အခန်း (၉၄၆-၉၅၀)
Vol. 38 Ch. 946-950
အခန်း(၉၄၆) ချင်းယွင်ကျစ်နဲ့ ယန်းမင်အာ (၂)
“အဲ့လိုကြားတာပဲ”။ ယန်းမင်အာ မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်ပါသည်။ မျက်နှာကို ကြည့်ရုံနဲ့ သူမ မကျေမနပ် ဖြစ်နေမှန်း သိသာသည်။
အပြင်လူတွေရှေ့မှာ သူမ စိတ်ခံစားချက်ကို ထုတ်ပြလို့ မဖြစ်သော်လည်း ယောက်ျားရှေ့မှာတော့ ဘာမှ ဖုံးကွယ်ထားစရာ မလိုပါ။
ချင်းယွင်ကျစ် ဘာမှ မပြောသော်လည်း မျက်မှောင်တွေ ကြုတ်နေပါသည်။
ဓာတ်ပုံကို သူ ပြန်ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နှက်နေသည်။
ယောက်ျားဖြစ်သူ တိတ်ဆိတ်သွားတာကို မြင်ပြီး ယန်းမင်အာ မတ်တပ်ရပ်ကာ သူ့ထံ လျှောက်သွားလိုက်ပါသည်။
သူမ ယောက်ျား ဘာမှမပြောသော်လည်း စိတ်ထဲဘာတွေတွေးနေသလဲဆိုတာ ယန်းမင်အာ သိပါသည်။
“ယောက်ျား မနက်ဖြန် ချင်းအိမ်တော်ကို ကျွန်မ သွားလိုက်ရမလား”။ ယန်းမင်အာ မေးလိုက်သည်။
ချင်းယွင်ကျစ် ခေါင်းခါလိုက်သည်။ သူ့အကြည့်က အလွန်ခိုင်မာပါသည်။ “သူတို့ သိကြမှာပါ။ ဒီနေ့ မသိရင်တောင် တစ်နေ့နေ့ကျ ကျိန်းသေပေါက် သိကြလိမ့်မယ်”
သူတို့ ပြန်ရောက်လာသည့်အကြောင်း ပေါ်တင် ထုတ်မပြောခဲ့သော်လည်း ဖုံးကွယ်ထားခြင်း မရှိပါ။
ဒီ ၂ ရက်အတွင်း သူ့တူတွေ သူ့အကြောင်း စုံစမ်းနေကြမှန်း ချင်းယွင်ကျစ် သိပါသည်။ ဒီနေ့ ယုကျီးနဲ့အတူတူ လိုက်လာသည့် လူကလည်း ပေါ့သေးသေး မဟုတ်ပါ။
သို့သော် ချင်းယွင်ကျစ် ဘာမှ မတုန့်ပြန်ခဲ့ဘဲ ဒီတိုင်း လွှတ်ထားခဲ့သည်။
“ဒါဆို နောက်တစ်ခါ ရှင်သွားချောင်းကြည့်တဲ့အခါကျ ကျွန်မကိုပါ ခေါ်သွားဖို့ မမေ့နဲ့”။ ယန်းမင်အာ ကျီစယ်သော လေသံဖြင့် ပြောလိုက်သော်လည်း အတည်ပေါက် ပြောနေတာဖြစ်သည်။
ချင်းယွင်ကျစ် မျက်နှာ အေးခဲသွားပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီနေ့ ယွမ်ယွမ် အချိုတွေ အများကြီး စားခဲ့တယ်ထင်တယ်”
“ဟာ ဒီသောက်ကလေးလေးကတော့! စူစူလေးရှိနေတာကို အခွင့်ကောင်းယူပြီး အချိုတွေ အများကြီး စားပြန်ပြီထင်တယ်! သွားကို တစ်နာရီလောက် တိုက်ခိုင်းပစ်ဦးမယ်! ပြီးရင် လမ်းလျှောက်ဖို့လည်း အပြင်ခေါ်သွားမယ်!”
ပြောပြောဆိုဆိုနဲ့ ယန်းမင်အာ အခန်းထဲမှ လှည့်ထွက်သွားပါသည်။
ခဏကြာတော့ စူယွီယွမ်၏ သနားစရာကောင်းသော အသံလေး ဗီလာထဲမှ ထွက်ပေါ်လာပါသည်။
“မေကြီး သွားမတိုက်ချင်ဘူး!”
“မေကြီး လမ်းမလျှောက်ချင်ဘူး မောတယ်!!”
“မေကြီး…”
--- --- ---
“စူမိသားစု” အိမ်တော်မှ ပြန်လာကြပြီးနောက် ၅ မိနစ်ခန့်သာ လမ်းလျှောက်ရပြီး စူစူလေးတို့ ချင်းအိမ်တော်ကို ပြန်ရောက်လာကြပါသည်။
အိမ်ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ချင်းယုကျီးက စူစူလေးကို အဘိုးအဘွားများရဲ့ စာကြည့်ခန်းထဲ ခေါ်သွားခဲ့ပါသည်။ သူနောက်ကျသွားပါက ကျိန်းသေပေါက် အဆူခံရလိမ့်မည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း စူစူလေးကို စောင့်နေတာ ကြာပြီဖြစ်သည်။ စူစူလေးဝင်လာတာကို မြင်တာနဲ့ လုပ်လက်စ အလုပ်တွေ ဘေးချထားလိုက်ကြပါသည်။
အဘိုးချင်းက စူစူလေးကို ပွေ့ချီလိုက်ပြီး ပေါင်ပေါ် တင်လိုက်သည်။
“သမီးလေး ဒီနေ့ အများကြီး ပျော်ခဲ့လား”။ သမီးဖြစ်သူရဲ့ မျက်နှာကို ကြည့်ရုံနဲ့ သူမ ပျော်လာမှန်း အဘိုးချင်း ပြောနိုင်ပါသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
“ကောင်းတာပေါ့ ကောင်းတာပေါ့”။ သမီးလေး ပျော်ရွှင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါသည်။
ထို့နောက် ချင်းယုကျီးကို အဘိုးချင်း မေးလိုက်သည်။ “ဒီနေ့ အခြေအနေ ဘယ်လိုရှိလဲ။ ပုံမှန်မဟုတ်တာတွေ ဖြစ်ခဲ့သေးလား”
“ဘာမှ မဖြစ်ပါဘူး။ အားလုံး ပုံမှန်ပဲ”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။
ပုံမှန်ဖြစ်နေလွန်းသဖြင့် စိတ်လေးလံရသည်။
“အင်း ကျင်းယန်ကကော၊ သူကော ဘယ်လိုထင်လဲ”။ အဘိုးချင်း ထပ်မေးလိုက်သည်။
ဒီကိစ္စမှာ ပရော်ဖက်ရှင်နယ်တွေရဲ့ အမြင်ကိုလည်း လိုအပ်ပါသည်။
“ခေါင်းဆောင်ရှောက်ကတော့ အဲ့ဒီ မိသားစုကို သံသယ မကင်းသေးဘူး။ သူတို့ လူကောင်းသူကောင်းတွေဆိုတာ အတည်မပြုနိုင်မချင်း သူဆက်ပြီး စုံစမ်းနေမယ်တဲ့။ ပြီးတော့ ထန်ထိုက်မင်နဲ့ ပတ်သတ်တဲ့ သဲလွန်စ မှန်သမျှကိုလည်း အလွတ်မပေးဘူးတဲ့”။ ချင်းယုကျီး ပြန်ဖြေလိုက်ပါသည်။
ချင်းယုကျီးလည်း ရှောက်ကျင်းယန်နဲ့ အမြင်တူပါသည်။ သူနဲ့ ယုဝမ်ရှုတို့လည်း နောက်ကွယ်မှ စုံစမ်းနေမည် ဖြစ်သည်။
“ဪ ဟုတ်သားပဲ ဖေဖေနဲ့ မေမေကို မေးစရာရှိတယ်”။ စူစူလေး အရေးကြီးသည့် တာဝန်အား သတိရသွားသည်။
“ဘာလဲ သမီးလေး”။
၃ ယောက်စလုံးရဲ့ မျက်လုံးများ စူစူလေးထံ ရောက်ရှိသွားပါသည်။
“ယွမ်ယွမ်ရဲ့ ဖေဖေဆီကနေ ကိုယ်ခံပညာသင်ချင်တယ်!”
“ဘာ”
သုံးယောက်စလုံး မျက်နှာတွေ ပျက်သွားကြသည်။
စူစူလေးကို ပညာသင်ပေးချင်ယောင် ဆောင်ပြီး ချဉ်းကပ်တာ…
ဒါမျိုး သူတို့ ကြုံဖူးပြီးသား မဟုတ်လား!
… … …
အခန်း(၉၄၇) ယွမ်ယွမ်ရဲ့ ဖေဖေဆီက သင်လို့ မရဘူးလား
“ကိုယ်ခံပညာ သင်မလို့လေ! ယွမ်ယွမ်ရဲ့ ဖေဖေက အရမ်းတော်တာ။ သမီးကို သင်ပေးမယ်တဲ့။ စနေ တနင်္ဂနွေ အားလပ်ရက်တွေကျရင် သမီးသူ့အိမ်မှာ သွားသင်ရမှာ။ သင်လို့ရလား” စူစူလေး မေးလိုက်သည်။
အဘိုးချင်း ဘာမှ ပြန်မပြောဘဲ သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။ အဘွားချင်းက မျက်မှောင်ကြုတ်နေပါသည်။
လင်မယားနှစ်ယောက်စလုံးရဲ့ စိုးရိမ်ပူပန်မှုတွေက အတူတူပဲ ဖြစ်သည်။
ထန်ထိုက်မင်လည်း စူစူလေးရဲ့ ဆရာဟန်ဆောင်ပြီး ပြိုင်ပွဲအကြောင်းပြကာ စူစူလေးကို ထူးထူးဆန်းဆန်းတွေ သင်ပေးခဲ့တာပဲ မဟုတ်လား။
ထန်ထိုက်မင်နဲ့ အတွေ့အကြုံ ရှိဖူးသဖြင့် စေတနာ အလွန်ကောင်းပြပြီး စူစူလေးကို ပညာတစ်ခုခုသင်ပေးဖို့ ကြိုးစားနေသည့် လူတိုင်းကို ချင်းမိသားစု ယုံကြည်မှာ မဟုတ်ပါ။
အဘွားချင်းက ချင်းယုကျီးကို မေးလိုက်ပါသည်။ “ယုကျီး နင်ပြောတော့ ပုံမှန်မဟုတ်တာ မရှိဘူးဆို”
ချင်းယုကျီးလည်း ဘာမှမသိရပါ။ “စူစူလေးက ကျွန်တော့်ကိုလည်း မပြောပြဘူးလေ။ စူယွီယွမ်ရဲ့ အဖေနဲ့ တွေ့ခဲ့ပြီး သူက အရမ်းသဘောကောင်းတယ်လို့ပဲ ပြောခဲ့တာ။ အဲ့ဒီ ကိုယ်ခံပညာ သင်မယ့်အကြောင်းတော့ မပြောပြဘူး”
“ငါတို့ သမီးလေးက အရမ်းသန်မာတယ်ဆိုပေမယ့် အနည်းဆုံးတော့ မင်းတစ်ခုခု အသုံးကျအောင် လုပ်သင့်တာပေါ့! သူ့ကို လူဆိုးတွေလက်က ကာကွယ်ပေးဖို့ မင်းကို ထည့်ပေးလိုက်တာ မဟုတ်ဘူးလား။ ဒါလေးတောင် အောင်မြင်အောင် မလုပ်နိုင်ဘူးလား”
အဘိုးချင်းက သူ့မြေးကို အပြစ်တင်လိုက်ပါသည်။
“အဘိုးကလည်း…”
“အဘိုးကြီး ဒေါသထွက်မနေစမ်းပါနဲ့။ ယုကျီးတို့မှာ အပြစ်မရှိဘူး။ စူစူလေးရဲ့ ကိစ္စတွေကို ကျွန်မတို့ အများကြီး ဝင်မပါဘူးလို့ သဘောတူထားကြတာ မဟုတ်ဘူးလား”။ အဘွားချင်းက သတိပေးလိုက်ပါသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ အဘိုးချင်း ချက်ချင်း အချိုးပြောင်းသွားသည်။
ထို့နောက် သူ့ပေါင်ပေါ် ထိုင်နေသည့် စူစူလေးကို ပြောလိုက်သည်။ “သမီးလေး သူစိမ်းတွေဆီက ကိုယ်ခံပညာ မသင်နဲ့ဦးနော်။ သမီးလေး သင်ချင်တယ်ဆိုရင်…”
အိမ်တော်ထိန်းကျန်း ပြန်လာမှ သင်ခိုင်းဟု အဘိုးချင်း ပြောဖို့ ပြင်ထားတာဖြစ်သည်။ သို့သော် ပေကျင်းမှ ကြားထားသည့် သတင်းကို ပြန်သတိရကာ ချက်ချင်း စကားရပ်လိုက်ပါသည်။
ထို့နောက် အဘိုးချင်း စကားပြန်ပြင်ပြောလိုက်၏။ “သမီးလေး သင်ချင်တယ်ဆိုရင် သမီးရဲ့ ဘော်ဒီဂတ်လေး ဒဏ်ရာတွေ သက်သာတဲ့အချိန်အထိ စောင့်လိုက်နော်။ အဲ့ဒီအခါကျမှ ဘော်ဒီဂတ်လေးကို သင်ခိုင်း ဟုတ်ပြီလား”
“ယွမ်ယွမ်ရဲ့ ဖေဖေဆီမှာ သင်လို့မရဘူးလား”။ စူစူလေး အနည်းငယ် စိတ်ပျက်သွားပါသည်။
ယွမ်ယွမ်၏ဖေဖေက ဘော်ဒီဂတ်လေးထက် ပိုတော်သည်ဟု စူစူလေး ခံစားမိသည်။
ပိုတော်သည့်လူတစ်ယောက်ဆီက သင်ယူလျှင် သူမလည်း ပိုတော်လာနိုင်ပါသည်။
“သမီးလေး…”။ သူ့သမီးလေး စိတ်ပျက်သွားတာကို အဘိုးချင်း မကြည့်ရက်ပါ။
“ယွမ်ယွမ်လေးရဲ့အဖေ အကြောင်း မေမေတို့ သိပ်မသိသေးလို့ သူ့ကို လူဆိုးကြီးဖြစ်နေမှာ စိုးရိမ်လို့ပါ။ သူ့ကို လူဆိုးကြီး မဟုတ်မဟုတ် မေမေတို့ အတည်ပြုပြီးတဲ့အချိန်ထိတော့ စောင့်ပေး။ သူသာ လူဆိုးကြီး မဟုတ်ဘူးဆိုရင် မေမေတို့ ခွင့်ပြုပေးမယ်နော်။ သူက လူဆိုးကြီးဆိုရင်တော့ ခွင့်မပြုဘူး ဟုတ်ပြီလား”။ အဘွားချင်းက ရှင်းပြလိုက်ပါသည်။
“ဟုတ်!” မေမေရှင်းပြမှ စူစူလေး နားလည်သွားပါသည်။ ကိုယ်ခံပညာ သင်ယူဖို့က အရေးကြီးသော်လည်း လူကောင်းတစ်ယောက်ဆီမှာ သင်ယူဖို့က ပိုအရေးကြီးသည်။ သူမလို ပိုင်ကျဲနတ်သားရဲတစ်ကောင်က လူဆိုးကြီးရဲ့ တပည့်ဖြစ်သွားလို့မရပါ။
စူစူလေးရဲ့ အပြုံးကို မြင်မှ အဘိုးချင်းတို့လင်မယားလည်း ပြုံးမိသွားပါသည်။
သူတို့ သမီးးလေးက အလိမ္မာဆုံးပဲ!
ထို့နောက် ယုကျီးကို အဘိုးချင်း တာဝန်ပေးလိုက်သည်။ “ကြားတယ်မလား။ ရှောက်ကျင်းယန် စုံစမ်းပြီးသွားရင် မင်းဒေါ်လေးကို ပြောလိုက်။ သူအဖြေစောင့်နေတယ်”
“ဟုတ်တယ် ဟုတ်တယ် တူလေး! စုံစမ်းပြီးရင် ဒေါ်လေးကိုပြော!”။ စူစူလေးကလည်း အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ။ အစ်ကိုရှောက်နဲ့ အစ်မစန်းကျစ်တို့ဆီက သတင်းကြားတာနဲ့ ဒေါ်လေးကို အသိပေးပါ့မယ်။ ဒေါ်လေး ကိုယ်ခံပညာသင်ဖို့ နောက်မကျစေရဘူး!”။ ချင်းယုကျီး အမြန် ကတိပေးလိုက်သည်။
“အွန်းအွန်း တူလေးက လိမ္မာတယ်! ဒါပေမယ့် စာလည်းလုပ်နော်”။ စူစူလေး သတိပေးလိုက်သည်။
ဒေါ်လေးတစ်ယောက်အနေနဲ့ တူလေးတွေရဲ့ ပညာရေးကိုလည်း ဂရုစိုက်ရပါမည်။
ချင်းယုကျီး ပြုံးကာ ပြောလိုက်သည်။ “ဟုတ်ပါပြီ စိတ်မပူနဲ့! ငါ့အဆင့်တွေ ကျမသွားစေရဘူး! ပညာသင်ဆုပါ ရအောင် ယူပြမယ်!”
… … …
အခန်း(၉၄၈) အခွင့်ထူးခံ စူမိသားစု
စူမိသားစု၏ အိမ်တက်ပါတီပွဲ ပြီးဆုံးသွားသောအခါ စူမိသားစုက အာဏာအလွန်ကြီးမားပြိး အလွန်ချမ်းသာသည့် မိသားစုဖြစ်ကြောင်း ကောလဟာလတွေ ပိုမို ပြန့်နှံ့လာခဲ့သည်။
ကျန့်ထုံ၏ ဇနီးဖြစ်သူ ရွှယ်ကျန်း အိမ်ပြန်ရောက်သောအခါ စူမိသားစုရဲ့ စည်းစိမ်တွေအကြောင်း သူမယောက်ျားကို ပြန်ပြောခဲ့သည်။ ထို့အပြင် သခင်မစူကို အားကျမိကြောင်းပါ ပြောခဲ့သေးသည်။
“ရှင်မသိဘူးနော်။ သခင်မစူက ကျွန်မနဲ့ အသက်တူတူလောက်ပဲ။ ဒါပေမယ့် သူက ကျွန်မထက် အသက် ၁၀ နှစ်လောက် ပိုငယ်တယ်လို့ ထင်ရတယ်! ပြီးတော့ သူ့လက်ဝတ်လက်စား တစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးတယ်။ ပြီးတော့ သူတို့ အိမ်ကို ပြင်ဆင်ထားပုံကလည်း လက်ရာမြောက်ပြီး တန်ဖိုးကြီးမားလွန်းတယ်”
“ငါမင်းကို အချက်အလက်တွေ စုံစမ်းဖို့ လွှတ်လိုက်တာလေ။ ဘာလို့ အလှအပတွေပဲ လိုက်ကြည့်နေတာလဲ။ မိန်းမတွေကတော့!”။ ကျန့်ထုံ အနည်းငယ် စိတ်ရှုပ်သွားသည်။
“ကျွန်မလည်း စုံစမ်းလာတာပဲလေ။ အဲ့ဒီမိန်းမ ဝတ်ထားတဲ့အရာတွေကို ကြည့်ရုံနဲ့ သူတို့မိသားစုအခြေအနေကို မသိနိုင်ဘူးလား။ ကျွန်မပြောတာ ယုံစမ်းပါ။ သူတို့မိသားစုနဲ့ ယှဉ်လိုက်ရင် ချင်းမိသားစုက ပြည့်စုံတယ်ဆိုရုံလောက်ပဲ ရှိတယ်”
ခုတလော ချင်းမိသားစုကြောင့် ကျန့်ထုံ ပြဿနာတွေ အများကြီး တက်နေသဖြင့် သူတို့မိသားစုကို ပိုမုန်းတီးလာခဲ့သည်။
ယခင်တုန်းက ချင်းမိသားစုကို ဒုက္ခပေးဖို့အတွက် ချူးဟမ့်နဲ့ သူပူးပေါင်းခဲ့သည်။ သို့သော် ချူးဟမ့် သေဆုံးသွားပြီး ချူးမိသားစု ပျက်စီးသွားသောအခါ ကျန့်ထုံရဲ့ အိမ်ခြေမြေလုပ်ငန်းအပေါ်လည်း ထိခိုက်မှု ရှိခဲ့ပါသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချင်းမိသားစုကတော့ အကျော်အမော်ကြီးတွေများစွာနဲ့ ရင်းနှီးမှု ရရှိခဲ့ပြီး လုပ်ငန်းတွေ အောင်မြင် ဖြစ်ထွန်းနေကြသည်။ သူတို့ရဲ့ အနောက်မြောက်ပိုင်း ပရောဂျက်လည်း အတော်လေး အဆင်ပြေနေပြီး ရင်းနှီးမြှုပ်နှံချင်သူတွေ တပုံတခေါင်း ပေါ်လာကြပြီဖြစ်သည်။
“မင်းအတည်ပြောနေတာလား”။ ကျန့်ထုံ သိပ်မယုံကြည်ချင်ပါ။
ချင်းမိသားစုကို ကျန့်ထုံ မုန်းတီးသော်လည်း သူတို့အခြေအနေကို ကောင်းကောင်း သိပါသည်။
“ဒါပေါ့! အတည်ပြောတာ! ဒီ ကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်။ သခင်မစူ လက်ဆောင် ပေးလိုက်တာ။ သာမန် ပါတီပွဲတစ်ခုမှာ ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုး လက်ဆောင်ထုတ်ပေးနိုင်တဲ့ မိသားစုမျိုး ဟွာချန့်မြို့မှာ ရှင်မြင်ဖူးလို့လား”
သူ့မိန်းမ လက်ထဲက ကျောက်စိမ်းလည်ဆွဲကို ကျန့်ထုံ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ဒီလည်ဆွဲက အလွန်တန်ဖိုးရှိလိမ့်မည်ဟု သူလည်း ထင်မိပါသည်။
သို့သော် စူမိသားစု ချမ်းသာတာက ကျန့်မိသားစုနဲ့ ဘာဆိုင်လို့လဲ။
သူတို့ ကျန့်မိသားစုကို ကူညီပေးမှာ မို့လို့လား။
“သူတို့က အခွင့်ထူးခံမိသားစုမျိုးဆိုတော့ မင်းကောင်းကောင်း ဆက်ဆံခဲ့လား။ ဖုန်းနံပါတ်တွေ ဘာတွေကော ဖလှယ်ခဲ့သေးလား”။ ကျန့်ထုံ အမြန်မေးလိုက်သည်။
“အကုန်လုပ်ခဲ့တာပေါ့! ကျွန်မက ငတုံးမှ မဟုတ်တာ။ ဒီလောက် တန်ဖိုးရှိတဲ့ အခွင့်အရေးကို လက်လွှတ်ခံစရာလား! ပြီးတော့ အဲ့ဒီ သခင်မစူက ဟွာချန့်မြို့ရဲ့ အတင်းအဖျင်းတွေကို နားထောင်ရတာ သဘောကျတဲ့ပုံပဲ။ သူကြားချင်တယ် ဆိုလို့ ကျွန်မ ပြောပြလိုက်ရတာ အာတွေတောင် ချောက်လို့!”။ ရွှယ်ကျန်း ဂုဏ်ယူဝံ့ကြွးစွာ ပြောလိုက်ပါသည်။
“အဲ့တာဆို သူနဲ့ စကားထပ်ပြောနိုင်အောင် လုပ်လေ။ ငါတို့ လုပ်ငန်းအချင်းချင်း လက်တွဲနိုင်မယ့် အခွင့်အရေးလေး ဘာလေး ရလာမလားလို့ ကြိုးစားကြည့်။ ပြီးတော့ ကလေးတွေကလည်း တစ်ကျောင်းတည်း တက်နေကြတာ။ ကလေးတွေက သူငယ်ချင်းတွေဆိုရင် အုပ်ထိန်းသူတွေလည်း အချင်းချင်း ကူညီပေးတာ မထူးဆန်းဘူး”။ ကျန့်ထုံ အမြန်ပြောလိုက်ပါသည်။
ဟုံဖုန်းမူကြိုမှာ တက်နေသည့် ကလေးက သူ့သားအရင်းတော့ မဟုတ်ပါ။
“ခဏစောင့် ကျွန်မ သခင်မစူကို ဆက်သွယ်ကြည့်လိုက်ဦးမယ်!”။ ရွှယ်ကျန်းလည်း သူမယောက်ျားနဲ့ အကြံချင်း တူညီပါသည်။
--- --- ---
စူယွီယွမ်နဲ့အတူ လမ်းထွက်လျှောက်ပြီးနောက် ယန်းမင်အာ အိမ်ပြန်ရောက်လာခဲ့သည်။ အိမ်မှာ အပိုထားသည့် ဖုန်းထဲသို့ ဒီနေ့ add ခဲ့သော အိမ်ရှင်မများက မက်ဆေ့ပေါင်း သောင်းခြောက်ထောင် ပို့ထားလေသည်။
တချို့က သူမကို နှုတ်ဆက်တာဖြစ်ပြီး တချို့ကတော့ ကျေးဇူးတင်နေကြသည်။ တချို့က သူမကို အိမ်အလည်လာဖို့ ဖိတ်ကြားနေပြီး တချို့ကတော့ စီးပွားရေးကိစ္စဆွေးနွေးချင်နေကြသည်။
ယန်းမင်အာက ဒါမျိုးတွေကို အသားကျနေပါပြီ။
ဖန်သားပြင်ပေါ်က မက်ဆေ့တွေကို ငေးကြည့်ရင်း ဒီနေ့ ကြားခဲ့ရသော ချင်းမိသားစုနဲ့ ပတ်သတ်သည့် အတင်းအဖျင်းများကို ပြန်တွေးမိသည်။
ထို့နောက် သူမ ရုတ်တရက် ပြုံးမိသွားပြီး မျက်လုံးများ အရောင်လက်သွားပါသည်။
ချင်းမိသားစုအကြောင်း မကောင်းပြောသူတိုင်းကို ပြန်ပေးဆပ်ရအောင်လုပ်ဖို့ သူမ စီစဉ်ထားပါသည်။
… … …
အခန်း(၉၄၉) ယန်းမင်အာရဲ့ နေ့လယ်ခင်း ကော်ဖီသောက်ချိန် (၁)
ယန်းမင်အာ ဆိုရှယ်မီဒီယာအကောင့်ပေါ် ပို့စ်တစ်ခု တင်လိုက်သည်။
[ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပရောဂျက်ကောင်းကောင်းလေး ဘာလေး မရှိကြဘူးလား။ ခုတလော အိမ်ခြံမြေလောကထဲ ဝင်ဖို့ စဉ်းစားမိလို့ ]
ယန်းမင်အာ၏ အကောင့်ကို ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေသာ Add ထားခြင်း ဖြစ်သည်။ မနေ့က အမျိုးသမီးတွေလည်း ထိုပို့စ်ကို မြင်သွားကာ အားလုံး စိတ်ဝင်စားသွားကြပါသည်။
သိပ်မကြာလိုက်ဘဲ ကျန့်ထုံ၏ မိန်းမ ရွှယ်ကျန်းအပါအဝင် လူပေါင်းများစွာထံမှ မက်ဆေ့တွေ ဆက်တိုက် ဝင်လာခဲ့သည်။
ချင်းမိသားစုအကြောင်း မကောင်းပြောခဲ့သည့်လူတွေကိုသာ ယန်းမင်အာ သေချာရွေးထုတ်လိုက်ပြီး စာပြန်လိုက်သည်။ မနက်ဖြန် နေ့လယ်ခင်း ကော်ဖီအတူတူသောက်ရင်း စကားပြောကြဖို့ ဖိတ်ကြားလိုက်ပါသည်။
ယန်းမင်အာထံမှ မက်ဆေ့ကို ရရှိပြီးနောက် ရွှယ်ကျန်း အပျော်လွန်သွားခဲ့သည်။
သူမယောက်ျားကိုလည်း သတင်းကောင်း ပါးလိုက်သည်။ “ယောက်ျား ယောက်ျား! ဒီမှာကြည့်စမ်း! သခင်မစူက ကျွန်မကို ကော်ဖီအတူတူသောက်ဖို့ ဖိတ်လိုက်တယ်!”
“တကယ်ကြီးလား အဲ့တာဆို အခွင့်အရေးကို အမိအရယူနော်!”။ ကျန့်ထုံ သိပေးလိုက်သည်။ “ငါခုနမှ သိလိုက်ရတာ အဲ့ဒီ စူလင်မယားက နိုင်ငံခြားမှာလည်း အဆက်အသွယ် အရမ်းကျယ်ပြန့်ကြတယ်တဲ့။ မြို့စားတွေ၊ ဝန်ကြီးတွေလို လူမျိုးတွေနဲ့ပါ ရင်းနှီးကြတာ။ နိုင်ငံရေးဘက်မှာကော စီးပွားရေးဘက်မှာကော နှံ့စပ်ကြတယ်”
ကျန့်ထုံတို့ လင်မယား စုံစမ်းမိလေလေ စူမိသားစုရဲ့ အာဏာ ဘယ်လောက်ကြီးမားသလဲဆိုတာကို နားလည်လာလေလေ ဖြစ်သည်။
“ဟုတ်လား”
ရွှယ်ကျန်း ချက်ချင်း စိတ်ကြီးဝင်သွားသည်။ ဒီသခင်မစူဆိုသည့် လူက နိုင်ငံခြားမှာ တော်ဝင်သခင်မတွေနဲ့ ပတ်သတ်ဖူးသူ ဖြစ်သည်။ ယခု သူမကိုပါ ဖိတ်ကြားသဖြင့် သူမကိုလည်း ထိုတော်ဝင်သခင်မများနည်းတူ ဆက်ဆံတာ ဖြစ်နိုင်ပါသည်။
“အပျော်လွန်မနေနဲ့။ သူတို့မိသားစုနဲ့ လုပ်ငန်းလက်တွဲဖို့ သဘောတူညီမှု ယူနိုင်အောင် အာရုံစိုက်ထား။ ငါသတိပေးထားမယ်နော်။ သဘောတူညီမှု မယူနိုင်လည်း ကိစ္စမရှိသေးဘူး။ ပြဿနာတော့ ရှာမလာနဲ့။ ဒီလို အဆင့်ရှိတဲ့ လူတွေကို ငါတို့ သွားစော်ကားမိလို့ လုံးဝ မရဘူး”။ ကျန့်ထုံ လေးလေးနက်နက် သတိပေးလိုက်ပါသည်။
“ကျွန်မသိပါတယ်။ အဲ့လောက်ကို ကျွန်မ နားမလည်ဘူး ထင်နေလား”။ ရွှယ်ကျန်း ယုံကြည်ချက်များ ပြည့်ဝနေပါသည်။
နောက်တစ်နေ့ မနက်ရောက်တော့ ရွှယ်ကျန်း လှလှပပ ဝတ်စားပြင်ဆင်ခဲ့ပြီး ချိန်းထားသည့်နေရာသို့ အချိန်မှီ ရောက်လာခဲ့ပါသည်။
ချိန်းထားသည့်နေရာကို ရောက်သောအခါ ယန်းမင်အာက သူမတစ်ယောက်တည်းကို ဖိတ်ကြားထားတာ မဟုတ်ဘဲ နောက်ထပ် အမျိုးသမီး ၂ ယောက်ပါ ရောက်နေမှန်း မြင်လိုက်ရပါသည်။
တစ်ယောက်က အိမ်ခြံမြေလုပ်ငန်း အဆက်အသွယ်ရှိသည့် သခင်မဟယ်ဖြစ်ပြီး နောက်တစ်ယောက်က ဆောက်လုပ်ရေးပစ္စည်းနယ်ပယ်မှာ အဆက်အသွယ်ရှိသည့် သခင်မယွီဖြစ်သည်။
သူတို့ကို မြင်တော့ ရွှယ်ကျန်း အပြုံးအနည်းငယ် တောင့်တင်းသွားသည်။ သို့သော်လည်း ဂုဏ်သရေရှိ ကြော့ရှင်း လှပနေသည့် ယန်းမင်အာကို မြင်သောအခါ ပြန်တက်ကြွသွားခဲ့ပါသည်။။
တခြားသူတွေရှိနေရင်တောင် သခင်မစူက လူ ၃ ယောက်ကိုသာ ဖိတ်ကြားခဲ့တာဖြစ်ပြီး သူမက ထို ၃ ယောက်ထဲမှာ ပါဝင်သဖြင့် အရေးပါသည်ဟု ဆိုနိုင်ပါသည်။
ကိုယ့်ထိုင်ခုံမှာ ထိုင်လိုက်ပြီးနောက် အမျိုးသမီး ၃ ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ယောက်အကြောင်း တစ်ယောက် မပြောဘဲ နားလည်နေပါသည်။
လူအတော်ခေါင်နေသည့် ကော်ဖီဆိုင်ကို ကြည့်ရင်း ရွှယ်ကျန်း စပ်စုမိသည်။ “ဒီကော်ဖီဆိုင် ခုတလော စီးပွားရေး ကျနေတာများလား။ နေ့ခင်းကြောင်တောင်ကြီးတောင် ကျွန်မတို့ ၄ ယောက်ပဲရှိတယ်”
ရွှယ်ကျန်းလည်း အရင်က ဒီကော်ဖီဆိုင်ကို ရောက်ဖူးပါသည်။ အရင်တုန်းက ဒီကော်ဖီဆိုင် အတော်လေး နာမည်ကြီးသည်။
“ဒီကော်ဖီဆိုင်လေးကို ကျွန်မ သဘောကျလို့လေ။ ကော်ဖီက အရသာ အရမ်းရှိတယ်။ ပြီးတော့ ဟွာချန့် ကော်မာရှယ် စင်တာကိုလည်း လှမ်းမြင်နေရတယ်။ အဲ့တာကြောင့် ကျွန်မ ယောက်ျား ဝယ်လိုက်တာ”။ ယန်းမင်အာ အေးအေးလူလူ ပြန်ဖြေလိုက်ပါသည်။
ထိုအကြောင်းအရင်း ၂ ခု အပြင် နောက်ထပ် အကြောင်းအရင်းရှိပါသေးသည်။ ဒီဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ သူမရဲ့ တူအကြီးဆုံး ချင်းယုဟွိုင်း တည်ထောင်ထားသော လီထိုက်ဟိုတယ်ရှိနေသည်။
အဆက်အသွယ်တွေ ဘာမှမရှိသော်လည်း လီထိုက်ဟိုတယ်ကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ဒီဆိုင်ကိုဝယ်ယူဖို့ ချင်းယွင်ကျစ် အကြံရသွားခြင်း ဖြစ်ပါသည်။
“သခင်မစူရဲ့ ဘဝကတော့ တကယ်ပျော်စရာကြီးပဲ!”။ သခင်မဟယ်က အမြန်ချီးကျူးလိုက်ပါသည်။
“ဟုတ်ပါတယ်။ ကျွန်မ ယောက်ျားက ကျွန်မအပေါ် အရမ်းကောင်းတယ်။ တကယ်တော့ ကျွန်မ ယောက်ျားတင် မဟုတ်ဘူး ကျွန်မရဲ့ ယောက္ခမတွေကလည်း ကျွန်မပေါ် အရမ်းကောင်းကြတယ်။ အရင်တုန်းက ကျွန်မ နိုင်ငံခြားမှာ ပညာသင်နေတုန်း ကုန်ကျစရိတ်တွေအားလုံးကို ယောက္ခမတွေက တာဝန်ယူပေးခဲ့တာလေ”
“အဲ့တာဆို သခင်မစူက အရမ်းကံကောင်းတာပဲနော်! အဲ့လိုဘဝမျိုး လူတိုင်း လိုချင်နေကြတာ!”။ သခင်မယွီကလည်း အမြန် ချီးမွမ်းလိုက်ပါသည်။
“ဟုတ်တယ်။ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာနဲ့တင် ကံကောင်းနေပြီ။ ဒါပေမယ့် ဒီလို သဘောထား ပြည့်ဝတဲ့ ယောက္ခမတွေကိုပါ ပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ!”။ ရွှယ်ကျန်းကလည်း အားကျမခံ ဝင်မြှောက်ပင့်လိုက်သည်။
… … …
အခန်း(၉၅၀) ယန်းမင်အာရဲ့ နေ့လယ်ခင်း ကော်ဖီသောက်ချိန် (၂)
“ဟုတ်ပါတယ် အားလုံး တော်ကြတယ်”
ယန်းမင်အာ အပြုံးမပျက်ဘဲ ကော်ဖီတစ်ငုံသောက်ကာ ကော်ဖီခွက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်ပါသည်။
ထို့နောက် ချက်ချင်းဆိုသလို ယန်းမင်အာ စကားလမ်းကြောင်းလွှဲလိုက်သည်။
“အခု အဲ့တာတွေ ပြောမနေပါနဲ့တော့။ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စပြောကြရအောင်။ ပရောဂျက်တစ်ခုမှာ ကျွန်မ သန်း ၅၀၀ လောက် ရင်းနှီးမြှုပ်နှံချင်တယ်။ ဒီပမာဏက အစပဲ ရှိသေးတယ်နော်။ နိုင်ငံခြား စတော့ခ်ဈေးကွက်ကနေ ငွေတွေ ထပ်ရတာနဲ့ ကျွန်မ ထပ်ပြီး ရင်းနှီးမြှုပ်နှံမှာ။ လောလောဆယ်တော့ ကျွန်မ သန်း ၅၀၀ ပဲ ထုတ်နိုင်သေးတယ်”
ယန်းမင်အာ၏ စကားပြောဆိုပုံက အလွန်တည်ငြိမ်သည်။ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စပြောနေသော်လည်း သူမအတွက် လက်ကိုင်အိတ်တစ်လုံး ဝယ်ရသလို လွယ်ကူနေသည်။
ယန်းမင်အာ၏ စကားကြောင့် အမျိုးသမီး ၃ ယောက်စလုံး ဆွံ့သွားကြသည်။
စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် ရွှယ်ကျန်းက ဝင်ပြောလိုက်ပါသည်။ “အဲ့တာ ကောင်းတာပေါ့! သခင်မစူက ဘယ်မှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ”
“မြို့ဟောင်းနယ်မြေမှာ”။ ယန်းမင်အာ ပြန်ဖြေလိုက်သည်။
မြို့ဟောင်းနယ်မြေ ဟုတ်လား။
ဒါချင်းမိသားစုတို့ အနောက်မြောက်ပိုင်း ပရောဂျက်ရဲ့ ဆန့်ကျင်ဘက်တည့်တည့်မှာ ရှိနေတဲ့ နေရာပဲ!
ဒါ သူမတို့ လင်မယားတွေ မျက်စိကျနေတဲ့ နေရာလည်း ဟုတ်တယ်!
ရွှယ်ကျန်း ပျော်ရွှင်မှုကို ထိန်းမရတော့ဘဲ ယန်းမင်အာအား မြှောက်ပင့် ပြောဆိုလိုက်ပါသည်။
“သခင်မစူကတော့ အရမ်းအမြင်ရှိတာပဲ။ မြို့ဟောင်းနယ်မြေက တကယ် ရင်းနှီးမြှုပ်နှံသင့်တဲ့နေရာပဲ!”
သခင်မဟယ်နဲ့ သခင်မယွီတို့လည်း ထောက်ခံကြသည်။
“ဟုတ်တယ် ဟုတ်တယ်။ ကုန်ကျစရိတ်များလို့ လူတွေက အဲ့ဒီ မြို့ဟောင်းနယ်မြေ ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံမှု မရှိကြတာ။ ဒါပေမယ့် သခင်မစူအတွက်တော့ ဘာမှပြဿနာမရှိနိုင်ဘူးမလား”
“သခင်မစူ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ကျွန်မတို့ အပြည့်အဝ ထောက်ခံပါတယ်။ အကူအညီလိုအပ်တာရှိရင် ပြောသာ ပြောလိုက်”
“ဟုတ်ပါတယ် ကျွန်မတို့ အားလုံးက အိမ်ခြံမြေလုပ်ငန်းတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သတ်နေကြတာပဲ”
ယန်းမင်အာ ပြုံးလိုက်သည်။ “ကျွန်မလည်း အဲ့လိုပဲ တွေးနေတာ။ တစ်ဖက်မှာ ရှင်တို့အားလုံးက ဟွာချန့်မြို့အကြောင်း ကျွန်မထက် ပိုသိကြတယ်။ နောက်တစ်ဖက်မှာလည်း ရှင်တို့က အဆက်အသွယ်တွေ ကျယ်ပြန့်တော့ ကျွန်မ အလုပ်ရှုပ် သက်သာတာပေါ့”
“ဟုတ်ပါတယ် ဟုတ်ပါတယ် သခင်မစူပြောတာ မှန်တယ်!”
“စိတ်ချပါ သခင်မစူ။ ကျွန်မတို့ ကုမ္ပဏီတွေက ဟွာချန့်မှာ ရပ်တည်လာတာကြာပြီ။ ဂုဏ်သတင်းကော အဆက်အသွယ် ရင်းမြစ်တွေကော အားလုံး ယုံကြည်စိတ်ချရတယ်”
ရွှယ်ကျန်း၊ သခင်မဟယ််၊ သခင်မယွီတို့အားလုံး ယန်းမင်အာကို အာမခံလိုက်ပါသည်။
ယန်းမင်အာက ပြုံးသာပြုံးလိုက်ပြီး ကော်ဖီခွက်ကို ထပ်ကိုင်လိုက်သည်။ “ဒါဆို အောင်မြင်မှုအတွက် အတူတူ သောက်ကြရအောင်လေ”
အမျိုးသမီး ၃ ယောက်လည်း ကော်ဖီခွက်များကို အမြန်ကိုင်ကာ ယန်းမင်အာနဲ့အတူတူ သောက်လိုက်ကြပါသည်။
အားလုံးရဲ့ မျက်နှာတွေမှာ မျှော်လင့်ချက်အပြည့်နဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေပါသည်။
--- --- ---
ဟဲပေမူ ကုတင်ပေါ်မှာ လှဲလျောင်းနေရတာ ၂ ပတ်လောက် ကြာပြီဖြစ်သည်။
ဒီ ၂ ပတ်အတွင်း ကုတင်ပေါ်မှ ထဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဟူကျစ်၏ တားဆီးခြင်းကို အမြဲ ခံခဲ့ရသည်။
သန့်စင်ခန်းသွားရသည့် အချိန်ကလွဲလို့ တစ်ချိန်လုံး အိပ်ရာထဲမှာသာ လှဲနေရပါသည်။
ဒီလိုနေထိုင်ရတာ ဟဲပေမူအတွက် နှိပ်စက်ခံရတာထက် ပိုဆိုးသည်။ နောက်ထပ် ၂ ရက်လောက် ဒီအတိုင်း ဆက်နေရလျှင် စိတ်ရူးဖောက်သွားနိုင်ပါသည်။
ဟူကျစ်ကို တောင်းပန်ဖို့ အကြိမ်ကြိမ်မအောင်မြင်သောအခါ စူစူလေးကိုသာ ဟဲပေမူ အားကိုးနိုင်တော့သည်။
စူစူလေးက နေ့တိုင်း ညစာစားချိန်လောက်ရောက်လျှင် သူ့ကို လာတွေ့ပါသည်။
ဒီနေ့ စူစူလေး ရောက်မလာသေးခင်မှာပင် ဟဲပေမူက တံခါးကို စိုက်ကြည့်နေပြီဖြစ်သည်။
တံခါးပွင့်သွားပြီး စူစူလေး ဝင်လာတာနဲ့တစ်ပြိုင်နက် ဟဲပေမူ စိတ်မရှည်စွာ လှမ်းခေါ်လိုက်သည်။ “စူစူလေး!”
“ဟမ် ဘာလဲ ဘော်ဒီဂတ်လေး”။ ကုတင်ပေါ်က ဟဲပေမူကို ကြည့်ရင်း စူစူလေး ပြန်ထူးလိုက်သည်။
“တိုက်ခိုက်ရအောင်!”
“ဟမ် ဘာလို့ တိုက်ခိုက်မှာလဲ။ ဒဏ်ရာရနေတဲ့လူတွေနဲ့ မတိုက်ခိုက်ချင်ဘူး!”။ စူစူလေး ပြောလိုက်သည်။
“ငါ့ဒဏ်ရာတွေ ပြန်သက်သာသွားပြီ။ ငါ့အသင့်ဖြစ်ပြီလားဆိုတာ သေချာအောင် ငါနဲ့ တိုက်ခိုက်စမ်းပါ!”။ ဟဲပေမူ အမြန် ပြောလိုက်သည်။
“ဒဏ်ရာတွေ တကယ် ပျောက်သွားပြီလား”။ စူစူလေး မေးလိုက်သည်။
… … …