နဂါးမောင်နှံမှ လိုက်လံဖမ်းဆီးခြင်း
Vol. 11(A) Ch. 148
အသူရာချောက်နက် အတွင်း အဆုံးမဲ့သည့် အမှောင်ထုအတွင်း၌ တောက်ပသည့် အလင်းစက်လေးတစ်ခု ရှိနေလေသည်။
အန်လင်းတို့နှင့် ကျိယန်လင်သည် မီးပုံတစ်ခုအား ဝိုင်းပတ်ကာဖြင့် ထိုင်နေကြသည်။
"ဒါက တကယ်ကြီး စားလို့ရတာ သေချာရဲ့လား" စုရှောင်လန်သည် လိပ်အသားများကို ကြည့်နေပြီး သူမ၏ အမူအရာမှာ ဝေခွဲမရ ဖြစ်နေလေသည်။
"မစိုးရိမ်ပါနဲ့။ ငါဒီကို ရောက်ကတည်းက အသူရာနတ်ဆိုးလိပ် ၁၀ ကောင်ကျော် စားသောက်ပြီးသွားပြီ။ ငါအခုထိ အကောင်းအတိုင်း ရှိနေသေးတယ် မဟုတ်လား" ကျိယန်လင်သည် သူမ၏ စိုးရိမ်မှုများအား ပျောက်ကွယ်သွားစေသည်။
"အိုး ... အရသာရှိလိုက်တာ။ လိပ်နီသားက ပိုပြီး အနံ့မွှေးတယ်" အန်လင်းသည် တုံ့ဆိုင်းခြင်းမရှိ ဦးစွာယူဆောင်ပြီး စားသောက်လိုက်သည်။
အသင်္ချေတောင်တန်း နယ်မြေတွင် သန္ဓေပြောင်းသားရဲ အမျိုးစုံစွာ စားသောက်ခဲ့သည်ကြောင့် သူ့အနေဖြင့် အသူရာနတ်ဆိုးလိပ်အား စားသောက်ဖို့ရန် စနိုးစနောင့်ဖြစ်စရာ မလိုတော့ချေ။
"ကျင့်ကြံသူ ယန်လင် .... အသူရာချောက်နက်က ကြမ်းတမ်းပြီး အန္တရာယ်များတာတောင် တစ်နှစ်ကျော်ကြာအောင် ဒီနေရာမှာနေဖို့ ဘာလို့ ဆုံးဖြတ်လိုက်တာလဲ" စုရှောင်လန်သည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
သူမအတွက် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် တစ်နှစ်ကျော်သည်အတိ နေထိုင်ရန် စိတ်ကူးပင်မယဉ်မိချေ။ ဤနေရာသည် ကြမ်းတမ်းပြီး အသက်အန္တရာယ်များလှသည် ဟူသော အချက်အား ဂရုမစိုက်လျှင် အဆုံးမဲ့သည့် အမှောင်ထုနှင့် လေထု၏ဖိနှိပ်မှုအား သူမအနေဖြင့် သည်းမခံနိုင်ချေ။
အန်လင်းသည်လည်း ကျိယန်လင်အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူမသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်တိုင်အောင် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်န်မှာ အတော်ခက်ခဲပေလိမ့်မည်။ မည်သည့်အရာသည် သူမအား ထိုသို့သော ဆုံးဖြတ်ချက် ချမိစေသနည်း။
ကျိယန်လင်သည် အားတင်းကာ ပြုံးလိုက်ပြီးနောက် သူမ၏ မျက်လုံးများအား အောက်ဘက်သို့ ကြည့်လိုက်သည်။ သူမသည် အနည်းငယ် ရင်ကွဲနာကျနေဟန် ရှိသည်။ "လူတစ်ယောက်ကို ရှာနေတာလေ။ သူ့ကို ရှာမတွေ့ဘူးဆိုရင် ပြန်သွားမှာ မဟုတ်ဘူး"
စုရှောင်လန်သည် စဉ်းစားမရနိုင်ဘဲ ရှိနေသေးသည်။ "အစ်မ ရှာနေတဲ့လူက ဒီနေရာမှာ ရှိနေမယ်ဆိုတာ ဘယ်လိုသိလဲ"
ကျိယန်လင်သည် သူမဝတ်ဆင်ထားသည့် လည်ဆွဲအား ဖြုတ်လိုက်သည်။ လည်ဆွဲပေါ်တွင် ပြာဖျော့ဖျော့ အလင်းတောက်ပနေသည့် အဖိုးတန်ကျောက်တစ်တုံး မြှုပ်ထားသည်။ "သူနဲ့ငါက ဒီနေရာမှာ ကွဲသွားကြတာလေ။ ဒီကျောက်တုံးလေး လင်းနေသ၍ သူအသက်ရှင်နေတာလို့ ငါ့ကိုပြောနေတာပဲ"
"ဂိုဏ်းထဲမှာရော သူ့မျိုးနွယ်မှာကော ငါရှာနိုင်သမျှ နေရာအားလုံးမှာ ရှာဖွေပြီးတာတောင် အခုထိ ရှာမတွေ့သေးဘူးလေ”
"ဒီနေရာကို ပြန်ရောက်လာတော့ ရင်းနှီးနေတယ်လို့ အာရုံရနေတယ်။ သူက သေချာပေါက် ဒီနေရာမှာပဲ ရှိနေဦးမှာ။ တစ်နေရာရာမှာ ပိတ်မိနေတာပြီး ငါလာကယ်တာကို စောင့်နေတာပဲ ဖြစ်မယ်”
သူမ၏ ပြတ်သားသည့် အမူအရာမှတစ်ဆင့် သူမရှာဖွေနေသည့်သူအား မတွေ့မချင်း အသူရာချောက်နက်မှ ထွက်ခွာလိမ့်မည်မဟုတ်ဟု ပြောနေလေသည်။
အန်လင်းသည် သူ၏အိတ်ကပ်အတွင်းသို့ လက်ထည့်ကာဖြင့် ရှောင်းဟုန်၏ ဦးခေါင်းအား ပုတ်လိုက်သည်။
"သူမက လိမ်နေတာ မဟုတ်ဘူး သခင်" ရှောင်းဟုန်သည် အန်လင်းအား အသံဖြင့် ဆက်သွယ်လိုက်သည်။
အန်လင်းသည် ခေါင်းညိတ်ကာဖြင့် အကြံပြုလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက အသူရာ ချောက်နက်ထဲမှာ ရှိနေတာကြောင့် အဖွဲ့တစ်ခုအနေနဲ့ သွားကြမယ်ဆိုရင်ကော။ ဒီလိုနည်းနဲ့ဆိုရင် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့က စွမ်းအားပိုတိုးလာတာပေါ့”
ကျိယန်လင်သည် အန်လင်းအား ဗလာမျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ဝေခွဲမရဟန်ဖြင့် ပြန်ဖြေသည်။ "တကယ်ကြီး အဆင်ပြေရဲ့လား။ နင်တို့အတွက် ပြဿနာ မဖြစ်တာ သေချာရဲ့လား”
သူမသည် အမှောင်ထုထဲတွင် တစ်ဦးတည်း သွားလာရသည်ကို နေသားကျနေပြီဖြစ်သည်။ ရုတ်တရက်ကြီး အဖွဲ့အတွင်း ဝင်ရောက်ရင် ဖိတ်ခေါ်ခံရသည့်အခါ မည်သို့ပြုလုပ်ရမည် မသိဘဲ ရှိနေလေသည်။ လူများများ ရှိမည်ဆိုလျှင် သူမ၏ ရည်ရွယ်ချက် အောင်မြင်ရန် အခွင့်အရေး ပိုများသော်လည်း အခြားတစ်ဖက်တွင်မူ သူမသည် ထိုလူများအား ဆွဲထားမိမည်ကို စိုးရိမ်မိသည်။
"အဆင်ပြေပါတယ်။ ကျွန်မတို့နဲ့အတူ ပေါင်းလိုက်လေ။ အစ်မ မသွားရသေးတဲ့ နေရာတွေကို သွားကြတာပေါ့။ နတ်ဆိုးယုတ်တွေ မရှိတဲ့နေရာတွေကို အစ်မက ပြောပြလေ။ အဲဒီနေရာတွေကို ရှောင်သွားလိုက်ရင် အချိန်ကုန် သက်သာတာပေါ့” စုရှောင်လန်သည်လည်း ပြုံးလျက်နှင့် ထပ်မံဖိတ်ခေါ်လိုက်သည်။
စုရှောင်လန်၏ စကားများသည် သက်ရောက်မှုရှိသည်ဟု ဆိုရပေမည်။
ကျိယန်လင်သည် လူတိုင်းအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီးနောက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမသည် ကောင်းကင်မြစ် ပြည်နယ်တွင်ရှိသော ဝမ်းတောင်ကြား အင်မော်တယ်ဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်ပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမရှာဖွေနေသူမှာ သူမ၏ တာအိုလက်တွဲဖော်ဖြစ်သော ဝမ်လု ဖြစ်သည်။ သူတို့သည် အသူရာနတ်ဆိုးအုပ်နှင့် ရင်ဆိုင်စဉ်တွင် ကွဲသွားကြခြင်း ဖြစ်သည်။
သူတို့သည် နတ်ဆိုးယုတ်များအား ရှာဖွေကြသလို ဝမ်လုကိုလည်း ရှာဖွေကြလေသည်။ သူတို့သည် မည်သည့်နေရာသို့ ဦးတည်၍ သွားနေကြမှန်း မသိသော်လည်း အဖွဲ့နှင့် သွားလာခြင်းသည် ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်သည်ဟု ဆိုရမည်ပင်။
ကျိယန်လင် ယူဆောင်လာသည့် မီးလုံးကြောင့် ရှောင်ချိုးသည် သူ၏ ဆလိုက်မီးများအား ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ထိုအရာသည် မီးစုန်းဓာတ်လုံးဖြစ်ပြီး သူမဝယ်ယူထားသည့် အဆင့်မြင့် မှော်ပစ္စည်းဖြစ်သည်။ ထိုဓာတ်လုံးသည် မီးအလင်းပေးသည်မှအပ အခြားသော လုပ်ဆောင်ချက် မရှိချေ။
တောက်ပနှုန်းမြင့်၊ သိုလှောင်စွမ်းမြင့်၊ ကြာရှည်ခံသည့် ဘတ္တရီသက်တမ်း ... ထိုအရာများသည် သူ၏ ဂုဏ်သတ္တိများ ဖြစ်ကြသည်။
"ဝမ်လုရေ"
"ဝမ်လုရေ ... နင်ဘယ်မှာလဲ ..."
ကျိယန်လင်သည် မီးစုန်းဓာတ်လုံးအား ကိုင်ဆောင်ထားလျက်နှင့် ကြည်လင်ပြတ်သားသော အသံဖြင့် အော်ခေါ်နေလေသည်။
သူမ၏အသံအား အဆုံးမဲ့သည့် အမှောင်ထုသည် ဝါးမျိုသွားပြီး မည်သည့်တုံ့ပြန်ချက်မှ မရရှိချေ။
အန်လင်းတို့သည် သူမ၏နောက်မှ တိတ်တဆိတ် လိုက်ပါလာကြသည်။ သူမသည် နာမည်တစ်ခုတည်းကိုသာ ထပ်ကာထပ်ကာ အော်ဟစ်နေလေသည်မှာ မောပန်းရမည်မှန်း မသိချေ။
သူမ၏ မဆုတ်မနစ် ကြိုးပမ်းမှုအတွက် တုံ့ပြန်သံတစ်ခု ဆုလာဘ်အဖြစ် ရရှိလေသည်။
"ဝေါင်း ..." အဝေးမှနေ မိုးခြိမ်းသံကဲ့သို့သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
ရွှေရောင်မျက်လုံးကြီး နှစ်လုံးသည် မီးအိမ်နှစ်ခုကဲ့သို့ အမှောင်ထုထဲတွင် ထွန်းလင်းလျက်ရှိပြီး အလွန်အားကောင်းသည့် အော်ရာများသည် လူတိုင်းအား ရိုတ်ခတ်လာသည်။
ကျိယန်လင်၏ အမူအရာမှာ ပြောင်းလဲလာပြီး သူမ၏ ဓားကို မြှောက်ကာဖြင့် ထွက်ပြေးရန် ပြင်ဆင်လေသည်။
ထို့နောက်တွင် မည်သူကမျှ လှုပ်ရှားခြင်း မရှိသလို သူမကဲ့သို့ ထွက်ပြေးရန် ပြုလုပ်ခြင်းလည်း မရှိသည်ကို မြင်လိုက်ရသည်။ "နင်တို့ မပြေးကြဘူးလား”
"နတ်ဆိုးယုတ်တွေက ခန္ဓာကိုယ်စွမ်းအင် သာမက သူတို့ရဲ့ သန်မာမှုအတွက် ဇီဝစွမ်းအင် အများအပြား လိုအပ်တယ်လို့ ကြားဖူးထားတယ်။ ငါတို့ရှေ့မှာ ရှိနေတာက အသူရာနတ်ဆိုးလိပ်တွေက ပိုပြီးသန်မာတဲ့ သက်ရှိတစ်မျိုး ဖြစ်လိမ့်မယ်။ အဲဒီအလောင်းကောင်က နတ်ဆိုးယုတ်တွေကို ဆွဲဆောင်နိုင်မလား ကြည့်ကြတာပေါ့” အန်လင်း ပြန်ဖြေလိုက်သည်။
"ရှောင်ချိုး ဆလိုက်မီးတွေ ဖွင့်လိုက်တော့"
ကလစ်
ချက်ချင်းဆိုသလိုပင် အလင်းတန်း နှစ်ခုသည် အရှေ့သို့ ထွန်းလင်းလာပြီး ပတ်ဝန်းကျင်အား လင်းသွားစေသည်။
ပေတစ်ရာခန့် အရွယ်အစားရှိမည့် ဧရာမ သန္ဓေပြောင်းသားရဲ တစ်ကောင်သည် လူတိုင်း၏ အမြင်အာရုံအတွင်း ဝင်ရောက်လာသည်။
ထိုသားရဲသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး စူးရှသည့် အလင်းတန်းကြောင့် မျက်လုံးများ မှေးကျဉ်းထားသော်လည်း ကြောက်ရွံ့ဟန် မရှိချေ။
ယင်းသည် နဂါးတစ်ကောင်ဖြစ်သည်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ မဟုတ်သော်လည်း မဟူရာပုတ်သင် နဂါးတစ်ကောင်ဖြစ်သည်။ ကြီးမားလှသည့် လင်းနို့တောင်ပံများရှိပြီး ဧရာမ ခန္ဓာကိုယ်ကြီးမှနေ ကြမ်းကြုတ်ကာ ပရမ်းပတာ ဖြစ်လျက်ရှိသော အော်ရာများ ထုတ်လွှတ်နေလေသည်။
နဂါးနက်၏ ကိုယ်တွင်ရှိသော များပြားလှသည့် အနက်ရောင် စူးချွန်များသည် သေခြင်းတရား၏ အငွေ့အသက်များ ဖော်ထုတ်နေလေသည်။
"ဒါ ... ဒါက အုပ်ချုပ်သူလား ..." စုရှောင်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တင်းကျပ်လာပြီး သူမသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ရှောင်ချိုးသည် ခေါင်းယမ်းလိုက်ပြီးနောက် "သူက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို မရောက်သေးဘူး။ အုပ်ချုပ်သူအဆင့်ကို ရောက်တော့မှာ ဖြစ်ပေမဲ့ သူ့ရဲ့ ပြောင်းလဲခြင်း မပြီးမြောက်သေးဘူး”
"ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့်ပေါ့ ဟုတ်လား။ ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ပွဲ စကြတာပေါ့ကွာ” အန်လင်းသည် တည်ငြိမ်သည့် အမူအရာဖြင့် မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
ကျိယန်လင်သည်လည်း သက်ပြင်းချကာဖြင့် သူမ၏ဓားအား ဆွဲထုတ်လိုက်သည်။ ဤတိုက်ပွဲသည် ရှောင်လွှဲမရနိုင်ချေ။
"စကားပြောလို့ ပြီးကြပြီလား” နဂါးနက်သည် သူ၏ ပါးစပ်အား ဖွင့်လိုက်ပြီး လိုဏ်ဂူကဲ့သို့သော ပါးစပ်ပေါက်မှနေ မိုးခြိမ်းသံနှင့်တူသည့် အသံထွက်ပေါ်လာသည်။
လူတိုင်းသည် ထိုအခြင်းအရာကြောင့် အနည်းငယ် အံ့အားသင့်မိကြသည်။ သူတို့အရှေ့တွင် ရှိနေသည့် သန္ဓေပြောင်းသားရဲသည် အသိဉာဏ်ရှိပုံရသည်။
"ကလေးအမေရေ ... လာစားဟေ့" နဂါးနက်မှ ဆက်ပြောလိုက်သည်။
အားလုံး : “…”
"အော်မနေနဲ့တော့။ ရှင်က အတော်လေး သန်မာတဲ့ နဂါးတစ်ကောင်ပါနော်။ ဒါတောင်မှ ရှင်စားဖို့အတွက် ကျွန်မကို ပြင်ဆင် ခိုင်းချင်နေတုန်းပဲလား” အဝေးမှနေ ကျယ်လောင်သည့် အသံတစ်ခု ပဲ့တင်ထပ်လာသည်။
မရှေးမနှောင်းမှာပင် အဝေးမှနေ ဧရာမနဂါးနက် တစ်ကောင် ထပ်မံရောက်ရှိလာပြန်သည်။
အတောင်ပံခတ်လိုက်သည့် အခါတိုင်းတွင် အေးစက်သည့် ရေခဲမုန်တိုင်းများ ဖြစ်ပေါ်စေပြီး အဝေးမှ ကြည့်ရုံနှင့်ပင် လူတိုင်းအား ကြောက်ရွံ့မှုကို ပေးစွမ်းနေသည်။
"ငလူး .... ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့် နဂါးနောက်တစ်ကောင်လား” အန်လင်းသည် နဂါးကြီးအား ကြည့်ကာဖြင့် ဘာလုပ်ရမည်ကို မသိတော့ချေ။
"မဟုတ်ဘူး။ အဲဒါက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတဲ့ နဂါးမပဲ” ရှောင်ချိုးမှ အမှန်ပြင်ပေးလိုက်သည်။
အန်လင်း : “…”
စုရှောင်လန် : “…”
ကျိယန်လန် : “ငါတို့က တိုက်ခိုက်ကြဦးမှာလား”
အန်လင်းသည် ရှုံ့မဲ့ကာဖြင့် "တိုက်ရမယ်တဲ့လား။ စဉ်းတောင် မစဉ်းစားနဲ့။ ပြေးကြဟေ့”
သူသည် အော်ဟစ်ပြီးနောက် တပိုင်အား စီးနင်းကာဖြင့် အလျင်အမြန် ထွက်ပြေးတော့သည်။
အန်လင်း၏ အော်ဟစ်သံကြောင့် စုရှောင်လန်၊ ရှောင်ချိုးနှင့် ကျိယန်လင်တို့သည် အလျင်အမြန်ပင် လေထဲသို့ ခုန်တက်လိုက်ပြီး မြန်နိုင်သမျှ မြန်အောင် ပြေးကြတော့သည်။
"အဲဒီမှာ လဲလျောင်းပြီး ရှင်ဘာလုပ်နေတာတုန်း။ ကျုပ်တို့ရဲ့ ညစာက ထွက်ပြေးနေတာ မမြင်ဘူးလား” နဂါးမသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် နက်မှောင်နေသည့် ရေခဲလှံတစ်ချောင်း ပြုလုပ်လိုက်ပြီးနောက် နဂါးထီး၏ တင်ပါးသို့ ထိုးစိုက်လိုက်သည်။
“အား”
ရေခဲလှံသည် သူ၏ တင်ပါးအတွင်းသို့ ထိုးစိုက်သွားသည့်အတွက် သွေးနက်များ ပန်းထွက်လာသည်။
နဂါးထီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ ဝဖိုင့်နေသည့် ခန္ဓာကိုယ်ကြီးသည် လေထုအတွင်းသို့ စိတ်မပါဟန်ဖြင့် မြင့်တက်လာပြီး အန်လင်းတို့အား ရှာဖွေတော့သည်။
"ဘာလို့များ လူစိမ်းတွေရှေ့မှာ ဒီလိုအကြမ်းဖက်မှုမျိုး လုပ်နိုင်ရတာလဲ”
"အစာက အရှေ့မှာလေ။ ရှင့်ကို အနိုင်ကျင့်တော့ကော ဘာဖြစ်တုန်း။ အစာတွေ လွတ်သွားရင်တော့ ရှင့်ကို စားပစ်ရမှာပဲ”
နဂါးနှစ်ကောင်သည် အလွန်လျင်မြန်စွာဖြင့် ပျံသန်းလာကြပြီး အစွမ်းကုန် ထွက်ပြေးနေကြသည့် အန်လင်းတို့နှင့် ကွာဟချက် ကျဉ်းမြောင်းလာသည်။
ထိုအချိန်မှာပင် နဂါးထီးသည် အသက်ရှူသွင်းလိုက်ပြီး မီးမှုတ်လိုက်လေသည်။
မြင့်မားလှသည့် အပူရှိန်နှင့် ကြောက်မက်ဖွယ် ခရမ်းမီးတောက်သည် အန်လင်းတို့ထံ ပြေးဝင်လာတော့သည်။
***