← Chapters

အခန်း (၉၇၁-၉၇၅)

Vol. 39 Ch. 971-975

အခန်း (၉၇၁-၉၇၅)

Vol. 39 Ch. 971-975

အခန်း(၉၇၁) သူက ငါ့ယောက္ခမ (၁)

သို့သော်လည်း အဘိုးချင်းတို့၏ အကြည့်က ဘယ်သူ့ဆီမှာမှ ကြာရှည်မခံခဲ့ပါ။ ယန်းမင်အာလည်း အပါအဝင် ဖြစ်သည်။

အားလုံးရဲ့စောင့်ကြည့်မှုအောက်မှာ အဘိုးချင်းတို့ လင်မယားက စူစူလေးရဲ့ အတန်းပိုင်ဆရာမဖြစ်သော ဆရာမကျူးကို သွားနှုတ်ဆက်လိုက်ကြပြီး လက်မှတ် ထိုးလိုက်ပါသည်။

လက်မှတ်ထိုးပြီးနောက် အဘိုးချင်းက ဆရာမကျူးကို တစ်ခုခု ပြောလိုက်ပြီး လှည့်ထွက်လာခဲ့သည်။

အဘွားချင်းက တစ်ခန်းလုံးကို လှမ်းကြည့်လိုက်ပြီး စူစူလေး နာမည်ကပ်ထားသည့် ထိုင်ခုံကိုတွေ့ကာ လျှောက်လာခဲ့ပါသည်။

ဒီအခန်းထဲမှာ ကျောင်းသားမိဘတွေရဲ့ ထိုင်ခုံတွေက ကလေးတွေ စာသင်ခန်းထဲမှာ ထိုင်သည့် အစဉ်အတိုင်း စီစဉ်ထားတာ ဖြစ်သည်။

စူစူလေးနဲ့ စူယွီယွမ်တို့က ဘေးချင်းကပ်လျက် ထိုင်တာဖြစ်သဖြင့် အဘွားချင်း၏ ထိုင်ခုံကလည်း ယန်းမင်အာ ဘေးမှာ ဖြစ်ပါသည်။

သို့သော် ယခု ထိုထိုင်ခုံမှာ ရွှယ်ကျန်း ဝင်ထိုင်နေသည်။ ယန်းမင်အာနဲ့ စကားပြောရ ပိုလွယ်ကူအောင် တမင်သက်သက် လာထိုင်နေခြင်းဖြစ်သည်။

အဘွားချင်း လျှောက်လာတာကို မြင်သောအခါ ယန်းမင်အာ စိတ်ဖိစီးသွားပြီး ခါးလည်း အလိုလို မတ်သွားခဲ့ပါသည်။

သို့သော် အဘွားချင်းက ယန်းမင်အာကို ကြည့်တောင် မကြည့်ဘဲ သူမ ထိုင်ခုံမှာ ဝင်ထိုင်နေသည့် ရွှယ်ကျန်းကိုသာ ကြည့်လိုက်သည်။

“ဒီက အမျိုးသမီး ထိုင်ခုံမှားနေပြီ ထင်တယ်” အဘွားချင်း ပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပါသည်။

“ကျွန်မ ဒီထိုင်ခုံကို ပိုသဘောကျလို့လေ။ တခြားနေရာမှာ သွားထိုင်လိုက်ပါလား။ တခြားသူတွေလည်း သတ်မှတ်ထားတဲ့ အတိုင်း ထိုင်ချင်မှ ထိုင်ကြတာပဲကို”။ ရွှယ်ကျန်းက အဘွားချင်းအတွက် နေရာဖယ်ပေးဖို့ အစီအစဉ် မရှိဘဲ ပြောလိုက်ပါသည်။

အဘွာချင်းက အလျှော့မပေးပါ။ “တခြားသူတွေ ဘာလုပ်လုပ် ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ သမီးနာမည်ကပ်ထားတဲ့ ထိုင်ခုံမှာ ဒီထိုင်ခုံပဲ။ အဲ့တာကြောင့် ကျောင်းက ကျွန်မကို ဒီမှာ ထိုင်ဖို့ စီစဉ်ပေးထားတဲ့ သဘောပဲ။ ရှင်နဲ့ ထိုင်ခုံနေရာ လဲဖို့လည်း အစီအစဉ်မရှိဘူး။ အဲ့တာကြောင့် ကျွန်မထိုင်ခုံနေရာကို ဖယ်ပေးပါ”

ရွှယ်ကျန်းကလည်း လုံးဝ မထပေ။ “ရှင်ဘာလို့ အဲ့လောက် ပြောရခက်တာလဲ။ ကျွန်မပြောပြီးပြီလေ။ နာမည်ပြားတွေက ဒီတိုင်း ဟန်ပြ ကပ်ထားတာ။ ဘယ်သူမှ မလိုက်နာကြဘူး။ ရှင်က ဘာလို့ အဲ့လောက် စည်းကမ်းလိုက်နာချင်နေရတာလဲ”

“ကျွန်မ မြင်သလောက်တော့ အတော်များများ စီစဉ်ပေးထားတဲ့အတိုင်း ထိုင်နေကြတာပါ။ ငယ်ငယ်လေးပဲ ရှိသေးတာကို မျက်လုံး မကောင်းတော့ဘူးလား”

အဘွားချင်းက ငတုံးမဟုတ်ပါ။ စူစူလေးရဲ့ အတန်းထဲက ကျောင်းသားမိဘတွေကို သူမ တွေ့ဖူးပြီးသား ဖြစ်သဖြင့် ဘယ်သူက ဘယ်သူ့မိဘလဲဆိုတာ သိပါသည်။ ထို့ကြောင့် ဒီနေ့ မိဘအများစုက ကိုယ့်ကလေး နာမည်ကပ်ထားသည့် ထိုင်ခုံမှာ ထိုင်နေကြမှန်း အဘွားချင်း သိပါသည်။

“ငယ်ငယ်လေးနဲ့ မျက်လုံးမကောင်းတော့ဘူးလားဆိုတာ ဘာစကားလဲ။ ရှင်ကတော့ အသက်ကြီးပြီး မျက်လုံး အတော် ကောင်းတယ်ပေါ့။ အသက်အရွယ် အားကိုးပြီး အနိုင်မကျင့်စမ်းပါနဲ့!”။ ရွှယ်ကျန်း မောက်မာစွာ ပြောလိုက်သည်။

ဝုန်း!

စားပွဲကို ယန်းမင်အာ လက်ဖြင့် ရုတ်တရက် ထုလိုက်လေသည်။

အသံက ကျယ်လောင်လွန်းသဖြင့် အစည်းအဝေးခန်း တစ်ခန်းလုံး တိတ်ဆိတ်သွားကြပြီး ယန်းမင်အာကို ဝိုင်းကြည့်လိုက်ကြသည်။

ရွှယ်ကျန်ဂ၊ သခင်မဟယ်နဲ့ သခင်မယွီတို့အားလုံး ထိတ်လန့်သွားကြပါသည်။

“သခင်မစူ…”။ ယန်းမင်အာကို ရွှယ်ကျန်း သတိကြီးကြီးထားပြီး ကြည့်လိုက်သည်။

“ရွှယ်ကျန်း ဒါရှင့် ကလေးထိုင်ခုံ မဟုတ်ဘူးမလား။ အဲ့တာဆို ဘာလို့ မျက်နှာပြောင်တိုက် ခေါင်းမာပြီး ဆက်ထိုင်နေတာလဲ”

ယန်းမင်အာ ယခင်ကလို ကြော့ရှင်း နူးညံ့မနေတော့ဘဲ မျက်လုံးများက စူးရှနေပြီး မျက်နှာတစ်ခုလုံး ဒေါသတွေနဲ့ ပြည့်နေပါသည်။

“သခင်မစူအတွက် ဒီလိုလုပ်ပေးတာပါ…”။ ရွှယ်ကျန်း ရှင်းပြဖို့ ကြိုးစားသည်။

ချင်းမိသားစုအကြောင်း မကောင်းပြောတာကို သူမပဲ နားထောင်ရတာ သဘောကျတယ်ဆို!

ပြီးတော့ ချင်းမိသားစုနဲ့ ယှဉ်ပြိုင်ဖို့ အိမ်ခြံမြေလုပ်ငန်းတစ်ခုတောင် တည်ထောင်ခဲ့တာပဲ မဟုတ်ဘူးလား။

ဒါကိုကြည့်ရုံနဲ့ ချင်းမိသားစုကို သူမဘယ်လောက် မုန်းတီးလဲ မသိသာဘူးလား

ထို့ကြောင့် အဘွားချင်းကို သူမ မလေးမစား ဆက်ဆံသည့်အခါ ယန်းမင်အာက ပိုသဘောကျနေသင့်တာ ဖြစ်သည်။

“ပေါက်ကရတွေ လာပြောမနေနဲ့! ကျွန်မ အတွက်ဟုတ်လား။ ရှင့်ကို ကျွန်မနားမှာ ဘယ်တုန်းက လာထိုင်ခိုင်းလို့လဲ။ အဲ့လို ရိုင်းရိုင်းစိုင်းစိုင်း စကားပြောဖို့ ဘယ်တုန်းက ခွင့်ပြုထားလို့လဲ။ ကျွန်မကို အပြစ်လာလွှဲမချနဲ့ ကျွန်မ ငြိမ်ခံနေမှာ မဟုတ်ဘူးနော်!”။ ယန်းမင်အာ၏ အကြည့်များက ရေခဲတမျှ အေးစက်နေပါသည်။

ယန်းမင်အာ၏ အပြုအမူကြောင့် ရွှယ်ကျန်း အလွန် အံ့အားသင့် တုန်လှုပ်သွားသည်။

“သခင်မစူ အဲ့လိုပြောလို့ မရဘူးလေ!”။ ရွှယ်ကျန်း ကြောက်လည်းကြောက် ဒေါသလည်း ထွက်သွားပါသည်။

သခင်မစူ ဒီလိုလုပ်တာ ဘာသဘောလဲ!

သူမကို ဘယ်လောက် ဂရုစိုက်ကြောင်းထုတ်ပြဖို့ ကြိုးစားနေတာကို အသိအမှတ်မပြုတဲ့အပြင် နောက်ကျောကိုပါ ဓားနဲ့ လာထိုးနေတာလား!

… … …

အခန်း(၉၇၂) သူက ငါ့ယောက္ခမ (၂)

“ရှင်က သူများထိုင်ခုံမှာလည်း လာလုထိုင်သေးတယ်။ စကားကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောသေးတယ်။ ကိုယ့်ကိုယ်ကိုယ် မှန်တယ် ထင်နေတာလား။ အသက်အရွယ်ကို အသုံးချပြီး အနိုင်မကျင့်နဲ့လို့ သူများကို မပြောခင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ အရင်သုံးသပ်လိုက်ဦး”။ ရွှယ်ကျန်းကို ယန်းမင်အာ ဒေါသတကြီး ပြောလိုက်ပါသည်။

ရွှယ်ကျန်း တဖြည်းဖြည်း ရှက်လာသည်။ ကျောင်းသားမိဘတွေ အများကြီး စိုက်ကြည့်နေကြသဖြင့် ယန်းမင်အာသာ သူမကို ဒီလိုဆက်ဆံနေလျှင် ဟွာချန့်မြို့မှာ သူမ မျက်နှာပြရဲမှာ မဟုတ်တော့ပေ။

“သခင်မစူ အဲ့လိုလုပ်တာ မတရားဘူးနော်။ ရှင်ပဲ ချင်းမိသားစုကို မုန်းတီးလို့ ခဏခဏ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား။ အခုမှ သူတော်ကောင်း ဟန်ဆောင်နေတာတော့ မကောင်းပါဘူး!”

“ချင်းမိသားစုကို ကျွန်မ မုန်းတယ်လို့ ဘယ်သူပြောလဲ။ ရှင်တော်တော် စိတ်ကူးယဉ်ဆန်တာပဲ”။ ယန်းမင်အာ လှောင်ပြောင် ရယ်မောလိုက်သည်။

“စိတ်ကူးယဉ်ဆန်တယ်ဆိုတာ ဘာစကားလဲ။ ရှင်လုပ်ခဲ့တာတွေက ဒီလောက်သိသာနေတာ! အားလုံး သိကြတယ်!”။ ရွှယ်ကျန်းက သခင်မဟယ်နဲ့ သခင်မယွီတို့ကို လက်ညှိုးထိုးပြလိုက်ပါသည်။

သခင်မဟယ်နဲ့ သခင်မယွီတို့က မသိချင်ယောင် ဆောင်ပြီး ပါးစပ်ပိတ်နေကြလေသည်။

ချင်းမိသားစုကို ယန်းမင်အာ မုန်းတီးသည်ဟု သူမတို့လည်း ထင်ခဲ့ပါသည်။ သို့သော် ဒီလိုချိန်မှာ စကားဝင်ပြောရလောက်အောင် သူမတို့ မတုံးပါ။

အဘွားချင်းက အေးအေးလူလူ မေးလိုက်သည်။ “မင်မင် သူတို့ပြောပုံအရဆို ငါ့ကို နင်က မုန်းနေတာပေါ့”

“အမေ အဲ့လို မဟုတ်ဘူး! အဲ့ဒီ မိန်းမရူးက ပေါက်ကရတွေ လျှောက်ပြောနေတာ!”။ ယန်းမင်အာ ချက်ချင်း အပြုံးမျက်နှာ ဆောင်လိုက်လေသည်။

ဘာ…

အမေတဲ့လား။

သခင်မကြီးချင်းကို ယန်းမင်အာက ‘အမေ’လို့ ခေါ်လိုက်တာလား။

ကျောင်းသားမိဘတွေ အားလုံး ကြက်သေသေသွားကြသည်။

ဘယ်လိုဖြစ်တာလဲ

သူတို့အားလုံး နားကြားမှားတာလား။

သခင်မစူက အဘွားချင်းကို တကယ်ကြီး ‘အမေ’လို့ ခေါ်လိုက်တာလား။

မဖြစ်နိုင်တာ! ချင်းမိသားစုမှာ ချင်းစူစူ မွေးမလာခင်တုန်းက သားယောက်ျားလေးတွေချည့်တာ! သူတို့မှာ သမီးတစ်ယောက် ရှိတယ်ဆိုရင် အားလုံး သိပြီးသား ဖြစ်မှာပေါ့!

--- --- ---

တစ်ချိန်တည်းမှာပင် စာသင်ခန်းထဲ၌ ကလေးများက ပန်းချီဆွဲသင်နေကြပါသည်။

စူစူလေးက SpongeBob ပုံကို ဆွဲနေသည်။ သို့သော် ပုံဆွဲရင်းနဲ့ ကိုကြီး လုပ်ပေးဖူးသော SpongeBob ရွှံ့စေး ရုပ်ကလေးအကြောင်းး ပြန်တွေးမိပါသည်။

ထိုအတွေးကြောင့် ပုံဆွဲနေသည့် သူမလက်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

ကိုကြီးက သူမကို တကယ် မခေါ်တော့ဘူးလား။

နတ်ယုတ်မာကြီးလိုပဲ သူမကို စွန့်ပစ်လိုက်ပြီလား

မခေါ်ဘူးဆိုလည်း နေပါစေပေါ့!

စူစူလေး နှုတ်ခမ်းစူကာ တဖွဖွ ရေရွတ်လိုက်သည်။ “ဝမ်းမနည်းနဲ့ ဒေါသမထွက်နဲ့ ငါက သတ္တိရှိတယ်!”

စူစူလေး ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ သူမ အလွယ်တကူ ဝမ်းနည်းသွားမှာ ငိုမိမှာ မဟုတ်ပါ။

ဒေါက် ဒေါက်

ဒေါက် ဒေါက်

ပြူတင်းပေါက် မှန်ခေါက်သံတချို့ ထွက်ပေါ်လာသဖြင့် စူစူလေး ပြူတင်းပေါက်ဆီ လှမ်းကြည့်လိုက်ပါသည်။

“ဖေဖေ!”

ပြူတင်းပေါက် အပြင်ဘက်က အဘိုးချင်းကို မြင်သောအခါ စူစူလေး မျက်မှောင်ကြုတ်နေတာတွေ ပျောက်ကွယ်သွားပြီး မျက်လုံးများ အရောင်လက်သွားပါသည်။

အဘိုးချင်းက အဘွားချင်းနဲ့အတူတူ ဆရာ မိဘတွေ့ဆုံပွဲကို မတက်ရောက်ခဲ့ပါ။ စူစူလေးနဲ့ တွေ့ဖို့ လစ်ထွက်လာခဲ့တာ ဖြစ်သည်။

စူစူလေးကို တစ်ခုခုပြောဖို့ အဘိုးချင်း လက်ဟန်အမူအရာတွေ ပြနေပါသည်။

စူစူလေးက နားမလည်ဘဲ ခေါင်းလေးစောင်းကာ ကြည့်နေသည်။

ဖေဖေ ဘာတွေ လုပ်နေတာလဲ။

အဘိုးချင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။ ထို့နောက် စူစူလေး ဘေးမှာထိုင်နေသည့် စူယွီယွမ်အား လက်ညှိုး ထိုးပြလိုက်ပြီး တစ်ခုခုပြောဖို့ ကြိုးစားနေပါသည်။

“သခင်ကြီးချင်း တစ်ခုခုဖြစ်လို့လား”

ဟုံဖုန်းမူကြို၏ ပန်းချီဆရာမဖြစ်သော ဆရာမချမ့်က အဘိုးချင်းဘေးသို့ လျှောက်သွားပြီး အူတူတူဖြင့် မေးလိုက်သည်။

“အဟမ်း… ဘာမှမဖြစ်ပါဘူး။ ကျုပ်က ချင်းစူစူရဲ့ အဖေပါ”

“အင်း ကျွန်မတို့ သိပါတယ်။ စူစူလေးကို တွေ့ချင်လို့လား။ ကျွန်မ ခေါ်ပေးမယ်လေ”။ ဆရာမချမ့် ပြောလိုက်သည်။

“ဟုတ်… အဲ… မဟုတ်ဘူး”

အဘိုးချင်း စကားတွေ ထစ်ငေါ့သွားသည်။

“ဘာဖြစ်လို့လဲ သခင်ကြီးချင်း။ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”။ ဆရာမချမ့်က ပြောလိုက်ပါသည်။

“အဲ့တာဆို စူစူလေးနဲ့ စူစူလေးဘေးမှာ ထိုင်နေတဲ့ ကလေးလေးကို ခဏလောက် ထွက်လာခိုင်းလို့ ရမလား”။ အဘိုးချင်း တောင်းဆိုလိုက်ပါသည်။

… … …

အခန်း(၉၇၃) သူက ငါ့ယောက္ခမ (၃)

“စူယွီယွမ်လေးကို ပြောတာလား”

“ဟုတ်တယ်။ ကျုပ်… သူ့ကို မေးစရာတစ်ခုခုရှိလို့”။ အဘိုးချင်း ပြောလိုက်သည်။

“အင်း…”

သခင်မချမ့် တွန့်ဆုတ်သွားပြီး ခေတ္တစဉ်းစားကာ ပြောလိုက်ပါသည်။ “အဲ့တာဆို စူယွီယွမ်လေးကို ဘယ်မှ ခေါ်မသွားဘူးလို့တော့ ကတိပေးပါ။ ဒီနားမှာပဲ တွေ့လို့ရမယ်။ ကျွန်မ ကလေးတွေကို စောင့်ကြည့်ထားရမှာ မို့လို့ပါ”

သခင်ကြီးချင်း၏ ဂုဏ်သတင်းကြာင့် စူယွီယွမ်လေးကို ခေါ်ပေးဖို့ ဆရာမချမ့် သဘောတူလိုက်ပါသည်။

သို့သော် အဘိုးချင်း၏ စူယွီယွမ်လေးရဲ့ မိဘ မဟုတ်တာကြောင့် တစ်နေရာရာကို ခေါ်သွားလို့တော့ မရပါ။

“ဟုတ်ကဲ့ပါ ကိစ္စမရှိပါဘူး”။ အဘိုးချင်း သဘောတူလိုက်သည်။

ဆရာမချမ့်လည်း စာသင်ခန်းထဲ ပြန်ဝင်သွားပြီး စူစူလေးနဲ့ စူယွီယွမ်တို့ကို ခေါ်လိုက်ပါသည်။

စူစူလေးက အရင်ပြေးထွက်သွားပြီး စူယွီယွမ်က အနောက်မှ တော့တီးတော့တ လိုက်သွားလေသည်။

“ဖေဖေ ဘာပြောစရာရှိလို့လဲ”

အဘိုးချင်းက စူစူလေး ပြေးလာတာကို မြင်ပြီး ချက်ချင်း ကောက်ချီလိုက်ပါသည်။ “သမီးလေး ဒီနေ့ လိမ်လိမ်မာမာ နေရဲ့လား”

“သမီးက အမြဲတမ်း လိမ္မာတယ်လေ! သမီးကို မယုံဘူးလား”

“ယုံပါတယ် ယုံပါတယ်။ ဖေဖေက ဒီတိုင်း စကားအဖြစ် မေးတာပါ”။ အဘိုးချင်း အမြန်ရှင်းပြလိုက်သည်။

“မေမေကော”

“မေမေက အစည်းအဝေးခန်းထဲမှာ”

“အဲ့တာဆို ဖေဖေက သမီးကိုတွေ့ဖို့ ခိုးထွက်လာတာလား”

“ဟုတ်တယ်။ သမီးလေးနဲ့ တွေ့ချင်လွန်းလို့လေ!”

စူစူလေးနဲ့ စကားပြောကောင်းနေသဖြင့် အဘိုးချင်း ဒီကိုလာခဲ့ရသည့် ရည်ရွယ်ချက်ကို မေ့သွားလေသည်။

စူယွီယွမ်က ဘေးနားမှာ အူတူတူ ရပ်နေပါသည်။

သူ့ခေါင်းလဲထဲမှာ မေးခွန်းများစွာနဲ့ ပြည့်နှက်နေသည်။ ငါဘာလို့ အပြင်ထွက်လာတာလဲ။ ငါဘယ်ကို ရောက်နေတာလဲ။ ငါဘယ်သူလဲ။

အဘိုးချင်းက စူစူလေးကို ပွေ့ချီပြီး စကားများနေစဉ် သူ့ဘောင်းဘီကို လက်ကလေးတစ်ဖက်က လာဆွဲသည်။

အဘိုးချင်း လျစ်လျူရှုလိုက်သော်လည်း ထိုလက်ကလေးက ထပ်ဆွဲလိုက်ပါသည်။

အဘိုးချင်းက လာမနှောင့်ယှက်နဲ့ဟု ပြောဖို့ ခေါင်းငုံ့ကြည့်လိုက်သည်။ သို့သော် စူယွီယွမ်လေး၏ မျက်နှာကိုမြင်မှ ဒီကို လာခဲ့ရသည့် ရည်ရွယ်ချက်အား ပြန်သတိရသွားပါသည်။

ဒီကလေးလေးကို ရှာဖို့ သူလာခဲ့တာပဲ!

ငါမေ့သွားတာ! သမီးလေးက ချစ်ဖို့ကောင်းလွန်းလို့ ကျန်တာ အကုန်မေ့သွားတာပဲ!

စူစူလေးကို အဘိုးချင်း အောက်ပြန်ချပေးလိုက်သည်။ ထို့နောက် စူယွီယွမ်လေးဘက်သို့ လှည့်လိုက်သည်။

စူယွီယွမ်လေးကတော့ ဘာမှနားမလည်ဘဲ သူ့ကို မော့ကြည့်နေပါသည်။

“သားနာမည်က စူယွီယွမ်လား”။ အဘိုးချင်း မေးလိုက်သည်။

စူယွီယွမ် လေးလံစွာ ခေါင်းငြိမ့်လိုက်ပါသည်။

“သားမွေးနေ့က ဘယ်နေ့လဲ”။ အဘိုးချင်း ထပ်မေးလိုက်သည်။

စူယွီယွမ်လေး လက်ညှိုးကိုက်လျက် သေချာ စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းခါပြလိုက်ပါသည်။

သူ မမှတ်မိပါ။

“မမှတ်မိလည်း ရပါတယ်။ ဒီကိုလာပါဦး။ ဘိုးဘိုး သေချာကြည့်ပါရစေဦး”။ အဘိုးချင်းက စူယွီယွမ်လေးကို သေသေချာချာ အကဲခတ်လိုက်ပါသည်။

ဒီနှာခေါင်း၊ ဒီမျက်ခုံးနဲ့ ဒီမျက်လုံးတွေ…

ဒီကလေးရဲ့ မျက်နှာက သူ့သားမိုက်နဲ့ တစ်ပုံစံတည်း တူနေပါသည်။

ထိုသားမိုက်က သူနဲ့ ရုပ်အတူဆုံးသားဖြစ်ပြီး စိတ်ဓာတ်ကလည်း သူနဲ့ အတူဆုံးဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ စကားများ အချေအတင်ဖြစ်မှုက နှစ် ၂၀ ကျော် ကြာခဲ့ပါသည်။

ထို့ကြောင့် မြေး ၃ ယောက်ကိုလည်း အဘိုးချင်း မတွေ့ဖူးပါ။ သူတို့နဲ့ပတ်သတ်သည့် သတင်းတချို့သာ ကြားခဲ့ရသည်။

“ဘိုးဘိုး ဟုတ်လား”။ စူယွီယွမ်လေးက မေးလိုက်သည်။

“ဟုတ်တယ် ဘိုးဘိုးလို့ ခေါ်နော်”။ အဘိုးချင်း ခေါင်းငြိမ့်လိုက်ပါသည်။

“မခေါ်ဘူး!”။ ပုံမှန်ဆို ထုံထုံအအ ရှိတတ်သည့် စူယွီယွမ်လေးက ဒီတစ်ခါတော့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။

“ဘာလို့လဲ”။ အဘိုးချင်း စိတ်ဝင်တစား မေးလိုက်သည်။

“သားမှာ ဘိုးဘိုးရှိတယ်! ဖေကြီးရဲ့ ဖေကြီးလေ!”။ စူယွီယွမ် ရှင်းပြလိုက်သည်။

“သားပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဘိုးဘိုးက သားဖေကြီးရဲ့ ဖေကြီးပဲလေ”။

အဘိုးချင်း၏ စကားကိုကြားသောအခါ စူစူလေးနဲ့ စူယွီယွမ်တို့ ကြက်သေသေသွားကြသည်။

စူယွီယွမ်၏ ဦးနှောက်က အလုပ်မလုပ်တော့ပါ။

စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး မေးလိုက်သည်။ “ဖေဖေက ဘာလို့ ယွမ်ယွမ့် ဖေဖေရဲ့ အဖေလဲ”

… … …

အခန်း(၉၇၄) သူက ငါ့ယောက္ခမ (၄)

“ဘာလို့လဲဆိုတော့ ယွမ်ယွမ်ရဲ့ ဖေဖေကလည်း သမီးရဲ့ အစ်ကိုကြီးတစ်ယောက်မို့လို့ပေါ့”။ အဘိုးချင်း ရှင်းပြလိုက်သည်။

“ဪ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး စူယွီယွမ်ကို လှည့်ပြောလိုက်သည်။ “ယွမ်ယွမ် နင်လည်း ငါ့တူလေးပဲ”

ထိုသို့ပြောပြီးမှ စူစူလေး သေချာပြန်စဉ်းစားလိုက်ပြီး မျက်လုံးပြူးသွားသည်။

ဟမ်

ယွမ်ယွမ်ကလည်း သူမရဲ့ တူလေးပဲ ဟုတ်လား။

“ဖေဖေ၊ ယွမ်ယွမ်က သမီးရဲ့တူလေးလား”။ အဘိုးချင်းကို စူစူလေး မေးလိုက်ပါသည်။

“ဟုတ်တယ် သမီးရဲ့ တူလေးပဲ”

“အဲ့တာဆို ယွမ်ယွမ်ရဲ့ဖေဖေကို အရင်က သမီးဘာလို့ မမြင်ဖူးတာလဲ”။ စူစူလေး မေးလိုက်ပါသည်။

“အဲ… အဲ့တာက…”။ အဘိုးချင်း စကားထစ်ငေါ့သွားသည်။

“ဟမ်”။ စူစူလေး ခေါင်းစောင်းကာ အဘိုးချင်း ရှင်းပြမှာကို စောင့်မျှော်နေပါသ်ည။

“သမီးလေး အခုအဲ့တာတွေ မပြောနဲ့ဦး။ ယွမ်ယွမ်လေးနဲ့ ရင်းနှီးအောင် အရင်လုပ်ကြရအောင်နော်”။ အဘိုးချင်း စကားလမ်းကြောင်းလွှဲလိုက်ပါသည်။

စူစူလေးရဲ့ အစ်ကိုငယ်နဲ့ သူနဲ့ နှစ် ၂၀ ကြာအောင် အချေအတင်ဖြစ်ခဲ့ကြတာလို့ စူစူလေးကို ပြောပြရမှာလား

ဒီလိုပြောလိုက်ရင် သူ့သမီးလေးရဲ့ မျက်လုံးထဲမှာ သူသိက္ခာကျသွားမှာပေါ့!

“ဪ…”။ စူစူလေးလည်း ထပ်မမေးတော့ဘဲ ယွမ်ယွမ်ကို လှည့်ကြည့်လိုက်ပါသည်။

စူယွီယွမ်လေးက ကြက်သေသေနေဆဲဖြစ်သည်။ သူ့ဦးနှောက်ရဲ့ အမြန်နှုန်းနဲ့သာဆို ဒီအခြေအနေကို နားလည်ဖို့ အချိန်အတော်ယူရပါမည်။

“ယွမ်ယွမ် နင်ကလည်း ငါ့တူလေးပဲ! ခုချိန်ကစပြီး ငါ့ကို ဒေါ်လေးလို့ ခေါ်ရမယ်နော်!”

သူမရဲ့ ဒေါ်လေးရာထူးကို စူယွီယွမ်နားလည်အောင် စူစူလေး သေချာပြောပြလိုက်သည်။

“ဒေါ်လေးဟုတ်လား”။ စူယွီယွမ် မှတ်ထားလိုက်ပါသည်။

စူစူလေးကို ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ ဒေါ်လေးဟု ခေါ်ကြမှန်း သူကြားဖူးပါသည်။ ထို့ကြောင့် ထိုအခေါ်အဝေါ်နဲ့ ရင်းနှီးမှု ရှိပါသည်။

“အွန်း ငါက နင့်ဒေါ်လေး!”

“ဒေါ်လေး!”။ စူယွီယွမ်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခေါ်လိုက်ပါသည်။

“လိမ္မာတယ်!”။ စူစူလေး ကျေနပ်သွားပြီး စူယွီယွမ်လေးရဲ့ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။

စူယွီယွမ်ကလည်း စူစူလေးကို နုံနုံအအ အပြုံး ပြုံးပြလိုက်သည်။

“ဘိုးဘိုကိုကောခေါ်ဦးလေ။ ဘိုးဘိုးက မြေးလေးရဲ့ ဘိုးဘိုး”။ အဘိုးချင်း စကားဖြတ်ပြောလိုက်သည်။

စူယွီယွမ်လေးက အဘိုးချင်းကို အူတူတူ လှည့်ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် မလှုပ်ခဲ့ပါ။

“ဘိုးဘိုးလို့ခေါ်လေ! ဘိုး-ဘိုး”။ အဘိုးချင်းက သင်ပေးလိုက်သည်။

စူယွီယွမ်က ပါးစပ်တောင် မဟပါ။

‘ဒေါ်လေး’ဟု ခေါ်ရတာ လွယ်ကူသော်လည်း ‘ဘိုးဘိုး’ဟူသည့် စကားလုံးကတော့ ခက်နေပါသည်။

အဘိုးချင်း သက်ပြင်းချကာ လက်လျှော့လိုက်တော့သည်။

ထားလိုက်ပါတော့…

ငါ့မှာမြေးတွေ အများကြီးရှိလို့ တော်သေးတာပေါ့။

--- --- ---

အစည်းအဝေးခန်းထဲတွင် အဘွားချင်းကို ယန်းမင်အာက ‘အမေ’ဟု ခေါ်လိုက်ခြင်းကြောင့် အားလုံး တုန်လှုပ်နေကြဆဲ ဖြစ်သည်။

“သခင်မစူ ဘာတွေပြောနေတာလဲ။ ဘယ်သူ့ကို အမေလို့ ခေါ်နေတာလဲ”

ရွှယ်ကျန်းတစ်ယောက် သူမရဲ့ အံ့ဩတုန်လှုပ်မှုတွေကို မဖုံးကွယ်နိုင်တော့ပေ။

“ဒါကျွန်မရဲ့ ယောက္ခမလေ။ ကိုယ့်ယောက္ခမကိုယ် အမေလို့ ခေါ်တာ ထူးဆန်းလား”။ ယန်းမင်အာက ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်ပါသည်။

ဟုတ်တယ်

ဒါသူမရဲ့ ယောက္ခမပဲ သူမအပေါ် အရမ်းကောင်းခဲ့တဲ့ ယောက္ခမဆိုတာ သူပဲ!

ယောက္ခမ ဟုတ်လား

အဘွားချင်းက သခင်မစူရဲ့ ယောက္ခမလား!

“မဖြစ်နိုင်တာ! မဟုတ်သေးပါဘူး! ရှင်က သခင်မစူ မဟုတ်ဘူးလား။ သူက ဘာလို့ ရှင့်ယောက္ခမဖြစ်ရမှာလဲ”။ ရွှယ်ကျန်း လက်မခံနိုင်သေးပေ။

“ကျွန်မက သခင်မစူလို့ ဘယ်သူပြောလဲ။ ကျွန်မယောက်ျားရဲ့ မျိုးရိုးနာမည်က ချင်းလေ။ သူ့နာမည် ချင်းယွင်ကျစ်တဲ့”။ ယန်းမင်အာ ပြုံးကာ ရှင်းပြလိုက်သည်။

“ရှင်ယောက်ျား မျိုးရိုးနာမည်က စူမဟုတ်ဘူးပေါ့။ အဲ့တာဆို ရှင့်သားနာမည်ကို ဘာလို့ စူယွီယွမ်လို့ ပေးထားတာလဲ”။ ရွှယ်ကျန်း ထပ်မေးလိုက်သည်။

“ကျွန်မယောက်ျား မျိုးရိုးနာမည်က စူမဟုတ်တာနဲ့ပဲ ကျွန်မသားကို စူယွီယွမ်လို့ ပေးလို့ မရတော့ဘူးလား။ ကျွန်မ ယောက္ခမမျိုးရိုးနာမည်က စူဖြစ်နေတာနဲ့ မလုံလောက်ဘူးလား”

ယန်းမင်အာ ထိုသို့ပြောလိုက်မှ အဘွားချင်း၏ အမည်အရင်းမှာ စူမင်ရွေ့ဖြစ်မှန်း အားလုံး သတိရသွားကြသည်။

အဘွားချင်းရဲ့ မျိုးရိုးနာမည်က စူပဲ!

ရွှယ်ကျန်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ “အဲ့တာဆို… အရင်တုန်းက… ရှင်… ရှင်ဘာလို့…”

… … …

အခန်း(၉၇၅) ယန်းမင်အာရဲ့ ကလဲ့စားဗျူဟာ (၁)

ချင်းမိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်ပြီး ချင်းမိသားစုအကြောင်း မကောင်းပြောတာကို ဘာကြောင့် သက်တောင့်သက်သာနဲ့ နားထောင်ခဲ့တာလဲဟု ရွှယ်ကျန်း မေးချင်ခဲ့တာ ဖြ်စသည်။

သူမနဲ့ သခင်မယွီ၊ သခင်မဟယ်တို့ကိုတောင် ကော်ဖီအတူတူ သောက်ဖို့ ဖိတ်ကြားပြီး အိမ်ခြံမြေကုမ္ပဏီတစ်ခု အတူတူ တည်ထောက်ဖို့ သဘောတူခဲ့သေးသည်။

သူမတို့ ပူပေါင်းထားသည့် ပရောဂျက်အကြောင်း စဉ်းစားမိသောအခါ ရွှယ်ကျန်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

သူမရှေ့က ယန်းမင်အာကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး လက်ဆွဲအိတ်ထဲမှ ဖုန်းကို အသည်းအသန် ထုတ်လိုက်ပါသည်။

စိတ်ချောက်ချားလွန်းနေသဖြင့် သူမ ဖုန်းကိုတောင် မြဲမြဲ မကိုင်နိုင်ဘဲ နှစ်ကြိမ်လောက် လွတ်ထွက်သွားခဲ့သည်။

သေချာ ကိုင်နိုင်တော့လည်း လက်ချောင်းတွေ တုန်ယင်နေသဖြင့် Password ကိုတောင် ကောင်းကောင်း မရိုက်နှိပ်နိုင်ပါ။

အချိန်အတော်ကြာမှ သူမယောက်ျား၏ ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ခဲ့သည်။

ဖုန်းထဲက တတီတီ မြည်သံကို နားထောင်ရင်း ရွှယ်ကျန်း စိတ်မရှည်တော့ဘဲ ခြေထောက်ကို ဆောင့်လိုက်ပါသည်။

သူမ အတောင်ပံတွေ ပေါက်ပြီး ပျံသန်းချင်စိတ်ပါ ပေါ်လာသည်။ စက္ကန့်တိုင်းက အလွန်နှေးကွေးနေပြီး ဖုန်းမြည်သံတိုင်းက သေမင်းခေါင်းလောင်းသံဟု ခံစားရသည်။

ရွှယ်ကျန်း ဘာလို့ ရုတ်တရက်ကြီး စိတ်ချောက်ချားသွားတာလဲဆိုတာ အခန်းထဲကလူတွေ နားမလည်ကြပါ။

ရွှယ်ကျန်း ဘာတွေ ချောက်ချားနေမှန်း ယန်းမင်အာ တစ်ယောက်တည်းသာ သိသဖြင့် ပြုံးနေပါသည်။

အဘွားချင်းကတော့ အားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။ ချွေးမဖြစ်သူ ဘာတွေ လုပ်ထားသလဲ သူမ မသိသော်လည်း မင်မင်အကြောင်း နားလည်သဖြင့် ကောင်းတာတော့ မဖြစ်နိုင်ပေ။

အချိန်အတော်ကြာသွားပြီး ရွှယ်ကျန်း စိတ်လွတ်ခါနီးဖြစ်နေခါမှ ဖုန်းဝင်သွားလေသည်။

“ယောက်ျား ရှင်အခု ဘယ်မှာလဲ!” ရွှယ်ကျန်း ဂယောင်ချောက်ချား ဖြစ်စွာ မေးလိုက်သည်။

“ဘယ်မှာဖြစ်ရမှာလဲကွ၊ စူမိသားစု အိမ်မှာပေါ့! မင်းပဲ ငါ့ကိုလွှတ်လိုက်တာ မဟုတ်ဘူးလား။ ဘာလို့ မေ့သွားတာလဲ”။ ကျန့်ထုံက စိတ်မရှည်စွာ ပြောလိုက်သည်။

“စာချုပ်ကို လက်မှတ်မထိုးနဲ့နော်! စူမိသားစုနဲ့ ပတ်သတ်တဲ့ ဘာစာချုပ်မှ လက်မှတ်မထိုးနဲ့!။ ဘာရှယ်ယာမှလည်း မဝယ်နဲ့ ဘာမှမလုပ်နဲ့နော်!”။ ရွှယ်ကျန်း အမြန် အော်ပြောလိုက်သည်။

“ဘာလဲဟ မင်းဘာတွေ ပေါက်ကရပြောနေတာလဲ”

“လက်မှတ်မထိုးနဲ့ဆို မထိုးနဲ့!”။ ရွှယ်ကျန်း ထပ်အော်လိုက်သည်။

အစည်းအဝေးခန်းထဲ အသံဟူ၍ သူမ အော်သံတစ်သံတည်းသာ ရှိပါသည်။

“မိန်းမ မင်းဘာဖြစ်နေတာတုန်း။ ငါ့အတွက် ဒီအခွင့်အရေးရအောင် မင်းပဲ ကြိုးစားပေးခဲ့တာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ ရုတ်တရက်ကြီးလာတားနေရတာလဲ”။ ကျန့်ထုံ အလွန် နားမလည်နိုင်ဖြစ်နေပါသည်။

“ဘာလို့လဲ မသိပေမယ့် အဲ့တာ ထောင်ချောက်ဖြစ်ဖို့ သေချာတယ်! ဒီမိန်းမက ကျွန်မတို့အတွက် အကျိုးအမြတ် ယူဆောင်လာပေးမယ့်လူ မဟုတ်ဘူး!”

“ဘယ်လို ထောင်ချောက်တုန်း။ စူမိသားစုကိုယ်တိုင် ဒီပရောဂျက်မှာ ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံထားတာလေ။ အရှုံးပေါ်ရင် သူတို့ ထိပ်ဆုံးက အရှုံးပေါ်မှာပေါ့ဟ”။ ကျန့်ထုံ သုံးသပ်ပြလိုက်ပါသည်။

“မဟုတ်ဘူး! မဟုတ်ဘူး! သူတို့က ဘာစူမိသားစုမှ မဟုတ်ဘူး! အဲ့တာ ချင်းမိသားစုရဲ့ တတိယသားနဲ့ သူ့မိန်းမပဲ!”။ ရွှယ်ကျန်း ပြောပြောဆိုဆိုနဲ့ ယန်းမင်အာကို အကြောက်တနားနဲ့ ဒေါသ ရောယှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပါသ်ည။

“ဘာကွ။ ချင်းမိသားစုရဲ့ တတိယသားဟုတ်လား။ ဘယ်ချင်းမိသားစုရဲ့ တတိယသားလဲ”။ ရွှယ်ကျန်း၏ စကားကြောင့် ကျန့်ထုံ အတော်လေး ခေါင်းစားနေပါပြီ။

“ချင်းမိသားစုရဲ့ တတိယသားလေ! ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ရဲ့ ညီအငယ်ဆုံး!”

ရွှယ်ကျန်း၏ စကားကြားမှ အဘိုးချင်းတို့ လင်မယားမှာ သား ၃ ယောက်ရှိတာဖြစ်မှန်း ကျန့်ထုံ သတိရသွားသည်။

သို့သော်လည်း ထိုသားအငယ်ဆုံးကို ဘယ်သူမှ သိပ်မမြင်ဖူးကြပါ။ သူ့အကြောင်းလည်း ဘယ်သူမှ မပြောပြကြသဖြင့် ကျန့်ထုံတို့လို လူတွေက ချင်းမိသားစုမှာ သူရှိနေသည်ဆိုတာကိုပင် မေ့လျော့သွားကြပါသည်။

“သခင်မစူနဲ့ သခင်ကြီးစူတို့က ချင်းမိသားစုဝင်တွေလို့ ပြောချင်တာလား”။ ကျန့်ထုံ မှင်သက်သွားသည်။

“ဟုတ်တယ်လို့! သူတို့က ချင်းမိသားစုဝင်တွေပဲ!”။ ရွှယ်ကျန်း အလွန်သွေးပျက်နေပါပြီ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”။ ကျန့်ထုံလည်း ကျီးလန့်စာစား ဖြစ်သွားလေသည်။

သူတို့ ချင်းမိသားစုနဲ့ ရန်သူတော်တွေဖြစ်ကြသည်။ ယခင်တုန်းကလည်း ချင်းမိသားစုကို တိုက်ခိုက်ဖို့ ချူးဟမ့်နဲ့ ပူးပေါင်းဖူးသည်။ ချင်းမိသားစုက သူတို့နဲ့ ဘာလုပ်ငန်းမှ သွေးရိုးသားရိုး လက်တွဲမှာ မဟုတ်မှန်း သိသာသည်။

“ယောက်ျား ရှင်စာချုပ်ကို လက်မှတ်မထိုးရသေးဘူးမလား။ လက်မှတ်မထိုးရသေးဘူး မလားလို့”။ ရွှယ်ကျန်း အသည်းအသန် မေးမြန်းလိုက်သည်။

… … …

All Chapters