အခန်း (၉၈၁-၉၈၅)
Vol. 40 Ch. 981-985
အခန်း(၉၈၁) သွယ်ဝိုက်တဲ့ နည်းလမ်းလည်း အလုပ်မဖြစ်ဘူး
“သမီးတို့ ရင်းမှ မရင်းနှီးသေးတာ!”
သူမ မရင်းနှီးတဲ့လူတစ်ယောက်ကို သဘောကျလို့ ဖြစ်ပါ့မလား။ သူမရဲ့ သံယောဇဉ်ကို ရဖို့ လွယ်ကူမယ် ထင်လို့လား။ အနည်းဆုံးတော့ ရင်းနှီးအောင် အရင်လုပ်သင့်တာပေါ့!
“ဒါပေမယ့် အရင်တစ်ခေါက်က ယောက်မတို့ရဲ့ အိမ်ကိုတောင် စူစူလေး လာလည်ပြီးပြီလေ။ စူစူလေးကို ကိတ်မုန့်တွေတောင် အများကြီးကျွေးခဲ့သေးတယ်”
“ကိတ်မုန့်ကျွေးတာနဲ့ လူကောင်းဖြစ်မသွားဘူး”။ သူမက ခံယူချက် ခိုင်မာသည့် ကလေးတစ်ယောက်ဖြစ်သည်။ သူမရဲ့ သံယောဇဉ်ကို အရယူဖို့ဆို မုန့်ကျွေးရုံလောက်နဲ့ မလုံလောက်ပေ။
“အဲ့တာတော့ ဟုတ်ပါတယ်…”
ကလေးတွေက အယုံမလွယ်သင့်ပါ။ မဟုတ်လျှင် လူဆိုးတွေက အခွင့်ကောင်းယူသွားကြလိမ့်မည်။
“အဲ့… အဲ့တာဆို ယောက်မတို့အိမ်ကို ခဏခဏလာလည်ပြီး ယွမ်ယွမ်လေးနဲ့ လာကစားလေ။ ဒါမှ ယောက်မတို့ ပိုရင်းနှီးလာမှာပေါ့။ ပြီးတော့ စူစူလေးရဲ့ အစ်ကိုငယ်ဆီက ကိုယ်ခံပညာသင်ယူမယ့် ကိစ္စကို ပြန်စည်းစားလို့ မရဘူးလား”။ သူမယောက်ျားကော သူမကိုယ်တိုင်ကော စူစူလေးနဲ့ ပိုဆုံရဖို့ ယန်းမင်အာ အခွင့်အရေး ဖန်တီးလိုက်ပါသည်။
“မသိသေးဘူး။ ဖေဖေနဲ့ မေမေ့ကို မေးကြည့်ရမယ်။ ဖေဖေနဲ့ မေမေက အန္တရာယ် မရှိဘူးလို့ ပြောမှ သမီး သဘောတူမှာ”။။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
သူမက မိဘစကားနားထောင်သည့် လူလိမ္မာလေးဖြစ်သည်။
သူမက လူသားကမ္ဘာမှာ နေထိုင်တာ မကြာသေးသဖြင့် လူကောင်းနဲ့ လူဆိုးကို သေချာ မခွဲခြားနိုင်သေးပါ။ ထို့ကြောင့် ဖေဖေနဲ့ မေမေတို့၏ အကူအညီကို လိုအပ်သည်။
သူမ အရွယ်ရောက်လာရင်တော့ ကိုယ်တိုင် ခွဲခြားနိုင်ပါလိမ့်မည်။
ယန်းမင်အာ၏ အကြည့်က အဘွားချင်းထံ ပြန်ရောက်သွားပြီး တိုးညှင်းစွာ မေးလိုက်သည်။ “အမေ စူစူလေးကိုလေ…”
အဘွားချင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ငါ့သမီးလေးကို ဘာမှ ကြံစည်ဖို့ စဉ်းစာမနေနဲ့။ ငါတို့ သမီးလေးက အရမ်း ပါးနပ်ပြီး အမြင်ရှိတယ်။ စကားတစ်ခွန်းနှစ်ခွန်းတည်းနဲ့ သူ့ကို အရူးလုပ်နိုင်မှာ မဟုတ်ဘူး”
“အမေကလည်း၊ သမီးက သမီးယောက်မလေးကို အရူးမလုပ်ရဲပါဘူး”။ ယန်းမင်အာ၏ အသံပိုတိုးညှင်းသွားသည်။
စူစူလေးကို အရူးလုပ်ဖို့ ကြိုးစားနေတာမဟုတ်ပါ။ မိသားစု သံယောဇဉ်ကို အဖတ်ဆယ်ဖို့ သွယ်ဝိုက်သောနည်းလမ်းဖြင့် ကြိုးစားနေခြင်း ဖြစ်ပါသည်။
အဘွားချင်းက ယန်းမင်အာကို လျစ်လျူရှုလိုက်ပြီး စူယွီယွမ်လေးကို ငုံ့ကြည့်လိုက်ပါသည်။ “ယွမ်ယွမ်လေး ဘွားဘွားတို့ အိမ်မှာ လာကစားနော်။ ပြီးတော့ ဘွားဘွားတို့အိမ်ကို သဘောကျရင် ဒေါ်လေးနဲ့ အတူတူကစားဖို့ လာနေလို့ ရတယ် ကြားလား”
စူယွီယွမ်လေးက အူတူတူဖြစ်နေပြီး ချက်ချင်းပြန်မဖြေဘဲ စူစူလေးကို ကြည့်လိုက်သည်။
ခေတ္တစဉ်းစားပြီးမှ တစ်ခုခုကို နားလည်သွားပြီး အဘွားချင်းကို ခေါင်းငြိမ့်ပြလိုက်ပါသ်ည။ “ဘွားဘွားအိမ်သွားမယ်! ကစားမယ်!”
“ဟုတ်ပြီ ဟုတ်ပြီ။ ဘွားဘွားအိမ်မှာ သွားကစားကြမယ်နော်”
အဘွားချင်းနဲ့ စူယွီယွမ်လေးတို့ သဘောတူညီမှု ရရှိသွားကြသည်။
ယန်းမင်အာလည်း သူမ သားလေးကို ခေါင်းပွတ်ပေးလိုက်ပါသည်။ “ယွမ်ယွမ်လေးကတော်လိုက်တာ”
အနည်းဆုံးတော့ သူမသားက တစ်နေရာရာမှာ အသုံးဝင်ပါသေးသည်။
ဆရာမိဘ တွေ့ဆုံပွဲ ပြီးဆုံးသွားပြီဖြစ်ကာ အားလုံးလည်း အိမ်ပြန်ကြပြီဖြစ်သည်။
ရွှယ်ကျန်းတို့ ၃ ယောက်က ကြက်သေသေနေကြဆဲဖြစ်သည်။ ဆရာမကျူးပြောတာတွေလည်း တစ်ခုမှ နားထဲ မရောက်ခဲကြပါ။
ခုနက ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကို နားလည်နိုင်အောင် ကြိုးစားနေကြဆဲဖြစ်သည်။ နာရီဝက်ကျော်ကြာမှ သူမတို့ကို မွဲပြာကျသွားအောင် ယန်းမင်အာ လှည့်စားသွားခဲ့တာဖြစ်မှန်း အတည်ပြုနိုင်ခဲ့ကြသည်။
သို့သော် ထိုအမှန်တရားကို ဘယ်သူမှ လက်မခံနိုင်ကြပေ။
ထိုပိုက်ဆံတွေကိုသာ တကယ်ဆုံးရှုံးလိုက်ရလျှင် သူတို့ရဲ့ ပိုင်ဆိုင်မှု အတော်များများ ဆုံးရှုံးသွားရုံသာမကဘဲ မိသားစုကိုပါ ထိခိုက်လာနိုင်သည်။
အထူးသဖြင့် သူများတွေထက် ၂ ဆ ပိုမြှုပ်နှံခဲ့သည့် ရွှယ်ကျန်းက ပိုဆိုးပါသည်။ သူမ ယောက်ျားရဲ့ ကုမ္ပဏီ ပြဿနာ အနည်းငယ် တက်နေသဖြင့် ရှိသမျှ ငွေတွေအကုန်လုံးကို ယန်းမင်အာ၏ ကုမ္ပဏီထံ ပုံအပ်ခဲ့ကြသည်။
ထိုငွေတွေကိုသာ ပြန်မရနိုင်ပါက သူမယောက်ျားရဲ့ ကုမ္ပဏီ ဒေဝါလီ ခံရပါတော့မည်။
ယန်းမင်အာတို့ ပြန်ဖို့ ပြင်နေတာကို မြင်သောအခါ ရွှယ်ကျန်း အမြန် ပြေးထွက်သွားခဲ့သည်။ သခင်မယွီနဲ့ သခင်မဟယ်တို့လည်း အနောက်မှ လိုက်လာကြပါသည်။
“သခင်မချင်း သခင်မချင်း!”
ရွှယ်ကျန်း အမြန်ပြေးလာပြီး လက်နှစ်ဖက် ဆန့်တန်းလျက် ယန်းမင်အာ၏ ရှေ့မှာ ကာရပ်လိုက်ပါသည်။
သူမ ဆံပင်တွေ အလွန်ရှုပ်ပွနေပြီး ဣန္ဒြေပင် မဆယ်နိုင်တော့ပါ။
… … …
အခန်း(၉၈၂) ချင်းမိသားစုကို တောင်းပန်ခြင်း (၁)
“သခင်မချင်း ကျွန်မ တောင်းပန်ပါတယ်။ တကယ်တောင်းပန်ပါတယ်! ကျွန်မ အမှားကိုလည်း ဝန်ခံပါတယ်! ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ကျွန်မ အမှားတွေချည့်ပါပဲ။ သခင်မချင်းရဲ့ မိသားစုကို ကျွန်မ သွားပုပ်လေလွင့် မပြောခဲ့သင့်ဘူး။ ကျွန်မ မှားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!”
အခုချိန်မှာ ရွှယ်ကျန်း ဘာမာနမှ မထားနိုင်တော့ပေ။ သူမကို သက်ညှာပေးဖို့ ယန်းမင်အာကိုသာ တောင်းပန်ရတော့သည်။
ယန်းမင်အာကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။ “ရှင်တို့မှားမှန်း မသိသေးပါဘူး။ ရှင်တို့ ပိုက်ဆံတွေ ဆုံးရှုံးရတော့မယ် ဆိုတာပဲ သိကြတာ”
“အတူတူပဲလေ! ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်မ နောင်တရပါပြီ။ ကျွန်မကို ပြန်တောင်းပန်ဖို့ အခွင့်အရေးလေး တစ်ခါလောက်ပဲ ထပ်ပေးပါနော်”။ ရွှယ်ကျန်း ထပ်တောင်းပန်လိုက်သည်။
သခင်မဟယ်နဲ့ သခင်မယွီတို့လည်း အမြန်ဝင်တောင်းပန်ကြသည်။
“ကျွန်မလည်း မှားသွားပါတယ် သခင်မချင်း! ချင်းမိသားစုနဲ့ ပတ်သတ်ပြီး နောက်တစ်ခါ မကောင်း မပြောတော့ပါဘူး! လူရှေ့မှာကော လူကွယ်ရာမှာကော ဘာမှ မပြောတော့ပါဘူးလို့ ကတိပေးပါတယ်! ဒီကတိဖျက်မိရင် အသေဆိုးနဲ့ သေပါစေ! ကျေးဇူးပြုပြီး ဒီတစ်ခါပဲ သက်ညှာပေးပါ!”
“သခင်မချင်းက သဘောထားပြည့်ဝတဲ့ လူပဲဥစ္စာ! ကျေးဇူးပြုပြီး ကျွန်မတို့ကို အငြှိုးမထားပါနဲ့!”
အမျိုးသမီး ၃ ယောက်စလုံး ယန်းမင်အာ ရှေ့မှာ ငိုယို တောင်းပန်နေကြပါသ်ည။
စူစူလေးက သူတို့ကို ကြည့်ရင်း ကြောင်စီစီဖြစ်သွားသည်။
“မေမေ ဘာတွေဖြစ်နေတာလဲ”။ စူစူလေးက အဘွားချင်းကို မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ မေမေတို့မိသားစုကို နောက်ကွယ်မှာ မကောင်းပြောနေတဲ့လူတွေကို ယွမ်ယွမ်ရဲ့ မေမေက အပြစ်ပေးလိုက်တာ။ အခု သူတို့မှားမှန်းသိလို့ ပြန်တောင်းပန်နေကြတာလေ”။ အဘွားချင်း ရှင်းပြလိုက်သည်။
“အဲ့လူတွေကို မရိုက်ရဘူးလို့ မေမေပဲ ပြောခဲ့တာ မဟုတ်ဘူးလား”။ စူစူလေး မေးလိုက်သည်။
စူစူလေး ကျောင်းမတက်ဘဲ အိမ်မှာပဲ နေခဲ့ရသည့် ကာလတုန်းက သူမ မိဘတွေကို မကောင်းပြောသည့်လူတွေအား သွားရိုက်ချင်ခဲ့သည်။ သို့သော် ဖေဖေနဲ့ မေမေက တားမြစ်သဖြင့် စူစူလေး မရိုက်နိုင်ခဲ့ပါ။
“ဟုတ်တယ်။ ဒါပေမယ့် ယွမ်ယွမ်ရဲ့ မေမေက သူတို့ကို ရိုက်တာမဟုတ်ဘူးလေ။ ပါးနပ်တဲ့ နည်းလမ်းသုံးပြီး ဆုံးမလိုက်တာ။ ဥပဒေနဲ့လည်း လွတ်ကင်းတယ်။ ဒါပေမယ့် ခံရတဲ့လူတွေကတော့ အရမ်းနာကျင်ရမှာ”။ အဘွားချင်း ရှင်ပြလိုက်သည်။
“မိုက်လိုက်တာ!”။ စူစူလေး ရေရွတ်လိုက်သည်။
ထို့နောက် ယန်းမင်အာကို စူစူလေး လှမ်းကြည့်လိုက်ပါသည်။ သူမ မျက်လုံးထဲ လေးစားအားကျမှုများ ပေါ်လာသည်။
စူစူလေး၏ အကြည့်ကို ခံစားမိပြီး ယန်းမင်အာလည်း ပျော်ရွှင်သွားကာ ပြုံးမိပါသည်။
ဒီလူတွေကို အပြစ်ပေးရင်း ဒီလို အကျိုးကျေးဇူးရရှိလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် သူမ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ယန်းမင်အာ ပိုမို ယုံကြည်သွားခဲ့သည်။
“မေမေက မိုက်တယ်!”
စူယွီယွမ်လေးကလည်း ထောက်ခံလိုက်ပါသည်။ ပုံမှန်ဆို သူစကား သိပ်မပြောတတ်သော်လည်း သူ့မေမေကိုတော့ အရေးပါသည့်အချိန်အတွေမှာ ချီးကျူး ထောက်ခံတတ်ပါသည်။
ဒီနေ့ သားဖြစ်သူရဲ့ သိတတ်မှုကို ယန်းမင်အာ အလွန်သဘောကျသဖြင့် အိမ်ကျမှ အချိုမုန့်နဲ့ ဆုချမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့နောက် အဘွားချင်း၏ မျက်နှာကို ယန်းမင်အာ အကဲခတ်လိုက်ပါသည်။
အဘွားချင်းမျက်နှာပေါ်မှာ သိသိသာသာ အပြုံးမရှိသော်လည်း နူးညံ့သိမ်မွေ့မှု အရိပ်အယောင်တချို့တော့ ယန်းမင်အာ မြင်မိပါသည်။
မျက်နှာထား အနည်းငယ်ပြောင်းလဲသွားရုံဟု ဆိုနိုင်သော်လည်း ယန်းမင်အာ အလွန်အားတက်သွားခဲ့ပါသည်။
ရွှယ်ကျန်းတို့ သုံးယောက်က ယန်းမင်အာကို တောင်းပန်နေကြဆဲဖြစ်သည်။ ယန်းမင်အာ၏ အပြုံးကို မြင်သောအခါ အခြေအနေကောင်းသည်ဟု သူတို့ ခံစားလိုက်ကြရသည်။
ထို့ကြောင့် စူစူလေးနဲ့ အဘွားချင်းတို့၏ စကားကို ရွှယ်ကျန်း ထောက်ခံလိုက်ပါသည်။ “ဟုတ်ပါတယ်။ ကျွန်မတို့ မှားမှန်း သိပါပြီ။ မှားမှန်းသိပြီး အမှန်ပြင်နိုင်တဲ့ ကလေးတိုင်းက လိမ္မာတဲ့ကလေးတွေလို့ ဆရာမတွေတောင် သင်ပေးကြတယ် မဟုတ်ဘူးလား။ အမှားလုပ်မိတဲ့လူတွေကို အမှန်ပြင်နိုင်အောင် အခွင့်အရေး ပေးသင့်ပါတယ်”
စူစူလေးက ပြောလိုက်သည်။ “မဟုတ်သေးပါဘူး။ အမှားကို သိပြီး အမှန်ပြင်နိုင်တဲ့ ကလေးတွေက လူလိမ္မာလေးတွေလို့ ဆရာမက သင်ပေးထားတာ။ ဒါပေမယ့် အဲ့တာ ကလေးတွေကို ပြောတာလေ။ နင်တို့က လူကြီးတွေဖြစ်နေပြီး ကလေးတွေမှ မဟုတ်ကြတော့တာ!”
… … …
အခန်း(၉၈၃) ချင်းမိသားစုကို တောင်းပန်ခြင်း (၂)
“ဟုတ်တယ်! စူစူလေး ပြောတာ အရမ်းမှန်တယ်! သူတို့က ကလေးတွေ မဟုတ်တော့ဘူး။ အဲ့တာကြောင့် အမှန်ပြင်နိုင်ဖို့ အခွင့်အရေးပေးစရာမလိုဘူး!”။ ယန်းမင်အာက စူစူလေး၏ စကားကို အပြည့်အဝ ထောက်ခံပါသည်။
အဖေနဲ့ အမေ့ရဲ့ သမီးလေးပီသပါပေတယ်!
ဒါကိုကြားသော်လည်း ရွှယ်ကျန်းက လက်မလျှော့သေးပါ။ “သခင်မချင်း အဲ့လို မလုပ်ပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကို သက်ညှာသောအားဖြင့် ကျေးဇူးပြုပြီး စဉ်းစားပေးပါဦး။ ကျွန်မတို့ ဒီတစ်ကြိမ်ပဲ အမှားလုပ်ဖူးတာပါ”
“ဟုတ်ပါတယ် သခင်မချင်း ကျွန်မတို့ တကယ် နောင်တရပါပြီ”
“ကျွန်မတို့ကို ဘာလုပ်စေချင်လဲ ပြောပါ။ ကျွန်မတို့ သခင်မချင်း ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်!”
သခင်မဟယ်နဲ့ သခင်မယွီတို့လည်း ထောက်ခံလိုက်ပြီး တောင်းပန်လိုက်ကြသည်။
“မှားမှန်းသိပြီဟုတ်လား။ အဲ့တာဆို ဘာလို့ ကျွန်မကို လာတောင်းပန်နေတာလဲ။ ရှင်တို့ တောင်းပန်ရမယ့်လူက ကျွန်မ မဟုတ်မှန်းလည်း သိသင့်တယ်လေ”။ ယန်းမင်အာ ပြောလိုက်သည်။
ဒါကိုကြားတော့ ရွှယ်ကျန်းက အဘွားချင်းတို့ဘက်ကို လှည့်ကာ ပြောလိုက်ပါသ်ည။ “သခင်မကြီးချင်း ကျွန်မတို့ အပြစ်ပါ! သခင်မကြီးချင်းတို့ မိသားစုအကြောင်းကို နောက်ကွယ်မှာ အတင်းမပြောခဲ့သင့်ဘူး။ ပြီးတော့ စူစူလေးကို ကျောင်းထုတ်ဖို့လည်း ဖိအား မပေးခဲ့သင့်ပါဘူး!”
အဘွားချင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ “မလိုပါဘူး။ ငါ့သမီးလေးနဲ့ ငါနဲ့ နင်တောင်းပန်တာကို မလိုချင်ဘူး”
“ဟုတ်တယ်! မလိုချင်ဘူး”။ စူစူလေးကလည်း ကလေးဆန်သော အသံလေးနဲ့ ထောက်ခံလိုက်သည်။
“အဲ့တာက…”။ ရွှယ်ကျန်း အကြပ်ရိုက်သွားသည်။ ထို့ကြောင့် ယန်းမင်အာကို ပြန်ကြည့်ကာ မေးလိုက်ပါသည်။ “သခင်မချင်း ကျွန်မတို့ တောင်းပန်ပေမယ့် သခင်မချင်းရဲ့ ယောက္ခမက ကျွန်မတို့တောင်းပန်ဖို့ မလိုဘူးလို့ ပြောတယ်… သခင်မချင်းကပဲ… ကျွန်မတို့ကို ခွင့်လွှတ်ပေးပါလား”
“ကျွန်မ ယောက္ခမနဲ့ ယောက်မလေးတို့ကတောင် ရှင်တို့ကို ခွင့်မလွှတ်သေးဘူး။ ဘာလို့ အဆင့်ကျော်ပြီး ကျွန်မကို လာတောင်းပန်နေတာလဲ။ ဆုသာတောင်းလိုက်”။ ယန်းမင်အာ တဲ့တိုးဆန်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ယန်းမင်အာ ပြန်ဖို့ ပြင်လိုက်သည်။ သို့သော် ရွှယ်ကျန်းတို့ ၃ ယောက်က သူမကို တားဖို့ ထပ်ကြိုးစားကြပါသည်။
“ကျွန်မလမ်းမှာ လာမပိတ်နဲ့နော်။ ကျွန်မကို ဒေါသထွက်အောင် လာလုပ်ရင် ဘယ်လောက်ထိ ရူးသွပ်တဲ့ လုပ်ရပ်တွေ လုပ်မိမလဲ အာမမခံနိုင်ဘူး”။ ယန်းမင်အာ သတိပေးလိုက်သည်။
အမျိုးသမီး ၃ ယောက် ချက်ချင်း ကြက်သေသေသွားကြသည်။ ပြောချင်သည့် စကားလုံးတွေလည်း လည်ချောင်းထဲမှ ထွက်မလာတော့ပါ။
သူမတို့ စကားအမှားပါသွားတာနဲ့ ယန်းမင်အာ၏ ရူးသွပ်သော လုပ်ရပ်တွေကို ထပ်မြင်ရလိမ့်မည်ဟု ထင်သွားကြသည်။
ဒီမိန်းမက သူမတို့ကို အချိန်တိုအတါင်း ကလဲ့စားချေဖို့အတွက်နဲ့ ယွမ်သန်းရာနဲ့ချီပြီးတောင် စတေးခဲ့တဲ့ စိတ္တဇပဲ မဟုတ်လား!
လမ်းရှင်းသွားမှ ယန်းမင်အာနဲ့ အဘွားချင်းတို့ ကလေးနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားခဲ့ကြပါသည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ချိုးရွှမ် ဇဝေဇဝါဖြစ်သွားခဲ့ပါသည်။ ထို့နောက် ကျောင်းသားမိဘတစ်ယောက်ကို တိတ်တိတ်လေး မေးလိုက်ပါသည်။
“အစ်မ ခုနက ထွက်သွားတာ ချင်းမိသားစုရဲ့ သခင်မကြီးချင်း မဟုတ်လား။ သူ့ဘေးက အမျိုးသမီးက ဘယ်သူလဲ။ တခြား အမျိုးသမီးတွေက ဘာလို့ သူ့ကို အရမ်းကြောက်နေကြတာလဲ”
ယောက်ျားဖြစ်သူရဲ့ အလုပ်ကိစ္စတွေနဲ့ သမီးဖြစ်သူတို့မှတဆင့် ချင်းမိသားစုအကြောင်း ချိုးရွှမ် အနည်းအကျဉ်း ကြားထားပါသည်။
“ရှင်လာတာ နောက်ကျလို့ ပွဲလွတ်သွားတာလေ။ အဲ့ဒီအမျိုးသမီးကို အစက သခင်မစူလို့ ထင်ထားတာ။ ဒါပေမယ့် သူ့ယောက်ျားရဲ့ မျိုးရိုးနာမည်က စူမဟုတ်ဘူးတဲ့။ သူက ချင်းမိသားစု တတိယသားရဲ့ မိန်းမပဲ။ ဒီနိုင်ငံကို ပြန်မလာတာ နှစ် ၂၀ ကျော်လောက်ရှိပြီ။ တစ်နည်းအားဖြင့် သူတို့နှစ်ယောက်က ယောက္ခမနဲ့ ချွေးမတွေပဲ”
“ဟိုမိန်းမတွေ ကြောက်နေရတာကတော့ အကြောင်းအရင်း ၂ ခုရှိတယ်။ ပထမတစ်ခုက အဲ့ဒီ အမျိုးသမီးက ကြောက်ဖို့ကောင်းလောက်အောင် ချမ်းသာတာ။ ကျွန်မတို့အားလုံး စည်းစိမ်တွေ ပေါင်းစည်းလိုက်ရင်တောင် သူ့ကို မမှီလောက်သေးဘူး။ ဒုတိယတစ်ခုကတော့ အဲ့ဒီအမျိုးသမီးရဲ့ လုပ်ရပ်တွေက နည်းနည်း ရူးသွပ်တယ်။ ဘယ်လောက်ပဲ ရင်းရရင်းရ အကျိုးဆက်တွေလည်း ဘာမှသိပ်စဉ်းစားတတ်တဲ့ပုံ မပေါ်ဘူး”။
ချိုးရွှမ်ကို အားလုံး ရှင်းပြလိုက်သည်။
ချိုးရွှမ် ၂ စက္ကန့်လော်က ကြက်သေသေသွားပါသည်။
လေလံပွဲနေ့က သူမယောက်ျားနဲ့ မြေကွက်ပြိုင်လုခဲ့သူတွေက ချင်းယုဟွိုင်းနဲ့ ဒီအမျိုးသမီးတို့ဖြစ်မှန်း သူမ မှတ်မိပါသည်။
ယခု ထိုအမျိုးသမီးက ချင်းမိသားစုဝင်ဖြစ်သည်ဟု သိလိုက်ရသည်။
ထို့ကြောင့် လေလံပွဲနေ့က ချင်းယုဟွိုင်း ယုံကြည်မှု ပြည့်ဝနေခဲ့တာဖြစ်မည်။ တစ်ဖက်လူက တခြားသူမဟုတ်ဘဲ သူ့ရဲ့ တတိယဒေါ်လေးဖြစ်နေတာကြောင့်ပင်။
ချိုးရွှမ် ဖုန်းအမြန်ထုတ်ကာ သူမယောက်ျားကို မက်ဆေ့တစ်စောင်ပို့လိုက်ပါသည်။
… … …
အခန်း(၉၈၄) ဝမ်းမနည်းပါနဲ့ မေကြီး
ယန်းမင်အာက အဘွားချင်းနဲ့ စူစူလေးကို ချင်းအိမ်တော်ရှေ့ထိ လိုက်ပို့ပေးခဲ့သည်။
“ဒီလောက်ဆို ရပြီ”။ အဘွားချင်းက ပြောလိုက်ပါသည်။
ချင်းမိသားစုအိမ်ထဲ ရောယောင်ဝင်ဖို့ စိတ်ကူးနေသည့် ယန်းမင်အာ၏ အကြံ ချက်ချင်း ကျရှုံးသွားရသည်။
“ဟုတ်ပါပြီ။ အဲ့တာဆို ဒီကပဲစောင့်ကြည့်နေမယ်နော်”။ ယန်းမင်အာက တွန့်ဆုတ်စွာ ပြောလိုက်သည်။
ချင်းအိမ်တော်ထဲ မဝင်နိုင်ရင်တောင် ခြံပြင်က စောင့်ကြည့်ရလျှင် သူမအတွက် လုံလောက်ပါသည်။
“ယွမ်ယွမ်ရဲ့မေမေတို့ အိမ်ရယ်၊ သမီးတို့အိမ်ရယ်၊ ကျောင်းရယ်က နီးနီးလေးလေ”။ စူစူလေး ပြောလိုက်သည်။
အလွန်နီးသဖြင့် မိနစ်ပိုင်းလောက် လမ်းလျှောက်လျှင် တစ်နေရာမှ တစ်နေရာ ရောက်နိုင်ပါသည်။ ယွမ်ယွမ်ရဲ့ မေမေက နှုတ်ဆက်ဖို့ ဘာကြောင့် တွန့်ဆုတ်နေရသလဲ စူစူလေး နားမလည်ပါ။
“ဟုတ်ပါတယ် ဟုတ်ပါတယ်…”
သူတို့ အလွန်နီးစပ်နေကြသော်လည်း ဒီလို မဖြစ်သလောက် အကွာအဝေးလေးကိုတောင် ဖြတ်ကျော်ဖို့ ခက်ခဲနေပါသည်။
အရေးအကြီးဆုံးက အဖေနဲ့ အမေတို့ရဲ့ ခွင့်လွှတ်မှုကို ပြန်လည်တောင်းခံဖို့ဖြစ်သည်။
“သွားကြမယ်”။ အဘွားချင်းက ယန်းမင်အာနဲ့ စကားဆက်မပြောတော့ဘဲ စူစူလေးကို ချီကာ ခြံထဲဝင်သွားသည်။ ထို့နောက် ခြံတံခါးကိုလည်း ချက်ချင်း ပိတ်လိုက်ပါသည်။
ယန်းမင်အာက သူမသား၏ လက်ကို ကိုင်လျက် အဘွားချင်းနဲ့ စူစူလေးတို့ကို ခြံပြင်မှ ရပ်ကြည့်နေသေးသည်။ စူစူလေးတို့ အိမ်ထဲ ဝင်သွားကြမှ သူမ အကြည့်လွှဲလိုက်ပါသည်။
စူယွီယွမ်လေးက အူတူတူ ဖြစ်နေသည်။ သို့သော် သူ့အမေ အနည်းငယ် ဝမ်းနည်းနေတာကိုတော့ ခံစားမိပါသည်။
“မေကြီး”
“ဟင်”
“ဝမ်းမနည်းနဲ့!”
သားဖြစ်သူက မပီကလာ ပီကလာ စကားလုံးလေးများနဲ့ နှစ်သိမ့်ပေးသဖြင့် ယန်းမင်အာ ကြည်နူးသွားပြီး မျက်ရည် ဝဲသွားသည်။ “ကောင်စုတ်လေး မေကြီးကို ဝမ်းမနည်းနဲ့လို့ ပြောရကောင်းမှန်း ဘယ်လိုသိတာလဲ။ တော်တော် လိမ္မာနေတယ်ပေါ့ ဟုတ်လား”။
ပြောပြောဆိုဆိုနဲ့ သူမသားကို ပွေ့ချိလိုက်သည်။
စူယွီယွမ်လေးက သူ့လက်ဖောင်းဖောင်းလေးများနဲ့ ယန်းမင်အာ၏ မျက်နှာကို ပွတ်ပေးလိုက်သည်။
ထို့နောက် သူ့မျက်နှာဖောင်းဖောင်းလေးကို အနားကပ်ကာ ယန်းမင်အာ၏ ပါးကို နမ်းလိုက်ပါသည်။ သို့သော် မျက်ရည်များကြောင့် အနည်းငယ် ငံနေသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားရသည်။
“ငတုံးကောင်လေး”။ သားဖြစ်သူ၏ အပြုအမူကြောင့် ယန်းမင်အာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ပါသည်။
ချင်းယုဟွိုင်းလည်း အိမ်ပြန်ရောက်လာပြီဖြစ်သည်။ ခြံရှေ့သို့ ရောက်လာသောအခါ ယန်းမင်အာနဲ့ စူယွီယွမ်တို့ကို မြင်သွားပါသည်။
ကားရပ်လျက် ပြူတင်းပေါက်မှန် ချလိုက်သည်။
“အထဲမဝင်တော့ဘူးလား”
ချင်းယုဟွိုင်းက ယန်းမင်အာကို လေလံပွဲမှာကတည်းက သိနေပါသည်။
ထို့ကြောင့် ယန်းမင်အာဆီ စာတစ်စောင်ပေးခဲ့ပြီး သူနဲ့အတူတူ မြေကွက်ဈေးကို မြှင့်တင်ဖို့ အကူအညီ တောင်းခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက် သခင်ကြီးစူနဲ့ သခင်မစူ ဆိုသူတွေရဲ့ သရုပ်မှန်ကို သံသယရှိကြောင်း အဘိုးဖြစ်သူကို ချင်းယုဟွိုင်း ပြောခဲ့သည်။
ချင်းယုဟွိုင်းကို မြင်သောအခါ ယန်းမင်အာက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြောလိုက်ပါသည်။
“အမေက ငါ့ကို ခွင့်မလွှတ်သေးဘူး”
“ဖြစ်သင့်ပါတယ်။ ဒေါ်လေးတို့က နှစ်ပေါင်းများစွာ ပျောက်နေတာကိုး”
“အင်း ငါသိပါတယ်”
“ဦးလေးငယ်ကိုလည်း အဘွားကို လာတောင်းပန်ခိုင်းလိုက်ဦး။ ကြိုးထုံးကို ချည်သွားတဲ့လူကပဲ ပြည်ဖြည်ပေးတတ်မှာ”
ချင်းယုဟွိုင်း သတိပေးလိုက်သည်။
“ဒီကိစ္စမှာ ငါ့အပြစ်လည်း ပါပါတယ်။ ငါငယ်ငယ်တုန်းက အမေ ငါ့ကို သမီးအရင်းတစ်ယောက်လို စောင့်ရှောက်ခဲ့တာ။ ငါလည်း နင့်ဦးလေးလိုပဲ ကျေးဇူးကန်းခဲ့မိပါတယ်”။
“အင်း”။ ချင်းယုဟွိုင်း ဘာမှ မပြောတော့ပါ။
သူ့ဦးလေးငယ်နဲ့ ဒေါ်လေးတို့က ငတုံးတွေ မဟုတ်ကြပါ။ သူတို့ဘာလုပ်သင့်သလဲဆိုတာ သူတို့ သိကြပါလိမ့်မည်။
“ကျွန်တော် ဝင်တော့မယ်။ ဒီနှစ် မိသားစုညစာစားပွဲမှာ နှစ်ယောက်စလုံးကို မြင်ချင်တယ်နော်”
ထို့နောက် ခြံထဲသို့ ချင်းယုဟွိုင်း ဆက်မောင်းသွားခဲ့တော့သည်။
--- --- ---
နောက်တစ်နေ့ စူစူလေးက လွယ်အိတ်သေးသေးလေး လွယ်ကာ ဘော်ဒီဂတ်လေးရဲ့ လက်ကို ဘယ်ဘက်က ဆွဲပြီး ချင်းယုဟန်ရဲ့ လက်ကို ညာဘက်က ဆွဲလျက် အိမ်အပြင် ထွက်လာပါသည်။
ခြံရှေ့ကို ရောက်သောအခါ ချင်းယွင်ကျစ်ကို သူမ မြင်လိုက်ရသည်။
သူက အနက်ရောင် Suit တစ်ထည်ဝတ်ဆင်ထားပြီး ချင်းအိမ်တော်နဲ့ ၅ မီတာ အကွာလောက် လမ်းဘေးမှာ ရပ်နေပါသည်။
သူ့မျက်လုံးတွေကလည်း စူစူလေးကိုသာ စိုက်ကြည့်နေသည်။
… … …
အခန်း(၉၈၅) ဦးလေးကလည်း အစ်ကိုကြီးပဲလေ (၁)
ဒီလူက ထန်ထိုက်မင်နဲ့ မပတ်သတ်ဘဲ စူစူလေးကိုလည်း ဒုက္ခပေးဖို့ အစီအစဉ်မရှိကာ စူစူလေး၏ ဦးလေးငယ် ဖြစ်နေမှန်း သိထားတာကြောင့် ဟဲပေမူ မလှုပ်ရှားခဲ့ပါ။
ထိုလူကြီးကို ချင်းယုဟန် သေချာကြည့်လိုက်ပြီး ခေါင်းထဲ သေသေချာချာ ပြန်စဉ်းစားလိုက်သည်။
ဦးလေးငယ်နဲ့ ဒေါ်လေးတို့ ဘယ်လိုပုံစံရှိသလဲဆိုတာ သူတစ်ညလုံး ပြန်စဉ်းစားခဲ့သေးသည်။
လေလံပွဲမှာတုန်းက သူ့အစ်ကိုကြီးနဲ့ အလောင်းအစားလုပ်ထားပါသည်။ သို့သော် ထိုနေ့တုန်းက အမျိုးသမီးက သူ့ဒေါ်လေး ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို မှတ်ဉာဏ်မကောင်းဘူးဟု သူ့အစ်ကိုကြီး ပြောခဲ့တာ မှန်ကန်သွားပါသည်။
မနေ့ညက ညစာစားပွဲဝိုင်းမှာ ပြောခဲ့သည့် စကားတွေကြောင့် ချင်းယုဟန်စိတ်ရှုပ်သွားပါသည်။
သူ့ကို မှတ်ဉာဏ်မကောင်းသူဟု အစ်ကိုကြီး ခေါ်တာနဲ့တင် မလုံလောက်သေးဘဲ ထို ဆန်ကုန်မြေလေး ယုကျီးကပါ ဝင်လှောင်သွားသေးသည်။
ဦးလေးငယ်နဲ့ ဒေါ်လေးတို့ ထွက်သွားကြတုန်းက ချင်းယုဟန် အသက် ၆ နှစ် ၇ နှစ်လောက်သာ ရှိပါသေးသည်။ ထို့ကြောင့် သူတို့မျက်နှာတွေကို မမှတ်မိတာ မထူးဆန်းပါ။
ချင်းယွင်ကျစ်ရှေ့သို့ ချင်းယုဟန် လျှောက်သွားလိုက်ပြီး သေချာ အကဲခတ်လိုက်သည်။ ချင်းယွင်ကျစ်ကလည်း အကဲခတ်ခွင့် ပြုလိုက်ပါသည်။
“ဦးလေးက ကျွန်တော့် ဦးလေးငယ်ဆိုတာ တကယ်ပဲလား”။ ချင်းယွင်ကျစ်ဘေးမှာ တစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် ချင်းယုဟန် မေးလိုက်သည်။
ဒီလူ့ကို တကယ် မမှတ်မိပါ။
“မင်းငယ်ငယ်လေးတုန်းက ငါကိုယ်တိုင် ချီထိန်းပေးခဲ့တာ။ ငှက်ဥတွေ ခိုးဖို့တောင် လိုက်ပို့ပေးခဲ့သေးတယ်”။ ချင်းယွင်ကျစ် ပြန်ဖြေလိုက်သည်။
“မဖြစ်နိုင်တာ! ကျွန်တော့်လို အားကစားညံ့ပြီး သက်လုံလည်း မကောင်းတဲ့လူမျိုးက ငှက်ဥခိုးတယ်တဲ့လား။ ဦးလေး မှားနေပြီထင်တယ်။ အဲ့တာ ယုကျီး မဟုတ်ဘူးလား”
ချင်းယုဟန်က သူ့အခြေအနေသူ နားလည်ပါသည်။
“အဲ့တုန်းက ယုကျီး မွေးတောင် မမွေးသေးဘူး”
“ဪ ဟုတ်သားပဲ။ အဲ့တာကြောင့် မနေ့က ကျွန်တော့်ကို ဒီကောင် လှောင်ပြောင်ခဲ့တာ။ သူသာ မွေးခဲ့ရင် သူလည်း မှတ်မိမှာမဟုတ်တာကို!”
“မင်းငယ်ငယ်တုန်းက အရမ်းဆိုးတယ်။ မင်းခန္ဓာကိုယ်က မကြံ့ခိုင်ပေမယ့် လူဆိုးလုပ်ချင်စိတ်ကတော့ ကြံ့ခိုင်တယ်။ ငှက်ဥခိုးဖို့ သစ်ပင်ပေါ် မင်းကို တင်ပေးခဲ့တာ ငါပဲလေ။ မင်းပြန်မဆင်းတတ်လို့ ဒုက္ခတောင် ရောက်မလို ဖြစ်သွားသေးတယ်”
“အင်း… အဲ့တာတော့ ဖြစ်နိုင်ပါတယ်”။ ချင်းယုဟန်က သူ့စိတ်သူလည်း နားလည်ပါသည်။
သူက ခန္ဓာကိုယ်ကြံ့ခိုင်မှု မရှိသော်လည်း ပြဿနာရှာချင်စိတ်တော့ အပြည့်ရှိခဲ့ပါသည်။
“ပြီးတော့ ငယ်ငယ်တုန်းက မင်းကို ဂါဝန်ဝတ်ပေးပြီး ကျစ်ဆံမြီး ကျစ်ပေးခဲ့သေးတယ်”။ ချင်းယွင်ကျစ် ဆက်ပြောလိုက်သည်။
ချင်းယွင်ကျစ်မျက်နှာက တည််တံ့နေသော်လည်း ချင်းယုဟန်မျက်နှာကတော့ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေပါသည်။
“ဘာ-ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာဂါဝန်လဲ ဘာကျစ်ဆံမြီးလဲ။ ကျွန်တော့် ဦးလေးငယ်လို့တောင် မတည်မပြုရသေးဘူး မဟုတ်တာတွေ မပြောနဲ့နော်!”
ချင်းယုဟန် ရှက်ကိုးရှက်ကန်းဖြစ်ပြောလိုက်သည်။ သူ့ပုံစံကို ကြည့်ရုံနဲ့ ချင်းယွင်ကျစ် ပြောနေတာ အမှန်တရားတွေ ဖြစ်မှန်း သိနိုင်ပါသည်။
ချင်းယွင်ကျစ်၏ စကားကို ကြားကာ ချင်းယုဟန်အာရုံထဲ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပါသည်။ မိန်းကလေးနဲ့ လုံးဝ မတူသော်လည်း မိန်းကလေးလို ဝဝ်ဆင်ထားကာ မှန်ထဲ ကြည့်နေသည့် ပုံရိပ်ဖြစ်ပါသည်။
ပန်းရောင်ဖဲကြိုး ဂါဝန်လေးနဲ့ ကျစ်ဆံမြီးတစ်ဖက်စီ ကျစ်ထားသည်။ သို့သော် ကျစ်ဆံမြီးကျစ်သည့်လူကာ မကျစ်တတ်သဖြင့် တစ်ဖက်တို တစ်ဖက်ရှည်ဖြစ်နေပါသည်။
ငယ်ငယ်လေးတုန်းက ဖြစ်ခဲ့တာ ဖြစ်သော်လည်း ပြန်တွေးကြည့်ရုံနဲ့ ချင်းယုဟန် ကြက်သီးထသွားခဲ့ရသည်။
ယောက်ျားစစ်စစ် တစ်ယောက်ဖြစ်တာကြောင့် အရင်တုန်းက မိန်းကလေးလို ဝတ်ဆင်ဖူးသည့် ရာဇဝင်ကို သူများတွေ သိသွားလို့ မဖြစ်ပါ။
ယုကျီးသာ သိသွားလျှင် တစ်သက်လုံး အလှောင်ပြောင်ခံရလိမ့်မည်။
တခြားဘယ်သူ့ကိုမှလည်း လုံးဝ အသိပေးလို့ မဖြစ်ပါ။
ချင်းယွင်ကျစ်က ချင်းယုဟန်ကို မစတော့ဘဲ စူစူလေးကို ပြန်ကြည့်လိုက်ပါသည်။
သူတို့ အကြည့်ချင်း ဆုံသွားကြသည်။
“ယွမ်ယွမ်ရဲ့ ဖေဖေ ဒီမှာ ဘာလုပ်နေတာလဲ”။ စူစူလေးက မေးလိုက်သည်။
“ဟုတ်တယ် ယွမ်ယွမ်ရဲ့ဖေဖေက ဒီကို ဘာလာလုပ်တာလဲ”။ ချင်းယုဟန်ကလည်း သံယောင်လိုက်ကာ မေးလိုက်ပါသည်။
… … …