← Chapters

အခန်း (၉၈၆-၉၉၀)

Vol. 40 Ch. 986-990

အခန်း (၉၈၆-၉၉၀)

Vol. 40 Ch. 986-990

အခန်း(၉၈၆) ဦးလေးကလည်း အစ်ကိုကြီးပဲလေ (၂)

အဘိုးနဲ့ အဘွားတို့ရဲ့ သဘောထားကို ကြည့်ခြင်းအားဖြင့် ဦးလေးငယ်တို့ လင်မယားကို အိမ်ထဲဝင်ခွင့် မပေးချင်သေးသည့် ပုံစံဖြစ်သည်။

အဘိုးနဲ့ အဘွားတို့ လက်မခံသေးသရွေ့ သူလည်း အာဏာပြလို့ ရပါသည်။

ဦးလေးငယ်ကို မမုန်းတီးသော်လည်း ဂါဝန်ဝတ်ဖူးသည့် သမိုင်းကြောင်းကို ဖော်ထုတ်ခဲ့သဖြင့် ကလဲ့စား ပြန်ချေရမှ ဖြစ်မည်။

“ကျောင်းလိုက်ပို့ဖို့”။ ချင်းယွင်ကျစ်က စူစူလေးကို ကြည့်ကာ ပြန်ဖြေလိုက်ပါသည်။

“မဟုတ်သေးပါဘူး။ ဦးလေးက ယွမ်ယွမ်ရဲ့ဖေဖေလေ။ ယွမ်ယွမ်လေးကို ကျောင်းလိုက်ပို့ရမှာ မဟုတ်ဘူးလား”။ စူစူလေး မေးလိုက်သည်။

“ဟုတ်တယ်! ယွမ်ယွမ်ရဲ့ ဖေဖေက ယွမ်ယွမ်ကိုပဲ ကျောင်းလိုက်ပို့သင့်တာပေါ့။ စူစူလေးမှာ ကျွန်တော်တို့ ရှိပြီးသား!”။ ချင်းယုဟန်က ထောက်ခံသည်။

ထိုသို့ပြောပြီးနောက် သူ့ဦးလေးငယ်ရဲ့ မျက်လုံးထဲက စူးရှမှုကို ချင်းယုဟန် သတိထားမိသည်။

ချင်းယုဟန် ဂုတ်တိုသွားပြီး စိတ်ထဲမှ တွေးလိုက်၏။

ကျွန်တော်တကယ် မရည်ရွယ်ပါဘူး!

ရင်ထဲမှာတော့ ဦးလေးငယ်ကို လေးစားပါတယ်

အဘိုးနဲ့ အဘွားတို့ရဲ့ အမိန့်ကို နာခံနေရုံပါ!

ဦးလေးငယ်က ဘယ်လောက်ပဲ အသက်ကြီးကြီး အဘိုးနဲ့ အဘွားတို့လောက်တော့ အသက်မကြီးသေးဘူးမလား။

“ဦးလေးရဲ့ ညီမလေးမို့လို့လေ”။ ချင်းယွင်ကျစ် ပြန်ဖြေလိုက်သည်။

“ဪ ဟုတ်သားပဲ။ ဦးလေးကလည်း သမီးရဲ့ အစ်ကိုကြီးပဲနော်”

ချင်းယွင်ကျစ် ပြောတာ အဓိပ္ပာယ်ရှိသည်ဟု စူစူလေး ခံစားလိုက်ရပါသည်။

ဖေဖေနဲ့ မေမေတို့က ဒီအစ်ကိုကြီးကို အသိအမှတ် မပြုသေးသော်လည်း အစ်ကိုကြီးတစ်ယောက်က ညီမလေးကို ကျောင်းလိုက်ပို့ပေးတာ ဖြစ်သင့်ပါသည်။

“အင်း စူစူလေးရဲ့ အစ်ကိုကြီးပါ”။ ချင်းယွင်ကျစ် ထပ်ပြောလိုက်သည်။

“အာ့ဆို သွားကြစို့!”

စူစူလေးက အားလုံး အဆင်ပြေသည်ဟု ခံစားမိသည်။ ထို့ကြောင့် ချင်းယုဟန်နဲ့ ဟဲပေမူတို့ရဲ့ လက်ကို တွဲလျက် မူကြိုဆီ လျှောက်သွားခဲ့ပါသည်။

ချင်းယွင်ကျစ်မှာ တွဲစရာလက်မရှိတော့သဖြင့် ဘေးကသာ ကပ်ပြီး လျှောက်လာခဲ့သည်။ မူကြိုရောက်တာတောင် ချက်ချင်း မပြန်သေးဘဲ စူစူလေးကျောင်းထဲဝင်သွားတာကို ငေးကြည့်နေခဲ့သည်။

ယန်းမင်အာလည်း စူယွီယွမ်လေးကို ကျောင်းလာပို့ချိန် ကျောင်းရှေ့မှာ ချင်းယွင်ကျစ်ကို မြင်သွားပါသည်။ အချိန်မှန်မှန် ရောက်နေသည့် ယောက်ျားဖြစ်သူကို မြင်ပြီး ယန်းမင်အာ ပြုံးသွားသည်။

ကလေးတွေ ကျောင်းထဲရောက်တာနဲ့ ယန်းမင်အာက သူမယောက်ျားကို စနောက်လိုက်ပါသည်။ “ကြည့်ရတာ အဆင်မပြေဘူးထင်တယ်”

ချင်းယွင်ကျစ်က အသံနက်နက်ဖြင့် ပြောလိုက်ပါသည်။ “မပြေဘူး”

“ဘယ်လို မပြေတာလဲ။ ရှင့်ညီမလေးကို မဖက်လိုက်ရလို့လား။ လက်မကိုင်လိုက်ရလို့လား”

“မအောင်မြင်ဘူး”

“ဟုတ်လား”။ ယန်းမင်အာ မျက်လုံးများ စူးရှသွားပြီး ချင်းယွင်ကျစ်ကို အနီးကပ်ကြည့်ကာ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ဖို့ ကြိုးစားလိုက်သည်။

အထက်ကျောင်းကတည်းက အတူတူတက်လာကြသူတွေ ဖြစ်သဖြင့် သူ့အကြောင်း မသိဘဲ နေပါ့မလား။

ကျောင်းသားဘဝကတည်းက သူမကို သဘောကျမှန်း သိသာသော်လည်း ဖွင့်ပြောဖို့ ခေါင်းမာနေခဲ့သည်။

သူဝန်မခံသော်လည်း သူမကို တခြားကောင်လေးတွေ ရည်းစာစာလာပေးတိုင်း၊ လက်ဆောင် လာပေးတိုင်း စူပုပ်သွားတတ်သည်။

သူမ ရရှိထားသည့် ရည်းစားစာတွေကို လွှင့်ပစ်ဖို့ နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှာခဲ့သည်။ အစကတော့ သူမကို ရည်းစားစောစော မထားမိအောင် အုပ်ထိန်းသူတစ်ယောက်လို ကာကွယ်ပေးနေတာဟု ထင်ချင်စရာဖြစ်သည်။

တစ်ရက်မှာ တခြားအခန်းက အာ့ချန့်ဆိုသူနဲ့ သူရန်ဖြစ်ခဲ့သည်။ အာ့ချန့် ဆိုးဆိုးရွားရွား အထိုးကြိတ်ခံခဲ့ရပြီး သူမကို လာစွပ်စွဲလေသည်။

သူမမှာ ရည်းစားရှိပြီးသား ဖြစ်သော်လည်း ပွင့်ပွင့်လင်းလင်း မပြောခဲ့သဖြင့် သူဒီလို ထိုးကြိတ်ခံရတာဟု ဆိုသည်။

သူမ အလွန် မှင်သက်သွားခဲ့ရ၏။ သူမ ဘယ်တုန်းက ရည်းစားတစ်ယောက် ရသွားမှန်းတောင် မသိခဲ့ပါ။

အသေးစိတ်မေးကြည့်မှ နှုတ်ခမ်းတင်းတင်းနဲ့ ကောင်လေးတစ်ယောက်က နောက်ကွယ်မှာ သူမကောင်လေးဟု သူများတွေကို လျှောက်ပြောနေမှန်း သိလိုက်ရသည်.

ထို့ကြောင့် သူမ ရယ်လည်း ရယ်ချင် စိတ်လည်းရှုပ်သွားပါသည်။

စိတ်ရှုပ်တာက သူမနဲ့ ရည်းစားတွေဖြစ်နေသည်ဟု ချင်းယွင်ကျစ် သူမကို မတိုင်ပင်ဘဲ လျှောက်ပြောနေခြင်းကြောင့် ဖြစ်သည်။

ရယ်ချင်တာကတော့ ချင်းယွင်ကျစ်ကို သူမ တိတ်တခိုး သဘောကျစရာ မလိုတော့တာကြောင့် ဖြစ်ပါသည်။

ထိုအချိန်တုန်းက သူမအပေါ် အဘွားချင်း အလွန်ကောင်းခဲ့သဖြင့် သူမသားအပေါ် ဒီလိုစိတ်မျိုး ထားတာ မသင့်တော်ဘူးဟု ယန်းမင်အာ ထင်ခဲ့သည်။ ထို့ကြောင့် တိတ်တခိုးသာ သဘောကျခဲ့ရပါသည်။

နှစ်တွေအများကြီး ကြာခဲ့တာတောင် ဒီယောက်ျားက ခံစားချက်အစစ်အမှန်ကို ထုတ်မပြတတ်သေးပေ။

… … …

အခန်း(၉၈၇) ချင်းမိသားစုဆီ ပြန်ဖို့ နည်းလမ်းရှာဖွေခြင်း (၁)

“အိမ်ပြန်ကြမယ်”။ ချင်းယွင်ကျစ်က ယန်းမင်အာ၏ ခါးကို ဖက်လျက် ပြောလိုက်ပါသည်။

ယန်းမင်အာ အပြုံးများတောက်ပသွားပါသည်။

သူမ ယောက်ျားက နေရာတိုင်းမှာ ခေါင်းမာတတ်သော်လည်း နှလုံးသားတော့ ပျော့ပြောင်းပါသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ယန်းမင်အာကို ချင်းယွင်ကျစ် မေးလိုက်သည်။ “မနက်က ယွမ်ယွမ်လေးကို ဘာတွေ ခိုးသင်ပေးနေတာလဲ”

“မပြောပြဘူး!”။ ယန်းမင်အာ ကျီစယ်ပြုံး ပြုံးလိုက်သည်။ “ဒီနေ့ည သိရလိမ့်မယ်”

ယန်းမင်အာ တမင်တကာ ပဟေဠိဆန်အောင် ပြောလိုက်ခြင်းဖြစ်သည်။ ညနေကျရင်တော့ သူအဖြစ်မှန်ကို သိရပါလိမ့်မည်။

“အင်း”။ ချင်းယွင်ကျစ်လည်း ဘာမှ ထပ်မမေးတော့ပါ။

--- --- ---

ညနေခင်း ကျောင်းဆင်းချိန်တွင် စူစူလေး၊ စူယွီယွမ်နဲ့ ချင်းလောင်ယွင်တို့ အတူတူ ထွက်လာကြသည်။

ဟဲပေမူလည်း အနောက်မှ တိုးတိုးတိတ်တိတ် လိုက်ပါလာပါသည်။

မူကြိုကျောင်းရှေ့မှာ ထိုကလေးသုံးယောက်ကို ကြိုဖို့ လူတစ်စု တန်းစီ စောင့်နေကြလေသည်။

ချင်းယုဟန်၊ ချင်းယုကျီး၊ ချင်းယွင်ကျစ်၊ ယန်းမင်အာနဲ့ သူတို့လင်မယား ဘော်ဒီဂတ်တွေလည်း ပါကြသည်။

ချင်းယုဟန်နဲ့ ချင်းယုကျီး ညီအစ်ကိုနှစ်ယောက်ကို မြင်သောအခါ စူစူလေး ခြေလှမ်းကို သုတ်သုတ်လှမ်းလိုက်ပြီး အမြန်လျှောက်လာခဲ့ပါသည်။

“ဖြည်းဖြည်းလာ ချော်လဲဦးမယ်!”။ ချင်းယုဟန် သတိပေးလိုက်သည်။

“တူလိမ္မာလေးနဲ့ တူလေးယုကျီး ခဏစောင့်ဦး။ ယွမ်ယွမ်လေးနဲ့ လောင်ယွင်လေးတို့ပါ အိမ်ကို လိုက်ခဲ့မှာ!”။ စူစူလေးက ပျော်ရွှင်စွာ ပြောပြလိုက်သည်။

“လောင်ယွင်လိုက်ခဲ့မှာတော့ သိပါတယ်။ ဒါပေမယ့် ယွမ်ယွမ်က…”

ဒီနေ့ည ကျန်းဝမ်ဝမ် အလုပ်ရှုပ်နေသဖြင့် အဘွားချင်းကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ချင်းလောင်ယွင်က စူစူလေးနဲ့အတူ ချင်းအိမ်တော်မှာ ခဏလောက်လိုက်နေပြီး ကျန်းဝမ်ဝမ် အလုပ်ပြီးမှ လာကြိုမည် ဖြစ်သည်။

ချင်းယုဟန်က ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ သူ့ကို လာကြိုတာမဟုတ်ဘူးလား”

“ဒါမယ့် ယွမ်ယွမ်က ဒေါ်လေးတို့နဲ့အတူတူ အိမ်စာလုပ်ချင်လို့တဲ့!”။ စူစူလေးရှင်းပြလိုက်သည်။

“အွန်းအွန်း! အိမ်စာတူတူလုပ်မယ်!”။ စူယွီယွမ်လေးကလည်း အမြန်ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။

ချင်းလောင်ယွင်လည်း ဝင်ပြောလိုက်ပါသည်။ “ယွမ်ယွမ်က သူမလုပ်တတ်တဲ့ အိမ်စာတွေရှိလို့ သမီးတို့နဲ့ အတူတူလုပ်ချင်လို့တဲ့”

ထိုအကြောင်းပြချက်က ခိုင်လုံပါသည်။

ထို့အပြင် စူယွီယွမ်လေး အိမ်ကို အချိန်မရွေး လာနိုင်သည်ဟု အဘိုးချင်းနဲ့ အဘွားချင်းတို့ကလည်း ပြောထားပြီးသား ဖြစ်သည်။

ချင်းယုဟန် ပြန်ပြောလိုက်သည်။ “အဲ့တာဆို ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ကို ခွင့်တောင်းလိုက်ဦးမလေ”

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို ချင်းယုဟန် ခွင့်တောင်းဖို့ ပြင်လိုက်သည်။

ယန်းမင်အာက အရင်ဦးအောင် ပြောလိုက်ပါသည်။ “ယွမ်ယွမ်လေး လိုက်သွားတာ ကောင်းပါတယ်။ ဒါပေမယ့် ယွမ်ယွမ်လေးကို တစ်ယောက်တည်းလွှတ်ဖို့ ဒေါ်လေးတို့က စိတ်မချဘူးဖြစ်နေတယ်။ သူက ငယ်ငယ်လေးပဲ ရှိသေးတာလေ။ ဒီလိုလုပ်ပါလား။ ဒေါ်လေးတို့ တစ်မိသားစုလုံးလိုက်ခဲ့မယ်လေ”

ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ ဆွံ့အသွားခဲ့ကြသည်။

သူတို့ ဦးလေးငယ်နဲ့ ဒေါ်လေးတို့ ဖြစ်နေတာကြောင့်သာ မဟုတ်လျှင် တော်တော်အရှက်မရှိပါလားဟု ပြောမိမှာ သေချာသည်။

ချင်းယုဟန် ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ “ဦးလေး- အဲလေ ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့… အဲ့ဒီကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အိမ်ကို လာလည်ချင်ရင် အဘိုးနဲ့ အဘွားတို့ရဲ့ ခွင့်ပြုချက်ကို တောင်းမှ ရမှာ။ ဒီလိုလုပ်လေ။ ယွမ်ယွမ်နဲ့အတူတူ လိုက်ခဲ့ကြ။ ခြံရှေ့ရောက်ရင် အဘိုးနဲ့ အဘွားတို့ကို ခွင့်ပြုချက် တောင်းလိုက်မယ်”

“ရတယ် ရတယ်”။ ယန်းမင်အာ အမြန်ခေါင်းငြိမ့်လိုက်ပါသည်။

ဒီလိုနဲ့ သူတို့အုပ်စု ချင်းအိမ်တော်သို့ လျှောက်လာခဲ့ကြသည်။

လမ်းမှာ ချင်းယုဟန်က ချင်းယွင်ကျစ်ဘေးသို့ ကပ်သွားပြီး တီးတိုး မေးလိုက်သည်။ “ဦးလေးငယ် ကျွန်တော် အကူအညီ ဖြစ်တယ်မလား”

“အင်း”။ ချင်းယွင်ကျစ်လည်း တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။

“အဲ့တာဆို တစ်ခုလောက် ပြောလို့ရမလား ဦးလေးငယ်”။ ချင်းယုဟန် ဆက်မေးလိုက်သည်။

… … …

အခန်း(၉၈၈) ချင်းမိသားစုဆီ ပြန်ဖို့ နည်းလမ်းရှာဖွေခြင်း ၂)

“ငါဘာမှ မပြောဘူး။ အထူးသဖြင့် မင်းညီရှေ့မှာ မပြောဘူး”။ ချင်းယုဟန်ရဲ့ တောင်းဆိုချက်ကို ချင်းယွင်ကျစ် ခန့်မှန်းလိုက်ပါသည်။

“ဦးလေးငယ်က ဉာဏ်ကောင်းလိုက်တာ! အဘိုးနဲ့ အဘွားတို့ကို ဦးလေးငယ်အတွက် ကျွန်တော် ကူပြောပေးမယ်နော်!”။ ချင်းယုဟန် ကျေနပ်သွားပါသည်။

“အင်း”။ ချင်းယွင်ကျစ်ကလည်း သူ့တူရဲ့ စကားကို ကျေနပ်သွားခဲ့ပါသည်။

အစ်ကိုလတ်နဲ့ ဦးလေးငယ်တို့ တီးတိုးစကားပြောနေကြတာကိုမြင်ပြီး ချင်းယုကျီးက နားစွင့်ကာ ခိုးနားထောင်ဖို့ ကြိုးစားသည်။

သို့သော် သူဘာမှ မကြားနိုင်ခင် သူတို့နှစ်ယောက်က ပြန်ခွာလိုက်ကြပါသည်။

ဒီအပြုအမူကြောင့် ချင်းယုကျီး သံသယ ပိုကြီးမားသွားခဲ့သည်။

အစ်ကိုလတ်နားကပ်ကာ သူမေးလိုက်၏။ “အစ်ကိုလတ် မင်းသစ္စာဖောက်ဖြစ်သွားပြီလာား”

“ဘာကို သစ္စာဖောက်တာလဲကွ”။ ချင်းယုဟန် ရူးချင်ယောင် ဆောင်လိုက်ပါသည်။

“ဟန်ဆောင်မနေစမ်းပါနဲ့။ မနေ့ညက ညစာစားပွဲမှာ အဘိုးနဲ့ အဘွားဘာတွေ ပြောခဲ့လဲ မေ့သွားပြီလား”။ ချင်းယုကျီး သတိပေးလိုက်သည်။

“မမေ့ပါဘူးဟ ငါသာ မေ့သွားရင် ဦးလေး- အဲလေ ယွမ်ယွမ်ရဲ့ ဖေဖေကို အခုလို စကားပြောနေပါ့မလား။ ဒီတိုင်း အိမ်ကို လာခွင့်ပေးလိုက်မှာ မဟုတ်ဘူးလား”။ ချင်းယုဟန် ပြန်ပြောလိုက်သည်။

“အဲ့တာဆို ခုနက မင်းနဲ့ ဦးလေး- အဲလေ ယွမ်ယွမ်ရဲ့ဖေဖေတို့ ဘာတွေ ခိုးပြောနေကြတာလဲ”။ ချင်းယုကျီးလည်း ဦးလေးငယ်ဟု လွှတ်ခနဲ ခေါ်မိမလိုဖြစ်သွားသည်။

“ဘာမှမပြောပါဘူး။ အဘိုးနဲ့ အဘွားတို့ ဒေါသမထွက်အောင် စကားကို ထိန်းထိန်းသိမ်းသိမ်းပြောဖို့ မှာနေတာ”။ ချင်းယုဟန် ဆင်ခြေအမြန် ပေးလိုက်ပါသည်။

မကြာမီ ချင်းအိမ်တော် ခြံရှေ့ကို သူတို့ရောက်ရှိသွားသည်။ ခြံတံခါးကို ဖွင့်ပြီးနောက် စူစူလေးက ဦးဆောင် ဝင်သွားပြီး ချင်းလောင်ယွင်နဲ့ စူယွီယွမ်တို့လည်း အနောက်က လိုက်ဝင်သွားကြပါသည်။

ချင်းယုဟန်နဲ့ ချင်းယုကျီးတို့က ခြံအပေါက်ဝမှာ မတ်တပ်ရပ်နေကြပြီး ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို ပိတ်ကာ ထားကြပါသည်။

“ခဏလေးစောင့်”။ ချင်းယုဟန်က ဝင်ပေါက်ရှိ စကားပြောစက်ဆီ လျှောက်သွားကာ ဘဲလ်တီးလိုက်ပြီး အဘွားချင်းကို ခေါ်ပေးဖို့ အိမ်စေတွေကို အကြောင်းကြားလိုက်ပါသည်။

စကားပြောစက် ဖန်သားပြင်ပေါ်မှာ အဘွားချင်း ပေါ်လာသောအခါ ချင်းယုဟန် ရှင်းပြလိုက်သည်။

“အဘွား ယွမ်ယွမ်လေးက ငယ်ငယ်လေးပဲရှိသေးတော့ သူ့အဖေ အမေတို့နဲ့ ခွဲထားရင် အရမ်း စိတ်မကောင်း ဖြစ်သွားလိမ့်မယ်… ပြီးတော့ ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့လည်း ခြံရှေ့တောင် ရောက်နေကြပြီ ဆိုတော့လေ…”

“ပြီးတော့ ဒီနေ့ ဒေါ်လေးစူစူကလညး် အရမ်းပျော်နေတာ! ယွမ်ယွမ်လေးနဲ့ လောင်ယွင်လေးတို့လည်း မဲလုံးကြီး၊ ဟူကျစ်တို့နဲ့ ကစားဖို့အတွက် ခြံထဲဝင်သွားကြပြီ”

ချင်းယုဟန်က စကားတည်ပါသည်။ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့အတွက် ကူညီ တောင်းဆိုပေးလိုက်သည်။

“အေးပါ အေးပါ။ အကုန်ဝင်ခဲ့ကြ။ ခြံရှေ့မှာ စုပြုံပြီး ရပ်နေကြတာ လူမြင်မကောင်းဘူး”။ အဘွားချင်းက စိတ်မရှည် လက်မရှည်ပြောလိုက်သည်။ “အဲ့ အနက်ရောင်နဲ့ ဘော်ဒီဂတ်တွေကိုတော့ ခေါ်မလာနဲ့နော်။ အိမ်က အဲ့လောက် မကျယ်ဘူး!’

“ဟုတ်ကဲ့!”

ချင်းယွင်ကျစ်တို့ လင်မယားကို ချင်းယုဟန် လှည့်ပြောဖို့ ကြံလိုက်စဉ် လင်မယားနှစ်ယောက်က ဘော်ဒီဂတ်တွေ အကုန်လုံးကို ပြန်လွှတ်လိုက်ကြပါပြီ။

တစ်စက္ကန့်လောက် နောက်ကျသွားတာနဲ့ ချင်းအိမ်တော်ထဲ ဝင်ခွင့်မရမှာကို စိတ်ပူနေကြသည်။

ချင်းယုကျီးကတော့ မျက်မှောင် ပိုကြုတ်သွားခဲ့သည်။

သူ့အစ်ကိုလတ်က တစ်ခုခုတော့ တစ်ခုခုပဲ!

အိမ်ထဲရောက်သောအခါ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို ချင်းယုဟန်က လက်ဘက်ရည်ခန်းထဲသို့ ခေါ်သွားခဲ့ပါသည်။

လက်ဘက်ရည်ခန်းထဲမှာ အဘွားချင်း တစ်ယောက်တည်းသာ ရှိသည်။ သူမရှေ့က ကော်ဖီ စားပွဲပေါ်မှာလည်း စာရွက်စာတမ်းတွေ အပုံလိုက် တင်ထားပါသည်။

စာဖတ်မျက်မှန် တစ်လက်လည်း တင်ထားသည်။

အဘွားချင်းက ထိုစာရွက်စာတမ်းတွေ အကုန်လုံးကို ဖတ်ရှုနေပြီး အလုပ်များနေမှန်း သိသာပါသည်။

“အမေ”။ ယန်းမင်အာက မျက်နှာလိုမျက်နှာရ လေသံဖြင့် ချွဲကာ အရင်ခေါ်လိုက်ပါသည်။

အဘွားချင်း ပြန်မထူးပေ။ သို့သော် သူမအကြည့်က ချင်းယွင်ကျစ်ဆီမှာ ရှိနေပါသည်။

ချင်းယွင်ကျစ်ကတော့ နှုတ်ခမ်းများ စည်းတင်းထားပြီး ဘာသံမှ မထွက်သေးပါ။

“ဧည့်သည်တွေ ရောက်နေတယ်။ သူတို့အတွက် လက်ဘက်ရည် ၂ ခွက်လောက် ဖျော်ပေးဖို့ မီးဖိုဆောင်ကို သွားပြောလိုက်စမ်း ယုဟန်”။ အဘွားချင်းက အမိန့်ပေးလိုက်ပါသည်။

… … …

အခန်း(၉၈၉) အနှိမ်ခံရတဲ့ အစ်ကိုငယ်နဲ့ ယောက်မ (၁)

ချင်းယွင်ကျစ်အတွက် ကူပြောပေးမည်ဟု ချင်းယုဟန် သဘောတူထားသော်လည်း ဒီအချိန်မှာတော့ ဘာမှ မစဉ်းစားဘဲ ဝင်မပြောရဲပါ။ အဘွား၏ အမိန့်ကိုကြားသောအခါ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့အတွက် လက်ဘက်ရည် ဖျော်ပေးဖို့ အိမ်စေတွေကိုသာ ချင်းယုဟန် သွားပြောရတော့သည်။

အိမ်စေတွေ တည်ခင်းပေးသော လက်ဘက်ရည်ကိုကြည့်ရင်း ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ အကြာကြီး တွန့်ဆုတ်သွားခဲ့ကြသည်။

အချိန်အတော်ကြာမှ အဘွားချင်း၏ စောင့်ကြည့်မှုအောက်မှာ လင်မယားနှစ်ယောက် လက်ဘက်ရည် တစ်ငုံလောက် သောက်လိုက်ပါသည်။

ဒီလက်ဘက်ရည်ကို ဘာတွေနဲ့ ဖျော်ထားသလဲ မသိသော်လည်း အလွန်ပြင်းပြီး ခါးသက်လွန်းသည်။ တစ်ငုံလောက် သောက်မိတာနဲ့ နှစ်ယောက်စလုံး မျက်နှာ ရှုံ့မဲ့သွားကြပါသည်။

သူတို့ သောက်နေတာ လက်ဘက်ရည်မှ မဟုတ်ပဲ! ခါးသီးမှုတွေ အငြှိုးတရားတွေ!

သို့သော်လည်း ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ သတ္တိမွေးကာ လက်ဘက်ရည်ကို ကုန်အောင် သောက်လိုက်ပါသည်။

လက်ဘက်ရည် ကုန်အောင် သောက်ပြီးနောက် ယောက္ခမနဲ့ ယောက်ျားဖြစ်သူတို့ကို ယန်းမင်အာ ကြည့်လိုက်ပြီး အကြံတစ်ခု ပေါ်လာခဲ့သည်။ သူမရဲ့ လက်ဘက်ရည် ခွက်အလွတ်ကို ကိုင်ကာ အဘွားချင်းဘေးမှာ သွားထိုင်လိုက်ပါသည်။

“အမေ ခြံပြင်ကို ကြည့်ပါဦး။ ယွမ်ယွမ်လေးနဲ့ စူစူလေးတို့ အတူတူ ကစားပြီး ပျော်နေလိုက်ကြတာ!”

လက်ဘက်ရည်ခန်းထဲက ပြူတင်းပေါက်မှတဆင့် ခြံပြင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။

ခြံထဲမှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေကြသည်။ ကလေးတွေရဲ့ ချစ်စရာကောင်းသော အသွင်အပြင်လေးများက အားလုံးရဲ့ ရင်ကို နွေးထွေးသွားစေပါသည်။

ခဏလောက် စောင့်ကြည့်ပြီးနောက် အဘွားချင်း ရုတ်တရက် ပြောလိုက်သည်။ “ယွမ်ယွမ်က သူ့အဖေနဲ့ ဘာမှ မတူဘူးနော်။ သူ့အဖေ ငယ်ငယ်တုန်းက မျောက်လို ခုန်ပေါက်နေတာ”

ဒါကိုကြားတော့ ချင်းယွင်ကျင် တစ်ကိုယ်လုံး တုန်လှုပ်သွားပါသည်။

“အမေ”

နှစ် ၂၀ ကျော်ကြာမှ အသံတိုးတိုးနက်နက်နဲ့ ‘အမေ’ဟု ချင်းယွင်ကျစ် ပြန်ခေါ်လိုက်သည်။

အဘွားချင်းက သူ့ကို လှည့်ကြည့်လိုက်ပါသည်။ “နင့်မှာ အမေရှိသေးမှန်း မမေ့သေးဘူးပေါ့”

ချင်းယွင်ကျစ် မလှုပ်မယှက် မတ်တပ်ရပ်နေပါသည်။ အဘွားချင်း၏ မေးခွန်းကိုလည်း ဘာမှ ပြန်မချေပခဲ့ဘဲ အဆုံးမ ခံရမှာကိုသာ စောင့်နေပါသည်။

ယန်းမင်အာက သူမယောက်ျားကို ကူရှင်းပြပေးဖို့ ကြိုးစားလိုက်သည်။ “အမေ့ကို ယွင်ကျစ်က သတိရပါတယ်! တကယ်ပြောတာ!”

“ငါ့ကိုသတိရပေမယ့် နှစ် ၂၀ ကျော်လောက်ကြာမှ သူ့မျက်နှာကို ပြန်မြင်ရတာက ဘာသဘောလဲ!”

သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ကြောင့် ချုပ်တည်းထားသည့် အဘွားချင်းဒေါသတွေ ပွင့်ထွက်လာပါသည်။

အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားကြသည်။

သူတို့အဘွား ဒီလောက် ဒေါသထွက်ပြီး ကျယ်ကျယ်လောင်လောင် စကားပြောတာမျိုးကို ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ ညီအစ်ကိုတွေ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။

သူတို့ သိထားသည့် အဘွားချင်းက အမြဲတမ်း တည်ငြိမ်အေးဆေးပြီး ဒီလိုမျိုး ဒေါသထွက်တာ ရှားပါသည်။

ယန်းမင်အာ ထပ်ရှင်းပြချင်သော်လည်း ယောက်ျားဖြစ်သူ၏ အကြည့်ကြောင့် စကားလုံးတွေကို မျိုသိပ်ထားလိုက်ရသည်။

တချို့ကိစ္စတွေကို ဖွင့်ပြောလို့မရပါ။ ယခင်တုန်းက ပြောနိုင်ခဲ့သော်လည်း နှစ် ၂၀ ကျော်ကြာနေပြီဖြစ်သဖြင့် ပြောဖို့ ခဲယဉ်းသွားပါပြီ။

အခန်းထဲ ပုံမှန်မဟုတ်အောင် တိတ်ဆိတ်သွားခဲ့ပြီး အခြေအနေတွေ တင်းမာလာသည်။

“မေမေ!”

ရုတ်တရက် အသံစူးစူးလေးတစ်သံကြောင့် တိတ်ဆိတ်မှုများ ပျောက်ကွယ်သွားသည်။

စူစူလေးနဲ့ တခြားကလေးတွေ ဝင်လာခြင်း ဖြစ်ပါသည်။

အခန်းထဲက လူတွေအားလုံး မျက်နှာပျက်နေကြတာကို မြင်ပြီး စူစူလေး မေးလိုက်ပါသည်။ “ဘာတွေ လုပ်နေကြတာလဲ”

“ဘာမှ မလုပ်ပါဘူး! မေမေတို့ အလုပ်ကိစ္စပြောနေတာ”။ အဘွားချင်းက အမြန်ပြုံးလိုက်ပြီး စူစူလေးကို ရှင်းပြလိုက်ပါသည်။

“ဪ သမီး ကူညီပေးရမလား မေမေ”

“ရပါတယ် ရပါတယ်။ မေမေတို့ဖာသာ လုပ်လိုက်မယ်နော်”။ အဘွားချင်းက အမြန်ပြန်ပြောလိုက်သည်။

“ဒါမယ့် ဖေဖေနဲ့ မေမေတို့ကို မပင်ပန်းစေချင်ဘူးလေ”

“သမီးလေး အရွယ်ရောက်လာမှ ဖေဖေနဲ့ မေမေတို့ကို ကူညီပေးရမယ်လို့ သဘောတူထားပြီးသား မဟုတ်ဘူးလား။ အခု သမီးလေးရဲ့ တာဝန်က ပျော်ပျော်နေပြီး စာကြိုးစားဖို့ပဲ ဟုတ်ပြီလား”။ အဘွားချင်းချော့ ပြောလိုက်ပါသည်။

“အွန်းပါ…”။ စူစူလေး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ခေတ္တစဉ်းစားပြီးနောက် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို စူစူလေး လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အဲ့တာဆို ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ကို ကူညီခိုင်းလိုက်လေ။ သူတို့က တော်မယ့်ပုံပဲ အာ့ကြောင့် အလုပ်တွေ အများကြီး လုပ်နိုင်မယ်ထင်တယ်”

စူစူလေး၏ စကားကြောင့် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

… … …

အခန်း(၉၉၀) အနှိမ်ခံရတဲ့ အစ်ကိုငယ်နဲ့ ယောက်မ (၂)

အထူးသဖြင့် ယန်းမင်အာက ပိုအံ့အားသင့်နေပါသည်။ သူမရဲ့ ယောက်မလေးက သူမတို့ဘက်မှ ကူပြောပေးလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။

ချစ်စရာကောင်းတဲ့ စူစူလေးကတော့ တကယ် အတော်ဆုံးပဲ!!

ချင်းယုဟန်နဲ့ ချင်းယုကျီးလည်း စူစူလေးဒီလို ပြောလိမ့်မည်ဟု ထင်မထားကြပေ။ ချင်းယုဟန်က စိတ်ထဲမှ တွေးလိုက်သည်။

ဒေါ်လေးစူစူ မစဉ်းစားဘဲ ပြောလိုက်တဲ့ စကားလုံးတွေက ဦးလေးငယ်တို့ လင်မယားအတွက်တော့ ထီပေါက်သလို ဖြစ်နေမှာပဲ!

အဘွားချင်းလည်း အံ့ဩနေပါသည်။

သမီးဖြစ်သူရဲ့ အပြစ်ကင်းစင်နေသော မျက်လုံးလေးများကို ကြည့်ရင်း အဘွားချင်း ဘယ်လိုရှင်းပြရမလဲမသိ ဖြစ်နေပါသည်။

သို့သော် စူစူလေးရဲ့ မျက်လုံးထဲမှာတော့ ဉာဏ်နီဉာဏ်နက်များမှုတချို့ ရှိနေသည်။ သူမ တမင်တကာ ပြောခဲ့တာ ဖြစ်ပါသည်။

အစ်ကိုကြီးကို သူမ ခိုးမေးဖူးသည်။ အစက အစ်ကိုကြီး မပြောပြသော်လည်း သကြားလုံး ၂ လုံးနဲ့ လာဘ်ထိုးနိုင်ခဲ့သည်။

ထို့နောက် အစ်ကိုကြီးက တစ်ခုကျန် အကုန်ပြောပြခဲ့ပါသည်။ ဖေဖေ၊ မေမေ၊ အစ်ကိုငယ်နဲ့ ယောက်မတို့ ရန်ဖြစ်ဖူးတာကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားမပြောနိုင်ဖြစ်နေကြတာဟု ဆိုသည်။

အစ်ကိုငယ်နဲ့ ယောက်မတို့က မကောင်းတာတစ်ခုခု လုပ်ခဲ့တာကြောင့်လားဟု စူစူလေး‌ မေးခဲ့သော်လည်း အစ်ကိုကြီးက ခေါင်းခါခဲ့ပါသည်။

အပြစ်ကြီးကြီးမားမား လုပ်မထားရင် နည်းနည်းတော့ ခွင့်လွှတ်ပေးရမှာပေါ့!

အားလုံးက ချင်းမိသားစုဝင်တွေပဲဥစ္စာ! အခွင့်အရေးတစ်ခါလောက် ထပ်ပေးသင့်တာပေါ့!

အမှန်ပင်။ ဖေဖေနဲ့ မေမေတို့ရဲ့ အလုပ်တွေကို ကူညီပေးရာ ကျတာကြောင့်လည်း ပါပါသည်။ ထို့ကြောင့် စူစူလေး ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။

ယန်းမင်အာလည်း စူစူလေး ဖောက်ပေးလိုက်သည့် လမ်းကို လိုက်ကာ အဘွားချင်းအား ပြောလိုက်ပါသည်။ “ဟုတ်ပါတယ် အမေ! သမီးတို့ကို ကူညီခွင့်ပေးပါ! သမီးတို့ အမေ့စကား နားထောင်ပါ့မယ်။ ခိုင်းချင်တာ ခိုင်းပါ!”

ယန်းမင်အာက အဘွားချင်းကို မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။

သူမ နောက်မှာ ချင်းယွင်ကျစ်က မျက်နှာ သိပ်မပြောင်းလဲသော်လည်း အဘွားချင်းကို စိုက်ကြည့်နေပါသည်။

ယန်းမင်အာ၏ စကားကို မကြားချင်ယောင် ဆောင်ပြီး အဘွားချင်း စူစူလေးကို ငုံ့ကြည့်ကာ မေးလိုက်ပါသည်။ “သမီးလေး ညစာစားချိန် မရောက်သေးဘူးလေ။ ဘာလို့ အိမ်ထဲဝင်လာကြတာလဲ။ မကစားချင်တော့ဘူးလား”။

အဘွားချင်း စကားလမ်းကြောင်း လွှဲလိုက်ခြင်းဖြစ်သည်။

“အွန်း ယွမ်ယွမ်က ဗိုက်ဆာနေပြီတဲ့”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

မဲလုံးကြီးနဲ့ နှစ်ပတ်လောက် ပြေးဆော့ပြီးနောက် ယွမ်ယွမ်လေး ခြေကုန်လက်ပမ်းကျသွားသည်။

ယွမ်ယွမ်လေး ဒီလောက်ပျော့ညံ့တာကို စူစူလေး သဘောမကျသော်လည်း သူမတူလေး ဖြစ်နေသဖြင့် သူ့ကို ကာကွယ် စောင့်ရှောက်ပေးရပါမည်။ သူမတူလေးကို အငတ်ထားလို့ မဖြစ်ပါ။ ထို့ကြောင့် သူဗိုက်ဆာသည်ဟု ဆိုတာနဲ့ အိမ်ထဲ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

“ယွမ်ယွမ်လေး စားဖို့ တစ်ခုခု စီစဉ်ပေးလိုက်ပါဦး”။ အဘွားချင်းက အိမ်စေတစ်ယောက်ကို အမြန် ညွှန်ကြားလိုက်ပါသည်။

ထို့နောက် အဘွားချင်းက စူယွီယွမ်လေးကို လှမ်းခေါ်လိုက်သည်။

စူယွီယွမ်လေး၏ ခေါင်းကို ပွတ်ပေးရင်း အဘွားချင်း ပြောလိုက်၏။ “ယွမ်ယွမ်လေး အစာပြေပဲ စားထားဦးနော်။ အစ်ကိုကြီး ယုချဲပြန်လာတဲ့အခါကျမှ အပြင်မှာ ဝယ်စားလို့တောင် မရတဲ့ အရသာရှိတဲ့ အစားအသောက်တွေ လုပ်ပေးလိမ့်မယ် ကြားလား”

စူယွီယွမ်လေးလည်း ခေါင်းအမြန် ငြိမ့်လိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ အစာပြေမုန့်များ ရောက်ရှိလာသည်။ ပမာဏက နည်းပါးသော်လည်း ကလေးတစ်ယောက် အစာပြေစားဖို့အတွက်တော့ လုံလောက်ပါသည်။

လူကြီးဖြစ်နေပြီဟုဆိုကာ အချိုမုန့်တွေ မစားဖို့ ငြင်းဆန်နေသော ဟွော်ထျင်းမှအပ ကျန် ကလေး ၃ ယောက်စလုံး မုန့် နှစ်ခုစီ စားလိုက်ကြသည်။ ဟူကျစ်တောင် မုန့်တစ်ခု စားရပါသည်။

မုန့်စားနေရသောအခါ အစ်ကိုငယ်နဲ့ ယောက်မတို့ကို ကူညီပေးဖို့ စူစူလေး မေ့လျော့သွားခဲ့ပါသည်။

ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ လင်မယားကတော့ ဘေးမှာ ရှိမနေသလို ဖယ်ကျဉ်ခံထားရလေသည်။

ညစာစားချိန်ရောက်မှ သူတို့အုပ်စု ညစာစားခန်းထဲ ဝင်သွားကြပါသည်.

အဘိုးချင်းလည်း အပေါ်ထပ်မှ ဆင်းလာပြီဖြစ်သည်။

ရင်းနှီးနေသော ခြေသံတွေကို ကြားသောအခါ ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ လှေကားကို လှမ်းကြည့်လိုက်ကြပါသည်။

အဘိုးချင်းနဲ့ အကြည့်ချင်းဆုံတာနဲ့တစ်ပြိုင်နက် ချင်းယွင်ကျစ် မျက်လုံးများ အေးခဲသွားသည်။

အင်္ကျီအိတ်ကပ်ထဲ ထည့်ထားသည့် ချင်းယွင်ကျစ်၏ လက်တွေလည်း ရင်ထဲက ခံစားချက်နဲ့ အညီ တုန်ယင်သွားခဲ့ပါသည်။

… … …

All Chapters