တတိယအဆင့် နတ်ဆိုးသားရဲ
Vol. 1 Ch. 228
"သွားတာပေါ့ ... "
သူတော်စင်အဆင့် လက်နက်သာ ငါ့လက်ထဲ ရှိနေရင် ကောင်းကင်ကြီးကလည်း ငါ့အပိုင်ပဲ ...
ကျန်းရီသည် လက်ရှိ လုပ်ရမည့် တာဝန်အတွက် ပို၍ပင် ယုံကြည်ချက် ရှိလာခဲ့လေပြီ။ သူတော်စင် အဆင့်နှင့်ဆိုလျှင် သူ့တိုက်ခိုက်နိုင်စွမ်းမှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနေပေပြီ။ မီးနဂါးနှစ်ကောင်ဖြင့် ထိတွေ့သွားသော မည်သည့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်မဆို သေသွား နိုင်လေသည်။ သို့သော် ဤအချက်သည် ရပ်နေ၍ တိုက်ခိုက်မှုကို အထိခံကြသူများ အတွက်သာ ဖြစ်လိမ့်မည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်၏ ခွန်အားသည် ကြောက်စရာ ကောင်းသလို အမြန်နှုန်းအားလည်း လျှော့တွက်၍ မရပေ။ ကျန်းရီသာ ထိပ်တိုက်ရင်ဆိုင်၍ မီးနဂါးနှစ်ကောင်ကို တိုက်ရိုက်ကြီး ထုတ်လိုက်လျှင် သူတို့ အလွယ်တကူ ရှောင်တိမ်း နိုင်ကြမည်သာ။
"ဝှစ်"
ကျန်းရီသည် အရှိန်ကိုမြှင့်၍ တောင်တန်းများဆီ ဆက်ပြေး သွားခဲ့သည်။ သူ့တွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည့် သူတော်စင်အဆင့် လက်နက်ရော၊ မီးဝိညာဉ်ကျောက်တုံး အနည်းငယ်ပါ ရှိနေသေးရာ တတိယအဆင့် နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရလျှင်တောင် အသက် အန္တရာယ် မရှိလောက်ပေ။ တစ်ဖက်တွင်လည်း သူသည် တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်အား ရှာ၍ ယဉ်ပါးအောင် လုပ်ချင်နေလေသည်။
"ဖုန်း...ဖုန်း...ဖုန်း"
ကျန်းရီသည် အလောတကြီး ပြေးလာရင်းနှင့် ဒုတိယအဆင့် နတ်ဆိုး သားရဲများစွာအား တွေ့ခဲ့သေးသည်။ မီးနဂါးဓားကို သူဝှေ့ယမ်း လိုက်တိုင်း ဓား၏ အရှိန်အဝါဖြင့် နတ်ဆိုးသားရဲများ ဖိနှိပ်ခံရသည်။ ၎င်းတို့သည် ရွေးစရာမရှိဘဲ အသတ်ခံရမည်ကိုသာ စောင့်နေကြရလေသည်။ သူတော်စင်အဆင့် လက်နက်တစ်ခု၏ အစွမ်းသည် ဒုတိယအဆင့် နတ်ဆိုးသားရဲများ အန်တုနိုင်သော အရာမဟုတ်ချေ။
နောက်လေးနာရီခန့် ကြာသော် ကျန်းရီသည် နတ်ဆိုးသားရဲ မည်မျှနှင့် ရင်ဆိုင်ခဲ့ရမှန်း မှတ်တောင် မမှတ်မိတော့ပေ။ အနည်ဆုံးတော့ နှစ်ဆယ်ကျော်မည် ထင်သည်။ ကျန်းရီသည် သူလိုချင်သည့် နတ်ဆိုးသားရဲ တစ်ကောင်တလေကိုမျှ မတွေ့သလို တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်မှလည်း မတွေ့သေးပေ။
ကောင်းကင်သည် မှောင်လာခဲ့ပြီး ကျန်းရီကိုယ်တိုင်လည်း မောပန်း နေခဲ့လေပြီ။ ရက်ပေါင်းများစွာ အလျင်စလို ခရီးဆက်ခဲ့ရာ ဤအချိန်လေး မတိုင်ခင်အထိ သူ့စိတ်သည် ခိုင်မာ နေခဲ့သေးသည်။ သူ အိပ်စက်ရန် နေရာကောင်းကောင်း တစ်ခု ရှာလိုက်ချင်သော်လည်း ဤနေရာသည် တောထဲ တောင်ထဲ၌ ဖြစ်နေသည်။ ညအချိန်တွင် နတ်ဆိုးသားရဲများက ပိုလို့ပင် ထွက်ကြရာ ဘယ်နေရာမှ မလုံခြုံပေ။
"မြေအောက် ရှိသေးတယ်"
ကျန်းရီသည် နိုင်ငံအဆင့် ပြိုင်ပွဲအကြောင်း ပြန်သတိရ သွားသောကြောင့် အကြံတစ်ခု ထွက်လာခဲ့သည်။ သူသာ ဥမင်တစ်ခု တူးလိုက်လျှင် နတ်ဆိုးသားရဲများ လိုက်မလာ နိုင်လောက်ပေ။
သူသည် ကျောက်တောင် တစ်ခုကို ရှာတွေ့သွားခဲ့ပြီး ကျောက်တောင်ထက် ခုန်တက် လိုက်သည်။ သူတစ်ခါခုန်လျှင် ဆယ်မီတာခန့် အမြင့်သို့ ရောက်ရှိသွားပြီး အနက်ရောင် အကြေးခွံဓားကို ကျောက်သားထဲ စိုက်ချကာ အားယူ၍ ထပ်ခုန်လျက် ရှိသည်။
"ရလောက်ပြီ"
မြေပြင်နှင့် မီတာသုံးဆယ်ကျော် အကွာသို့ ရောက်သွားပြီးနောက် ကျန်းရီသည် ကျောက်သားထက်မှ အနက်ရောင် အကြေးခွံဓားကို လှည့်လိုက်၍ သူတစ်ကိုယ်စာ ဝင်ဆန့်နိုင်သော အပေါက်ကို တူးလိုက်သည်။
ကျောက်သားနံရံသည် အမှုန်များအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။ ကျန်းရီသည် အပေါက်ကို အောက်စိုက်၍ တူးလိုက်လေသည်။ နတ်ဆိုး သားရဲများသည် လူသား အငွေ့အသက်ကို အာရုံခံနိုင်စွမ်း မြင့်ကြရာ ကျောက်တောင်၏ အပေါ်ယံလေးတွင် သူမအိပ်ရဲပါချေ။
နောက်တစ်နာရီကျော်ကြာ ကုန်ဆုံး သွားပြီးနောက် ကျန်းရီသည် သုံးကီလိုမီတာကျော် မြင့်သော မြေအောက်လှိုဏ်ခေါင်းကို တူးပြီးသွားပြီ ဖြစ်လေသည်။ နတ်ဆိုးသားရဲ ဥမင်ထဲ ဝင်လာပါက အချိန်အတော် ယူရလိမ့်မည်။ ထို့ပြင် ဥမင်သည် အောက်ရောက်လေလေ ကျဉ်းသွားလေလေ ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးသားရဲများ၏ ကိုယ်ကြီးများဖြင့် ဆံ့မည် မဟုတ်ချေ။
ကျန်းရီသည် မြေအောက်ဂူကိုတော့ မပိတ်ရဲပေ။ မဟုတ်ပါက သူ အသက်ရှူကျပ်၍ သေသွားလိမ့်မည်။ တူးဖော်ခြင်းအမှု ပြီးစီးသွားသည့်နောက် ကျန်းရီသည် မီးဝိညာဉ် ပုလဲထဲမှ ပစ္စည်းငယ် အချို့ကို ထုတ်၍ ထောင်ချောက်အချို့ ပြင်ဆင်လိုက်သည်။ ထို့နောက် သောက်ရေနှင့် ရိက္ခာခြောက်များကို ထုတ်ယူကာ ဝါးနေလိုက်သည်။ အစာဝဝ စားပြီးနောက် သူ့တွင် ကျင့်ကြံရန်နှင့် အမည်မဲ့ကျင့်စဉ်ကို ဆင်ခြင်ရန် အင်အားကင်းမဲ့ နေလေရာ ချက်ချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့သည်။
ကျန်းရီသည် ထိုညတွင် စိုးရိမ်ခြင်းကင်းစွာ အိပ်ပျော်နေခဲ့ပြီး အိပ်မက်တစ်ခု တလေတောင် မမက်ခဲ့ပေ။ တစ်ညလုံးလုံး မည်သည့် နတ်ဆိုးသားရဲမှလည်း သူ့အား လာရောက် နှောင့်ယှက်ခြင်း မရှိပေ။
နောက်နေ့မနက်တွင် ကျန်းရီ စောစောထ၍ ရိက္ခာ ခြောက်များကို စားကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူ့တွင် ခရမ်းရောင် နန်းတော်နှစ်ခု ရှိနေသောကြောင့် ကျင့်ကြံနှုန်းသည် ဆယ်ဆခန့် မြန်ဆန်နေခဲ့သည်။ ပြီးခဲ့သည့် တစ်လကျော် အချိန်အတွင်း သူ ခရမ်းရောင် နန်းတော်ရှင် တတိယ အဆင့်သို့ ရောက်ခါနီးနေပြီ ဟူသော ခံစားချက် ရနေလေသည်။
သူ့တွင် ပြိုင်ဘက်ကင်း ရတနာ ကောင်းကင် ကျောက်တုံးများ ရှိနေသော်လည်း စွမ်းအင်စုပ်ယူရန် သူ့တွင် အချိန်မလောက်ပေ။ ကောင်းကင် ကျောက်တုံးမှ စွမ်းအင်များသည် သိပ်သည်း လွန်းရာ တစ်တုံးမှ စွမ်းအင်များကို စုပ်ယူရန်ပင် အနည်းဆုံး ဆယ်ရက်ခန့် ကြာနိုင်သည်။
တစ်နာရီကြာ ကျင့်ကြံပြီးနောက် ကျန်းရီသည် ဂူထဲမှ ထွက်ကာ သင့်တော်သော နတ်ဆိုးသားရဲ တစ်ကောင်ကို စတင် ရှာဖွေတော့သည်။ သူတောင်တန်း၏ နက်သောနေရာသို့ သွားလေလေ တွေ့ရသော နတ်ဆိုးသားရဲများမှာ ပိုမိုအဆင့်မြင့် လာလေလေ ဖြစ်လေသည်။ ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲ တစ်ကောင် ထွက်လာခဲ့လေပြီ။
"သတ်ဖြတ်ခြင်း အင်အား "
ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ ကျန်းရီသည် သူ့ဝှက်ဖဲကို ထုတ်သုံး ရတော့သည်။ ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုး သားရဲများသည် နတ်ဆိုးစွမ်းအားကို ထုတ်လွှတ် ပြီးသည်နှင့် သေဆုံး သွားကြသော အဆင့်နိမ့် နတ်ဆိုး သားရဲများကဲ့သို့ မဟုတ်ပေ။ နတ်ဆိုးသားရဲများ အဆင့်မြင့် သွားလေလေ နတ်ဆိုးစွမ်းအားကို ထုတ်လွှတ် ပြီးနောက် ၎င်းတို့ ခံစားရသော အားနည်းချက်များ နည်းသွားလေလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးစွမ်းအားကို မကြာမကြာ သုံးနိုင်လေသည်။
သတ်ဖြတ်ခြင်း အင်အား၏ တတိယ အဆင့်သည် အမှန်ပင် ကြောက်စရာ ကောင်းလှသည်။
ခရမ်းရောင် မျက်လုံးရှိသော ကျားကြီးသည် တစ်လက်မလေးတောင် မလှုပ်ရှားနိုင် ဖြစ်နေသည်ကို သူမြင်နေရသည်။ ကျန်းရီသည် ထိုသုံးမီတာခန့် ရှည်လျားသော ကျားကြီး လုံးဝ မလှုပ်ရှားနိုင်ကြောင်း သေချာအောင် အကဲခတ်ပြီးမှ ရှေ့သို့ ပြေးသွားကာ မီးနဂါးဓားကြီးဖြင့် ပိုင်းချလိုက်လေသည်။
"ဘန်း ... "
မီးနဂါးနှစ်ကောင်သည် ကျားကြီးအား တစ်စစီ ဖြစ်သွားစေကာ ဘေးမှ ကျောက်ဆောင် အနည်းငယ်ကိုပင် အမှုန့်များ ဖြစ်သွားစေခဲ့သည်။
ကျန်းရီသည် ကျေနပ်နေသည့် မျက်နှာနှင့် မီးနဂါးဓားကို ပြန်သိမ်းလိုက်သည်။ ဤအခြေအနေကို ကြည့်လျှင် သူ့သတ်ဖြတ်ခြင်း အရှိန်အဝါသည် တတိယအဆင့် အနိမ့်ပိုင်း နတ်ဆိုးသားရဲ တစ်ကောင်ကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။ သူ တတိယအဆင့် နတ်ဆိုး သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်လျှင် တိုက်ပွဲတွင် ပိုမို အကူအညီ ရလိမ့်မည်။
ကံဆိုးစွာဖြင့်....
သူအနီးပတ်ဝန်းကျင်၌ တစ်နေ့လုံးလုံး သွားလာ လှုပ်ရှားနေပါသော်လည်း တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်တလေမှ မတွေ့ခဲ့ပေ။ သူသည် ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲ ဆယ်ကောင်ကျော် သတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း မြန်နှုန်းမြင့်သော သို့မဟုတ် ထူးခြားသည့် နတ်ဆိုးစွမ်းအင်ကို ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲ တစ်ကောင်ကိုမှ မတွေ့မိသေး။ အမှန်တော့ သူသတ်လိုက်သော နတ်ဆိုး သားရဲများထဲမှ အချို့တွင် ထူးဆန်းသည့် နတ်ဆိုးစွမ်းအားများ ရှိနေခဲ့လျှင်တောင် သူသိမည် မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့အား နတ်ဆိုးစွမ်းအားပင် ထုတ်ခွင့်မပြုဘဲ သူသတ်လိုက်သောကြောင့် ဖြစ်လေသည်။
အချိန်နှစ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ရှန်ဝူနိုင်ငံမှ သတို့သမီး အစောင့်အကြပ် စစ်တပ်သည် တောင်ဘက် နယ်နိမိတ်သို့ ရောက်လုဆဲဆဲ ဖြစ်နေလောက်ပေပြီ။ ထို့ကြောင့် လက်ရှိတွင် ကျန်းရီမှာ စိတ်လော နေခဲ့ပြီး မြေအောက်ဂူ တစ်ခုကို ထပ်မံတူး၍ ညကို ကုန်ဆုံးရန် ပြင်ဆင်နေခဲ့သည်။ နောက်နေ့ မွန်းမတည့်ခင် သူနတ်ဆိုး သားရဲတစ်ကောင် ယဉ်ပါးအောင် လုပ်ကာ ရှားနိုင်ငံသို့ ထွက်ခွာရန် ကိုယ့်စိတ်ကိုယ် ဆုံးဖြတ်လိုက်သည်။
ရှားနိုင်ငံ၏ တော်ဝင်မြို့တော် ရှားယွိမြို့သည် ရှန်ဝူနိုင်ငံနယ်စပ်မှ သွားရောက်ရန် သုံးရက်အချိန်သာ ကြာမြင့်လေသည်။ သတို့သမီး အစောင့်အကြပ် စစ်တပ်သည် သူခန့်မှန်း ထားသည်ထက် ပို၍ နှေးနေလျှင်တောင် ရှားယွိမြို့သို့ ရောက်ရန် အလွန်ဆုံး တစ်ရက်၊ နှစ်ရက်သာ ပိုကြာလိမ့်မည်။ ထိုလေး၊ ငါးရက်အတွင်း သူကြားဖြတ် တိုက်ခိုက်ရန် အခွင့်အရေး ရှာရမည် ဖြစ်သည်။ သူတို့သာ ရှားယွိမြို့သို့ ရောက်သွားလျှင် သူ့တွင် ဘာအခွင့်အရေးမှ ရှိတော့မည် မဟုတ်ပေ။
ထို့ပြင် သူ့တွင် နောက်ထပ် အရေးတကြီး လုပ်စရာတစ်ခု ကျန်နေသေးသည်။ သူသည် မီးဝိညာဉ်ပုလဲ ကမ္ဘာ့မီးလျှံများ အလုံအလောက် စုပ်ယူနိုင်ရန် ဟွာယွင်တောင်သို့ ခရီးတစ်ခေါက် သွားရဦးမည် ဖြစ်သည်။ ကမ္ဘာ့မီးလျှံများ မပါဘဲ ထိုစစ်တပ်နှင့် သွားရောက် ရင်ဆိုင်ခြင်းသည် သူသေချင်နေ၍သာ ဖြစ်ရပေမည်။
"ဟူး...ငါအကောင်းဆုံး လုပ်ရမယ်၊ ကျန်တာကိုတော့ ကောင်းကင်ဘုံက ဆုံးဖြတ်ပါစေ.... မနက်ဖြန် မွန်းတည့်တာနဲ့ ငါဟွာယွင်တောင်ဆီ သွားမယ်"
ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး လှဲချကာ မြေအောက်ဂူထဲတွင် အိပ်စက် လိုက်သည်။ ပိန်းပေါက်အောင် မည်းမှောင်နေသော ဂူထဲတွင် ပတ်ဝန်းကျင်သည် အနည်းငယ် စိုစွတ်စွတ် ဖြစ်နေခဲ့သည်။ ကျန်းရီကမူ တံတားအောက်မှ သူဖုန်းစား တစ်ယောက်ပမာ နှစ်ခြိုက်စွာ အိပ်မော ကျနေခဲ့သည်။ သူသည် ကွေးကွေးလေး အိပ်နေခဲ့သည်။ ဤအချိန်များ အတောအတွင်း သူရေမချိုးရသေးပေ။ သူ့အဝတ်အစား များသည် ညစ်ပတ် စုတ်ပြတ်နေသည်။ သူ့အား အရူးတစ်ယောက်နှင့် တူစေသည့် ရှုပ်ပွနေသော ဆံပင်များ၊ မရိတ်ရသေးသော မုတ်ဆိတ်များလည်း သူ့တွင် ရှိနေသေးသည်။
"ရှပ်...ရှပ်...ရှပ်"
ညလယ်တွင် တိုးဖျော့ဖျော့ အသံတစ်ခုက ကျန်းရီအား နိုးသွားစေသည်။ သူသည် ချက်ချင်း ခုန်ထလိုက်ပြီး မျက်လုံးများမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ် လာခဲ့သည်။ မီးဝိညာဉ် ပုလဲ တောက်ပ လာခဲ့သည်။ အချိန်မရွေး တိုက်ခိုက်ရန် သူအဆင်သင့် ဖြစ်နေလေပြီ။
"ရှပ်...ရှပ်...ရှပ်"
အသံသည် ပိုမိုကျယ်လောင် လာခဲ့သည်။ မီးဝိညာဉ်ထဲမှာလည်း ကျန်းရီ၏ လက်ထဲတွင် ရောက်နေခဲ့လေပြီ။ ရုတ်တရက် ရှေ့ရှိ ရွှံ့နံရံ ပွင့်ထွက်သွားခဲ့ပြီး နတ်ဆိုးသားရဲ တစ်ကောင်၏ ကြောက်စရာ အနက်ရောင် ဦးခေါင်းကြီး ထွက်လာခဲ့သည်။ ထိုနတ်ဆိုးသားရဲသည် ဂူလမ်းကြောင်း အတိုင်း ဆင်းလာခဲ့ခြင်း မဟုတ်ဘဲ မြေတူး၍ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
"သေပေတော့ ... "
ထိုခဏတွင် ကျန်းရီ၏ မျက်လုံးများသည် သွေးနီရောင် ပြောင်းသွားခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်လာကာ နတ်ဆိုးသားရဲအား ဖိနှိပ်လိုက်သည်။ သူ့လက်ထဲမှ မီးနဂါးဓားသည် အနီရောင် အလင်းများ ဖြာထွက်နေခဲ့ပြီး မီးနဂါးနှစ်ကောင်သည် ပျံသန်းသွားရန် အဆင်သင့် ဖြစ်နေသည့် အလား ဓားကိုယ်ထည်တွင် လှည့်ပတ်ပျံသန်း နေကြသည်။
"အမ်...မြေတူးနိုင်တဲ့ တတိယအဆင့် နတ်ဆိုးသားရဲ ... "
ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် မီးနဂါးဓား၏ ဖိအား အောက်တွင် နတ်ဆိုး သားရဲမှာ တုန်လှုပ်ခြင်း ကင်းစွာ ရှိနေသည်ကို မြင်သောအခါ နတ်ဆိုးသားရဲ၏ အရှိန်အဝါကို အာရုံခံကြည့် လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ဘလင်းဘလင်း ထလာခဲ့သည်။ မြေကြီး တူးနိုင်သော နတ်ဆိုးသားရဲ တစ်ကောင်အား သူမုတ်ဆိတ် ပျားစွဲ၍သာ တွေ့ရခြင်း ဖြစ်လေသည်။
သူသည် တောင်စဉ် သုံးထောင်သို့ ဝိညာဉ်သားရဲတစ်ကောင် လိုချင်၍ ရောက်လာခဲ့သည်။ ဤအနက်ရောင် ကောင်ကြီးသည် အကောင်းဆုံး နတ်ဆိုးသားရဲပင် မဟုတ်ပါလော ... ကောင်းကင်တွင် ပျံသန်းနိုင်သော နတ်ဆိုးသားရဲများနှင့် မြေကြီးတူးနိုင်သော နတ်ဆိုးသားရဲ များသည် ထွက်ပြေးရာတွင် အသုံးပြုရန် အကောင်းဆုံးသော နတ်ဆိုးသားရဲများ ဖြစ်ကြသည်။
"ဒီတော့ ငါမင်းကို ရွေးလိုက်ပြီ ... "
ကျန်းရီသည် မီးနဂါးဓားကို ထိန်းချုပ်၍ မီးနဂါးများ ထွက်သွားမည်အား ရပ်တန့် စေလိုက်သည်။ ထို့နောက် နတ်ဆိုးသားရဲအား ဖိနှိပ်ရန် အလို့ငှါ မီးနဂါးဓား၏ အရှိန်အဝါနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပိုမိုအားကောင်း လာရန် အတွင်းအားများ ပိုထည့်လိုက်သည်။ ကျန်းရီသည် ဝိညာဉ်သားရဲ အဆောင်အား အလျင်အမြန် ထုတ်ယူလိုက်သည်။ အနှီအမည်မသိသော နတ်ဆိုး သားရဲကြီးအား ယဉ်ပါးအောင် လုပ်ရန် ရွှေရောင် စာလုံးလေးများ ထွက်ပေါ် လာခဲ့လေသည်။
*****