← Chapters

အခန်း (၉၅၆-၉၆၀)

Vol. 39 Ch. 956-960

အခန်း (၉၅၆-၉၆၀)

Vol. 39 Ch. 956-960

အခန်း(၉၅၆) ဘာလို့ စိုက်ကြည့်နေတာလဲ

“ထားလိုက်ပါ”

ယန်းမင်အာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုင်ခုံတစ်ခုံမှာ တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လိုက်ပါသည်။ ဒါကိုမြင်တော့ ရွှယ်ကျန်းတို့လည်း အနောက်မှ လိုက်လာကြသည်။

ထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ ရွှယ်ကျန်းက ဆက်ပြောလေသည်။ “သခင်မစူ၊ ချင်းမိသားစုကို ကြည့်ပါဦး။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတယ်ဆိုတာ အဲ့တာမျိုးပေါ့။ အနောက်မြောက်ပိုင်း ပရောဂျက်မှာ ဒီလောက် စွန့်စားထားရတာကို မြို့ဟောင်းနယ်မြေဘက်ကိုပါ ရောက်လာကြသေးတယ်”

“ဟုတ်ပါ့။ ချင်းယုဟွိုင်းက ငယ်ရွယ်ပြီး အတွေ့အကြုံလည်း မရှိဘူး။ အဲ့တာကြောင့် သူ့လုပ်ရပ်က နွားပေါက်က ကျားမကြောက်သလို ဖြစ်နေတယ်။ ဒါပေမယ့် သခင်ကြီးချင်းတို့ လင်မယားကကော အသက်အရွယ်ကြီးမှ ဘာတွေ အရူးထနေကြတာလဲ မသိဘူး”။ သခင်မဟယ်ကလည်း ထောက်ခံသည်။

“သခင်ကြီးချင်းတို့ လင်မယား အသက်ကြီးလာလို့ ဦးနှောက်သိပ်မကောင်းကြတော့ဘူး ဆိုတဲ့ ကောလဟာလတွေ ထွက်သေးတယ်။ အဲ့တုန်းက မယုံကြည်ခဲ့ပေမယ့် အခုတော့ ယုံရတော့မယ် ထင်တယ်”။ သခင်မယွီလည်း ဝင်ပြောလိုက်ပါသည်။

အမျိုးသမီး ၃ ယောက်က ထုံးစံအတိုင်း ယန်းမင်အာရှေ့မှာ ချင်းမိသားစုကို မညှာမတာ အတင်းပြောလိုက်ကြသည်။

ယန်းမင်အာကတော့ ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးလိုက်ပါသည်။

ယန်းမင်အာတို့ ထိုင်ခုံမှာ ထိုင်ပြီးတာတောင် ချင်းယုဟွိုင်း၏ အကြည့်က သူတို့ဆီမှာပဲ ရှိနေဆဲဖြစ်သည်။

“အစ်ကိုကြီး ဘာဖြစ်လို့လဲ။ အဲ့ အမျိုးသမီးကို ဘာလို့ ကြည့်နေတာလဲ။ မလုပ်နဲ့နော် အစ်ကိုကြီး။ မင်းမှာ အစ်မ မူရှင်း ရှိနေပြီးသားကို။ ငါသတိပေးထားမယ် ခြေမရှုပ်နဲ့နော်။ အစ်မ မူရှင်းကို သစ္စာမဖောက်နဲ့!”

ဆွဲဆောင်မှုရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို စိုက်ကြည့်နေသည့် အစ်ကိုကြီးဖြစ်သူအား မြင်ကာ ချင်းယုဟန် သတိပေးလိုက်ပါသည်။

အစ်မ မူရှင်းက သူ့ရဲ့ အိုင်ဒေါဖြစ်သည်။ ထို့အပြင် သူ့အစ်ကိုကြီးကလည်း ဖွင့်ပြောပြီးသားဖြစ်သဖြင့် သူ့ မရီး ဖြစ်နေပြီဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် အပြင်မှာ ဒီလို ခြေရှုပ်လို့ မရပါ။

သူတို့ ချင်းမိသားစုမှာ ဒီလို လူရှုပ်လူပွေမျိုး မရှိဖူးပါ။

“မင်းထင်သလို မဟုတ်ဘူး”။ ချင်းယုဟွိုင်း အကြည့်ကို ရုတ်သိမ်းလိုက်ပါသည်။

“ငါထင်သလိုမဟုတ်ရင် ဘယ်လိုလဲ။ မိန်းမတစ်ယောက်ကို မင်း ဒီလောက် စူးစူးစိုက်စိုက်ကြည့်တာ အခုမှ မြင်ဖူးတယ်!”

သူ့အစ်ကိုကြီးအကြောင်း ချင်းယုဟန် ကောင်းကောင်း သိပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက အခုလို မိန်းမတွေကိုသာ စိတ်ဝင်စားတတ်လျှင် အခုချိန်ထိ လူပျိုကြီး ဖြစ်နေမှာ မဟုတ်ပေ။

“လျှောက်တွေးမနေနဲ့။ ထိုင်စရာ နေရာရှာ”။ ချင်းယုဟွိုင်းက သူ့ညီကို ဘာမှ မပြောပြပေ။

ထို့နောက် စူစူလေးကို ခေါ်ပြီး ရှေ့ဆုံးတန်းမှာ ဝင်ထိုင်လိုက်ပါသည်။

စူစူလေးက အရပ်ပုသဖြင့် သူ့ပေါင်ပေါ် ထိုင်နေရင်တောင် မြင်ရမှာ မဟုတ်တာကြောင့် ရှေ့ဆုံးတန်းကို ရွေးလိုက်ခြင်း ဖြစ်ပါသည်။

ချင်းယုဟန်က အရင်ကိစ္စကို အလွတ်မပေးချင်သေးပါ။ “အစ်ကိုကြီး ငါပြောတာ နားထောင်နော်။ ငါတို့ ချင်းမိသားစုထဲမှာ ယောက်ျားတစ်ယောက်အတွက် အလိုအပ်ဆုံးက ဘာလဲ။ ပိုက်ဆံရှာဖို့လား။ မဟုတ်ဘူး သစ္စာ ရှိဖို့နော်! ကိုယ့်မိန်းမကိုယ် သစ္စာရှိဖို့က အရေးကြီးဆုံးပဲ! မင်းက ညီအစ်ကိုတွေထဲမှာ အကြီးဆုံးပဲ။ ငါတို့ချင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို မင်းက ဦးဆောင်ပြီး ဖျက်ဆီးလို့ မဖြစ်ဘူး!”

“အဲ့လို မဟုတ်ဘူးလို့ ပြောနေတယ်”

“အဲ့တာဆို ခုနက ဘာလို့ စိုက်ကြည့်နေတာလဲ”

ချင်းယုဟန်က အကြောင်းပြချက်ကို ကြားချင်နေတာဖြစ်သည်။

ချင်းယုဟန် ပွစိပွစိ ထပ်ပြောလိုက်ပါသည်။ “အစ်ကိုကြီးက အစ်မ မူရှင်းလိုမျိုး ဖြူစင် နုံအတဲ့ မိန်းကလေးမျိုးကို သဘောကျတာ မဟုတ်ဘူးလား။ ခုနက အမျိုးသမီးက တည်ငြိမ်ရင့်ကျက်ပြီး အစ်မမူရှင်းနဲ့ တခြားစီပဲ။ သူက မင်း သဘောကျတဲ့ ပုံစံမျိုးလည်း မဟုတ်ဘဲနဲ့!”

“တူလိမ္မာလေး ဘာတွေပြောနေတာလဲ။ ယွမ်ယွမ်ရဲ့ မေမေကို ပြောနေတာလား”

“ယွမ်ယွမ်ရဲ့ မေမေ ဟုတ်လား”။ စူစူလေးကို ချင်းယုဟန် ငုံ့ကြည့်လိုက်သည်။

“ဟုတ်တယ်! ခနုက ဒေါ်လေးလှလှက ယွမ်ယွမ်ရဲ့ မေမေလေ!”

“ယွမ်ယွမ်ဆိုတာ ဘယ်သူတုန်း။ ယွမ်ယွမ်ရဲ့ မေမေဆိုတာကကော ဘယ်သူလဲ”။ ချင်းယုဟန် ဘာမှ နားမလည်ပါ။

“ယွမ်ယွမ်က အတန်းဖော်သစ်လေ။ သူက နည်းနည်းတုံးပေမယ့် လိမ္မာပါတယ်!”။ စူစူလေး ပြန်ပြောလိုက်သည်။

“ဟမ်”။ ချင်းယုဟန် အံ့အားသင့်သွားလေသည်။

… … …

အခန်း(၉၅၇) တူကြီး ဘာမဟုတ်တာတွေ လုပ်ထားလဲ

အိမ်တွင်းအောင်းလေး ချင်းယုဟန်က အပြင်မထွက်တာ ရှားသည်။ သူ့ပုံစံက ရုပ်ရှင်ထဲကလို လူကုံထံမိသားစု တစ်စုမှ အိမ်ပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသော သူဌေးသမီးလေးတစ်ယောက်လို ဖြစ်နေသည်။ ထို့ကြောင့် အိမ်နားကို လူသစ်တွေ ပြောင်းလာလည်း ဘာမှ သိမှာ မဟုတ်ပေ။

ချင်းယုဟွိုင်းက မျက်မှောင်ကြုတ်က စူစူလေးကို ဝင်မေးလိုက်ပါသည်။ “ခုနက အမျိုးသမီးက အိမ်ရာထဲကို အသစ်ပြောင်းလာတဲ့ သခင်မစူလား”

“ဟုတ်တယ် အဲ့တာသူ!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“အစ်ကိုကြီး ကြားတယ်မလား။ အဲ့ဒီ မိန်းမမှာ ယောက်ျားနဲ့ ကလေးတွေ ရှိပြီးသား။ လက်လျှော့လိုက်တော့!”

ချင်းယုဟန်က ထိုကိစ္စကို ခေါင်းထဲမှ မထုတ်နိုင်သေးပေ။

ညီဖြစ်သူရဲ့ ပေါက်ကရခန့်မှန်းချက်တွေကို အရေးစိုက်မနေဘဲ ချင်းယုဟွိုင်း လေးလေးနက်ကန် စဉ်းစားလိုက်ပါသည်။

“ဒီလိုကိုး…”။ ဘာတွေဖြစ်နေသလဲဆိုတာ ချင်းယုဟွိုင်း နားလည်သလိုလို ရှိလာသည်။

“အစ်ကိုကြီး တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောနေတာလဲ။ အဲ့ဒီ မိန်းမကို မေ့လိုက်တော့ ကြားလား”

ချင်းယုဟန်က စွပ်စွဲလို့ ကောင်းဆဲဖြစ်သည်။

“အဲ့အမျိုးသမီးက ငါနဲ့ ပတ်သတ်နေတယ်”။ ချင်းယုဟွိုင် သေချာစွာ ပြောလိုက်သည်။

“ဟမ်”။ ချင်းယုဟန် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ့အစ်ကိုကြီးနှုတ်မှ ဒီလိုစကားမျိုးထွက်လာတာကို မယုံကြည်နိုင်ဖြစ်နေသည်။

ချင်းယုဟွိုင်းက ဘာမှ ဆက်ရှင်းမပြတော့ဘဲ ချင်းယုဟန်ကို အဓိပ္ပာယ်ပါစွာ ပြုံးပြလိုက်ပါသည်။

ချင်းယုဟန် အူတူတူဖြစ်သွားပြီး သူ့အစ်ကိုကြီးနဲ့ စူစူလေးတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။

တူလိမ္မာလေး ဘာလို့ မျက်လုံးပြူးမျက်စံပြူးဖြစ်နေသလဲဆိုတာ စူစူလေးလည်း နားမလည်ပေ။

သူမအတွက်တော့ အားလုံးက ရိုးရှင်းပါသည်။ သူတို့ မြေဝယ်ဖို့ ထွက်လာကြတာဖြစ်သည်။

“ဒေါ်လေး ကြားလိုက်လား! ဒေါ်လေးရဲ့ တူကြီးက အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သတ်နေတယ်တဲ့!”။ စူစူလေးကို ချင်းယုဟန် တိုင်လိုက်ပါသည်။

“ဘယ်လို ပတ်သတ်တာလဲ”။ ချင်းယုဟန်၏ စကားကို စူစူလေး နားမလည်သေးပါ။

“ဘယ်လိုပတ်သတ်တာလဲတော့ မသိဘူး ဒါပေမယ့် ဘယ်လိုပဲပတ်သတ်ပတ်သတ် မကောင်းဘူး! လက်ခံနိုင်စရာ မရှိဘူး!”

သူ့စကားကြောင့် စူစူလေး ခေါင်းပိုရှုပ်သွားပြီး ခေါင်းလေးစောင်းကာ ချင်းယုဟွိုင်းအား မေးလိုက်ပါသည်။ “တူကြီး ဘာမဟုတ်တာတွေ လုပ်ထားလဲ”

“ငါဘာမှ လုပ်မထားဘူး။ ယုဟန်ပြောတာ နားထောင်မနေနဲ့။ အဲ့ကောင် ဦးနှောက်မကောင်းဘူး”

စူစူလေး၏ မေးခွန်းကို ဖြေပြီးနောက် ချင်းယုဟန်ကို ချင်းယုဟွိုင်း လှည့်ကြည့်လိုက်သည်။ “မင်းဖာသာမင်း မဟုတ်က ဟုတ်ကတွေ တွေးလို့ရတယ်။ ဒါပေမယ့် စူစူလေးကိုတော့ ပေါက်ကရတွေ လျှောက်မပြောနဲ့”

“ငါ့အတွေးက မဟုတ်ကဟုတ်က ဆိုတာ သေချာရဲ့လား”

“ရာနှုန်းပြည့်သေချာတယ်။ ပြီးတော့ မင်းမှတ်ဉာဏ်တော်တော် မကောင်းတာ ပိုသေချာတယ်” ချင်းယုဟွိုင်း ပြောလိုက်သည်။

“အစ်ကိုကြီး အဲ့တာ ငါ့ကို စော်ကားလိုက်သလိုပဲနော်။ ငါ့အတွေးက ပေါက်ကရဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ငါ မှတ်ဉာဏ်မကောင်းဘူးလို့ အခြေအမြစ်မရှိ မစွပ်စွဲနဲ့! ဒေါ်လေးစူစူ ဒီမှာ ရှိနေတယ်နော်။ ငါ့ကို စွပ်စွဲရင် ဒေါ်လေးစူစူကို တိုင်ပြီး ကလဲ့စားချေခိုင်းမှာ!”

စူစူလေး မျက်လုံးများ တောက်ပသွားကာ ဝင်ပြောလိုက်သည်။ “တူကြီး မဟုတ်တာ တစ်ခုခုလုပ်ထားရင် ပြန်တောင်းပန်အောင် လုပ်ပေးမယ်!”

ဒေါ်လေးတစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးရမှာ သူမ တာဝန်ဖြစ်သည်။

“ရတယ်လေ။ ယုဟန်မှတ်ဉာဏ် မကောင်းတာကို ငါသက်သေမပြနိုင်ဘူးဆိုရင် စူစူလေးရှေ့မှာ တောင်းပန်ပေးမယ်”

ချင်းယုဟွိုင်း သဘောတူလိုက်သည်။

“မင်းစကားနဲ့မင်းနော် အစ်ကိုကြီး! ညီအစ်ကိုအရင်းတွေဆိုပြီး ကိုယ့်စကားကိုယ် ပြန်မရုတ်သိမ်းနဲ့!”

“အိုကေ”

“အဲ့တာဆိုလည်း ပြီးရော!”

ချင်းယုဟန်က ကိုယ့်မှတ်ဉာဏ်ကိုယ် ယုံကြည်မှုရှိပါသည်။ ဒီနေ့ ဘာမှ ပုံမှန်မဟုတ်တာ မဖြစ်ခဲ့ပါ။ သူ့အစ်ကိုကြီးရဲ့ စကားက အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်သည်။

တောင်းပန်တာ မတောင်းပန်တာက အရေးမကြီးသော်လည်း သူ့အစ်ကိုကြီး ဦးညွှတ်ရမှာကိုတော့ ချင်းယုဟန် မြင်ချင်ပါသည်။

… … …

အခန်း(၉၅၈) ယန်းမင်အာအတွက် စာတစ်စောင်

ဟင်းဟင်း…

ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ အစ်ကိုကြီးက သူတို့အားလုံးထက် ဘက်စုံ ပိုသာခဲ့တာ။

အစ်ကိုကြီးကို ဦးညွှတ်တောင်းပန်ရအောင် လုပ်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး!

လေလံပွဲက မစတင်သေးပါ။

အနောက်ဘက်ခြမ်းမှာ ထိုင်နေသည့် ယန်းမင်အာက လေလံပွဲကို စိတ်မဝင်စားပါ။

ဖုန်းထုတ်ပြီး ဂိမ်းခဏ ဆော့နေလိုက်သည်။ ထို့နောက် နိုင်ငံခြားမှာ ရှိနေဆဲဖြစ်သည့် သားနှစ်ယောက်ကို ဖုန်းဆက်ပြီး စကားပြောသည်။

ထိုစဉ် လေလံပွဲရှိ ဝန်ထမ်းတစ်ယောက်က ယန်းမင်အာဆီ လျှောက်လာပြီး စာရွက်လေးတစ်ရွက် ပေးလိုက်ပါသည်။

“တတိယသခင်မကို လူကြီးမင်းတစ်ယောက်က ဒီစာလေး ပေးခိုင်းလိုက်လို့ပါ”

စာပေးခိုင်းလိုက်သည့် လူ တောင်းဆိုသည့်အတိုင်း ဝန်ထမ်းက ပြန်ပြောပြခဲ့ပါသည်။

“ဘာကို တတိယသခင်မလဲ! သခင်မစူလို့ ခေါ်စမ်း! လေသံကလည်း ဘယ်က လာတဲ့လူလဲ မသိဘူး!” ရွှယ်ကျန်းက ဝန်ထမ်းကို ငေါက်လိုက်ပါသည်။

ဝန်ထမ်းလည်း အမြန် တောင်းပန်လိုက်ရ၏။ “စိတ်မရှိပါနဲ့ သခင်မတို့။ ကျွန်တော် နားကြားမှားသွားတာ ဖြစ်မယ်”

ယန်းမင်အာက ပြုံးလိုက်ပြီး စာရွက်ကိုလက်ခံကာ ပြောလိုက်သည်။ “နားလည်ပါပြီ ကျေးဇူးပါ”

ဝန်ထမ်းထွက်သွားပြီးနောက် စာကို ယန်းမင်အာ ဖတ်ကြည့်လိုက်ပြီး အပြုံး ပိုကျယ်သွားခဲ့ပါသည်။

“သခင်မစူ ဘာတဲ့လဲ”။ ရွှယ်ကျန်းနဲ့ တခြား ၂ ယောက်လည်း စိတ်ဝင်စားသွားကြသည်။

“ဘာမှ မဟုတ်ပါဘူး။ အပြောင်အပျက်တွေပါ”။ ထိုစာကို လက်ကိုင်အိတ်ထဲ ယန်းမင်အာ ပစ်ထည့်လိုက်သည်။

ထို့နောက် စင်ပေါ်ကို ပြန်မော့ကြည့်လိုက်ပါသည်။

ခုနက လေလံပွဲကို စိတ်မဝင်စားသည့် ယန်းမင်အာတစ်ယောက် ရုတ်တရက်ကြီး စိတ်အားထက်သန်သွားခဲ့သည်။

ထို့ကြောင့် ဒီမြေကွက်ကို အရယူဖို့ ယန်းမင်အာ ကြံစည်နေတာဖြစ်မည်ဟု ရွှယ်ကျန်းတို့ ၃ ယောက် သုံးသပ်မိပါသည်။

အမျိုးသမီး ၃ ယောက် ဖုန်းတွေထုတ်လိုက်ကြပြီး လျှို့ဝှက် Group Chat ထဲမှာ စာပို့ကာ‌ ဆွေးနွေးလိုက်ကြသည်။

သခင်မကျန်း : [သခင်မစူက ဒီမြေကွက်ကို တော်တော်စိတ်ဝင်စားနေတာလား]

သခင်မဟယ် : [ဖြစ်နိုင်တယ်]

သခင်မယွီ : [ဒီမြေကွက်ကို လေလံမတင်ခင်တုန်းက ရှင့်ယောက်ျား စုံစမ်းခဲ့သေးတယ် မဟုတ်ဘူးလား သခင်မကျန်း။ သူက ဘာပြောလဲ။ ဒီမြေကွက်က ရင်းနှီးမြှုပ်နှံသင့်တဲ့ မြေကွက်တဲ့လား။ မတန်ဘူးဆိုရင် ကျွန်မတို့အားလုံး သခင်မစူကို ဝိုင်းတားရမှာနော်။ အခု ကျွန်မတို့ရဲ့ ငွေတွေ အကုန်လုံးကို သခင်မစူရဲ့ ကုမ္ပဏီအသစ်မှာ ရင်းနှီးမြှုပ်နှံထားရတာ။ သူသာ အရှုံးပေါ်သွားရင် ကျွန်မတို့ပါ ဒုက္ခရောက်ရမှာ”

သခင်မကျန်း : [ကျွန်မ ယောက်ျားက ဒီမြေကွက်ကို တကယ်လိုချင်နေတာ။ ဒါပေမယ့် တန်ဖိုးက အရမ်းမြင့်တယ်။ အဲ့တာကြောင့် ကျွန်မယောက်ျား လက်လျှော့ခဲ့ရတာ]

တကယ်တော့ သူမ ယောက်ျား ကျန့်ထုံလည်း ဒီနေ့ လေလံပွဲကို ရောက်လာပါသည်။ မြေကွက်ကို ပိုင်ဆိုင်နိုင်ချေက နည်းပါးသော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ချင်သည်။

သခင်မယွီ : [အဲ့တာဆို ဝယ်သင့်တယ်ပေါ့။ ဟုတ်ပြီ ဟုတ်ပြီ! သခင်မစူက ငွေလည်းပေါ အဆက်အသွယ်လည်း ပေါပြီးသားပဲ ဥစ္စာ။ ပရောဂျက်က အဆင်ပြေတယ်ဆိုရင် များများရင်းနှီးမြှုပ်နှံရလည်း ကိစ္စမရှိပါဘူး]

သခင်မဟယ် : [အဲ့တာဆို ဘာစောင့်နေကြတာလဲ။ သခင်မစူကို မြန်မြန်ကူညီကြလေ!]

အမျိုးသမီး ၃ ယောက် ဆွေးနွေးခဲ့ကြပြီး ဒီမြေကွက်ကို သခင်မစူ ဝယ်ယူနိုင်စေဖို့ ကူညီပေးကြရန် ဆုံးဖြတ်လိုက်ပါသည်။

လေလံပွဲကို တရားဝင် မစတင်ရသေးပါ။ ချင်းမိသားစုဘက်မှ လူ ၄ ယောက်အနက် ချင်းယုဟွိုင်း တစ်ယောက်တည်းသာ စင်ကို အာရုံစိုက်နေပါသည်။

ချင်းယုဟွိုင်း ထင်ထားသည့်အတိုင်းပဲ စူစူလေး အိပ်ငိုက်လာသည်။ မျက်လုံးက တစ်ဝက်လောက်ထိ ပိတ်နေပြီဖြစ်သော်လည်း ခေါင်းမာမှုဖြင့် ဆက်ပြီး ထိန်းထားဖို့ ကြိုးစားနေပါသေးသည်။

စင်ပေါ်မှ လူကလည်း စူစူလေး နားမလည်နိုင်သည့် စကားတွေပဲ ပြောနေသည်။

သူမ ကြိုးစား နားထောင်ကြည့်သော်လည်း ရှုပ်ထွေးလွန်းပါသည်။ သိပ်မကြာလိုက်ဘဲ သူမ ထပ်အိပ်ငိုက်သွားခဲ့သည်။

စူစူလေး အိပ်ငိုက်နေတာကို မြင်သောအခါ ချင်းယုဟန်လည်း နားကြပ်တပ်လိုက်ပြီး ဖုန်းနဲ့ ဂိမ်းကစားနေလိုက်ပါသည်။

ဟဲပေမူက သတိကြီးကြီးထားကာ စောင့်ကြည့်နေသည်။ စင်ပေါ်က လူပြောတာကို တစ်လုံးမှ နားမထောင်ဘဲ ရုံထဲက အခြေအနေတွေကိုသာ စောင့်ကြည့်နေတာဖြစ်ပါသည်။

ထိုစဉ် လေလံပွဲရုံထဲသို့ ထင်မှတ်မထားသည့် လူတချို့ ဝင်လာခဲ့ပါသည်။

… … …

အခန်း(၉၅၉) ကံကြမ္မာနတ်ဘုရားရဲ့ မျက်နှာပေးမှုကို ခံရသူ

အဝတ်အစားကို ကျကျနန လှလှပပ ဝတ်ဆင်ထားသည့် စုံတွဲတစ်တွဲဝင်လာသည်။ ယောက်ျားဖြစ်သူက အသက် ၄၀ - ၅၀ ဝန်းကျင်ရှိပြီး သူဌေးရုပ်ပေါက်ကာ ဗိုက်လည်း အနည်းငယ် ပူနေပါသည်။

အမျိုးသမီးကတော့ သူ့ထက် အသက်အများကြီး ပိုငယ်ပုံပေါက်သည်။ မျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက်တို့ကလည်း အလွန် လှပပါသည်။

ထိုအမျိုးသမီးက ကလေးမလေးတစ်ယောက်ရဲ့ လက်ကို တွဲထားသည်။ ထိုကလေးမလေးက ချင်းမိသားစုနဲ့ မစိမ်းကားသူ ဖြစ်ပါသည်။

စူစူလေးရဲ့ အတန်းဖော်ဟောင်း ချူးယန်ရှီပဲ ဖြစ်သည်။

ချူးဟမ့် သေဆုံးသွားပြီးနောက် ချူးယန်ရှီ ကျောင်းလာမတက်တော့ပါ။ သူမ ဘယ်ကိုရောက်ရှိသွားသလဲဆိုတာ အတန်းဖော်တွေကော ဆရာဆရာမတွေကော မသိကြပါ။

ထို ၃ ယောက်ကို မြင်သောအခါ ဟဲပေမူ မျက်မှောင်ကြုတ်သွားသည်။ ထိုလင်မယားနဲ့ ချူးယန်ရှီတို့ ဘယ်လို ပတ်သတ်မှုမျိုး ရှိနေမလဲဟု တွေးမိသည်။

ထို့နောက် ချင်းယုဟန်၏ လက်ကို အသာပုတ်ကာ ဟဲပေမူ သတိပေးလိုက်သည်။

ချင်းယုဟန်လည်း မော့ကြည့်လိုက်ပြီး ကြောင်စီစီ ဖြစ်သွားခဲသည်။

ထို့နောက် သူ့အစ်ကိုကြီးပေါ်မှာ ထိုင်နေသည့် စူစူလေးကို လှည့်ကြည့်လိုက်သည်။ စူစူလေး အိပ်ပျော်ခါနီး ဖြစ်နေတာကို မြင်မှ အနည်းငယ် စိတ်အေးသွားပါသည်။

ပွဲရုံထဲရောက်တာနဲ့တစ်ပြိုင်နက် ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် စူစူလေးထံသို့ ချူးယန်ရှီ အကြည့်ရောက်သွားခဲ့သည်။

သူမ နှစ်ဘဝစလုံး စိတ်ကူးတောင် မယဉ်ဖူးသည့် ကိစ္စတွေ လွန်ခဲ့သည့် လဝက်အတွင်း ဖြစ်ပျက်သွားခဲ့သည်။

သူမ အဖေ သေဆုံးသွားပြီးနောက် မိဘမဲ့ဖြစ်ကာ အရင်ဘဝကထက်ပင် ပိုမိုဆိုးရွားသွားတော့မည်ဟု ချူးယန်ရှီ ထင်ထားခဲ့သည်။

သို့သော်လည်း ရဲတွေရဲ့ အကူအညီနဲ့ သူမရဲ့ အမေအရင်းကို ရှာဖွေနိုငိ်ခဲ့ပါသည်။

သူမ အမေ သေဆုံးသွားပြီဟု ချူးဟမ့်က အမြဲတမ်း ပြောခဲ့သည်။ ချူးယန်ရှီကလည်း ယုံကြည်ခဲ့ပါသည်။

သို့သော်လည်း အမှန်တရားက လုံးဝ ခြားနားနေပါသည်။

သူမ အမေ မသေသေးသည့်အပြင် သူဌေးကြီးတစ်ယောက်နဲ့ပါ နောက်အိမ်ထောင် ပြုထားသေးသည်။ အခုတော့ သူဌေးကတော်တစ်ယောက်အဖြစ် သက်တောင့်သက်သာ ဘဝမျိုးနဲ့ နေထိုင်နေပါပြီ။

ချူးဟမ့် သေဆုံးသွားပြီဟု ရဲဌာနမှ ကြေညာလိုက်သောအခါ သူမ အမေအရင်းက လက်ရှိ ခင်ပွန်းနဲ့အတူတူ ဟွာချန့်မြို့ကို ရောက်လာပြီး သူမကို လာခေါ်ခဲ့လေသည်။

လက်ရှိ ခင်ပွန်းကလည်း ချူးယန်ရှီကို သမီးအဖြစ် လက်ခံပါသည်။

တကယ် ဆန်းကြယ်မှုတစ်ခုဟု ဆိုနိုင်သည်။ သူမ မိဘမဲ့ ဖြစ်မသွားရုံတင်မကဘဲ သူမ စိတ်ကူးယဉ်ခဲ့ရသည့် ဘဝမျိုးနဲ့ နေထိုင်နိုင်ပါပြီ။

ဒီလိုမှန်း အစကတည်းက သိခဲ့ပါက ချူးဟမ့်နဲ့ သူမအချိန်တွေကို ဖြုန်းခဲ့မှာ မဟုတ်ပါ။

ကံကြမ္မာနတ်ဘုရားက သူမကို မျက်နှာသာပေးနေသေးသည်ဟု ယုံကြည်သည်။

သူဌေးသမီးလေး ပြန်ဖြစ်သွားပြီဖြစ်သဖြင့် ချူးယန်ရှီ အလွန်စိတ်ရွှင်နေပြီး ချင်းစူစူအပါအဝင် ယခင်တုန်းက သူမကို ထိခိုက်အောင် လုပ်ခဲ့သူတိုင်းကို ကိုယ်ထင်ပြန်ပြဖို့ စောင့်မျှော်နေခဲ့သည်။

သူမ မတွေ့တာကြာပြီဖြစ်သည့် ချင်းစူစူနဲ့ ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့လေသည်။

ခေတ္တ အံ့အားသင့်သွားပြီးနောက် ချူးယန်ရှီ ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်ပြီး သူမ တခမ်းတနား ပြန်လာတာကို မြင်သောအခါ ဖြစ်ပျက်သွားမည့် ချင်းစူစူ၏ မျက်နှာကို စိတ်ကူးယဉ်နေမိပါပြီ။

“မေကြီး အဲ့ဒါ သမီးရဲ့ အတန်းဖော်ဟောင်းလေ!”။ အမေဖြစ်သူရဲ့လက်ကို ဆွဲပြီး စူစူလေးအား ချူးယန်ရှီ လက်ညှိုး ထိုးပြလိုက်သည်။

ချိုးရွှမ်လည်း သမီးဖြစ်သူညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ သူမ သမီးနဲ့ အသက်အရွယ်ချင်း တူတူလောက် ရှိမည့် အသားဖြူဖြူနဲ့ ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရပါသည်။

ထို့နောက် သူမ ယောက်ျားကို ပြောလိုက်သည်။ “ဟိုမှာ ရှောင်းရှီလေးရဲ့ သူငယ်ချင်းရှိတယ်တဲ့။ အဲ့ဒီမှာပဲ သွားထိုင်ကြရအောင်လေ”

ချိုးရွှမ်၏ လက်ရှိ ယောက်ျား ဝမ်ရှင်းမင်က သူမထက် အသက် ၁၂ နှစ်လောက်ကြီးသည်။ ရုပ်ရည်ကလည်း ချူးဟမ့်ကို မယှဉ်နိုင်ပါ။

သို့သော် သူ့ ဇနီး ငယ်ငယ်ချောချောကို အလွန် ချစ်မြတ်နိုးပြီး ဂရုစိုက်သည်။ ထို့အပြင် သူမအတွက် ငွေတွေကိုလည်း ရက်ရက်ရောရော သုံးပေးနိုင်ပါသည်။

“အိုကေ”။ ဝမ်ရှင်းမင်လည်း သဘောတူလိုက်ပါသည်။

ထို့နောက် သူ့မိန်းမ၊ သမီးလေးတို့နဲ့အတူတူ ချင်းမိသားစုရှေ့မှ ဖြတ်လျှောက်သွားလေသည်။

စူစူလေးရှေ့မှ ဖြတ်သွားရင်း စူစူလေး၏ အမည်ကို ချူးယန်ရှီ စိတ်အားထက်သန်စွာ ခေါ်လိုက်ပါသည်။ “စူစူ!”

နာမည်ခေါ်သံကြားသဖြင့် အိပ်ချင်မူးတူးဖြစ်နေသည့် စူစူလေး မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

… … …

အခန်း(၉၆၀) လေလံဆွဲခြင်း (၁)

စူစူလေး အိပ်ငိုက်နေသဖြင့် ဦးနှောက်ကလည်း အလုပ်လုပ်တာ ပုံမှန်ထက် နှေးကွေးနေသည်။ ၂ စက္ကန့်လောက် ကြည့်ပြီးမှ သူမရှေ့မှာ မတ်တပ်ရပ်နေသည့်လူက ချူးယန်ရှီဖြစ်မှန်း မှတ်မိသွားလေသည်။

ချူးယန်ရှီကို မြင်သောအခါ စူစူလေးရဲ့ မျက်နှာက ဘာမှ ဖြစ်မသွားပေ။ သူမ ဂရုမစိုက်တာကြောင့် ဖြစ်ပါသည်။

အရေးမကြီးသည့် လူတွေကြောင့် သူမ အိပ်ရေးအပျက်မခံနိုင်ပါ။ မပွင့်တပွင့်ဖြစ်နေသည့် မျက်လုံးများကို ချက်ချင်း ပြန်မှိတ်လိုက်ပြီး ချင်းယုဟွိုင်း၏ ရင်ခွင်ထဲ ပြန်တိုးဝင်နေလိုက်သည်။

စူစူလေး မျက်လုံးပြန်မှိတ်သွားတာကို မြင်သောအခါ ချူးယန်ရှီ မျက်နှာ တောင့်တင်းသွားခဲ့သည်။

သူမ မြင်ချင်သည့် တုန့်ပြန်မှုမျိုး မမြင်ခဲ့ရပါ။ ချင်းစူစူ သူမကို လျစ်လျူရှုသွားပြန်ပြီ။

ဒီလု လျစ်လျူရှုခံရတာမျိုးကို သူမ အလွန်မုန်းတီးသည်။ စကားနဲ့ အစော်ကားခံရတာထက်တောင် ပိုရှက်ဖို့ ကောင်းပါသည်။

ချင်းစူစူ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ!

ချင်းယုဟွိုင်း မော့ကြည့်လိုက်ပြီး ချူုးယန်ရှီနဲ့ အတူတူ ဝင်လာသည့် လင်မယားနှစ်ယောက်ကို မြင်သွားသည်။ ထို့နောက် သူတည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။ “စိတ်မရှိပါနဲ့။ စူစူလေးက နည်းနည်း အိပ်ငိုက်နေလို့”

“ရပါတယ်။ ကလေးတွေ အိပ်ငိုက်ရင် ဒီလိုပါပဲ”။ ချိုးရွှမ် အမြန်ပြန်ပြောလိုက်ပါသည်။

ထို့နောက် သူမ သမီးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ရှောင်းရှီလေး။ သမီးအတန်းဖော်လေး အိပ်ရာနိုးလာတဲ့ အခါကျမှ စကားပြောလိုက်နော်”

“ဟုတ်”။ ချူးယန်ရှီ လိမ္မာယဉ်ကျေးစွာ ပြန်ဖြေလိုက်ပါသည်။

ချင်းစူစူကို အလောတကြီး ကလဲ့စားချေစရာ မလိုပါ။ သူမရဲ့ လက်ရှိအခြေအနေနဲ့ဆို အချိန်တွေကော အခွင့်အလမ်းတွေကော အများကြီး ရှိပါသည်။

ထိုင်ခုံမှာ ထိုင်လိုက်ပြီးနောက် ချူးယန်ရှီ အမေဖြစ်သူကို မှီကာ စင်ပေါ်ကလူ ပြောနေတာတွေကို နားထောင်လိုက်ပါသည်။

သူမလည်း လေလံပွဲအကြောင်း အပြည့်အဝ နားမလည်သော်လည်း တခြားကလေးတွေထက် ပိုလိမ္မာသည့်ပုံစံ ဖြစ်အောင် နေပြရပါမည်။ ဒါမှ ပထွေးဖြစ်သူ အမြင်ကြည်မှာဖြစ်သည်။

လေလံပွဲ စတင်သောအခါ လေလံဆွဲကြသည့် လူတွေရဲ့ အသံတွေ စီစီညံလာသည်။

ယန်းမင်အာက တည်တည်ငြိမ်ငြိမ်သာ ထိုင်နေပြီး တခြားသူတွေနဲ့ လေလံပြိုင်ဆွဲဖို့ စိတ်ကူးရှိပုံ မပေါ်သေးပါ။

ထိုစဉ် ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ချင်းယုဟွိုင်းက လက်ထဲရှိ နံပါတ်ပြားကို ရုတ်တရက် မြှောက်လိုက်ပါသည်။

ထိုအခါ ယန်းမင်အာလည်း နံပါတ်ပြားကို ချက်ချင်း မြှောက်လိုက်ပါသည်။

ထို့နောက် တခြားသူတွေ လေလံဆွဲသောအခါ ယန်းမင်အာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ချင်းယုဟွိုင်း နံပါတ်ပြားမြှောက်ခါမှ ယန်းမင်အာလည်း နောက်ကလိုက်ပြီး မြှောက်လေသည်။

ခဏကြာသောအခါ ချင်းယုဟွိင်း လေလံထပ်ဆွဲလိုက်ပြိး သံသယဖြစ်ဖွယ်မရှိအောင် ယန်းမင်အာလည်း လေလံပြိုင်ဆွဲလေသည်။

ထိုမြင်ကွင်းကို မြင်ကာ ချင်းမိသားစုအား ယန်းမင်အာ ယှဉ်ပြိုင်နေသည်ဟူသော ခန့်မှန်းချက်ကို လူတွေ အတည်ပြုနိုင်ခဲ့ကြသည်။

ဒီသခင်မစူက ချင်းမိသားစုကို တကယ်တိုက်ခိုက်ချင်နေတာပဲ!

မဟုတ်ရင် ချင်းယုဟွိုင်နဲ့ ဘာလို့ ဒီလောက် သိသိသာသာကြီး လေလံပြိုင်ဆွဲနေရမှာလဲ။

တစ်ခေါက် နှစ်ခေါက်က တိုက်ဆိုင်တာဖြစ်နိုင်ပေမယ့် သုံးခေါက်ဆိုရင်တော့ တိုက်ဆိုင်မှု လုံးဝ မဖြစ်နိုင်တော့ဘူး။

ထိုမြင်ကွင်းက ရွှယ်ကျန်းတို့အတွက်တော့ ပျော်ရွှင်စရာ မြင်ကွင်းဖြစ်သည်။ သခင်မစူစိတ်ထဲ ဒီလို ရည်ရွယ်ချက် ရှိပါစေဟု သူမ ဆုတောင်းခဲ့ရတာဖြစ်သည်။ ဒါမှ ချင်းမိသားစုကို မုန်းတီးသည့် သူမတို့နဲ့ တစ်လှေတည်းသမားတွေ ဖြစ်သွားကြမှာ ဖြစ်ပါသည်။

သို့သော်လည်း ထို့နောက်ပိုင်း ချင်းယုဟွိုင်း လေလံဆက်မဆွဲတော့သဖြင့် ယန်းမင်အာလည်း ငြိမ်ကျသွားခဲ့သည်။

ထိုစဉ် လေလံရုံထဲရှိနေသည့် ဝမ်ရှင်းမင် အနည်းငယ် မျက်မှောင်ကြုတ်သွားပါသည်။

သူ့မျက်နှာကို ချိုးရွှမ်နဲ့ ချုးယန်ရှီတို့ သားအမိနှစ်ယောက်စလုံး သတိထားမိကြသည်။ ထို့ကြောင့် ချိုးရွှမ်က မေးလိုက်ပါသည်။ “ဘာဖြစ်လို့လဲ ယောက်ျား”

“ကိုယ်မင်းကို မပြောပြထားပေမယ့် ဒီနေ့ ဒီကိုလာခဲ့ရတာက အဲ့ဒီမြေကွက်ကို လိုချင်လို့လေ။ ဒါပေမယ့် ဟွာချန့်မြို့က မြေဈေးတွေက ကိုယ်ထင်ထားတာထက် တော်တော်လေး ပိုမြင့်နေတာပဲ။ ပြီးတော့ ပြိုင်ဘက်တွေကလည်း တော်တော် များတယ်”။ ဝမ်ရှင်းမင် ရှင်းပြလိုက်ပါသည်။

“အဲ့တာဆို ဘာလို့ ကျွန်မကို ကြိုမပြောတာလဲ။ ကျွန်မလည်း ပြင်ဆင်ထားလို့ ရတာပေါ့”။ ချိုးရွှမ်က မေးလိုက်ပါသည်။

“ဒါကိုယ့်အလုပ်တွေပါ။ ကိုယ့်မိန်းမက ဘာမှ စိုးရိမ်စရာ မလိုဘူး”။ ဝမ်ရှင်းမင် ပြုံးလိုက်ပြီး သူ့မိန်းမလက်ကို ကိုင်လိုက်ပါသည်။ “ကိုယ့်မိန်းမက ဒီတိုင်း ပျော်ပျော်ရွှင်ရွှင် လှလှပပ ရှိနေရင် ရပြီ။ ပိုက်ဆံရှာဖို့ ကိုယ်ပဲ အပင်ပန်း ခံလိုက်မယ်”

… … …

All Chapters