← Chapters

အခန်း (၉၆၆-၉၇၀)

Vol. 39 Ch. 966-970

အခန်း (၉၆၆-၉၇၀)

Vol. 39 Ch. 966-970

အခန်း(၉၆၆) ဖေဖေ ဘာလို့ စိတ်ညစ်သွားတာလဲ

“ဖေဖေနဲ့ မေမေတို့က ပိုက်ဆံရှာဖို့ အလုပ်ရှုပ်နေကြတာကိုး။ သမီးလည်း ဖေဖေနဲ့ မေမေတို့ကို ကူညီပေးချင်လို့!”။ စူစူလေးက ရှင်းပြလိုက်သည်။

“သမီးလေး…”။ အဘွားချင်း အံ့အားသင့်သွားပြီး ကြည်လည်း ကြည်နူးသွားပါသည်။ မျက်ရည်တွေတောင် ဝဲလာပါသည်။

သမီးလေးဘဝရဲ့ ပြောင်းလဲမှုတိုင်းက သူမအတွက် အလွန်အရေးပါသည့် ကိစ္စများ ဖြစ်ပြီး သမီးလေးပြောသည့် စကားလုံးတိုင်းကလည်း သူမကို မျက်ရည်ကျစေသည့် ကြည်နူးစရာ စကားလေးများဖြစ်သည်။

“မေမေ သမီး အရွယ်ရောက်လာပြီ! မေမေတို့ကို ကာကွယ်ပေးရမယ်”။ စူစူလေးက ပြောလိုက်ပါသည်။

သူမ အတည်ပြောနေတာဖြစ်သည်။ သူမ ငွေမရှာတတ်သေးသော်လည်း တဖြည်းဖြည်း သင်ယူလိုက်ပါမည်။

“သမီးလေး”

အဘွားချင်းက စူစူလေးကို ပွေ့ဖက်ထားလိုက်သည်။

“မေမေ့သမီးလေးက အရမ်းလိမ္မာလွန်းလို့ မေမေ အရမ်းပျော်ပြီး ရင်နာသွားလို့ပါ”

“မေမေ ရင်မနာပါနဲ့။ သမီး လိမ္မာတာ ကောင်းတာပေါ့! သမီး တဖြည်းဖြည်းနဲ့ လူကြီးဖြစ်လာမှာပဲကို!”။ စူစူလေးက ခိုင်မာ ပြတ်သားစွာ ပြောလိုက်သည်။

“အင်းပါ အင်းပါ မေမေ ရင်မနာတော့ဘူး။ မေမေ အရမ်းပျော်တယ်နော်။ ဒါပေမယ့် သမီးလေး အဲ့လောက်ကြီး စိတ်ပူစရာ မလိုပါဘူး။ ဖေဖေနဲ့ မေမေတို့က အခုချိန်မှာ အရာရာ လုပ်နိုင်တုန်းပဲ။ သမီးလေးက မေမေတို့ရဲ့ ရင်ခွင်ထဲမှာ နေရမယ့် အရွယ်ပဲ ရှိသေးတယ်။ သမီးလေး ပျော်ပျော်နေဖို့ပဲ လိုတာပါ”

စူစူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း အဘွားချင်း သိမ်မွေ့စွာ ပြောလိုက်သည်။

“သမီးလေး အရွယ်ရောက်လာတဲ့အခါကျရင် ဖေဖေနဲ့ မေမေတို့ ကာကွယ်မပေးနိုင်လောက်တော့ဘူး။ တခြား ကလေးတွေထက် သမီးလေး ပိုခက်ခဲတဲ့ ဘဝနဲ့ ရင်ဆိုင်ရနိုင်တယ်။ အဲ့အချိန်ကျရင် သမီးလေး သန်သန်မာမာ ရဲရဲဝံ့ဝံ့ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမယ်နော်”

“အွန်း အွန်း! အဲ့အချိန်ကျရင်မေမေတို့ကို ကာကွယ်ပေးမယ်!”။ စူစူလေး ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ”။ အဘွားချင်း ခေါင်းငြိမ့်လိုက်ပါသည်။

အဘွားချင်း ခေါင်းငြိမ့်လိုက်သော်လည်း ရင်ထဲမှာတော့ သူမနဲ့ အဘိုးချင်းတို့ ထိုအချိန်ထိ နေထိုင်နိုင်မှာ မဟုတ်မှန်း သိနေပါသည်။ သူမတို့ အသက် ၇၀ ကျော် ၈၀ နားကပ်နေကြပြီဖြစ်သည်။ စူစူလေး လူကြီးဖြစ်လာသည့်အခါ လူအတော်များများ ဖြတ်ကျော်ဖို့ ခက်ခဲသည့် အသက် ၉၀ အရွယ်ကို သူမတို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

သားအမိနှစ်ယောက် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် စကားပြောနေစဉ် အဘိုးချင်းနဲ့ ချင်းယုဟွိုင်းတို့ ပြန်ဝင်လာကြပါသည်။

အဘိုးချင်းက မျက်နှာမကြည်မလင် ဖြစ်နေလေသည်။

“အဘိုးကြီး ဘာဖြစ်လို့တုန်း”။ အဘွားချင်းက ချက်ချင်း သတိထားမိသွားကာ မြေးအကြီးဆုံးဖြစ်သူက သတင်းဆိုး တစ်ခုခု ပြောခဲ့တာ ဖြစ်မည်ဟု ခန့်မှန်းလိုက်ပါသည်။

“ဘာမှ မဖြစ်ပါဘူး”။ အဘိုးချင်းက ငြင်းလိုက်သော်လည်း မျက်နှာကတော့ မကြည်မလင် ဖြစ်နေဆဲပင်။

“ဖေဖေ စိတ်ညစ်နေတာ!”။ စူစူလေးက ပြောလိုက်သည်။

စူစူလေးလည်း မြင်ပါသည်။ သူမဖေဖေ စိတ်ညစ်နေတာ သေချာသည်။ သူမကိုကော သူမ မေမေကိုကော လိမ်လို့ မရပါ။

“ဖေဖေ ဘာမှ မဖြစ်ပါဘူး သမီးလေးရဲ့။ တကယ် ဘာမှမဖြစ်ဘူး”။ သမီးဖြစ်သူစကားကို ကြားတော့ အဘိုးချင်း အသည်းအသန် ငြင်းလိုက်ပါသည်။

“ဖေဖေ သမီးနဲ့ မေမေ့ကို လိမ်လို့မရဘူးနော်။ စည်းကမ်းကို မေ့သွားပြီလား!”။ စူစူလေးက တည်တည်တံ့တံ့ မျက်နှာလေးနဲ့ သတိပေးလိုက်ပါသည်။

အဘိုးချင်းလည်း ရူးချင်ယောင် မဆောင်ရဲတော့ဘဲ စူစူလေးကို အမြန်ရှင်းပြလိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဖေဖေ နည်းနည်း စိတ်တိုပြီး စိတ်ညစ်နေတာ။ ဒါပေမယ့် ပြဿနာ ကြီးကြီးမားမား မရှိဘူးနော်။ ဖေဖေက ခဏပဲ စိတ်ညစ်မှာ ပြီးရင် ပြန်ပျော်သွားလိမ့်မယ်!”

“ဖေဖေ့ကို ဘယ်သူ စိတ်တိုအောင် လုပ်တာလဲ။ သမီး သွားဆုံးမလိုက်မယ်!”။ ပြောပြောဆိုဆိုနဲ့ တံခါးဝမှာ ရပ်နေသည့် ချင်းယုဟွိုင်းထံ စူစူလေး အကြည့်ရောက်သွားသည်။

စူစူလေးရဲ့ မျက်လုံးများက အလွန်စူးရှနေသဖြင့် ချင်းယုဟွိုင်း ကြက်သီးမွေးညှင်းများ ထသွားပါသည်။

“ငါလုပ်တာ မဟုတ်ဘူး”။ ချင်းယုဟွိုင်း ပြန်ဖြေလိုက်ပါသည်။

အမြန် ရှင်းမပြပါက သူ့ဒေါ်လေးရဲ့ ဆုံးမမှုကို ခံရနိုင်သည်။

“အဲ့တာဆို ဘယ်သူလုပ်တာလဲ”။ စူစူလေး မေးလိုက်သည်။

ချင်းယုဟွိုင်းက စူစူလေးရဲ့ မေးခွန်းကို ပြန်မဖြေဘဲ သူ့အဘိုးကိုသာ လှမ်းကြည့်လိုက်သည်။ စူစူလေးကို ဒီကိစ္စ အဘိုးကိုယ်တိုင် ရှင်းပြလိုက်တာ ပိုကောင်းပါလိမ့်မည်။

… … …

အခန်း(၉၆၇) ကိုကြီးဆီက သတင်းမရတာ ကြာပြီ

အဘိုးချင်း အချိန်အတန်ကြာအောင် စဉ်းစားလိုက်ပြီးနောက် စူစူလေးကို ပြောလိုက်သည်။ “သမီးလေး ဖေဖေ့ကို ဒီပြဿနာ ကိုယ်တိုင် ဖြေရှင်းခွင့် ပေးပါလား။ သမီးလေးသာ ကူညီပေးလိုက်ရင် ပြဿနာက မိနစ်ပိုင်းအတွင်း ပြေလည်သွားမှာ။ ဖေဖေ့ကို အခွင့်အရေးပေးပါ။ ဖေဖေလည်း မေမေ့ရှေ့မှာ သူရဲကောင်းကြီး လုပ်ပြချင်သေးတယ်”

ဒါဆိုလည်း ဖေဖေ့ကို အခွင့်အရေး ပေးရတာပေါ့!

ဖေဖေ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရမယ်!

“အာ့ဆိုလည်း ပြီးရော။ ဖေဖေ အားတင်းထား! စိတ်မညစ်နဲ့နော်”။ စူစူလေး အားပေးလိုက်သည်။

“အင်းပါ အင်းပါ။ ဖေဖေ ကြိုးစားပါ့မယ်။ သမီးလေး ဘာမှ စိတ်မပူနဲ့”။

အဘိုးချင်း ကတိပေးလိုက်ပြီး စူစူလေးကို မေးလိုက်သည်။ “သမီးလေး ဒီတစ်ပတ် သောကြာနေ့မှာ သမီးလေးတို့ အတန်း ဆရာမိဘ တွေ့ဆုံပွဲ ရှိတယ်ဆို။ ကလေးတွေအားလုံး ဖေဖေတွေ မေမေတွေ ခေါ်လာရမှာလား”

“အွန်း! ဆရာမက အားလုံး ခေါ်လာသင့်တယ်လို့ ပြောလိုက်တယ်!”

အဘိုးချင်းခေတ္တစဉ်းစားလိုက်ပြီး စူစူလေးကို ပြုံးကာ ပြောလိုက်သည်။ “ဒါဆို ဖေဖေနဲ့ မေမေတို့ နှစ်ယောက်စလုံး လိုက်ခဲ့မယ်နော်”

“ဖေဖေနဲ့ မေမေ နှစ်ယောက်စလုံး လိုက်ခဲ့မှာလား”

“ဒါပေါ့ လိုက်ခဲ့မှာပေါ့”

--- --- ---

ဟုံဖုန်းမူကြိုမှာ ချူးယန်ရှီ ပြန်ရောက်နေပြီ ဖြစ်သည်။

သူမ အမေ ဝယ်ပေးထားသည့် အဝတ်အစားအသစ်၊ လွယ်အိတ်အသစ်များနဲ့အတူ စာသင်ခန်းထဲသို့ ဂုဏ်ယူဝံ့ကြွားစွာ ဝင်လာခဲ့ပါသည်။

ချင်းလောင်ယွင်ကတော့ မပျော်တော့ဘဲ တီးတိုး ရေရွတ်လိုက်ပါသည်။ “သူကျောင်းမလာတော့ဘူးဆို”

ထိုစိတ်ရှုပ်စရာ ကောင်မလေး မရှိသည့် အချိန်တောအတွင်း သူမတို့ အလွန်ပျော်ရွှင်ခဲ့ရသည်။

ယခု သူမ ပြန်ရောက်လာပြီဖြစ်သဖြင့် ဘယ်လို ပြဿနာတွေ ထပ်ရှာဦးမလဲ မသိနိုင်ပါ။ ထို့ကြောင့် သူမ ပြန်မလာလျှင် ပိုကောင်းမည်ဟု ချင်း‌လောင်ယွင် ဆုတောင်းမိသည်။

“ယွင်ယွင် ဒေါသထွက်မနေနဲ့။ သူက အခုတော်တော် အစွမ်းထက်နေပြီလို့ ငါ့ဖေကြီးက ပြောတယ်။ သူ့ကို ပြဿနာ သွားမရှာနဲ့”။ ကျိုးဟောက်က သတိပေးလိုက်ပါသည်

“အစွမ်းထက်တယ် ဟုတ်လား။ ငါ့ဒေါ်လေးစူစူလောက် အစွမ်းထက်လို့လား”။ ချင်းလောင်ယွင်က မခံချင်စွာ မေးလိုက်သည်။

“အဲ… အဲ့လောက်ကြီးတော့ မဟုတ်လောက်ပါဘူး”။

ကျိုးဟောက်ကလည်း သူ့အဖေပြောသည့် အစွမ်းထက်သည်ဆိုတာ ဘာကိုဆိုလိုမှန်း သေချာမသိပါ။

ချူးယန်ရှီကို အနိုင်သွားမကျင့်ဖို့သာ သူ့မိဘတွေ မှာထားသည်။ ချူးယန်ရှီနဲ့ ရန်ဖြစ်ပါက သူတို့ မိသားစု ဒုက္ခ ရောက်နိုင်သည်ဟု ဆိုသည်။

သူ သိပ်နားမလည်သော်လည်း သူမိဘတွေက မှာထားသဖြင့် စကားနားထောင်လိုက်ပါမည်။

“ငါတို့ကို အနိုင်လာမကျင့်ရင် ငါတို့ကလည်း အနိုင်မကျင့်ဘူးလေ။ ဒါပေမယ့် ငါတို့ကို အနိုင်ကျင့်ရင်တော့ ဒေါ်လေးစူစူက အလွတ်ပေးမှာ မဟုတ်ဘူး!”။ ချင်းလောင်ယွင် ပြောလိုက်သည်။

“အွန်း အွန်း ယွင်ယွင်ပြောတာ မှန်တယ်!”။ ကျိုးဟောက် အမြန်ခေါင်းငြိမ့်ကာ ချင်းလောင်ယွင်ကို ထောက်ခံ လိုက်ပါသည်။

ချူးယန်ရှီက စူစူလေး၊ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ကို စိတ်ကြီးဝင်စွာ ကြည့်လိုက်ပါသည်။

အစက ဒီမူကြိုသို့ ပြန်လာဖို့ ချူးယန်ရှီ အစီအစဉ် မရှိခဲ့ပါ။ သူမ ပထွေးနဲ့ အမေတို့ နေထိုင်သည့် မြို့ကိုသာ လိုက်သွားဖို့ တွေးခဲ့သည်။

သို့သော်လည်း လေလံပွဲမှာ ချင်းစူစူနဲ့ ချင်းမိသားစုကို မြင်တွေ့လိုက်ရသဖြင့် သူမရင်ထဲက အငြှိုးတရားများ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

ချင်းမိသားစုက ဒီလောက်တောင် ခေါင်းမာနေမှတော့ သူမကလည်း ပြန်ကစားပေးပါမည်။

စူစူလေးထံသို့ ချူးယန်ရှီ ယုံကြည်ချက် အပြည့်ဖြင့် လျှောက်လာခဲ့သည်။

စူစူလေးက ချင်းယုချဲ လုပ်ပေးလိုက်သည့် မုန့်အသစ်ကို ဘယ်လိုစားရမလဲဆိုတာ စူယွီယွမ်အား သင်ပေးနေပါသည်။

စူယွီယွမ်က ဘာမှ သိပုံမပေါ်ဘဲ စူစူလေး သင်ပေးနေတာကို နားထောင်နေသည်။ သို့သော် သူ့ပုံစံက အနည်းငယ် နှေးကွေးနေပါသည်။

ချူးယန်ရှီက စူစူလေးရဲ့ ထိုင်ခုံရှေ့ကို သွားကာ ပိတ်ရပ်လိုက်သည်။

စူစူလေး မော့ကြည့်လိုက်ရာ စိတ်ပျက်သွားခဲ့ရပါသည်။

ဟူး… လူသားပေါက်စတွေက ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းရတာလဲ။

ဒီချူးယန်ရှီသာ လူကြီးတစ်ယောက်ဆိုရင် ဒီတိုင်း ကန်ထုတ်ပစ်လိုက်လို့ရတယ်!

“ချင်းစူစူ နင့်ကိုကြီးနဲ့ မတွေ့တာ ကြာပြီမလား”။ ချူးယန်ရှီက သရော်ပြုံး ပြုံးကာ မေးလိုက်သည်။

ကိုကြီး ဟုတ်လား။။

စူစူလေး မျက်လုံးများ အရောင်တောက်သွားသည်။

အလုပ်ဖြစ်သားပဲ! လုကျန်းယွီအကြောင်း ပြောလိုက်တာ ချင်းစူစူ စိတ်ဝင်စားသွားတယ်!

စူစူလေး၏ မျက်နှာကို ကြည့်ပြီး ချူးယန်ရှီ ထပ်မေးလိုက်သည်။

“သူ့ဆီက သတင်းမကြားတာ ကြာပြီမလား။ သူပေကျင်းကို ပြန်သွားတာ ကြာပြီဆိုပေမယ့် နင့်ကို တစ်ခါမှ ဖုန်းမဆက်ဘူး ထင်တယ်နော် ဟုတ်တယ်မလား”

… … …

အခန်း(၉၆၈) ကိုကြီးက သူမနဲ့ မကစားချင်တော့ဘူးလား

ချူးယန်ရှီ ပြောတာ မှန်ပါသည်။

ဖေဖေနဲ့ မေမေတို့ကို သူမ မေးကြည့်ခဲ့ရာ ကိုကြီးက သက်သာလာပြီ ဖြစ်သော်လည်း နည်းနည်းလောက် ထပ်အနားယူပြီးမှ သူမကို ဖုန်းဆက်နိုင်မည်ဟု ဆိုပါသည်။

ချူးယန်ရှီက တစ်ခုခု သိထားလို့လား။

ကိုကြီး နေကောင်းရဲ့လားဆိုတာ သူ့ကို မေးကြည့်ရမလား။

မဖြစ်ဘူး! ချူးယန်ရှီက ကလေးဆိုးပဲ! သူပြောတာ မှန်တယ်ဆိုရင်တော့ သူ့စကား နားမထောင်သင့်ဘူး!

ဟုတ်တယ် နားမထောင်ဘူး စကားပြန်မပြောဘူး!

သေချာစဉ်းစားပြီးနောက် စူစူလေး ပြန်ပြောလိုက်သည်။ “နင့်အပူ မပါဘူး!”

“သူဘာလို့ နင့်ကို မဆက်သွယ်တာလဲ မသိချင်ဘူးလား။ သူသက်သာရဲ့လားဆိုတာကော မသိချင်ဘူးလား”။ ချူးယန်ရှီ ထပ်မေးလိုက်သည်။

“နင်ပြောတာ နားမထောင်ဘူး! နင့်စကားက မယုံကြည်ရဘူး!”

ကိုကြီးအကြောင်း သိချင်လျှင် အိမ်ပြန်ပြီး သူမမိသားစုကို မေးကြည့်လို့ရသည်။ ချူးယန်ရှီ ပြောတာကို နားထောင်စရာ မလိုပါ။

ချင်းလောင်ယွင်ကလည်း ဝင်ထောက်ခံလိုက်သည်။ “ဟုတ်တယ်! နင်ပြောတာ ဒေါ်လေးစူစူ နားထောင်စရာ မလိုဘူး! ဒေါ်လေးစူစူနဲ့ ကိုကြီးလုတို့က ခင်ပြီးသား! ကိုကြီးလုအကြောင်း နင်ဘာမှ ပြောစရာမလိုဘူး”

ကျိုးဟောက်ကလည်း ဝင်ပြောသည်။ “ဟုတ်တယ်။ ယွင်ယွင်လေးပြောတာ မှန်တယ်! နင်ဘာမှ ပြောစရာမလိုဘူး။ နင့်စကားက မယုံကြည်ရဘူး!”

စူယွီယွမ်က သူ့ရှေ့က လူသုံးယောက်ကို ကြည့်ကာ အူတူတူ ဖြစ်နေပါသည်။ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် သူ အသံထွက်လိုက်သည်။ “အွန်း!”

စူစူလေးတို့ ဘာတွေပြောနေကြမှန်း မသိသော်လည်း စူယွီယွမ် နားလည်နိုင်အောင် ကြိုးစားနေပါသည်။

သူမရှေ့က စဉ်းစားဉာဏ်မရှိသော ကလေး ၄ ယောက်ကို ကြည့်ရင်း ချူးယန်ရှီ ပြုံးလိုက်သည်။

“ဒါပေမယ့် ငါက ပြောပြချင်နေတာ။ နင့်ကိုကြီး သတိပြန်ရနေတာ ကြာလှပြီ။ သူ့ခန္ဓာကိုယ်ကလည်း အများကြီး ပြန်ကောင်းနေပြီ။ ဒါပေမယ့် ပေကျင်းမြို့မှာ သူငယ်ချင်းအသစ်တွေ ရနေပြီမို့လို့ နင့်ကို မလိုတော့ဘူးလေ’

စူစူလေး စိတ်ညစ်သွားတာကို ချူးယန်ရှီ မြင်ချင်နေပါသည်။

“ဆက်မပြောနဲ့။ ငါနင့်စကားကို မယုံဘူး”။ စူစူလေးက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

“ငါ့ကို မယုံရင် နင့်ဖေဖေနဲ့ မေမေကို သွားမေးကြည့်လိုက်လေ။ နင့်ကိုကြီးက နင့်ကို တွေ့ဖို့ ဟွာချန့်ကို ပြန်မလာတော့ဘူးလားလို့ မေးကြည့်လိုက်”။ ချူးယန်ရှီ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

“အဲ့တာ နင်နဲ့ ဘာမှ မဆိုင်ဘူး”။ ချူးယန်ရှီ စကားလာများနေတာကို စူစူလေး မကြားချင်တော့ပါ။

“ဟင်း”

ချင်းစူစူ နင်ခေါင်းမာထားစမ်းပါ။

အိမ်ပြန်ရောက်လို့ နင့်မိဘတွေကို မေးကြည့်မှ လုကျန်းယွီ နင့်ကို ဂရုစိုက်သေးလားဆိုတာ သိရလိမ့်မယ်!

အဲ့ကျရင် ခေါင်းမာနိုင်ဦးမလား ကြည့်ကြသေးတာပေါ့!

--- --- ---

အိမ်ပြန်ရောက်သောအခါ စူစူလေး အပေါ်ထပ် ပြေးတက်သွားခဲ့သည်။

အခန်းထဲရောက်တာနဲ့ စားပွဲမှာ အလုပ်များနေသည့် အဘွားချင်းထံ စူစူလေး ပြေးသွားခဲ့သည်။ စူစူလေးကို မြင်သောအခါ အဘွားချင်းလည်း လုပ်လက်စ အလုပ်တွေ ရပ်လိုက်ပါသည်။

စူစူလေးက အဘွားချင်း၏ ပေါင်ပေါ် တက်ထိုင်လိုက်ပြီး ခေါင်းလေးမော့ကာ မေးလိုက်သည်။

“မေမေ ကိုကြီး နေပြန်ကောင်းသွားပြီလား”

လုကျန်းယွီအကြောင်း မေးသောအခါ အဘွားချင်း၏ မျက်နှာ ပျက်သွားသည်။ မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားပြီး စူစူလေးနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲတော့ပါ။

“သက်သာလာပါပြီ”။ အဘွားချင်း တိုးညှင်းစွာ ဖြေလိုက်ပါသည်။

“အဲ့တာဆို ကိုကြီးကို ဖုန်းဆက်ချင်တယ်!”။ စူစူလေး ပြောလိုက်သည်။

“သမီးလေး မလောပါနဲ့။ နောက်မှ ဖုန်းဆက်ရအောင်နော်။ ကိုကြီးကို နားပါစေဦး”။ အဘွားချင်း ဆင်ခြေ အမြန် ပေးလိုက်ပါသည်။

“ဘာလို့လဲ။ ကိုကြီး သက်သာလာပြီဆို”။ စူစူလေး မေးလိုက်သည်။

ကိုကြီးက သက်သာလာတယ်ဆိုပြီး ဖုန်းတောင် မပြောနိုင်ဘူးလား။

“အင်း… သူသက်သာလာပါပြီ…”။ အဘွားချင်း စိတ်ဖိစီးသွားပြီး မျက်လုံးတွေ ဂနာမငြိမ် ပိုဖြစ်လာသည်။

“အဲ့တာဆို သမီးကို ဘာလို့ ဖုန်းမဆက်တာလဲ”။ စူစူလေး မေးလိုက်သည်။

“အဲ… သူ မအားလို့ နေမှာပါ”။

ထိုအကြောင်းပြချက်ကို စူစူလေး မယုံကြည်ပါ။

“မေမေ ကိုကြီးက သမီးနဲ့ မကစားချင်တော့ဘူးလား”။ စူစူလေး မေးလိုက်လေသည်။

… … …

အခန်း(၉၆၉) ယောက္ခမနဲ့ ချွေးမတို့ တွေ့ဆုံခြင်း (၁)

“သမီးလေး…”။ စူစူလေး၏ စကားကြောင့် အဘွားချင်း မှင်သက်သွားသည်။ သူမ တစ်ခုခု ပြောချင်သော်လည်း ဘာပြောရမှန်း မသိ ဖြစ်နေပါသည်။

စူစူလေးကို စကားပြန်ပြောဖို့ အဘွားချင်း အချိန်အကြာကြီး စဉ်းစားနေရပါသည်။

အမေဖြစ်သူရဲ့ မျက်နှာအနေအထားကို ကြည့်ရင်း စူစူလေး အဖြေကို ခန့်မှန်းလိုက်သည်။

“သမီးနဲ့ မကစားချင်တော့ဘူးဆိုလည်း ထားလိုက်ပေါ့”။ စူစူလေး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် ကိုကြီးက နတ်ယုတ်မာကြီးဆိုတာ သူမ သိပြီးပြီဖြစ်သည်။

ကိုကြီး ပြန်လာလျှင် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာတောင် စူစူလေး အခက်တွေ့နေတာဖြစ်သည်။

ယခုတော့ အဆင်ပြေသွားပါပြီ။ သူမကို မခေါ်ချင်လျှင် သူမကလည်း ခေါ်မှာ မဟုတ်ပါ။

“သမီးလေး… တကယ်လို့- စကားအဖြစ် မေးတာနော် တကယ်လို့ သမီးကိုကြီးက သမီးနဲ့ သူငယ်ချင်း မဖြစ်ချင်တော့ဘူး ဆိုရင် သမီးလေး ဝမ်းနည်းမှာလား”။ အဘွားချင်း အမြန် မေးလိုက်ပါသည်။

“ဝမ်းမနည်းပါဘူး! သမီးမှာ ဖေဖေနဲ့ မေမေတို့ရှိတယ်။ အစ်ကိုကြီးတို့နဲ့ တူလေးတွေလည်း ရှိတယ်! သမီး အရမ်း ပျော်တယ်”။ စူစူလေး ပြောလိုက်သည်။

ထို့နောက် လက်ချောင်းများ ထောင်လျက် စူစူလေး ရေတွက်လိုက်သည်။ “သမီးမှာ သူငယ်ချင်းတွေလည်း အများကြီး ရှိတယ်။ ဟူကျစ်၊ ထျင်းထျင်း၊ မဲလုံးကြီး၊ ယွင်ယွင်၊ ဟောက်ဟောက်၊ ဘော်ဒီဂတ်လေး…”

ကိုကြီးတစ်ယောက် ပျောက်သွားလည်း ကိစ္စမရှိပါ။

အဘွားချင်း စိတ်အေးသွားပြီး သက်ပြင်းချလိုက်ပါသည်။ “ဟုတ်ပါပြီ သမီးလေးရယ်။ သမီးလေးက အရမ်း သတ္တိ ရှိတာပဲ။ မေမေ အရမ်းဂုဏ်ယူတယ်နော်”

သူမ သမီးလေးက သူမ ထင်ထားတာထက် အများကြီး သဘောထားပြည့်ဝပြီး သတ္တိလည်း ပိုရှိသည်။ ထို့ကြောင့် အဘွားချင်း စိတ်အေးပါသည်။

“အွန်း အွန်း! မေမေ စိတ်မပူနဲ့။ သမီးက သတ္တိရှိတယ်။ ဘာမှ ဝမ်းမနည်းဘူး!”။ စူစူလေး အာမခံလိုက်သည်။

ထိုစကားလုံးများက သူမမေမေကိုသာမကဘဲ သူမကိုယ်သူမ ပြန်ပြောသည့် စကားလုံးများ ဖြစ်သည်။

သူမ ဝမ်းမနည်းပါ။ လုံးဝ ဝမ်းမနည်းပါ။

နတ်ယုတ်မာကြီးက သူမကို မခေါ်ချင်လည်း ဘာမှ ဝမ်းနည်းစရာ မလိုဘူး။ ဟွန်း!

--- --- ---

သောကြာနေ့တွင် ကျောင်းသားမိဘများ ဟုံဖုန်းမူကြိုသို့ ရောက်ရှိလာခဲ့ကြသည်။

ယန်းမင်အာက အစောကြီး ရောက်နေပါသည်။ သူမ ရောက်တော့ ကျောင်းသား မိဘ ၅ ယောက်လောက်သာ ရှိသေးသည်။

ယန်းမင်အာ၏ အိမ်တက် ပါတီပွဲကို ကျောင်းသားမိဘ အတော်များများ တက်ရောက်ခဲ့သဖြင့် သူမ အကြောင်းကို သိနေကြပါပြီ။

ယန်းမင်အာကို မြင်တာနဲ့ အမေ အများစုက လာနှုတ်ဆက်ကြသည်။

ရွှယ်ကျန်းလည်း မူကြိုကို အစောကြီး ရောက်နေပါသည်။ သူမယောက်ျားကို အကူအညီပေးနိုင်ဖို့အတွက် ကလေး မိဘတွေကိုယ်စား အုပ်ထိန်းသူအဖြစ် ဒီကိုလာနိုင်အောင် ယောက်မဖြစ်သူကို ရွှယ်ကျန်း တောင်းတောင်းပန်ပန် ပြောခဲ့ရသည်။

ယန်းမင်အာကို တွေ့တာနဲ့တစ်ပြိုင်နက် ရွှယ်ကျန်း သွားနှုတ်ဆက်လိုက်လေသည်။

“သခင်မစူ အစောကြီးပါလား”

“အင်း”။ ယန်းမင်အာက စိတ်သိပ်မပါစွာ ပြန်ဖြေလိုက်သည်။ သူမရဲ့မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်နေပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ဖြစ်သည်။

“သခင်မစူ တစ်ယောက်ယောက်ကို ရှာနေတာလား”။ ရွှယ်ကျန်း မေးလိုက်သည်။

“ဘာရယ် မဟုတ်ပါဘူး။ ဘယ်ကျောင်းသားမိဘတွေ ရောက်နေကြပြီလဲဆိုတာ လိုက်ကြည့်နေတာ”။ ယန်းမင်အာ ပြန်ဖြေလိုက်သည်။

“သခင်မစူ မနေ့တစ်နေ့က ဝယ်လိုက်တဲ့ မြေကွက်နဲ့ ပတ်သတ်ပြီး ကျွန်မ မေးချင်တာလေး ရှိလို့”။ ရွှယ်ကျန်းက အနည်းငယ် နေရခက်သော မျက်နှာဖြင့် ပြောလိုက်ပါသည်။

လေလံပွဲမှာ မြို့ဟောင်းနယ်မြေမှ မြေကွက်ကို ဝယ်ဖို့ မအောင်မြင်သဖြင့် ၂ ရက်ခန့် ကြာပြီးနောက် မြေကွက်နောက်တစ်ကွက်ကို ၁ ဘီလီယံ ယွမ် အသုံးပြုပြီး ယန်းမင်အာ ဝယ်ယူခဲ့သည်။

စာချုပ်စရံငွေက သန်း ၅၀ ဖြစ်ကာ၊ စဦးအရင်းအနှီး သန်း ၅၀၀ ထည့်ပြီးနောက် ကျန်သန်း ၅၀၀ ကို ဘဏ်မှ ချေးငွေ ယူခဲ့ကြသည်။

“ပြဿနာ ရှိလို့လား”။ ယန်းမင်အာ မေးလိုက်သည်။

“မရှိပါဘူး။ ကျွန်မယောက်ျားနဲ့ ကျွန်မ ဆွေးနွေးပြီးတော့ ရှယ်ယာတွေ ထပ်ဝယ်ချင်လို့လေ။ အဲ့တာ ဖြစ်နိုင်မလား မသိဘူး”

“ရပါတယ်”။ ယန်းမင်အာ တဲ့တိုး ပြန်ဖြေလိုက်ပါသည်။

“တကယ်ပြောတာလား”။ ရွှယ်ကျန်း အပျော်လွန်သွားလေသည်။ မနေ့ညက သူမယောက်ျားနဲ့ သူမတို့ အကြာကြီး ဆွေးနွေးခဲ့ပြီးနောက် စူမိသားစု၏ ရင်းနှီးမြှုပ်နှံမှုက အလားအလာ အလွန်ရှိသည်ဟု သဘောတူခဲ့ကြသည်။

သခင်မစူက အခုမှ စတင်တာဖြစ်သော်လည်း အားလုံး အဆင်ပြေချောမွေ့နေသည်။

ဒီလောက်ထိ လွယ်ကူတာကို ကျန့်ထုံတစ်ခါမှ မကြုံခဲ့ဖူးပေ။

အခွင့်ထူးခံတွေကတော့ အခွင့်ထူးခံတွေပဲ ဖြစ်သည်။ သာမန်လူတွေနဲ့ ကွာဟချက် အတော်လေး မြင့်ပါသည်။ ဘာပဲ လုပ်လုပ် ကိုယ်ပိုင်အရင်းအနှီး၊ ကိုယ်ပိုင်အောင်မြင်မှုနဲ့ ရှိကြသငည်။

“ကျွန်မက နောက်ပါ့မလား။ ဒီတိုင်း ရှယ်ယာ ထပ်ဝယ်တဲ့ ကိစ္စ ဘာအရေးကြီးလို့လဲ”

… … …

အခန်း(၉၇၀) ယောက္ခမနဲ့ ချွေးမတို့ တွေ့ဆုံခြင်း (၂)

ယန်းမင်အာက အသစ်တည်ထောင်ထားသည့် အိမ်ခြံမြေကုမ္ပဏီနဲ့ ပတ်သတ်ပြီး အတော်လေး ပေါ့ပေါ့တန်တန်နိုင်လှသည်။

“ဒါဆို သခင်မစူ ဘယ်တော့အားမလဲမသိဘူး။ သခင်မစူနဲ့ စကားအေးဆေး ပြောရအောင် ကုမ္ပဏီအသစ်ဆီ ကျွန်မ ယောက်ျားကို လွှတ်လိုက်မယ်လေ”။ ရွှယ်ကျန်းက အပြုံးကျယ်ကျယ်ဖြင့် ပြောလိုက်ပါသည်။

“ကျွန်မနဲ့ စကားပြောစရာမလိုပါဘူး။ ကျွန်မ ယောက်ျားဆီပဲ လွှတ်လိုက်။ အခု ကျွန်မယောက်ျား အိမ်မှာပဲ ရှိနေတယ်”။ ယန်းမင်အာ ဘာမှ သိပ်မစဉ်းစားဘဲ အေးအေးလူလူ ပြောလိုက်ပါသည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်မယောက်ျားကို အခုပဲ ပြောလိုက်ပါ့မယ်။ ပြီးတော့ သခင်ကြီးစူကိုလည်း အကြောင်းကြားထားပေးပါဦး။ မဟုတ်ရင် ကျွန်မယောက်ျားက အနှောင့်အယှက် ပေးမိသလို ဖြစ်သွားမှာစိုးလို့ပါ”

ထို့နောက် ရွှယ်ကျန်း ဖုန်းထုတ်လိုက်ပြီး ကျန့်ထုံအား မက်ဆေ့တစ်စောင် ပျော်ပျော်ရွှင်ရွှင် ပို့လိုက်ပါသည်။

ရွှယ်ကျန်း၏ မက်ဆေ့ကို မြင်သောအခါ ကျန့်ထုံလည်း အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ကုမ္ပဏီမှ ချက်ချင်း ထွက်လာကာ ဟုံဖုန်း အိမ်ရာသို့ အမြန်လာခဲ့ပါသည်။

၁၀ မိနစ်ခန့် ကြာသောအခါ ကျောင်းသားမိဘတွေ စုံလင်လာကြပြီး လူ ၅၀ လောက် ဆန့်သော ဟုံဖုံးမူကြို အစည်းအဝေးခန်းလည်း စည်ကားလာခဲ့ပါသည်။

ထိုစဉ် အခန်းထဲ ဝင်လာကြသည့် လူနှစ်ယောက်ကို အားလုံး သတိပြုမိသွားကြသည်။

အဘိုးချင်းက အနက်ရောင် Suit တစ်ထည်နဲ့ နက်ကတိုင်ကို ကျကျနန ဝတ်ဆင်ထားသည်။ သူ့ဆံပင်တွေ ဖြူနေပြီ ဖြစ်သော်လည်း အားအင်အပြည့်နဲ့ တက်ကြွနေပါသည်။ အဝေးက လှမ်းကြည့်လိုက်လျှင် အသက် ၂၀ ကျော် ၃၀ ကျော် လူငယ်တွေထက်ပင် ပိုမို တက်ကြွနေသေးသည်။

အဘွားချင်းကလည်း ထို့နည်းတူ အထင်ကြီးစရာ ကောင်းပါသည်။ အလွန်လက်ရာမြောက်သည့် ချုံဆမ်းတစ်ထည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ငွေရောင် ဆံပင်များက အနည်းငယ် ကောက်နေသည်။ အသားအရည်က ဖြူဖွေးပြီး စိုပြေနေသည်။ အပျိုတွေနဲ့ မယှဉ်နိုင်သော်လည်း သက်တူရွယ်တူ အဘွားအိုတွေထက်တော့ အများကြီး ပိုနုပါသည်။

သူတို့ လင်မယားနှစ်ယောက် ဝင်လာကြသောအခါ အားလုံးအတွက် မျက်စိကျစရာ ဖြစ်သွားသည်။

ရွှယ်ကျန်းက သရော်ပြုံး ပြုံးလိုက်လေသည်။ မျက်လုံးထဲမှာလည်း အထင်သေးမှု အပြည့်ရှိနေသည်။

အဘိုးကြီးနဲ့ အဘွားကြီးနှစ်ယောက် ဘာလို့ ဒီလောက် ပြင်ပြင်ဆင်ဆင် လာခဲ့ကြတာလဲ…

ဘာတွေ ကြံစည်နေကြတာလဲ။

အဘိုးချင်းတို့ လင်မယားအကြောင်း ယန်းမင်အာကို အတင်းပြောဖို့ ရွှယ်ကျန်း လှည့်ကြည့်လိုက်စဉ် ယန်းမင်အာက အဘိုးချင်းတို့ကို ရီဝေစွာ စိုက်ကြည့်နေမှန်း မြင်လိုက်ရပါသည်။

“သခင်မစူ ဘာဖြစ်လို့လဲ”။ ရွှယ်ကျန်း မေးလိုက်သည်။

ယန်းမင်အာ အသိစိတ်ပြန်ကပ်သွားကာ ပြန်ဖြေလိုက်ပါသည်။ “ဘာမှ မမဖြစ်ပါဘူး”

“အဘိုးချင်းတို့လင်မယားကို သခင်မစူ အခုမှ မြင်ဖူးတာ မလား။ သေချာကြည့်ပါဦး။ အသက် ၇၀ ကျော် ၈၀ ဝန်းကျင် ရှိနေတာတောင် ရှိုးမပျက်ကြသေးဘူး။ ပြင်ဆင်ထားလိုက်တာများ”။ ရွှယ်ကျန်း ပွစိပွစိ ပြောလိုက်ပါသည်။

ယခင်တုန်းက အဖြစ်အပျက်များကြောင့် ချင်းမိသားစုကို ယန်းမင်အာ တိုက်ခိုက်ဖို့ ကြံစည်နေသည်ဟု ရွှယ်ကျန်း ယုံကြည်ထားပါသည်။ ထို့ကြောင့် အခွင့်ရတိုင်း ယန်းမင်အာကို ချင်းမိသားစု၏ မကောင်းကြောင်း အတင်းပြောလေသည်။

ယန်းမင်အာက ရွှယ်ကျန်းကို အေးစက်စွာ လှည့်ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ “အဘိုးကြီး အဘွားကြီးတွေ ဖြစ်တာနဲ့ပဲ ကောင်းကောင်းမွန်မွန် ဝတ်စားလို့ မရတော့ဘူးလား”

“အမ်”။ ရွှယ်ကျန်း ကြက်သေသေသွားသည်။ သေချာစဉ်းစားကြည့်မှ ယန်းမင်အာကလည်း မငယ်တော့တာကို သူမ သတိရသွားပါသည်။

ကိုယ့်အမှားကိုယ် နားလည်သဖြင့် ရွှယ်ကျန်း အမြန် ရှင်းပြလိုက်သည်။ “သခင်မစူ ကျွန်မ အဲ့လို ဆိုလိုတာ မဟုတ်ဘူးနော်။ သခင်မစူလို လှပကြော့ရှင်းတဲ့ လူမျိုးက ဘာပဲဝတ်ဝတ် လှနေမှာပဲ။ အသက်အရွယ်နဲ့ မလိုက်အောင် ဝတ်စားပြနေတဲ့ တချို့လူတွေကိုပဲ ပြောတာပါ။ မလှတာကို လှအောင် အတင်းလုပ်ယူနေသလိုကြီး ဖြစ်နေလို့လေ…”

“ဟင်း”။ ရွှယ်ကျန်းကို ယန်းမင်အာ အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

ယန်းမင်အာ စိတ်မကျေမနပ်ဖြစ်သွားတာကို သတိထားမိသဖြင့် ရွှယ်ကျန်း ရင်တွေ တုန်သွဦးသည်။

သူမ စကားကို ယန်းမင်အာ ဘာကြောင့် ဒေါသထွက်သွားရတာလဲ နားမလည်ပါ။

ဘေးနားမှ သခင်မဟယ်နဲ့ သခင်မယွီတို့က ခိုးရယ်နေကြလေသည်။ ရွှယ်ကျန်းလည်း ဒါကိုမြင်သဖြင့် မျက်စောင်း လှမ်းထိုးလိုက်ပါသည်။

ဘာတွေ လာရယ်နေတာလဲ!

ငါတစ်ခါလေးပဲ စကားပြောမှားသွားတာ!

နင်တို့ ရောက်မလာခင်ကတည်းက သခင်မစူဆီမှာ ရှယ်ယာတွေ ထပ်ဝယ်ဖို့ ငါအတည်ပြုပြီးသွားပြီ

အခုလောက်ဆို ငါ့ယောက်ျား စူမိသားစုအိမ်ကို ရောက်နေလောက်ပြီ!

နင်တို့သိမှ အခုလို ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့!

အဘိုးချင်းနဲ့ အဘွားချင်းတို့ ဝင်လာသောအခါ မျက်လုံးများက တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ကြသည်။ ယန်းမင်အာ လက်သီးဆုပ်ထားတာတွေ ပိုမို တင်းကျပ်သွားလေသည်။

… … …

All Chapters