အခန်း (၉၉၁-၉၉၅)
Vol. 40 Ch. 991-995
အခန်း(၉၉၁) အနှိမ်ခံရတဲ့ အစ်ကိုငယ်နဲ့ ယောက်မ (၃)
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို မြင်သော်လည်း အဘိုးချင်း ဘာမှ မပြောဘဲ အကြည့်ကို အမြန်လွှဲကာ စူစူလေးဆီ လျှောက်လာပြီး ပွေ့ချီလိုက်ကာ အာဘွားပေးလိုက်ပါသည်။
“သမီးလေး ကျောင်းမှာ လိမ်လိမ်မာမာ နေခဲ့ရဲ့လား”
“လိမ်လိမ်မာမာ နေပါတယ်ဆို! ဖေဖေက ဘာလို့ မယုံသင်္ကာထပ်ဖြစ်နေတာလဲ”။ စူစူလေး မကျေမနပ် ပြောလိုက်ပါသည်။
“ယုံပါတယ် ယုံပါတယ်! ကျောင်းမှာ သမီးလေး စိတ်ညစ်စရာ ကြုံခဲ့ရမှာ စိတ်ပူလို့ပါ”
“ဘာမှ စိတ်မညစ်ပါဘူး!”
သူမကို စိတ်ညစ်အောင် လုပ်နိုင်သည့်လူတွေအကုန်လုံးကို အနိုင်ယူပြီးသွားပြီဖြစ်သည်။
“ဟုတ်ပြီ ဟုတ်ပြီ”။ သူ့သမီးလေး ပျော်ရင် ပြီးတာပါပဲ!
ထို့နောက် စူယွီယွမ်လေးဘက်သို့လှည့်ကာ အဘိုးချင်း ပြောလိုက်သည်။ “ယွမ်ယွမ်လေး ဘိုးဘိုးကို ချီခွင့် ပေးပါဦး။ ယွမ်ယွမ်လေးရဲ့ ဒေါ်လေးကို လက်တစ်ဖက်နဲ့ချီပြီး တခြားလက်တစ်ဖက်နဲ့ ယွမ်ယွမ်လေးကို ချီမယ်လေ”
ထို့နောက် စူယွီယွမ်လေးကို အဘိုးချင်း ပွေ့ချီဖို့ ပြင်လိုက်သည်။
အဘိုးချင်းက သူ့ကိုယ်သူ ကျန်းမာကြံ့ခိုင်သူဟု ခံယူထားပြီးသား ဖြစ်ပါသည်။ ကလေးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ချီတာ ပြဿနာမရှိနိုင်ဘူးဟု ထင်ထားသော်လည်း ညစာစားပွဲဝိုင်းက လူငယ်တွေအားလုံး ထိတ်လန့်သွားကြသည်။
စူယွီယွမ်လေးကို ချီခါနီးဆဲဆဲအချိန်မှာ ဝှစ်ခနဲ လေတိုက်သွားခဲ့သည်။
အောက်ကို ထပ်ငုံ့ကြည့်လိုက်တော့ သူ့မြေးလေး ယွမ်ယွမ် မရှိတော့ပါ။ စူယွီယွမ်လေးက သူ့အဖေ ချင်းယွင်ကျစ် လက်ထဲ ရောက်နေပါပြီ။
“ဟင်း!” အဘိုးချင်းက မကျေမနပ် မျက်စောင်းထိုးလိုက်ပါသည်။ သူ့မြေးဖြစ်သူကို မချီရသဖြင့် မကျေမနပ် ဖြစ်နေမှန်း သိသာသည်။
ယန်းမင်အာက အမြန်ရှင်းပြလိုက်ပါသည်။ “ယွင်ကျစ်က အဖေ့ကို မချီခိုင်းချင်လို့ မဟုတ်ပါဘူး။ ကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း ချီတော့ အဖေ ပင်ပန်းသွားမှာစိုးလို့ပါ”
မိန်းမဖြစ်သူပြောတာကို သက်သေပြဖို့အတွက် ချင်းယွင်ကျစ်ကလည်း စူယွီယွမ်လေးကို ကြမ်းပြင်ပေါ် ပြန်ချပေးလိုက်ပါသည်။
စူယွီယွမ်လေးကတော့ ဘာမှ နားမလည်ဘဲ ဟိုကြည့်ဒီကြည့် ကြည့်နေပါသည်။
“ဟင်း!”။ အဘိုးချင်း မျက်စောင်းထပ်ထိုးလိုက်ပြီး စူစူလေးကို ချီကာ ညစာစားပွဲဆီ လျှောာက်သွားခဲ့ပါသည်။
စားပွဲပေါ်က ဟင်းလျာတွေကို ကြည့်ကာ အဘိုးချင်း မျက်မှောင်ကြုတ်သွားပြီး အိမ်စေတွေကို လှည့်မေးလိုက်ပါသည်။ “ဒီနေ့ ဘာလို့ ပင်လယ်စာတွေ အရမ်းများနေတာလဲ။ ငါတို့ အဘိုးကြီး အဘွားကြီးတွေ ပင်လယ်စာ မကြိုက်ဘူးဆိုတာ မသိကြဘူးလား”
အိမ်စေတွေလည်း ဘာပြန်ပြောရမှန်း မသိတော့ပါ။
ဒီနေ့ အချက်အပြုတ်ကို သခင်လေးယုချဲက တာဝန်ယူထားတာဖြစ်ပြီး သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူမတို့နဲ့ ဘာမှ မဆိုင်ပေ။
သို့သော်လည်း အဘိုးချင်း သူ့ဒေါသကို သူများအပေါ် ပုံချချင်နေမှန်း အားလုံးသိကြသဖြင့် ဘယ်သူမှ ဝင်မပြောရဲကြပါ။
အဘိုးချင်းက မကျေမနပ် ဆက်ပြောလေသည်။ “တမင်သက်သက် လုပ်ကြတာမလား။ ပင်လယ်စာကြိုက်တတ်တဲ့ ဆန်ကုန်မြေလေးတချို့ အိမ်လာလည်တာနဲ့ပဲ အဲ့လောက်အများကြီး ချက်စရာ လိုလို့လား။ ပဲပင်ပေါက်နဲ့ ဖရုံရွက်ဟင်းတွေ သွားပြင်ပေးကြစမ်း!”
အဘိုးချင်းက အိမ်စေတွေကို ဆူငေါက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ကို ရည်ရွယ်ပြောဆိုနေတာဖြစ်ပါသည်။
သို့သော်လည်း ဒါကိုကြားတော့ ယန်းမင်အာက ပြုံးနေပါသည်။ ပင်လယ်စာကြိုက်တတ်တဲ့ ဆန်ကုန်မြေလေးဆိုတာ သူမယောက်ျားကို ပြောနေတာပဲ!
ပဲပင်ပေါက်နဲ့ ဖရုံရွက်ဟင်းတွေကလည်း သူမ ယောက်ျား မကြိုက်တတ်သည့် ဟင်းတွေဖြစ်ပါသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ယောက္ခမဖြစ်သူက သူမယောက်ျားရဲ့ အကြိုက်တွေကို မှတ်မိနေသေးသည်ဟု ယူဆနိုင်သည်။
ချင်းယွင်ကျစ်လည်း ပြုံးမိသွားပါသည်။ သူ့အတွေးကလည်း သူ့မိန်းမနဲ့ တူညီသည်။
အဘိုးချင်းက စိတ်မရှည်စွာ ပြောလိုက်သည်။ “ဘာလို့ မတ်တပ်ရပ်နေကြတာလဲ။ မတ်တပ်ရပ်ပြီး စားချင်တယ်ဆိုရင် ဇလုံတစ်ယောက်တစ်လုံးစီ ဝေပေးမယ်!”
“အားလုံး မြန်မြန်ထိုင်ကြ”။ အဘွားချင်းက အရင်ထိုင်လိုက်ပြီး ပြောလိုက်ပါသည်။
ဒါကိုမြင်တော့ ကလေး သုံးယောက်လည်း ကိုယ့်ထိုင်ခုံမှာကိုယ် ဝင်ထိုင်လိုက်ကြသည်။
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့က စားပွဲဝိုင်းရှိ သင့်တော်သည့် ထိုင်ခုံနေရာများကို အမြန်ရှာဖွေလိုက်ကြသည်။
… … …
အခန်း(၉၉၂) စူစူလေးရဲ့ အကူအညီ (၁)
မိသားစုဝင်များပြားသည့် ချင်းမိသားစုတွင် ညစာ ထိုင်ခုံနေရာများကို ပုံသေ သတ်မှတ်ထားပြီးသား ဖြစ်သည်။
လွန်ခဲ့သည့် နှစ် ၂၀ တုန်းက သူတို့ ထိုင်နေကျ ထိုင်ခုံနေရာတွေက အလွတ်အတိုင်း ရှိနေသေးမှန်း ချင်းယွင်ကျစ်တို့ လင်မယား မြင်သွားကြပါသည်။
နှစ်ပေါင်းများစွာကြာခဲ့တာတောင် သူတို့ အဖေနဲ့ အမေက သူတို့အတွက် ထိုင်ခုံနေရာ ချန်ထားပေးဆဲ ဖြစ်သည်။
သူတို့ရင်ထဲ နွေးထွေးသော ခံစားချက်တချို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ယန်းမင်အာလည်း ချိုမြိန်မှု ဝမ်းနည်းမှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။
ထို့နောက် သူမယောက်ျားကို ယန်းမင်အာ လှည့်ကြည့်လိုက်သည်။ ချင်းယွင်ကျစ်က ခေါင်းငုံ့ထားသဖြင့် မျက်နှာကို မမြင်ရပေ။ ထို့ကြောင့် ယန်းမင်အာတောင် သူ့ခံစားချက်ကို ခန့်မှန်းလို့ မရပါ။
ထိုစဉ် အပေါ်ထပ်မှ ဝမ်ချင်း ဆင်းလာသည်။
ကိုယ်ဝန် ၅ လ လောက် ရှိပြီဖြစ်သဖြင့် ဗိုက်က သိသိသာသာ ထွက်လာပြီဖြစ်ကာ အဝတ်အစားကိုလည်း ခပ်ပွပွ ဝတ်ဆင်နေရပါပြီ ဖြစ်ပါသည်။
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို မြင်သောအခါ လှေကားအလယ်လောက်မှာ ဝမ်ချင်း ရပ်တန့်သွားသည်။ ဝမ်ချင်းကို တွဲပြီး ဆင်းလာသည့် ချင်းရှင်းကျစ်လည်း ရပ်တန့်သွားခဲ့ပါသည်။
မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် ညီနဲ့ ခယ်မတို့ကို ကြည့်ရင်း ချင်းရှင်းကျစ် ခံစားချက်များ ရှုပ်ထွေးသွားသည်။
သူတို့ ပြန်ရောက်နေမှန်း သိကာ စိတ်ကို ကြိုတင် ပြင်ဆင်ထားသော်လည်း တကယ်တမ်း တွေ့လိုက်ရချိန်မှာတော့ ခံစားချက်တွေ စုပြုံဝင်ရောက်လာပါသည်။
လင်မယားနှစ်ယောက် အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေပြီးမှ အဘွားချင်းက လှမ်းခေါ်လိုက်သည်။ “ဘာလုပ်နေကြတာလဲ။ ဒီနေ့ ဧည့်သည်တွေ ရှိတယ်။ ဟန်မပျက်ကြနဲ့”
လောင်ယွင်က စူစူလေးကို တီးတိုး မေးလိုက်ပါသည်။ “ဒေါ်လေးစူစူ သမီးက ဧည့်သည်လား”
စူစူလေး မဖြေနိုင်ခင် ဟွော်ထျင်းက ပြန်ဖြေလိုက်ပါသည်။ “ငတုံးမလေး၊ ဒီအိမ်မှာ နင်အခုမှ ညစာစားဖူးတာ မို့လို့လား။ နင်က ဘယ်လိုလုပ် ဧည့်သည်ဖြစ်မှာလဲ”
“အဲ့တာဆို နင်ပဲဖြစ်မယ်။ ဒီမှာ မျိုးရိုးနာမည် ချင်းမဟုတ်တာဆိုလို့ နင်ပဲရှိတာ”။ ချင်းလောင်ယွင်က ပြန်ချေပလိုက်ပါသည်။
“ဘာကိုငါလဲ။ ငါက နင့်ထက်တောင် ဒီအိမ်မှာ ညစာ ပိုစားခဲ့ရတာ။ ပြီးတော့ မျိုးရိုးနာမည် ချင်းမဟုတ်တာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ချင်းစူစူရဲ့ ညာဘက်မှာထိုင်နေတဲ့ တစ်ယောက်ကလည်း မျိုးရိုးနာမည် ချင်းမဟုတ်ဘူး။ သူ့နာမည်က စူယွီယွမ်လေ!”။ ဟွော်ထျင်းက ပြန်ပြောလိုက်သည်။
“ဪ အဲ့တာလည်း ဟုတ်ပါတယ်”။
ဟွော်ထျင်းပြောတာ အဓိပ္ပာယ်ရှိသည်ဟု ချင်းလောင်ယွင် ယူဆလိုက်ပါသည်။ သို့သော် မေးခွန်းနောက်တစ်ခု ပေါ်လာသည်။
“အဲ့တာဆို ဘယ်သူက ဧည့်သည်လဲ”
ဟွော်ထျင်းက မျက်စပစ်ကာ ပျင်းရိပျင်းတွဲ ပြန်ပြောလိုက်ပါသည်။ “ညစာစားဖို့ အသင့်ပြင်ထားစမ်းပါ။ ဘာလို့ အဲ့လောက် စကားများနေတာလဲ”
ဒါကိုကြားတော့ အိမ်တော်ထိန်းလျို့ စိတ်ပူသွားသည်။
သခင်လေး ကြီးလာရင် ဒီလိုပုံစံ ဆက်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။
မဟုတ်ရင် ဟွော်မိသားစု မျိုးဆက်ပြတ်သွားလိမ့်မယ်!
ချင်းရှင်းကျစ်လည်း အသိစိတ်ပြန်ကပ်သွားပြီး ဝမ်ချင်းကို တွဲလျက် အောက်ထပ်သို့ ဆက်ဆင်းလာခဲ့သည်။ ထို့နောက် ညစာစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကြပါသည်။
ပင်လယ်စာများနဲ့ ပြည့်နှက်နေသည့် စားပွဲကို ကြည့်ကာ ချင်းရှင်းကျစ် သက်ပြင်းချမိသည်။ “အရင်တုန်းက အကြောင်းတွေကိုတောင် ပြန်သတိရမိတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ကဏန်းခြေထောက်တွေ အလုအယက် စားခဲ့ကြတာလေ”
ချင်းရှင်းကျစ် စကား ၂ ခွန်းသာ ပြောရသေးသော်လည်း အဘိုးချင်းက ချက်ချင်း ပါးစပ်လှမ်းပိတ်လိုက်သည်။ “အစားအသောက်စားရင် စကားမများနဲ့!”
ချင်းရှင်းကျစ် မျက်နှာလေး သိမ်ငယ်သွားသည်။
ညစာက စားတောင် မစားရသေးဘူးလေ…။
“ဖေဖေ မှားနေပြီ! သမီးတို့ ညစာမစားရသေးတော့ စကားပြောလို့ရတယ်လေ”။ စူစူလေးက ဘယ်သူ့ကိုမှ မညှာတာဘဲ အမှန်တရားကို ဝင်ပြောလိုက်ပါသည်။
“အဟမ်း ဟုတ်လား။ အဲ့တာဆို ဖေဖေ မှားသွားတာပေါ့”။ အဘိုးချင်းက အမြန်ဝန်ခံလိုက်ပါသည်။
အဘိုးချင်း၏ တောင်းပန်စကားကို ကြားသောအခါ ယန်းမင်အာ မယုံကြည်နိုင်ဖြစ်သွဦးသည်။
ယန်းမင်အာ မှတ်မိသလောက်ဆို သူမရဲ့ ယောက္ခမက အတော်လေး မာနကြီးသူဖြစ်သည်။ သူ့အမှားသူ ဘယ်တော့မှ ဝန်မခံတတ်ပါ။
အခုကျတော့ အရှက်လည်း မရှိဘဲ ဘာလို့ အလွယ်တကူ တောင်းပန်နိုင်ရတာလဲ။
ကျန် ချင်းမိသားစုဝင်တွေကတော့ ဒီလိုမြင်ကွင်းကို အသားကျနေပြီဖြစ်သဖြင့် တည်ငြိမ်နေကြပါသည်။
ထိုစဉ် စူစူလေးက ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို လှည့်ပြောလိုက်သည်။ “ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ များများ စားကြနော်။ မရှက်နဲ့။ ဗိုက်ပြည့်မှ သမီးဖေဖေနဲ့ မေမေကို အလုပ်တွေ ကူညီပေးနိုင်မှာ”။
… … …
အခန်း(၉၉၃) စူစူလေးရဲ့ အကူအညီ (၂)
အလုပ်တွေ ကူညီပေးမယ်ဟုတ်လား။
ဘယ်တုန်းက သဘောတူလိုက်တာလဲ။
သူတို့ ဘာလို့ ဘာမှ မသိရတာလဲ။
“သမီးလေး ဖေဖေတို့ကို သူတို့က ကူညီပေးမယ်တဲ့လား”။ အဘိုးချင်းက ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
“အွန်း! သူတို့က အလုပ်တွေ အများကြီး လုပ်နိုင်တယ်!”။ စူစူလေး ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်ပါသည်။
ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ကို ကူညီဖို့ မုန့်စားနေတုန်းက မေ့လျော့သွားခဲ့သော်လည်း အခုတော့ ပြန်မှတ်မိသွားပါပြီ။
“သမီးလေးက ဖေဖေနဲ့ မေမေတို့ကို အထင်သေးသွားပြီလား။ ဖေဖေနဲ့ မေမေတို့ အလုပ်မလုပ်နိုင်တော့ဘူးလို့ ထင်လို့လား”။ အဘိုးချင်းက ဝမ်းနည်းစွာ မေးလိုက်သည်။
သူက တခြားဖေဖေတွေထက် အသက်ကြီးမှန်း အဘိုးချင်း သိပါသည်။ ထို့ကြောင့် သူ့ကို သမီးလေး အထင်သေးသွားတာမျိုး မဖြစ်စေချင်ပါ။
“မဟုတ်ပါဘူး! သမီးကို ဖေဖေနဲ့ မေမေတို့ အချိန်ပိုပေးလို့ရအောင်လေ!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
ထိုအဖြေကို ကြားမှ အဘိုးချင်းနဲ့ အဘွားချင်းတို့ မျက်နှာများ ရွှင်လန်းသွားခဲ့ကြပါသည်။
သမီးလေးတွေက ချစ်စရာအကောင်းဆုံးပဲ!
နူးညံ့သိမ်မွေ့ပြီး ဂရုလည်း စိုက်တတ်ကြတယ်!
ထို့နောက် ချင်းယွင်ကျစန်နဲ့ ယန်းမင်အာတို့ကို လက်ညှိုးထိုးကာ စူစူလေး ပြောလိုက်သည်။ “သူတို့ကလည်း ဖေဖေနဲ့ မေမေတို့ရဲ့ ကလေးတွေ မဟုတ်ဘူးလား။ ကလေးတွေက မိဘတွေကို ကူညီပေးရမှာ မထူးဆန်းဘူးလေ”
ယန်းမင်အာက အမြန် ထောက်ခံလိုက်ပါသည်။ “စူစူလေးပြောတာ လုံးဝ မှန်တယ်! သမီးတို့ ကူညီပေးသင့်တာပေါ့!”
သမီးလေးတစ်ယောက် ရထားရတဲ့ အကျိုးကျေးဇူးက ဒါလား!
ဒီလောက် နူးညံ့ချစ်ဖို့ကောင်းပြီး သိတတ်တာလား
သူတို့ရဲ့ စားဖို့သောက်ဖို့ကလွဲပြီး အသုံးမကျတဲ့သားနဲ့ တခြားစီပဲ!
အဘိုးချင်းက မကျေမနပ် ပြောလိုက်ပါသည်။ “နှစ် ၂၀ လောက် ခြေရာလက်ရာမကျန်အောင် ပျောက်သွားတဲ့ ကလေးတွေက သူတို့မိဘတွေကို ကူညီပေးမယ်တဲ့လား။ ဟား ဟာသပဲ!”
“အဲ…”
ယန်းမင်အာ အပြုံး တောင့်တင်းသွားသည်။ သူမ ဘယ်လို တုန့်ပြန်ရမလဲ မသိတော့ပါ။
“နှစ် ၂၀… တော်တော်ကြာမယ့်ပုံပဲ”။ စူစူလေး ရေရွတ်လိုက်သည်။
သူမ လက်ချောင်းလေးတွေ ထောင်လျက် ရေတွက်ကြည့်လိုက်သည်။ သူမ နတ်သားရဲဘဝတုန်းက နှစ် ၂၀ ဆိုတာ သိပ်မကြာသော်လည်း လူသားဖြစ်လာပြီးနောက် ၃ နှစ်တာကတောင် အလွန်ကြန့်ကြာလွန်းပါသည်။ သူမ အသက် ၄ နှစ်တောင် မပြည့်သေးပါ။
“ဟုတ်တယ်! အဲ့တော့ သူတို့က ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေဆိုတာကလွဲပြီး တခြား ဘာမှ မဟုတ်ဘူး။ သမီးလေး ဘာမှ စဉ်းစားစရာမလိုဘူး”။ အဘိုးချင်း ခပ်ပြတ်ပြတ် ပြောလိုက်ပါသည်။
အဘိုးချင်းက စကားကို အဆုံးပြောပြီးပြီဖြစ်သဖြင့် အားလုံး ပြီးဆုံးသွားပြီဟု ထင်ခဲ့ကြသည်။
သို့သော် စူစူလေးက ချက်ချင်း ပြန်ပြောလိုက်ပါသည်။ “အဲ့တာဆို သူတို့ကို အလုပ်ပိုခိုင်းရမှာပေါ့ ဖေဖေရဲ့! သူတို့ အလုပ်မလုပ်တာ နှစ် ၂၀ တောင်ကြာပြီဆိုတော့ ၂ ဆလောက် ပိုလုပ်သင့်တာပေါ့!”
အဘိုးချင်း အမြန်ရှင်းပြဖို့ ကြိုးစားသည်။ “မဟုတ်ဘူး သမီးလေး သူတို့က မလိမ္မာဘူး၊ အရမ်းဆိုးတဲ့လူတွေ”
“အွန်း အဲ့တာဆို သူတို့ကို ဖေဖေနဲ့ မေမေတို့ မမြင်ချင်တော့ဘူးလား။ အခု ကန်ထုတ်လိုက်ရမလား”
သူမ သဘောမကျဘဲ မြင်လည်း မမြင်ချင်သည့်လူတွေကို အိမ်ထဲမှာ ထားမှာ မဟုတ်ပါ။ ဖေဖေနဲ့ မေမေသာ ခွင့်ပြုလိုက်ပါက သူမ ချက်ချင်း ဆွဲထုတ်လိုက်မည်ဖြစ်သည်။
“မလိုပါဘူး အဲ့လိုလုပ်ဖို့ မလိုပါဘူး!”။ အဘိုးချင်း အမြန်တားလိုက်ရပါသည်။
တခြားကလေးတွေ နှုတ်က ဒီလိုစကားမျိုးထွက်လာရင်တော့ ဟာသဖြစ်နိုင်သော်လည်း သမီးဖြစ်သူက ကျိန်းသေပေါက် အတည်ပြောနေတာ သေချာပါသည်။
သူသာ သေချာ မရှင်းပြလျှင် နှစ် ၂၀ ကျော်ကြာအောင် မတွေ့ခဲ့ရသည့် သားငယ်ဖြစ်သူတို့ကို ဒီတစ်ခေါက်ပြန်ဆုံရတာ နောက်ဆုံးဖြစ်နိုင်သည်။
“အဲ့တာဆို ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ကို ခွင့်လွှတ်သင့်တယ်လို့ ဖေဖေတို့က ထင်တယ်ပေါ့။ အဲ့တာဆို သူတို့ကို အပြစ်ပေးသင့်တယ်လေ။ ဒါမှ ဖေဖေတို့လည်း ဒေါသသိပ်မထွက်တော့ဘဲ သူတို့ကို ခွင့်လွှတ်ပေးနိုင်မှာ ဟုတ်တယ် မလား”။ စူစူလေး ကောက်ချက်ချလိုက်ပါသည်။
“အဲ့တာက…”။ စူစူလေးရဲ့ စကားကို အဘိုးချင်း ငြင်းဆန်ချင်သော်လည်း ဘယ်လိုငြင်းဆန်ရမလဲမသိ ဖြစ်နေပါသည်။
“မဟုတ်ဘူးလားလို့။ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ထားရင် လုပ်စရာက နှစ်ခုပဲ ရှိတယ်။ တစ်သက်လုံး စကား ပြန်မပြောဖို့ ဒါမှမဟုတ် သူတို့ကို အပြစ်ပေးပြီး ဒေါသဖြေလျှော့ဖို့ ဟုတ်တယ်မလား”။ စူစူလေး မေးလိုက်သည်။
… … …
အခန်း(၉၉၄) စူစူလေးရဲ့ အကူအညီ (၃)
လူကြီးတွေ အားလုံး စူစူလေးကို ဝိုင်းကြည့်နေကြပြီး သူမရဲ့ စကားကိုလည်း သေသေချာချာ စဉ်းစားနေကြပါသည်။
ညစာစားပွဲဝိုင်းကြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ကာ ချင်းရှင်းကျစ်က ရုတ်တရက် ဝင်ပြောလိုက်ပါသည်။ “ညီမလေးရဲ့ တွေးပုံက ရိုးရှင်းပြီး တဲ့တိုးဆန်တယ်။ ဒါပေမယ့် လူကြီးတွေ နားမလည်နိုင်တဲ့ အမှန်တရားဆိုလည်း ဟုတ်တယ်။ လူကြီးတွေ ဒေါသထွက်မိတဲ့အခါ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတတ်ကြဘူး။ အဲ့တာကြောင့် တစ်ဖက်လူကို နှိပ်စက်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း နာကျင်စေကြတာပဲ”
သူ့မိဘတွေရဲ့ အခြေအနေကလည်း ဒီလိုပဲ ဖြစ်သည်။ သူ့ညီငယ်နဲ့ ခယ်မတို့ကို ဒေါသထွက်နေသော်လည်း ညစာအတူတူ ထိုင်စားခွင့် ပြုရလောက်သည်အထိ စိတ်ပျော့နေသေးသည်။
သူတို့ ဝန်ခံမှာမဟုတ်သော်လည်း သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ရင်ထဲက ခံစားချက်ကို မြင်နိုင်ပါသည်။
သူ့ညီငယ်နဲ့ ခယ်မတို့ရဲ့ လုပ်ရပ်တွေက မှားခဲ့မှန်း အားလုံး သိကြသည်။ မိသားစုဝင်အချင်းချင်း ညတွင်းချင်း အငြှိုးအတေး ထားနိုင်မှာ မဟုတ်ပါ။ သားအဖနှစ်ယောက် ရန်ဖြစ်ခဲ့ရင်တောင် နှစ် ၂၀ ကျော်လောက်အထိ ပျောက်သွားစရာ မလိုပေ။
အဘိုးချင်း၏ မျက်နှာက ခက်ထန်နေဆဲဖြစ်သည်။ သူ့အရင်စိတ်နဲ့သာဆို ဘယ်သူတွေ ဘာပဲလာပြောပြော လုံးဝ နားထောင်မှာ မဟုတ်ပါ။
သို့သော် အခုအခြေအနေကတော့ မတူပေ။ သူ့ရှေ့မှာ ကြည်ကြည်လင်လင် မျက်လုံးပြူးပြူးလေးများနဲ့ သူ့သမီးလေးက မော့ကြည့်နေသည်။
ဒီမျက်နှာလေးနဲ့ ထိုမျက်လုံးလေးတွေကြောင့် သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့ပါသည်။
အဘိုးချင်း အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီး မိန်းမဖြစ်သူနဲ့ အကြည့်ချင်း ဖလှယ်လိုက်ပါသည်။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာကြသူတွေဖြစ်သဖြင့် မျက်လုံးချင်းဆုံရုံနဲ့ တစ်ယောက်အတွေး တစ်ယောက် နားလည်ကြသည်။
ဇနီးဖြစ်သူကလည်း ခွင့်ပြုသဖြင့် အဘိုးချင်း ပြောလိုက်သည်။ “ငါ့သမီးလေး ပြောတာ မှန်တယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူတို့က ချင်းမိသားစုဝင်တွေပဲ။ မင်းအမေနဲ့ ငါနဲ့ ဒေါသထွက်ပြီး သူတို့ကို အသိအမှတ် မပြုဘူးဆိုရင်တောင် သူတို့က ငါတို့ချစ်စရာမြေးလေးရဲ့ မိဘတွေ ဖြစ်နေတုန်းပဲ။ ဒီတိုင်း အိမ်ထဲကနေ မောင်းထုတ်လိုက်လို့ မရဘူး”
“ဒါဆို မင်းတို့နှစ်ယောက်ကို အလုပ်လုပ်ခွင့်ပေးလိုက်မယ်။ အခက်ခဲဆုံး အပင်ပန်းဆုံး အလုပ်တွေကနေ စလုပ်ရမယ်။ ကုမ္ပဏီအလုပ်တွေ ကူလုပ်ပေးရမှာတင် မဟုတ်ဘူး။ အိမ်မှာ တောက်တိုမယ်ရ လုပ်စရာ ရှိလည်း မင်းတို့လုပ်ရမယ်”။
ဒါကိုကြားတော့ ယန်းမင်အာ အပျော်လွန်သွားသည်။ “ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ! ဘာပဲလုပ်ရလုပ်ရ အဆင်ပြေပါတယ်။ ညစ်ပတ်တဲ့အလုပ်တွေပဲဖြစ်ဖြစ် ပင်ပန်းရမယ့် အလုပ်တွေပဲ ဖြစ်ဖြစ် အဆင်ပြေတယ်!။ ယွင်ကျစ်က အရေထူနေပါပြီ။ ကျန်းမာကြံ့ခိုင်မှုလည်း ရှိတယ်။ အဲ့တာကြောင့် ဘာအလုပ်ဖြစ်ဖြစ် လုပ်နိုင်တယ်”
“အဟွတ်!”။ ချင်းယွင်ကျစ် ချောင်းဆိုးလိုက်ကာ မိန်းမဖြစ်သူ၏ စကားကို ကြားဝင်ဖြတ်လိုက်ပါသည်။ ထို့နောက် တိုးညှင်းစွာ ပြန်ပြောလိုက်သည်။ “အဖေနဲ့ အမေတို့ သင့်တော်သလို စီစဉ်ညွှန်ကြားပါ”
“ဟင်း!”။ ချင်းယွင်ကျစ်ကို မျက်စောင်းထိုးလျက် အဘိုးချင်း ပြောလိုက်သည်။ “ငါတို့ ဘယ်အချိန်မှ စိတ်ကျေနပ်ပြီး ခွင့်လွှတ်မလဲဆိုတာ တိတိကျကျ မပြောနိုင်ဘူးနော်။ ငါတို့ သေသွားရင်တောင် မင်းတို့ကို ခွင့်လွှတ်ချင်မှ ခွင့်လွှတ်ဦးမှာ!”
“အဖေ အဲ့လို မပြောပါနဲ့! အဖေတို့က အသက် ၁၀၀… အသက် ၁၂၀ လောက်ထိ နေရမှာ!”။ ယန်းမင်အာ အမြန် ပြောလိုက်သည်။
“အွန်း အွန်း! ဖေဖေက အသက်ရှည်ရှည်နေရမှာ!”။ စူစူလေးက ထောက်ခံသည်။
ထို့နောက် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို စူစူလေး ပြောလိုက်ပါသည်။ “ဖေဖေက သဘောတူတယ်တဲ့။ ယွမ်ယွမ်ရဲ့ ဖေဖေနဲ့ မေမေတို့ မနက်ဖြန် အလုပ်စလုပ်လို့ ရပြီနော်”
“ဟုတ်ပြီ!”။ ယန်းမင်အာက အမြန်သဘောတူလိုက်ပါသည်။
အဘိုးချင်းက တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း အကန်စကားလုံးတွေ ပြောမထွက်ခဲ့ပါ။ “သမီးလေးပြောတဲ့ အတိုင်းပဲ…”
“အွန်း အွန်း! အဲ့တာဆို အလုပ်လုပ်ရင် နေ့လယ်စာ ညစာလည်းကျွေးရမှာပေါ့!”။ စူစူလေးက ပြောလိုက်သည်။
“အလုပ်လုပ်ရင် နေ့လယ်စာ ညစာကျွေးရမယ်လို့ သမီးလေး ဘယ်က ကြားလာတာလဲ”။ အဘိုးချင်း အမြန် မေးလိုက်ပါသည်။
“ကျောင်းမှာ! ပန်းပင်တွေ စိုက်ရတဲ့ ဦးလေးကြီးတွေကို အလုပ်ခန့်ထားတာလေ။ သူတို့ကို နေ့လယ်စာ ကျွေးတယ်လို့ ပြောတယ်။ အဲ့လို ကျွေးတဲ့ အလုပ်ရှင်တွေက အလုပ်ရှင်ကောင်းတဲ့!”။ စူစူလေး ပြန်ပြောလိုက်သည်။
မူကြိုမှာ အလုပ်ခန့်ထားသည့် ဥယျာဉ်မှူးတွေအကြောင်း စူစူလေး ပြောနေတာဖြစ်ပါသည်။ ဥယျာဉ်မှူးတွေကို နေ့လယ်စာ စားပြီးပြီးလားဟု မေးကြည့်တော့ ကျောင်းက အလုပ်သမားတွေအတွက် နေ့လယ်စာ ကျွေးသည်ဟု ဆိုခဲ့သည်။
… … …
အခန်း(၉၉၅) သားလေးလား သမီးလေးလား (၁)
အောင်မယ်လေး…
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို အဘိုးချင်း မျက်စောင်းထပ်ထိုးလိုက်သည်။
မင်းတို့ကံကောင်သွားတယ်မှတ်! ငါ့သမီးလေး စိတ်ညစ်သွားမှာစိုးရိမ်တာကြောင့်သာ မဟုတ်ရင် ငါ့အိမ်မှာ နေ့တိုင်း အလကားလာစားလို့ရမယ် မထင်နဲ့!
သို့သော်လည်း သမီးလေးပြောသည့်စကားကို သူ မငြင်းရက်ပါ။ သမီးလေးကသာ သူ့အတွက် အရေးအကြီးဆုံး ဖြစ်သည်။
ထို့နောက် စူစူလေးရဲ့ စကားကို အဘိုးချင်း စိတ်မပါလက်မပါဖြင့် လက်ခံပေးလိုက်ပါသည်။ “အဲ့တာဆိုလည်း ကျွေးရတာပေါ့။ ဖေဖေက အလုပ်ရှင်ကောင်းပဲဥစ္စာ”
“ရေး!”။ စူစူလေး အောင်ပွဲခံလိုက်သည်။
“ရေး!”။ ချင်းလောင်ယွင်လည်း လက်ခုပ်တီးကာ အောင်ပွဲခံလိုက်ပါသည်။
“ရေး!”။ စူယီယွမ်လည်း လက်ခုပ် ၂ ချက်လိုက်တီးပြီး အော်လိုက်လေသည်။
ဘာတွေဖြစ်နေသလဲ နားမလည်သော်လည်း စူစူလေးလုပ်သည့်အတိုင်း ချင်းလောင်ယွင်နဲ့ စူယွီယွမ်တို့ လိုက်လုပ် ခဲ့ကြပါသည်။
ကလေးတွေ အောင်ပွဲခံလို့ ပြီးသောအခါ အဘိုးချင်းက ပြောလိုက်သည်။ “စားကြစို့”
အဘိုးချင်းက ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ကို စကားမပြောချင်တော့ပေ။ သူစိတ်ဆိုးနေဆဲဖြစ်သည်။ သူတို့ကို မြင်ရတာ စိတ်ရှုပ်ဖို့ကောင်းပါသည်။
ထိုစဉ် ချင်းယုချဲက နောက်ဆုံးဟင်းလျာကို ကိုယ်တိုင် သယ်ပြီး ထွက်လာခဲ့ပါသည်။ အဘိုးချင်း ချက်ခိုင်းထားသည့် ပဲပင်ပေါက်ဟင်းဖြစ်သည်။
ထို့နောက် ချင်းယွင်ကျစ်ရှေ့မှာ ပဲပေါက်ဟင်းကို ချပေးလိုက်ပြီး ချင်းယုချဲ ကိုယ့်ထိုင်ခုံမှာကိုယ် ဝင်ထိုင်လိုက်ပါသည်။
အဘိုးချင်းက ညစာစားလို့ရပြီဖြစ်ကြောင်း ကြေညာလိုက်သောအခါ အားလုံး တူတွေ အသင့်ကိုင်လျက် စားသောက်ကြလေတော့သည်။
လူကြီးတွေက အတွေးများနေသော်လည်း ကလေးတွေကတော့ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်။
ချင်းယွင်ကျစ်က ရှေ့မှာချထားသော ပဲပင်ပေါက်တွေကို ကြည့်ရင်း တူကို တစ်ဝဲလည်လည်လုပ်ကာ ဘယ်ဟင်း အရင်နှိုက်ရမှန်းမသိ ဖြစ်နေပါသည်။
အသားဟင်းတစ်ခုခုကို ချင်းယွင်ကျစ် လှမ်းယူဖို့ ပြင်လိုက်စဉ် အဘိုးချင်းက လက်ဦးသွားပြီး သူယူဖို့ ပြင်နေသည့် ကဏန်းခြေထောက်ကို လုယူကာ ချင်းယုဟန် ပန်းကန်ထဲ ပစ်ထည့်ပေးလိုက်ပါသည်။
ခေတ္တတွန့်ဆုတ်သွားပြီးနောက် ဝက်ခြေထောက်ဟင်းကို လှမ်းယူဖို့ ချင်းယွင်ကျစ် ထပ်ကြံလိုက်သည်။
ဝက်ခြေထောက်ဟင်းကို သူ့တူနဲ့ ထိတောင်မထိရသေးစဉ် အဘိုးချင်းက လုယူသွားပြန်သည်။ ထို့နောက် ချင်းယုကျီး၏ ပန်းကန်ထဲ ပစ်ထည့်ပေးလိုက်သည်။
“အဘိုး ကျွန်တော်…”
… အဆီများတာတွေ မစားဘူး
ချင်းယုကျီး ဘာမှ မပြောနိုင်ခင် အဘိုးချင်း၏ စူးစူးရှရှ အကြည့်ကိုမြင်သွားသည်။
ချင်းယုကျီး ချက်ချင်း ခေါင်းငုံ့သွားပြီး ဝက်ခြေထောက်ကို တိုးတိုးတိတ်တိတ်သာ ကိုက်လိုက်တော့သည်။
ချင်းယွင်ကျစ် ၂ စက္ကန့်လောက် စဉ်းစားလိုက်ကာ ပဲပင်ပေါက်ကိုသာ ယူလိုက်ပါသည်။
ဒီဟင်းကို တခြားသူတွေ ကြိုက်နိုင်သော်လည်း ချင်းယွင်ကျစ်အတွက်တော့ မျိုချဖို့တောင် ခက်ခဲနေပါသည်။
သို့သော် အားတင်းကာ တစ်လုတ်ပြီးတစ်လုတ် မျိုချလိုက်ပြီးနောက် မကြာမီ သူ့ရှေ့က ပဲပင်ပေါက်ဟင်း ပြောင်စင်သွားလေတော့သည်။
ဝမ်ချင်းက ယန်းမင်အာကို အကဲခတ်နေပါသည်။ နှစ် ၂၀ ကျော်ကြာတာတောင် ယန်းမင်အာက ဘာမှ ပြောင်းလဲ မသွားသေးပါ။
တစ်ခုတည်းသော ပြောင်းလဲမှုဆိုလို့ သိသိသာသာ ရင့်ကျက်လာတာသာ ရှိသည်။ ယွင်ကျစ်နဲ့ ယန်းမင်အာတို့ စတွဲခဲ့စဉ်တုန်းက နှစ်ယောက်စလုံး အတော် ဆိုးသွမ်းခဲ့ကြသည်။ မကြာခဏ ရန်တွေလည်း ဖြစ်တတ်သည်။
ထိုအချိန်တုန်းကတော့ သူတို့ရဲ့ အကျင့်တွေကို ဝမ်ချင်း သိပ်မကြိုက်ခဲ့ပါ။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့ဦးလေးနဲ့ အကျင့်တူသည့် ယုကျီးကို ဝမ်ချင်း မွေးဖွားခဲ့လေသည်။
သူမရဲ့ ခဲအိုနဲ့ ယောက်မတို့ နှစ်ပေါင်းများစွာ ပျောက်နေခဲ့ကြတာဖြစ်သည်။ သို့သော် ဟွာချန့်မြို့ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် ပြဿနာတွေ အကြီးကြီး ရှာခဲ့ကြပါသည်။
ဘယ်သတင်းက အမှန် ဘယ်သတင်းက အမှားဆိုတာကိုတောင် ဝမ်ချင်း ဝေခွဲမရဖြစ်နေပါသည်။
ဝမ်ချင်း ကြည့်နေတာကို သတိထားမိပြီး ယန်းမင်အာလည်း ပြန်မော့ကြည့်လိုက်သည်။
ယန်းမင်အာ ပြန်ပြုံးပြလိုက်သော်လည်း သူမ မျက်လုံးများက ရန်လိုနေပါသည်။
အစကတော့ သူမရဲ့ ယောက်မအကြီးဆုံးအပေါ် ဘာစိတ်မှမရှိခဲ့သော်လည်း ခုတလော သူမကြားခဲ့ရသည့် သတင်းများကြောင့် ခံစားချက်တွေ ပြင်းထန်နေခဲ့သည်။
မျက်လုံးချင်း ဆုံသွားကြပြီး နှစ်ယောက်စလုံးက ခံစားချက်တွေကို ဖုံးကွယ်ထားကြပါသည်။
ယန်းမင်အာက အရင် မေးမြန်းလိုက်သည်။ “ယောက်မအကြီးဆုံး ဒီတစ်ခေါက် သားလေးလိုချင်တာလား သမီးလေး လိုချင်တာလား”
… … …