← Chapters

ဓားအခင်းအကျင်းဖြင့် အုပ်စိုးသူများကို တိုက်ခိုက်ခြင်း

Vol. 82 Ch. 1243

ဓားအခင်းအကျင်းဖြင့် အုပ်စိုးသူများကို တိုက်ခိုက်ခြင်း

Vol. 82 Ch. 1243

ဒီလော့စ်ရို စကား ပြောပြီးသည်နှင့် အားကောင်းသော ပျက်စီးခြင်း စွမ်းအား ပါဝင်သည့် သွေးနီရောင် အလင်းတန်း တစ်ခု ကောင်းကင်မှ တည့်တည့် ပစ်လွှတ်လိုက်သည်။ လမ်းတစ်လျှောက်မှ နေရာလွတ်များ ကြေမွသွားခဲ့၏။

“မီးလျှံနီလေး...” မိုက်ကယ်က အငြိုးအတေးဖြင့် ပြောလိုက်သည်။ ထိုစွမ်းအားမျိုးက သူနှင့် မရင်းနှီးသည် မဟုတ်တော့ဘဲ မေ့ပျောက်၍ မရနိုင်ပေ။ သိဒ္ဓိအလင်းတောင်တွင် ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့နှင့်အတူ သူ ပူးပေါင်း၍ အသက်သွင်းထာခဲ့သော မဟာလင်းလက်ဓား အခင်းအကျင်းကို ဖျက်ဆီးပစ်ခဲ့သည့် ထိုမြှားတစ်စင်းပင်။ နောက်ဆုံးတွင် ရာဖယ်ရယ် သေသွားခဲ့ပြီး နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းနှင့် စီမံခန့်ခွဲခဲ့ရသော သိဒ္ဓိအလင်းတောင်က လုံးဝ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ယခု တူညီသော မဟာလင်းလက်ဓား အခင်းအကျင်းက မီးလျှံနီလေးမှ ထိုသို့ ထိုးနှက်မှုမျိုးကို နောက်တစ်ကြိမ် ရင်ဆိုင် ရရာတွင် ရလဒ် မည်သို့ဖြစ်မည်နည်း။

အလင်းတန်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ မိုက်ကယ် အသံ မထွက်နိုင်မှာပင် ၎င်းက လျှပ်စီးကဲ့သို့ ကောင်းကင်ကို စုတ်ဖြဲသွားခဲ့ပြီ ဖြစ်သည်။

သို့သော် မိုက်ကယ် စကား တစ်လုံးကို ပြောထွက်လိုက်သောအခါ အလင်းမှာ မဟာလင်းလက်ဓား အခင်းအကျင်းဆီသို့ မရောက်ရှိသေးပေ။

မဟာလင်းလက်ဓား အခင်းအကျင်း၏ နာရီပေါ်မျ လက်တံက နောက်တစ်ကြိမ် ရွေ့လျားသွားပြီး ဘောင်တစ်ခု နောက်သို့ ပြန်သွားခဲ့သည်။

ထိုလုပ်ဆောင်ချက်က တိုက်ခိုက်မှု စတင်ပြီး နောက်မှပင် အသေအချာ ဖြစ်ပွားခဲ့သော်လည်း လူတိုင်းက ၎င်းမှာ ဦးစွာ ဖြစ်ပွားခဲ့သည်ဟု ခံစားလိုက်ရ၏။

၎င်းမှာ အချိန်၏ အစီအစဉ် ပြောင်းပြန် လှန်လိုက် သလိုမျိုးပင်။

မှန်ပေသည်။ အချိန်...

အချိန် နှေးကွေးနေခဲ့သည်။

လက်တံ၏ ပြောင်းလဲမှု ကဲ့သို့ပင် ၎င်း နောက်ပြန်သွားခဲ့သည်။

ထိုနောက်ပန်ခြင်း ဆန်းကြယ်မှု အောက်တွင် မြှားက မရောက်ရှိသေးပေ။

နာရီ၏ လက်တံက နောက်တစ်ကြိမ် ရွေ့လျားသွားပြီး ဘောင်တစ်ခု ရှေ့သို့ ရွေ့လျားသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် သွေးနီရောင် အလင်းက ရုတ်တရက် ပျောက်ကွယ်၍ သွားခဲ့သည်။

နေရာလွတ်၏ ကြေမွပြီး ပြန်လည် ကောင်းမွန်လာသော အခြေအနေအရ ဆိုလျှင် ၎င်းက နောက်သို့ ပြန်သွားခြင်း ဖြစ်သည်။

အရာအားလုံး မူလ အခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွားခဲ့လေသည်။ ခုနက ဖြစ်ပွားခဲ့သော ပြောင်းလဲမှု အနည်းငယ်က စက္ကန့်ပိုင်းလေး အတွင်း တွင်သာ ဖြစ်ပွားခဲ့သည်။ သွေးနီရောင် တစ်ခု အဝေးမှ ကောင်းကင်တွင် ခဏတာ ပေါ်လာ၏။

နေရာလွတ်တွင် ပုံရိပ် တစ်ခုက တဖြည်းဖြည်း ထင်ရှား၍ လာခဲ့သည်။ ထိုသူမှာ ခရမ်း-စိမ်းရောင် ဆံပင်ရှည်နှင့် နတ်သူငယ် တစ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ နားရွက်များက အနည်းငယ် ကျုံ့ဝင်နေပြီး သွေးရောင် မျက်ဆံထဲ၌ ဖျော့တော့တော့ အစိမ်းရောင် အလင်း တစ်ခု ရှိနေသည်။

ထူးဆန်းသည်မှာ နတ်သူငယ် တစ်ပိုင်း၏ ပခုံးနှင့် လက်မောင်းပေါ်တွင် အစိမ်းရောင် အရွက်အချို့ ရှိနေခြင်းပင်။

“အကြောက်တရား အရှင်သခင် ဆိုစဘတ်” ဂေဘရီရယ်၏ ပိတ်ထားသော မျက်လုံးများက ထက်မြက်သော အလင်းရောင်ဖြင့် တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က မီးတောက် အလင်းရောင်တစ်ခု ပေါက်ကွဲ ထွက်လာခဲ့သည်။

ဒီလော့စ်ရိုက အထိတ်တလန့် ဖြစ်ရန် လုပ်နေခြင်း မဟုတ်ပေ။ သူ တကယ်ပင် တစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်။ ယခု အကြောက်တရား အရှင်သခင် ပေါ်လာခဲ့လေပြီ။ ဒါဆို အစွမ်းထက်ဆုံး ခီလီယာနာကရော...

ဆိုစဘတ်က သူ၏ ဘယ်ဘက်နံရိုးကို လက်ဖြင့် ထိလိုက်သည်။ အစိမ်းရင့်ရောင် သွေးများ စီးထွက်နေသည့် တုန်လှုပ်ဖွယ် ကောင်းသော ဒဏ်ရာတစ်ခု ရှိနေ၏။ ၎င်းမှာ မီးလျှံနီလေး တန်ပြန်လာသော မြှားကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။

အကယ်၍ အချိန် အရှိန်မြှင့်တင်ခြင်း၏ စွမ်းအားကို အတင်းအကျပ် ဖောက်ထွက် ခဲ့ပြီး သူ့ကို အချိန်မီ ရှောင်တိမ်းနိုင် စေခဲ့သော သူ၏ မွေးရာပါ အထူး စွမ်းအားသာ မရှိခဲ့ပါက ၎င်းမှာ ထိုမျှ ရိုးရှင်းသော ခြစ်ရာတစ်ခု သေချာပေါက် ဖြစ်လိမ့်မည် မဟုတ်ပေ။

“အချိန်ရဲ့ စွမ်းအားလား။ ပြီးတော့... တန်ပြန် တိုက်ခိုက်မှုလား။” ဆိုစဘတ်က အမုန်းတရားများဖြင့် ပြည့်နှက်နေသော မိုက်ကယ်နှင့် ဂေဘရီရယ်ကို မကြည့်ခဲ့။ ထိုအစား သူက ချန်လွေ့အပေါ်တွင် သူ၏ လောင်ကျွမ်းနေသော မျက်လုံးများကို ထားလိုက်ပြီး ပေါ့ပေါ့တန်တန် ပြောသည်။ “စိတ်ဝင်စားစရာပဲ။ မဟာလင်းလက်ဓား အခင်းအကျင်းရဲ့ စွမ်းအားကို မင်း ငှားရမ်း ခဲ့ပေမယ့် မင်းရဲ့ စွမ်းအားက မင်းတို့ထဲက ကျန်တဲ့သူတွေထက် သိသိသာသာကို ပိုပြီး အားကောင်းနေတယ်။”

ချန်လွေ့ ခုနက အသုံးပြုခဲ့သည်မှာ [သစ်တောလိုနှေးကွေး]၏ အချိန်ကို နှေးကွေးစေသော စွမ်းအားသာ မကဘဲ စေတန်၏ အချိန် အရှိန်မြှင့်တင်သော စွမ်းအားလည်း ပါဝင်၏။ သော့ချက်မှာ နှေးကွေးခြင်းနှင့် အရှိန်မြှင့်တင်ခြင်း အကြား အသုံးပြုခဲ့သော [ကြေးမုံခန္ဓာ] ဖြင့် ထိုမြှားကို တန်ပြန်စေခဲ့ခြင်းပင်။ ၎င်းသည် ဆိုစဘတ်အား တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။

ကံဆိုးစွာပင် သူက အကြောက်တရား အရှင်သခင် ဖြစ်နေဆဲပင်။ အချိန်၏ စွမ်းအားဖြင့် မျက်စိကွယ်သွားသော်လည်း အားကောင်းသော ပင်ကို အသိစိတ်ကို ထုတ်ဖော် ပြသခဲ့ပြီး အရေးကြီးသော နေရာကို ရှောင်ရှားနိုင်ခဲ့သည်။

ထိုရလဒ်မျိုးက ပြန်လည်ထုတ်လုပ်ရန် မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ [ကြေးမုံခန္ဓာ]၏ ၁၀စက္ကန့် အချိန် ကန့်သတ်ချက် ကုန်ဆုံးသွားပြီ ဖြစ်၍ပင်။ သူ ၎င်းကို နောက်တစ်ကြိမ် အသုံးပြုရန် တစ်နာရီကြာ စောင့်ဆိုင်းရုံ တတ်နိုင်ပြီး ဆိုစဘတ်က သေချာပေါက် ပြင်ဆင်၍ ထားလိမ့်မည်။

ခုနက ထိုးနှက်မှုမှာ ဆိုစဘတ်ကို ပြင်းထန်စွာ အနိုင်ယူခဲ့သော်လည်း ၎င်းမှာ အဓိကနေရာကို မထိခိုက်စေခဲ့။ သို့သော် မဟာလင်းလက်ဓား အခင်းအကျင်း၏ ဝန်းရံထားခြင်း ခံရသော ဒီလော့စ်ရို၏ ပုံရိပ်က ရုတ်တရက် တွန့်လိမ်သွားပြီး ဆိုစဘတ်ဘေးတွင် ပေါ်လာခဲ့သည်။

ဆိုစဘတ် မြှားပစ်လိုက်သည့် အခိုက် လူတိုင်းက အာရုံ ပျံ့လွင့်သွားခဲ့ကြပြီး ဒီလော့စ်ရိုက မယုံကြည်နိုင်လောက်သော စွမ်းရည်ဖြင့် မဟာလင်းလက်ဓား အခင်းအကျင်း ဖိနှိပ်မှုမှ လွတ်မြောက်ရန် အခွင့်အရေးကို အသုံးချခဲ့ကြောင်းကို တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် သူက အချိန်၏ စွမ်းအားကိုလည်း တိုက်ဆိုင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

အသူရာချောက်နက်၏ အုပ်စိုးသူ သုံးဦးအနက် အားအနည်းဆုံး ဖြစ်သော မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်ပင်လျှင် အလွန်အမင်း အန္တရာယ်ရှိသော ပြိုင်ဘက် တစ်ဦး ဖြစ်၏။ သူ့ကို လျှော့တွက်မရပေ။

နာရီ၏ သလင်းကျောက် အလင်းရောင် နောက်တစ်ကြိမ် လင်းလက်၍ လာခဲ့ပြီး မဟာလင်းလက်ဓား အခင်းအကျင်းက အလွန်ထက်မြက်သော အရှိန်အဟုန် တစ်ခုကို ထုတ်လွှတ်ကာ အုပ်စိုးသူ နှစ်ဦးအား အရပ် လေးမျက်နှာမှ ဝန်းရံ လိုက်သည်။ ချန်လွေ့သည် သူ အချိန် အရှိန်အဝါနှင့် [ကြေးမုံခန္ဓာ] သုံးစဉ်က ထိုတိုက်ကွက်ကို စုစည်းထားခဲ့သည်။ ၎င်းမှာ သူတို့ ဒီလော့စ်ရိုကို ဝိုင်းရံခဲ့စဉ် ကထက် ပိုအားကောင်း၏။

အုပ်စိုးသူ နှစ်ဦး၏ ပုံရိပ်များ ယိမ်းယိုင် သွားပြီး မျက်စိတစ်မှိတ် အတွင်းတွင် တစ်ဦး အဖြစ်သို့ ပေါင်းစပ်သွားပုံရသည်။ ကောင်းကင်တစ်ခွင်လုံးမှ ဓားချီစွမ်းအင် သူတို့ကို ချဉ်းကပ်လာသည့် အခိုက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ၎င်းတို့ အားလုံး အတူတကွ ထပ်ဆင့်၍ နေသော်လည်း တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်တော့ပေ။

အုပ်စိုးသူ၏ လက်များက စတင်၍ လှုပ်ရှားပြီး ထူးဆန်းသော လမ်းကြောင်း တစ်ခုကို ပြုလုပ်လိုက်ရာ ၎င်းမှာ လူများကို အလိုလို ဆွဲဆောင်သွားသည်။ သူတို့၏ အမြင်အာရုံသာမက နေရာလွတ် အတွင်းရှိ သက်ရှိများ အားလုံးလည်း ထိုနေရာသို့ ဆွဲဆောင် ခံလိုက်ရသည်။ ထိုအမူအရာ၏ စွမ်းအား အောက်တွင် ဓားချီစွမ်းအင်သည် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုများအဖြစ်သို့ တဖြည်းဖြည်း ခဲသွားခဲ့သည်။

၎င်းတို့ စစ်မှန်သော ဖြစ်တည်မှုများ ဖြစ်လာသည်နှင့် ဓားချီစွမ်းအင်၏ မတည်မြဲခြင်း ဟူသော ဆန်းကြယ်သည့် စွမ်းအားကို ဆုံးရှုံးသွား၏။ ၎င်းတို့သည် လက်သီး နှစ်ချက်ဖြင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ဦးအဖြစ် ပေါင်းစပ်ထားပုံ ရသော အုပ်စိုးသူ၏ ခန္ဓာကိုယ်က နှစ်ဦးအဖြစ်သို့ ပြန်လည်၍ ကွဲထွက်သွားခဲ့သည်။ ၎င်းမှာ ခုနက ထင်ယောင်ထင်မှား ဖြစ်နေသည့် အလားပင်။

အသူရာချောက်နက် အုပ်စိုးသူ နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အံ့ဩဖွယ် ကောင်းသည်။ မဟာလင်းလက်ဓား အခင်းအကျင်း၏ အားကောင်းလှသော ထိုးနှက်မှုက မျက်စိတစ်မှိတ် အတွင်းတွင် ပြိုကွဲသွားခဲ့ရသည်။

ဆိုစဘတ်က အသူရာချောက်နက် ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ်ရာ အရိုးချပ်ကာနှင့် အရိုးဆူးများကို ဖော်ပြနေသည်။ သူ၏ ဘယ်ဘက်ပခုံးနှင့် လက်မောင်းပေါ်တွင် ပေါက်နေသော အရွက်စိမ်းများက အနည်းငယ် ရယ်စရာကောင်းသော်လည်း နှစ်ဆ တိုးလာသော အရှိန်အဟုန်သည် လူများကို သက်သောင့်သက်သာ ခံစားချက် လုံးဝ မပေးခဲ့ပေ။ လေထုက မွမ်းကြပ်စေသော စိတ်ဓာတ်ကျမှုဖြင့် ပြည့်နှက်နေ၏။

အကြောက်တရား အရှင်သခင်သည် မီးလျှံနီလေး၏ ကြိုးကို ဖြည်းညှင်းစွာ ဆွဲလိုက်ပြီး သွေးရောင် စွမ်းအားများက လျင်မြန်စွာ စုစည်းသွားခဲ့ကာ မဟာလင်းလက်ဓား အခင်းအကျင်းကို အဝေးမှ ချိန်ရွယ်လိုက်သည်။

“သတိထား...” မိုက်ကယ်က သတိ ပေးလိုက်သည်။ သိဒ္ဓိအလင်းတောင် တိုက်ပွဲတွင် ဆိုစဘတ်သည် ထိုအချိန်က မဟာလင်းလက်ဓား အခင်းအကျင်းကို ဖျက်ဆီးရန် မီးလျှံနီလေးကို အသုံးပြု ခဲ့လေသည်။ ခုနက ပြန်လည် ရောင်ပြန် ဟပ်ခဲ့သော မြှားက ချန်လွေ့၏စွမ်းရည် အပေါ်တွင် အဓိက အားကိုးခဲ့သည်။ မိုက်ကယ်နှင့် စေတန် နှစ်ဦးစလုံးက ချန်လွေ့၏ ပြိုင်ဘက်ဟောင်းများ ဖြစ်ရာ ထိုစွမ်းရည်ကို အချိန်တိုအတွင်း ထပ်ခါ တလဲလဲ အသုံးပြု၍ မရနိုင်ကြောင်း သူတို့ နားလည်သည်။ အခြား တစ်ဖက်တွင် ဆိုစဘတ်၏ မြှားက အသူရာချောက်နက် ပုံစံဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး ယခင်ထက် များစွာ ပိုအားကောင်းသည်။ သူက ထိုပစ်ခတ်မှုတွင် အသေအချာ ပြင်ဆင်ထားခဲ့သည်။ မဟာလင်းလက်ဓား အခင်းအကျင်း ခံနိုင်ရည်ရှိမရှိ မသိရပေ။ ထို့အပြင် ဒီလော့စ်ရိုလည်း အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းနေ၏။

အံ့ဩစရာကောင်းသည်မှာ ဆိုစဘတ်၏ မြှားမပစ်ခတ်ခင် ဘေးမှ အခွင့်အရေးတစ်ခုကို စောင့်နေသင့်သော ဒီလော့စ်ရိုက မဟာလင်းလက်ဓား အခင်းအကျင်းဘက်သို့ အရင်ဦးစွာ တိုက်စစ်ဆင်လိုက်ခြင်းပင်။

ပြောရရင် ခုနက မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်က မဟာလင်းလက်ဓား အခင်းအကျင်းက လွတ်မြောက်ဖို့ သူ့ရဲ့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ ဘာလို့ အခု ပြေးဝင်လာခဲ့တာလဲ။ ဒါက အကြောက်တရား အရှင်သခင် မီးလျှံနီ လေးရဲ့ စွမ်းအားကို စုစည်းနိုင်ဖို့အတွက် အချိန်ဆွဲပေးတာလား။ ဒါမှမဟုတ် အခြား တစ်ခုခုကြောင့်လား...

အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ဒီလော့စ်ရို အရင်က ကံကောင်းပြီးတော့ လွတ်မြောက်ခဲ့တယ်။ အခု သူက ဆန္ဒအလျောက် လာခဲ့ပြီဆိုတော့ သူ့ကို အခင်းအကျင်းထဲ ထောင်ချောက်ဆင်ပြီး အနိုင်ယူဖို့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ငါ ခွဲဝေပြီး ပေးနိုင်တယ်။ ပြီးရင် ငါတို့ ဆိုစဘတ်ကို ကိုင်တွယ်ဖို့ အာရုံစိုက်လို့ ရနိုင်မယ်။

ထိုအချိန်တွင် ချန်လွေ့ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်၊ “ခွဲ...”

ထိုစကားလုံးက မဟာလင်းလက်ဓား အခင်းအကျင်း၏ ပြောင်းလဲမှု တစ်ခုကို ကိုယ်စားပြုပြီး အခြား လေးယောက်ကို အံ့အားသင့်စေခဲ့သည်။ ဇိုလာက အမြန်ဆုံး တုံ့ပြန်ခဲ့ပြီး မတွန့်ဆုတ်ဘဲ ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ကျန်လူများကလည်း ဇိုလာ၏ စွမ်းအား လမ်းညွှန်မှုအောက်တွင် ဓားအခင်းအကျင်း၏ ပြောင်းလဲမှုများကို စတင်ခဲ့ကြသည်။ အထူးနေရာလွတ်တစ်ခု နာရီ၏ အလယ်ဗဟိုတွင် ပေါ်လာခဲ့ပြီး ခွဲထားသော ချန်လွေ့နှင့် ဝင်လာသော ဒီလော့စ်ရိုတို့ကို ဝန်းရံလိုက်၏။

အဝေးမှ ကြည့်လျှင် သီးခြား နေရာလွတ် တစ်ခုကို ကိုယ်စားပြုသော ဖောက်မြင်နိုင်သည့် စက်လုံးတစ်ခုက ကြီးမားသော နာရီ၏ အလယ်ဗဟိုတွင် ပေါ်လာခဲ့သည်။ ၎င်းက လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

စက်လုံးထဲတွင် ချန်လွေ့နှင့် ဒီလော့စ်ရိုတို့ ရှိနေ၏။ ဆိုလိုသည်မှာ ချန်လွေ့က အဖွဲ့၏ အကြီးမားဆုံး အားသာချက်ကို စွန့်လွှတ်လိုက်ပြီး ဓားအခင်းအကျင်းမှ ထွက်ခွာသွားခဲ့ကာ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်ကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်းပင်။

မဟာလင်းလက်ဓား အခင်းအကျင်း၌ ဖြစ်သည်။ မိုက်ကယ်၊ ဇိုလာနှင့် ဂေဘရီရယ်တို့က အစွမ်းထက်ဆုံးသော တိုက်ခိုက်မှု ထုတ်လွှတ်သည့် အမှတ် ၃ခု ဖြစ်ပြီး စေတန်မှာ ဗဟိုထိန်းချုပ်ရေး အချက်အချာ ဖြစ်သည်။ သူက ဓားအခင်းအကျင်းကို ထိန်းချုပ်ရန်နှင့် စွမ်းအား အရင်းအမြစ်တစ်ခု အဖြစ် ပျက်စီးခြင်း စာအုပ်၏ စွမ်းအားကို အသုံးပြုခဲ့ပြီး ချန်လွေ့၏ အခန်းကဏ္ဍမှာ ပေါင်းစပ်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ အသက်စွမ်းအားနှင့် ယုံကြည်မှုစွမ်းအား ချဲ့ထွင်ခြင်းတို့ ဖြစ်သည်။ ၎င်းမှာ အလွန် အရေးမကြီးပုံရသော်လည်း ယခုတွင် သူ ထွက်ခွာသွားပြီဖြစ်ရာ ဓားအခင်းအကျင်း တစ်ခုလုံး ယခင်ကကဲ့သို့ လွတ်လပ်စွာ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ အခြား လေးဦးလည်း တန်းတူညီမျှ အားစိုက် ရသည်ဟု ခံစားလိုက်ရသည်။ ထိုသို့သော အခြေအနေများအောက်တွင် သူတို့က ပို၍ အားကောင်းသော ဆိုစဘတ်ကို မည်သို့ ခုခံနိုင်မည်နည်း။

၎င်းမှာ သူတို့ကိုယ်ပိုင် အားနည်းချက် များဖြင့် ရန်သူ၏ အားသာချက်များကို တိုက်ခိုက်သည့် ကြီးမားသော အမှားတစ်ခု အသေအချာပင် ဖြစ်သည်။ စေတန်နှင့် မိုက်ကယ်တို့ တစ်ချိန်တည်း မျက်မှောင် ကြုတ်လိုက်ကြသည်။

ထို့နောက် စက်လုံး၏ နေရာလွတ်တွင် ဒီလော့စ်ရိုက ရုတ်တရက် မီးလျှံနီလေး ကိုင်ဆောင်ထားသော ဆိုစဘတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

လူတိုင်း ရုတ်တရက် နားလည် သွားကြသည်။ ခုနက ပြေးဝင်လာသူမှာ တကယ့် ဆိုစဘတ် ဖြစ်ပြီး အဝေးတွင် မီးလျှံနီလေးကို အားစုစည်းနေသူမှာ ဒီလော့စ်ရို ဟန်ဆောင်ထားခြင်းပင်။

၎င်းမှာ အစီအစဉ်တစ်ခု အသေအချာ ဖြစ်သည်။ အကယ်၍ ဆိုစဘတ်သာ ခုနက ဓားအခင်းအကျင်းထဲတွင် ဝန်းရံထားခြင်း ခံလိုက်ရပါက မဟာလင်းလက်ဓား အခင်းအကျင်းသည် မီးလျှံနီလေးကြောင့် အတွင်းမှ အပြင်သို့ ရှုံးနိမ့်သွားနိုင်၏။

“ငါမှန်း မင်း ဘယ်လိုလုပ် သိတာလဲ။” ဆိုစဘတ်က ဗျူဟာ အောင်မြင်တော့မည့် အချိန်တွင် မြင်တွေ့ခြင်း ခံလိုက်ရသဖြင့် အံ့အားသင့်သည့် အမူအရာကို ပြသ လိုက်မိသည်။

မှန်ပေသည်။ ချန်လွေ့က ၎င်းမှာ [သရုပ်ခွဲမျက်လုံး] စွမ်းအားကြောင့်ဟု ဖြေကြားမည် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ် တစ်လျှောက်လုံးမှ ကြယ်စွမ်းအားများက အလျင်အမြန်ပင် မြင့်တက်လာခဲ့သည်။ ကြယ်ချပ်ကာ ပို၍ပို၍ပင် တောက်ပ၍ လာခဲ့သည်။ ဆိုစဘတ်က ခီလီယာနာ ပြီးလျှင် ဒုတိယအုပ်စိုးသူ ဖြစ်ပြီး သူ၏ စွမ်းအားမှာ ဒီလော့စ်ရိုထက် များစွာ သာလွန်သည်။ ဒီလော့စ်ရိုသည် ခုနက လူငါးဦးမှ အသက် သွင်းလိုက်သော မဟာလင်းလက်ဓား အခင်းအကျင်းမှ လွတ်မြောက်ခဲ့သည်။ ယခု ပို၍ပင် အားကောင်းသော ဆိုစဘတ်ကို တစ်ယောက်တည်း ရင်ဆိုင်ရာ ချန်လွေ့ သူ့ကို ခုခံနိုင်မည်လား။

“ဘဝရဲ့ နောက်ဆုံး မေးခွန်းကိုတောင် ဖြေဖို့ ဆန္ဒ မရှိဘူးလား။” ဆိုစဘတ်က လက်ထဲမှ မီးလျှံနီလေးကို ချန်လွေ့ထံသို့ ချိန်ရွယ်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ ယခင်က စုစည်းနေသော စွမ်းအင်သည် ရုတ်တရက် အမြင့်ဆုံး အမှတ်သို့ မြင့်တက်လာခဲ့သည်။ သွေးနီရောင် ကြောက်မက်ဖွယ်ရာ အလင်းတစ်ခုကို ချန်လွေ့ထံ ချက်ချင်း ပစ်လွှတ်လိုက်၏။

ဒီလော့စ်ရို မြှားပစ်လိုက်သည့် အခိုက် ချန်လွေ့၏ လက်ထဲတွင် အစိမ်းရောင် လေးတစ်လက် ရှိနေသည်။ ဆွဲထားသော လေးညှို့တွင် ရွှေရောင်အမွေးတောင်များ ပါသော မြှားတစ်စင်း ရှိနေခဲ့သည်။

မြှားသည် ရွှေရောင်အလင်း အစအန တစ်ခုဖြင့် ပျံထွက်သွားပြီး သွေးရောင် အလင်းနှင့် တိုက်မိသွားခဲ့သည်။

စက်လုံး နေရာလွတ် တစ်ခုလုံး တုန်ခါ သွားပြီး အလင်းတန်း နှစ်ခု၏ စွမ်းအားက တစ်ချိန်တည်းတွင် တစ်ခုကိုတစ်ခု အမှန်တကယ် ဖယ်ရှားလိုက်၏။

“လရောင်တိမ်ပင်လယ်လေး...” ဆိုစဘတ်က အနည်းငယ် တုန်လှုပ်သော လေသံဖြင့် ပြောလိုက်သည်။ “မင်းက နတ်သူငယ်လား။”

ထိုလေးသည် နတ်သူငယ်လေး သုံးလက်၏ အစွမ်းထက်ဆုံး ဖြစ်သော စစ်မှန်သော အဆောင်ပစ္စည်း လရောင် တိမ်ပင်လယ်လေးပင်။

“ကျုပ်က နတ်သူငယ် တစ်ယောက် မဟုတ်ပါဘူး။” ချန်လွေ့က လျစ်လျူရှုစွာ ပြန်ဖြေလိုက်သည်။ အခြား မြှားတစ်စင်း လေးညှို့ပေါ် လျင်မြန်စွာ တင်ဆောင်ပြီး ဖြစ်သည်။ သူ၏ မျက်ဆံများက အတွင်း၌ လှည့်ပတ်နေသည့် တောက်ပနေသော နေအဖွဲ့အစည်း တစ်ခု ရှိနေသကဲ့သို့ပင် လင်းလက်နေ၏။ “ပြီးတော့ ခုနက အရမ်း အလျင်လိုသွားလို့ပါ။ အခု ခင်ဗျားကို သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအား ပြမယ်။”

ထိုကာလအတွင်း မြှားပစ်စွမ်းရည်ကို နတ်သူငယ်မျိုးနွယ်စု၏ အထူးလေ့ကျင့်မှု အောက်တွင် ခုန်ပျံ တိုးတက်လာခဲ့သည်။ လေ့ကျင့်ရေးကွင်းမှ လေ့ကျင့်မှုနှင့် ပေါင်းစပ်လိုက်ပါက သူသည် လရောင်တိမ်ပင်လယ်လေးကို အသုံးပြုရာ ပို၍ပို၍ ကျွမ်းကျင်လာခဲ့သည်။

“မိုက်မဲတဲ့ ပုရွက်ဆိတ်။ ဒါက သွေးမျိုးဆက်ရဲ့ လှည့်ကွက် တချို့ပဲ။ မင်း အဆောင်ပစ္စည်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်လို့ တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတုန်းလား။ မကြာခင် မင်း လုံးဝ မျှော်လင့်ချက်မဲ့ သွားလိမ့်မယ်။” ဆိုစဘတ်က လှောင်ရယ် လိုက်သည်။ မီးလျှံနီလေးက အနီရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး မီးတောက် တစ်ခုကဲ့သို့ လောင်ကျွမ်းသွားသည်နှင့် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

သွေးရောင်မျဉ်းနှင့် ရွှေရောင်မျဉ်းတို့ တစ်ခုကိုတစ်ခု ပစ်ခတ်လိုက်ကြသည်။ လှည့်ကွက်မရှိ၊ စစ်မှန်သော အကြွင်းမဲ့ စွမ်းအားသာ။

အချိန်တိုအတွင်း အားကောင်းသော အင်အား နှစ်ခုက တိုက်မိပြီး ဖြစ်သည်။ တစ်ခဏတာ သရေကျပြီးနောက် ရလဒ် ရှင်းလင်းသွားခဲ့သည်။ သွေးရောင်မျဉ်းက နှစ်ပိုင်း ပြတ်သွားပြီး ရွှေရောင်မျဉ်းက အရှိန် မလျော့သွားဘဲ ဆိုစဘတ်ထံသို့ တည့်တည့် ပျံသန်းသွား၏။ ဆိုစဘတ်က ရွှေရောင်မျဉ်းကို ခါထုတ်ရန် မီးလျှံနီလေးကို အသည်းအသန် ဝှေ့ယမ်း လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့လေသည်။ မီးလျှံနီလေးပေါ်တွင် အက်ကြောင်းများ ရေးရေးလေး ပေါ်လာခဲ့သည်။

“မင်းက ဘယ်သူလဲ...” ဆိုစဘတ် လုံးဝ တုန်လှုပ်သွား၏။ အကြောင်းမှာ လရောင် တိမ်ပင်လယ်လေးမှ ပစ်လွှတ်လိုက်သော မြှားတွင် မနှိုင်းယှဉ်နိုင်သော အနှစ်သာရ အသက်စွမ်းအားနှင့် ယုံကြည်မှု စွမ်းအား အပြင် သဘာဝစွမ်းအား အငွေ့အသက်တို့ ပါဝင်နေ၍ပင်။ ၎င်းမှာ စစ်မှန်သော အခွင့်အာဏာ စွမ်းအားနှင့် အတော်လေး နီးစပ်နေ၏။

All Chapters