အခန်း (၉၃၁-၉၃၅)
Vol. 38 Ch. 931-935
အခန်း(၉၃၁) အတန်းဖော်အသစ်ရဲ့ မိဘတွေက အဆက်အသွယ် ခိုင်မာတယ်
“မရှိတော့ဘူး။ နင်စားလို့ မရတော့ဘူး။ ဒါမယ့် နင်စားချင်သေးရင် မနက်ဖြန်ကျမှ တူချောလေးကို အပိုတစ်ခု လုပ်ခိုင်းလိုက်မယ်”။ စူစူလေးက ပြောလိုက်သည်။
“စားမယ် စားမယ် စားမယ်! အပိုတစ်ခု ယူခဲ့”။ စူယွီယွမ် ခေါင်းအသည်းအသန်ငြိမ့်ပြလိုက်ပါသည်။ ထို့နောက် သူဆက်ပြောလိုက်၏။ “ငါ့မှာ အရုပ်တွေရှိတယ် လဲမယ်!”
“ရတယ် မလိုချင်ဘူး။ နင့်ဖာသာနင် သိမ်းထား။ ငါကိတ်မုန့်ယူလာခဲ့မယ်”။ သူမက လူကြီးဖြစ်နေပြီဖြစ်သဖြင့် အရုပ်တွေကို စိတ်မဝင်စားတော့ပါ။
“သဘောကျတယ်!”။ စူယွီယွမ် ထပ်ပြောလိုက်သည်။ ထို့နောက် သူ့လက်ဖောင်းဖောင်းလေး နှစ်ဖက်ဖြင့် စူစူလေး၏ လက်မောင်းကို ရုတ်တရက် ဖက်လိုက်ပြီး စူစူလေးပခုံးပေါ် သူ့ခေါင်းလေး မှီလိုက်သည်။
ဘေးကကြည့်ရင်း ချင်းလောင်ယွင် အလွန်သဝန်တိုသွားပါသည်။
ဒေါ်လေးစူစူရဲ့ ပခုံးပေါ် တကယ်ကြီး မှီနေတာလား!
သူမတောင် အဲ့တာမျိုး မလုပ်ဖူးသေးဘူး!
ချင်းလောင်ယွင် နှုတ်ခမ်းစူသွားလေသည်။
သူမ သဝန်တိုနေတာကို နည်းနည်းလေးတောင် ရိပ်မိပုံမရသည့် စူယွီယွမ်ကတော့ ပျော်ရွှင်နေပြီး မျက်လုံးလေးများ မှေးစင်းနေပါသည်။ စူစူလေးကို သူတကယ် သဘောကျမှန်း သိသာသည်။
--- --- ---
စူယွီယွမ်၏ အမေဖြစ်သူက ကျောင်းသားမိဘတိုင်းကို ဖိတ်စာတစ်စောင်စီ ပို့ခဲ့သည်။
စနေနေ့ နေ့လယ်မှာ ကျင်းပမည့် သူမတို့ရဲ့ အိမ်တက် ပါတီပွဲသို့ ဖိတ်ကြားခြင်း ဖြစ်ပါသည်။
ကျောင်းသားမိဘ အများစုက တက်ရောက်မည်ဟု အကြောင်းပြန်ကြသည်။
ဒီလို ပွဲမျိုးက ကျောင်းသားမိဘအချင်းချင်း ရင်းနှီးမှုရရှိဖို့ အခွင့်အလမ်းဖြစ်သည်။
လူမှုရေးအရကော စီးပွားရေးအရကော အဆက်အသွယ် တည်ဆောက်နိုင်မည့် ပွဲမျိုးဖြစ်သည်။
အမှန်ပင်။ တချို့ မိဘတွေကတော့ ရိုးရိုးရှင်းရှင်း စိတ်နဲ့သာ တက်ရောက်ကြမှာဖြစ်သည်။ ကလေးတွေအချင်းချင်း သံယောဇဉ်ခိုင်မာလာအောင် ဖန်တီးပေးခြင်းလို့ ဖြစ်ပါသည်။
ကျောင်းသားမိဘ Group ထဲတွင် ရှိနေသည့် အဘွားချင်းလည်း မက်ဆေ့တွေကို မြင်ကာ စူစူလေးအား မေးလိုက်သည်။ “သမီးလေး၊ စနေနေ့ကျရင် တခြားအတန်းဖော်တွေနဲ့အတူတူ သမီးအတန်းဖော် အသစ်လေးရဲ့ အိမ်ကို သွားကြမလား”
ယခင်တုန်းက တခြားအတန်းဖော်တွေလည်း စူစူလေးကို မွေးနေ့ပွဲ ဖိတ်ကြားဖူးသည်။ သို့သော်လည်း ထိုအချိန်တုန်းက စူစူလေး ပိုသန်မာလာဖို့သာ အာရုံများနေသဖြင့် မသွားခဲ့ပါ။
စူစူလေး ခေတ္တစဉ်းစားလိုက်သည်။ “လောင်ယွင်နဲ့ အတူသွားမယ်!”
လောင်ယွင်၏ အမေက အလုပ်များနေသဖြင့် သူ့သမီးကို လိုက်ပို့အားမှာ မဟုတ်ပါ။ ထို့ကြောင့် သူမ ခေါ်သွားပေးရမည်။
“ဟုတ်ပြီ။ လောင်ယွင်ကို လိုက်ပို့ဖို့ အချိန်ရှိလားလို့ သူ့အမေကို မေးကြည့်လိုက်မယ်နော်”
ထို့နောက် အဘွားချင်းက ကျန်းဝမ်ဝမ်ဆီ မက်ဆေ့ပို့ကာ မေးမြန်းခဲ့ပါသည်။
ကျန်းဝမ်ဝမ် အလုပ်များနေသော်လည်း အတန်းဖော်တွေနဲ့ ရင်းနှီးခွင့်ရမည့် ပါတီပွဲအား သူမသမီးလေးကို သွားစေချင်သည်။ ထို့ကြောင့် အဘွားချင်းကိုပဲ လိုက်ပို့ပေးဖို့ အကူအညီတောင်းရတော့သည်။
အဘွားချင်းကလည်း သဘောတူပါသည်။
ထို့နောက် ရှောက်ကျင်းယန်ကို အဘွားချင်း ဆက်သွယ်ခဲ့သည်။
အတန်းဖော်အသစ်လေး၏ မိသားစုအကြောင်းကို ရှောက်ကျင်းယန်အား လိုရမယ်ရ စုံစမ်းခိုင်းခဲ့သည်။
တကယ်တော့ အဘွားချင်း ခိုင်းစရာပင် မလိုဘဲ ရှောက်ကျင်းယန် စုံစမ်းနေပါပြီ။ ခုတလော စူစူလေးနား ရောက်လာသည့် လူတိုင်းကို ရှောက်ကျင်းယန် သေချာ စောင့်ကြည့်နေခဲ့သည်။
တစ်ချိန်တုန်းက ထန်ထိုက်မင်၏ လှည့်စားမှုကို သူခံခဲ့ရပြီးပြီဖြစ်သည်။ နောက်တစ်ခါ ထပ်မဖြစ်စေရပါ။
ထို့ကြောင့် ရှောက်ကျင်းယန် သူ့အဖွဲ့ဝင်တွေကို ဆင့်ခေါ်လိုက်ပြီး အတန်းဖော်အသစ်လေး၏ မိဘတွေအကြောင်း စုံစမ်းခဲ့သည်။
သို့သော်လည်း ရလဒ်များများစားစားတော့ မရခဲ့ကြပေ။
တစ်ဖက်လူက အမေရိကမှ ပြန်လာတာ မကြာသေးသည့် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ဖြစ်ပြီး ဒီနိုင်ငံမှာ စစ်တပ်နောက်ခံရှိသည်ဟုသာ သိခဲ့ရသည်။ ကျန်တာကိုတော့ ရှောက်ကျင်းယန်တို့ စုံစမ်းမရခဲ့ပါ။
ဒါသံသယဖြစ်စရာ ကောင်းလွန်းသည်။
ရှောက်ကျင်းယန်က စုံစမ်းမှုရလဒ်များကို အဘ်ိုးချင်းနဲ့ အဘွားချင်းတို့ထံ တင်ပြပေးခဲ့သည်။ ထို့နောက် အဘိုးချင်းတို့ လင်မယားကိုယ်စား စူစူလေးကို ပါတီပွဲသို့ လိုက်ပို့ပေးချင်သည်ဟု ရှောက်ကျင်းယန် တောင်းဆိုခဲ့ပါသည်။
အဘွားချင်းကလည်း သဘောတူခဲ့ပါသည်။
“ဒါဆို စူစူလေးကို စိတ်ချမယ်နော်”
ဒီလိုကိစ္စမှာ သူမတို့လင်မယားထက် ရှောက်ကျင်းယန်က ပိုစိတ်ချရမှန်း အဘွားချင်း သိပါသည်။
ခေါင်းဆောင်ရှောက် လူမျိုးကတောင် စူစူလေးကို ဘေးကင်းအောင် မကာကွယ်နိုင်လျှင် စူစူလေးကို အိမ်မှာပဲ ဖွက်ထားလည်း ဘာမှ ထူးမှာ မဟုတ်တော့ပါ။
… … …
အခန်း(၉၃၂) စူယွီယွမ်ရဲ့ တက်ကြွသော အမေ
စနေနေ့မှာ စူစူလေး မသင်္ကာစရာကောင်းသည့် ပါတီပွဲတစ်ခု တက်ရောက်မည်ဟု ကြားသောအခါ ဒဏ်ရာတွေ သိပ်မသက်သာသေးသည့် ဟဲပေမူလည်း ဒီတိုင်း မနေနိုင်ပါ။
ကုတင်ပေါ်မှ ထဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်သည်။
“မြောင်!”
ဟူကျစ် အော်လိုက်ပြီး ဟဲပေမူ၏ ရင်ဘတ်ပေါ် ရုတ်တရက် ခုန်တက်ကာ ကုတင်ပေါ် ပြန်ဖိချလိုက်ပါသည်။
ဟဲပေမူ ငြီးသံပင် ထွက်လာသည်။ ဟူကျစ်ပေးသော ဒဏ်ရာက ယခင်ဒဏ်ရာတွေထက်ပင် ပိုနာကျင်သည်ဟု ခံစားရသည်။
“ဟူကျစ် အောက်ဆင်းစမ်း။ ငါနေပြန်ကောင်းနေပြီ။ ဒီတိုင်း အိပ်မနေနိုင်တော့ဘူး”။ ဟဲပေမူ ပြောလိုက်သည်။
“မြောင်!”။ ဟူကျစ်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါသည်။
မရဘူး! သခင်က မင်းကို စောင့်ကြည့်ထားဖို့ အမိန့််ပေးသွားတယ်! ငါ့တာဝန်ကို ကျေပွန်စေရမယ်!
“ဒါပေမယ့် မင်းသခင်က မနက်ဖြန် ပါတီတစ်ခု တက်ရောက်မှာနော်။ အဲ့ဒီ အိမ်ရှင်တွေကလည်း မသင်္ကာစရာ ကောင်းတယ်။ ငါက သူ့ဘော်ဒီဂတ်လေ အဲ့တာကြောင့် သူ့ကို ကာကွယ်ပေးရမှာပေါ့”။ ဟူကျစ်ကို ဟဲပေမူ ရှင်းပြလိုက်ပါသည်။
“မြောင်!”
မရဘူး! သခင်က အရမ်းသန်မာနေပြီ သူဘာမှ မဖြစ်နိုင်ဘူး!
ဟူကျစ်၏ စိတ်ထဲမှာတော့ သူ့သခင်က ဒီဘော်ဒီဂတ်ငတုံးကောင်ထက် အများကြီး ပိုစွမ်းသည်။
“မင်းသခင်က ငယ်သေးတယ်။ သူများ လှည့်စားနေရင်တောင် နားလည်မှာ မဟုတ်ဘူး။ ငါသူ့ဘေးမှာ ရှိနေရင် အနည်းဆုံးတော့ မကောင်းကြံစည်တဲ့လူတွေလက်ထဲကနေ ကာကွယ်ပေးနိုင်ယ်လေ”။ ဟဲပေမူ ရှင်းပြလိုက်သည်။
“မြောင်!”။
ကောင်းကောင်း အနားယူပြီးမှ သွားခွင့်ရှိမယ်!
“ငါနေကောင်းနေပြီလို့!”။ ဟဲပေမူကလည်း ထပ်ပြောလိုက်ပါသည်။
သူတကယ် ရာနှုန်းပြည့် ပြန်ကောင်းခါနီးနေပါပြီ။ ဒီခန္ဓာကိုယ်ရဲ့ ကုသနိုင်စွမ်းက ဘာလို့ဒီလောက် ကောင်းနေမှန်း သူနားမလည်ပါ။ တခြားသူတွေ ၂ လလောက် အချိန်ယူရမည့် ဒဏ်ရာတွေက သူ့အတွက်တော့ တစ်ပတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
အနာဖေးတွေလည်း ကွာကျသွားပြီဖြစ်သဖြင့် သူ့တာဝန်ကို ပြန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။
“မြောင်!”
မင်းနေမကောင်းသေးဘူး!
ဟူကျစ်က ရှင်းပြတာကို နားမထောင်ဘဲ သူ့ကို နေမကောင်းသေးဘူးဟု ပြောနေသည်။
“ငါပြောတာ မယုံရင် စစ်ကြည့်လိုက်။ ငါ့ဒဏ်ရာတွေ ပျောက်နေပြီ”
ဟဲပေမူက အင်္ကျီကို မ,ပြလိုက်သည်။
“မြောင်!”
မကြည့်ချင်ဘူး! နေမကောင်းဘူးဆို မကောင်းဘူးပဲ!
ဟူကျစ်၏ ဆုံးဖြတ်ချက်က ခိုင်မာပြတ်သားပါသည်။
ဟဲပေမူ သက်ပြင်းချလိုက်ပြီး ကုတင်ပေါ်မှာသာ ပြန်လှဲအိပ်နေလိုက်ပါသည်။
“ပြီးတာပဲ ငါအရှုံးပေးတယ် မသွားတော့ဘူး…”
“မြောင်!”
ဒီလိုမှပေါ့ လိမ္မာတယ်!
ဟဲပေမူ၏ ရင်ဘတ်ပေါ်မှ ဟူကျစ်ခုန်ဆင်းလိုက်ပြီး ဆုချသည့်အနေဖြင့် သူ့ပါးကိုလည်း လျက်ပေးလိုက်ပါသည်။
ဟဲပေမူ ဆွံ့အသွားပြီး ပြူတင်းပေါက်အပြင်ဘက်ကို ရီဝေစွာ ငေးကြည့်လိုက်ပါသည်။
အသေကောင်လို လှဲလျောင်းနေရတဲ့ နေ့တွေ ဘယ်တော့မှ အဆုံးသတ်မှာလဲ…
--- --- ---
တစ်ဖက်မှာတော့ စူယွီယွမ်တို့ အိမ်တက် ပါတီပွဲကို ရှောက်ကျင်းယန်၊ ချင်းယုကျီးတို့နဲ့အတူ စူစူလေး သွားခဲ့ပါသည်။
စူယွီယွမ်ရဲ့ မိဘတွေ ဝယ်ယူထားသည့် ဗီလာက စူစူလေးတို့အိမ်နဲ့ သိပ်မဝေးဘဲ ငါးမိနစ်သာ လမ်းလျှောက်ရပါသည်။
ခြံရှေ့မှာ အိမ်စေတစ်ယောက်က စူစူလေးနဲ့ ဘော်ဒီဂတ်နှစ်ယောက်ဖြစ်သော ရှောက်ကျင်းယန်၊ ချင်းယုကျီးတို့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပြီး ဗီလာထဲ ခေါ်လာခဲ့ပါသည်။
ဗီလာထဲ စူစူလေး ရောက်လာသောအခါ ကလေးတချို့နဲ့ ကျောင်းသားမိဘတချို့က ကြိုရောက်နေကြပါပြီ။
ထိုစဉ် သူဌေးပီပီ ကြော့ကြော့မော့မော့ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က စူစူလေးဆီ လျှောက်လာသည်။ ထို့နောက် စူစူလေးကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။
“သမီးက စူစူလေး မဟုတ်လား။ စူယွီယွမ်လေးကို ကိတ်မုန့်ကျွေးခဲ့တဲ့ စူစူလေး မလား။ ကျေးဇူးအများကြီး တင်ပါတယ်! ဒေါ်လေးတို့ရဲ့ ယွီယွမ်လေးက ဒီကိုရောက်တာ မကြာသေးတော့ သူငယ်ချင်း အများကြီး မရှိဘူး။ စူစူလေးလို သူငယ်ချင်းကောင်း ရလိုက်တာ သူကံကောင်းတာပဲ!”
“စူစူလေးက လှလိုက်တာ ဒီနေ့ ဝတ်လာတာလေးလည်း လှတယ်! ဝါး… စနိကာလေးတွေကလည်း မီးလင်းတယ်နော်။ အရမ်းမိုက်တာပဲ! နောက်မှ ယွီယွမ်လေးကိုလည်း အဲ့လို စနိကာလေးတွေ ဝယ်ပေးရမယ်! ပြီးတော့ ကျစ်ဆံမြီးလေးကလည်း ချစ်ဖို့ကောင်းလိုက်တာ။ စူစူလေးရဲ့ မေမေ ကျစ်ပေးလိုက်တာလား။ အရမ်းလှတာပဲ”
ထိုအမျိုးသမီးက အလွန်တက်ကြွစွာဖြင့် စူစူလေးကို ချီးကျူးလိုက်ပါသည်။
ပြောပြောဆိုဆိုနဲ့ စူစူလေးကို ဖက်ဖို့ ထိုအမျိုးသမီး လက်လှမ်းလိုက်သည်။
… … …
အခန်း(၉၃၃) ကလေးတွေရဲ့ အချိုပွဲအိမ်
ရှောက်ကျင်းယန် ရှေ့ထွက်လာပြီး ထိုအမျိုးသမီးရှေ့မှာ မသိမသာ ပိတ်ရပ်လိုက်ပါသည်။
တစ်ချိန်တည်းမှာပဲ ချင်းယုကျီးက စူစူလေးကိုယ်စား ရှင်းပြလိုက်သည်။ “စိတ်မရှိပါနဲ့ သခင်မစူ၊ စူစူလေးကို တခြား ကလေးတွေနဲ့ အရင်ကစားစေချင်လို့ပါ”
အမျိုးသမီးက စိတ်မဆိုးဘဲ အပြုံးလည်း မပျက်ပါ။ “ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ယွီယွမ်လေးက စောင့်နေတာ ကြာပြီ။ သူကိတ်မုန့်တွေ အများကြီး စီစဉ်ပေးထားတယ်။ စူစူလေးကို ကျွေးဖို့တဲ့။ ဟောက်ဟောက်နဲ့ လောင်ယွင်လေးတို့လည်း ရောက်နေကြပြီ”။
ထို့နောက် စူစူလေး၊ ချင်းယုကျီးနဲ့ ရှောက်ကျင်းယန်တို့ကို အထူးစီစဉ်ထားသော အချိုပွဲအိမ်လေးထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်းထဲ ဝင်လိုက်တာနဲ့တစ်ပြိုင်နက် နတ်သမီးပုံပြင်ထဲ ရောက်သွားသလို အားလုံး ခံစားလိုက်ရလေသည်။
ဘယ်နေရာကိုကြည့်ကြည့် အရောင်တွေ တောက်ပနေပြီး အလွန်လှပသည့် ကာတွန်းရုပ်လေးများလည်း ရှိကာ အရသာရှိမည့်ပုံပေါ်သည့် အချိုမုန့်လေးတွေလည်း အများကြီး တည်ခင်းထားပါသည်။
SpongeBob ရဲ့ Pineapple အိမ်လေးနဲ့ သက်ဝင်နေသော Peppa Pig အရုပ်ကလေးများလည်း ရှိသည်။
စားပွဲပေါ်မှာ ကာတွန်းဇာတ်ကောင်ပုံဖော်ထားသည့် ကိတ်မုန့်လေးများ တင်ထားသည်။
စူစူလေး သဘောကျသည့် SpongeBob နဲ့ Peppa Pig တို့ ရှိသလို Ultraman နဲ့ Transformers တွေလည်း ရှိပါသည်။
စူစူလေး စားပွဲဆီ လျှောက်သွားပြီး ချစ်စရာကောင်းသည့် ဝက်ရုပ်လေးကို လက်ညှိုးဖြင့် ထိုးကြည့်လိုက်သည်။ အားလုံးက အချိုမုန့်တွေသာ ဖြစ်ပါသည်။
ချင်းလောင်ယွင်က စူစူလေးထံ ခပ်သုတ်သုတ် ပြေးလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။ “ဒေါ်လေးစူစူ! ဒီအခန်း တစ်ခန်းလုံးကို မုန့်နဲ့ လုပ်ထားတာ! အဲ့ဒီ SpongeBob အိမ်လေးကလည်း ကိတ်မုန့်ပဲ။ ဟိုသစ်ပင်ကြီးကလည်း ကိတ်မုန့်ပဲ! ကိတ်မုန့်တွေ အများကြီးပဲ!”
ဒီလို အချိုမုန့်များနဲ့ ပြည့်နှက်နေသည့် လှလှပပ အခန်းမျိုးကို ချင်းလောင်ယွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အပျော်လွန်နေပါသည်။
စူစူလေးရဲ့ မျက်လုံးတွေလည်း တောက်ပနေလေသည်။
ကျိုးဟောက်က ချင်းလောင်ယွင်နောက်မှ လိုက်လာပြီး ပွစိပွစိ ပြောလိုက်ပါသည်။ “စူယွီယွမ်တို့ မိသားစုမှာ ဘာကိတ်မုန့်မှ မရှိဘူးလို့ ထင်ထားတာ။ ဒါပေမယ့် အများကြီးပဲ”
ကျိုးဟောက် နားမလည်နိုင်ဖြစ်နေသည်။ သူတို့အိမ်မှာ ကိတ်မုန့်တွေ အများကြီး ရှိရင် စူယွီယွမ်က စူစူလေးရဲ့ ကိတ်မုန့်ကို ဘာလို့ အငမ်းမရ စားနေခဲ့တာလဲ။
စူယွီယွမ်က ဘေးနားလေးမှာ ထိုင်နေပြီး ကိတ်မုန့်တစ်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားရပါးရ စားနေပါသည်။
ကျိုးဟောက်၏ စကားကို သူအာရုံမစိုက်အားပါ။ သူ့ဘဝမှာ အချိုတွေကို ဒီလို စိတ်ကြိုက်စားနိုင်တာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အခွင့်အရေးကို အရယူရပါမည်။
ထိုစဉ် စူးစူးရှရှ အကြည့်တစ်ခုကို ခံစားမိသဖြင့် စူးယွီယွမ် ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
အမေဖြစ်သူရဲ့ အကြည့်ကို မြင်သောအခါ စူးယွီယွမ် ကြက်သေသေသွားပါသည်။ သူ့အမေနဲ့ လက်ထဲက ကိတ်မုန့်ကို တစ်လှည့်စီ ကြည့်လိုက်ပါသည်။
နောက်ဆုံးမှာတော့ ၃ ပုံ ၁ ပုံသာ ကျန်တော့သည့် ကိတ်မုန့်ကို စူယွီယွမ် စားပွဲပေါ် တွန့်ဆုတ်စွာ ပြန်တင်ထားလိုက်ရပါသည်။
စူယွီယွမ်၏ စိတ်ပျက်သွားသော မျက်နှာကို မြင်ပြီး စူစူလေးလည်း နောက်လှည့်ကြည့်လိုက်ရာ သူမ နောက်မှာ ရပ်နေသည့် စူယွီယွမ်၏ အမေကို မြင်သွားသည်။
စူယွီယွမ် မြင်ခဲ့ရတာနဲ့မတူဘဲ သူ့အမေက စူစူလေးကိုတော့ ချိုချိုသာသာ ပြုံးပြနေပါသည်။ “စူစူလေး ဘာစားချင်လဲ။ ဒေါ်လေးတစ်ခုခု ယူပေးရမလား”
“သမီးဖာသာ ယူလိုက်မယ်!”။ စူစူလေး သေချာ ရွေးချယ်ချင်ပါသည်။
ဖေဖေနဲ့ မေမေက တစ်နေ့ကို သူမ စားနိုင်သည့် အချိုမုန့် ပမာဏ ကန့်သတ်ထားသဖြင့် အရသာအရှိဆုံးတွေကိုသာ ရွေးချယ်ရပါမည်။
“အင်းပါ အင်းပါ။ စူစူလေး ကြိုက်တာရွေး ကြိုက်တာစားနော်။ မလောက်ရင် ဒေါ်လေးကိုပြော။ ဒေါ်လေးထပ်ယူလာပေးမယ်!”။ သူမ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဒါကိုကြားတော့ စူယွီယွမ်၏ မျက်နှာလေး ညှိုးငယ်သွားပြီး သူ့အမေဆီ လျှောက်သွားကာ ဂါဝန်စကို ဆွဲလျက် ပြောလိုက်သည်။
“မေကြီး သားလည်း ကြိုက်တာ စားချင်တယ်”
… … …
အခန်း(၉၃၄) ဟာကွက်မရှိတဲ့ အဖြေ
စူစူလေးက ကြည့်နေသဖြင့် စူယွီယွမ်၏ အမေလည်း စည်းကမ်းတင်းကြပ်သည့်ပုံစံ လုပ်မပြတော့ဘဲ သူမသား၏ တောင်းဆိုချက်ကို လိုက်လျောပေးလိုက်ပါသည်။ “အဲ့တာဆိုလည်း ဒီနေ့တစ်ရက်ပဲ ရမယ်နော်”
“အွန်း အွန်း!”။ စူယွီယွမ် ခေါင်းကို အသည်းအသန် ငြိမ့်လိုက်သည်။
“ပြီးရင် တခြားအတန်းဖော်တွေကို ဧည့်ခံဖို့ မေကြီးကိုလည်း ကူညီရမယ်။ တစ်ယောက်တည်း မုန့်တွေ ထိုင်စားနေလို့ မဖြစ်ဘူး”
“အွန်း အွန်း!”
“ပြီးရင် မနေ့ညက မေကြီးနဲ့ သဘောတူထားတဲ့ ကိစ္စ မမေ့နဲ့နော်!”။
“အွန်း အွန်း!”
စူယွီယွမ်က ခေါင်းတွေသာ ဆက်တိုက်ညိမ့်နေပါသည်။
သူစားချင်တာ စားရသရွေ့ ကျန်တာ အကုန် အဆင်ပြေသည်။
သားအမိနှစ်ယောက်ရဲ့ စကားပြောဆိုပုံတွေကို စောင့်ကြည့်နေသည့် ရှောက်ကျင်းယန်တစ်ယောက် အမေဖြစ်သူရဲ့ ထူးထူးဆန်းဆန်း အမူအရာတွေကို သတိထားမိသည်။
ရှောက်ကျင်းယန်က သူမကို ကျောခိုင်းထားသဖြင့် ဘာမှ မမြင်နိုင်ဘူးဟု ထင်နေပုံရသည်။ သို့သော်လည်း ရှောက်ကျင်းယန်က သူမရဲ့ မျက်နှာအနေအထား၊ လှုပ်ရှားမှုတိုင်းကို မျက်လုံးထောင့်မှ စောင့်ကြည့်နေခဲ့ပါသည်။
သူတို့ ကွယ်ရာမှာ သားဖြစ်သူကို အလွန်တင်းကြပ်စွာ ဆုံးမပြီး စူစူလေးရှေ့မှာတော့ အလွန်နူးညံ့သိမ်မွေ့သွားပါသည်။
စူစူလေးကို တမင်သက်သက် မျက်နှာလို မျက်နှာရ လုပ်နေသည်ဟု ခံစားရသည်။ သူမကို အန္တရာယ်ရှိသူ တစ်ယောက်အဖြစ် စူစူလေး မမြင်အောင် ကြိုးစားနေတာဟု ထင်ရသည်။
ရှောက်ကျင်းယန်က ဝင်မေးလိုက်ပါသည်။ “သခင်မစူရဲ့ ခင်ပွန်းကို မတွေ့မိဘူးနော်”
“အပေါ်ထပ်က စာကြည့်ခန်းထဲမှာလေ။ သူက ဒီလိုပါတီပွဲတွေမှာ သိပ်မနေတတ်ဘူး။ ပြီးတော့ သူ့ရုပ်ကြီးက အမြဲတမ်း တည်နေတာဆိုတော့ ကလေးတွေ ကြောက်သွားနိုင်တယ်။ အဲ့တာကြောင့် ဆင်းမလာခိုင်းတာပါ။ စိတ်မရှိပါနဲ့”။ အမျိုးသမီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါသည်။
“ကျွန်တော်က စူစူလေးရဲ့ အဖေမဟုတ်မှန်း သခင်မစူ သိနေတဲ့ပုံပဲနော်”။ ရှောက်ကျင်းယန် ထပ်မေးလိုက်သည်။
ရှောက်ကျင်းယန်က အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။ စူစူလေးကို ဒီလိုပွဲမျိုး ခေါ်လာသောအခါ အကြောင်းမသိသူသာဆို သူ့ကို စူစူလေး၏ အဖေဟု ထင်သွားနိုင်သည်။
သို့သော်လည်း ဒီအမျိုးသမီးကတော့ သူ့ကို မစ္စတာချင်းဟု အလွယ်တကူ မခေါ်ခဲ့ပေ။
အမျိုးသမီးက အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။ “ဟုတ်ပါတယ်။ ရှင်က စူစူလေးရဲ့ အဖေမဟုတ်မှန်း သိပြီးသားပါ။ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့က ဒီအိမ်ရာမှာ နာမည်ကြီးတွေပဲလေ။ သူတို့ အသက်အရွယ်ကြီးရင့်မှ စူစူလေးကို ထပ်မွေးခဲ့တဲ့အကြောင်း အိမ်ရာထဲကလူတွေအားလုံးနီးပါး သိနေကြပါပြီ။ ကျွန်မက ဒီကိုရောက်တာ မကြာသေးဘူး ဆိုပေမယ့် အမှားလုပ်မိမှာစိုးလို့ ကြိုစုံစမ်းထားတယ်”
ထိုအမျိုးသမီး၏ အဖြေက ဟာကွက်လုံးဝ မရှိပါ။
ထို့နောက် ချင်းယုကျီးဘက်သို့လှည့်ကာ သူမ ပြောလိုက်သည်။ “ဒီကောင်လေးကလည်း စူစူလေးရဲ့ တူလေး ဖြစ်ဖို့များတယ်။ ဘယ်မစ္စတာချင်းရဲ့ သားလဲဆိုတာပဲ မသိတာ”
ချင်းယုကျီးက ပြုံးကာ ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပါတယ် ကျွန်တော်က ဒေါ်လေးစူစူရဲ့ တူပါ။ ကျွန်တော်တို့အဘိုးရဲ့ သားအကြီးဆုံး ချင်းရှင်းကျစ်ရဲ့ အငယ်ဆုံးသားပါ။ သခင်မစူက အရမ်းစေ့စပ် သေချာတာပဲနော်”
“အဲ့လိုလည်း မဟုတ်ပါဘူး။ အားလုံးက အိမ်နီးချင်းတွေ ဖြစ်နေကြပြီပဲဟာ။ ပြီးတော့ ကလေးတွေကလည်း အတန်းဖော်တွေလေ။ အားလုံး ခင်ခင်မင်မင် နေနိုင်ကြဖို့ မျှော်လင့်ပါတယ်”။ အမျိုးသမီးက ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။
“သခင်မစူက တော်တော်လေး သဘောထားပြည့်ဝတာပဲ”။ ရှောက်ကျင်းယန် ပြန်ပြောလိုက်ပါသည်။ ဒီအမျိုးသမီးအပေါ် ထားသည့် သူ့သံသယတွေ နည်းနည်းလေးမှ လျော့မသွားပါ။
ထို့နောက် ရှောက်ကျင်းယန်နဲ့ ချင်းယုကျီးတို့ကို သူမ ဖိတ်ကြားလိုက်သည်။ “ရှင်တို့နှစ်ယောက် စိတ်မရှိဘူးဆိုရင် ကလေးတွေ ဒီထဲမှာ သူတို့ဖာသာ ကစားကြပါစေ။ ကျွန်မတို့ လူကြီးတွေက လက်ဘက်ရည်ခန်းထဲ သွားကြတာပေါ့။ လက်ဘက်ရည်ခန်းက ဟိုနားလေးမှာပဲ။ ဒီအခန်းကို လှမ်းမြင်နေရတာမို့ စိတ်မပူနဲ့နော်”
အချိုပွဲအခန်း၏ ပြူတင်းပေါက်ကို အမျိုးသမီး လက်ညှိုးထိုးပြလိုက်သည်။ ခြံဝန်း၏ တစ်ဖက်မှာ ဥယျာဉ် လက်ဘက်ရည်ခန်းလေး တစ်ခု ရှိပါသည်။ ထိုနေရာမှ ကလေးတွေကိုလည်း လှမ်းမြင်နိုင်ပါသည်။
ထိုလက်ဘက်ရည်ခန်းထဲ ကလေးမိဘတချို့ ထိုင်နေတာကိုပင် မြင်နိုင်သည်။ တချို့က လက်ဘက်ရည်သောက်ရင်း စကားပြောနေကြသလို တချို့က ဥယျာဉ်ထဲ လမ်းဆင်းလျှောက်နေကြသည်။
ရှောက်ကျင်းယန် ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးကို ခေါင်းငုံ့မေးလိုက်သည်။ “စူစူလေး လျှို့ဝှက်ကုဒ်ကို မှတ်မိလား”
… … …
အခန်း(၉၃၅) သာမန်ထက် ထူးကဲသော စည်းစိမ်နဲ့ အာဏာ
“အွန်း! မှတ်မိတယ်!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ဖြေလိုက်ပါသည်။
ထို့ကြောင့် ရှောက်ကျင်းယန်လည်း အမျိုးသမီး၏ ဖိတ်ကြားမှုကို လက်ခံခဲ့သည်။ “ဒါဆိုလည်း သခင်မစူ လမ်းပြပေးပါဦး”
ချင်းယုကျီး ဘာမှ မပြောဘဲ စူစူလေးကို မျက်လုံးတစ်ဖက်သာ မှိတ်ပြလိုက်ပါသည်။
သူလည်း ဒီနေ့ မစ်ရှင်တစ်ခုဖြင့် လာခဲ့တာဖြစ်သည်။ မနေ့ညက သူနဲ့ စူစူလေးတို့ သဘောတူထားသည့် မစ်ရှင်ဖြစ်သည်။
“ရပါတယ်ရှင် ရပါတယ်”။ အမျိုးသမီးက ပြုံးလိုက်ပြီး သားဖြစ်သူ စူယွီယွမ်ကို တာ့တာပြလိုက်သည်။ ထို့နောက် ရှောက်ကျင်းယန်နဲ့ ချင်းယုကျီးတို့အား အပြင်သို့ ခေါ်သွားခဲ့ပါသည်။
ရှောက်ကျင်းယန်နဲ့ ချင်းယုကျီးတို့လည်း ထိုအမျိုးသမီးနောက် လိုက်လာခဲ့ကြပြီး မကြာမီ လက်ဘက်ရည်အခန်းသို့ ရောက်ရှိလာကြသည်။
အခန်းထဲမှာ လူတွေ ရယ်ရယ်မောမော စကားပြောနေကြပြီး အလွန်သာယာနေပါသည်။
စကားပြောနေကြသူတွေက ယောက်ျားတွေသာဖြစ်ကြပြီး အမျိုးသမီးတွေကတော့ ဥယျာဉ်ထဲမှာ လမ်းဆင်းလျှောက်နေကြပါသည်။
လူပျိုတွေဖြစ်ကြသည့် ရှောက်ကျင်းယန်နဲ့ ချင်းယုကျီးတို့ အနည်းငယ် နေရခက်သွားသည်။
သခင်မစူက အားလုံးကို နှုတ်ဆက်လိုက်ပြီး တခြားအမျိုးသမီးတွေနဲ့ စကားပြောဖို့ ဥယျာဉ်ထဲ ဆင်းသွားပါသည်။
သူမထွက်သွားပြီး ခဏကြာသောအခါ ရှောက်ကျင်းယန်လည်း ဥယျာဉ်ထဲ ခိုးလိုက်သွားလေသည်။
ချင်းယုကျီးကတော့ လက်ဘက်ရည်အခန်းထဲမှာ ဝင်ထိုင်လိုက်ပါသည်။
ထိုင်ပြီးတာနဲ့ တစ်ပြိုင်နက် ဒီစူမိသားစုအကြောင်း ပိုသိရဖို့ ဦးလေးကြီးတွေကို ချင်းယုကျီး စတင် မေးမြန်းလေတော့သည်။
“ဦးလေးတို့ ဒီအိမ်နီးချင်းအသစ်အကြောင်း ဘာတွေ သိထားကြသေးလဲ”
“ရိုးရိုးသားသား ပြောရရင် ငါတို့လည်း သိပ်မသိပါဘူးကွာ။ ဒါပေမယ့် ဒီမိသားစုက တော်တော်လေးကို ချမ်းသာပြီး အာဏာလည်း အရမ်းကြီးတယ်ဆိုတာတော့ သေချာတယ်”
ချင်းယုကျီးကို စကားပြန်ပြောနေသူက ကျိုးဟောက်အဖေ ကျိုးကျန်းဖန်ဖြစ်သည်။
ကလေးတွေက ရင်းနှီးကြသဖြင့် ကျိုးကျန်းဖန်လည်း ချင်းမိသားစုနဲ့ အနည်းငယ် ရင်းနှီးပြီး ချင်းယုကျီးကို သိပါသည်။
သူ့ဆီက သတင်းတွေက အမြဲတမ်း ယုံကြည်ရသည်။ ထိုသတင်းတွေကို သူဘယ်က ရလာသလဲဆိုတာ ဘယ်သူမှ မသိကြပေ။
“ဦးလေး ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ”။ ချင်းယုကျီး ထပ်မေးလိုက်၏။
ဒီအိမ်ရာမှာ ဗီလာတစ်လုံး လာဝယ်နိုင်သူတိုင်းက သူဌေးတွေဖြစ်မှန်း လူတိုင်း သိကြသည်။ သို့သော် ဘယ်အတိုင်းအတာထိ ချမ်းသာတာလဲ ဆိုတာကိုတော့ ခန့်မှန်းရ ခက်ပါသည်။
“ဒီဗီလာကြီးရဲ့ အရင်ပိုင်ရှင် အဘိုးကြီးသန်းဆိုတာ ငါနဲ့ ရင်းနှီးတယ်ကွ။ ဒီ ဗီလာကြီးကို ရောင်းဖို့ သူ့မှာ အစီအစဉ် လုံးဝ မရှိဘူး။ ဒီမှာနေရတာပျော်လို့ တခြားပြောင်းဖို့ အစီအစဉ်ကို မရှိတာ။ ဒါပေမယ့် ဒီမိသားစုက ပုံမှန်မဟုတ်အောင်ကို ချမ်းသာလွန်းလို့ သူလိုက်လျောတဲ့အချိန်အထိ ငွေတွေနဲ့ ပစ်ပေါက်ခဲ့တာတဲ့!’
အိမ်ရှင်တွေ အနားမှာမရှိသဖြင့် ကျိုးကျန်းဖန်လည်း ဘာမှ အားနာမနေဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါသည်။
“ဟုတ်လား… ထူးဆန်းလိုက်တာ။ ဒီဗီလာကြီးက တစ်ခုခု ထူးခြားနေလို့လား”။ ချင်းယုကျီး ပြုံးလိုက်ပြီး သတင်း ဆက်နှိုက်လိုက်သည်။
“အဘိုးကြီးသန်းပြောတာတော့ ဒီမိသားစုက ဒီအိမ်ရဲ့ ဖုန်းရွှေကို သဘောကျလို့ ဝယ်ချင်တာတဲ့။ ဒါပေမယ့် အဘိုးကြီးသန်းက ဖုန်းရွှေပညာရှင်တစ်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်ခိုင်းလိုက်တော့ ဘာမှ မထူးခြားဘူး သာမန်ပါပဲတဲ့”။ ကျိုးကျန်းဖန် ရှင်းပြလိုက်ပါသည်။
ထိုစဉ် လူတစ်ယောက်က ဖြတ်ပြောလိုက်သည်။ “ဗီလာတစ်လုံး ဝယ်တာလောက်ကို ပြောနေရသလား။ လွန်ခဲ့တဲ့ ၂ ရက်ကမှ ဒီမိသားစု ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်သွားတာ။ နာမည်က ချန်းယွင် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတဲ့။ အဲ့ဒီကုမ္ပဏီက ဟွာချန့်မြို့ကို လက်ဝါးကြီး အုပ်ထားတာကြာပြီ။ အခုတော့ ဒီမိသားစုလက်ထဲ ရောက်သွားပြီပေါ့”
“ဟုတ်တယ်ဟုတ်တယ် ကျုပ်လည်း အဲ့သတင်း ကြားမိတယ်။ အဲ့ဒီကုမ္ပဏီတစ်ခုတည်းမဟုတ်ဘူး။ တခြား သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေကိုပါ ဝယ်ခဲ့သေးတယ်။ အရင်တုန်းက ရှုထျန်းဖေး ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီကြီးက အခု သူတို့အပိုင်ဖြစ်နေပြီလေ”
ကလေးအဖေတစ်ယောက်ကလည်း သူကြားမိတာ ဝင်ပြောလေသည်။
ကျိုးကျန်းဖန် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ “ကုမ္ပဏီတွေ ဒီလောက် အများကြီးကို တစ်ပြိုင်တည်း ဝယ်နိုင်ရလောက်အောင် ဘယ်လောက်တောင် ချမ်းသာနေလို့လဲမသိဘူး”
“ယုကျီး မင်းတို့ ချင်းမိသားစုကော ဒီမိသားစုအကြောင်း ဘာမှ မသိဘူးလား”။ ကျိုးကျန်းဖန်က ချင်းယုကျီးကို စိတ်ဝင်တစား မေးလိုက်ပါသည်။ သူ့အမြင်မှာတော့ ဒီလိုကိစ္စတွေကို သူတို့အားလုံးထက် ချင်းမိသားစုက ပိုသိသင့်တာ ဖြစ်သည်။
… … …