← Chapters

အခန်း (၉၁၆-၉၂၀)

Vol. 37 Ch. 916-920

အခန်း (၉၁၆-၉၂၀)

Vol. 37 Ch. 916-920

အခန်း(၉၁၆) အားတင်းထား ဆရာလူဆိုး

“မင်းဘာလုပ်တာလဲ”။ ထန်ထိုက်မင် အံ့အားသင့်စွာ မေးလိုက်သည်။

စူစူလေး ဘာမှပြန်မပြောဘဲ ထန်ထိုက်မင်၏ မေးခွန်းကို လုပ်ရပ်ဖြင့်သာ ပြန်ဖြေလိုက်သည်။

“သွားတော့!”

ထန်ထိုက်မင်ကို စူစူလေး သင်္ဘောပေါ်မှ ပစ်ချလိုက်ပါသည်။

၁၀ စက္ကန့်လောက် လေထဲမှာ ဝဲသွားပြီးနောက်-

ဗွမ်း!

ထန်ထိုက်မင် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့သည်။ ရေမျက်နှာပြင်ပေါ် ပူပေါင်းတချို့ တက်လာ၏။

ထို့နောက် ၂ စက္ကန့်လောက် ငြိမ်သက်သွားပြီး-

ဗွမ်း!

ထန်ထိုက်မင် ရေထဲမှ ပြန်ပေါ်လာခဲ့သည်။

“ချင်းစူစူ မင်းဘာလုပ်တာလဲ”

ထိုစဉ် ကောင်းကင်ပေါ်မှာ မှော်စက်ဝိုင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုစက်ဝိုင်း၏ အလင်းက အလွန်တောက်ပပါသည်။

မှော်စက်ဝိုင်းကြီးထဲမှ အလင်းရောင်ခြည်များ ဖြာထွက်လာပြီး ဧရာမ လက်ကြီးအသွင်ကို ဆောင်လိုက်လေသည်။

ထန်ထိုက်မင် တုန်လှုပ်သွားခဲ့သည်။

လောကသုံးပါးရဲ့ အပြစ်ဒဏ်!

ထန်ထိုက်မင် ဘာမှ မတုန့်ပြန်နိုင်ခင် ထိုဧရာမလက်ကြီးက ထန်ထိုက်မင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

ထန်ထိုက်မင် လှုပ်ရှားလို့ မရတော့ပေ။

ကံကောင်းစွာဖြင့် မကြာသေးခင်ကမှ ကျိန်စာစည်းပျက်ကာ သူ့စွမ်းအားတွေ ပြန်ပြည့်လာခဲ့သည်။ မဟုတ်ပါက ထိုဧရာမလက်ကြီး၏ ခွန်အားကြောင့် သူကျေမွသွားနိုင်ပါသည်။

သူထွက်ပြေးလို့ မရမှန်း ထန်ထိုက်မင် သိပါသည်။ လောကသုံးပါးရဲ့ နတ်ဘုရားတွေက သူ့အစ်ကိုကြီးနဲ့ ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံတို့ထက် စွမ်းအား ပိုကြီးကြသည်။

ထန်ထိုက်မင် ကံတရားကို လက်ခံလိုက်ပါသည်။

ကံကောင်းစွာဖြင့် သူပြုလုပ်ခဲ့သည့် အပြစ်ဒဏ်က သိပ်မကြီဂမားပေ။

ထိုဧရာမလက်ကြီးကို မြင်လိုက်ရတုန်းက အဆင့် ၄ အပြစ်ဒဏ်ကို ခံယူရမှာဖြစ်မှန်း ထန်ထိုက်မင် သိခဲ့သည်။ သူ့အသက် သေဆုံးမှာ မဟုတ်သော်လည်း အရိုးထဲထိ စူးစူးရှရှ နာကျင်ရအောင် ပြစ်ဒဏ်ခတ်ခံရလိမ့်မည်။

ထိုကဲ့သို့ နာကျင်မှုမျိုးကို ၃ မိနစ်ကြာအောင် ခံစားပြီးနောက် ဧရာမ လက်ကြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ထန်ထိုက်မင်၏ လက်မောင်းထက် ပိုမိုကြီးမားသော အလင်းကြိုးကြီးတစ်ချောင်း ထပ်ပေါ်လာကာ ထန်ထိုက်မင်ကို ရစ်ပတ် ချုပ်နှောင်လိုက်ပါသည်။

ထို့နောက် မှော်စက်ဝိုင်းကြီးအတွင်းမှ အလင်းမြှားပေါင်းများစွာ အောက်တည့်တည့်သို့ ထိုးဆင်းလာခဲ့သည်။

အလင်းကြိုး၏ ချုပ်နှောင်ခြင်းကို ခံထားရသည့် ထန်ထိုက်မင်တစ်ယောက် မီတာ ၁,၀၀၀ လောက် ကွာဝေးနေသည့် သင်္ဘောကြီးကို လှမ်းကြည့်လိုက်သည်။

ကုန်းပတ်ပေါ်က လူတွေအားလုံး သူ့ကို ကြည့်နေကြပါသည်။

စူစူလေး၏ တောက်ပပြီး ချစ်ဖို့ကောင်းသော မျက်နှာလေးကို မြင်သောအခါ ထန်ထိုက်မင် ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။

သူ့ကို မီတာ ၁,၀၀၀ ကျော်လောက်အထိ ရောက်သွားအောင် ပစ်ချခဲ့သည့် စူစူလေးအား ဒေါသထွက်ရမလား၊ စူစူလေးရဲ့ ဖြတ်ထိုးဉာဏ်ကို ချီးကျူးရမလားဆိုတာ ဝေခွဲမရတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ လုပ်ရပ်က ပါးနပ်ပါသည်။ ထန်ထိုက်မင်ကို သင်္ဘောပေါ်မှ ပစ်ချလိုက်ခြင်းအားဖြင့် မဆိုင်သူတွေ မထိခိုက်အောင် ကာကွယ်နိုင်ခဲ့သည်။

ထန်ထိုက်မင် လှမ်းကြည့်နေမှန်း မြင်သဖြင့် စူစူလေး လက်ရမ်းပြလိုက်သည်။

“အားတင်းထား ဆရာလူဆိုး!”။ စူစူလေး အော်ကာ အားပေးလိုက်ပါသည်။

ထန်ထိုက်မင် မျက်ခုံးများ တွန့်သွား၏။

ဒီကလေးမလေး! ငါက ဘာကို အားတင်းထားရမှာလဲ!

အလင်းမြှားများ ကျရောက်လာပြီဖြစ်ပြီး တချို့က ထန်ထိုက်မင်၏ ခန္ဓာကိုယ်ကို ထိမှန်ကာ တချို့က ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါသည်။

အလင်းမြှားများ၏ ထိုးဖောက်ခြင်းကို ခံရသည့် နာကျင်မှဒကြောင့် ထန်ထိုက်မင် မျက်နှာတစ်ခုလုံး အကျည်းတန်သွားလေသည်။

ပထမတော့ စူစူလေး၏ မိုးကြိုးဒဏ်ကို ခံစားခဲ့ရပြီး ယခု လောကသုံးပါး၏ အပြစ်ဒဏ်ကိုပါ ခံစားနေရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ တုန်းက နာကျင်မှုတွေကို ပေါင်းလိုက်ရင်တောင် ဒီနေ့တစ်ရက်တည်းမှာ ခံစားခဲ့ရသည့် နာကျင်မှုများကို ယှဉ်နိုင်မည် မထင်ပါ။

အပြစ်ဒဏ်ကို ခံယူပြီးနောက် ထန်ထိုက်မင် ပင်လယ်ထဲ နစ်သွားခဲ့သည်။

၅ စက္ကန့်လောက် ကြာမှ ခြေကုန်လက်ပမ်းကျနေသည့် ထန်ထိုက်မင် ပြန်ပေါ်လာခဲ့ပါသည်။

သူ့ခွန်အားတွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်ပြည့်ခဲ့သဖြင့် ကံကောင်းသွားသည်ဟု ဆိုရမည်။ မဟုတ်ပါက လောကသုံးပါး အပြစ်ဒဏ်ကြောင့် သူ အကြိမ် တစ်ရာမက သေသွားနိုင်သည်။

ပင်လယ်ပြင်ကြီး ပြန်လည်ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။

ဆိပ်ကမ်းမှ လှေငယ်ပေါင်းများစွာ ထွက်ခွာလာတာကို မြင်နိုင်ပါသည်။ ချင်းမိသားစုနဲ့ လုမိသားစုဝင်တွေ ဖြစ်ကြသည်။

ဆရာကြီးရှုယီ၏ မက်ဆေ့ကို ရပြီးနောက် လေယာဉ်ဆိုက်တာနဲ့ တစ်ပြိုင်နက် သခင်ကြီးလု ဆိပ်ကမ်းကို ချက်ချင်း လာခဲ့သည်။

ချင်းမိသားစုဘက်မှာလည်း ရှောက်ကျင်းယန်နဲ့ စန်းကျစ်တို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဖွဲ့ဝင်များနဲ့အတူ ဆိပ်ကမ်းဆီကို ထွက်လာခဲ့ကြသည်။

“သမီးလေး!”

“ညီမလေး!”

“ဒေါ်လေး!!”

“စူစူလေး!”

ချင်းမိသားစုဝင်တွေအားလုံး လှေတွေပေါ်မှာ မတ်တပ်ရပ်ကာ သင်္ဘောကြီးပေါ်က စူစူလေးကို အော်ခေါ်နေကြလေသည်။

… … …

အခန်း(၉၁၇) မိသားစုရဲ့ စိုးရိမ်ပူပန်မှု (၁)

“ဖေဖေနဲ့မေမေ! အစ်ကိုကြီး! တူကြီးနဲ့ တူလေး! တူချောလေး၊ တူလိမ္မာလေး၊ ဆယ်လီတူလေး! မူမူလေး၊ မမလှလှနဲ့ အစ်ကိုကြီးတို့!”

အားလုံးရောက်လာကြမှန်း စူစူလေး သိလိုက်ရသည်။

သူမရဲ့ မိသားစုဝင်တွေကို ကြည့်ရင်း စူစူလေး ပြုံးလိုက်မိပါသည်။

နတ်သားရဲ ဖေဖေနဲ့ မေမေတို့ စိတ်ချပါ! သမီး သန်သန်မာမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်မယ်! နောက်တစ်ခါ ပြန်တွေ့တဲ့ အခါကျရင် သမီးဒီ့ထက် အများကြီး စွမ်းအားပိုကြီးလာစေရမယ်!

စူစူလေး၏ လက်ချက်ကြောင့် အပေါက်ကြီးဖြစ်သွားသော သင်္ဘောကြီးမှာ စတင်နစ်မြုပ်နေပြီဖြစ်သည်။ ထို့ကြောင့် စူစူလေးနဲ့ တခြားသူတွေကို သင်္ဘောပေါ်မှ အမြန်ကယ်ဆယ်ခဲ့ကြပါသည်။

လုကျန်းယွီကို လုမိသားစုလှေပေါ်သို့ ခေါ်ဆောင်သွားခဲ့ပြီး စူစူလေးကိုတော့ ချင်းမိသားစုက ပြန်ခေါ်သွားခဲ့ကြသည်။

ထန်ထိုက်မင်၏ လက်အောက်ငယ်သားများကို ရှောက်ကျင်းယန်တို့အဖွဲ့ ဖမ်းဆီးခဲ့ကြသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ စူစူလေးကို ပွေ့ချီလိုက်ကြပြီး တစ်ကိုယ်လုံးကို အမြန်စစ်ဆေးလိုက်ကြသည်။

“ဖေဖေနဲ့ မေမေ သမီးဘာမှမဖြစ်ပါဘူး!”။ သူမဖေဖေနဲ့ မေမေကို စူစူလေး နှစ်သိမ့်ပေးလိုက်သည်။

“လူဆိုးမလေး! ဖေဖေနဲ့ မေမေတို့ကို လန့်သေအောင် လုပ်ပြန်ပြီလား!”။ အဘွားချင်းက စူစူလေးကို ဆူလိုက်ပါသည်။

“ဖေဖေနဲ့ မေမေတို့ ကြောက်သွားလို့လား”။ စူစူလေး မေးလိုက်ပါသည်။

အဘွားချင်းက ခေါင်းငြိမ့်ချင်သော်လည်း စူစူလေး၏ စိုးရိမ်ပူပန်နေသော မျက်လုံးလေးများကို မြင်ပြီး စကားအမြန် ပြောင်းလိုက်ပါသည်။ “မကြောက်ပါဘူး မကြောက်ပါဘူး။ သမီးလေးကို ဆရာကြီးရှုယီ ဆေးပင်တွေ နှုတ်ဖို့ ခေါ်သွားတယ်လို့ တကယ်ထင်ခဲ့တာ။ ဒီကိုလာတယ်ဆိုတာလည်း သမီးလေးရဲ့ ကိုကြီးကို လာရှာကြတာပါ”

စူစူလေး ဘေးကင်းမှန်း သေချာသောအခါ လူအုပ်ကြီးထဲမှာ ဆရာကြီးရှုယီကို အဘိုးချင်း စတင်ရှာဖွေလေသည်။

ဆရာကြီးရှုယီက လှေ၏ ထောင့်နားလေးမှာ တစ်ယောက်တည်း မလုံမလဲ ပုန်းနေပါသည်။

“အဘိုးကြီးယန်! ခင်ဗျားပြောတော့ တောင်ပေါ်သွားတာဆို!”။ အဘိုးချင်း ကျယ်လောင်စွာ အော်ငေါက်လိုက်လေသည်။

“ဟမ် အဲ… ရာသီဥတု တော်တော်သာယာတယ်နော်”။ ဆရာကြီးရှုယီ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ “တွေ့လား တွေ့လား ခုနကမှ တိမ်နက်တွေနဲ့ မိုးတွေ မှောင်မည်းနေတာ။ အခုတော့ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေ ပြန်ဖြစ်သွားပြီ။ ရာသီဥတုက အပြောင်းအလဲမြန်လိုက်တာ!”

“အဘိုးကြီးယန်!”။ အဘိုးချင်း ထပ်အော်လိုက်ပြန်သည်။

စူစူလေးက အဘိုးချင်း၏ လက်ကို လာဆွဲပါသည်။ “ဖေဖေ ဦးလေးပိုင်ဟူကျစ်ကို မဆူပါနဲ့။ သမီးကို လိုက်ပို့ပေးဖို့ ဦးလေးပိုင်ဟူကျစ်ကို သမီးပူဆာခဲ့တာပါ”

အဘိုးချင်းလည်း စူစူလေးကို လှည့်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားပါသည်။

“သမီးလေး…”

“ဖေဖေ သမီး သူငယ်ချင်း အန္တရာယ်ရှိနေတာ သမီးဒီတိုင်း ထိုင်နေလို့ မဖြစ်ဘူးလေ!”

စူစူလေး၏ မျက်လုံးများက ခိုင်မာ ပြတ်သားလှသည်။

အဘိုးချင်း မှင်သက်သွားခဲ့သည်။

သူ့သမီးလေး အရွယ်ရောက်လာသလို ခံစားရသည်။ ကိုယ်ပိုင်ခံယူချက်များနဲ့ ယုံကြည်ချက်များ ရှိလာပြီဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အဘိုးချင်း သက်ပြင်းချလိုက်ပါသည်။ “ဖေဖေ နားလည်ပါတယ်။ နောက်တစ်ခါ တစ်ယောက်ယောက်ကို ကယ်ချင်တယ်ဆိုလည်း ဖေဖေတို့ မတားပါဘူး”

“တကယ်လား”

“ဒါပေမယ့် နောက်တစ်ခါဆို ဖေဖေနဲ့ မေမေတို့ကို အရင်တိုင်ပင်ရမယ်နော်။ ဘာမှ မလျှို့ဝှက်ထားရဘူး ကြားလား”

“ဟုတ်ကဲ့!”

စူစူလေး လိမ်လိမ်မာမာ ခေါင်းငြိမ့်လိုက်သည်။ သူမလည်း ဖေဖေနဲ့ မေမေတို့ကို စိတ်မပူစေချင်ပါ။

ထိုစဉ် လူအုပ်ထဲမှ ချင်းရှင်းကျစ် တိုးထွက်လာပြီး စူစူလေးကို ကောက်ချီကာ ပြောလိုက်သည်။ “ညီမလေး နောက်တစ်ခါ အန္တရာယ်များတာတစ်ခုခုဖြစ်လာရင် ညီမလေးရဲ့ တူလေးတွေကိုသာ တာဝန်ပေးလိုက်။ ညီမလေး သူများတွေကို ကယ်ချင်တာ အပြစ်မပြောလိုပေမယ့် ညီမလေးကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ ညီမလေးက မိန်းကလေးလေ အဲ့တာကြောင့် အန္တရာယ်များတဲ့ အလုပ်တွေနဲ့ ခက်ခက်ခဲခဲ အလုပ်တွေကို ကိုယ်တိုင် လုပ်စရာမလိုဘူး။ ညီမလေးရဲ့ တူလေးတွေက အရေထူပြီးသားပါ။ အထူးသဖြင့် တူလေးယုကျီးက အတော်လေး အကြမ်းခံတဲ့ကောင်”

စူစူလေးကို ချင်းရှင်းကျစ် စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ နောက်တစ်ခါဆို သူ့အဖိုးတန်ညီမလေး အန္တရာယ်တောထဲ ကိုယ်တိုင် ဆင်းမသွားဖို့ မျှော်လင့်မိသည်။

ဘေးမှာ ရပ်နေသည့် ချင်းယုကျီး ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

စူစူလေးကိုယ်စား ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဝန်မလေးပေမယ့် အဲ့လို ပေါ်တင်ကြီး ပြောဖို့လိုလို့လား…

ကိုယ့်သားအရင်းရဲ့ နုနယ်တဲ့ နှလုံးသားကိုတောင် ထည့်မတွက်တော့ဘူးလား!

… … …

အခန်း(၉၁၈) မိသားစု၏ စိုးရိမ်ပူပန်မှု (၂)

“မရပါဘူး။ သမီးက ဒေါ်လေး သူက တူလေးလေ။ ဒေါ်လေးက တူလေးကို ကာကွယ်ပေးမှဖြစ်မှာပေါ့!”။ စူစူလေးမှာလည်း ခံယူချက်ရှိပါသည်။

ဒေါ်လေးက ဒေါ်လေးအလုပ်လုပ်ရမည်။ တူလေးတွေကိုပဲ အားကိုးနေလို့ မဖြစ်ပါ။

“သူတို့က ညီမလေးရဲ့ တူလေးတွေလေ။ ညီမလေးကို လေးစားရမှာ သူတို့ တာဝန်ပဲ”။ ချင်းရှင်းကျစ် ရှင်းပြလိုက်သည်။

“ဪ အဲ့တာလည်း ဟုတ်တော့ ဟုတ်ပါတယ်”။ စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး သူမ အစ်ကိုကြီးပြောတာလည်း အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။

ထိုစဉ် စူစူလေးရှေ့မှာ ချင်းယုဟွိုင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။ “စူစူလေး”

“ဟင်”

“နောက်တစ်ခါ သူများကို ကယ်ချင်တယ်ဆိုရင် အဘိုးနဲ့ အဘွားတို့ မတားဘူးဆိုရင် ငါတို့လည်း မတားဘူး။ ဒါပေမယ့် ဘာမှ အသိမပေးဘဲ တစ်ယောက်တည်း ထွက်မသွားရဘူးနော်”

“အွန်းပါ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

လူအုပ်ထဲ ချင်းယုဟန်လည်း တိုးဝင်လာပြီး ဝင်ပြောလိုက်သည်။ “ဒေါ်လေး နင်တော်တော်ဆိုးတာပဲ! နောက်တစ်ခါ ထပ်မလုပ်နဲ့နော်! ဒါပေမယ့် အရမ်းလည်း မိုက်ပါတယ်။ ကယ်တင်ရှင် သူရဲကောင်းကြီး လုပ်ခဲ့တာ အရမ်းမိုက်တယ်!”

ဆုံးမသင့်တာ ဆုံးမရမှာမှန်သော်လည်း ချီးကျူးသင့်တာကိုတော့ ချီးကျူးရပါမည်။ သူတို့ ဒေါ်လေးရဲ့ လုပ်ရပ်ကို မချီးကျူးလို့ မဖြစ်ပါ။

“ဟုတ်တယ်မလား! ဒေါ်လေးအခု အများကြီး ပိုသန်မာသွားပြီ!”။ စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိုက်သည်။

ချင်းယုကျိုးလည်း ဝင်ပြောလိုက်ပါသည်။ “စူစူလေး ငါက တိုက်တာခိုက်တာတွေအတွက် ကူညီမပေးနိုင်ပေမယ့် ဦးလေးပြောတာ မှန်တယ်။ လူအင်အားနဲ့ ရင်းမြစ်တွေလိုအပ်ရင် ယုဟွိုင်းဆီသွား။ အစီအစဉ်လိုအပ်ရင် ယုဟန်ဆီသွား။ တိုက်ဖို့ခိုက်ဖို့အတွက်ဆိုရင်တော့ ယုကျီးဆီကိုသွား”

သူ့မှာ အားသာချက်အများကြီးမရှိမှန်း ချင်းယုကျိုးသိသော်လည်း တခြားညီအစ်ကိုတွေကိုတော့ ယုံကြည်ပါသည်။

စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “ဆယ်လီတူလေးပြောတာ မှန်တယ်!”

နောက်ဆုံးမှ ချင်းယုချဲ ချဉ်းကပ်လာသည်။ သူဘာမှ မပြောဘဲ သူ့လက်ထဲက နေ့လယ်စာ ဘူးလေးကိုသာ စူစူလေးလက်ထဲ ထည့်ပေးလိုက်သည်။

“တစ်ခုခု စားလိုက်ဦး”

မလိုအပ်တာတွေ ဘာမှမပြောဘဲ ဒီနေ့အဖြစ်အပျက်တွေကိုလည်း ဘာမှ မမေးမြန်းခဲ့ပါ။

ပြောစရာရှိတာတွေကို တခြားမိသားစုဝင်တွေ ပြောပြီးသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူပြောနေလည်း ဘာမှထူးမှာ မဟုတ်ပါ။

ထို့အပြင် ချင်းယုချဲကလည်း တခြား ဘာမှ မလုပ်နိုင်ပါ။ သို့သော် စူစူလေး တစ်နေကုန်နီးပါး ပျောက်နေတာ ဖြစ်သဖြင့် ဗိုက်ဆာနေမှာကိုတော့ သိပါသည်။

နေ့လယ်စာဘူးလေးကို စူစူလေး ယူလိုက်သည်။ “တူချောလေး!!”

ထို့နောက် ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ထမင်းလုံးလေးများ၊ အသားပြားလေးများ၊ ဟင်းသီးဟင်းရွက်များ အစုံအလင် ပါဝင်ပါသည်။

စူစူလေး အပျော်လွန်သွားသည်။ တစ်နေကုန် တိုက်ခိုက်ခဲ့ရပြီးနောက် သူမ ဗိုက်ကလေး ဆာလောင်နေပါပြီ။

“တူချောလေးကို အရမ်းချစ်တယ်!”။ ချင်းယုချဲအား စူစူလေး ဖက်ထားလိုက်ပါသည်။

တခြား ညီအစ်ကိုတွေအားလုံး မနာလို ဖြစ်ကုန်ကြလေသည်။

သူတို့ကတော့ အာညောင်းခံပြီး စူစူလေးကို ဆုံးမလိုက်ရတာ! ချင်းယုချဲက တစ်ခွန်းမှ မပြောဘဲလူကောင်းဝင်လုပ်သွားတယ်!

တကယ်ပါပဲ! နေ့လယ်စာဘူးလေးတစ်ဘူးက ဘာထူးခြားနေလို့လဲ!

--- --- ---

ချင်းအိမ်တော်ကို ပြန်ရောက်သောအခါ စူစူလေးအား အဘွားချင်း ရေချိုးပေးလိုက်ပြီး သန့်သန့်ရှင်းရှင်း အဝတ်အစားများ လဲကာ ချော့သိပ်ပေးခဲ့ပါသည်။

မိုးကြိုးတွေကို ဆင့်ခေါ်ခဲ့ရတာကြောင့်လား မသိသော်လည်း စူစူလေး ပုံမှန်ထက် ပိုပင်ပန်းနေသည်။

အိပ်ပျော်နေစဉ် စူစူလေး အိပ်မက်မက်ခဲ့ပါသည်။ အိပ်မက်ထဲမှာ သူမ အသိုက်ထဲ နားခိုနေစဉ် နတ်ယုတ်မာကြီးက သူမကို ဆူငေါက်နေသည်။

သူမ မျက်နှာလွှဲကာ နတ်ယုတ်မာကြီးကို မသိချင်ယောင် ဆောင်ထားသော်လည်း နတ်ယုတ်မာကြီးက ပွစိပွစိ ပြောနေဆဲ ဖြစ်သည်။ ကျန်တာမကြားသော်လည်း သူမကို မဆိုးသင့်ကြောင်းနဲ့ မတုံးအသင့်ကြောင်း ပြောနေမှန်းတော့ စူစူလေး ကြားပါသည်။

နတ်ယုတ်မာကြီးက အမြဲတမ်းပဲ သူမကို ဆိုးသွမ်းသည်ဟု ဆူငေါက်ခဲ့သည်။

ထို့ကြောင့် စူစူလေး သူ့စကားကို မကြားချင်ယောင် ဆောင်နေလိုက်ပါသည်။ ခဏကြာတော့ နတ်ယုတ်မာကြီးရဲ့အသံ တိတ်ဆိတ်သွားသဖြင့် စူစူလေး ပြန်လှည့်ကြည့်လိုက်သည်။

အစက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်ယုတ်မာကြီးက ဝှီးချဲပေါ်မှာထိုင်နေသည့် ကိုကြီးအသွင် ပြောင်းလဲသွားခဲ့သည်။

ကိုကြီးက သူ့လက်ဖဝါးကို ဖြန့်ပြလိုက်ရာ ရွှံ့စေးဖြင့် ပြုလုပ်ထားသည့် SpongeBob SquarePants အရုပ်လေး တစ်ရုပ် ပေါ်လာသည်။

“စူစူလေးအတွက်”

ထိုအရုပ်ကလေးကို စူစူလေး ပျော်ရွှင်စွာ ယူဖို့ ပြင်လိုက်စဉ် ကိုကြီးက ရုတ်တရက်ဆိုသလို နတ်ယုတ်မာကြီးအသွင် ပြန်ပြောင်းသွားခဲ့ပါသည်။

… … …

အခန်း(၉၁၉) ကိုကြီး ဘယ်ရောက်သွားလဲ

“စူစူလေး မင်းဒီလောက်ထိ မဆိုးသင့်ဘူး”

“ငါဘာမှ မဆိုးဘူး!”

“အခုထိ ပြန်ပြောနေတုန်းပဲ။ ဆိုးသွမ်းတဲ့ ကလေးတွေကို အပြစ်ပေးရမယ်”

ခက်ထန်သည့်အသံနဲ့အတူ နတ်ယုတ်မာကြီးက သူမကို ကန်တော့မည့်ဟန်နဲ့ ခြေထောက်တစ်ဖက် မြှောက်လိုက်ပါသည်။

“အား!!”

စူစူလေး ကြောက်လန့်တကြား လန့်နိုးလာလေသည်။

အိပ်မက်ထဲက ကြောက်စရာ အခြေအနေကြောင့် စူစူလေးနိုးလာသောအခါ ရှေ့ကလူကို မတော်တဆ ထိုးလိုက်မိလေသည်။

ကံကောင်းစွာဖြင့် စူစူလေးရှေ့ရောက်နေသော လူက ချင်းယုကျီးဖြစ်နေပြီး စူစူလေးရဲ့ အကျင့်တွေကို အသားကျနေပြီဖြစ်သဖြင့် အမြန်ရှောင်နိုင်ခဲ့ပါသည်။

ထိုလက်သီးချက်ကိုသာ မိသွားလျှင် သေလုမျောပါး ဖြစ်သွားနိုင်သည်။

“တူလေး ဘာလာလုပ်တာလဲ”။ စူစူလေး မေးလိုက်သည်။

“နင် ထပ်ထွက်ပြေးသွားမှာစိုးလို့”

“မပြေးတော့ပါဘူးလို့ ဖေဖေနဲ့ မေမေ့ကို ကတိပေးထားပြီးသားလေ”။ စူစူလေး အာမခံလိုက်သည်။

“နင့်ကို မယုံသေးဘူး။ အဲ့တာကြောင့် သေချာ စောင့်ကြည့်ရမယ်!”။ ချင်းယုကျီး လက်ပိုက်လျက် စိတ်ကြီးဝင်စွာ ပြောလိုက်သည်။

“တူလေးယုကျီး နင်တော်တော် ပြောရခက်လာတယ်နော်”

“နင်က ငါ့နောက်ကွယ်မှာ အန္တရာယ်များတာတွေပဲ အမြဲလုပ်နေတာကိုး!”

ယခုတော့ သူရန်ဖြစ်လျှင် သူ့မိဘနဲ့ အစ်ကိုတွေ ဘယ်လို ခံစားရသလဲဆိုတာ ချင်းယုကျီး ကိုယ်ချင်းစာနိုင်ပါပြီ။

အလွန်ခံရခက်သော ခံစားချက်ကြီးဖြစ်၏။

“အမြဲတမ်း မလုပ်ပါဘူး! သူများတွေ အန္တရာယ်ရှိတဲ့အချိန်ကမှ လုပ်တာပါ” စူစူလေး ပြန်ချေပလိုက်သည်။

“ဘာပဲဖြစ်ဖြစ် တူတူပဲ”

“တူလေး ဒေါသမထွက်ပါနဲ့။ ဒေါသထွက်တာမကောင်းဘူး အရပ်ပုတတ်တယ်”

“ငါ့ကို အရပ်ဘယ်လောက်ရှည်စေချင်သေးလို့လဲ။ အခု ၁.၈ မီတာလောက် ရှည်နေပြီ!”

“ဪ အဲ့တာဆို မဆက်မရှည်နဲ့တော့။ ငါပဲ အရပ်ဆက်ရှည်မယ်”

သူမရဲ့ ခြေထောက်တိုတိုလေး နှစ်ချောင်းကို စူစူလေး ငုံ့ကြည့်လိုက်ကာ သက်ပြင်းချလိုက်ပါသည်။

နတ်သားရဲဖေဖေ၊ မေမေတို့ရဲ့ အသွင်ကို ပြန်မြင်ယောင်ကြည့်သောအခါ သူတို့ရဲ့ ကိုယ်ထင်ကြီးမားပြီး လှပခမ်းနားသည့် အသွင်ကို စူစူလေး အလွန်အားကျပါသည်။

သူတို့လို ဘယ်တော့မှ လှပခမ်းနားလာမှာလဲ။

ချင်းယုကျီး ရယ်မောလိုက်ပါသည်။ “အဲ့တာဆို ငါ့ဆီက အရပ်နည်းနည်းလောက် ဖဲ့ယူလိုက်ပေါ့”

စူစူလေး နှုတ်ခမ်းစူကာ ပြောလိုက်သည်။ “တူလေး ငါ့ကို ကိုကြီးဆီ လိုက်ပို့ပေး! သူ သတိရလာပြီလား သိချင်တယ်!”

“အဲ… အဲ့တာက…”။ ချင်းယုကျီး အနည်းငယ် တွန့်ဆုတ်သွားသည်။

“တူလေး ဘာဖြစ်လို့လဲ”။ တူလေးယုကျီး၏ မျက်နှာကို မြင်ပြီး စူစူလေး မေးလိုက်ပါသည်။

ချင်းယုကျီး သေချာစဉ်းစားကာ စူစူလေးကို အမှန်တိုင်းပြောပြဖို့ ဆုံးဖြတ်လိုက်ပါသည်။ “စူစူလေးရဲ့ ကိုကြီးနဲ့ သူ့ဘိုးဘိုးတို့ ပေကျင်းမြို့ကို ပြန်သွားကြပြီ”

“ပေကျင်းမြို့ကို ပြန်သွားကြပြီ ဟုတ်လား။ ဘာလို့လဲ”။ စူစူလေး နားမလည်နိုင်ဖြစ်သွားသည်။

“ငါလည်း သေချာမသိဘူး။ စူစူလေးရဲ့ ကိုကြီး သတိပြန်ရလာအောင် လုပ်ပေးဖို့ ပေကျင်းမြို့မှာနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီမှာ နည်းလမ်းရှိတယ်တဲ့။ အဲ့တာကြောင့် သခင်ကြီးလုက သူ့ကို ပေကျင်းဆီ အမြန်ခေါ်သွားတာ”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။

ချင်းယုကျီးလည်း အနည်းငယ် ဇဝေဇဝါဖြစ်မိပါသည်။

ဆေးပညာအရဆို ဆရာကြီးရှုယီက ကျိန်းသေပေါက် ပိုထူးချွန်တာဖြစ်သည်။ ထို့ကြောင့် လုကျန်းယွီကို ဆရာကြီးရှုယီ လက်ထဲ အပ်ထားတာ ပိုကောင်းသည့် ရွေးချယ်မှုဖြစ်သည်။

ပေကျင်းမြို့က ဗေဒင်ဆရာကလည်း ဗေဒင်ပဲ ဟောနိုင်မှာ မဟုတ်ဘူးလား။

ဆေးကုသမှုနဲ့ ပတ်သတ်ပြီး ဘာနားလည်မှာလဲ။

သို့သော်လည်း သခင်ကြီးလုက ယုံကြည်နေကာ ဆရာကြီးရှုယီကလည်း မကန့်ကွက်သဖြင့် ဘာမှ ဝင်မပြောတော့ပါ။

“ဪ… အဲ့တာဆို ဆရာလူဆိုးကော ဘယ်ရောက်သွားလဲ”။ စူစူလေး မေးလိုက်သည်။

ထိုဆရာလူဆိုးကို ပင်လယ်ထဲပစ်ချပြီးနောက် လောကသုံးပါး၏ ဒဏ်ခတ်မှုကို ခံခဲ့ရမှန်း စူစူလေး မှတ်မိသည်။ သူ့ကိုကော ကယ်ဆယ်ခဲ့ကြလားဆိုတာ စူစူလေး သိချင်ပါသည်။

… … …

အခန်း(၉၂၀) ဆရာလူဆိုး ဘာလာလုပ်တာလဲ

“အဲ့ဒီခွေးကောင် ထန်ထိုက်မင်ကို ပြောတာလား”။ ထိုနာမည်ကိုကြားတာနဲ့တစ်ပြိုင်နက် ချင်းယုကျီး လူသတ်ချင်သွားသည်။

အဲ့ဒီ လူယုတ်မာက သူတို့နားမှာ တစ်ချိန်လုံးရှိနေခဲ့တာကိုး!

စူစူလေးရဲ့ မူကြိုကျောင်းမှာတောင် ဆရာဝင်လုပ်နေသေးတယ်!

အပေါ်ယံမှာ ကလေးတွေကို ဂရုစိုက်တဲ့ ကျောင်းဆရာတစ်ယောက်လို့ ထင်ရပေမယ့် ကောက်ကျစ် ယုတ်မာတဲ့ ကလေး ပြန်ပေးသမားတစ်ယောက် ဖြစ်နေတယ်!

“ဟုတ်တယ်!”။ သူက တကယ် လူဆိုးဖြစ်သည်။ ထို့ကြောင့် တူလေးယုကျီး ဆဲတာ မမှားပါ။

“ခေါင်းဆောင်ရှောက်နဲ့ စန်းကျစ်တို့လည်း သူ့ကို ရှာနေကြတုန်းပဲ။ လောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူ့လက်အောက်ငယ်သားတွေကို အောက်ထပ်မှာ ခေါင်းဆောင်ရှောက် စစ်ဆေးမေးမြန်းနေတယ်။ ပြီးရင် အားလုံးကို ရဲလက်ထဲ အပ်လိမ့်မယ်”

သို့သော်လည်း ထန်ထိုက်မင်၏ လက်အောက်ငယ်သားများက အလွန်ခေါင်းမာကြသည်။ အခုချိန်ထိ ထန်ထိုက်မင်နဲ့ ပတ်သတ်ပြီး တစ်ခွန်းမှ မဟကြသေးပါ။

စူစူလေး မျက်မှောင်ကြုတ်သွားပါသည်။

သူမ ဘယ်လိုလုပ်ရမလဲ။

ဆရာလူဆိုးရဲ့ သရုပ်မှန်ကို ကိုကြီးနဲ့ တခြားသူတွေ မသိကြသေးဘူး။

ဖြစ်ကြောင်းကုန်စင်ကိုလည်း ပြောပြလို့ မဖြစ်ဘူး။

သို့သော် သူတို့ကို မပြောပြပါက တခြားသူတွေ ဘာမှမသိဘဲ ဆရာလူဆိုးကို ကလဲ့စားချေကြလိမ့်မည်။

ဆရာလူဆိုးကို အပြစ်ပေးသင့်သော်လည်း ကိုကြီးတို့ အနိုင်ယူနိုင်မှာ မဟုတ်ပါ။

“ဒေါ်လေး ဘာဖြစ်လို့လဲ။ အဲ့ဒီကောင် ထပ်ရောက်လာမှာ စိုးရိမ်နေတာလား”

စူစူလေး၏ စိတ်ပူနေသော မျက်နှာလေးကို မြင်သောအခါ ချင်းယုကျီးလည်း စိတ်လေးလံသွားပါသည်။

စူစူလေး ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး။ ဆရာလူဆိုးက မကောင်းတာတွေ မလုပ်တော့ဘူးလို့ ပြောသွားတယ်။ ဒေါ်လေးတို့ကိုလည်း မနှောင့်ယှက်တော့ဘူးတဲ့!”

“ဒေါ်လေး အဲ့တာ ကလေးတွေကို လူကြီးတွေ လှည့်စားဖို့သုံးတဲ့ စကားလုံးတွေပဲ။ ယုံလို့မဖြစ်ဘူးနော်။ မူကြိုမှာတောင် ဆရာအဖြစ် ဝင်ဟန်ဆောင်ရဲတဲ့ သူ့လို အရှက်မရှိတဲ့ လူယုတ်မာမျိုးက မလုပ်ရဲတာ မရှိဘူး။

“အဲ့လို မဟုတ်ပါဘူး”။ စူစူလေး ငြင်းဖို့ကြိုးစားသော်လည်း ဘယ်လို ရှင်းပြရမလဲ မသိပါ။

“စူစူလေး အဲ့ဒီလူက လူဆိုးတစ်ယောက်ပဲ။ လုံးဝ မကောင်းတဲ့ လူဆိုးနော်။ သူပြောတာ ဘာမှ မယုံနဲ့!”။ စူစူလေး၏ ပခုံးနှစ်ဖက်ကို ကိုင်ရင်း ချင်းယုကျီး သေချာ သတိပေးလိုက်ပါသည်။

“ဪ… အင်းပါ”

စူစူလေး သေချာ စဉ်းစားခဲ့သော်လည်း အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်သဖြင့် ရှင်းမပြတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဆရာလူဆိုးက လူဆိုးပဲ ဥစ္စာ။ သူအဖမ်းခံရရင် အပြစ်ပေးသင့်တာပဲ။ ဘာမှကူညီစရာမလိုဘူး!

စူစူလေးနဲ့ ချင်းယုကျီးတို့ စကားပြောနေကြစဉ် အိပ်ခန်းထဲ ရုတ်တရက် အမှောင်ကျသွားသည်။ ကုတင်စွန်းမှာ ထိုင်နေသည့် ချင်းယုကျီးလည်း ကုတင်ပေါ် ရုတ်တရက် လဲကျသွားပါသည်။

စူစူလေး ကုတင်ပေါ်မှ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပါသည်

ဆရာလူဆိုးရဲ့ အနံ့ကို ရတယ်!

အောက်ထပ်သို့ စူစူလေး ပြေးဆင်းလာခဲ့သည်။

တစ်အိမ်လုံး မီးပျက်သွားသဖြင့် အပေါ်ထပ်ကော အောက်ထပ်ကော အမှောင်ကျနေပါသည်။

ပြူတင်းပေါက်များမှ ဆင်းသက်လာသည့် လရောင်သဲ့သဲ့ကိုသာ မြင်ရသည်။

အာ့ချောင်တို့ကို ဖမ်းချုပ်ထားသည့် ပထမထပ်သို့ ဝင်လာဖို့ ပြင်နေသော ထန်ထိုက်မင်အား စူစူလေး တားလိုက်သည်။

စူစူလေးကို မြင်သောအခါ ထန်ထိုက်မင် မအံ့ဩပါ။ သက်ပြင်းသာ ချမိပါသည်။

“အိပ်မွေ့ချမန္တန်က မင်းအပေါ် သက်ရောက်မှုမရှိမှန်း ငါသိတယ်။ ဒါပေမယ့် မင်းအာရုံတွေ ဒီလောက်ထိ ထက်မြက်မယ် ထင်မထားဘူး။ ငါ့လူတွေကို မ‌ခေါ်နိုင်ခင် ငါ့ကိုအရင် ရှာတွေ့သွားတာပဲ”

“ဆရာလူဆိုး ဒီကို ဘာလာလုပ်တာလဲ။ မကောင်းတာတွေ ထပ်မလုပ်တော့ဘူးဆို”။ စူစူလေး အတည်ပေါက် မေးလိုက်သည်။

စူစူလေး၏ ပါးဖောင်းဖောင်းလေးများကို ကြည့်ရင်း ထန်ထိုက်မင် လက်ညှိုးဖြင့် ထိုးကြည့်ချင်မိသည်။

သို့သော် တွေးသာတွေးရဲပြီး လက်တွေ့ မလုပ်ရဲပါ။

သူ့နတ်စွမ်းအင်တွေ ပြန်လည် ပြည့်ဝလာပြီဖြစ်သော်လည်း လက်ရှိအခြေအနေနဲ့ ဒီနတ်သားရဲမလေးကို အနိုင်ယူနိုင်မှာ မဟုတ်ပေ။

ထို့အပြင် နတ်သားရဲမလေးကို ထပ်ပြီး မမုန်းတီးစေချင်တော့ပါ။

… … …

All Chapters