အခန်း (၉၉၆-၁၀၀၀)
Vol. 40 Ch. 996-1000
အခန်း(၉၉၆) သားလေးလား သမီးလေးလား (၂)
ယန်းမင်အာ၏ မေးခွန်းက ချက်ကောင်းကို ထိသွားသည်။
ဝမ်ချင်းက ကိုယ်ဝန် ၅ လလောက် ရှိပြီဖြစ်သဖြင့် ယောက်ျားလေး မိန်းကလေး စစ်ဆေးကြည့်လို့ ရပြီဖြစ်သည်။
သို့သော်လည်း ဝမ်ချင်းက ယောက်ျားလေးထပ်ဖြစ်နေမှာစိုးသဖြင့် အယ်ထရာဆောင်းရိုက်ကြည့်ဖို့ကို အချိန်ဆွဲနေခဲ့ပါသည်။
အရင်တစ်ခေါက် ဆေးရုံသွားတုန်းက မေးကြည့်ဖို့ အခွင့်အရေးရခဲ့သော်လည်း အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့ပြီး မမေးဖြစ်ခဲ့ပါ။ အဖြေက ‘ယောက်ျားလေး’ဖြစ်နေမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။
ချင်းမိသားစုအတွင်းမှာ သားယောက်ျားလေးဆိုတာ မရှားတော့ပါ။ သမီးမိန်းကလေးမွေးမှ အားကျစရာ ဖြစ်သည်။
ဝမ်ချင်းကိုယ်တိုင်ကလည်း ဒီလိုပဲ ယူဆထားပါသည်။ သူမမှာ သား ၃ ယောက် ရှိပြီးသားဖြစ်သဖြင့် နောက်ထပ် သားတစ်ယောက်ကို မလိုအပ်တော့ပါ။
“မစစ်ကြည့်ရသေးပါဘူး”။ ဝမ်ချင်းပြန်ပြောလိုက်သည်။
“အဲ့တာဆို သွားစစ်မကြည့်သင့်ဘူးလား။ အားလုံးလည်း ကြိုပြင်ဆင်ထားလို့ ရတာပေါ့”။ ယန်းမင်အာ ပြောလိုက်ပါသည်။
ချင်းရှင်းကျစ်က ဝင်ပြောလိုက်လေသည်။ “ငါတို့လည်း စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတလော အလုပ်တွေ များနေလို့ ငါ့မိန်းမကို လိုက်ပို့ဖို့ အချိန်မရှိဘူး ဖြစ်နေတာ”
“မနက်ဖြစ်ကစပြီး ယွင်ကျစ်နဲ့ ကျွန်မတို့လည်း အစ်ကိုကြီးတို့ကို ကူညီပေးတော့မှာဆိုတော့ ယောက်မအကြီးဆုံးကို အချိန်ပိုပေးလို့ ရပါပြီ”။ ယန်းမင်အာ ပြောလိုက်ပါသည်။
“ရပါတယ်”။ ဝမ်ချင်း ချက်ချင်း ငြင်းဆန်လိုက်ပါသည်။ “နင့်အစ်ကိုကြီးက ဒါတွေလုပ်နေကျပဲ။ အလုပ်မလုပ်ဘဲ ငါ့နားမှာ ကပ်နေတာမျိုး သူလုပ်တတ်မှာ မဟုတ်ဘူး။ ငါလည်း ဘေးနားမှာ တစ်ယောက်ယောက်ကို အမြဲတမ်း ခေါ်ထားရလောက်အောင် မပျော့ညံ့ပါဘူး။ ဒါ ၄ ယောက်မြောက် ကိုယ်ဝန်ဆောင်ရတာလေ။ ပြီးတော့ အိမ်မှာလည်း အိမ်စေတွေ အများကြီး ရှိပြီးသား။ တကယ်သွားဖို့လိုအပ်ရင် အိမ်စေတွေကို လိုက်ပို့ခိုင်းလည်းရတာပဲ”
သို့သော် ချင်းရှင်းကျစ်က ဖြတ်ပြောလိုက်ပါသည်။ “တကယ်တော့ အခု ညီငယ်နဲ့ ခယ်မတို့သာ တကယ် ကူညီမယ်ဆိုရင် ငါအလုပ်ခဏ အနားယူပြီး အာ့ချင်းကို အချိန်ပေးချင်တယ်”
ထို့နောက် သူ့မိန်းမကို ချင်းရှင်းကျစ် သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။ “ကိုယ်ဝန်ဆောင်တာ လွယ်တဲ့အလုပ် မဟုတ်မှန်း ကိုယ်သိပါတယ်။ ဘယ်နှယောက်မြောက်ပဲဖြစ်ဖြစ် ပင်ပန်းတာက လျော့သွားမှာ မဟုတ်ဘူး။ အထူးသဖြင့် မင်းက ကျန်းမာရေးလည်း ကောင်းနေတာ မဟုတ်ဘူး။ တစ်ယောက်တည်း ကြိတ်မခံပါနဲ့။ ကိုယ်တို့က လင်မယားတွေလေ။ ဒီကလေးတွေ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်”
ချင်းရှင်းကျစ်၏ စကားကိုကြားရတာ ဝမ်ချင်း နွေးထွေးသွားသော်လည်း သဘောမတူချင်သေးပါ။ “ကျွန်မ တကယ် အဆင်ပြေပါတယ်။ ပြီးတော့ မတ်လေးနဲ့ ယောက်မတို့က အခုမှ ပြန်ရောက်ကြတာ။ မိသားစုလုပ်ငန်းတွေနဲ့ အကျွမ်းတဝင် မရှိလောက်သေးဘူး။ အဖေနဲ့ အမေကို သူတို့ ပိုကူညီပေးသင့်တာ။ ဒါမှ အဖေနဲ့ အမေတို့ ကောင်းကောင်း အနားယူနိုင်မှာပေါ့”
“ဟုတ်သားပဲ ငါမေ့သွားတာ!”။ ချင်းရှင်းကျစ်လည်း နားလည်သွားပါသည်။
သူတို့ညီမလေး ခက်ခက်ခဲခဲ ရယူပေးထားသည့် ဒီအခွင့်အရေးက သူ့မိဘတွေနဲ့ သူ့ညီငယ်တို့ အဆင်ပြန်ပြေစေဖို့ ဖြစ်ပါသည်။ သူအခွင့်အရေး ဝင်ယူလို့ မဖြစ်ပါ။
ချင်းယုကျီးက အကြံပေးလိုက်လေသည်။ “တကယ်တော့ ဆေးရုံသွားစစ်စရာတောင် မလိုပါဘူး။ အလုပ်တောင် ရှုပ်သေးတယ်။ ဆရာကြီးရှုယီက အမေ့ကို စစ်ဆေးပေးနေကျ မဟုတ်ဘူးလား။ သူ့ကိုပဲ မေးကြည့်လိုက်ပါလား”
“ဪ ဟုတ်သားပဲ! ဆရာကြီးရှုယီကို မေ့နေတာ!”။ ချင်းရှင်းကျစ် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ညစာပင် ဆက်မစားချင်တော့ဘဲ ဆရာကြီးရှုယီကို နောက်ဖေးခြံထဲမှ သွားခေါ်ဖို့ ပြင်လိုက်ပါသည်။
ဆရာကြီးရှုယီက သူတို့နဲ့ ညစာအတူတူ မစားတတ်ပါ။ သူတို့ စားခွင့်မပေးတာ မဟုတ်ဘဲ ဆရာကြီးရှုယီက သူ့ဖာသာသူ နောက်ဖေးမှာ ချက်စားတတ်တာကြောင့် ဒီတိုင်း လွှတ်ထားပေးလိုက်တာ ဖြစ်ပါသည်။
ဝမ်ချင်းက ချင်းရှင်းကျစ်ကို အမြန်ဆွဲထားလိုက်ရပြီး တီုးတိုး ပြောလိုက်ပါသည်။ “ယောက်ျား… မိန်းကလေး မဟုတ်ရင် ဘယ်လိုလုပ်မလဲ”။
“အဲ…”။ ချင်းရှင်းကျစ် ရပ်တန့်သွားခဲ့ပါသည်။
သူတို့ သိချင်တာ မှန်သော်လည်း အဖြေက သူတို့မျှော်လင့်ထားသလို မဟုတ်မှာလည်း စိတ်ပူနေပါသည်။
လင်မယားနှစ်ယောက် တွန့်ဆုတ်နေစဉ် အဘွားချင်းက ဝင်ပြောလိုက်သည်။ “အနှေးနဲ့အမြန် သိရမယ့် ကိစ္စပဲဥစ္စာ။ သမီးလေးဖြစ်ဖြစ် သားလေးဖြစ်ဖြစ် ဘာမှ ဖုံးကွယ်ထားလို့ မရဘူး။ ညစာစားပြီးရင် ဆရာကြီးရှုယီကို သွားခေါ်လိုက်။ သိထားတော့ ပိုကောင်းတာပေါ့”
အဘွားချင်းက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သဖြင့် ချင်းရှင်းကျစ်တို့ လင်မယားလည်း ဘာမှ မပြောတော့ပါ။ ညစာစားပြီးနောက် ချင်းရှင်းကျစ်က ဆရာကြီးရှုယီကို သွားခေါ်ခဲ့သည်။
မိသားစုတစ်စုလုံး ဧည့်ခန်းထဲမှာထိုင်ပြီး ဆရာကြီးရှုယီကို စောင့်မျှော်နေကြသည်။
သူရောက်လာတာနဲ့တစ်ပြိုင်နက် ဝမ်ချင်းက မေးလိုက်ပါသည်။ “ဆရာကြီးရှုယီ။ ကျွန်မ ဗိုက်ထဲက ကလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ သိချင်လို့ပါ”
… … …
အခန်း(၉၉၇) ယောက်ျားလေးပါဆို (၁)
“ယောကျ်ားလေး!”
ဆရာကြီးရှုယီက သွယ်ဝိုက်မနေဘဲ မညှာမတာ ပြောလိုက်လေသည်။
ထိုစကားလုံး ၃ လုံးကြောင့် ချင်းမိသားစု၏ မျှော်လင့်ချက်များ ချက်ချင်း ပြိုလဲသွားခဲ့ရပါသည်။
ဆရာကြီးရှုယီက ချင်းမိသားစုကို စိတ်ကူးယဉ်ခွင့်တောင် မပေးပါ။
အဘိုးချင်းတို့ လင်မယားမှစလို့ ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ ညီအစ်ကိုတွေအထိ၊ ဝမ်ချင်းကို မကျေမနပ်ဖြစ်နေသော ယန်းမင်အာ အပါအဝင် အားလုံး အနည်းငယ် စိတ်ပျက်သွားခဲ့ကြပါသည်။
ဒီချင်းမိသားစုမှာ စူစူလေးကလွဲပြီး တခြားသမီးမိန်းကလေး ရလာဖို့ ကံမပါသေးပေ။
တူမလေးတစ်ယောက် လိုချင်သော်လည်း တူသေးသေးလေးဖြစ်မှန်း အစောကြီးကတည်းက ကြိုသိထားသဖြင့် စူစူလေးကတော့ မအံ့ဩပေ။
“ဆရာကြီးရှုယီ သေချာရဲ့လား။ သွေးခုန်နှုန်းတွေ ဘာတွေ သေချာစစ်ကြည့်ဖို့ မလိုဘူးလား”။ ချင်းရှင်းကျစ် အမြန် မေးလိုက်သည်။ အခြေအနေကို သူအဖတ်ဆယ်နိုင်သေးသည်ဟု ခံစားနေရသည်။
သူ့မှာ သား ၃ ယောက်ရှိပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် သမီးတစ်ယောက်ကိုသာ အသည်းအသန် လိုချင်နေသည်။
“ဘာမှစစ်စရာမလိုဘူး။ ယောက်ျားလေးပဲ။ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက မင်းမိန်းမ သွေးခုန်နှုန်းကို ငါစစ်ကြည့်တော့ သိခဲ့ရတာ။ ဒီလထဲလည်း အကြိမ်ကြိမ် စစ်ကြည့်ပြီးပြီ။ ဒီ့ထက် သေချာတာ မရှိတော့ဘူး”
ဝမ်ချင်း၏ မျက်နှာက အချိန်အတော်ကြာအောင် အေးခဲသွားခဲ့သည်။ ဆုံးရှုံးမှုနဲ့ စိတ်ပျက်အားလျော့မှုတို့လည်း မျက်နှာပေါ်မှာ ပေါ်လွင်နေပါသည်။
ချင်းရှင်းကျစ်လည်း အချိန်အတော်ကြာမှ အမှန်တရားကို လက်ခံနိုင်သည်။ ထို့နောက် သူ့မိန်းမရှေ့မှာ ဆောင့်ကြောင့် ထိုင်လျက် ဗိုက်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါသည်။
“လူဆိုးကောင်လေး! မင်းသာ မိန်းကလေးဆို ထွက်လာရင် အကုန် အသစ်တွေချည့် ပိုင်ဆိုင်ရမှာ။ အခု မင်းက ယောက်ျားလေးဆိုတော့ မင်းအစ်ကိုတွေရဲ့ အဝတ်အစားအကျန်တွေပဲ ဝတ်ပြီး အရုပ်အဟောင်းတွေနဲ့ပဲ ကစားတော့!”
ဝမ်ချင်း၏ မျက်နှာကတော့ မှိုင်တွေနေဆဲဖြစ်သည်။ သူမ စိတ်ရွှင်မနေမှန်း သိသာပါသည်။
ချင်းရှင်းကျစ်က သူ့မိန်းမကို ချော့လိုက်လေသည်။ “မိန်းမ ဝမ်းမနည်းပါနဲ့ကွာ။ ကျန်းမာရေးအတွက် မကောင်းဘူး။ သားယောက်ျားလေး ဆိုရင်တောင် ကျန်းကျန်းမာမာနဲ့ မွေးလာရင် ဝမ်းသာစရာပဲ မဟုတ်လား”
ဝမ်ချင်းက စိတ်မပါစွာ ပြောလိုက်သည်။ “ယောက်ျား ကျွန်မနဲ့ ဆေးရုံမှာ သေချာစစ်ကြည့်ဖို့ လိုက်ခဲ့ပါလား”
“အဲ့တာက…”။ ချင်းရှင်းကျစ် တွန့်ဆုတ်သွားပြီး ဆရာကြီးရှုယီကို အားနာစွာ ကြည့်လိုက်ပါသည်။ ဆရာကြီးရှုယီရဲ့ စိတ်ကို အားလုံး သိကြသည်။ သူ့မိန်းမစကားကြောင့် ဆရာကြီးရှုယီ ဒေါသထွက်သွားနိုင်ပါသည်။
ဆရာကြီးရှုယီက ဘာမှမပြောသေးသဖြင့် ချင်းရှင်းကျစ်က ဝမ်ချင်းကို အမြန်ထပ်နှစ်သိမ့်လိုက်ပါသည်။ “ဆရာကြီးရှုယီ ကိုယ်တိုင်တောင် ပြောပြီးပြီပဲ။ မမှားနိုင်ပါဘူး။ အမှန်တရားကို ဒီတိုင်းပဲ လက်ခံလိုက်ရအောင်နော်”
ဝမ်ချင်းကတော့ ဘာအရိပ်အကဲမှ မကြည့်နိုင်ပါ။ “ဒါပေမယ့်… အခွင့်အရေးရှိနေသေးရင် ဘယ်လိုလုပ်မလဲ…”
ဒီကိုယ်ဝန်က တခြားကိုယ်ဝန်တွေနဲ့ ခြားနားသည်ဟု ဝမ်ချင်းခံစားနေရသည်။ ထို့ကြောင့် ဒီတစ်ခေါက် မိန်းကလေး ဖြစ်မည်ဟု သူမ ယုံကြည်ထားခဲ့တာဖြစ်သည်။
“ဟုတ်ပါတယ် ကိုယ်နားလည်ပါတယ်”။ ချင်းရှင်းကျစ် ပြန်ပြောလိုက်လေသည်။
“ဟင်း!”။ ဆရာကြီးရှုယီလည်း မကျေမနပ် ဝင်ပြောလိုက်လေသည်။ “သွားကြ သွားကြ ဆေးရုံမှာပဲ သွားစစ်ကြ! ငါ့ဆေးပညာကို မယုံကြည်ရင် ငါ့ဆီမှာ ဆေးလာမကုနဲ့တော့! ဆေးရုံမှာပဲ သွားကုကြ!”
ဆရာကြီးရှုယီက နဂိုကတည်းက စိတ်ဆတ်လွယ်သူဖြစ်သဖြင့် သူ့ဆေးပညာကို ဝမ်ချင်းက သံသယဖြစ်နေသောအခါ ချက်ချင်း ဒေါသထွက်သွားခဲ့ပါသည်။
ဒါကိုကြားတော့ ရီဝေနေသည့် ဝမ်ချင်းလည်း အသိစိတ်ပြန်ကပ်ကာ ကြောက်လန့်သွားလေသည်။
ချင်းရှင်းကျစ်က ဆရာကြီးရှုယီ၏ လက်ကို ကိုင်ကာ အမြန်တောင်းပန်လိုက်ရသည်။ “ဆရာကြီးရှုယီ ဒေါသ မထွက်ပါနဲ့။ ကျွန်တော့် မိန်းမက ဆရာကြီးရဲ့ ပညာကို မယုံကြည်လို့ မဟုတ်ပါဘူး။ အမှန်တရားကို လက်မခံနိုင်ဖြစ်နေတာပါ”
“ငါ့စကားကို လက်မခံနိုင်ဖြစ်နေပေမယ့် ဆေးရုံက အယ်ထရာဆောင်း အဖြေကိုတော့ လက်ခံနိုင်မယ်မလား။ အဲ့တာဆို ငါ့ဆီမှာ ဘာလို့ ဆေးလာကုနေသေးလဲ။ ဆေးရုံသွားလိုက်တာ ပိုမကောင်းဘူးလား”
ဆရာကြီးရှုယီက ခွင့်မလွှတ်ဘဲ လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
ထို့ကြောင့် ဝမ်ချင်း အလွန်ကြောက်သွားပြီး ဆရာကြီးရှုယီ၏ လက်ကို ဆွဲကာ ဝင်တောင်းပန်လိုက်ပါသည်။
“အဘိုးယန် ကျွန်မ တောင်းပန်ပါတယ်။ ခုနက ကျွန်မ စိတ်နဲ့လူနဲ့ မကပ်ဖြစ်သွားလို့ပါ။ အဲ့တာကြောင့် ကျွန်မ ဆေးရုံမှာ ဆေးသွားစစ်မယ်လို့ ပြောမိလိုက်တာပါ။ အဘိုးယန်ရဲ့ ပညာကို မယုံကြည်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး!”
… … …
အခန်း(၉၉၈) ယောက်ျားလေးပါဆို (၂)
ထို့နောက် ဝမ်ချင်း ခေါင်းငုံ့လိုက်ပြီး သူမရဲ့ ဝမ်းဗိုက်ကို ထိကိုင်လိုက်ပါသည်။ “အဘိုးယန်ကြောင့်သာ မဟုတ်ရင် ဒီကလေးလေး အခုချိန်ထိတောင် အသက်ရှင်နေမှာ မဟုတ်ဘူး။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျွန်မရဲ့ သွေးသားနဲ့ အသက်ဝိညာဉ်ပဲလေ။ အဘိုးယန်သာ ဆက်ပြီး မကုသပေးဘူးဆိုရင် ကျွန်မ ဒီကလေးကို ဘေးကင်းကင်းနဲ့ မွေးနိုင်မှာ မဟုတ်ဘူး”
ဝမ်ချင်း၏ စကားကိုကြားမှ ဆရာကြီးရှုယီ ဒေါသအနည်းငယ်ပြေသွားသည်။ သို့သော် မျက်နှာကတော့ ခက်ထန်နေဆဲ ဖြစ်ပါသည်။
အဘိုးချင်းလည်း ထိုင်မနေနိုင်တော့ဘဲ ပြဿနာ ဝင်ဖြေရှင်းပေးလိုက်ပါသည်။ “အဘိုးကြီးယန် ကျုပ်ချွေးမကို စိတ်မဆိုးပါနဲ့။ သူ့ကိုယ်စား ကျုပ်ပဲ တောင်းပန်ပါတယ်။ သဘောထားကြီးပေးလိုက်ပါ”
အဘွားချင်းကလည်း တောင်းပန်လိုက်သည်။ “ဆရာကြီးရှုယီ ဒီကလေးကို စိတ်မဆိုးပါနဲ့။ သူက ကိုယ်ဝန်ဆောင် ထားရတာဆိုတော့ စိတ်ခံစားချက်တွေ ရှုပ်ထွေးနေလို့ နေမှာပါ”
အဘိုးချင်းတို့ လင်မယားကတောင် ဝင်တောင်းပန်နေပြီဖြစ်သဖြင့် ဆရာကြီးရှုယီ အလျှော့ပေးလိုက်ပါသည်။ “ပြီးတာပဲ။ ငါအခုချိန်အထိ ကာကွယ်ပေးထားခဲ့တဲ့ အသက်တစ်ခုမို့လို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုတာ မရှိဘူးနော်”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်မ မှားသွားပါတယ်။ နောက်တစ်ခါ အဲ့လို ရူးရူးမိုက်မိုက် စကားတွေ မပြောတော့ပါဘူး”။ ဝမ်ချင်း ခေါင်းအမြန်ငြိမ့်ကာ ထပ်တောင်းပန်လိုက်လေသည်။
--- --- ---
နောက်တစ်နေ့မနက် သားဖြစ်သူကို မူကြိုလိုက်ပို့ပေးပြီးနောက် ချင်းအိမ်တော်သို့ ယန်းမင်အာ အစောကြီး ရောက်လာခဲ့ပါသည်။
အိမ်ထဲရောက်တော့ အဘိုးချင်းတို့လင်မယားနဲ့ ဝမ်ချင်းတို့သာ အိမ်မှာ ရှိကြသည်။
အဘိုးချင်းတို့လင်မယားက နောက်ဖေးခြံမှာ ထိုက်ချိ လေ့ကျင့်နေကြသည်။ ဝမ်ချင်းက ဧည့်ခန်းထဲမှာ ထိုင်နေပါသည်။
ယန်းမင်အာ ဝင်လာတာကို မြင်သောအခါ ဝမ်ချင်းအကြည့် အနည်းငယ် မှောင်မိုက်သွားသည်။
ယန်းမင်အာက ဝမ်ချင်း၏ မျက်နှာချင်းဆိုင်မှာ ကြော့ကြော့မော့မော့ ဝင်ထိုင်လိုက်ပါသည်။
“မောနင်း ယောက်မ”။ ယန်းမင်အာက နှုတ်ဆက်လိုက်လေသည်။
“စောသားပဲ”
“ကျွန်မတို့က အပြစ်ရှိတဲ့လူတွေဆိုတော့ အဖေနဲ့ အမေတို့ ကြည်ဖြူအောင် နေပြရတာပေါ့”။ ယန်းမင်အာ ပြန်ဖြေလိုက်ပါသည်။
ဝမ်ချင်းက ယန်းမင်အာကို အကဲခတ်လိုက်သည်။ သူမစကားကိုလည်း သိပ်မယုံချင်ပါ။
မနေ့က တခြားမိသားစုဝင်တွေ ရှိနေသဖြင့် သူမတို့နှစ်ယောက် စကားသိပ်မပြောခဲ့ကြပေ။
အခုတော့ ဘယ်သူမှ မရှိသဖြင့် ဝမ်ချင်း မေးလိုက်ပါသည်။ “မတ်လေးနဲ့ ယောက်မတို့ နှစ် ၂၀ အတွင်း အတော်လေး အဆင်ပြေနေကြတယ်လို့ ကြားမိတယ်။ ပြီးတော့ ဟွာချန့်မြို့ကို ရောက်လာကတည်းက နင်တို့မိသားစု တော်တော် နာမည်ကြီးနေတာနော်”
ကိုယ်ဝန်သည်ဖြစ်သဖြင့် အိမ်မှာသာ အနားယူနေရတာကြောင့် ကုမ္ပဏီနဲ့သက်ဆိုင်သည့် ပွဲအခမ်းအနားတွေ၊ ပါတီပွဲတွေကို ဝမ်ချင်း မတက်ရောက်နိုင်ပါ။ ထို့ကြောင့် သူမ ကြားထားသည့် သတင်းတွေက မှန်မမှန် မသေချာနိုင်ပေ။
“ကျွန်မ နာမည်ကြီးတာ မကြီးတာတော့ မသိဘူး။ ဒါပေမယ့် ကျွန်မရောက်လာတာကို ယောက်မအကြီးဆုံးကတော့ သိပ်ကြိုဆိုတဲ့ပုံ မပေါ်ဘူးနော်”။ ယန်းမင်အာက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“နင်ထင်တာ မှားနေပြီ။ အခု နင်တို့ကို မကြိုဆိုတဲ့လူဆိုလို့ အဖေနဲ့ အမေတို့ပဲ ရှိတယ်”။ ဝမ်ချင်းက ပြန်ချေပလိုက်ပြီး နွားနို့ခွက်ကို တည်တည်ငြိမ်ငြိမ် ယူကာ သောက်လိုက်ပါသည်။
“အဲ့တာဆို အဖေနဲ့ အမေတို့ ခွင့်လွှတ်တဲ့အခါကျရင် ယောက်မအကြီးဆုံးက ယွင်ကျစ်နဲ့ ကျွန်မတို့ကို ချင်းမိသားစုလုပ်ငန်းတွေ ကိုင်တွယ်ခွင့် ပေးမှာလား”။ ယန်းမင်အာ ထပ်မေးလိုက်သည်။
“ဟွာချန့်မြို့မှာ အခုပြောနေကြတဲ့ သတင်းတွေအရတော့ နင်တို့ လင်မယားက ချင်းမိသားစုလုပ်ငန်းတွေကို ကိုင်တွယ်စရာ မလိုပါဘူး ဟုတ်တယ်မလား။ ဒါမှမဟုတ် အဲ့ဒီသတင်းတွေက နင်တို့ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေဆိုရင်တော့ တစ်မျိုးပေါ့”။ ဝမ်ချင်း ပြောလိုက်သည်။
မတ်လေးနဲ့ ယောက်မတို့ကို ဝမ်ချင်း အခြေအမြစ်မရှိ သံသယဝင်နေတာ မဟုတ်ပါ။ ဒီနှစ်ယောက် ငယ်ငယ်တုန်းက ပြဿနာအိုးတွေ ဖြစ်ခဲ့ကြဖူးသည်။
“ဟုတ်ပါတယ်။ ယောက်မ အကြီးဆုံး ခန့်မှန်းတာ မှန်ပါတယ်။ ဟွာချန့်မြို့က လူတွေကို အရူးလုပ်ခဲ့တဲ့ ကောလဟာလ သက်သက်ပါ”။
ယန်းမင်အာ ပြုံးလိုက်ပြီး ဝမ်ချင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်ပါသည်။
“တကယ်ကြီးလား။ အဲ့တာဆို နင်တို့ ဘာလုပ်ဖို့ ကြံနေကြတာလဲ”။ ဝမ်ချင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဒေါသမထွက်ပါနဲ့။ ကျွန်မတို့ ဘာမှ ကြံစည်နေတာ မဟုတ်ဘူး”။ ယန်းမင်အာက ပြန်ဖြေလိုက်ပါသည်။
“ငါသတိပေးထားမယ်နော်။ ချင်းမိသားစုကို ထိခိုက်အောင် ဘာမှ လာမလုပ်နဲ့! နင်တို့ လင်မယားကြောင့် အဖေနဲ့ အမေ အချိန်အကြာကြီး နာကျင်ခဲ့ရတာ။ အခုသူတို့ကို ဒုက္ခထပ်ပေးချင်သေးလို့လား”။ ဝမ်ချင်း မေးလိုက်သည်။
“အဲ့စကားတွေကို အဖေနဲ့ အမေတို့အတွက် တကယ်စိတ်ပူလို့ ပြောနေတာဆိုရင်တော့ ယောက်မအကြီးဆုံးကို လေးစားပါတယ်။ ဒီနေ့ ကျွန်မကို ဆဲဆို ရိုက်နှက်ရင်တောင် ငြိမ်ခံမှာပါ။ ဒါပေမယ့် ယောက်မအကြီးဆုံးက အဖေနဲ့ အမေတို့အတွက် ပြောနေတာ ဟုတ်လို့လား”။ ယန်းမင်အာက ပြန်မေးလိုက်ပါသည်။
… … …
အခန်း(၉၉၉) စူယွီယွမ်ကို ချူးယန်ရှီ ရန်စခြင်း (၁)
“နင်ဘာတွေ လာပြောနေတာလဲ။ အဖေနဲ့ အမေတို့ကို မထိခိုက်စေချင်လို့ ပြောတာ မဟုတ်လို့ ဘာလဲ”။ ဝမ်ချင်းက အကြည့်လွှဲကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ အဲ့လိုပဲ တကယ်ဖြစ်ပါစေ။ တခြားရည်ရွယ်ချက်တစ်ခုခု မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်”။ ယန်းမင်အာ ပြောလိုက်ပါသည်။
“နင်တို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ”
အဘွားချင်းက ထိုက်ချိလေ့ကျင့်ပြီးကာ မနက်စာစားဖို့ အိမ်ထဲပြန်ဝင်လာစဉ် ချွေးမနှစ်ယောက် စကားပြောနေတာကို နားစွန်နားဖျား ကြားသွားပါသည်။
“အမေ ပြန်လာပြီလား”။
ယန်းမင်အာ မတ်တပ်ရပ်လိုက်ပြီး အဘွားချင်းကို ကြိုဆိုလိုက်ပါသည်။
အဘွားချင်းက ယန်းမင်အာကို ပြန်ကြည့်လိုက်ပြီး ခံစားချက်မပါစွာ မေးလိုက်ပါသည်။ “နင်မနက်စာ စားပြီးပြီလား။ မစားရသေးရင် တစ်ခုခုစားလိုက်ဦး။ အလုပ်သမားတွေကို ငါတို့က အမြတ်ထုတ်နေတယ်လို့ ငါ့သမီးလေး ထင်သွားဦးမယ်”
“စားပြီးပါပြီ အမေရဲ့။ အမေ့ကို ကြာကြာ အဖော်ပြုပေးချင်လို့ စောစောလာခဲ့တာပါ”။ ယန်းမင်အာ ပြန်ဖြေလိုက်ပါသည်။
“စားပြီပြီဆိုလည်း အပေါ်ထပ်သွာ သွားစောင့်နေ။ စားပွဲပေါ်က စာရွက်စာတမ်းတွေကို လေ့လာထား။ နင့်ကို စောင့်နေတဲ့ အလုပ်တွေ အများကြီးရှိတယ်”။
အဘွားချင်းက ဘာမှ အားနားမနေဘဲ ယန်းမင်အာကို အပေါ်ထပ်သို့ ချက်ချင်း နှင်လွှတ်လိုက်ပါသည်။
ဒါကိုကြားတော့ ဝမ်ချင်းက အမြန်မေးလိုက်လေသည်။ “အမေ အနောက်မြောက်ပိုင်း ပရောဂျက်မှာ မင်အာကို တကယ် ကူညီခိုင်းမလို့လား”
မနေ့က စူစူလေးရဲ့ စကားကို အဖေနဲ့ အမေ သဘောတူခဲ့တုန်းက စကားအဖြစ် ပြောခဲ့တာဖြစ်မည်ဟု ဝမ်ချင်း ထင်ထားခဲ့သည်။ ဒီနေ့ ယန်းမင်အာ ရောက်လာတာနဲ့ ယောက္ခမဖြစ်သူက ထိုစရာရွက်စာတမ်းတွေကို တကယ် ထုတ်ပြလိမ့်မည်ဟု ဝမ်ချင်း ထင်မထားခဲ့ပေ။
“ဟုတ်တယ်။ ဒီကောင်မလေးကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ငါပိုက်ဆံတွေ အများကြီး သုံးခဲ့ရတာ။ အခု သူ့ကို ပြန်ခိုင်းဖို့ အချိန်ရောက်ပြီလေ”။ အဘွားချင်း အတည်ပြောနေခြင်း ဖြစ်ပါသည်။
ယခင်တုန်းက ယန်းမင်အာ ရန်တွေဖြစ်ပြီး ဆိုးသွမ်းတတ်သော်လည်း စာအလွန်တော်ပါသည်။ အဘွားချင်း၏ ထောက်ပံ့ပေးမှုနဲ့ MBA ဘွဲ့ပါ ရအောင် ယူနိုင်ခဲ့သည်။
“အဲ့တာဆိုလည်း… ပြီးတာပါပဲ”။ ဝမ်ချင်း အနည်းငယ် စိတ်ပျက်သွားပြီး ခေါင်းငုံ့သွားသည်။
ဝမ်ချင်း၏ မျက်နှာကိုကြည့်လျက် ယန်းမင်အာရဲ့ မကျေနပ်မှုတွေ တစ်ဆင့် ပိုတက်သွားခဲ့လေသည်။
--- --- ---
နေ့လယ်ခင်း ဟုံဖုန်းမူကြိုတွင် ကလေးတွေအားလုံး စာသင်ခန်းထဲမှာ နေ့လယ်စာ အတူတူစားရပါသည်။
အလေ့အကျင့်ကောင်း ဖြစ်စေဖို့အတွက် ကလေးတွေက စားပြီးသားဟင်းခွက်ပန်းကန်တွေကို ကောင်တာသို့ ကိုယ်တိုင် ပြန်ပို့ပေးရသည်။
စူယွီယွမ်က တခြားကျောင်းသားတွေစားသောက်ပြီး နောက်ဆုံးကျန်မှ စားသောက်လို့ ပြီးလေသည်။
ထို့နောက် ပန်းကန်တွေ ခွက်တွေ ထည့်ထားသည့် ဗန်းကို ဂရုတစိုက်ကိုင်လျက် ကောင်တာသို့ လျှောက်လာခဲ့ပါသည်။ ချူးယန်ရှီဘေးမှ ဖြတ်သွားစဉ် စူယွီယွမ် ရုတ်တရက် ခလုတ်တိုက်ပြီး ကြမ်းပြင်ပေါ် မှောက်လဲသွားလေသည်။
ကြမ်းပြင်ပေါ် မျက်နှာနဲ့ ကျတာဖြစ်ပြီး လက်ထဲက ပန်းကန်တွေ ခွက်တွေလည်း အဝေးကို လွင့်စင်သွားပါသည်။
ဆရာမက စူယွီယွမ်ကို အမြန်လာထူပေးလေသည်။
ကံကောင်းစွာဖြင့် ကြမ်းပြင်မှာ ကော်ဇောအထူသားတွေ ခင်းထားသဖြင့် စူယွီယွမ် ဒဏ်ရာအနာတရ သိပ်မဖြစ်ပါ။ မျက်နှာတွေ၊ ခြေတွေ လက်တွေမှာ သိသိသာသာ ဒဏ်ရာ မရပေ။
“အီးဟီးဟီး…”
စူယွီယွမ် နာကျင်မှုကြောင့် အော်ငိုသွားလေသည်။
ဆရာမကျူးက စူယွီယွမ်ကို ချော့နေပြီး ဆရာမချမ့်က ဆေးသေတ္တာ သွားယူလေသည်။
စူစူလေး၊ ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့လည်း အပြေးရောက်လာကြပါသည်။
“နာ…နာ…နာတယ်”။ စူစူလေးကို မြင်သောအခါ စူယွီယွမ် ပိုဝမ်းနည်းစွာ ငိုကြွေးလိုက်လေသည်။
စူယွီယွမ် ငိုနေတာကို မြင်တော့ စူစူလေး စိတ်မကောင်းဖြစ်သွားပြီး စူယွီယွမ်လေးကို ဖက်ထားပေးလိုက်သည်။
“ယွမ်ယွမ်လေးက လိမ္မာတယ်။ နာတာတွေ ပျောက်သွားအောင် ဒေါ်လေး ဖက်ထားပေးမယ်။ ယွမ်ယွမ်လေး မငိုနဲ့တော့”
တောင်ပေါ်ဒေသမှာတုန်းက ဒေါ်လေးနျိုု့ သူ့ကလေးတွေကို ချော့သည့်ပုံစံအား စူစူလေး တုပလိုက်ပြီး စူယွီယွမ်လေးရဲ့ ကျောကို ပုတ်ကာ ချော့ပေးလိုက်ပါသည်။
ဆရာမကျူးကလည်း အမြန် ဝင်ချော့လိုက်သည်။ “စူယွီယွမ်လေးက သတ္တိရှိတယ်နော်! သတ္တိရှိတယ် နာမှာ မကြောက်ဘူးမလား!”
တခြားကျောင်းသားတွေလည်း စူယွီယွမ်လေးကို အားပေးလိုက်ကြပါသည်။
“စူယွီယွမ် အားတင်းထား မငိုနဲ့!”
“စူယွီယွမ်က လိမ္မာတယ်!”
“…”
“အီး…”။ အားလုံး ဝိုင်းနှစ်သိမ့်ပေးနေသဖြင့် စူယွီယွမ်လေးလည်း ငိုချင်စိတ်ကို ထိန်းလိုက်ပါသည်။
အချိန်အတန်ကြာတော့ စူယွီယွမ်လေး အငိုတိတ်သွားလေသည်။
… … …
အခန်း(၁,၀၀၀) စူယွီယွမ်ကို ချူးယန်ရှီ ရန်စခြင်း (၂)
သို့သော်လည်း ငိုထားသဖြင့် စူယွီယွမ်လေး မျက်နှာက နီရဲနေပြီး မျက်ရည်တွေ နှပ်ချေးတွေနဲ့ ပေပွနေပါသည်။
“စူယွီယွမ်လေးက သတ္တိရှိလိုက်တာ! ဆေးလိမ်းပြီးရင် ပြန်ကောင်းသွားမှာနော်၊ နာလည်း မနာတော့ဘူး!”။ ဆရာမကျူးက အားပေးလိုက်သည်။
“ချော်လဲတာ နာတယ်မလား။ နောက်တစ်ခါဆို ယွီယွမ်လေးက သတိထားပြီး လမ်းလျှောက်ရမယ်နော်။ မဟုတ်ရင် အခုလို ချော်လဲလိမ့်မယ်”။ ဆရာမချမ့်ကလည်း ဆုံးမလိုက်သည်။
“ချူးယန်ရှီ ခြေထိုးခံလိုက်တာ!”။ ကျိုးဟောက်က ယုံကြည်ချက် အပြည့်ဖြင့် ရုတ်တရက် ပြောလိုက်လေသည်။
ဒါကိုကြားတော့ ဆရာမတွေနဲ့ ကျောင်းသားတွေ အာားလုံး ကျိုးဟောက်ကို ဝိုင်းကြည့်လိုက်ကြပါသည်။
ထို့နောက် ချူးယန်ရှီကိုလည်း လှည့်ကြည့်လိုက်ကြသည်။
ချူးယန်ရှီက စာအုပ်တစ်အုပ်ကိုင်ထားပြီး ဘာတွေဖြစ်သွားသလဲ မသိသလို ဟန်ဆောင်နေပါသည်။
တခြားသူတွေ ဝိုင်းကြည့်နေကြသော်လည်း ချူးယန်ရှီ တည်တည်ငြိမ်ငြိမ်ရှိနေပြီး လိပ်ပြာမလုံစိတ်လည်း မရှိပေ။
စာသင်ခန်းထဲမှာ လုံခြုံရေး ကင်မရာတွေရှိမှန်း ချူးယန်ရှီ သိပါသည်။ ထိုကင်မရာတွေရဲ့ ရှုထောင့်ကို သေသေချာချာ လေ့လာပြီးမှ သူမ ယခုထိုင်နေသည့် ထိုင်ခုံက ကင်မရာထဲမှာ မပေါ်နိုင်မှန်း အတည်ပြုခဲ့သည်။ ခြေထိုးခံလိုက်သည့် လုပ်ရပ်မျိုးကို ကင်မရာထဲမှာ မြင်ရမှာ မဟုတ်ပါ။
“ကျိုးဟောက်လေး ပြောတာ အမှန်ပဲလား”။ ဆရာမကျူးက ကျိုးဟောက်ကို အမြန်မေးလိုက်သည်။
တကယ်သာဆို ဒါအသေးအဖွဲ ကိစ္စမဟုတ်ပေ။
စူစူလေးနဲ့ ချင်းလောင်ယွင်တို့လည်း ကျိုးဟောက်ကို ပြိုင်တူ ကြည့်လိုက်ကြပါသည်။
“ဟောက်ဟောက် နင်လိမ်လို့ မရဘူးနော်။ အမှန်တိုင်း ပြောရမယ်”
“တကယ်ပါဆို! ငါတကယ်မြင်လိုက်တယ်! ဒေါ်လေးစူစူကို ငါမလိမ်ဘူး!”။ ကျိုးဟောက် အာမခံလိုက်သည်။
“ဟုတ်ပြီ။ ငါနင့်ကိုယုံတယ်!”။ ကျိုးဟောက်ကို စူစူလေးလည်း ယုံကြည်ပါသည်။
ကျိုးဟောက်ထိုင်သည့်နေရာကို ဆရာမကျူး လှမ်းကြည့်လိုက်သည်။ သူ့ထိုင်ခုံမှ စူယွီယွမ်လေး လဲကျသွားသည့် နေရာကို တကယ်ရှင်းရှင်းလင်းလင်း မြင်ရပါသည်။
ဆရာမကျူး ဝေခွဲရခက်သွား၏။ တကယ် ဒီလိုဖြစ်ခဲ့တာဆို ပြဿနာကြီးပါသည်။
ခေတ္တစဉ်းစားပြီးနောက် ချူးယန်ရှီကို ဆရာမကျူး မေးကြည့်လိုက်သည်။ “ချူးယန်ရှီလေး။ ကျိုးဟောက်ပြောတာ တကယ်ပဲလား။ သမီးခြေထောက်နဲ့ စူယွီယွမ်လေးကို ချော်လဲအောင် လုပ်လိုက်တာလား”
“မလုပ်ပါဘူး။ သမီးဖာသာ စာဖတ်နေတာလေ ဆရာမ”။ ချူးယန်ရှီ အပြစ်ကင်းစင်သော ပုံစံလေးဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ကျိုးဟောက်က သမီးခြေထိုးခံတာကို မြင်တယ်လို့ ပြောတယ်”။ ဆရာမကျူး ထပ်မေးလိုက်သည်။
“ဟင် ခြေထိုးခံတယ် ဟုတ်လား။ မဟုတ်ပါဘူး။ ကျိုးဟောက် အမြင်မှားတာ မဖြစ်နိုင်ဘူးလား”။ ချူးယန်ရှီ ပြန်ချေပလိုက်သည်။
လူကြီးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ရှိနေသည့် သူမ အတွက် ဒီလိုကလေးတွေကို လှည့်စားရတာ အသက်ရှူရသလောက်ပင် မခက်ခဲပါ။
ချူးယန်ရှီရဲ့ အပြစ်ကင်းစင်နေသော မျက်လုံးလေးများနဲ့ ကျိုးဟောက်ရဲ့ ယုံကြည်မှုခိုင်မာနေသော မျက်နှာတို့ကြောင့် ဆရာမကျူး ဆုံးဖြတ်ရခက်နေပါသည်။
စူစူလေးက လက်သီးကို တင်းကျပ်စွာ ဆုပ်ထားသည်။ ချူုးယန်ရှီကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေ၏။
ဒီကလေးဆိုးက သူမကို သဘောမကျဘူး!
ဒါပေမယ့် ချူးယန်ရှီကလည်း ကလေးလေးမို့လို့ တချို့အပြစ်တွေကို ခွင့်လွှတ်ပေးလို့ရတယ်
ဒါပေမယ့် သူမထက်တောင် ပိုငယ်တဲ့ သူမတူလေး ယွမ်ယွမ်ကို ချော်လဲအောင် လုပ်တာကိုတော့ ခွင့်လွှတ် မပေးနိုင်ဘူး!
စူစူလေး လက်သီးဆုပ်လျက် ရှေ့တိုးလာသည်။ သို့သော် သူမရဲ့ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားသော ဆရာမကျူးက အမြန်တားလိုက်ပါသည်။
“စူစူလေး ဘာလုပ်မလို့လဲ”။ ဆရာမကျူး ထိတ်လန့်စွာ မေးလိုက်သည်။
“ထိုးမလို့!”။ စူစူလေး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ဟင်”
“သမီးတူလေးယွမ်ယွမ်ကို ချော်လဲအောင် လုပ်တယ်။ အဲ့တာကြောင့် သူ့ကို ထိုးမလို့!”။ စူစူလေး ပြောလိုက်သည်။
“စူစူလေး ခဏနေပါဦး! အခုလောလောဆယ် ချူးယန်ရှီလေးက စူယွီယွမ်လေးကို ချော်လဲအောင် လုပ်တယ် ဆိုတဲ့ သက်သေခိုင်ခိုင်လုံလုံ မရှိသေးဘူးလေ ဟုတ်တယ်မလား။ ကျိုးဟောက်လေး အမြင်မှားတာကော မဖြစ်နိုင်ဘူးလား။ အပြစ်မရှိတဲ့လူတစ်ယောက်ကို ဆရာမတို့ မှားယွင်းစွပ်စွဲလို့ မရဘူးလေ ဟုတ်တယ်မလား”။ ဆရာမကျူး အမြန် ရှင်းပြလိုက်ပါသည်။
“အင်း… အဲ့တာတော့ ဟုတ်ပါတယ်”။ စူစူလေးကလည်း လက်ခံသည်။
“အဲ့တာဆို ခဏပဲစောင့်နော်။ ဆရာမကို စုံစမ်းဖို့ အချိန်လေးပေးပါ။ ပြီးမှ စူစူလေး ကြိုက်သလောက် ဒေါသထွက်လို့ ရတယ် ဟုတ်ပြီလား”
… … …