← Chapters

အခန်း (၉၅၁-၉၅၅)

Vol. 39 Ch. 951-955

အခန်း (၉၅၁-၉၅၅)

Vol. 39 Ch. 951-955

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-39

အခန်း(၉၅၁) ဟဲပေမူ ရူးတော့မယ် (၁)

“ဟုတ်တယ် ဟုတ်တယ် တကယ်ပျောက်သွားပြီလို့!”။ ဟဲပေမူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ဘဝက ခက်ခဲလွန်းသဖြင့် ပုံမှန်ဆို စကားအလွန်နည်းသည့် ဟဲပေမူတောင် စကားများတတ်လာပါပြီ။ သူသာ လုံလုံလောက်လောက် မပြောပါက စူစူလေး မယုံကြည်မှာ စိတ်ပူမိသည်။

“နေပြန်ကောင်းတာ မကောင်းတာကို လူနာက ဆုံးဖြတ်လို့မရဘူးလို့ မေမေက ပြောတယ်။ ဆရာဝန်က ဆုံးဖြတ်ရမှာတဲ့”။ ဟဲပေမူ၏ စကားကို စူစူလေး အလွယ်တကူ မယုံကြည်ချင်ပါ။

“အဲ့တာဆို နင့်ဦးလေးပိုင်ဟူကျစ်ကို သွားရှာလေ။ ငါသက်သာနေပြီလားဆိုတာ သွားမေးလိုက်!”။ ဟဲပေမူ အကြံပေးလိုက်သည်။

ဆရာကြီးရှုယီကို သူမြင်ချင်နေတာ ကြာပါပြီ။ သို့သော်လည်း ထိုအဘိုးကြီးက ငပျင်းကြီးဖြစ်သည်။ တစ်ပတ် တစ်ခါသာ သူ့ကို လာစစ်ဆေးတတ်သည်။

သူကုတင်ပေါ် လှဲလျောင်းနေရတာ ၂ ပတ်ကြာသော်လည်း ထိုအဘိုးကြီးကို ၂ ကြိမ်သာ တွေ့ခဲ့ရသည်။

“အမ်း… ဟုတ်ပြီလေ!”

စူစူလေးကလည်း လေ့ကျင့်ဖို့ လူလိုနေတာဖြစ်သည်။ ဘော်ဒီဂတ်လေးသာ တကယ် နေပြန်ကောင်းပြီဆိုလျှင် ဘော်ဒီဂတ်လေးနဲ့ လေ့ကျင့်နိုင်ပါသည်။

ထို့ကြောင့် ဆရာကြီးရှုယီကို စူစူလေး သွားရှာခဲ့သည်။

စူစူလေး ထွက်သွားသောအခါ ဟဲပေမူ စိတ်ပူသွားပါသည်။

“မြောင်!”။ ငတုံးကောင် ဘော်ဒီဂတ် ငါ့သခင်ကို မလိမ်နဲ့!

“ငါ့ကို အဲ့လို လာမကြည့်နဲ့လေ။ ဆရာကြီးရှုယီကို စစ်ဆေးခိုင်းမလို့ပါဆို။ ငါနေကောင်းသွားပြီလို့ သူပြောရင် မင်းငါ့ကို မတားရဘူး”

“မြောင်!”။ ဦးလေးပိုင်ဟူကျစ်က ခွင့်ပြုရင် ပြီးတာပဲ!

“မင်းစကားတည်ပါစေနော်”

“မြောင်!”

သိပ်မကြာလိုက်ဘဲ နောက်ဖေးခြံထဲမှ ဆရာကြီးရှုယီကို စူစူလေး ဆွဲခေါ်လာခဲ့သည်။

အခန်းထဲရောက်တာနဲ့တစ်ပြိုင်နက် ဟဲပေမူက သူ့ဒဏ်ရာတွေကို စစ်ဆေးပေးဖို့ ဆရာကြီးရှုယီကို တောင်းဆိုလိုက်လေသည်။

“ဆရာကြီးရှုယီ ကျွန်တော့် ဒဏ်ရာတွေ ပျောက်သွားပြီလားဆိုတာ အမြန်စစ်ပေးပါ!”

ဆရာကြီးရှုယီကတော့ နံရံမှာ အေးအေးဆေးဆေး မှီနေပါသည်။

“ဆရာကြီးရှုယီ-“

“ဘာတွေလောနေတာလဲ။ ကောင်လေး ဘယ်အရာမဆို အလောတကြီး မလုပ်သင့်ဘူး။ အေးဆေးပေါ့”။ ဆရာကြီးရှုယီ ပြောလိုက်သည်။

“…” ဟဲပေမူ ခေါင်းမီးတောက်နေပါပြီ။

အခန်းထဲမှ ၂ ပတ်လောက် ပိတ်မိနေပြီး ဘယ်မှသွားလို့မရတာ သူ မဟုတ်တော့ ပြောရလွယ်တာပေါ့!

“ကောင်လေး စိတ်မရှည်လက်မရှည်ဖြစ်တာက ကျန်းမာရေးအတွက် မကောင်းဘူး။ အဲ့တာ မင်းရဲ့ အခု အခြေအနေအတွက်လည်း အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး”။ ဆရာကြီးရှုယီ ထပ်ပြောလိုက်ပါသည်။

ဒီကောင်လေး လွန်ခဲ့သည့် ၁ ပတ်လောက်ကတည်းက ၈၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းနေပြီဖြစ်မှန်း ဆရာကြီးရှုယီ သိပါသည်။

သူ့ ဒဏ်ရာပြန်ကျက်နိုင်စွမ်းက သာမန်လူတစ်ယောက်ထက် အများကြီး သာလွန်သည်။ ဟူကျစ်ကိုလည်း ဆရာကြီးရှုယီ ပြောပြမထားပါ။

သမားတော်တစ်ယောက်အနေနဲ့ သူစည်းကျော်တာ မဟုတ်ဘဲ လူနာရဲ့ ဆရာက တောင်းဆိုထားတာကြောင့် ဖြစ်သည်။

အိမ်တော်ထိန်းကျန်းကိုယ်တိုင်က သူ့တပည့်ရဲ့ ကလဲ့စားချေချင်စိတ်မှာ အလွန်ပြင်းထန်လွန်းသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူဒဏ်ရာရနေသည့် ကာလအတွင်း ထိန်းသိမ်းထားပေးဖို့ ဆရာကြီးရှုယီကို သူတောင်းဆိုခဲ့သည်။

ဆရာကြီးရှုယီကလည်း ဒါကို ငြင်းဆန်စရာအကြောင်းမရှိပါ။ ဘာမှ လုပ်စရာမလိုဘဲ ဒီကောင်လေး ဒေါသထွက်နေတာကို ထိုင်ကြည့်နိုင်သည်။

“ကျွန်တော့်ကို အပြင်ထွက်ခွင့်မပေးမှ ကျန်းမာရေး ပိုးဆိုးသွားတော့မှာ!”။ ဟဲပေမူ ဒီအခန်းကြီးကို စိတ်ကုန်လာပါပြီ။

ဆရာကြီးရှုယီကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ဘာကိုမှ အလောကြီးစရာ မလိုပါ။

ထိုစဉ် စူစူလေးက ဆရာကြီးရှုယီ၏ အင်္ကျီစကို ဆွဲကာ မေးလိုက်သည်။

“ဦးလေးပိုင်ဟူကျစ်၊ ဘော်ဒီဂတ်လေးက သမီးနဲ့ တိုက်ခိုက်တာ လေ့ကျင့်လို့ ရပြီလား”

စူစူလေးက မျှော်လင့်တကြီး မေးလိုက်ခြင်းဖြစ်သည်။

“စူစူလေးက ဒီကောင်စုတ်နဲ့ အတိုက်အခိုက် လေ့ကျင့်ချင်လို့ ဟုတ်လား။ ဒီကောင် စူစူလေးကို အနိုင် မယူနိုင်ပါဘူး”။ ဆရာကြီးရှုယီ ပြောလိုက်သည်။

… … …

အခန်း(၉၅၂) ဟဲပေမူ ရူးတော့မယ် (၂)

“ခွန်အားချင်း ယှဉ်တာ မဟုတ်ဘူး။ တိုက်ကွက်တွေ လေ့ကျင့်ချင်လို့!”

ဦးလေးပိုင်ဟူကျစ် နားလည်စေဖို့အတွက် စူစူလေး အကွက်တချို့ သရုပ်ပြလိုက်ပါသည်။

“စူစူလေးက တိုက်ကွက်တွေ လေ့ကျင့်ချင်လို့လား”

“အွန်းအွန်း! ဟုတ်တယ်!”

“မလေ့ကျင့်ပါနဲ့။ တိုက်ကွက်တွေ လေ့ကျင့်ရတာ အရမ်း ပင်ပန်းတယ်။ ငါတို့ စူစူလေးက သန်မာနေပြီးသား။ အဲ့ဒီ အသုံးမဝင်တဲ့အရာတွေ လေ့ကျင့်စရာ မလိုဘူး”

စူစူလေးက ခွန်အားတစ်ခုတည်းသုံးရင်တောင် လူတိုင်းကို အနိုင်ယူနိုင်သည်။ တိုက်ကွက်တွေ ဘာတွေ လေ့ကျင့်စရာ မလိုပါ။ သူမ ပင်ပန်းသွားရုံသာရှိမည်။

“ဦးလေးပိုင်ဟူကျစ် သမီး တိုက်ကွက်တွေ လေ့ကျင့်ချင်တယ်! သမီး ပင်ပန်းမှာ မကြောက်ဘူး”။ စူစူလေးက ခေါင်းမာစွာ ထပ်တောင်းဆိုလိုက်ပါသည်။

“စူစူလေးက ဘာလို့ အဲ့လောက် လေ့ကျင့်ချင်နေတာလဲ”

“သမီးက ထူးခြားတဲ့သူဆိုတာ သူများတွေကို မသိစေချင်လို့လေ။ သမီးက အရမ်းသန်မာပြီး မိုးကြိုးတွေကို ခေါ်နိုင်မှန်း သူများတွေ သိသွားရင် သမီးကို အားလုံးကြောက်သွားကြလိမ့်မယ်။ ပြီးရင် ဖေဖေ၊ မေမေ၊ အစ်ကိုကြီးတွေနဲ့ တူလေးတွေလည်း ဒုက္ခရောက်လိမ့်မယ်။ သမီးကို လူတွေ မမုန်းအောင် သူတို့ ကြိုးစားနေကြတာ။ သမီးအဲ့လို မဖြစ်စေချင်ဘူး”

စူစူလေး ဆက်ရှင်းပြလိုက်သည်။ “ဒါပေမယ့် အားလုံးကိုလည်း ကာကွယ်ပေးချင်တယ်။ လူဆိုးတွေနဲ့ တွေ့ရင် တိုက်ခိုက်ချင်တယ်။ အဲ့တာကြောင့် သမီး ကိုယ်ခံပညာ သင်ချင်တာ!”

စူစူလေးကို ဆရာကြီးရှုယီ အံ့အားသင့်စွာ ငေးကြည့်လိုက်သည်။ စူစူလေးရဲ့ ရင့်ကျက်လာမှု၊ နားလည်နိုင်မှုနဲ့ ပါးနပ်မှုတို့ကြောင့် အံ့အားသင့်သွားရခြင်းဖြစ်သည်။

စူစူလေးရဲ့ အကြံက အဓိပ္ပာယ်ရှိသည်ဟု ဆရာကြီးရှုယီ ခံစားမိပါသည်။

စူစူလေးသာ ကိုယ်ခံပညာတစ်ခုခု သေချာ သင်ယူထားလျှင် အနာဂတ်မှာ လူဆိုးတွေကို အနိုင်ယူလျှင်လည်း လူတွေက ထူးဆန်းသည်ဟု ထင်မှာ မဟုတ်တော့ပေ။ အလွန်ဆုံး စူစူလေးက သိုင်းပညာရှင်ဖြစ်သည်ဟုသာ ယူဆသွားကြလိမ့်မည်။

“စူစူလေးက အရမ်းတော်ပြီး လိမ္မာလိုက်တာ!”။ နားလည်သွားတာနဲ့တစ်ပြိုင်နက် စူစူလေးကို ချက်ချင်း ပွေ့ချီလိုက်ပြီး ပါးလေးကို ပွတ်လိုက်ပါသည်။

“ဦးလေးပိုင်ဟူကျစ် ပါးကို လာမပွတ်နဲ့! ဘော်ဒီဂတ်လေးကို မြန်မြန် စစ်ဆေးပေး! သူနဲ့ လေ့ကျင့်လို့ ရပြီလား”

ဆရာကြီးရှုယီကြောင့် စိတ်ရှုပ်သွားသော စူစူလေး အမြန်ပြောလိုက်သည်။

ဆရာကြီးရှုယီရဲ့ မုတ်ဆိတ်မွေးတွေက စူးနေတာပဲ!

ဆရာကြီးရှုယီက ပြုံးလိုက်ပြီး စူစူလေးကို အောက်ပြန်ချပေးလိုက်ကာ လည်ချောင်းရှင်းလျက် ဟဲပေမူကို ပြောလိုက်သည်။ “အဟမ်း မလောနဲ့။ မင်းကို စစ်ဆေးပေးဖို့ လာခဲ့တာ မဟုတ်ဘူးလား”

ဟဲပေမူ နှုတ်ခမ်းတွန့်သွားသ်ည။

စူစူလေးသာ မလုပ်ခိုင်းလျှင် ဒီအဘိုးကြီး သူ့ကို လျစ်လျူရှုထားမှာ သေချာသည်။

“အဲ့တာဆို မြန်မြန်လုပ်!”။ မပျော်ရွှင်ရင်တောင် ဟဲပေမူ သည်းခံထားနိုင်ရုံသာရှိသည်။

ဆရာကြီးရှုယီ ကုတင်နားလျှောက်လာပြီး ဟဲပေမူကို စစ်ဆေးပေးချင်ယောင် ဆောင်လိုက်ပါသည်။

“အဟမ်း ဒီ ၂ ရက်အတွင်း သက်တောင့်သက်သာ မဖြစ်တာမျိုး ရှိလား။ ဒဏ်ရာတွေက ယားယံသေးလား။ ညဘက် ကောင်းကောင်း အိပ်ပျော်လား။ ဒဏ်ရာတွေ သက်သာသွားရင် ငါတို့စူစူလေးနဲ့ အတူ လေ့ကျင့်ဖို့ အစီအစဉ်ရှိလာား”

ဆရာကြီးရှုယီ မေးခွန်းပေါင်းများစွာ မေးမြန်းလိုက်သည်။

ဟဲပေမူ နှုတ်ခမ်းတွန့်သွားသည်။ မေးခွန်းတွေအားလုံးထဲမှာ နောက်ဆုံးမေးခွန်းကိုပဲ တကယ်မေးချင်တာမလား။

သူ့ဒဏ်ရာတွေ ပျောက်မပျောက်ကို သူကိုယ်တိုင် စစ်ကြည့်လိုက်ရင် သိနေတာပဲ မဟုတ်ဘူးလား။

စူစူလေးနဲ့ လေ့ကျင့်ပေးဖို့ သူသာ လက်မခံပါက သူ့ဒဏ်ရာတွေ မပျောက်ကင်းသေးဘူးဟု ဆရာကြီးရှုယီ ပြောမှာ ရာနှုန်းပြည့်သေချာသည်။

ဒါခြိမ်းခြောက်နေတာနဲ့ အတူတူပဲ!

“ဒဏ်ရာတွေ နာလည်းမနာဘူး ယားလည်းမယားဘူး။ စူစူလေးကို အတိုက်အခိုက် သင်ပေးဖို့ စီစဉ်ထားပြီးသား။ ကျွန်တော့် ဆရာသင်ပေးထာားတဲ့ ပညာတွေကိုတောင် တစ်ခုမကျန် ပြန်သင်ပေးမှာ”။ ဟဲပေမူ ပြန်ဖြေလိုက်သည်။

သူများအိမ်ရောက်နေမှတော့ အလျှော့ပေးရတာ မဆန်းပါ။

သူသာ ဒီအခန်းထဲက လွတ်မြောက်နိုင်မည်ဆိုလျှင် စူစူလေးထံမှာ အရိုက်ခံရမည်ဆိုလည်း မမှုပါ။

ဟဲပေမူ၏ အဖြေကို ကြားသောအခါ စူစူလေးဘက်သို့ ဆရာကြီးရှုယီ ပြန်လှည့်သွားသည်။

“ဦးလေး သေသေချာချာ စစ်ဆေးပြီးသွားပြီ။ စူစူလေးရဲ့ ဘော်ဒီဂတ်လေး နေပြန်ကောင်းသွားပါပြီ။ အခုချက်ချင်းတောင် လှုပ်ရှားလို့ရတယ်။ စူစူလေး အတိုက်အခိုက်လေ့ကျင့်ဖို့ သူ့ကို သဲအိတ်အဖြစ်တောင် သုံးလို့ရတယ်”

… … …

အခန်း(၉၅၃) စူစူလေးရဲ့ အံ့အားသင့်စရာ တိုက်ရည်ခိုက်ရည် (၁)

“မြောင်”။ တကယ်ကြီးလား။

စူစူလေး ဘာမှ မပြောနိုင်ခင် ဟူကျစ်က စိတ်မရှည်တော့ဘဲ ဆရာကြီးရှုယီကို ပြန်မေးလိုက်သည်။

ဟူကျစ်၏ မျက်နှာကို ကြည့်ရင်း ဆရာကြီးရှုယီ ကြောင်စကား နားမလည်သော်လည်း သူဘာကို သိချင်နေမှန်း နားလည်သွားပါသည်။

“ဒါပေါ့! ငါ့ဆေးပညာစွမ်းရည်ကို ယုံကြည်လိုက်စမ်းပါ”။ ဆရာကြီးရှုယီ အတည်ပြုပေးလိုက်ပါသည်။

ဟဲပေမူလည်း ကုတင်ပေါ်မှ ချက်ချင်း ထလာသည်။ ဒီပေါ်မှာ တစ်စက္ကန့်တောင် ထပ်မလှဲချင်တော့ပါ။

ဟူကျစ်က အကျင့်ပါပြီး ဟဲပေမူ ရှေ့မှာ ပိတ်ရပ်လိုက်သည်။ ဟဲပေမူကို ၂ ပတ်လောက် ပိတ်ဆို့ကာရံခဲ့ရသဖြင့် ဟူကျစ် အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

“ငါအခု အပြင်ထွက်လို့ရပြီလို့ ဆရာကြီးရှုယီ ပြောနေတယ်လေ”။ ဟဲပေမူ အတည်ပေါက်ပြောလိုက်သည်။

“မြောင်!”။ သိပါတယ်

ဟဲပေမူ အဝတ်အစားအမြန်လဲလိုက်ပြီး ဖိနပ်စီးလိုက်သည်။

တံခါးဝမှာ ရပ်နေသည့် စူစူလေးအား သူပြောလိုက်သည်။ “သွားကြစို့ တိုက်ခိုက်ကြရအောင်!”

စူစူလေးတစ်ယောက်တည်း လေ့ကျင့်ချင်နေတာမဟုတ်ဘဲ ၂ ပတ်လောက် အခန်းထဲအောင်းနေခဲ့ရသည့် ဟဲပေမူလည်း လက်ရည်သွေးချင်နေတာကြာပြီဖြစ်သည်။

စူစူလေးသာ ကြောက်စရာ ခွန်အားကို ထုတ်မသုံးလျှင် သူမကို အနိုင်ယူနိုင်သည်ဟု ဟဲပေမူ ယုံကြည်မှုရှိပါသည်။

“ဟုတ်ပြီ!”

စူစူလေးနဲ့ ဟဲပေမူတို့ ခြံထဲ ဆင်းသွားကြသည်။

အပြင်ဘက်က လေကောင်းလေသန့်များကို ရှူပြီး နေရောင်ခြည်ကို ခံစားမိမှ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်း ပြန်လည် ရှင်သန်လာသလို ဟဲပေမူ ခံစားလိုက်ရသည်။ ချက်ချင်း ပြန်လည် တက်ကြွလာခဲ့ပါသည်။

“လာလေ တိုက်ခိုက်ကြမယ်!”

“အွန်း!”

သူတို့နှစ်ယောက် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။

ဆရာကြီးရှုယီက ဟူကျစ်ကို ပွေ့ချီရင်း ဘေးမှ ရပ်ကြည့်နေပါသည်။

ကလေးနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြတာကို ကြည့်ရင်း ဆရာကြီးရှုယီ သက်ပြင်းချလိုက်သည်။

လူငယ်ဖြစ်ရတာကောင်းလိုက်တာ…

ဘယ်လောက်တောင် စိတ်အားထက်သန်နေကြလဲ ကြည့်ပါဦး

အကြောင်းမသိရင် သူတို့နှစ်ယောက်ကို ရန်သူတွေလို ထင်သွားနိုင်တယ်!

“မြောင်”။ ဆရာကြီးရှုယီကို ဟူကျစ် မော့ကြည့်လိုက်သည်။

“ငါ့ကို ကြည့်မနေနဲ့။ မင်းသခင်ကို ကြည့်လိုက်။ မင်းသခင် တိုးတက်လာပြီ။ မင်းကော ဘယ်တော့မှ တိုးတက်မှာလဲ”။ ဟူကျစ်ကို ဆရာကြီးရှုယီ ပြောလိုက်သည်။

“မြောင်!”

“ဘာမှ ပြန်မပြောနဲ့။ မင်းက မင်းသခင်လောက် မတော်တာ သေချာတယ်”

ဆရာကြီးရှုယီ ကြောင်စကား နားမလည်သော်လည်း ဟူကျစ်၏ အမူအရာကို ကြည့်ရင်း ခန့်မှန်းလိုက်ပါသည်။

“မြောင်!”

ဟူကျစ် ဒေါသထွက်သွားပြီး ဆရာကြီးရှုယီ၏ လက်ကို ဆက်တိုက်ပုတ်နေပါသည်။ လက်သည်းနဲ့ ကုတ်တာ မဟုတ်သဖြင့် နာလည်းမနာ ယားလည်း မယားပါ။

သို့သော် ဒေါသထွက်နေတာတော့ သေချာသည်။

“ငါ့ကို ဒေါသထွက်နေလို့ မထူးဘူး။ ငါပြောတာ အမှန်တရားတွေချည့်ပဲ။ မင်းဒေါသဘယ်လောက်ထွက်ထွက် ပြောင်းလဲ မသွားဘူး”။ ဆရာကြီးရှုယီက ဟူကျစ်ကို ငြင်းဆန်ခွင့်တောင် မပေးပါ။

“မြောင်…”။ ဟူကျစ် စိတ်ဓာတ်ကျသွားပြီး ခေါင်းငိုက်ကျသွားသည်။

ခေတ္တကြာမှ ဟူကျစ် ရုတ်တရက် ခေါင်းပြန်ထောင်လာပြီး ဆရာကြီးရှုယီ၏ လက်ပေါ်မှ ခုန်ချလိုက်ပါသည်။

ထို့နာက် ချင်းအိမ်တော် တံခါးထိရောက်အောင် ပြေးသွားလိုက်ပြီး ၁၈၀ ဒီဂရီလှည့်ကာ ပြန်ပြေးလာသည်။ ထိုကဲ့သို့ သွားလိုက်ပြန်လိုက်နဲ့ အကြိမ်ကြိမ် ပြေးနေလေသည်။

ဘုရားရေ! ငါ့ကြောင့် ဒေါသထွက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပြနေတာပဲ!

ဒီကြောင်စုတ်လေးက အကြောမာသားပဲ။ ၂ ပတ်လောက် ပြေးပြီးပါက ပင်ပန်းပြီး ရပ်သွားလိမ့်မည်ဟု ဆရာကြီးရှုယီ ထင်ထားသော်လည်း ဟူကျစ်က မရပ်မနား ဆက်ပြေးနေဆဲဖြစ်သည်။

တစ်ဖက်မှာလည်း စူစူလေးနဲ့ ဟူကျစ်တို့ အပြင်းအထန် တို်ကခိုက်နေကြသည်။

အစကတော့ ဟဲပေမူ သက်တောင့်သက်သာ ရှိခဲ့သည်။ စူစူလေးက သန်မာသော်လည်း ဒီနေ့ သူမ ခွန်အားကို ထိန်းချုပ်ထားပြီး တိုက်ကွက်တွေကိုသာ အသားပေးကာ တိုက်ခိုက်နေသည်။

ကိုယ်ခံပညာနဲ့ တိုက်ကွက်တွေအရဆို ဟဲပေမူက စူစူလေးထက် ပိုသာပါသည်။

သို့သော် ၁၀ မိနစ်ခန့် တိုက်ခိုက်ပြီးနောက် အခြေအနေက သိသိသာသာ ပြောင်းလဲလာခဲ့သည်။

စူစူလေးက တိုက်ခိုက်နေရင်းနဲ့ တိုက်ကွက်တိုင်းကို လေ့လာသင်ယူနေသည်။

ဟဲပေမူ သုံးလိုက်သည့် တိုက်ကွက်တစ်ခုချင်းစီတိုင်းကို စူစူလေး တစ်ခါသာ စောင့်ကြည့်ဖို့လိုပြီး ချက်ချင်း ပြန်အသုံးချနိုင်သည်။

… … …

အခန်း(၉၅၄) စူစူလေးရဲ့ အံ့အားသင့်စရာ တိုက်ရည်ခိုက်ရည် (၂)

တခြားသူတွေသာဆို ထိုတိုက်ကွက်တွေကို အနည်းဆုံး ၂ လ ၃ လလောက် အချိန်ပေး သင်ယူရမည်။ ဟဲပေမူတောင် အိမ်တော်ထိန်းကျန်းဆီမှာ အစပိုင်းတွင် အနည်းဆုံး ၁၀ ရက်မှ ၁၅ ရက်လောက်အထိ အချိန်ယူပြီး သင်ယူခဲ့ရပါသည်။

စူစူလေးက အသက် ၄ နှစ်တောင် မပြည့်သေးပါ။ တိုက်ကွက်တစ်ကွက်ကို တစ်ခါမြင်ပြီဂ ချက်ချင်း ပြန်အသုံးချနိုင်သည်။

နာရီဝက်ခန့်ကြာပြီးနောက် ဟဲပေမူ အရေးနိမ့်လာသည်။

သူတို့နှစ်ယောက်ရဲ့ တိုက်ရည်ခိုက်ရည် ကွာဟချက်တွေ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဟဲပေမူ သက်လုံလည်း ကုန်ဆုံးလာပါသည်။ သို့သော် စူစူလေးကတော့ ဘာပြဿနာမှ မရှိပါ။

တစ်နာရီ ပြည့်ခါနီးတွင် ဟဲပေမူ အသက်ရှူသံတွေ ပြင်းထန်လာပြီး ချွေးတွေ စိုရွှဲနေပါပြီ။ စူစူလေးကတော့ မျက်နှာတောင် မနီသေးဘဲ ဘာမှ မဖြစ်သလို ဆက်လက်တိုက်ခိုက်နေသည်။

စူစူလေးက ပိုတောင် စိတ်လှုပ်ရှားလာပါသေးသည်။

ဟဲပေမူ ဟောဟဲဆိုက်သွားပြီး စူစူလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူအခန်ထဲမှာ အကြာကြီး လှဲနေခဲ့လို့ တိုက်ရည်ခိုက်ရည်တွေ ကျသွားတာများလား။

စူစူလေးက ချွေးအနည်းငယ် ထွက်နေသော်လည်း ပင်ပန်းမှုကိုတော့ မခံစားရပေ။ “ဘော်ဒီဂတ်လေး ဆက်တိုက်လေ ဆက်တိုက်!”

စူစူလေးက ဘော်ဒီဂတ်လေးနဲ့ နောက်ထပ် အချီ ၃၀၀ လောက် တိုက်ခိုက်ချင်သေးသည်။

စူစူလေး၏ စိန်ခေါ်မှုကို ဟဲပေမူ လက်ခံချင်သော်လည်း ဆရာကြီးရှုယီက နှစ်ယောက်စလုံးကို ဝင်တားလိုက်သည်။

“ဒီနေ့အတွက် တော်လောက်ပြီ။ တစ်ကြိမ်တည်းနဲ့ အရာရာ ကျွမ်းကျင်အောင် လုပ်လို့မရဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့ကျင့်ဖို့က အဓိကကျတယ်”

ထို့နောက် စူစူလေးကို ဆရာကြီးရှုယီပြောလိုက်သည်။ “စူစူလေး၊ ဘော်ဒီဂတ်လေးက ဒဏ်ရာတွေ ပြန်သက်သာထားတာ မကြာသေးဘူး။ အဲ့တာကြောင့် အရမ်းကြီး ပြင်းပြင်းထန်ထန် မလေ့ကျင့်သင့်ဘူး။ သူ့ကို အချိန်နည်းနည်းလောက် ပေးလိုက်ပါ။ သူရာနှုန်းပြည့် ပြန်ကောင်းသွားမှ ဒီ့ထက်ကြာကြာ လေ့ကျင့်လို့ရတယ်”

ဆရာကြီးရှုယီက စူစူလေးကို အကြံပေးနေတာဖြစ်သလို ဟဲပေမူကိုလည်း ကယ်တင်နေတာဖြစ်သည်။

ဟဲပေမူက အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သဖြင့် ယောက်ျားမာန ရှိနေပြီဖြစ်သည်။

“အွန်းပါ”။ စူစူလေး တိုက်ခိုက်တာကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဆရာကြီးရှုယီဆီ ပြန်ပြေးသွားခဲ့ပါသည်။

ထိုစဉ် ဟူကျစ်လည်း ပြန်ပြေးလာခဲ့သည်။ ဟူကျစ်က ပြေးတာတောင် မဟုတ်တော့ဘဲ မြေပေါ်မှာ တရွတ်တိုက် ဆွဲနေတာဖြစ်သည်။

နောက်ဆုံးခြေလှမ်းလှမ်းပြီးနောက် စူစူလေး ခြေဖျားမှာ ဟူကျစ် မှောက်လဲသွားပါသည်။

“မြောင်…”။ နောက်ဆုံးလက်ကျန် ခွန်အားကို သုံးလျက် ဟူကျစ် တစ်ကြိမ်အော်လိုက်သည်။ ထို့နောက် မြေကြီးပေါ်မှာပဲ အိပ်ပျော်သွားလေတော့သည်။

--- --- ---

ဒီနေ့က မြို့ဟောင်းနယ်မြေအတွင်းရှိ နာမည်ကြီး မြေကွက်တစ်ခုကို လေလံတင် ရောင်းချမည့် နေ့ဖြစ်သည်။ ချင်းယုဟွိုင်းလည်း လေလံပွဲကို တက်ဖို့ စီစဉ်ထားပါသည်။

ချင်းမိသားစုက လက်ရှိမှာ အနောက်မြောက်ပိုင်း ပရောဂျက်ကိုသာ အာရုံစိုက် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး မြို့ဟောင်း နယ်မြေအတွင်းက မြေကွက်တွေကို ဝယ်ယူဖို့ စိတ်ကူးမရှိပါ။ သို့သော် ဒီလေလံပွဲက သူတို့အတွက် သံလိုက်အိမ်မြှောင် တစ်ခုလိုဖြစ်သည်။ ဒီက အခြေအနေတွေကို အကဲခတ်ပြီး သူတို့ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ပါသည်။

ချင်းယုဟွိုင်း သွားဖို့ ပြင်ဆင်နေစဉ် စူစူလေးက အတူလိုက်ချင်သည်ဟု ဆိုသည်။

“စူစူလေးလည်း လိုက်ချင်လို့လား”

တံခါးရှေ့မှာ ချင်းယုဟွိုင်းက စူစူလေးကို ငုံ့ကြည့်ရင်း မေးလိုက်သည်။

“အွန်း အတူတူ သွားကြမယ်!”

“ဘာလို့ အတူတူသွားချင်တာလဲ”

လေလံပွဲက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းပါ။ စူစူလေး ဒီတိုင်းထိုင်နေရသဖြင့် ပျင်းသွားမှာကို သူ စိတ်ပူမိပါသည်။

“မြေကွက်ဝယ်ရမယ်လေ!”

“စူစူလေးက မြေကွက်ဝယ်ချင်လို့လား”

“အွန်း! မြေကွက်ဝယ်ပြီး အိမ်ဆောက်မယ်! ဒေါ်လေးမှာ ပိုက်ဆံရှိတယ်!”

ထို့နောက် သူမ အိတ်ကပ်ထဲက ရွှေချောင်းလေးတစ်ချောင်းကို စူစူလေး ထုတ်ပြလိုက်ပါသည်။

အရင်တစ်ခေါက်က ဟွော်ထျင်း၏ ရှင်းပြမှုကြောင့် ရွှေတန်ဖိုးကို စူစူလေး နားလည်လာပါသည်။

သို့သော်လည်း တန်ဖိုးအတိအကျကို နားလည်ဖို့ကတော့ ခဲယဉ်းပါသေးသည်။

“စူစူလေးက ဘာလို့ အိမ်ဆောက်ချင်တာလဲ။ အခုအိမ်က မကောင်းဘူးလား”။ စူစူလေး အိမ်ဆောက်ချင်ရသည့် အကြောင်းအရင်းကို ချင်းယုဟွိုင်းက ပိုစိတ်ပူပါသည်။

အခုလက်ရှိအိမ်မှာ နေ့လို့မကောင်းလို့လား။

ဒါမှမဟုတ် သူမ သဘောမကျတာ တစ်ခုခု ရှိနေလို့လား။

… … …

အခန်း(၉၅၅) လေလံပွဲမှာ ယန်းမင်အာနဲ့ ဆုံတွေ့ခြင်း

စူစူလေး ခေါင်းခါလိုက်သည်။ “တူကြီးတို့ အားလုံးက မြေကွက်တွေ ဝယ်နေကြတာ ဒေါ်လေးလည်း ကူဝယ်ပေးမှာ! ဒေါ်လေးမှာ ပိုက်ဆံတွေအများကြီးရှိလို့ မြေကွက်တွေ အများကြီး ကူဝယ်ပေးမယ်!”

စူစူလေး၏ တွေးခေါ်ပုံက ရိုးရှင်းပါသည်။ ဖေဖေ၊ မေမေ၊ အစ်ကိုကြီးနဲ့၊ တူလေးတွေအားလုံး မြေဝယ်နေကြသဖြင့် သူမလည်း ကူညီကာ ဝယ်ပေးချင်ပါသည်။

စူစူလေးကို ချင်းယုဟွိုင်း ငေးကြည့်လိုက်သည်။ သူ့ရင်ထဲမှာလည်း နွေးထွေးသွား၏။

“ဟုတ်ပါပြီ။ ခေါ်သွားပေးမယ်။ ဒါပေမယ့် စူစူလေးကို ဂရုစိုက်ဖို့ အချိန်မရှိမှာစိုးလို့ ယုဟန်ကိုပါ ခေါ်သွားရမယ်။ သူလည်း ဒီနေ့ အိမ်မှာရှိနေတာ”

ဒါမှ စူစူလေး ပျင်းသွားလျှင် ယုဟန်က လိုက်ပြနိုင်သည်။ ကံကောင်းစွာဖြင့် လေလံပွဲရု့အနီးနားမှာ ရှော့ပင်းမော တစ်ခု ရှိနေပါသည်။

“ဟုတ်ပြီ!”။ စူစူလေး သဘောတူလိုက်သည်။

ချင်းယုဟန်ကလည်း စူစူလေးကို ထိန်းကြောင်းရမည်ဟု သိလိုက်ရသောအခါ ချက်ချင်း သဘောတူလိုက်ပါသည်။

စူစူလေးကို ပွေ့ချီလိုက်ပြီး ကားထဲ ဝင်သွားသည်။

“အစ်ကိုကြီး မောင်းမှာသာမောင်း။ ဒေါ်လေးကို ငါ့တာဝန်ထားလိုက်။ သေချာ ဂရုစိုက်လိုက်မယ်”

“ဟဲပေမူကိုလည်း ခေါ်လာရဦးမယ်”။ ချင်းယုဟွိုင်း သတိပေးလိုက်သည်။

ဟဲပေမူ နေပြန်ကောင်းနေပြီဖြစ်သဖြင့် စူစူလေးကို ကာကွယ်ရမည့် တာဝန်ကို ပြန်ယူနိုင်ပါပြီ။ ရှောက်ကျင်းယန်ကလည်း ထန်ထိုက်မင်ကို ခြေရာခံဖို့ အပြည့်အဝ အချိန်ပေးနိုင်ပြီဖြစ်သည်။

“မင်းပဲ ကြည့်လိုက်လုပ်ကွာ။ အဲ့အပိုင်းမှာ မင်းက ပိုတော်တာပဲ ဥစ္စာ။ စူစူလေးအတွက် ဘေးအကင်းဆုံး ဖြစ်မှာကိုသာ စီစဉ်လိုက်”။ ချင်းယုဟန်က အသေးစိတ်တွေကို ဂရုမစိုက်ပါ။

သူ့အားသာချက် အားနည်းချက်ကို သူနားလည်သည်။ ဒီနယ်ပယ်မှာ သူအကူအညီဖြစ်နိုင်ချေက နည်းပါးပါသည်။

ဒီလိုနဲ့ ကားထဲကို လူ လေးယောက် ဝင်လိုက်ကြပြီး လေလံရုံသို့ ထွက်လာကြပါသည်။

လေလံရုံက မြို့တော်စင်တာမှာ တည်ရှိတာဖြစ်ပြီး သူတို့ လေးယောက် ရောက်ရှိသွားကြသောအခါ ကားပါကင်တောင် ပြည့်နေပါပြီ။

ဒီနေ့ လေလံတင်ရောင်းချမည့် မြေကွက်က အလွန်နာမည်ကြီးသဖြင့် ပြိုင်ဆိုင်သူတွေ များပြားလှသည်။

အမှန်ပင်။ ချင်းယုဟွိုင်းလို အခြေအနေ လာအကဲခတ်သည့် လူတွေလည်း ရှိပါသည်။

သူတို့ လေးယောက် လေလံရုံထဲသို့ ဝင်လာကြသည်။ လေလံရုံထဲဝင်သွားပြီး သိပ်မကြာလိုက်ဘဲ ယန်းမင်အာနဲ့ ဆုံကြလေသည်။

ယန်းမင်အာက အလွန်ကြော့ရှင်းလှပသည့် ဝတ်စုံတစ်စုံဝတ်ထားကာ လူတွေကြားထဲ ထင်ရှားနေသဖြင့် မြင်ဖို့ လွယ်ကူပါသည်။

ချင်းယုဟွိုင်း ရပ်တန့်သွားပြီး ရှေ့က အမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

ယန်းမင်အာလည်း ချင်းယုဟွိုင်းတို့ အုပ်စုကို မြင်သွားသည်။ ချင်းယုဟွိုင်း၊ ချင်းယုဟန်နဲ့ စူစူလေးတို့ကို သူမ သေချာ ကြည့်လိုက်ပါသည်။

သူမ အာရုံထဲ မှတ်ဉာဏ်တချို့ ပြန်လည် ဝင်ရောက်လာပြီး ပြုံးမိသွားသည်။

ယန်းမင်အာဘေးမှာ ရွှယ်ကျန်း၊ သခင်မဟယ်၊ သခင်မယွီတို့ ရှိနေကြပါသည်။

ဒီအမျိုးသမီး ၃ ယောက်နဲ့ တွေ့ဆုံပြီး ရက်အနည်းငယ်ကြာသောအခါ ယန်းမင်အာ အိမ်ခြံမြေကုမ္ပဏီတစ်ခုကို တကယ် တည်ထောင်ခဲ့ပြီး ရွှယ်ကျန်းတို့ သုံးယောက်ကို ဖိတ်ခေါ်ခဲ့သည်။

ရွှယ်ကျန်းတို့ကလည်း ယန်းမင်အာကို ကတိပေးထားကြသည့်အတိုင်း လူအင်အားကော၊ ရင်းမြစ်တွေကော ထောက်ပံ့ခဲ့ကြပါသည်။

ရက်ပိုင်းအတွင်း ဟွာချန်းမြို့၏ အခွင့်ထူးခံ စူမိသားစု ကြီးမားသည့် အကွက်တစ်ကွက်ရွှေ့ဖို့ ကြံစည်နေကြသည်ဟူသော ကောလဟာလများ တောမီးလို ပြန့်နှံ့လာခဲ့သည်။

စူမိသားစုက ချင်းမိသားစုကို တိုက်ခိုက်သည့် လုပ်ရပ်မျိုး မလုပ်သေးသော်လည်း စူမိသားစု၏ လုပ်ရပ်များကြောင့် ချင်းမိသားစု ကြီးကြီးမားမား ထိခိုက်မှု ရှိလိမ့်မည်ဟု အားလုံး ယုံကြည်နေကြသည်။ အထူးသဖြင့် အနောက်မြောက်ပိုင်း ပရောဂျက်မှာ ဖြစ်သည်။

မြို့ဟောာင်းနယ်မြေမှာ အခြေချဖို့ စီစဉ်ထားသဖြင့် ဒီလေလံပွဲကို တက်ရောက်လာခဲ့တာ မဆန်းပါ။ ထို့ကြောင့် ရွှယ်ကျန်းတို့လည်း ယန်းမင်အာကို အဖော်ပြုပြီး လေလံပွဲသို့ တက်ရောက်လာခဲ့ကြခြင်းဖြစ်ပါသည်။

“သခင်မစူ၊ ချင်းမိသားစုလည်း ရောက်လာကြတယ်။ သူတို့ မြို့ဟောင်းနယ်မြေကိုပါ လာလုဖို့ ကြိုးစားနေကြတာလား မသိဘူးနော်”။ ချင်းမိသားစုဝင်များကို မြင်သောအခါ ရွှယ်ကျန်း ပြောလိုက်ပါသည်။

… … …

All Chapters