အခန်း (၉၂၁-၉၂၅)
Vol. 37 Ch. 921-925
အခန်း(၉၂၁) ကိုကြီးနဲ့ ဘော်ဒီဂတ်လေးအတွက် တရားမျှတမှု
“ငါအမှားတွေလုပ်ခဲ့မိမှန်း နားလည်ပါတယ်။ ဒီနေ့ အမှားတွေ ထပ်လုပ်ဖို့ လာခဲ့တာ မဟုတ်ဘူုး”။ ထန်ထိုက်မင်က ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
ပြတ်ပြတ်သားသား ရှင်းမပြပါက သူ့ကို စူစူလေး လူဆိုးတစ်ယောက်ဟု သတ်မှတ်လိမ့်မည်။
“အဲ့တာဆို ဘာလာလုပ်တာလဲ။ ငါ့ဖေဖေနဲ့ မေမေကို အိပ်ပျော်သွားအောင် ဘာလို့ လုပ်လိုက်တာလဲ!”။ စူစူလေး ထပ်မေးလိုက်သည်။ အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ပါက သူ့ကို အလွတ်ပေးမှာ မဟုတ်ပေ။
“ငါ့လက်အောက်ငယ်သားတွေကို လာကယ်တာပါ” ထန်ထိုက်မင် ရှင်းပြလိုက်ပါသည်။
“လက်အောက်ငယ်သားတွေကို လာကယ်တာ ဟုတ်လား”
“ဟုတ်တယ် မင်းလည်း မင်းကိုကြီးကို ကယ်တင်ချင်သလိုမျိုး ငါလည်း ငါ့လူတွေကို ကယ်ချင်တယ်။ ခံယူချက်ချင်းက အတူတူပဲ။ ငါတို့နှစ်ယောက်စလုံး ငါတို့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် အကောင်းဆုံး ဖြစ်စေချင်တယ်”
စူစူလေး၏ ဆရာအဖြစ် ထန်ထိုက်မင် ၂ လလောက် ဖြတ်သန်းခဲ့ရသဖြင့် သူမရဲ့ စိတ်ကို နားလည်နေပါပြီ။ ထို့ကြောင့် သူမ လက်ခံနိုင်အောင် ရှင်းပြဖို့လည်း မခက်တော့ပါ။
“အဲ့တာတော့ ဟုတ်ပါတယ်”။ စူစူလေး မေးပွတ်ကာ ရေရွတ်လိုက်သည်။
ဆရာကြီးရှုယီကို အတုယူပြီး စူစူလေး မေးပွတ်တာဖြစ်သည်။ သူမမှာတော့ ဆရာကြီးရှုယီလို မုတ်ဆိတ် ဖြူဖြူကြီးတွေ မရှိပါ။
ထန်ထိုက်မင်လည်း ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမယ့် ငါ့ဖေဖေ မေမေ၊ အစ်ကိုကြီးတွေနဲ့ တူလေးတွေ အားလုံးကို အိပ်ပျော်အောင် လုပ်လိုက်တယ်။ အဲ့တာ လူဆိုးတွေ လုပ်တဲ့လုပ်ရပ်ပဲ”
“အကုန်လုံးကို အိပ်ပျော်အောင် မလုပ်ရင် ငါ့ကို ဖမ်းမှာပေါ့။ ငါ့ကို လာဖမ်းရင် ငါလည်း ခုခံရလိမ့်မယ်။ အဲ့ဒီအခါကျရင် သူတို့ပဲ ထိခိုက်မှာ။ ဘယ်သူမှ အနာတရမဖြစ်ရအောင် ဒီနည်းလမ်းကို သုံးလိုက်တာပါ”
စူစူလေး မျက်လုံးမှေးကာ ရေရွတ်လိုက်သည်။ “အဲ့တာလည်း ဟုတ်ပါတယ်…”
ထို့နောက် အခန်းထဲမှာ သတိလစ်နေသည့် အာ့ချောင်တို့ကို စူစူလေး ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ “ဒါပေမယ့် နင်နဲ့ သူတို့အားလုံး ငါ့ဘော်ဒီဂတ်လေးနဲ့ ကိုကြီးကို အနိုင်ကျင့်ခဲ့ကြတာ။ နင်တို့ကို အပြစ်မပေးရသေးဘူး အဲ့တာကြောင့် ဒီတိုင်း သွားခွင့် မပြုနိုင်ဘူး!”
သူမရဲ့ ဘော်ဒီဂတ်လေးနဲ့ ကိုကြီးတို့အတွက် တရားမျှတမှု ရယူပေးရမည်။
“ဒါပေမယ့် ငါပင်လယ်ပြင်မှာ အပြစ်ပေးခံခဲ့ရပြီးပြီလေ။ မမြင်ဘူးလား။ နာကျင်လွန်းလို့ အခုထိ ပြန်မကောင်းသေးဘူး”
ထန်ထိုက်မင် အမှန်တိုင်း ပြောနေတာ ဖြစ်သည်။ လောကသုံးပါး၏ ပြစ်ဒဏ်ခတ်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေ ကျိုးကြေသွားသလို ခံစားနေရသည်။
“အဲ့တာ မဆိုင်ဘူး!”။ စူစူလေး ခါးထောက်လျက် ခက်ထန်စွာ ပြောလိုက်သည်။
ထန်ထိုက်မင်သာ သေချာ ရှင်းမပြပါက တိုက်ခိုက်တော့မည့် ပုံစံမျိုးဖြစ်သည်။
ထန်ထိုက်မင် တွန့်ဆုတ်စွာ ပြောလိုက်၏။ “မင်းကိုကြီးကလည်း ငါ့အစ်ကိုကြီးပဲလေ။ သူငါ့ကို အပြစ်ပေးပါလိမ့်မယ်”
“ဒါပေမယ့် ငါ့ဘော်ဒီဂတ်လေးအတွက် အပြစ်မပေးရသေးဘူး!”
“မင်းဘော်ဒီဂတ်လေးက အခု လှုပ်မှ မလှုပ်နိုင်တာ”
“အဲ့တာ ဘယ်သူ့ကြောင့်လဲ!”
“အဲ့တာဆို ငါတို့ ဘာပြန်လုပ်ပေးရမလဲ”
“ငါ့ကိုကြီးနဲ့ ဘော်ဒီဂတ်လေးတို့ နေကောင်းသွားတဲ့အခါကျရင် သူတို့ ရိုက်တာ ခံရမယ်! ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ရိုက်မှာနော်!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ ထန်ထိုက်မင် ကတိပေးလိုက်သည်။
“လက်သန်းချင်း ချိတ်ပြီး ကတိပေး!”
စူစူလေးက လက်သန်းလေးထုတ်ပြလိုက်ပြီး ထန်ထိုက်မင်ကို ကတိပေးခိုင်းလိုက်သည်။
ထန်ထိုက်မင်လည်း စူစူလေးတောင်းဆိုတာကို လိုက်လျောပေးခဲ့ပါသည်။
“ဟုတ်ပြီ အဲ့တာဆို ခေါ်သွားလို့ရပြီ”။ ထန်ထိုက်မင်အတွက် စူစူလေး လမ်းဖယ်ပေးလိုက်သည်။
“ဒါနဲ့ လုကျန်းယွီကို လုမိသားစုက ပေကျင်းမြို့ ပြန်ခေါ်သွားပြီလို့ကြားတယ်။ ဆရာကြီးရှုယီတောင် သူ့ကို မကုပေးနိုင်ရင် ပေကျင်းမှာ ကုပေးနိုင်တဲ့သူတစ်ယောက်ယောက် ရှိလို့လား”
လူ့လောကမှာ သူနေထိုင်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် ဆရာကြီးရှုယီ၏ ဆေးပညာစွမ်းရည်များက အားလုံးထဲမှာ အထူးချွန်ဆုံးဖြစ်မှန်း ထန်ထိုက်မင်သိပါသည်။
“မသိဘူး။ ဒါပေမယ့် ဦးလေးပိုင်ဟူကျစ်ကတော့ ဘာမှ မပူနဲ့လို့ပြောတယ်!”။ ဦးလေးပိုင်ဟူကျစ်ရဲ့ အကဲခတ်နိုင်စွမ်းကို စူစူလေး ယုံကြည်ပါသည်။
“ဟုတ်ပါပြီ”။ သူ့အစ်ကိုကြီး ပြန်သတိရလာနိုင်သရွေ့ ကုသပေးသည့်လူ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါ။
ထန်ထိုက်မင် ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ စူစူလေးကို လှည့်မေးလိုက်သည်။
“အခု လုကျန်းယွီက ငါ့အစ်ကိုကြီး ပြန်ဝင်စားတာဆိုတာ သိပြီးပြီဆိုတော့ သူ့ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ”
… … …
အခန်း(၉၂၂) ရိုက်ချင်တယ်ဆိုရင် ငါ့ကိုပဲရိုက်
“မစဉ်းစားရသေးဘူး။ သူနေကောင်းလာတဲ့အချိန်ထိစောင့်ပြီးမှ ရိုက်ချင်တာ။ ဒါပေမယ့် သူက အတိတ်အကြောင်း ဘာမှ မမှတ်မိဘူးဆိုတော့ မတရားဘူးလေ။ ပြီးတော့ ကိုကြီးက အရမ်းသဘောကောင်းပြီး နတ်ယုတ်မာကြီးနဲ့ တခြားစီပဲ”
ထိုမေးခွန်းနဲ့ပတ်သတ်ပြီး စူစူလေးရင်ထဲမှာ ပြတ်ပြတ်သားသား အဖြေမရှိပါ။
သူမ အလွန် ဝေခွဲရခက်နေသည်။ ကိုကြီးနဲ့ နတ်ယုတ်မာကြီးတို့ အသွင်ပြောင်းနေသည့် အိပ်မက်တွေကိုတောင် မက်နေပါပြီ။
“ဒီလိုဆိုရင်ကော သူ့ကို မရိုက်နဲ့တော့။ သူ့ကိုယ်စား ငါအပြစ်ဒဏ်ခံပေးမယ်”။ ထန်ထိုက်မင် ပြောလိုက်သည်။
သူ့အစ်ကိုကြီးကို သူမမုန်းတီးတော့ပါ။ ထို့အပြင် သူ့ကို အကြွေးဆပ်စရာတွေလည်း ရှိနေသေးသည်။ ထို့ကြောင့် ဒီနတ်သားရဲမလေးသာ သူ့အစ်ကိုကြီးကို တကယ်ရိုက်နှက်ဖို့ ကြံထားလျှင် သူကြားဝင်ခံပေးနိုင်ပါသည်။
“ဟုတ်ပြီ! အဲ့လို လုပ်ကြမယ်!”
ကိုကြီးကို ရိုက်ရမည်ဟု တွေးမိတိုင်း စူစူလေး ခေါင်းကိုက်ရသည်။ ထို့ကြောင့် ဆရာလူဆိုးကို ရိုက်ရမှာက ပိုလွယ်ကူပါသည်။
“သဘောတူတာ မြန်လွန်းမနေဘူးလား။ ငါ့အစ်ကိုကြီးကို ရိုက်ဖို့ကျတော့ တွန့်ဆုတ်နေပြီး ငါ့ကို ရိုက်ဖို့ကျတော့ နည်းနည်းလေးမှ မတွန့်ဆုတ်ဘူးလား”
သူက စူစူလေးရဲ့ ဆရာဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား။
ဒီလောက် ပင်ပင်ပန်းပန်း သင်ကြားပေးခဲ့ရတဲ့ မျက်နှာကို မထောက်တော့ဘူးလား။
“နင်က ဆရာလူဆိုးလေ။ သူများတွေကို အနိုင်ကျင့်တဲ့လူ! အဲ့တာကြောင့် အရိုက်ခံသင့်တယ်!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
အခြေအနေတွေကို ကောင်းကောင်း နားမလည်ဘဲ သူ့အစ်ကိုကြီးကို မုန်းတီးခဲ့မိတာ သူ့အပြစ်ပဲ ဖြစ်သည်။ နှစ်ပေါင်း ၃၀၀ ကျော်ကို အလကား ကုန်ဆုံးစေခဲ့ရုံသာမကဘဲ သူ့အစ်ကိုကြီးနဲ့ ထန်းလျန်တို့ကိုလည်း နှိပ်စက်မိခဲ့ပါသေးသည်။
--- --- ---
ရှောက်ကျင်းယန်တို့ ပြန်နိုးလာသောအခါ မနက်တောင် မိုးလင်းနေပါပြီ။ သူတို့ ဖမ်းဆီးထားခဲ့သည့် ထန်ထိုက်မင်၏ လက်အောက်ငယ်သားတွေအားလုံးလည်း ပျောက်ကွယ်သွားကြလေပြီ။
မနက်မိုးလင်းတာနဲ့ ထိုလူတွေကို ရဲစခန်းပို့ဖို့ ရှောက်ကျင်းယန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ရန်သူက သူတို့မျက်စိရှေ့တည့်တည့်မှာပင် သူ့လူတွေကို လာကယ်ဆယ်သွားခဲ့သည်။
ဒီတစ်ခေါက် ရန်သူက ပိုမိုစေ့စပ်စွာ လှုပ်ရှားခဲ့သဖြင့် ဘာသဲလွန်စမှလည်း မကျန်ခဲ့ပါ။ ရှောက်ကျင်းယန်တို့အဖွဲ့ နောက်တစ်ဖန် လမ်းပျောက်သွားခဲ့ရပြန်တော့သည်။
အစက ပြန်စုံစမ်းဖို့ သူတို့ ကြိုးစားကြသည်။
ဆရာကြီးရှုယီက ရှောက်ကျင်းယန်ကို လက်လျှော့လိုက်ဖို့ အကြံပေးပါသည်။ “ကောင်လေး၊ အာရုံနောက်ခံမနေနဲ့တော့။ ဒီကိစ္စကို မေ့ထားလိုက်တော့။ စူစူလေးလည်း ဘေးကင်းနေပြီ မဟုတ်လား။ ဘာမှစိတ်ပူစရာ မလိုတော့ဘူး”
“ဆရာကြီးရှုယီ သိထားတာ တစ်ခုခုရှိလို့လား”။ ဆရာကြီးရှုယီ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ရှောက်ကျင်းယန် ခံစားမိသည်။
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြလို့ မဖြစ်ဘူး”။ ဆရာကြီးရှုယီလည်း စူစူလေးရဲ့ ဆရာလိုပဲ ပဟေဠိ ဆန်တတ်လာပါသည်။
“ဆရာကြီးရှုယီက ဘယ်လိုပဲပြောပြော အကြောင်းပြချက် မခိုင်လုံဘဲ ကျွန်တော် လက်လျှော့မှာ မဟုတ်ဘူး”။ ရှောက်ကျင်းယန် အရှုံးပေးမှာ မဟုတ်ပါ။
ဆရာကြီးရှုယီလည်း ဘာမှ ထပ်မပြောခဲ့တော့ပေ။
--- --- ---
၂ ရက်ခန့် ကြာပြီးနောက် စူစူလေး မူကြိုပြန်တက်ခဲ့သည်။
စာသင်ခန်းထဲမှာ ချင်းလောင်ယွင်က စူစူလေးနားကပ်ပြီး မေးလိုက်ပါသည်။ “ဒေါ်လေး ဆရာမင် ကျောင်းမလာတော့ဘူးလို့ ပြောနေကြတယ်။ အဲ့တာ အမှန်ပဲလား”
“အင်း သူ မလာတော့ဘူး”
ထန်ထိုက်မင်က ပေကျင်းမြို့ကို ပြန်တော့မည်ဟု စူစူလေးကို ပြောသွားသည်။ ကိုကြီး နေပြန်ကောင်းမှ သူပြန်လာချင် ပြန်လာပါလိမ့်မည်။
“ဟင် ဝမ်းနည်းစရာကြီး”။ ချင်းလောင်ယွင် စိတ်ပျက်အားလျော့သွားသည်။ ဆရာမင်ကို သူမ သဘောကျပါသည်။
ကျိုးဟောက်လည်း ဝင်ပြောလိုက်သည်။ “အဲ့ ချူးယန်ရှီလည်း ကျောင်းမလာဘူးနော်”
“အဲ့တာတော့ ငါလည်းမသိဘူး”။ ချူးယန်ရှီ၏ အခြေအနေကို စူစူလေး ကောင်းကောင်း မသိပါ။
ထိုနေ့က တောင်ပိုင်းပင်လယ်ပြင်မှာ ဆုံပြီးနောက်ပိုင်း ချူးယန်ရှီကို စူစူလေး ထပ်မတွေ့ခဲ့ရပါ။
“ဟောက်ဟောက် အဲ့စိတ်ရှုပ်စရာ ချူးယန်ရှီကို မေ့ထားစမ်းပါ။ သူမလာလေ ပိုကောင်းလေပဲ!”။ ချူးယန်ရှီဟူသည့် အသံကိုကြားလျှင် ချင်းလောင်ယွင် အလွန်စိတ်တိုပါသည်။
“အဲ့တာဆို မပြောတော့ဘူး မပြောတော့ဘူး”။ ကျိုးဟောက် အမြန်နာခံလိုက်ပါသည်။ လောင်ယွင်က မပြောစေချင်လျှင် သူလုံးဝ မပြောပါ။
“ဒီနေ့ ငါတို့ ကြည့်စရာပွဲတစ်ခုရှိတယ်လို့လည်း ကြားတယ်နော်”။ ကျိုးဟောက် စကားလမ်းကြောက် လွှဲလိုက်သည်။
… … …
အခန်း(၉၂၃) ဆယ်လီတူလေးရဲ့ ဖျော်ဖြေမှု
“ဘာပွဲလဲ”။ ချင်းလောင်ယွင် အမြန်မေးလိုက်သည်။
“မသိဘူး ဒါမယ့် သီချင်းဆိုတာတွေ ကတာတွေ ပါမယ့် ပွဲထင်တယ်။ နာမည်ကြီး ဆယ်လီတစ်ယောက်လည်း လာမယ်လို့ ကြားတယ်!”
“ဟောက်ဟောက် နင်အဲ့တာတွေ ဘယ်က ကြားလာတာလဲ”
ချင်းလောင်ယွင် တကယ်သိချင်ပါသည်။ အားလုံးက တစ်ကျောင်းတည်း တက်တာချင်းအတူတူ ကျိုးဟောက် ဘာကြောင့် အရမ်းသိနေတာလဲ သူမ နားမလည်ပါ။
“ငါက ပါးနပ်တာကိုး! ဟီးဟီး”။ ကျိုးဟောက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
စူစူလေးဘက်သို့လှည့်ကာ ချင်းလောင်ယွင် မေးလိုက်ပါသည်။ “ဒေါ်လေး သမီးတို့ ပွဲကြည့်ရတော့မယ်!”
“အွန်း…”။ စူစူလေးကတော့ စိတ်သိပ်မပါပေ။
နေ့လယ်ခင်း အားလပ်ချိန်ရောက်သောအခါ တကယ်ပဲ ပွဲတစ်ခုရှိကြောင်း ဆရာမကျူး ကြေညာခဲ့သည်။
“ကလေးတို့ကို သတင်းကောင်းပြောစရာရှိတယ်။ ဒီ ဂီတအခန်းထဲမှာ ဆရာမတို့အတွက် နာမည်ကြီး အနုပညာရှင်တစ်ယောက်က သီချင်းဆိုနည်းလာသင်ပေးမှာတဲ့။ ပျော်ကြရဲ့လား”
“ပျော်ပါတယ်~”
ကလေးတွေအားလုံး စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြသည်။
“အဲ့တာဆို အစ်ကိုကြီး ချင်းယုကျိုးကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင်!”
ဆရာမကျူးက ဦးဆောင်လက်ခုပ်တီးပေးလိုက်ပြီး တံခါးကို စိုက်ကြည့်နေပါသည်။ သူမ မျက်လုံးထဲမှာ အသဲပုံတွေတောင် ပေါ်နေသလားဟု ထင်ရသည်။
ဟမ်…
ချင်းယုကျိုး ဟုတ်လား
ဆယ်လီတူလေးလား!
စူစူလေး ချက်ချင်း စိတ်ဝင်စားသွားသည်။ အားလုံးလိုပဲ သူမလည်း စာသင်ခန်းတံခါးကို လှမ်းကြည့်လိုက်ပါသည်။
တံခါးပွင့်လာပြီး စာသင်ခန်းထဲဝင်လာသည့်လူက တကယ်ပဲ စူစူလေးရဲ့ ဆယ်လီတူလေး ဖြစ်နေပါသည်။
ချင်းယုကျိုးက အနက်ရောင် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး အလွန်စမတ်ကျနေကာ ချောလည်း ချောနေပါသည်။
စူစူလေးကြည့်နေမှန်း သတိထားမိသဖြင့် ချင်းယုကျိုး လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်ပါသည်။ “တွေ့ရတာ ဝမ်းသာပါတယ် ကလေးတို့။ ကိုကြီးနာမည်က ချင်းယုကျိုးပါ။ ကလေးတို့အတွက် ဖျော်ဖြေပေးဖို့ လာခဲ့တာ”
“တွေ့ရတာဝမ်းသာပါတယ် ကိုကြီးချင်းယုကျိုး!”
ကလေးတွေအားလုံး ပြိုင်တူ အော်လိုက်ကြသည်။ သူတို့ရဲ့ အသံသေးသေးလေးများက အလွန်ချစ်ဖို့ကောင်းပါသည်။
စူစူလေးတစ်ယောက်တည်းသာ လိုက်မအော်ခြင်းဖြစ်သည်။
ချင်းယုကျိုးကို သူမ မယုံသင်္ကာကြည့်နေပါသည်။
ဆယ်လီတူလေးက ဘာလာလုပ်တာလဲ။
ချင်းယုကျိုးလည်း အပြုံးကျယ်ကျယ်ပြုံးကာ စူစူလေးကို ကြည့်နေပါသည်။
တခြားရည်ရွယ်ချက် ကြီးကြီးမားမားတော့ မရှိပေ။ ခုတလော ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကြောင့် သူ့ဒေါ်လေး စိတ်ညစ်နေမည်စိုးသဖြင့် ပျော်ရွှင်အောင် လာဖန်တီးပေးခြင်း ဖြစ်သည်။
သူ့အစ်ကိုကြီး ယုချဲလို ဟင်းချက်လည်း မတော်သဖြင့် စူစူလေးကို အစားအသောက်ဖြင့် ပျော်အောင် လုပ်မပေးနိုင်ပါ။ ထို့ကြောင့် သေချာစဉ်းစားပြီးနောက် သူလုပ်တတ်သည့်အရာနဲ့သာ စူစူလေးကို ပျော်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သီချင်းဆိုပြဖို့ ဖြစ်ပါသည်။
တကယ်တော့ ချင်းယုကျိုးတစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ပါ။ ရှက်ကိုးရှက်ကန်းဖြင့် လိုက်လာသည့် ချင်းယုမူလည်း အခန်းအပြင်မှာ ရပ်စောင့်နေပါသည်။
သူလိုက်လာခဲ့သော်လည်း စူစူလေး မြင်နိုင်သည့် စာသင်ခန်းထဲ မဝင်ရဲဘဲ စာသင်ခန်းအပြင်ဘက်မှာသာ ချင်းယုကျိုးရဲ့ မန်နေဂျာနဲ့အတူတူ ရပ်စောင့်နေပါသည်။
သို့သော် စူစူလေးရဲ့ အာရုံတွေ ဘယ်လောက်ထက်မြက်သလဲဆိုတာ ချင်းယုမူ မသိပါ။ သူအခန်းအပြင်မှာ ပုန်းနေရင်တောင် စူစူလေးက အာရုံခံမိပြီးသား ဖြစ်သည်။
စူစူလေး ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ မူမူလေးလည်း ဆယ်လီတူလေး သီချင်းဆိုတာကို နားထောင်ဖို့ လာခဲ့တာ ဖြစ်နိုင်သည်။
စူစူလေးနဲ့ ကလေးများရဲ့ စောင့်ကြည့်မှုအောက်တွင် ချင်းယုကျိုး စန္ဒရားမှာ နေရာယူလိုက်ပါသည်။ သူ့လက်ချောင်း သွယ်သွယ်လေးများဖြင့် စန္ဒရားကို စတင်တီးလိုက်ပြီး သာယာငြိမ့်ညောင်းပြီး လှပသော သံစဉ်လေးများ ထွက်ပေါ်လာစေသည်။
တစ်ချိန်တည်းမှာပင် ရှင်းလင်းပြတ်သားသော အသံဖြင့် သီချင်းတစ်ပုဒ်ကို စတင် သီဆိုလေသည်။ ဘေးမှာ ရပ်ကြည့်နေကြသည့် ဆရာမတွေအားလုံး ရင်ခုန်ကာ စိတ်ထဲမှ အသည်းအသန် အားပေးနေကြပါသည်။
ကလေးတွေရှေ့မှာ ဆရာမသိက္ခာထိန်းရမှာကြောင့်သာ မဟုတ်လျှင် ချက်ချင်း ဖန်ဂဲလ်လေးတွေ ဖြစ်သွားနိုင်သည်။
သီချင်း ပြီးဆုံးသွားသောအခါ ကလေးတွေအားလုံး ချင်းယုကျိုးကို လက်ခုပ်တီးလျက် အားပေးလိုက်ပါသည်။
ချင်းယုကျိုး၏ ပထမဆုံး တုန့်ပြန်မှုက စူစူလေးကို လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ စူစူလေးလည်း သူ့ကို လက်ခုပ်တီးပြီး အားပေးနေမှန်း မြင်သောအခါ ချက်ချင်း ပြုံးသွားမိပါသည်။
ထိုစဉ် ချင်းလောင်ယွင်က ရုတ်တရက် အော်ပြောလိုက်၏။ “အဲ့တာ ဒေါ်လေးစူစူရဲ့ တူလေးလေ! သူလည်း ငါ့လိုပဲ စူစူလေးကို ဒေါ်လေးစူစူလို့ ခေါ်တာ!”
“ဝါးးး-“
ကလေးတွေအားလုံး စူစူလေးကို လှည့်ကြည့်လိုက်ကြသည်။
“စူစူလေး သီချင်းဆိုတာ အရမ်းတော်တဲ့ ဒီအစ်ကိုကြီးက နင့်တူလေးလား”
… … …
အခန်း(၉၂၄) ချောင်းကြည့်နေတဲ့ နှာဘူးကောင်
“စူစူလေးက အရမ်းမိုက်တာပဲ! တူတွေ အများကြီးရှိတယ်!”
“ငါလည်း အဲ့လို ခပ်မိုက်မိုက် တူလေးတစ်ယောက် လိုချင်တယ်!”
“…”
ကလေးတွေအားလုံး စူစူလေးကို အားကျစွာ ကြည့်နေကြပါသည်။
သူတို့မှာ ဒီလို ထူးချွန်သည့် တူလေးတွေ မရှိကြပါ။ စူစူလေးမှာသာ ရှိသည်။
စူစူလေးကလည်း ချီးကျူးစကားတွေကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါသည်။
တစ်ခန်းလုံးမှာ သူမတစ်ယောက်တည်းပဲ ဒီလို တူလေးတွေကို ပိုင်ဆိုင်ထားတာ ဟဲဟဲ!
ကလေးတစ်ယောက်က ချင်းယုကျိုးကို လှမ်းပြောလိုက်သည်။
“စူစူလေးရဲ့ တူလေး။ သားတို့က စူစူလေးရဲ့ အတန်းဖော်တွေဆိုတော့ အစ်ကိုကြီးကလည်း သားတို့ရဲ့ တူလေးပဲပေါ့ ဟုတ်တယ်မလား”
“စူစူလေးရဲ့ တူလေးက သမီးတို့ကို ဒေါ်လေးတို့၊ ဦးလေးတို့ ခေါ်ရမှာမလား”
စူစူလေးရဲ့တူလေး သီချင်းဆိုတာ တော်လိုက်တာ။ နောက်တစ်ပုဒ် ထပ်ဆိုပြ!”
“…”
ချင်းယုကျိုးကို အစ်ကိုကြီးဟု ခေါ်ဆိုနေရာမှ ယခုတော့ စူစူလေးရဲ့တူလေးဟုသာ ခေါ်ဆိုကြတော့သည်။
ချင်းယုကျိုး နှုတ်ခမ်းများ တွန့်သွား၏။
ဒီသောက်ကလေးတွေကတော့ အခွင့်အရေးသမားလေးတွေပါလား!
သို့သော်လည်း ကလေးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီး အားလုံးအတွက် သီချင်းနောက်တစ်ပုဒ် ထပ်ဆိုပေးခဲ့ပါသည်။
နောက်ထပ် သီချင်းတစ်ပုဒ်ကြောင့် ကလေးတွေ ပိုမိုပျော်ရွှင်သွားကြပြီး စည်းချက်နဲ့အညီ လက်ခုပ်တီးကာ အားပေးကြသည်။
သီချင်းပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက် ကလေးတွေ ထပ်အော်ကြလေသည်။
“နောက်တစ်ပုဒ်! နောက်တစ်ပုဒ်!”
“စူစူလေးရဲ့တူလေး ထပ်ဆိုပြပါ!”
“စူစူလေးရဲ့တူလေးက တော်လိုက်တာ! သီချင်းနားထောင်ချင်သေးတယ်!”
“…”
ကလေးတွေအားလုံး ကျေနပ်သွားအောင် ချင်းယုကျိုး နောက်တစ်ပုဒ် ထပ်ဆိုပြလိုက်ပါသည်။
သီချင်း ၅ ပုဒ်လောက် ဆိုပြီးမှ ကလေးတွေ တောင်းဆိုတာ ရပ်တန့်သွားကြသည်။
ဖျော်ဖြေပွဲတွေမှာတောင် ချင်းယုကျိုး သီချင်း ၅ ပုဒ်ကို မရပ်မနား မဆိုဖူးပေ။
ဆရာမတွေက အပျော်ဆုံးဖြစ်သည်။ VVIP တွေလို ဖျော်ဖြေပွဲတစ်ခုကို အနီးကပ် အခမဲ့ ကြည့်ရှုခွင့်ရသွားကြပါသည်။
“ဆယ်လီတူလေးက တော်လိုက်တာ!”။ စူစူလေး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ချင်းယုကျိုးကို ချီးကျူးလိုက်ပါသည်။
“ဒါပေါ့”။ ချင်းယုကျိုး နှုတ်ခမ်းကွေးတက်သွားပြီး နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။
အခန်းအပြင်မှာတော့ ချင်းယုမူက စူပုပ်နေပါသည်။
သူ့အစ်ကိုကြီးတွေက အလွန်တော်လွန်းသည်။ တစ်ယောက်က အချက်အပြုတ် တော်ပြီး နောက်တစ်ယောက်က သီချင်းဆိုတာ တော်သည်။ စူစူလေးကို ပျော်အောင် လုပ်ပေးဖို့ ကိုယ့်နည်းလမ်းနဲ့ကိုယ်ရှိကြသည်။
သူတစ်ယောက်တည်းသာ ဘာလုပ်ပြရမှန်းမသိ ဖြစ်နေပါသည်။
စူစူလေးအတွက် စကိတ်ဘုတ်စီးပြတာလည်း အလုပ်မဖြစ်ဘူးမလား။ သူမက ဂရုမှမစိုက်တာ! ပြီးတော့ သူမကိုယ်တိုင်လည်း စကိတ်စီး တော်နေတာပဲ!
ချင်းယုမူ တွေးကြည့်လေလေ စိတ်ညစ်စရာကောင်းလေလေဖြစ်သဖြင့် လှည့်တွက်လာခဲ့တော့သည်။
ကျောင်းပြင်ပသို့ ချင်းယုမူ လျှောက်လာပြီး ကျောင်းဝန်းကြီးကို ငေးကြည့်လိုက်ရာ မူကြိုခြံတံခါးရှေ့မှာ မတ်တပ်ရပ်နေသည့် လူတစ်ယောက်ကို ချင်းယုမူ မြင်လိုက်ရသည်။
ထိုလူက နက်ပြာရောင် Suit တစ်ထည်ကို ဝတ်ဆင်ထားကာ နေကာမျက်မှန်လည်း တပ်ထားသေးသည်။ မျက်နှာကို အပြည့်အစုံ မမြင်ရသဖြင့် အသက်အရွယ်ကိုလည်း ချင်းယုမူ မခန့်မှန်းတတ်ပါ။ ပုံစံက သူ့အစ်ကိုကြီးတွေထက်တော့ အသက်ပိုကြီးမည့်ပုံစံပေါက်သည်။
ထိုလူက မူကြိုကျောင်းကို သေချာ စိုက်ကြည့်နေပါသည်။
ချင်းယုမူ ရင်ထဲ သတိကြီးသွား၏။ ဧကန္တ စူစူလေးကို ဒုက္ခပေးဖို့ ကြံစည်နေတဲ့ နောက်ထပ် လူယုတ်မာ တစ်တေယာက်လား။
ခုတလော ဒီလိုဖြစ်တာတွေ များလွန်းသဖြင့် သူသတိထားရမည်။
ထို့အပြင် ထန်ထိုက်မင်ဟူသည့် ပြန်ပေးသမားကိုလည်း မဖမ်းမိသေးပါ။ သူပြန်ရောက်လာပြီး စူစူလေးကို ဒုက္ခပေးဖို့ ကြံနေတာလည်း ဖြစ်နိုင်သည်။
ခြံတံခါးရှေ့ကလူလည်း ချင်းယုမူကို မြင်သွားပါသည်။
လူမိသွားသည့်အတွက် ကြောက်ရမည့်အစား ထိုလူက ချင်းယုမူကို ခေါင်းအစ ခြေအဆုံး သေချာ အကဲခတ်လိုက်ပြီး ပြုံးပြလိုက်ပါသည်။
ဒီလူက ဘာလား…
နှာဘူးကြီးလား…
ချင်းယုမူ မျက်နှာတင်းမာသွားပြီး အကြည့်များ စူးရှသွားသည်။
ဒီလိုမျက်နှာလုပ်ပြလိုက်လျှင် ထိုလူ အနည်းငယ် ကြောက်လန့်သွားလိမ့်မည်ဟု ချင်းယုမူထင်ထားခဲ့၏။
သို့သော် ထိုလူက ရုတ်တရက် ရယ်မောလေသည်။
သူ ဘာရယ်နေတာလဲ။
ဒီလူ နှာဘူးတစ်ယောက်ဖြစ်မည်ဟု ချင်းယုမူ ပိုယုံကြည်သွားသည်။
သာမန် လူဆိုးတစ်ယောက်ဆို လူမိတာနဲ့ ကြောက်လန့်သွားမည်ဖြစ်သည်။ နှာဘူးတစ်ယောက်ပဲ ဒီလို အတင့်ရဲစွာ ရယ်မောနေမှာ ဖြစ်သည်။
… … …
အခန်း(၉၂၅) နေကာမျက်မှန်နဲ့ လူထူးဆန်း
ခဏကြာတော့ နေကာမျက်မှန်နဲ့လူ သူ့ကားထဲ ပြန်ဝင်သွားသည်။
ကားထဲမှာ လှလှပပ အမျိုးသမီး တစ်ယောက်လည်း ထိုင်နေပါသည်။ နေကာမျက်မှန်နဲ့လူ ပြန်လာတာကို မြင်သောအခါ ထိုအမျိုးသမီးကက ပြုံးကာ မေးလိုက်သည်။ “ဘာလား ဒီတိုင်းပဲ ကြည့်ပြီး ပြန်မှာလား”
“အင်း”။ နေကာမျက်မှန်နဲ့လူ တိုးညှင်းစွာ ဖြေလိုက်သည်။
“ဒီတိုင်းကြည့်ရရင် လုံလောက်ပြီပေါ့”။ အမျိုးသမီးက ကျီစယ်သော အပြုံးဖြင့် မေးလိုက်သည်။
“အချိန်မတန်သေးဘူး”
“ရှင့်စကားနဲ့ရှင်င်ပဲနော်။ ပြီးမှ ကျွန်မကို လာငြီးမပြနဲ့!”။ ထိုအမျိုးသမီး သက်ပြင်းချလိုက်သည်။ “ဪ… တချို့လူတွေများ အသည်းမာချင်ယောင် ဆောင်ပြီး လူကွယ်ရာကျမှ ပုန်းငိုတတ်သေးတယ်”
“ဘယ်သူက ပုန်းငိုတာလဲ”။ နေကာမျက်မှန်နဲ့လူ မျက်မှောင်ကြုတ်သွားပြီး အကြည့်တွေ စူးရှသွားပါသည်။
ဒရိုင်ဘာ ခမျာ စတီယာရင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိပြီး ချွေးတွေတောင် ပြန်လာပါသည်။
အမျိုးသမီးကတော့ နည်းနည်းလေးတောင် မကြောက်ဘဲ အပြုံးဖြင့် ပြောလိုက်သည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ မငိုပါဘူး ဘယ်သူမှ မငိုပါဘူး။ အဲ့တာဆို အိမ်ပြန်ကြရအောင်လေ။ ဆက်မကြည့်တော့ဘူးမလား”
ထို့နောက် ဒရိုင်ဘာကို အမိန့်ပေးလိုက်သည်။ “ဦးလေးရှု မောင်းတော့။ မြန်မြန်ပြန်ရအောင်။ ပင်ပန်းနေပြီ”
အမျိုးသမီး၏ စကားကိုကြားသောအခါ ဒရိုင်ဘာလည်း ကားစက်ကို ချက်ချင်းနှိုးကာ မောင်းထွက်သွားလေတော့သည်။
ကားကို မမြင်ရတော့သော်လည်း ချင်းယုမူ မျက်မှောင်ကြုတ်လျက် အလွန်သတိကြီးနေဆဲဖြစ်သည်။
ဘေးကင်းဖို့အတွက် အိမ်ပြန်ရောက်ရင် သူ့အစ်ကိုတွေကို ပြောပြရမယ်!
ချင်းယုမူ ကျောင်းထဲ ပြန်မဝင်ခဲ့ပါ။ အပြင်မှာပဲ ချင်းယုကျိုးကို စောင့်နေလိုက်သည်။
ချင်းယုကျိုး ကျောင်းထဲမှာ ဖျော်ဖြေပြီးနောက် သူ့မန်နေဂျာနဲ့အတူတူ ပြန်ထွက်လာခဲ့သည်။ ကျောင်းအပြင်မှာ စောင့်နေသည့် ချင်းယုမူကို မြင်သောအခါ ပခုံးပုတ်လျက် ချင်းယုကျိုး မေးလိုက်ပါသည်။ “စူစူလေးကို တကယ် ဝင်မနှုတ်ဆက်တော့ဘူးလား”
“အစ်ကိုလတ် အိမ်မြန်မြန်ပြန်ကြစို့!”
ချင်းယုကျိုး၏ လက်ကို ဆွဲကာ ချင်းယုမူ အလောတကြီး ပြောလိုက်ပါသည်။
“ဘာဖြစ်လို့လဲ ညီလေးရ။ အပြင်လေးတစ်ခါထွက်ရတာ ပင်ပန်းလို့ အိမ်ပြန်ချင်နေပြီလား”။ ချင်းယုကျိုး ကြောင်စီစီ ဖြစ်သွားသည်။
“မဟုတ်ဘူး!”
“အဲ့တာဆို ဘာတွေ ဂျီကျနေတာလဲ။ မင်းပဲ စူစူလေးကို သဘောကျတယ်ဆို”
“အရေးကြီးကိစ္စတစ်ခုရှိတယ်! အိမ်ပြန်ရောက်ရင် ပြောပြမယ်!”
ချင်းယုမူ၏ မျက်နှာက အလွန်လေးနက်နေပြီး ချင်းယုကျိုး၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဆွဲခေါ်နေပါသည်။
ညီဖြစ်သူ၏ မျက်နှာကို မြင်ပြီး ပေါ့သေးသေး ကိစ္စမဖြစ်နိုင်မှန်း ချင်းယုကျိုးလည်း ရိပ်မိသွားသည်။ ထို့ကြောင့် ချင်းအိမ်တော်သို့ အမြန်ပြန်လာခဲ့ပါသည်။
ချင်းအိမ်တော်တွင် အဘိုးချင်းနဲ့ အဘွားချင်းတို့ ဧည့်ခန်းထဲမှာ ထိုင်လျက် စာရွက်စာတမ်းများ ဖတ်ရှုနေကြသည်။
ချင်းယုကျိုးတို့ ညီအစ်ကိုနှစ်ယောက် ပြန်လာတာကို မြင်ပြီး အဘွားချင်း လက်ထဲက စာရွက်စာတမ်းများကို ချလိုက်ပါသည်။ “ပြန်လာကြပြီလား။ ဘယ်လိုလဲ နင့်ကိုမြင်တော့ သမီးလေး ပျော်သွားလား”
“စူစူလေး ပျော်သွားပါတယ်။ ကျွန်တော့်ကိုတောင် ချီးကျူးလိုက်သေးတယ်”။ ချင်းယုကျိုး ပြန်ဖြေလိုက်သည်။ စူစူလေး၏ ချီးကျူးစကားကို ပြန်ကြားယောင်ပြီး ချင်းယုကျိုး စိတ်ရွှင်သွားပါသည်။
“အဘွား ကျွန်တော် အရေးကြီးကိစ္စတစ်ခု ပြောစရာရှိတယ်။ ခုနက မူကြိုရှေ့မှာ သံသယဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ကို ကျွန်တော်တွေ့ခဲ့တယ်”။ ချင်းယုမူ ချက်ချင်း တိုင်လိုက်ပါသည်။
“ဘာသံသယဖြစ်စရာလူတုန်း”
အဘိုးချင်းလည်း လက်ထဲက စာရွက်တွေကို ချလိုက်ပါသည်။ သမီးလေးရဲ့ လုံခြုံရေးနဲ့ ယှဉ်လိုက်လျှင် ဒီအလုပ်တွေက ဘာမှ မပြောပပေ။
“ဒီနေ့ မူကြိုရှေ့မှာ နေကာမျက်မှန်ကြီးတပ်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်။ အဲ့ဒီလူက မူကြိုထဲကို စိုက်ကြည့်နေတာ။ ကျွန်တော်သူ့ကို ကြည့်နေမှန်းလည်း မြင်ကော ကျွန်တော့်ကိုတောင် ပြန်ကြည့်သွားပြီး ထူးထူးဆန်းဆန်း ရယ်ပြသွားတယ်”
အရင်တုန်းကသာဆို ချင်းယုမူ မေ့ပစ်လိုက်လို့ရသော်လည်း မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် ပြန်ပေးဆွဲမှုများကြောင့် ချင်းယုမူ သတိကြီးနေရပါသည်။
“အဲ့ဒီလူ ဘယ်လိုပုံစံလဲ မှတ်မိလား”။ အဘွားချင်း အမြန်မေးလိုက်သည်။
“ကျွန်တော် ပုံဆွဲပြမယ်!”
ချင်းယုမူက ပုံတူရေးဆွဲခြင်းကို လေ့လာနေပါသည်။ အနည်းငယ်လည်း ထူးချွန်သည်။ သူ့အတွက် ဒုတိယ ဝါသနာဟု ဆိုနိုင်သည်။
“အဲ့တာဆို မြန်မြန်ဆွဲလိုက်”။ အဘွားချင်းက အိမ်စေတစ်ယောက်ကို ခေါ်လိုက်ပြီး စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်း ယူလာခိုင်းလိုက်ပါသည်။
ချင်းယုမူ စားပွဲပေါ်မှာ စာရွက်ကို ချပြီး စတင်ရေးဆွဲလေတော့သည်။
အချိန်အနည်းငယ်ကြာသောအခါ လူတစ်ယောက်၏ပုံ ထင်ထင်ရှားရှား ပေါ်လာလေသည်။
… … …