အခန်း (၉၃၆-၉၄၀)
Vol. 38 Ch. 936-940
အခန်း(၉၃၆) ဘယ်ကို ခေါ်သွားမလို့လဲ
“မသိပါဘူး”။ ချင်းယုကျီး ပြောလိုက်ပါသည်။ တကယ်တော့ သူ အနည်းငယ် သိထားသည်။ ရှောက်ကျင်းယန်တို့အဖွဲ့ စုံစမ်းတွေ့ရှိထားတာတွေ ရှိသလို ယုဝမ်ရှုကလည်း စုံစမ်းထားပါသည်။
သို့သော်လည်း ရရှိထားသည့် အချက်အလက်များအရ ဒီမိသားစုက အလွန်ချမ်းသာပြီး အာဏာရှိသည်ဆိုတာကိုသာ သိနိုင်သည်။ ဘာကြောင့် အာဏာရှိနေရသလဲဆိုသည့် အကြောင်းအရင်းကို ရှာမရခဲ့ပါ။
“မင်းတို့ သိမယ် ထင်ထားတာ။ အနောက်မြောက်ပိုင်းက မင်းတို့ရဲ့ ပရောဂျက်ကြီးမှာ သူတို့ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာ မဟုတ်ဘူးလား”။ ကျိုးကျန်းဖန် ပြေလာိုက်သည်။
“ဟင် ဟုတ်လား။ ကျွန်တော့် အဘိုးအဘွားတွေတော့ အဲ့အကြောင်း ဘာမှ မပြောပြဘူး”။ ထိုကိစ္စကို သူတကယ် မသိပါ။
ချင်းမိသားစု၏ ပရောဂျက်အကြောင်းပြောခါမှ ကလေးအဖေအားလုံး စိတ်ဝင်စားသွားကြပါသည်။
“သခင်လေးချင်း မင်းတို့ မိသားစုရဲ့ အနောက်မြောက်ပိုင်းပရောဂျက်မှာ ပါတနာတွေ လိုနေသေးလား”
“ငါ့မိသားစုက ဆောက်လုပ်ရေးပစ္စည်းအပိုင်းမှာ အဆက်အသွယ်ကျယ်ပြန့်တယ်။ မင်းတို့လိုအပ်တာရှိရင် အချိန်တစ်ခုယူပြီး ဆွေးနွေးကြရအောင်လေ”
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။ ချင်းမိသားစုမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ထောက်ပံ့ဖို့ ဟွော်မိသားစု ရှိပြီးသားပဲ”
“ငါက နောက်တာပါဟ!”
“ငါကတော့ နောက်တာ မဟုတ်ဘူး။ ငါတို့မိသားစုက အိမ်ရာဝန်ဆောင်မှုအပိုင်း ကျွမ်းကျင်ကြတယ်။ မင်းတို့ နားမလည်တာရှိရင် ငါတို့မိသားစုကို ဆက်သွယ်လိုက်လေ။ ပြီးတော့ ငါတို့မိသားစုကို မင်းတို့အဘိုးအဘွားတွေနဲ့ မိတ်ဆက်ပေးပါဦး”
“ဟုတ်တယ် သခင်လေးချင်း။ ငါ့မိသားစုကလည်း စူပါမားကတ်တွေ အများကြီးဖွင့်ထားတာ။ မင်းတို့ အသစ်ဆောက်လုပ်မယ့် နယ်မြေမှာ စူပါမားကတ်တွေ ဖွင့်ဖို့ လိုအပ်ရင် ငါတို့ကို ဆက်သွယ်လိုက်နော်”
“…”
စကားလမ်းကြောင်းက ချင်းမိသားစု၏ အနောက်မြောက်ပိုင်း ပရောဂျက်ဆီ ရောက်ရှိသွားလေသည်။
ချင်းယုကျီးလည်း ပြုံးသာ ပြုံးနေနိုင်ပါသည်။ ထိုအကြောင်းတွေ သူဘာမှ နားမလည်ပါ။ ထို့အကြောင့် အပြုံးဖြင့်သာ မေးခွန်းတွေကို ခုခံခဲ့ပါသည်။
--- --- ---
ရှောက်ကျင်းယန်နဲ့ ချင်းယုကျီးတို့ ထွက်သွားကြသောအခါ ချင်းလောင်ယွင်က သူမ မြည်းကြည့်ထားသည့် အလွန်အရသာရှိသော နာနတ်သီး ကိတ်မုန့်ကို စူစူလေးအား ကျွေးချင်သဖြင့် အတင်းဆွဲခေါ်နေပါသည်။
“ဒေါ်လေးစူစူ ဒီကိတ်မုန့်လေး အရမ်း အရသာရှိတယ်!”
“ဒီဟာက ပိုတောင် အရသာရှိသေးတယ်!”
ကျိုးဟောက်ကတော့ အနက်ရောင် ဝက်ဝံပုံစံဖော်ထားသည့် ချောကလပ်ကိတ်မုန့်ကို ပိုသဘောကျပါသည်။
“နာနတ်သီးကိတ်ကမှ ပိုကောင်းတာ!” ချင်းလောင်ယွင်က ငြင်းဆန်သည်။
“ဝက်ဝံ ကိတ်မုန့်ကမှ ပိုကောင်းတာ!”။ ကျိုးဟောက်ကလည်း အလျှော့မပေးပါ။
သူတို့နှစ်ယောက် ငြင်းခုန်နေသဖြင့် စူစူလေး ဆုံးဖြတ်ရခက်နေပါသည်။
စူစူလေး တွန့်ဆုတ်နေစဉ် စတော်ဘယ်ရီသီးကိုင်ထားသည့် လက်သေးသေးလေးတစ်ဖက် သူမရှေ့ကို ရောက်လာသည်။
“ဒါစား”။ စူယွီယွမ်က စူစူလေးအား စတော်ဘယ်ရီသီး ကျွေးလိုက်သည်။
“ငါ ကိတ်မုန့်စားချင်တာ။ စတော်ဘယ်ရီသီး မစားချင်ဘူး”
“ဒါ ကိတ်မုန့်လေ!”။ စူယွီယွမ် ပြန်ဖြေလိုက်ပါသည်။ သူ့မျက်လုံးလေးများ အလွန်အပြစ်ကင်းစင်နေသည်။
ဒါကိုမြင်တော့ စူစူလေးလည်း ထိုစတော်ဘယ်ရီသီးလေးကို ယူပြီး ကိုက်ကြည့်လိုက်ရာ တကယ်ပဲ ကိတ်မုန့်ဖြစ်နေပါသည်။
ဘေးမှာ ကြည့်နေသည့် ချင်းလောင်ယွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “တကယ် ကိတ်မုန့်ပဲ! စတော်ဘယ်ရီသီး အစစ်နဲ့ တူတဲ့ ကိတ်မုန့်လေးပဲ!”
“ငါအဲ့ဒီ စတော်ဘယ်ရီသီးကို သိတယ်။ ဘာဆိုလားပဲခေါ်တာ…”။ ကျိုးဟောက် ရုတ်တရက် မှတ်မိသလိုလို ရှိလာသည်။ အရင်တုန်းက သူ့မိဘတွေနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ စားဖူးပါသည်။
စူစူလေး ချီးကျူးလိုက်သည်။ “အရသာရှိတယ်!”
စူစူလေး၏ ချီးကျူးစကားကို ကြားပြီးနောက် စူယွီယွမ် မျက်လုံးမှေးသွားပြီး ရယ်မောလိုက်ပါသည်။
ထို့နောက် သူ့သေးသေးတုတ်တုတ် လက်ကလေးဖြင့် စူစူလေး၏ လက်ကို ဆွဲလိုက်သည်။
အစက စူစူလေး၏ လက်မှာ ပြည့်ပြည့်ကလေးဟု ထင်ရသော်လည်း စူယွီယွမ်၏ လက်နဲ့ ယှဉ်လိုက်သောအခါ စူစူလေး၏ လက်တောင် သေးငယ်သွားရပါသည်။
“ငါ့ကို ဘယ်ခေါ်သွားမလို့လဲ”။ စူစူလေး မေးလိုက်သည်။
စူယွီယွမ်က ပြန်မဖြေပါ။ စူစူလေးကိုသာ အတင်းဆွဲခေါ်နေသည်။
သူ့ကိုယ်သူ အားကုန်ထုတ်သုံးနေသည်ဟု ထင်သော်လည်း သူ့ခွန်အားက စူစူလေးအတွက် ယင်ကောင်တစ်ကောင်လိုပင်။
စူယွီယွမ် ခေါင်းမာနေတာကို မြင်ပြီး စူစူလေးလည်း သူ့နောက်လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဧကန္တ သူ့ရဲ့ လျှို့ဝှက် ကိတ်မုန့်တွေဆီ ခေါ်သွားမလို့များလား။
… … …
အခန်း(၉၃၇) စူယွီယွမ်ရဲ့ အဖေ
စူစူလေးကို စူယွီယွမ် ပြန်ပေးဆွဲသွားသည့် မြင်ကွင်းအား မြင်ပြီး ချင်းလောင်ယွင် အနောက်မှ ပြေးလိုက်သွားခဲ့သည်။ ကျိုးဟောက်လည်း နောက်မှ လိုက်လာခဲ့ပါသည်။
ကလေး ၄ ယောက်သား အချိုမုန့် အခန်းထဲမှ ထွက်လာကြပြီး ဒုတိယထပ်သို့ တက်လာကြပါသည်။
စူယွီယွမ်က စူစူလေးတို့ကို အခန်းတစ်ခန်းဆီ ခေါ်သွားသည်။ ထို့နောက် ခြေဖျားထောက်လျက် တံခါးလက်ကိုင်ဘုကို လှမ်းကိုင်ဖို့ ကြိုးစားသည်။
သို့သော် သူက အရပ်အလွန်ပုသဖြင့် တံခါးလက်ကိုင်ဘုကို မမှီပေ။
ဒါကိုမြင်တော့ စူစူလေးက တံခါး ကူဖွင့်ပေးလိုက်ပါသည်။
ဒီအခန်းက အလွယ်ကျယ်ဝန်းပြီး မီးတွေလည်း လင်းထိန်နေသည့် စာကြည့်ခန်းတစ်ခန်းဖြစ်သည်။ အခန်းထဲမှာ နံရံအပြည့် စာအုပ်စင်တွေ ရှိနေသည်။ သို့သော် စာအုပ်တွေတော့ မရှိသေးပါ။ အခုမှ အိမ်ပြောင်းလာခါစ ဖြစ်တာကြောင့် စာအုပ်တွေ မထည့်ရသေးတာ ဖြစ်မည်ဟု ထင်ရသည်။
တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ ဧရာမ အလုပ်စားပွဲကြီးတစ်ခုရှိပြီး တံခါးရဲ့ ဘယ်ဘက်မှာတော့ ဧည့်သည်တွေ ထိုင်နိုင်သည့် ဆိုဖာတွေ ချထားပါသည်။
အလုပ်စားပွဲမှာ လူတစ်ယောက်ထိုင်နေသည်။ သူ့မျက်နှာက အလွန်တည်တံ့နေပါသည်။
ထိုလူ ခေါင်းမော့ကြည့်လိုက်ရာ တံခါးဝမှာ ရပ်နေသည့် ကလေး ၄ ယောက်ကို မြင်သွားသည်။
ထိုလူ့မှာ ဓားသွားလို ထက်မြက်သော မျက်ခုံးများရှိပြီး နှာတံမြင့်သည်။ မျက်နှာက တည်တံ့ အေးစက်နေပြီး မျက်လုံးတွေက ကြောက်ဖို့ကောင်းပါသည်။ သူ့ကိုမြင်တော့ ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ အသက်ပင် ဝဝ မရှူရဲတော့ပေ။
စူယွီယွမ် အပြုံးကျယ်သွားပြီး လှမ်းခေါ်လိုက်သည်။ “ဖေကြီး!”
ဖေကြီးဟုတ်လား။ ဒီကြောက်စရာကောင်းတဲ့ လူကြီးက ငတုံးကောင် စူယွီယွမ်ရဲ့ အဖေပေါ့!
ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ ပြိုင်တူ သက်ပြင်းချမိကြပါသည်။
ငတုံးကောင်လေးက နူးညံ့ပြီး ချစ်ဖို့ကောင်းသော်လည်း သူ့အဖေကတော့ အေးတိအေးစက်နိုင်ကာ ကြောက်ဖို့ကောင်းသည်။
“အင်း”။ ထိုလူ ပြုံးပြလိုက်ပါသည်။
ထိုအပြုံးကြောင့်လား မသိနိုင်သော်လည်း ခုနက အေးတိအေးစက် ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဟူး… သူ မပြုံးလို့ ကြောက်ဖို့ကောင်းနေတာပေါ့
ပြုံးလိုက်တော့လည်း သဘောကောင်းမယ့်ပုံပါပဲ!
ထိုလူက စူယွီယွမ်ကို ခေါင်းညိတ်ကာ ခေါ်လိုက်သည်။ စူယွီယွမ်ကလည်း သူ့ထံ ခပ်သုတ်သုတ် လျှောက်သွားခဲ့ပါသည်။
ထိုလူ့ဘေးကို ရောက်သောအခါ စူယွီယွမ်က သူ့ပေါင်ပေါ် တက်ဖို့ ကြိုးစားပါသည်။
သူ့လက်သေးသေးလေးများဖြင့် ထိုလူ့၏ ခြေထောက်ကို ကိုင်ကာ တွယ်တက်ဖို့ ကြိုးစားသည်။ သို့သော် သူမတက်နိုင်ပေ။
ထို့ကြောင့် ဒီတိုင်း မတ်တပ်သာ ရပ်နေရပြီး သနားစရာ ကောင်းသော မျက်လုံးလေးများဖြင့် သူ့အဖေကို မော့ကြည့်လိုက်ပါသည်။
“ဖေကြီး…”
ထိုလူက စူယွီယွမ်ကို ပွေ့ချီလိုက်ပြီး သူ့ပေါင်ပေါ် တင်ပေးလိုက်သည်။ ထို့နောက် တစ်ရှူးတစ်ရွက်ထုတ်ကာ သူ့သားရဲ့ ပါးစပ်နဲ့ လက်တွေကို သုတ်ပေးလိုက်ပါသည်။
အဖေဖြစ်သူ သူ့ပါးစပ်တွေကို သန့်ရှင်းပေးနေစဉ် စူယွီယွမ်က အငြိမ်မနေပါ။ တံခါးဝကို လက်ညှိုးထိုးပြပြီး အော်နေသည်။ “ဖေကြီး! စူစူ! လှတယ်!”
စူယွီယွမ်၏ ပါးစပ်ကို သုတ်ပေးပြီးနောက် ထိုလူလည်း သူ့သားညွှန်ပြသည့် တံခါးဝဆီသို့ မော့ကြည့်လိုက်ပါသည်။
ကလေး ၃ ယောက်စလုံးက ချစ်ဖို့ကောင်းသော်လည်း သူ့အကြည့်ကတော့ လူကောင်အသေးဆုံး စူစူလေးဆီမှာသာ ရှိနေသည်။
သူမက အရပ်မသိပ်မရှည်သော်လည်း နူးညံ့ တောက်ပသည့် သွင်ပြင်လေးကြောင့် ချစ်စရာအလွန်ကောင်းသည်။
“တွေ့ရတာ ဝမ်းသာပါတယ် စူစူလေး။ ဒီ ၂ ရက်အတွင်း ဦးလေးရဲ့သားက စူစူလေးအကြောင်းကိုပဲ ပြောနေတာ”။ စူစူလေးကို ထိုလူ ပြောလိုက်သည်။
သူ့အသံက အလွန်နက်ရှိုင်းပြီး ရင့်ကျက်သည့် ယောက်ျားတစ်ယောက် စကားပြောသည့်ပုံစံမျိုးဖြစ်သည်။
“ဖေကြီး”။ စူယွီယွမ်က သူ့အဖေကို မော့ကြည့်လိုက်ပါသည်။ ထိုလူက သူ့သားရဲ့ မျက်နှာသေးသေးလေးကို လက်ဖြင့် ပွတ်လိုက်သည်။
ထို့နောက် စူစူလေးကို သူပြောလိုက်၏။ “အထဲဝင်ထိုင်ကြဦးလေ။ တံခါးမှာပဲ ရပ်မနေနဲ့”
ထိုလူရဲ့ အမူအရာနဲ့ လေသံတို့က အနည်းငယ် သိမ်မွေ့သဖြင့် စူစူလေး၊ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ အနည်းငယ် တွန့်ဆုတ်ပြီးနောက် အထဲဝင်လာခဲ့ကြပါသည်။
ထို့နောက် ဆိုဖာပေါ် ဘေးချင်းကပ်လျက် ထိုင်လိုက်ကြသည်။
ဒါကိုမြင်တော့ စူယွီယွမ်လည်း သူ့အဖေ ပေါင်ပေါ်မှ ဆင်းကာ သူတို့နဲ့အတူတူ သွားထိုင်လေသည်။
ကလေးတွေထဲမှာ ကျိုးဟောက်က အကြီးဆုံးဖြစ်ပြီး ချင်းလောင်ယွင်က ဒုတိယ၊ စူစူလေးက တတိယနဲ့ စူယွီယွမ်က လူကောင်အသေးဆုံးဖြစ်သည်။ စူယွီယွမ်က ကျန်း ၃ ယောက်ထက် ၁၀ လ လောက် ငယ်ပါသည်။
“ယွမ်ယွမ်ရဲ့ အဖေ”။ စူစူလေးက ထိုလူ့ကို ရုတ်တရက် ခေါ်လိုက်သည်။
… … …
အခန်း(၉၃၈) ငါ့ဖေကြီးက အရမ်းတော်တာ
“အင်း”။ ထိုလူ စူစူလေးကို လှည့်ကြည့်လိုက်ပြီး စူစူလေး ပြောမည့် စကားကို စိတ်ရှည်ရှည် စောင့်နေပါသည်။
“နှုတ်ခမ်းမှာ ခရင်မ်တွေ ပေနေတယ်”။ စူစူလေး အသိပေးလိုက်သည်။
စူယွီယွမ်ကို သန့်ရှင်းရေး လုပ်ပေးခဲ့စဉ်က စူယွီယွမ်၏ လက်ဖြင့် သူ့နှုတ်ခမ်းကို ထိမိသွားသည်။ ထို့ကြောင့် စူယွီယွမ်၏ လက်မှ ခရင်မ်များ သူ့နှုတ်ခမ်းကို ပေသွားခဲ့ပါသည်။
ဒီလောက် ယောက်ျားပီသသည့် လူတစ်ယောက်ရဲ့ နှုတ်ခမ်းမှာ ခရင်မ်တွေ ပေနေတာ သိပ်ကြည့်မကောင်းလှပါ။
ထိုလူက သူ့နှုတ်ခမ်းထောင့်ကို လက်ဖြင့် သုတ်ကြည့်လိုက်သည်။ သူ့လက်မှာ တကယ်ပဲ ခရင်မ်အနည်းငယ် ပေသွားပါသည်။
တရားခံ စူယွီယွမ်ကတော့ ဘာမှ နားလည်ပုံမပေါ်ဘဲ ဘေးမှာ ရယ်မောနေပါသည်။
စူယွီယွမ်၏ အဖေက ဒေါသမထွက်ဘဲ နွားနို့ ၄ ပုလင်း ထုတ်လိုက်ကာ ကလေး ၄ ယောက်ကို ဝေပေးလိုက်သည်။
အိမ်ပြောင်းလာတာ မကြာသေးဘဲ စာကြည့်ခန်းက အသင့်မဖြစ်သေးသော်လည်း လတ်လတ်ဆတ်ဆတ် နွားနို့ ၄ ပုလင်း ရှိနေပါသည်။ ထို့အပြင် ကလေး ၄ ယောက်အတွက် ၄ ပုလင်း အတိအကျ ရှိနေသည်။
“မိဘတွေကော”။ စူယွီယွမ်၏ အဖေ မေးလိုက်သည်။
၃ ယောက်စလုံးကို မေးတာဖြစ်သော်လည်း သူ့အကြည့်က စူစူလေးဆီမှာသာ ရှိပါသည်။
“သားအဖေက တခြားဦးလေးကြီးတွေနဲ့ စကားများနေတယ်!”။ ကျိုးဟောက် ပြန်ဖြေလိုက်သည်။
“သမီးမေကြီးက အလုပ်လုပ်နေလို့!”။ ချင်းလောင်ယွင်လည်း ပြန်ဖြေလိုက်ပါသည်။
“သမီးဖေဖေနဲ့ မေမေ အလုပ်ရှုပ်နေကြလို့ တူလေးရယ်၊ အစ်ကိုကြီးတို့ရယ်နဲ့ လာခဲ့တာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
“ခုတလော သမီးအဖေနဲ့ အမေ အလုပ်အရမ်းများနေကြတာလား”။ ထိုလူ ထပ်မေးလိုက်သည်။
“အွန်း အရမ်း အလုပ်များနေတာ! အစ်ကိုကြီးကလည်း အလုပ်များတယ်။ တူကြီးကလည်း အလုပ်များတယ်”။ ခုတလော သူတို့ ၄ ယောက်က အလုပ်အများဆုံးဖြစ်သည်။
ထို့နောက် စူစူလေး လက်ချောင်းထောင်ကာ ရေတွက်ပြလိုက်သည်။ “တူလေးယုကျီးကလည်း သိပ်မအားတော့ဘူး။ စနေ တနင်္ဂနွေပဲ အားတယ်။ တူချောလေးက ဆိုင်နောက်တစ်ဆိုင်ဖွင့်ဖို့ ပြင်နေတယ် မအားဘူး။ ဆယ်လီတူလေးက တီဗွီထဲမှာပါဖို့ ရုပ်ရှင်ရိုက်နေရတယ် မအားဘူး။ တူလိမ္မာလေးကလည်း ဂိမ်းအသစ် ဖန်တီးနေတယ် မအားဘူး”
သေချာရေတွက်ကြည့်သောအခါ အားလုံး အလုပ်များနေကြပါသည်။
“ဪ ပြီးတော့ မူမူလေးလည်း ရှိသေးတယ်။ မူမူလေးက တူလေးယုကျီးထက် ပိုငယ်တဲ့ တူလေးလေ။ သူက အလုပ် သိပ်မများပေမယ့် လိမ်တတ်တယ်။ သမီးကို သဘောကျပေမယ့် ဝန်မခံဘူး။ ပြီးတော့ သမီးတို့နဲ့ အတူတူလည်း မကစားဘူး”
“အင်း… အဲ့တာဆို စူစူလေး တစ်ယောက်တည်း အထီးကျန်ပြီး ပျင်းနေတာပေါ့”။ ထိုလူ ထပ်မေးလိုက်သည်။
“အထီးကျန်ပြီး ပျင်းနေတယ်ဟုတ်လား။ မပျင်းပါဘူး! သမီးမှာ လုပ်စရာတွေ အများကြီးရှိတယ်။ သူငယ်ချင်းတွေလည်း အများကြီးရှိတယ်”။ ထိုသို့ပြန်ဖြေပြီးနောက် သူမရှေ့က လူကို စူစူလေး သေချာကြည့်လိုက်သည်။
သူတို့ အကြည့်ချင်း ဆုံသွားကြပြီး ထိုလူ့ရဲ့ မျက်ဝန်းတွေထဲ စူစူလေး သေချာ စိုက်ကြည့်လိုက်သည်။ “ယွမ်ယွမ်ရဲ့ ဖေဖေ၊ သမီးတို့ အရင်က တွေ့ဖူးလား”
“ဘာလို့ အဲ့လိုမေးတာလဲ”
“ဦးလေးကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ။ ဒါမယ့် မမှတ်မိဘူး”
“ဟုတ်လား… မတွေ့ဖူးပါဘူး။ ဒါပေမယ့် ဦးလေးက တစ်ယောက်ယောက်နဲ့ တူလို့နေမှာပေါ့”
“ဪ ဟုတ်လား။ အာ့ဆို နောက်တစ်ခါ သမီးမှတ်မိမှ ပြောပြမယ်”
“ဟုတ်ပါပြီ”
စူစူလေးနဲ့ စူယွီယွမ်တို့အဖေ တရင်းတနှီးစကားပြောနေတာကို မြင်သောအခါ ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့လည်း မကြောက်ကြတော့ပေ။
ကျိုးဟောက်က သူ့ဘေးမှာထိုင်နေသည့် စူယွီယွမ်ကို မေးလိုက်သည်။ “ယွမ်ယွမ် မင်းအဖေက အရပ်အရှည်ကြီးပဲ! မင်းက ဘာလို့ အရပ်ပုနေတာလဲ”
“အရပ်ပုတယ် ဟုတ်လား”။ စူယွီယွမ် အူတူတူ ပြန်မေးလိုက်သည်။
စူယွီယွမ်က သူ့အရပ်အကြောင်းသူ သိပုံတောင် မပေါ်ပါ။
“အဲ… ထားလိုက်ပါတော့”။ ကျိုးဟောက် စကားပြောချင်စိတ် ချက်ချင်း ပျောက်သွားသည်။
စူယွီယွမ်က စူစူလေးကို လှည့်ပြုံးပြလိုက်ပြီး သူ့အဖေကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “စူစူ ငါ့ဖေကြီး အရမ်းမိုက်တယ်!”
“ဘယ်လိုမိုက်တာလဲ”။ စူစူလေး မေးလိုက်သည်။
မိုက်တာနဲ့ ပတ်သတ်လာလျှင် စူစူလေးက အကျောခံမှာ မဟုတ်ပါ။ သူမကလည်း အရမ်းမိုက်ပါသည်
“ချတတ်တယ်! မိုက်တယ်!”။ စူယွီယွမ်က လက်သီး နှစ်ဖက်ကို ဆုပ်လျက် သူ့အဖေ ဘယ်လောက်မိုက်ကြောင်း စူစူလေးကို သရုပ်ပြလိုက်ပါသည်။
“နင့်ဖေဖေက တိုက်ခိုက်တတ်တယ်လား”။ စူစူလေး မျက်လုံးများ အရောင်တောက်သွားသည်။
… … …
အခန်း(၉၃၉) စူယွီယွမ်ရဲ့ အဖေကို စူစူလေး တိုက်ခိုက်ခြင်း (၁)
“ဟုတ်တယ်! တိုက်ခိုက်တတ်တယ်!”
စူယွီယွမ်က စကားသိပ်မပြောတတ်သော်လည်း သူပြောချင်သည့်အရာကို အရိုးရှင်းဆုံးစကားလုံးများနဲ့ အထိရောက်ဆုံး ဖြစ်အောင် ပြောတတ်ပါသည်။
ဒါကိုကြားတော့ စူစူလေး ချက်ချင်း စိတ်လှုပ်ရှားသွားပြီး စူယွီယွမ်၏ အဖေကို ကြည့်ကာ မေးလိုက်သည်။ “ယွမ်ယွမ်ရဲ့ ဖေဖေက တိုက်ခိုက်တတ်တယ်လား”
စူစူလေး၏ တောက်ပနေသော မျက်လုံးများက ထိုလူ့ရဲ့ နှလုံးသားထဲထိရောက်အောင် စိုက်ကြည့်နေသလိုပင်။
“နည်းနည်းပါ”။ စူယွီယွမ်၏ အဖေ ပြန်ဖြေလိုက်သည်။
“အရမ်းမိုက်တဲ့ တိုက်ခိုက်နည်းလား”။ စူစူလေး ထပ်မေးလိုက်သည်။
သူမ မျက်နှာလေးပေါ်မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။ ဒီလူနဲ့ သူမ အလွန်တိုက်ခိုက်ချင်သည်။
သာမန်လူတွေနဲ့ တိုက်ခိုက်သည့်နေရာမှာ နတ်သားရဲအစွမ်းတွေကို သုံးလို့မရမှန်းတော့ စူစူလေး သိပါသည်။ ဒီတိုင်း သာမန်တိုက်ကွက်တွေကိုသာ လေ့ကျင့်ချင်ရုံဖြစ်သည်။ နတ်သားရဲအစွမ်းကို သုံးမှာ မဟုတ်ပါ။
ဦးလေးကျန်းလည်း ဟွာချန့်မြို့မှာ မရှိတော့ဘဲ ဘော်ဒီဂတ်လေးကလည်း ဒဏ်ရာရထားသဖြင့် သူမနဲ့ အတူတူလေ့ကျင့်ဖို့ ဘယ်သူမှ မရှိကြပါ။
စူစူလေး၏ မျက်လုံးများကို မြင်သောအခါ စူယွီယွမ်ရဲ့အဖေ မငြင်းခဲ့ပါ။ မရေရာသည့်အဖြေကိုသာ ပေးလိုက်သည်။ “ထင်တာပဲ”
“အဲ့တာဆို တိုက်ခိုက်ကြရအောင်လေ။ ဦးလေးကို နာသွားအောင် မလုပ်ဘူးလို့ ကတိပေးတယ်!”။ စူစူလေး ကတိပေးလိုက်ပါသည်။ “ခုတလော ဦးလေးကျန်းနဲ့ ဘော်ဒီဂတ်လေးတို့က သမီးနဲ့ အတူတူ မလေ့ကျင့်နိုင်ကြဘူး။ သမီးက ပိုသန်မာလာချင်တာကို အတူတူ လေ့ကျင့်ပေးမယ့်သူ မရှိဘူး!”
စူစူလေး၏ စကားကိုကြားသောအခါ စူယွီယွမ် မျက်လုံးပြူးသွားသည်။ ထို့နောက် ခေါင်းကိုချက်ချင်းခါလိုက်ပြီး စူစူလေးရဲ့ လက်ကို သူဆွဲလိုက်ပါသည်။
“မရဘူး မရဘူး မချရဘူး!”။ စူယွီယွမ် စိတ်ပူပန်သွားပြီး စူစူလေးရဲ့ လက်ကို လှုပ်ရမ်းကာ တားလိုက်ပါသည်။
“ဘာလို့လဲ”။ စူစူလေး ပြန်မေးလိုက်သည်။
“ဖေကြီးက အရမ်းသန်တာ! နာသွားလိမ့်မယ်!”
စူယွီယွမ်၏ မျက်နှာလေးက တည်တံ့နေပြီး အကြောက်တရားတချို့လည်း ပါဝင်နေသည်။ သူ့အဖေနဲ့ ပတ်သတ်သည့် ကြောက်စရာ မှတ်ဉာဏ်တချို့ကို ပြန်သတိရနေသလိုပင်။
“ဟုတ်လား”။ စူစူလေး စိတ်ပိုလှုပ်ရှားသွားသည်။
စူယွီယွမ် ကြက်သေသေသွားပါသည်။ သူဘယ်လောက်ပဲ တားပါစေ စူစူလေးက ပိုပြီးတောင် စိတ်လှုပ်ရှားလာပါသေးသည်။
စူစူလေးကို ပြောလို့ အသုံးမဝင်မှန်းသိသွားသဖြင့် စူယွီယွမ် သူ့အဖေဆီ ပြေးသွားလိုက်ပါသည်။
“ဖေကြီး! စူစူလေးက သားသူငယ်ချင်း! မချနဲ့နော်! မချနဲ့ မချနဲ့!”
စူစူလေးကို သူ့အဖေ ထိခိုက်အောင် လုပ်မည်စိုးသဖြင့် စူယွီယွမ် ထပ်ခါထပ်ခါ တောင်းဆိုလိုက်ပါသည်။
စူယွီယွမ်က မျက်ရည်တွေတောင် ဝဲနေသော်လည်း သူ့အဖေက သူ့စကားကို နားမထောင်ပါ။
“အိုကေ”။ စူစူလေး၏ တောင်းဆိုချက်ကို သူလက်ခံလိုက်သည်။
စူစူလေး ဆိုဖာပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး တိုက်ခိုက်ဖို့ ကိုယ်ဟန်အနေအထား ပြင်လိုက်ပါသည်။
“အောက်ထပ်က Gym ထဲ သွားကြမလား”
“Gym ဟုတ်လား”
“အဲ့မှာ နည်းနည်း ပိုကျယ်တယ်”
“ဟုတ်ပြီ!”။ စူစူလေး သဘောတူလိုက်သည်။ ထို့နောက် စူယွီယွမ်၏အဖေလက်ကို ဆွဲကာ စူစူလေး အတင်း ခေါ်လေသည်။
စူယွီယွမ်၏အဖေ မလှုပ်ရှားသေးဘဲ စူစူလေးရဲ့ လက်လေးကို ငုံ့ကြည့်လိုက်သည်။
အလွန်သေးငယ်ပြီး နူးညံ့ပျော့ပြောင်းသည့် လက်ကလေး ဖြစ်ပါသည်။
သူအတွေးလွန်နေစဉ် စူစူလေး ဆောင့်ဆွဲလိုက်သည့် အားကြောင့် သူဟန်ချက် ပျက်သွားသည်။
“မြန်မြန်လာ မြန်မြန်လာ!”
စူစူလေး အလွန်တက်ကြွနေပြီး ထိုလူ့ကို လှည့်ကြည့်ကာ အမြန်တိုက်တွန်းလိုက်သည်။
ဒီကလေးမလေးရဲ့ အပြုံးက ယောက်ျားလေးတစ်ယောက်ရဲ့ အပြုံးနဲ့ ကွာခြားပါသည်။ အလွန် ဖြူစင်ကာ အပြစ်ကင်းစင်ပြီး မြင်သူတိုင်းကို ပျော်ရွှင်သွားစေသည်။ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အရည်ပျော်စေနိုင်ပါသည်။
စူယွီယွမ်၏အဖေ စူစူလေးနဲ့အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဒါကိုမြင်တော့ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့လည်း အမြန်ပြေးလိုက်လာကြသည်။ စူယွီယွမ်က အနှေးဆုံးဖြစ်ပြီး နောက်ဆုံးမှ ပြေးလိုက်လာခဲ့သည်။ “ခ-ခဏ စောင့်ပါဦး1”
ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ စူယွီယွမ်ကို စောင့်နေလိုက်ပြီး သူ့လက်နှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီ ဆွဲကာ အောက်ထပ်သို့ ခေါ်လာခဲ့ကြသည်။
သူတို့ ၃ ယောက် အောက်ထပ်ကို ရောက်သောအခါ စူစူလေးနဲ့ စူယွီယွမ်ရဲ့အဖေတို့ကို မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားလေသည်။
“မင်းတို့ အိမ်က Gym ဘယ်မှာလဲ”။ စူယွီယွမ်ကို ကျိုးဟောက် မေးလိုက်သည်။
… … …
အခန်း(၉၄၀) စူယွီယွမ်ရဲ့အဖေကို စူစူလေး တိုက်ခိုက်ခြင်း (၂)
“သိဘူး!” စူယွီယွမ် တိကျသေချာစွာ ပြောလိုက်သည်။
“ဒါနင့်အိမ်မဟုတ်ဘူးလား။ ဘာလို့ မသိတာလဲ”။ ချင်းလောင်ယွင် မေးလိုက်သည်။
“ခုမှ ရောက်တာ!”
အိမ်အသစ်ကြီးက ကြီးမားလွန်းသည်။ သူ့အခန်းနဲ့ သူ့ဖေကြီးတို့အခန်းကို မှတ်မိနေတာတောင် ကံကောင်းလှပါပြီ။
ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့လည်း ရွေးချယ်စရာမရှိတော့ဘဲ စူယွီယွမ်ကို ခေါ်ပြီး အိမ်စေတွေကိုသာ သွားမေးရတော့သည်။ အိမ်စေတစ်ယောက်၏ အကူအညီဖြင့် သူတို့ ၃ ယောက် Gym ကို ရှာတွေ့သွားပါသည်။
Gym ထဲကို ရောက်သောအခါ စူစူလေး တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ပေ။
စူစူလေး၏ ချစ်စရာကောင်းပြီး ကြမ်းတမ်းသော အမူအရာလေးကို မြင်သောအခါ စူယွီယွမ်တို့အဖေ ပြုံးလိုက်သည်။ “ဦးလေးကို အရင်ထိအောင် လာထိုးကြည့်လေ”
“သမီးကို ပြန်မချဘူးလား။ အဲ့တာဆို မတရားဘူးလေ! ဦးလေးကို အနိုင်မကျင့်ချင်ဘူး1”
သူမက အလွန်တရားမျှတမှု ရှိသူဖြစ်သည်။
“ဦးလေးကို အနိုင်ကျင့်တယ်လို့ မဟုတ်ပါဘူး။ တစ်ယောက် ခွန်အားကိုတစ်ယောက် အရင်စမ်းသပ်ကြည့်တာမျိုးပေါ့”။
“ဪ အဲ့လိုလား”
“ဟုတ်ပြီ။ စမ်းကြည့်ရအောင်”။ စူယွီယွမ်တို့အဖေ လက်နောက်ပစ်လျက် ပြုံးကာ ပြောလိုက်သည်။
“လာပြီနော်!”။ စူစူလေး၏ မျက်နှာက အလွန်တည်တံ့ပြီး ရှေ့ကလူကို အာရုံသေချာစိုက်ထားသည်။ သူမ လေ့ကျင့်သည့် အချိန်တိုင်းမှာ အလွန် လေးလေးနက်နက် လေ့ကျင့်တတ်ပါသည်။
သေချာပြင်ဆင်ပြီးနောက် စူစူလေး စတင်တိုက်ခိုက်လေသည်။
သူမရဲ့ လှုပ်ရှားမှုက အသက်အရွယ်နဲ့ မလိုက်အောင် လျှင်မြန်လွန်းသည်။ စူယွီယွမ်၏ အမြန်နှုန်းကို စက်ဘီးဖြင့် နှိုင်းပါက စူစူလေးမှာ ဒုံးပျံတစ်စင်းဖြစ်သည်။
အမြန်နှုန်းအပြည့်နဲ့သာ ပြေးပါက သာမန်လူကြီးတစ်ယောက် လိုက်ဖမ်းဖို့ မလွယ်ကူပါ။
သူမရဲ့ လက်သီးဆုပ်လေးနဲ့ ထိုလူ့ရဲ့ ပေါင်ကို ချိန်ရွယ်လိုက်သည်။ စူစူလေး မခုန်ဘဲ ထိုးနိုင်မည့် အမြင့်ဆုံးနေရာက ထိုလူ့ရဲ့ ပေါင်တည့်တည့်ကို ဖြစ်သည်။
သေချာ ချိန်ရွယ်ထားခဲ့သော်လည်း ထိုလူ ရုတ်တရက် ပျောက်သွားသဖြင့် စူစူလေး၏ လက်သီးက လေကိုသာ ထိုးမိပါသည်။
သူမ လက်သီးနဲ့ ဘာကိုမှ မထိလိုက်မှန်း သိသွားကာ စူစူလေး ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုလူက သူမရဲ့ ညာဘက်ကို ရောက်နေပါပြီ။
ထို့ကြောင့် သူမ အရှိန်ယူပြီး ကြမ်းပြင်ပေါ်မှာ ခြေရှပ်ထိုးလိုက်သည်။
သူမရဲ့ ခြေထောက်လေးများက တိုတောင်းသော်လည်း အလွန်အားကောင်းသည်။ သူမရဲ့ စနိကာလေးများကလည်း ဖိအားများပါက မီးလင်းတတ်သည်။
စူစူလေးရဲ့ လှုပ်ရှားမှုက မြန်ဆန်ပြီး တိုက်ကွက်က မိုက်သော်လည်း သူမခြေထောက်နဲ့ ဘာကိုမှ မကန်မိပါ။
စူစူလေး ခဏရပ်လိုက်ပြီး ထိုလူ့ကို မော့ကြည့်လိုက်သည်။ သူမ မျက်လုံးထဲမှာ အံ့အားသင့်မှုများ၊ ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများ ပေါင်းစုံ ပေါ်လွင်နေပါသည်။
စူစူလေး ထပ်မံတိုက်ခိုက်ပြန်သည်။ ဒီတစ်ခါတော့ ကြမ်းပြင်ပေါ်မှာ လက်တစ်ဖက်ထောက်လျက် ခြေထောက်နှစ်ဖက်ကို လေထဲမှာ ရဟတ်ယာဉ်တစ်စင်းလို လှည့်လိုက်သည်။
ထိုလူက စူစူလေးရဲ့ ခြေထောက်တစ်ဖက်ကို လှမ်းဖမ်းလိုက်ရာ စူစူလေး ရပ်တန့်သွားရလေသည်။
စူစူလေး အားအများကြီးထည့်မထားပါ။ စူစူလေးသာ အားကုန်ထုတ်သုံးလိုက်ပါက ဒီလူ အိမ်အပြင်သို့ လွင့်ထွက်သွားလိမ့်မည်။ သို့သော် စူစူလေး ဒီလို မလုပ်ချင်ပါ။ သူမရဲ့ တိုက်ကွက်တွေနဲ့ လျှင်မြန်မှုကို လေ့ကျင့်ချင်တာ ဖြစ်သည်။ ခွန်အားကြီးသက်သက် လေ့ကျင့်လို့ မဖြစ်ပါ။
စူစူလေး ခြေထောက်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။ သေချာ မတ်တပ်ပြန်ရပ်ပြီးနောက် စူစူလေး လက်သီးဆုပ်လျက် ထိုလူ့ရဲ့ အားနည်းချက်ကို အမြန်ရှာဖွေလိုက်ပါသည်။
စူစူလေး မျက်လုံးများ အရောင်လက်သွားကာ ထိုလူ့ရဲ့ ပေါင်ကြားကို ချိန်ရွယ်လို်ကပါသည်။
ယောက်ျားလေးတစ်ယောက်အတွက် ထိုနေရာက အရေးအကြီးဆုံး ဖြစ်ကာ အကာအကွယ်အမဲ့ဆုံး နေရာလည်း ဖြစ်သည်ဟု ဦးလေးပိုင်ဟူကျစ် သင်ပေးဖူးပါသည်။
သူမ စမ်းသပ်ကြည့်လိုက်မည်။ ခွန်အားကိုတော့ အနည်းငယ် ချုပ်ထိန်းထားရပါမည်။ မဟုတ်ပါက ဒီလူ ဆေးရုံ ရောက်သွားလိမ့်မည်။
စူယွီယွမ်တို့ အဖေ မျက်မှောင်ကြုတ်သွားသည်။ စူစူလေး၏ ခွန်အားက ကြီးမားလွန်းတာကြောင့် မဟုတ်ဘဲ သူမရဲ့ ပစ်မှတ်ကြောင့်ဖြစ်သည်။
စူစူလေးရဲ့ တိုက်ကွက်ကို ရှောင်ပြီးနောက် ထိုလူ မျက်လုံးများ စူးရှသွားကာ စူစူလေးအား မေးလိုက်သည်။ “အဲ့တာ ဘယ်သူ သင်ပေးထားတာလဲ”
“မိုက်တယ်မလား သမီးဖာသာ စဉ်းစားထားတာ!”။ စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ထိုနေရာက ဒဏ်ရာရလွယ်သည်ဟု ဦးလေးပိုင်ဟူကျစ်ပြောသဖြင့် သူမ ထိုနေရာကို တိုက်ခိုက်ဖို့ စဉ်းစားမိခြင်း ဖြစ်သည်။
“အဲ့လို ထပ်မလုပ်ရဘူး”။ စူယွီယွမ်တို့ အဖေ လေးလေးနက်နက် သတိပေးလိုက်လေသည်။
“ဘာလို့လဲ”။ စူစူလေး နားမလည်နိုင်ပါ။
… … …