရာမှာ အချိန်က အရမ်းနှေးတယ်။ မေမေတို့ ပျောက်ကွယ်သွားပြီး စူစူလေး လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားတဲ့အခါ သူတို့ကို ချက်ချင်း ကယ်မယ်ဆိုရင် အချိန်လုံလောက်ပါတယ်”။ ပိုင်ကျဲ နတ်သားရဲမေမေက ရှင်းပြလိုက်ပါသည်။

ထို့နောက် ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံတို့ ခေါင်းကိုငုံ့ကာ စူစူလေးကို နမ်းရှိုက်လိုက်ပါသည်။

ထို့နောက် ပိုင်ကျဲနတ်သားရဲနဲ့အတူ ဘေးပတ်လည်က ပုံရိပ်တွေ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

စူစူလေးလည်း သင်္ဘောကုန်းပတ်ပေါ်ကို ပြန်ရောက်လာခဲ့ပါသည်။

ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံ၏ သတိပေးချက်ကို စူစူလေး မှတ်မိသည်။

ယခု သင်္ဘောပေါ်မှာ ဦးလေးပိုင်ဟူကျစ်နဲ့ ကိုကြီးတို့အပြင် ထန်ထိုက်မင်ရဲ့ လက်အောက်ငယ်သားတွေလည်း အများကြီး ရှိနေသည်။

အားလုံးက သာမန်လူသားတွေသာ ဖြစ်သည်။

စူစူလေးက သန်မာသော်လည်း သူမမှာ လက်သေးသေးလေး နှစ်ဖက်သာ ရှိပါသည်။ လူတိုင်းကို တစ်ပြိုင်တည်း ကယ်တင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။

စူစူလေး ရုတ်တရက် အကြံတစ်ခုရသွားပြီး ထန်ထိုက်မင်ထံပြေးသွားကာ သူ့ခြေထောက်ကို ပွေ့ဖက်လိုက်သည်။

ထန်ထိုက်မင် အံ့အားသင့်ကာ စူစူလေးကို ငုံ့ကြည့်လိုက်ချိန် သူ့ခြေထောက်များ လေပေါ် မြောက်တက်သွားခဲ့ပါသည်။

… … …

All Chapters