← Chapters

အခန်း (၉၄၁-၉၄၅)

Vol. 38 Ch. 941-945

အခန်း (၉၄၁-၉၄၅)

Vol. 38 Ch. 941-945

အခန်း(၉၄၁) ကိုယ်ခံပညာ သင်ပေးရမလား

“စူစူလေးက မိန်းကလေးလေ။ အဲ့ဒီ အကွက်က ရိုင်းတယ်။ မိန်းကလေးတစ်ယောက်က အဲ့လို မလုပ်သင့်ဘူး”။ စူယွီယွမ်တို့အဖေ မပျော်မရွှင်ပြောလိုက်သည်။ သူ့ပုံစံက ဒေါသထွက်နေသည့် ပုံစံနဲ့တောင် တူပါသည်။

“ရိုင်းလို့မရဘူးလား။ တိုက်ခိုက်နေကြတာပဲဥစ္စာ၊ ရိုင်းတာမရိုင်းတာ ဂရုစိုက်ရဦးမှာလား”။ စူစူလေး ထပ်မေးလိုက်ပါသည်။

“တခြားတိုက်ကွက်တွေ ကြိုက်တာသုံးလို့ရတယ်။ ရှင်းရှင်းပြောရရင် အဲ့အကွက်ကို သုံးခွင့်မရှိဘူး

ဒါကိုကြားတော့ စူစူလေး မျက်မှောင်ကြုတ်သွားပြီး ဒီလူ့စကားကို နားထောင်သင့် နားမထောင်သင့် ဝေခွဲရခက်သွားသည်။

သူ့မျက်နှာက လူလိမ်ဖြစ်မည့်ပုံ မပေါက်သော်လည်း သူက သူစိမ်းတစ်ယောက်ဖြစ်သည်။ သူမ အခုမှ တွေ့ဖူးသည့် သူစိမ်းဖြစ်သည်။ သူစိမ်းတစ်ယောက်ပြောတာကို အလွယ်တကူ နာခံလို့ မဖြစ်ပါ။

“တခြား အသုံးဝင်တဲ့ တိုက်ကွက်တွေ ဦးလေး သင်ပေးမယ်”။ စူစူလေး၏ အခက်တွေ့နေသော မျက်နှာကိုမြင်သောအခါ ထိုလူ ကမ်းလှမ်းလိုက်သည်။

“သမီးကို သင်ပေးတတ်လို့လား”။ စူစူလေး မေးလိုက်သည်။

သူမကို သင်ပေးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါသည်။

“သင်ပေးတတ်တယ်။ ဦးလေးရဲ့ သားနှစ်ယောက်စလုံးကို ဦးလေးကိုယ်တိုင် ကိုယ်ခံပညာ သင်ပေးခဲ့တာ”

“ဦးလေးရဲ့ သားတွေဟုတ်လား။ ယွမ်ယွမ်ကို ပြောတာလား”

တံခါးအပေါက်ဝကို စူစူလေး လှမ်းကြည့်လိုက်သည်။ စူယွီယွမ်၊ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ အားလုံးအတူတူ ရပ်နေကြပြီး စူစူလေးတို့ကို အူတူတူ ကြည့်နေကြပါသည်။

ယွမ်ယွမ်လေးက တိုက်ခိုက်တတ်မယ့်ပုံလည်း မပေါ်ပါဘူး!

“မဟုတ်ဘူး သူက ငယ်သေးလို့ လေ့ကျင့်မပေးရသေးဘူး။ တခြား သားနှစ်ယောက်ကို ပြောနေတာ”

“ဪ ဟုတ်လား”။ စူစူလေး နားလည်သွားကာ ခေါင်းငြိမ့်လိုက်သည်။

“အဲ့တာဆို ဦးလေးကို သင်ပေးခွင့်ပြုမှာလား”။ ထိုလူမေးလိုက်သည်။ သူ့မျက်လုံးတွေထဲ မျှော်လင့်ချက် အရိပ်အယောင် တချို့ မြင်နေရပါသည်။

“ဒါပေမယ့် သမီးက ဦးလေးတပည့်လုပ်လို့ မရဘူး။ သမီးမှာ ဆရာရှိပြီးသား။ တခြားဘယ်သူ့ကိုမှ ဆရာလို့ ခေါ်လို့ မရဘူး။ စည်းကမ်းချိုးဖောက်လို့ မရဘူး”။ စူစူလေး ပြောလိုက်သည်။

သူမရဲ့ ဆရာ ပြန်ရောက်မလာသေးသရွေ့ တခြားဘယ်သူ့ဆီကမှ တိုက်ခိုက်နည်း မသင်ယူဘူးဟု စူစူလေး ခံယူထားခဲ့သည်။ သို့သော်လည်း သူမဆရာကို မတွေ့ရတာ အတော်ကြာပြီဖြစ်သဖြင့် စူစူလေးရဲ့ ခံယူချက်လည်း တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

“ဦးလေးကို ဆရာလို့ ခေါ်စရာမလိုဘူး။ ဦးလေးကလည်း ဆရာ မဟုတ်ဘူး။ ဒီတိုင်း တိုက်ခိုက်ပြီး လေ့ကျင့်တာ။ တိုက်ခိုက်ရင်းနဲ့ ကိုယ်ခံပညာကို သင်ယူရမှာ”

“အဲ့တာဆို ရတယ်!”

ဒီလူကလည်း ပေါ့သေးသေးမဟုတ်ပါ။ အလွန်လျှင်မြန်လွန်းသဖြင့် စူစူလေး သူ့ကို လုံးဝ မထိနိုင်သေးပါ။

စူစူလေး၏ ပျော်ရွှင်သွားသော မျက်နှာကို ကြည့်ရင်း ထိုလူလည်း ပြုံးလိုက်မိပါသည်။

သို့သော် စူစူလေး တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး ချက်ချင်း စိတ်ပြောင်းလိုက်သည်။ “မရဘူး အခု လေ့ကျင့်လို့ မရသေးဘူး”

“ဘာဖြစ်လို့လဲ”။ ထိုလူမေးလိုက်သည်။ သူ့လေသံမှာ စိုးရိမ်ပူပန်မှုအရိပ်အယောင် ပါဝင်နေသည်။

“ဖေဖေနဲ့ မေမေ့ကို အရင်သွားပြောရမယ်။ သူတို့သဘောတူမှ ဦးလေးဆီက လာသင်နိုင်မှာ။ အရင်တုန်းကဆို ဖေဖေနဲ့ မေမေက အမြဲတမ်း ခွင့်ပြုပေးပေမယ့် အရ်ငတစ်ခေါက်က လူဆိုးကြီးတစ်ယောက် လိမ်ညာသွားလို့ ဖေဖေနဲ့ မေမေတို့ သတိထားနေရတယ်”

“ဟုတ်ပါပြီ။ စူစူလေးရဲ့ ဖေဖေနဲ့ မေမေကို အရင်ပြောပြလိုက်။ သူတို့ သဘောတူရင် စနေ တနင်္ဂနွေတိုင်း ဒီကိုလာပြီး ယွမ်ယွမ်လေးနဲ့ ကစားလို့ရတယ်။ ဦးလေးကလည်း ကိုယ်ခံပညာ သင်ပေးမယ်”။ စူစူလေးကို သူပြောလိုက်သည်။

ထို့နောက် စူစူလေး၏ ခေါင်းကို သူပွတ်သပ်ပေးလိုက်ပါသည်။ သို့သော် ၂ စက္ကန့်လောက် ကြာသောအခါ သူရုတ်တရက် ရပ်တန့်သွားသည်။

စူစူလေးက သူ့ကို မော့ကြည့်လိုက်သည်။

သူတို့ အကြည့်ချင်း ဆုံသွားပြီး ထိုလူ့မျက်နှာပေါ်မှာ စိတ်ကသိကအောက်ဖြစ်မှုတချို့ ပေါ်လွင်လာသည်။

သူ့လက်ကို အမြန်ပြန်ရုတ်သိမ်းလိုက်ပြီး မတ်တပ် ပြန်ရပ်ကာ တံခါးဆီ လျှောက်သွားလိုက်ပါသည်။

စူယွီယွမ် အခြေအနေတွေကို စောင့်ကြည့်နေတာကြာပြီဖြစ်သည်။ တစ်ချိန်လုံးလည်း သူ့ရင်တွေ တုန်နေပါသည်။ သူ့မျက်နှာလေးက အလွန် စိုးရိမ်ကြောင့်ကြနေပုံပေါ်သည်။

ကျိုးဟောက်သာ သူ့ကို ဆွဲမထားလျှင် စူစူလေးတို့ဆီ သူပြေးသွားမိလောက်ပါသ်ည။

“ဖေကြီး!”။ စူယွီယွမ် ခေါ်လိုက်သည်။

“အင်း သူငယ်ချင်းတွေနဲ့အတူ ကစားနှင့်ဦး။ ဖေကြီး အလုပ်ပြန်လုပ်လိုက်ဦးမယ်”

စူယွီယွမ်ကို မှာစရာရှိတာ မှာပြီး ခဏတောင် မရပ်ဘဲ ထွက်သွားလေသည်။

ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ စူစူလေးဆီ ပြေးသွားကြလေသည်။

ချင်းလောင်ယွင်က အလွန်အံ့အားသင့်နေပါသည်။ “ဒေါ်လေးစူစူ ခုနက အရမ်းမိုက်တာပဲ! အဲ့ဒီ အကွက်က ရုပ်ရှင်တွေထဲက အတိုင်းပဲ!”

ဒေါ်လေးစူစူကတော့ အမြဲတမ်း မိုက်နေတာပဲ!

ကျိုးဟောက်ကလည်း ချီးကျူးလိုက်သည်။ “ဒေါ်လေးစူစူတ တကယ်ကြီး ကျွမ်းထိုးနိုင်တာပဲ! ငါ့ကိုလည်း မြန်မြန် သင်ပေးစမ်းပါ”

ယောက်ျားလေးဖြစ်သည့် ကျိုးဟောက်က သူများတွေကို ပြန်ကြွားချင်နေပါသည်။

စူစူလေးကို သူအလွန်လေးစား အားကျနေပါပြီ။

စူယွီယွမ်လည်း ရောက်လာပြီး ပြောလိုက်သည်။ “ငါ့ဖေကြီးလည်း မိုက်ပါတယ်!”

“အွန်း နင့်ဖေဖေလည်း အရမ်းမိုက်ပါတယ်!”

စူစူလေးက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။

… … …

အခန်း(၉၄၂) ပိုးစိုးပက်စက် ချမ်းသာတဲ့ သခင်မစူ

တစ်ဖက်တွင် ချင်းယုကျီး အားလုံးနဲ့ စကားပြောနေတာကြာပြီဖြစ်သည်။ ဒီမိသားစုက ဘယ်လောက် ချမ်းသာပြီး အာဏာကြီးကြောင်းကလွဲလို့ တခြား ဘာအချက်အလက်မှ မရခဲ့ပါ။

စူစူလေး အခု ဘာတွေလုပ်နေမလဲ၊ သူပြောထားတာကော မှတ်မိရဲ့လားဟု ချင်းယုကျီး တွေးမိသည်။

အချိုမုန့် အခန်းထဲ ချင်းယုကျီး လှမ်းကြည့်လိုက်သည်။ သို့သော် စူစူလေးကို မတွေ့ရပါ။

သို့သော် ချင်းယုကျီး စိတ်မပူပေ။ သူ့ဖုန်းထဲမှာ စူစူလေးရဲ့ တည်နေရာကို ပြသနေသည်။ စူစူလေးက ဗီလာ ပထမထပ်မှာပဲ ရှိနေပါသည်။

စူစူလေးရဲ့ လက်ပတ်နာရီထဲမှာ ယခု ခြေရာခံစနစ်နဲ့ တည်နေရာစနစ်တွေပါ ထည့်သွင်းထားပြီဖြစ်သည်။

သူမနဲ့အတူ လိုက်လာသည့် လူကြီးတွေနဲ့ ဝေးရာကို ရောက်သွားတာနဲ့တစ်ပြိုင်နက် အချက်ပေးသံ စမြည်လိမ့်မည်။

တကယ်တော့ စူစူလေး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှာကို ချင်းယုကျီး စိတ်ပူတာ မဟုတ်ပါ။ သူတို့ ဒေါ်လေးက သာမန်လူ မဟုတ်တာကြောင့် သူမကို ထိခိုက်အောင် လုပ်နိုင်သူဟူ၍ မရှိပေ။

သူတို့ ဒေါ်လေးကသာ သူများကို လိုက်ရိုက်နေခြင်းဖြစ်သည်။

ဒေါ်လေးကို ထိခိုက်အောင် လုပ်နိုင်သူ တကယ်ရှိနေပါက သူတို့လို သာမန်လူတွေ ဘာမှ တတ်နိုင်မှာ မဟုတ်ပါ။ ဘယ်သူမှ မကူညီနိုင်ပေ။

စူစူလေးကို ကာကွယ်ပေးနေရသည့် အဓိက ရည်ရွယ်ချက်က အလှည့်စား မခံရစေဖို့ ဖြစ်သည်။

အထူးသဖြင့် ထန်ထိုက်မင်လို ဉာဏ်နီဉာဏ်နက်များသည့် လူတွေလက်မှ ကာကွယ်ပေးနိုင်ဖို့ ဖြစ်သည်။

ရှောက်ကျင်းယန်လည်း ပြန်ရောက်လာပြီး ချင်းယုကျီးဘေးမှာ တိုးတိုးတိတ်တိတ် ဝင်ထိုင်လိုက်ပါသည်။

“ဘယ်လိုလဲ အစ်ကိုရှောက်”။ ချင်းယုကျီး ခေါင်းငုံ့လျက် တိုးညှင်းစွာ မေးလိုက်ပါသည်။

“ထူးခြားတာမရှိဘူး”။ ရှောက်ကျင်းယန် ပြန်ဖြေလိုက်ပြီး ချင်းယုကျီးကို ပြန်မေးလိုက်သည်။ “မင်းဘက်ကကော”

“အသုံးဝင်တာ ဘာမှ မသိခဲ့ရဘူး။ ကျွန်တော်တို့ သိပြီးသားတွေချည့်ပဲ ထပ်ကြားခဲ့ရတာ။ အသစ်အဆန်းဆိုလို့ ဒီအိမ်ရဲ့ မျိုးရိုးနာမည်က စူမဟုတ်ဘူး ဆိုတာပဲ ရှိတယ်”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။

“အဲ့တာဆို သူတို့ မျိုးရိုးနာမည်က ဘာလဲ”။ ရှောက်ကျင်းယန် မေးလိုက်သည်။

“မသိဘူး”။ ချင်းယုကျီး ခေါင်းခါလိုက်သည်။ ထို့ကြောင့် သူတို့ရထားသည့် အချက်အလက်တွေက ဘာမှ သုံးစား မရပေ။

ဥယျာဉ်ထဲမှာ တခြားအမျိုးသမီးများကို ဧည့်ခံနေသည့် သခင်မစူအား ချင်းယုကျီး လှမ်းကြည့်လိုက်သည်။ “အဲ့ဒီ အမျိုးသမီးက ကလေးအမေတွေကို ဧည့်ခံနေတယ်။ သူ့ကို ထပ်ချဉ်းကပ်ဖို့ အခွင့်အရေးလည်း မရဘူး”

“ထပ်ချဉ်းကပ်လည်း ဘာမှထူးမယ်မထင်ဘူး။ အဲ့ဒီအမျိုးသမီးက အရမ်းပါးနပ်တယ်”။ ရှောက်ကျင်းယန် ပြောလိုက်ပါသည်။

“ပါးနပ်တဲ့ အမျိုးသမီးတွေက အမြဲတမ်း ခေါင်းကိုက်စရာပဲနော်”

--- --- ---

ဥယျာဉ်ထဲမှာ အမျိုးသမီးများစွာက သခင်မစူကို ချီးမွမ်းထောပနာ ပြုနေကြသည်။ တချို့က သခင်မစူ၏ အဝတ်အစားများ၊ တချို့က သူမရဲ့ ဖိနပ်များနဲ့ လက်ဝတ်ရတနာများ၊ တချို့က သူမရဲ့ ဆံပင်နဲ့ မိတ်ကပ်တွေကို ချီးကျူးကြပါသည်။

မျက်နှာလို မျက်နှာရလုပ်နေကြမှန်း သိသာသော်လည်း သခင်မစူက တကယ်လှပပါသည်။ သေချာ မေးမြန်းကြည့်မှ သူမ အသက် ၄၅ နှစ်ရှိနေပြီဆိုတာကို သိခဲ့ကြသည်။ သူမကို အသက် ၃၀ ဝန်းကျင်သာ ရှိဦးမည်ဟု ထင်ထားခဲ့ကြတာ ဖြစ်သည်။

ထို့အပြင် သူမ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာနဲ့ အဝတ်အစားအားလုံးက အလွန်တန်ဖိုးကြီးမားသည်။ ဘယ်အရာကိုပဲ ကြည့်လိုက်ကြည့်လိုက် သာမန်လူတွေ ဝယ်ယူနိုင်မည့် အရာမဟုတ်ပါ။

“အဟမ်း… ဪ ဟုတ်သားပဲ။ အားလုံးအတွက် ကျွန်မ လက်ဆောင်လေး စီစဉ်ပေးထားတယ်။ ဒီနေ့ မအားတဲ့ကြားက ဒုက္ခခံပြီး ကျွန်မတို့ဆီ လာခဲ့ရတာ။ ကျွန်မ ဒီကို အခုမှ ပြောင်းလာတာဆိုတော့ ပစ္စည်းကောင်းတွေ ဘာတွေလည်း သိပ်မရှိဘူး။ အဲ့တာကြောင့် ကျွန်မ ဧည့်ဝတ်မကျေသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျွန်မ လက်ဆောင်လေး တချို့ပဲ စီစဉ်ပေးနိုင်တယ်။ သခင်မတို့ သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်”

ပြောပြောဆိုဆိုနဲ့ သခင်မစူ လက်ပြလိုက်ရာ အိမ်စေတစ်ယောက် သေတ္တာတစ်လုံးနဲ့ ရောက်လာလေသည်။

အားလုံးရှေ့မှာ ထိုသေတ္တာကို သခင်မစူ ဖွင့်ပြလိုက်သည်။

အထဲမှာ လက်ဝတ်ရတနာပေါင်းများစွာကို လှလှပပ စီစဉ်ထားပါသည်။

စိန်၊ နီလာ၊ ကျောက်စိမ်း၊ ပတ္တမြား စသည်ဖြင့် တန်ဖိုးကြီးပြီး အရည်အသွေးမြင့်သည့် ရတနာတွေ တန်းစီနေသည်။

သခင်မစူ ပြုံးကာ ပြောလိုက်သည်။ “သခင်မတို့ ကြိုက်ရာတစ်ခုစီ ရွေးကြပါ”

“ဒါတွေက ကျွန်မတို့အတွက်လား သခင်မစူ”

… … …

အခန်း(၉၄၃) ချင်းမိသားစုအကြောင်း မေးမြန်းခြင်း (၁)

အမျိုးသမီးအားလုံး မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

“အားလုံး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်”။ သခင်မစူက သိမ်သိမ်မွေ့မွေ့ အပြုံးဖြင့် ပြောလိုက်သည်။

အမျိုးသမီးတွေအားလုံး မလှုပ်ရဲကြသေးပါ။ နောက်ဆုံးတော့ အမျိုးသမီးတစ်ယောက်က မနေနိုင်တော့ဘဲ ခိုဥ အရွယ်လောက်ရှိသော စိန်လက်စွပ်တစ်ကွင်းကို ရွေးလိုက်လေသည်။

တခြားသူတွေလည်း ဟန်မဆောင်နိုင်တော့ဘဲ ကြိုက်ရာ ရွေးကြလေသည်။ ဟန်ဆောင်ပြနေပါက တန်ဖိုးကြီးသည့် လက်ဝတ်ရတနာများကို သူများတွေ လက်ဦးသွားကြလိမ့်မည်။

ယခင်တုန်းက ချူးဟမ့်နဲ့ ပူးပေါင်းဖူးသူ ကျန့်ထုံ၏ မိန်းမဖြစ်သူ သခင်မကျန့်လည်း ဒီနေ့ အားလုံးနဲ့အတူ ရှိနေပါသည်။ သူမရဲ့ မျက်လုံးများက လက်ဝတ်ရတနာတွေဆီမှာသာရှိနေသည်။

လက်ဝတ်ရတနာပုံကိုကြီးကို ကြည့်ရင်း သူမ ဘာကိုရွေးချယ်ရမှန်း မသိဖြစ်နေလေသည်။ သူမ ရွေးချယ်လိုက်သည့် အရာက တန်ဖိုးနည်းနေမှာကို စိတ်ပူနေပါသည်။

သို့သော် သူမ တွန့်ဆုတ်နေသောကြောင့် အစက မျက်စိကျနေသည့် လက်ဝတ်ရတနာ နှစ်ခုကို သူများတွေ ယူသွားလေသည်။

ထို့ကြောင့် ကျောက်စိမ်းလည်ဆွဲတစ်ကုံးကို သခင်မကျန့် အမြန်ဆွဲယူလိုက်ပါသည်။

လက်ထဲရောက်လာသောအခါ ထိုကျောက်စိမ်းလည်ဆွဲကို သူမ သေသေချာချာ အကဲခတ်မိသည်။ အရောင်အသွေးကို ကြည့်ခြင်းအားဖြင့် တန်ဖိုးနည်းနိုင်မှာ မဟုတ်မှန်း သူမ သေချာသွားပါသည်။

ထို့အပြင် ကျန်လက်ဝတ်ရတနာများ၏ တန်ဖိုးကလည်း တစ်သန်းအောက် မနိမ့်နိုင်ပါ။

သခင်မစူက အလွန်ရက်ရော သဘောကောင်းလွန်းသည်။ အခုမှ တွေ့ဖူးသည့် ကျောင်းသားမိဘများကို ဒီလို တန်ဖိုးကြီး လက်ဆောင်တွေ ပေးနိုင်သဖြင့် သူမ မတော်မတရား ချမ်းသာနေလို့သာ ဖြစ်ပါလိမ့်မည်။

ဟုံဖုန်းတက္ကသိုလ်မှာ တက်ရောက်နေကြသည့် ကလေးများ၏ မိဘများက ပြည့်စုံကြသော်လည်း တကယ့် လူကုံထံ မိသားစုကြီးတွေနဲ့တော့ မနှိုင်းယှဉ်နိုင်ပေ။

သခင်မကျန့်က အမေတစ်ယောက်မဟုတ်ဘဲ စူစူလေးတို့ အတန်းထဲက ကျောင်းသားတစ်ယောက်၏ အဒေါ်ဖြစ်သည်။

ဒီမိသားစုအကြောင်းကို သူမယောက်ျားက သိချင်နေသဖြင့် သူမ ယောက်မကိုယ်စား ဒီကို တက်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ဒီလောက်ကြီးမားသည့် အခွင့်အရေးတစ်ခု ရလာလိမ့်မည်ဟု ထင်မထားခဲ့ပါ။

အကျိုးအမြတ်ကို မြင်သွားသော သခင်မကျန့်က တောက်တောက်ပပ ပြုံးလိုက်ပြီး သခင်မစူအနားကပ်ကာ ပြောလိုက်သည်။ “ဘာမှ စိတ်မပူနဲ့ သခင်မစူ။ ကျောင်းမှာ ကျွန်မတို့ ကလေးက ယွီယွမ်လေးကို ဂရုစိုက်ပေးမှာပါ”

သခင်မစူ အပြုံးဖြင့် ပြန်ပြောလိုက်သည်။ “အဲ့လို လုပ်ဖို့ မလိုပါဘူးရှင်။ အားလုံးက ကလေးတွေပဲ ဥစ္စာ။ အားလုံး ခင်ခင်မင်မင်ရှိကြရင်ပဲ လုံလောက်ပါပြီ။ ဘာမှ အထူးတလည်ကြီး ဂရုစိုက်စရာမလိုဘူး။ ကျွန်မတို့ သားလေးက ယောက်ျားလေးဆိုတော့ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းရှိရမယ်။ ကျွန်မတို့ လင်မယားက သားလေးကို အလိုလိုက်ခံရပြီး ပျော့ညံ့တဲ့ ယောက်ျားတစ်ယောက်အဖြစ် ကြီးပြင်းမလာစေချင်ဘူး”

“ဟုတ်ပါတယ် ဟုတ်ပါတယ် သခင်မစူ ပြောတာ မှန်ပါတယ်။ ကျွန်မ စကားမှားသွားတယ်။ ကလေးတွေ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ရင်ပြီးတာပါပဲ။ မိဘတွေဖြစ်တဲ့ ကျွန်မတို့က အများကြီး ဝင်မပါသင့်ဘူး”

သခင်မကျန့် စကားကို အမြန်ပြင်ပြီး သခင်မစူကို ထောက်ခံလိုက်ပါသည်။

သခင်မစူက ဘာမှပြန်မပြောဘဲ ကြော့ကြော့ရှင်းရှင်းသာ ပြုံးနေပါသည်။

သခင်မကျန့်က စကားဆက်လိုက်၏။ “သခင်မစူ ဒီလောက် နုပျိုနေအောင် ဘယ်လို ထိန်းသိမ်းလဲဟင်။ ရှင့်ကို ကလေး ၃ ယောက်မိခင်လို့ ဘယ်သူမှ မထင်ကြဘူး။ အရမ်းငယ်ရွယ်နုပျိုပြီး အပျိုလေးတစ်ယောက်နဲ့တောင် တူနေတယ်”

“ကျွန်မယောက်ျားရဲ့ ဂရုစိုက်မှုကြောင့် ဖြစ်မှာပေါ့ရှင်”။ သခင်မစူ အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။

“သခင်မစူက ဟွာချန့်မြို့ကို အခုမှ ရောက်လာတာဆိုတော့ အကူအညီလိုတာရှိရင် ကျွန်မတို့ လင်မယားကို ပြောနော်။ ကျွန်မ ယောက်ျား ကျန့်ထုံက အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်တယ်”။ သခင်မကျန့်က သူမယောက်ျားကို မိတ်ဆက် ပေးလိုက်ပါသည်။

“အိမ်ခြံမြေလုပ်ငန်းဟုတ်လား။ ဟွာချန့်မြို့ရဲ့ အနောက်မြောက်ပိုင်းမှာ အကြီးစား ပရောဂျက်တစ်ခုရှိတယ်လို့ ကြားမိတယ်။။ အဲ့တာ ရှင်တို့မိသားစုလား”။ သခင်မစူ စိတ်ဝင်တစား မေးလိုက်သည်။

အိမ်ခြံမြေလုပ်ငန်းအကြောင်း သခင်မစူ စိတ်ဝင်စားနေတာကို မြင်ပြီး သခင်မကျန့်လည်း အမြန်ရှင်းပြလိုက်ပါသည်။ “မဟုတ်ပါဘူး။ အဲ့ဒီပရောဂျက်ကို အိမ်ခြံမြေအကြောင်း သိပ်နားမလည်တဲ့လူတွေ ကိုင်တွယ်နေကြတာ”

ပြောပြောဆိုဆိုနဲ့ သူတို့ထိုင်နေသည့် ဥယျာဉ်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေသည့် လက်ဘက်ရည်အခန်းထဲ ထိုင်နေသော ချင်းယုကျီးအား သခင်မကျန့် လှမ်းကြည့်လိုက်ပါသည်။ ထို့နောက် သခင်မစူ၏ နားထဲသို့ တီးတိုး ပြောလိုက်သည်။

“ချင်းမိသားစုကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ချင်းမိသားစုရဲ့ ကုမ္ပဏီက နည်းပညာကုမ္ပဏီလေ။ ဒီတစ်ခေါက် ကောက်ကာငင်ကာကြီး အိမ်ခြံမြေအပိုင်းကို ကူးလာကြတာ။ အတွေ့အကြုံလည်းမရှိ ရင်းမြစ်လည်း မရှိကြဘဲ ဒီလောက်ကြီးမားတဲ့ ပရောဂျက်ကြီးကို ကိုင်တွယ်နေကြတာ။ အခုတောင် အခြေအနေ သိပ်မကောင်းဘူးလို့ ကြားမိတယ်။ အရမ်း အန္တရာယ်များပါတယ်”

… … …

အခန်း(၉၄၄) ချင်းမိသားစုအကြောင်း မေးမြန်းခြင်း (၂)

သူမ စကားကို သခင်မစူ ယုံကြည်စေဖို့အတွက် သခင်မကျန့် ဆက်ပြောလိုက်သည်။ “ဘဏ်ကနေ သူတို့တွေ ချေးငွေ အများကြီး ယူထားတယ်လို့လည်း ကျွန်မသူငယ်ချင်းတစ်ယောက်က ပြောတယ်။ ကျွန်မသူငယ်ချင်းယောက်ျားက ဟွာချန့်ဘဏ်ရဲ့ မန်နေဂျာလေ။ အဲ့တာကြောင့် သူတို့ပြောတာ ဖြစ်နိုင်လောက်တယ်”

“ဪ ဟုတ်လား။ အဲ့တာဆို ချင်းမိသားစုက ငွေရေးကြေးရေး ဒုက္ခရောက်နေကြတာပေါ့”။ သခင်မစူ သေချာစဉ်းစားကာ မေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်။ သူတို့ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ အိမ်ခြံမြေလောကမှာ ချေးငွေယူတာ မဆန်းပေမယ့် သူတို့မိသားစု လုပ်နေတာတွေက အန္တရာယ်များလွန်းတယ်။ တစ်နေရာမှာ ပြဿနာတစ်ခုခု တက်တာနဲ့ တခြားနေရာတွေကိုပါ ဆက်တိုက်ကူးစက်သွားပြီး အကုန်ပြိုလဲ ပျက်စီးကုန်မှာပဲ!”

“အန္တရာယ်များမယ့်ပုံပဲနော်”။ သခင်မစူ တီးတိုး ရေရွတ်လိုက်သည်။

သခင်မကျန့် ပိုမိုစိတ်အားထက်သန်လာပါသည်။ “သခင်မစူတို့ လင်မယားက အိမ်ခြေမြေအပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ တွေးထားလို့လား”

သခင်မကျန့်ရဲ့ မျက်လုံးတွေ အလွန်တောက်ပနေပါသည်။ သခင်မစူသာ ခေါင်းငြိမ့်လိုက်တာနဲ့ သူမယောက်ျားရဲ့ ကုမ္ပဏီကို မိတ်ဆက်ပေးနိုင်သည်။

သခင်မကျန့်က သခင်မစူနဲ့ အဆက်အသွယ်တည်ဆောက်နိုင်ဖို့ ပေါ်တင်ကြီး ကြိုးစားနေတာကို တခြားအမျိုးသမီးတွေ သတိထားမိပါသည်။

သခင်မကျန့်လက်ထဲ ဒီအခွင့်အရေးကို မရောက်စေချင်သဖြင့် ကျန်အမျိုးသမီးတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြလေသည်။

“သခင်မစူ၊ ကျွန်မတို့ မိသားစုက အိမ်ခြံမြေလုပ်ငန်း မလုပ်ပေမယ့် ပြည်တွင်းက ကုမ္ပဏီတချို့နဲ့ ကျွန်မ မိတ်ဆက်ပေးနိုင်တယ်”

“ဟုတ်တယ် သခင်မစူ။ ကျွန်မတူလေးရဲ့ ယောက္ခမက အိမ်ခြံမြေလုပ်ငန်း လုပ်တာ။ သူတို့ ကုမ္ပဏီက သခင်မကျန့်တို့ ကုမ္ပဏီထက်တောင် ပိုကြီးမားသေးတယ်”

“…”

စကားဖြတ်လုခံလိုက်ရသည့် သခင်မကျန့် အံကြိတ်မိသွားသည်။

ဒီမိန်းမတွေ ဘာလုပ်နေတာလဲ။

သခင်မစူနဲ့ သူမနဲ့ စကားပြေနေတာကို ဘာလို့ ဝင်ရှုပ်နေတာလဲ။

သူတို့မှာ အိမ်ခြံမြေကုမ္ပဏီတောင် မရှိဘဲနဲ့!

တခြားအမျိုးသမီးတွေကလည်း ဂရုမစိုက်ပါ။ ဒီလိုအချိန်မျိုးမှာ ဘယ်သူ့မျက်နှာမှ ထောက်နေစရာ မလိုပေ။

သခင်မစူက ဒီလို မြင်ကွင်းတွေကို မြင်ဖူးပြီးသားဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။ “အားလုံးရဲ့ စေတနာကို ကျွန်မ အသိအမှတ်ပြုပါတယ်။ ကျွန်မတို့ လက်တွဲဖို့ အစီအစဉ်ရှိရင် သခင်မတို့ မိတ်ဆက်ပေးတဲ့ ကုမ္ပဏီတွေကို ဦးစားပေး စဉ်းစားပါ့မယ်”

ထို့နောက် သခင်မစူ ထပ်မေးလိုက်သည်။ “ဒါနဲ့ ခုနက ရှင်တို့ပြောတဲ့ အနောက်မြောက်ပိုင်း ပရောဂျက်ကို ကိုင်တွယ်ထားတဲ့ ချင်းမိသားစုဆိုတာ ကျွန်မတို့ အိမ်နားက ချင်းမိသားစုကို ပြောတာလား”

“ဟုတ်တယ် ဟုတ်တယ် သူတို့ပဲ”။ သခင်မကျန့် တွန့်ဆုတ်မှုမရှိဘဲ ခေါင်းငြိမ့်လိုက်ပါသည်။

“သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့က အသက် ၈၀ ဝန်းကျင် ရှိနေကြပြီဆို။ အနားယူသွားတာလည်း ကြာပြီလို့ ကြားတယ်။ အခုမှ ဘာလို့ အဲ့ဒီပရောဂျက်ကို ထလုပ်ရတာလဲ။ ဒီလောက်ကြီးမားတဲ့ ပရောဂျက်ကြီးအတွက် အချိန်ကုန် လူပင်ပန်းဖြစ်ရမှာနော်”။ သခင်မစူ မေးလိုက်သည်။

“အမှန်ပါပဲရှင်! ကျွန်မ အမြင်မှာတော့ သခင်ကြီးချင်းတို့လင်မယားက အရင်လို မဟုတ်တော့ဘူး။ ဒီပရောဂျက်မှာ သူတို့အောင်မြင်ပါ့မလားဆိုတာတောင် မသေချာပါဘူး”

ချင်းမိသားစု၏ ပရောဂျက်က ယုံကြည်ချင်စရာမကောင်းမှန်း သခင်မကျန့် အရိပ်အမြွက်ပေးလိုက်ပါသည်။

“အဲ့တာဆို သခင်ကြီးချင်းတို့က ဘာလို့ အဲ့ဒီပရောဂျက်ကို ဆက်လုပ်နေကြသေးတာလဲ”။ သခင်မစူ မေးလိုက်သည်။

“အတိအကျတော့ ကျွန်မတို့လည်း မသိဘူး။ ချင်းမိသားစုကလည်း အသေးစိတ် မထုတ်ပြန်သေးဘူး။ ဒါပေမယ့် ကျွန်မ ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ အဲ့ဒီ ကလေးမလေးကြောင့်ပဲ ဖြစ်မှာ။ သခင်ကြီးချင်းတို့ လင်မယားက အသက်ကြီးမှ သမီးလေးတစ်ယောက် မွေးလာလို့ အရမ်း အလိုလိုက်ထားကြတာ။ ဒါပေမယ့် သူတို့ ဆုံးသွားရင် သူတို့သမီးလေးကို ဂရုစိုက်မယ့်သူ မရှိမှာ စိတ်ပူနေကြတာလေ”

“ကျွန်မလည်း အဲ့လိုပဲ ထင်တယ်။ သခင်ကြီးချင်းတို့ရဲ့ သားတွေကလည်း အသက်ကြီးနေပြီ။ မကြာခင် သူတို့တွေတောင် အဘိုးအရွယ် ရောက်ကြတော့မယ်။ သူတို့ ညီမလေးကို ကောင်းကောင်းဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် သခင်ကြီးချင်းတို့ စိတ်ပူလည်း ပူချင်စရာပါပဲ”။

“ဒါနဲ့ ကျွန်မ အတွင်းသတင်းတချို့ ရထားတယ်သိလား။ ချင်းအိမ်တော်မှာ သားအကြီးဆုံး ချင်းရှင်းကျစ်ရဲ့ မိန်းမ ဝမ်ချင်းက အခုမှ ရုတ်တရက်ပေါ်လာတဲ့ သူ့ယောက်မလေးကို သဘောမကျဘူးတဲ့။ အပြင်လူတွေကိုတောင် သူ့ယောက်မလေးက မကောင်းဆိုးဝါးလေး ဆိုပြီး လိုက်ပြောနေတာတဲ့”

အမျိုးသမီးတွေက သူမတို့ ကြားထားသည့် အတင်းအဖျင်းတွေအကြောင်း သခင်မစူကို တစ်ယောက်ပြီး တစ်ယောက် ပြောပြနေပါသည်။

“မစ္စချင်းက သူ့ယောက်မလေးကို မကောင်းဆိုးဝါးလို့ ခေါ်တယ်ဟုတ်လား”။ သခင်မစူ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

… … …

အခန်း(၉၄၅) ချင်းယွင်ကျစ်နဲ့ ယန်းမင်အာ (၁)

သို့သော် ချက်ချင်းဆိုသလိုပဲ သခင်မစူရဲ့ မျက်နှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခပ်သဲ့သဲ့ ရယ်မောလျက် ပြောလိုက်သည်။ “တစ်ခုခု မှားနေတာများလား။ အဲ့ဒီ ကလေးမလေးက ဒီလောက် ချစ်ဖို့ကောင်းတာကို ဘာလို့ မကောင်းဆိုးဝါးဖြစ်ရမှာလဲ”

“မဟုတ်ဘူး တကယ်ပြောတာ။ အဲ့ဒီနေ့က ချင်းအိမ်တော်ကို ကျွန်မ ဝမ်းကွဲအစ်မသွားခဲ့တာလေ။ မစ္စချင်းကိုယ်တိုင် အဲ့လိုပြောခဲ့တာ။ ဒါပေမယ့် ချင်းမိသားစုက သတင်းမပေါက်ကြားအောင် အမြန်ထိန်းလိုက်တော့ ကျွန်မ ဝမ်းကွဲအစ်မလည်း ဘယ်သူ့ကိုမှ ပြန်မပြောရဲတော့ဘူး။ ညီအစ်မတွေဖြစ်တဲ့ ကျွန်မကိုပဲ နည်းနည်းလေး ပြောပြတာ”

“အဲ့တော့ စူစူလေးကို ဂရုစိုက်မယ့်သူမရှိမှာဆိုးလို့ သခင်ကြီးချင်းတို့ လင်မယားက အသက်ကြီးမှ အလုပ်တွေ ကြိုးစားလုပ်နေတာပေါ့ ဟုတ်လား”။ သခင်မစူ ထပ်မေးလိုက်သည်။

“အဲ့တာတော့ သေချာ မပြောတတ်ဘူး”

“ဟုတ်တယ် ချင်းမိသားစုရဲ့ အတွင်းရေးဆိုတော့ ခန့်မှန်းလို့ပဲ ရတယ်”

“ဒါပေမယ့် ဖြစ်နိုင်ချေက များတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကမှ အနားယူသွားတဲ့ သခင်ကြီးချင်းတို့ လင်မယားက အေးအေးချမ်းချမ်းနေရတော့မယ့်အစား ဘာလို့ရုတ်တရက်ကြီး ဒီလို ပရောဂျက်ကြီးတစ်ခုကို ထလုပ်ရမှာလဲ”

အမျိုးသမီးများရဲ့ တီးတိုးပြောသံတွေကို ကြားပြီး သခင်မစူ မျက်နှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။

“သခင်မစူ ဘာဖြစ်လို့လဲဟင်”။

သခင်မစူ မျက်နှာ ပြောင်းလဲသွားတာကို သခင်မကျန့် သတိထားမိပါသည်။

“ဪ ဘာမှ မဖြစ်ပါဘူး”။ သခင်မစူ ချက်ချင်း ပြန်လည် သိမ်မွေ့သွားပါသည်။ “အတွေးလွန်သွားလို့ပါရှင်”

ထို့နောက် သခင်မစူ ဆက်ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ဆက်ပြောကြပါဦး။ ကျွန်မက ဒီကို အခုမှ ရောက်တာဆိုတော့ မသိတာတွေ အများကြီးပဲ။ ရှင်တို့ ပြောတာကို နားထောင်ရတော့ ကျွန်မလည်း ဟွာချန့်မြို့အကြောင်း ပိုနားလည်တာပေါ့”

သခင်မစူက အတင်းအဖျင်းပြောရတာ သဘောကျမှန်း သိလိုက်ရသောအခါ အမျိုးသမီးတွေ ပိုတက်ကြွသွားကြသည်။

အားလုံး ကိုယ်ကြားထားသည့် အတင်းအဖျင်းတွေအကြောင်း အားမနာတမ်း စပြောကြလေသည်။

“သခင်မစူ ချင်းမိသားစုအကြောင်း ကြားချင်တယ်ဆိုရင်တော့ ပြောစရာတွေက အများကြီးပဲ။ သခင်ကြီးချင်းတို့ရဲ့ သမီးလေးအကြောင်း ပြောရုံနဲ့တင် နေ့တစ်ဝက်လောက် ကုန်သွားနိုင်တယ်။ အဲ့ဒီ ကလေးမလေးက သတင်းတွေထဲမှာတောင် ပါဖူးတယ်နော်”

“ဟုတ်တယ်။ အရင်တုန်းကဆို သူက မတော်မတရား ခွန်အားကြီးတဲ့ဆိုတဲ့ ကောလဟာလတွေတောင် ထွက်ဖူးတယ်။ အဲ့ကောလဟာလတွေ ထွက်လာတော့ ကျွန်မတို့ မူကြိုက အဲ့ဒီ ချင်းစူစူကို ကျောင်းထုတ်ဖို့ထိတောင် ဖြစ်ခဲ့ကြသေးတယ်”

“ဒါပေမယ့် ချင်းစူစူက ကံတော့ တော်တော်ကောင်းတယ်။ ချင်းမိသားစုထဲ သူရောက်လာမှ သခင်လေးတွေ အကုန် တိုးတက်ပြောင်းလဲလာကြတယ်။ အရင်က အမြဲတမ်း ရန်ဖြစ်ပြီး ကလေကချေ လုပ်နေတဲ့ သခင်လေးယုကျီးတောင် လိမ္မာသွားတယ်။ ဒီနေ့ သူနဲ့အတူ လိုက်လာတဲ့ ဟိုက ကောင်လေးလေ။ သူအခု လိမ္မာနေပြီ။ ဒါပေမယ့် အရင်တုန်းက အရမ်းဆိုးတာနော်!”

သခင်မစူက အပြုံးဖြင့်သာ တုန့်ပြန်ခဲ့ပါသည်။

--- --- ---

ပါတီပွဲပြီးဆုံးသောအခါ ဧည့်သည်တွေအားလုံးကို သခင်မစူ နှုတ်ဆက်ခဲ့သည်။ ထို့နောက် အပေါ်ထပ်သို့ တက်လာခဲ့ပါသည်။

စာကြည့်ခန်းတံခါးကို ဖွင့်ကြည့်လိုက်သောအခါ သူမယောက်ျားက ပုံမှန်အတိုင်း အလုပ်စားပွဲမှာ ထိုင်နေပြီး အလုပ်လုပ်နေပုံပေါက်သည်။

ရုတ်တရက် ကြည့်လိုက်လျှင်တော့ စာရွက်စာတမ်းတွေကို ကြည့်နေသည်ဟု ထင်ရသော်လည်း အနားရောက်သောအခါ သူမယောက်ျား ကြည့်နေတာ စာရွက်စာတမ်းတွေ မဟုတ်ဘဲ ဓာတ်ပုံဟောင်းတစ်ခု ဖြစ်နေမှန်း တွေ့လိုက်ရသည်။

သူမတို့ရဲ့ မိသားစု ဓာတ်ပုံဖြ်စပါသည်။

ဓာတ်ပုံထဲမှာ လူတွေအများကြီး ပါဝင်သည်။ သခင်ကြီးချင်း၊ သခင်မကြီးချင်း၊ ချင်းရှင်းကျစ်၊ ဝမ်ချင်း၊ ချင်းယန်ကျစ်၊ ရှောင်းပေပေနဲ့ သူမတို့လင်မယားနှစ်ယောက်တို့ ဖြစ်သည်။

သူမတို့ရဲ့ မျိုးရိုးနာမည်က စူ မဟုတ်ခဲ့ပါ။

သူမတို့က သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ရဲ့ သားအငယ်ဆုံး ချင်းယွင်ကျစ်နဲ့ ချွေးမအငယ်ဆုံး ယန်းမင်အာတို့သာ ဖြစ်ကြသည်။

လင်မယားနှစ်ယောက် ဟွာချန့်မြို့မှ ထွက်သွားခဲ့တာ နှစ် ၂၀ ကျော်ကြာပါပြီ။

အချိန်အတော်ကြာမှ ဇနီးဖြစ်သူ ယန်းမင်အာကို ချင်းယွင်ကျစ် မော့ကြည့်ကာ မေးလိုက်သည်။

“ဧည့်သည်တွေ ပြန်သွားပြီလား”

“အင်း ပြန်သွားပြီ”

ယန်းမင်အာ၏ ပုံစံက ပျော်ရွှင်နေပုံမပေါ်ပါ။ သူမ ဆိုဖာဆီ လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်ကာ ရေတစ်ခွက် ငှဲ့လျက် တစ်ကျိုက်တည်း သောက်လိုက်ပါသည်။

“ဘာဖြစ်လို့လဲ”။ ဇနီးဖြစ်သူရဲ့ စိတ်အခြေအနေကို သတိထားမိပြီး ချင်းယွင်ကျစ် မေးလိုက်သည်။

ယန်းမင်အာကလည်း ဘာမှဖုံးကွယ်မထားဘဲ ဒီနေ့ တခြားအမျိုးသမီးများ ပြောပြခဲ့သည့်အကြောင်းတွေကို အကုန် ပြန်ပြောပြလိုက်ပါသည်။

ချင်းယွင်ကျစ် မျက်မှောင်ကြုတ်သွားပြီး ဓာတ်ပုံကိုင်ထားသည့် သူ့လက်တွေ ပိုမို တင်းမာသွားပါသည်။

“စူစူလေးကို ဂရုစိုက်မယ့်သူ မရှိမှာစိုးလို့ အဖေနဲ့ အမေက ဒီအရွယ်ရောက်မှ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေကြတာပေါ့ ဟုတ်လား”

… … …

All Chapters