← Chapters

ယွင်ရှီး၏ ဒေါသ၊ ကိုယ်လုပ်တော်လန်၏ ပျော်ရွှင်မှု

Vol. 24 Ch. 346

ယွင်ရှီး၏ ဒေါသ၊ ကိုယ်လုပ်တော်လန်၏ ပျော်ရွှင်မှု

Vol. 24 Ch. 346

အခန်း (၃၄၆)  :  ယွင်ရှီး၏ ဒေါသ၊ ကိုယ်လုပ်တော်လန်၏ ပျော်ရွှင်မှု

ထိုစဉ် မြောက်ပင်လယ်၌ …

ရေခုခံရေး အစီအရင်များဖြင့် ဖုံးလွှမ်းထားသည့် ဧရာမ အံ့ဖွယ်မိုးကောင်းကင် ပျံသန်းရေးယာဉ်ကြီးက ပင်လယ်ထဲ အလျှင်အမြန် သွားလာနေသည်။ ပျံသန်းရေးယာဉ် ကုန်းပတ်ပေါ်တွင် ဝိညာဉ်စမ်းရေကို စည်ပိုင်းလောက်ကြီးသည့်  အဖန်ရည်အိုးဖြင့် ကျိုချက်နေလေသည်။ ပူပေါင်းများ တက်လာကာ ဆူပွက်လာပြီး အငွေ့များ ပျံ့လွှင့်လာသောကြောင့် ဘေးပတ်လည်ရှိ တပည့်များက တံတွေးမျိုချလိုက်ကြသည်။

ဝိညာဉ်စမ်းရေတစ်ခုတည်းဖြင့်ပင် ဝိညာဉ်ချီပမဏ အမြောက်အများ ပါဝင်နေသောကြောင့် သာမန်ကျင့်ကြံသူများအတွက် အတော်လေး ဆွဲဆောင်နိုင်ပေသည်။

ရှန်ထျန်းက လက်ထဲတွင် ဉာဏ်အလင်းပွင့် သစ်ရွက်ကိုင်ထားသည့်အကြောင်း ထည့်မပြောရသေးပေ။ ဤသည်မှာ ပိုက်ဆံဖြင့်ပင် မဝယ်နိုင်သည့် ရတနာ ဖြစ်၏။

ပျံသန်းရေးယာဉ် ဒုတိယအထပ်ရှိ အကြီးအကဲများ၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကြသည်။

မူလက သူတို့ဂုဏ်သိက္ခာဖြင့် ချုပ်ထိန်းထားသောကြောင့် ဝိညာဉ်စမ်းရေတစ်ခုတည်းဖြင့် သူတို့ကို မလှုပ်ကိုင်နိုင်ကြောင်း အေးစက်ချင်ယောင်ဆောင်ခဲ့ကြသည်။ သို့သော်လည်း နောင်တရနေကြသည်။

ဤသည်က ဉာဏ်အလင်းပွင့် သစ်ရွက် ဖြစ်ပြီး ကောင်းကင်အသျှင် သို့မဟုတ် ဝိဇ္ဇာများပင် တစ်ခွက်လောက် သောက်လိုက်ပါက အကျိုးမြတ်များစွာ ရလာနိုင်သော အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ပေသည်။

ရေစည်ပိုင်းလောက် ကျိုနေရုံတင် မကဘဲနဲ့ ရွှေအမြုတေအဆင့်နဲ့ အခြေတည်အဆင့် ကလေးစုတ်တွေကို တိုက်ချင်သေးတာလား … သူတို့က ဒါသောက်ပြီး ဘယ်လောက်ဉာဏ်အလင်းပွင့်လာမှာတုန်း

ဉာဏ်အလင်းပွင့် သစ်ရွက်က ကျင့်ကြံသူတစ်ယောက်၏ ဉာဏ်အလင်းပွင့်မည့် အလားအလာကို တိုးမြင့်ပေးနိုင်စွမ်း ရှိသည်။ ဉာဏ်အလင်းပွင့်လာဖို့ လိုအပ်ချက်များမှာ ကနဦးဝိညာဉ်အဆင့်၊ ဝိညာဉ်အသွင်ပြောင်းအဆင့်နှင့်အထက် ရောက်မှသာ ပိုများပြားလာလိမ့်မည်။

အကယ်၍ ဉာဏ်အလင်းပွင့် သစ်ရွက်များကို အကြီးအကဲများဆီ ပေးလိုက်ပါက အဆင့်သစ်ကို ချိုးဖောက်နိုင်လောက်အောင် များစွာ တိုးတက်လာကြလိမ့်မည်။

ထိုတပည့်များအတွက်မူ သူတို့က ကျင့်ကြံရေးအတွက် သာမန်ဆေးလုံးများကို မှီဝဲနိုင်လေသည်။ အကျိုးသက်ရောက်မှုက အတူတူသာ ဖြစ်၏။ သူတို့ကို ဉာဏ်အလင်းပွင့် အဖန်ရည် တိုက်ခြင်းက ဖြုန်းတီးမှုတစ်ခုသာ ဖြစ်၏။

သူတို့တပည့်များသာ ဤသို့ ဖြုန်းတီးနေလျှင် အကြီးအကဲများက ခေါင်းပိတ်ရိုက်ကာ သင်ခန်းစာ ပေးမိလိမ့်မည်။ သို့သော်လည်း လုပ်ဆောင်နေသူမှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်း ဖြစ်နေသောကြောင့် အကြီးအကဲများက အလျှင်စလို မပြုမူရဲကြပေ။ သူ့ဆရာဖြစ်သူ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှိနေသေး၏။

ဂိုဏ်းချုပ်က ရှန်ထျန်းကို တားဖို့ စိတ်ကူးမရှိသည့်ပုံ ပေါ်နေလေသည်။ သူ့အနားရှိ မိုးကြိုးများနှင့် ကောင်းကင်အရှိန်အဝါတို့က အသာလှုပ်ခတ်နေသော်လည်း အမူအယာက ပြောင်းလဲခြင်း မရှိပေ။

ဂိုဏ်းချုပ်၏ သဘောထားကို မသိရသောကြောင့် အကြီးအကဲများက အတော်လေး သဘောထားကွဲလွဲနေကြသည်။

ရှန်ထျန်းသာ တပည့်များကို အဖန်ရည် မျှဝေပေးတာကို ခွင့်ပြုပေးလိုက်ပါက နောင်တအကြီးအကျယ် ရမိလောက်၏။ သို့သော်လည်း သူတို့ အောက်ဆင်းပြီး တပည့်များ၏ အဖန်ရည်ကို သွားလုပြန်လျှင် သူတို့ဂုဏ်သိက္ခာ ကျန်ရှိတော့မည် မဟုတ်ပေ။

ကောင်းကင်အသျှင်တိုင်းက ကြာပြာလို မဟုတ်ကြပေ။

လက်ရှိ အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲများအားလုံးက ပထမဆုံး လှုပ်ရှားမည့်လူကို မျှော်လင့်နေကြသည်။ တစ်ယောက်ယောက်သာ အောက်ဆင်းပြီး ဉာဏ်အလင်းပွင့် အဖန်ရည် သွားသောက်ပါက သူတို့လည်း နောက်မှ လိုက်သွားကြမည်။

ထိုသို့ဖြင့် သူတို့က ဂုဏ်သိက္ခာမဆုံးရှုံးတော့ဘဲ ဉာဏ်အလင်းပွင့် အဖန်ရည်လည်း ရလာလိမ့်မည်။

နှမြောစရာကောင်းသည်က ဒုတိယအထပ်ရှိ အကြီးအကဲများက တစ်ယောက်နှင့် တစ်ယောက် ရှက်ရှက်ရွံ့ရွံ့ဖြင့်သာ ကြည့်နေကြသည်။ မည်သူမှ အရင်ဆုံး မဖြစ်ချင်ကြပေ။

သူတို့တပည့်များက အောက်မှာရှိနေသောကြောင့် သူတို့ဆရာများက အဖန်ရည်လုဖို့ အောက်ဆင်းလာကြသည်ကို မြင်လျှင် အတော်လေး မျက်နှာပျက်ရပေမည်။

ဒါက လူပုံအလယ် အရှက်ကွဲသလို ဖြစ်ပေမည်။

…………....

နောက်ဆုံးတွင် ရှန်ထျန်းက ခရမ်းရောင် ဉာဏ်အလင်းပွင့် သစ်ရွက် ငါးရွက်ကို လက်ဖက်ရည်အိုးထဲ ထည့်လိုက်ကာ ဝိညာဉ်စမ်းရေဖြင့် ကျိုချက်လိုက်သည်။ ဉာဏ်အလင်းပွင့် သစ်ရွက်များက ရေထဲရောက်သွားသည်နှင့် ရနံ့သင်းသင်းလေး ထုတ်လွှင့်လာသည်။ ထို့အပြင် လက်ဖက်ရည်အိုးထိပ်တွင် မြွေပျံ၊ ပိရှုး၊ ထောင်ဝူ စသည့် ပုံရိပ်ယောင်များ ပေါ်ထွက်လာလေ၏။

ပုံရိပ်ယောင်များက ပျံသန်းရေးယာဉ် တစ်ဝက်ကျော်လောက်ကို ဖုံးအုပ်သွားကာ လက်ဖက်နံ့သင်းသင်းလေး ပျံ့လွှင့်လာသည်။

ပျံသန်းရေးယာဉ် ဒုတိယအထပ်ရှိ အကြီးအကဲများက တံ့တွေးမျိုချနေကြသည်။

ဒီလို ဉာဏ်အလင်းပွင့် အဖန်ရည် စည်ပိုင်းလောက်ကြီးထဲ တစ်ခွက်လောက် ချန်ထားပေးကြပါ … ဒါမှမဟုတ် ဒီနေ့အတွက် ဂုဏ်သိက္ခာကို လွှင့်ပစ်လိုက်ရမလား

တစ်ချိန်တည်းတွင် မျှော်လင့်မထားသည့် လူတစ်ယောက် ရောက်ရှိလာသည်။

တာအိုကိုယ်တော်ကြီးက ပျံသန်းရေးယာဉ် တတိယအထပ်မှ ရုတ်တရက် ခုန်ဆင်းလာသည်။ သူက လင်းလက်တောက်ပနေသည့် အပြုံးတစ်ပွင့်ဖြင့် ထိုလက်ဖက်ရည်အိုးကို တည့်တည့်ကြည့်လိုက်သည်။

“ ဂိုဏ်းတူ တူလေး … မင်းရဲ့ ဉာဏ်အလင်းပွင့် အဖန်ရည်က ဘာလို့ချဉ်တယ်လို့ ခံစားမိနေပါ့လိမ့် ”

ရှန်ထျန်းက ကြောင်သွားလေသည်။

ချဉ်တာတဲ့လား … လာနောက်နေတာလား

ဒီအရွက်တွေက အပြည့်အဝ အရွယ်မရောက်သေးရင်တောင် သူတို့က ထိပ်သီးရတနာတွေလေ  ဟုတ်ပြီလား

ရှန်ထျန်းက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။

“ ဆရာဦးလေးကြာပြာက နောက်နေတာပဲ။ ဒီဉာဏ်အလင်းပွင့် အဖန်ရည်က ဘယ်လိုလုပ် ချဉ်ရမှာလဲ ”

ကောင်းကင်အသျှင် ကြာပြာက ခေါင်းသာခါလိုက်မိသည်။

“ သေချာပေါက် ချဉ်တယ်။ ငါ အနံ့ရတယ်။ ဒါ ရက်လွန်နေတာများလား။ ပြဿနာတစ်ခုခု ရှိနေရင် သောက်ပြီးတဲ့နောက် ချီသွေဖယ်မှု ခံစားရနိုင်တယ်လေ။ ငါတို့  စွန့်စားလို့ မဖြစ်ဘူး ”

ကြာပြာက ပြောလိုက်ရင်း လက်ဖက်ရည်အိုးဆီ လျှောက်လာကာ ဦးခေါင်းအရွယ်ရှိ ဧရာမ ပန်းကန်လုံးကြီးကို ထုတ်လိုက်၏။

“ အရင်ဆုံး ငါ မြည်းစမ်းကြည့်ရအောင် … တကယ်လို့ ရက်လွန်နေရင်တောင် ငါပဲ ခံစားရမယ်လေ။ မင်းတို့အားလုံးက အထွတ်အမြတ်မြေရဲ့ အနာဂတ်မျှော်လင့်ချက်လေးတွေဆိုတော့ ဘာမှဖြစ်လို့ မဖြစ်ဘူး ”

ထိုသို့ပြောပြီးနောက် ကြာပြာကောင်းကင်အသျှင်က တစ်ခွက် ခပ်ကာ သောက်ပစ်လိုက်သည်။

ဂလု ဂလု ဂလု …

“ အရသာတော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ စည်းမျဉ်းစွမ်းအားက မပြည့်စုံသေးဘူး။ နည်းနည်း ထူးဆန်းနေသလိုပဲ။ နောက်ထပ် တစ်ခွက်လောက် ထပ်စမ်းကြည့်လိုက်မယ် ”

ဂလု ဂလု ဂလု …

ရှန်ထျန်း  “ … ”

တပည့်များ  “ … ”

အကြီးအကဲများ  “ … ”

သေစမ်း သေစမ်း သူက အရှက်ကို မရှိဘူး … အရှက်မဲ့လွန်းတယ် …

ဒုတိယအထပ်ရှိ အကြီးအကဲများစွာက မကျေမနပ် ပြုံးလိုက်ကြသည်။

ကြာပြာက အရည်ထူလွန်းလေသည်။

တပည့်တွေရဲ့ အဖန်ရည်ကို ဒီလိုအကြောင်းပြချက်မျိုးနဲ့ တကယ်ကြီး လုသောက်ခဲ့တယ်ပေါ့လေ … အကြီးအကဲတစ်ယောက်နဲ့ လုံးဝကို မတူဘူး

အကြီးအကဲများက တစ်ယောက်ပြီး တစ်ယောက် ကုန်းပတ်ဆီ ဆင်းပြီး ကြာပြာအား သွားမတားခင်အထိ လှောင်လိုက်ကြသည်။

“ အစ်ကိုကြီးကြာပြာ … ဒါက ဆေးလုံးတွေ လုပ်သလိုမျိုး သိရတာ မဟုတ်ဘူးလေ။ ဉာဏ်အလင်းပွင့် အဖန်ရည်က ဆိုးလား ကောင်းလား ဘယ်လို အရသာခံနေရတာတုန်း။ ဒီလို အဖိုးတန် ဉာဏ်အလင်းပွင့် အဖန်ရည်ကို ဖြုန်းနေတာပဲ … ကျုပ်ပဲ စမ်းသပ်ပေးပါရစေ ”

“ မင်းက တန်လို့လား။ ဂိုဏ်းတူ တူမလေး ကြာဖြူအပြင် ငါက ဆေးလုံးဖော်စပ်ရာမှာ အတော်ဆုံးပဲ … ဒီဉာဏ်အလင်းပွင့် အဖန်ရည် တစ်စက်လောက်နဲ့ အရည်အသွေးကို မြည်းစမ်းနိုင်တယ် ”

“ ဂိုဏ်းတူ ဦးလေးက အသက်ကြီးလွန်းနေပါပြီ။ ကျန်းမာရေးလည်း ယိုယွင်းလာပြီဆိုတော့ သောက်ပြီးတော့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ပဲ စမ်းပေးပါရစေ ”

………….....

အကြီးအကဲများက အဖန်ရည်ကို လုနေကြသည်ကို မြင်ကာ အံ့ဖွယ်မိုးကောင်းကင် တပည့်များက တစ်ယောက်နှင့် တစ်ယောက် နေရခက်စွာ ကြည့်လိုက်ကြသည်။

အဟွတ်ဟွတ် … ဒီအဖန်ရည်က တစ်ခုခု ဖြစ်နေလို့ ဆရာက တကယ်ကြီး အောက်ဆင်းလာတာလား

ငါတို့လည်း မသိပေမဲ့ မေးလည်း မမေးရဲဘူး …

သို့သော်လည်း အတည်ပြုပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ နောင်၌ ကြာပြာကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင်တွင်  ပိုမို ယုံကြည်ချက်ရှိလာတော့မည်  ဖြစ်၏။ အကြောင်းမှာ အားလုံးက ကြာပြာကောင်းကင်အသျှင်လိုမျိုး ပြုမူနေကြ၍ ဖြစ်သည်။

“ လူမတိုးကြနဲ့ .. ကိုယ့်အပြုအမူကို မှတ်ထားကြဦး ”

ထိုစဉ် ဂိုဏ်းချုပ်၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

“ ဉာဏ်အလင်းပွင့် အဖန်ရည်က ဘာမှမဖြစ်ဘူးဆိုတော့ ဒီလောက် ရုတ်ရုတ်သည်းသည်း ဖြစ်စရာ မလိုဘူး ”

ကြာပြာက ဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်နေဆဲ ဖြစ်ကာ  “ ညီလေး ဉာဏ်အလင်းပွင့် အဖန်ရည်မှာ ပြဿနာမရှိကြောင်း ဘယ်လိုလုပ် သိလဲ။ ငါတို့က တပည့်တွေရဲ့ လုံခြုံဘေးကင်းမှုကို တာဝန်ယူပေးရမယ်လေ ”

ဂိုဏ်းချုပ်အနားရှိ  မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က အပြင်းအထန် လှုပ်ခါသွားပြီး ရွှေရောင်မိုးကြိုးက ဧရာမလက်ကြီးအဖြစ် ပြောင်းလဲသွားကာ ကြာပြာအား တတိယအထပ်ဆီ ဆွဲခေါ်သွားလေသည်။

“ ထျန်းအာက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲ ဉာဏ်အလင်းပွင့် သစ်ရွက်အတော်လေး ရထားတယ်လို့ ငါ့ကို အကြောင်းကြားပြီးပြီ ”

ဂိုဏ်းချုပ်က ငွေရောင်ဖျော့ဖျော့ သစ်ရွက်လေးကို ထုတ်ပြလိုက်သည်။

“ ဒါက အကြီးအကဲတွေအတွက် အကောင်းဆုံး ဉာဏ်အလင်းပွင့် သစ်ရွက်တဲ့။ တတိယထပ်မှာ အဖန်ရည်ကျိုပေးမှာဆိုတော့ နောက်ကျမကျန်ချင်ရင် မြန်မြန်တက်ခဲ့ကြ ”

သူက ပြောလိုက်ရင်း သူ့အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က ပိုမို လှုပ်ခတ်လာသည်။ ငွေရောင် သစ်ရွက်လေးက သူ့လက်ထဲတွင် ဖြစ်၏။

ဂိုဏ်းချုပ်လက်ထဲရှိ သစ်ရွက်လေးကို မြင်ပြီး ကောင်းကင်အသျှင်များစွာက အံ့အားသင့်သွားကြသည်။

သေစမ်း သေစမ်း …

နယ်မြေငါးခုမှာ ဒီလိုဉာဏ်အလင်းပွင့် သစ်ရွက်အဆင့်မျိုး ရှိသေးတာလား …

သူတော်စင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ဒီလိုအထွတ်အထိပ်ရတနာမျိုး တွေ့လာပြီးတော့ ဂိုဏ်းကို ပေးခဲ့တယ်တဲ့လား …

ငါတို့သူတော်စင်က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်လဲ … ငါတို့ဂိုဏ်းမှာ သူတော်စင် ရှိနေသရွေ့ နောင်အခါ နယ်မြေငါးခုကို အုပ်စိုးဖို့ စိတ်ပူဖို့ မလိုဘူး

ဆုံးဖြတ်လိုက်ပြီ … သူက နောက်ဂိုဏ်းချုပ်ပဲ ဖြစ်ရမယ်

သူတော်စင်ကို ဂိုဏ်းချုပ်ဖြစ်ဖို့ ကန့်ကွက်သူတိုင်းကို ပါးချပစ်မယ်

ဝှီး

ဝှီး  ဝှီး

ဝှီး  ဝှီး   ဝှီး …

အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် အကြီးအကဲများက တစ်ယောက်ပြီး တစ်ယောက် အပေါ်ထပ် ရောက်သွားကြသည်။ သူတို့၏ တည်ငြိမ်လေးနက်သည့် အပြုအမူများအဖြစ် ပြန်ပြောင်းသွားကြလေသည်။

“ အခုလေးတင် ဉာဏ်အလင်းပွင့် အဖန်ရည်ကို မြည်းကြည့်လိုက်တာ။ ဘာမှပြဿနာ မရှိဘူး။ ငါတို့အတွက် အများကြီး အသုံးမဝင်ပေမဲ့ မင်းတို့အားလုံးအတွက် ကျင့်ကြံဆင့် မြင့်ပေးတဲ့နေရာမှာ အကျိုးအာနိသင် ရှိလိမ့်မယ်”

“ သူတော်စင်က အားလုံးကို ရက်ရက်ရောရောနဲ့ ပေးထားတာဆိုတော့ မင်းတို့အားလုံး ဒီအခွင့်အရေးကို အပြည့်အဝ ဖမ်းဆုပ်ပြီးတော့ စည်းမျဉ်းတွေအပေါ် နားလည်လာအောင် ကြိုးစားရမယ်။ သူတော်စင်ကို စိတ်မပျက်စေနဲ့ …”

“ ဒီနေ့ သူတော်စင်က မင်းတို့ကို ဉာဏ်အလင်းပွင့် အဖန်ရည်ကို လက်ဆောင်ပေးထားတာဆိုတော့ နောင်မှာ အခွင့်အရေးရင် ငါတို့အထွတ်အမြတ်မြေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနေတဲ့ သူတော်စင်ကို ထောက်ပံ့ပေးရမယ်။ ဒါကို မင်းတို့စိတ်ထဲ မှတ်သားထားရမယ်”

“ အစ်ကိုကြီး၊ အစ်ကို(၂)၊ အစ်ကို(၃) စကားပြောလို့ ပြီးပြီလား။ ဂိုဏ်းချုပ်က အဖန်ရည် ကျိုနေပြီ။ အခုဝင်မလာရင် ကြာပြာက အကုန်သောက်သွားလိမ့်မယ်နော် ”

“ လခွမ်း ငါ့ကို စောင့်ကြပါဦး ”

“ ငါ့အတွက် တစ်ခွက် ချန်ထားပေးဦး မဟုတ်ရင် မင်းကို မိုးကြိုးလက်သီးနဲ့ ထုပစ်မယ် ”

.......................

ဝှီး …

ကုန်းပတ်ပေါ်ရှိ အကြီးအကဲအားလုံး ပျောက်ကွယ်သွားကြသည်။

ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့ ပြောစရာ ရှာမတွေ့တော့ပေ။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်ရင်း မျက်နှာပူနေကြသည်။

အရင်တုန်းက သူတို့လေးစားရတဲ့ အကြီးအကဲတွေ ဟုတ်ရဲ့လား … ဒီအကြီးအကဲတွေက အသက်ကြီးပြီး အရှက်မရှိတဲ့ လူအိုကြီးတွေလို့ ခံစားနေရပြီ ..

ကျန်းယွင်ရှီးအတွက်မူ  သူမက ရှန်ထျန်းကို စိုက်ကြည့်နေဆဲ ဖြစ်၏။ အခြားလူများကို ကြည့်လျှင် ရေခဲတမျှ အေးစက်နေသည့် သူမအကြည့်များက ယခုအခါ ဆောင်းဦးရေအလား နွေးထွေးနေလေသည်။

သူမက ရှန်ထျန်းဘေးနား ဖြည်းဖြည်းချင်း လျှောက်လာကာ ပြုံးလိုက်ပြီး  “ မောင်လေးက မြောက်ပင်လယ်သွားပြီးတော့ ကျင့်ကြံဆင့် အတော်လေး တိုးတက်လာတာပဲ။ ဟိုနဂါးမယ်ရော အခုဘယ်ရောက်နေတုန်း။ မောင်လေးနဲ့ အတူတူမရှိနေဘူးလား ”

ရှန်ထျန်းက ပြုံးလိုက်ပြီး အဖန်ရည်ကို တဖန်ကျိုလိုက်ပြန်သည်  “ အစ်မပင်းက နဂါးနက်ကျွန်းမှာ သီးသန့်လေ့ကျင့်နေတယ်။ သူမက ကျင့်ကြံဆင့် ပြန်ရဖို့ ပြင်ဆင်နေတဲ့ပုံပဲ … ဂိုဏ်းတူအစ်မ စိတ်ဝင်စားရင်  ညမှ အသေးစိတ် ပြန်ပြောပြမယ်လေ။ ပြီးတော့ အစ်မအတွက် သီးသန့်အဖန်ရည် ကျိုပေးမယ် ”

အဖန်ရည် ကျိုပေးမယ်တဲ့လား … သီးသန့်တဲ့လား …

ကျန်းယွင်ရှီးက ခဏတာ ကြောင်သွားပြီး မျက်နှာက နီရဲလာလေသည်။

မောင်လေးက ညဘက် လရောင်အောက်မှာ အဖန်ရည် သောက်ဖို့ ဖိတ်နေတာလား …

ကျန်းယွင်ရှီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ ဒီနှစ်ဝက်အတွင်း မောင်လေး တွေ့ကြုံခဲ့ရတာတွေကို နားထောင်ဖို့ စိတ်ဝင်စား ... ”

ကျန်းယွင်ရှီး စကားမဆုံးခင် အသံတစ်သံက ဝင်နှောင့်ယှက်သွားလေသည်။

“ သူတော်စင်အစ်ကို… သူတော်စင်အစ်ကို ပြန်ရောက်လာပြီလား ”

ဒုန်း ဒုန်း …

ကုန်းပတ်က အတော်လေး တုန်ခါသွားပြီးနောက် ဆန်းကြယ်ပုံစံများ ရေးထွင်းထားသည့် သံမဏိတုတ်ချောင်းကို သယ်ဆောင်ထားသည့် ဧရာမ သံမဏိအရုပ်ကြီး ရှန်ထျန်းရှေ့ ထွက်ပေါ်လာသည်။

လူသားဦးခေါင်းအရွယ်လောက် ငွေရောင် သံလုံးများကို အရုပ်၏ ခါးတွင် ချည်နှောင်ထားပြီး အလင်းရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

ဝုန်း …

သံမဏိအရုပ်၏ ဦးခေါင်းက ဖြည်းဖြည်းချင်း ပွင့်လာကာ ရုပ်ချောချော မျက်နှာလေး ပေါ်ထွက်လာသည်။ သူ့ရွှေရောင်ဆံပင်များက နေရောင်အောက်တွင် တောက်ပနေပြီး ရုပ်ရည်ကို ပိုမို ထောက်ပံ့ပေးနေသည်။

ထိုအမျိုးသားက ရှန်ထျန်းအား လေးစားမှု၊ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ ဂိုဏ်းတူအစ်ကို ဂိုဏ်းတူအစ်ကို … အခု ကျွန်တော် စက်ရုပ်ကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာ လေ့လာနေတာ။ အစ်ကိုပြန်ရောက်တယ် ကြားတာနဲ့ ချက်ချင်း ထွက်လာလိုက်တာ။ ကျွန်တော် မသိတာတွေ အများကြီးဆိုတော့ စက်ရုပ်နဲ့ ပတ်သတ်ပြီး မေးချင်တာတွေလည်း အများကြီးပဲ။ ဂိုဏ်းတူအစ်ကို အချိန်ရှိလား။ ကျွန်တော်ကို သင်ပေးပါဦး ”

ကျန်းယွင်ရှီး  “ … ”

သေစမ်း … မောင်လေးရှန်နဲ့ စကားဝိုင်းကို လာဖျက်စီးရဲတယ်ပေါ့လေ

သူမက ချင်ယွင်တိကို အေးစက်စက် ကြည့်လိုက်သော်လည်း ချင်ယွင်တိက ရှန်ထျန်းကိုသာ ကြည့်နေလေသည်။ ထို့ကြောင့် သူက သူ့ဂိုဏ်းတူအစ်မဆီမှ ထုတ်လွှင့်နေသော သတ်ဖြတ်ငွေ့တို့ကို မခံစားမိပေ။

ဒုန်း ဒုန်း ဒုန်း …

အရုပ်ကြီး ရှန်ထျန်းနား ရောက်လာကာ ထိုင်ချလိုက်သောကြောင့် ကုန်းပတ်တစ်ခုလုံး တုန်ခါသွားလေသည်။

ရှန်ထျန်းက ချင်ယွင်တိ အောက်မှ စက်ရုပ်ကို ကြည့်ကာ ကြောင်အမ်းသွားလေ၏။

စက်ရုပ်ကိုတောင် ဖန်တီးနိုင်တယ်လို့ ဘယ်သူက ထင်မိမှာလဲ … ပေါက်ကွဲခြင်း အနုပညာနဲ့ ရုပ်သေးရုပ်ကို တွဲဖက်ဖို့ ပြောလိုက်တာက နောက်လိုက်တာလေ

ပြီးတော့ မိုက်တယ် …

အိုတာခုတစ်ယောက်အတွက် စိတ်ကူးယဉ်တွေကို ကျေနပ်သွားစေသလိုပဲ …

ရှန်ထျန်းက စက်ရုပ်ကို အသာပွတ်လိုက်ကာ ပြုံးလိုက်ပြီး  “ ချင်ယွင်တိ … မင်းက တကယ်ကို ပါရမီရှင်ပဲ ”

ချင်ယွင်တိ၏ ရုပ်ချောချော မျက်နှာလေးက နီရဲလာကာ  “ အစ်ကိုက လာမြှောက်နေတာပဲ။ အစ်ကိုနဲ့ ယှဉ်လိုက်ရင် ကျွန်တော်က တုံးအနေပါသေးတယ် ”

ရှန်ထျန်းက ပြုံးလိုက်ပြီး  “ မင်း အချိန်အကြာကြီး လေ့လာနေတာဆိုတော့ ပင်ပန်းနေလောက်ပြီ။ လာလာ ဉာဏ်အလင်းပွင့် အဖန်ရည်လေး သောက်ပြီး နားလိုက်ဦး။ ဒီအဖန်ရည်အိုး တည်ပြီးတော့မှ ဆက်ပြောကြတာပေါ့ ”

ကျန်းယွင်ရှီး  “ … ”

ဘာအခြေအနေကြီးလဲ … ငါ အရင်ရောက်လာတာလေ

ကျန်းယွင်ရှီးက  ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

“ မောင်လေးပြောတော့ အဖန်ရည်သောက်ရင်း အစ်မနဲ့  ညဘက် စကားပြောမယ်ဆို ”

အာ ပြောခဲ့တာလား …

ရှန်ထျန်းက အံ့အားသင့်သွားသည်။ သူက ကျောကို ကုတ်ကာ ပြုံးလိုက်ရင်း  “ ဒီစက်ရုပ်ကို မြင်ပြီး အရမ်းစိတ်လှုပ်ရှားသွားလို့ … ပြီးတော့မှ သုံးယောက်သား အတူတူသောက်ကြတာပေါ့။ နောက်ထပ် သစ်ရွက်တွေ ကျန်သေးတယ် ”

ရှန်ထျန်းအနားရှိ လူများက အဆင့်မြင့် ပါရမီရှင်များ ဖြစ်သောကြောင့် ရှန်ထျန်း ဝှက်ထားသည့် ငွေရောင်သစ်ရွက်များနှင့် ထိုက်တန်ပေသည်။

သုံးယောက်တဲ့လား … ငါတို့ နှစ်ယောက်တည်း မဟုတ်တော့ဘူးလား …

ကျန်းယွင်ရှီးက ရှန်ထျန်းဘေးနား ထိုင်နေသည့် ချင်ယွင်တိကို ကြည့်လိုက်ရင်း မဲ့ရွဲ့သွားလေသည်။

မောင်လေးအတွက် ဒီအေးစက်စက် သတ္တုကြီးက ငါနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းရမှာထက် ပိုအရေးကြီးနေတာလား  …

ဒီစက်ရုပ်လို့ ခေါ်တဲ့ ဟာကြီးကို ဖျက်စီးပစ်လိုက်ချင်တာ …

ကျန်းယွင်ရှီး၏ အဆိုးမြင် +၆၆၆၆၆

…………….....

ဉာဏ်အလင်းပွင့် အဖန်ရည်သောက်ပြီးနောက် ချင်ယွင်တိ၏ တစ်ကိုယ်လုံးမှ ခရမ်းရောင် အလင်းတန်းများ ထွက်လာလေသည်။ အထူးသဖြင့် သူ့ဦးခေါင်းမှ ဖြစ်သည်။ သူ့ရွှေရောင်ဆံပင်များက ခရမ်းရွှေရောင် သမ်းသွားသလို ဖြစ်သွားကာ ဉာဏ်ပညာကြီးမားသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။

သူက တစ်ခုခု ဖော်ထုတ်နိုင်သွားသလိုမျိုး ရှန်ထျန်းကို တလေးတစား ကြည့်လိုက်သည်။

“ နားလည်ပြီ နားလည်ပြီ … ဒီပညာရပ် အတားအဆီးကို နားလည်သွားပြီ …

အစ်ကိုရှန်ရဲ့ ဉာဏ်အလင်းပွင့် အဖန်ရည်က အရမ်းကောင်းတယ်။ တစ်ခွက်လောက်သောက်ပြီးတာနဲ့ ကျွန်တော် အပြည့်အဝ မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းတွေနဲ့ ပတ်သတ်ပြီး နားလည်သဘောပေါက်သွားပြီ။ ဆန်းကြယ်လိုက်တာ အရမ်းမိုက်တယ် … ကျွန်တော် စိတ်ထဲ ဉာဏ်ကွန့်မြူးမှုတွေ ပြည့်နှက်နေသလိုပဲ။ မဖြစ်သေးဘူး ဖြုန်းတီးနေလို့ မဖြစ်ဘူး။ ကျွန်တော် ထပ်ပြီး လေ့လာလိုက်ဦးမယ် ”

ဒုန်း ဒုန်း ဒုန်း …

ဧရာမစက်ရုပ်ကြီးက တဖန်မတ်တတ်ရပ်သွားကာ ချင်ယွင်တိက သီးသန့်လေ့ကျင့်ခန်းဆီ ပြေးသွားတော့သည်။

“ အစ်ကိုရှန်ကို ပြီးတော့မှ ထပ်လာရှာမယ်နော် ”

ရှန်ထျန်းက ချင်ယွင်တိ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ကာ မနေနိုင်ဘဲ ရယ်လိုက်မိသည်။

“ သူက စက်ရုပ်ကို တကယ်ကြီး တီထွင်ခဲ့တာပဲ ”

ကောင်လေးတိုင်းက စက်ရုပ် ရှိပြီး ကျင့်ကြံရေးလောကမှာ ဓားပျံ စီးနိုင်ဖို့ အိပ်မက်မက်ကြတယ် မလား …

ရှန်ထျန်းက ချင်ယွင်တိကို အလုံအလောက် ထောက်ပံ့ပေးပါက  မည်မျှသွားနိုင်သည်ကို ကြည့်ချင်မိသည်။

ဟုတ်တယ် … နောင်ကျရင် ယွင်တိကို ဉာဏ်အလင်းပွင့် အဖန်ရည် တိုက်ရမယ်

သုတေသီတစ်ယောက်အတွက် စိတ်ပင်ပန်းတယ်ဆိုတော့ အာဟာရဖြည့်ဖို့ အဖန်ရည်များများ သောက်ဖို့လိုတယ် …

.....................

ဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျိုနေဆဲ ဖြစ်၏။  ဆူပွက်နေသည့် ဝိညာဉ်စမ်းရေက သစ်ရွက်၏ အဆီအနှစ်များကို စုပ်ယူသွားလေသည်။

ရှန်ထျန်းက ဆိုင်ရှင်စုန့်၊ လျိုထိုက်ယီနှင့် အခြားလူများကို ပျံသန်းရေးယာဉ်ပေါ်ရှိ တပည့်တိုင်းဆီ  ဉာဏ်အလင်းပွင့် အဖန်ရည်တစ်ခွက်စီ ဝေပေးဖို့ အမိန့်ပေးလိုက်သည်။

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် တပည့်တိုင်း၏ ခန္ဓာကိုယ်မှ ခရမ်းအလင်းရောင်များ ထုတ်လွှင့်လာသည်။ နဂိုအတားအဆီးနှင့် ကြုံတွေ့နေကြသူများသည် ယခုအခါ အလျှင်အမြန် ချိုးဖောက်သွားကြလေပြီ။

တပည့်အားလုံးနီးပါး၏ သူတို့ကျင့်စဉ်နှင့် တိုက်ကွက်များအပေါ် နားလည်နိုင်စွမ်းကလည်း အရှိန်နှုန်းအပြည့် တိုးတက်လာသည်။ အများစုက တိုက်ရိုက် အဆင့်တက်သွားကြ၏။

မိုးကြိုးရောင်စုံကြောင့် အားလုံး၏ မျက်လုံးများပင် စူးလာရသည်။

တပည့်ရင်းတစ်ယောက်၏ ဦးခေါင်းအထက်တွင် ရွှေအမြုတေတစ်ခု ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ သူ့အရှိန်အဝါလည်း ထွက်ပေါ်လာသည်။

သူက အဆင့်တက်သွားလေပြီ။

သူက မျက်ရည်ဝဲလုမတတ် ဖြစ်နေပြီး ရှန်ထျန်းဆီ ဦးညွှတ်လိုက်သည်။

“ သူတော်စင်အစ်ကိုရှန်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုအပေါ် ကျေးဇူးကြွေးတင်သွားပါပြီ ”

သူ တစ်ယောက်တည်း မဟုတ်ပေ။

ကံကောင်းသူအများစုက ထိုတပည့်းလို အဆင့်တက်သွားကြသည်။ သူတို့က ကျင့်ကြံရေး အတားအဆီး ဒါမှမဟုတ် စိတ်အတားအဆီးမျိုးကြောင့် ကျင့်ကြံဆင့် ရပ်တန့်နေကြသူများ ဖြစ်ကာ အချိန်အတော်ကြာသည့်အထိ မချိုးဖောက်နိုင်ခဲ့ကြပေ။

သူတို့က ဉာဏ်အလင်းပွင့် အဖန်ရည် သောက်သုံးပြီးနောက် စိတ်ကြည်လင်သွားကာ နောက်တစ်ဆင့် အောင်အောင်မြင်မြင် တက်လှမ်းသွားကြသည်။ တချို့က အကြိမ်များစွာ ချိုးဖောက်တက်လှမ်းသွားကြသည်။

ကျင့်ကြံရေးလမ်းစဉ်၌ အခြားလူများကို အဆင့်တက်အောင် တားဆီးခြင်းက မိဘတွေကို သတ်လိုက်သလို ရန်ကြွေးမျိုး ဖြစ်ကာ အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခြင်းက တစ်ယောက်ကို ဘဝအသစ် ပေးလိုက်သလိုမျိုး ဖြစ်၏။

လက်ရှိ အံ့ဖွယ်မိုးကောင်းကင် တပည့်တိုင်းက လေးလေးနက်နက် ကျေးဇူးတင်နေကြသည်။

“အစ်ကိုရှန်ရဲ့ အဖန်ရည်အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုရှန်အပေါ် ကျေးဇူးကြွေးတင်သွားပါပြီဗျာ ”

“အစ်ကိုရှန်ရဲ့ အဖန်ရည်အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုရှန်အပေါ် ကျေးဇူးကြွေးတင်သွားပါပြီဗျာ ”

“အစ်ကိုရှန်ရဲ့ အဖန်ရည်အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုရှန်အပေါ် ကျေးဇူးကြွေးတင်သွားပါပြီဗျာ ”

………………...

ကျေးဇူးတင်သံများက နားအူမတတ် ဖြစ်ကာ လေးနက်လှ၏။

ပျံသန်းရေးယာဉ်က ပျံသန်းလာသော်လည်း လက်ဖက်နံ့လေးက ကြာမြင့်စွာ တည်ရှိနေသေးသည်။

ကွေ့ကုန်းကုန်းပင် နွေးထွေးသော လေထုအောက် စိတ်သက်သာရာ ပြုံးလိုက်မိသည်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မီးတိုင်းပြည်ရဲ့ မေ့လျော့ခံ ၁၃ ယောက်မြောက် အရှင့်သားကို နမိတ်မကောင်းတဲ့ ကံဆိုးသူလို့ ဘယ်သူက တွေးမိမှာလဲ …

တစ်နှစ်ကြာမြင့်ပြီးနောက် အရာအားလုံး ပြောင်းလဲသွားလေသည်။ အရှင့်သားက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်လာရုံသာမက နယ်မြေငါးခုလုံး၌ပင် သူ့ဒဏ္ဍာရီလာ အဖြစ်အပျက်များနှင့် ပြည့်နှက်နေလေပြီ။

အထွတ်အမြတ်မြေနှင့် နတ်ဆိုးမျိုးနွယ်များမှ ပြိုင်ဖက်ကင်း မိန်းမလှလေးများက အရှင့်သားနား ဝိုင်းဝိုင်းလည်နေကြပြီး တစ်ယောက်ချင်းစီကလည်း အခြားသူများထက် သာလွန်ကြသည်။

အခုအချိန် ငါ သေရင်တောင် နောင်တရစရာ မရှိတော့ဘူး …

ရှန်ထျန်းက ပြုံးလိုက်ပြီး ကွေ့ကုန်းကုန်းဆီ လျှောက်လှမ်းလာကာ  “ ဦးလေးကွေ့ ဒီမှာ … ”

ကွေ့ကုန်းကုန်းက ရှန်ထျန်းဆီမှ အဖန်ရည်ခွက်ကို ယူလိုက်ရင်း သူ့မျက်လုံးများက အနည်းငယ် နီရဲလာလေသည်။ သူက မီးတိုင်းပြည် ရှိသည့် အရှေ့ဘက်သို့ ကြည့်လိုက်မိသည်။

နောက်ဆုံးတော့ အရှင့်သား အရွယ်ရောက်လာပြီ .. ကောင်းကင်ဘုံကလည်း သူ့ကို ချီးမြောက်ခဲ့ပြီ။

ခါးသီးတဲ့နေ့ရက်တွေ ကုန်လွန်သွားပြီး ချိုမြိန်တဲ့ နေ့ရက်တွေ အလှည့်ကျရောက်လာပြီ။ အရှင့်သားမှာ အငယ်လေးတွေ အများကြီးရှိပြီးတော့ အစ်ကို၊ အစ်မတွေကလည်း သူ့ကို အလေးအနက် ထောက်ပံ့ပေးကြတယ် …

ကိုယ်လုပ်တော်လန်သာ သိရင် သေချာပေါက် ပျော်ပြီးတော့ အေးအေးချမ်းချမ်း အနားယူနိုင်တော့မှာပဲ …

All Chapters