← Chapters

ပင်လယ်အံ့ဖွယ်တူ၊  နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

Vol. 24 Ch. 347

ပင်လယ်အံ့ဖွယ်တူ၊  နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

Vol. 24 Ch. 347

အခန်း (၃၄၇) :  ပင်လယ်အံ့ဖွယ်တူ၊  နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ သူ့မိတ်ဆွေများအတွက် ကပ်စေးနည်းမည့်လူ မဟုတ်ပေ။

ဉာဏ်အလင်းပွင့် အဖန်ရည်ကို အံ့ဖွယ်မိုးကောင်းကင်မှ တပည့်တိုင်းကို ပေးလိုက်ပြီးနောက် ရှန်ထျန်းက သူတို့ကံကြမ္မာရောင်ဝါ တိုးတက်လာကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ထိုတပည့်များ၏ ရောင်ဝါက အနီရောင် အစက်အပြောက်များနှင့် အစိမ်းရောင် အများစုဖြစ်ကြပြီး အလွန်သာမန်ကျသော ကံကြမ္မာမျိုး ဖြစ်၏။ သို့သော် အရေအတွက် အားကောင်းလွန်းလှသည်။

တပည့်တချို့ရဲ့ ကံကြမ္မာရောင်ဝါထဲ ကံအပြောင်းအလဲ အခွင့်အရေးကောင်းမျိုး ပေါ်လာခဲ့လျင် မည်သို့ဖြစ်မည်နည်း။

ရှန်ထျန်းက ပျံသန်းရေးယာဉ်ရှေ့တွင် လက်နောက်ပစ်လျက် ရပ်နေသည်။ သူက ထိုတပည့်များ၏ အားတက်သရော အမူအယာကို မြင်ပြီးနောက် မပြုံးဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် ပျံသန်းရေးယာဉ်က ကျွန်းအကြီးကြီး တစ်ကျွန်းဆီ ရောက်ရှိလာသည်။ ထိုကျွန်းကြီးကို မိုးကြိုးတိမ်တိုက်များနှင့် ဧရာမ အစီအရင်ကြီးက ဖုံးလွှမ်းထားလေ၏။

အစီအရင်အောက်တွင် ပင့်ကူအိမ်လို ရှုပ်ယှက်ခတ်နေသည့် ခရမ်းရောင် မိုးကြိုးများ ပျံ့နှံ့နေသည်ကို မြင်နေရသည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကျွန်း ဖြစ်ပြီး မြောက်ပင်လယ်၌ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ နေရာတစ်ခု ဖြစ်သည်။ ကျွန်းက ဝိညာဉ်ချီများ သိပ်သည်းမနေသော်လည်း ကောင်းချီနယ်မြေနှင့် ချိုင့်ဝှမ်းများနှင့် ယှဉ်နိုင်ပေသည်။

ပြောရလျှင် နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်များက ဆန့်ကျင်ဘက် ဖြစ်နေဆဲဟု  ညွှန်ပြနေသည်။ အရှေ့ပိုင်းလွင်ပြင်၊ အလယ်ပိုင်းကုန်းမြေ သို့မဟုတ် အနောက်ပိုင်းကန္တာရရှိ အထွတ်အမြတ်မြေများမှ လူသားအများစုက မြောက်ပင်လယ်တွင် ခြေကုပ်မရယူနိုင်ကြပေ။

မြောက်ပင်လယ်၏ ပင်မပိုင်နက်အတွင်း နေရာအရယူနိုင်သည်မှာ ရိုးရှင်းသည့် ကိစ္စ မဟုတ်ချေ။ ဤအရာအားလုံးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အားစိုက်မှုများကြောင့်ဟု ပြောရပေမည်။

ပျံသန်းရေးယာဉ်က အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကျွန်းပေါ် ဆင်းသက်လာသည်။ မိုးကြိုးအစီအရင်က ယာဉ်ပျံ ဆင်းသက်ပြီးနောက် မြန်မြန်ဆန်ဆန် ပိတ်သွားလေသည်။

ဝေါင်း …

ယာဉ်ပျံဆင်းသက်လိုက်သည်နှင့် အနီးအနားမှ ဧရာမနဂါးကြီးတစ်ကောင် အော်သံ ထွက်ပေါ်လာသည်။ ထိုအရာမှ မြေကွဲလုမတတ် စွမ်းအားတို့ ထုတ်လွှင့်နေလေ၏။

“ နဂါးနက်ဘုရင် အောင်းယဲ့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းကို တွေ့ခွင့်တောင်းပါတယ် ”

ဧရာမနဂါးနက်ကြီးက အနက်ရောင်ချပ်ဝတ်နှင့် လူလတ်အမျိုးသားအသွင် ပြောင်းလဲသွားသည်။ သူက လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဟန်ပန်ဖြင့် လျှောက်လှမ်းလာသည်။ သူ့အားကောင်းလွန်းသည့် အရှိန်အဝါတို့ကြောင့် ဘေးနားရှိ လေဟာနယ်၌ အက်ကြောင်းများပင် ပေါ်လာခဲ့သည်။

သို့သော် သူ့အမူအယာတို့က စိုးရိမ်ကာ လေးစားမှုအပြည့် ဖြစ်နေသည်။ သူ့ကိုယ်သူ အကြီးအကဲတချို့ဆီ အခစားဝင်သလို ဖြစ်နေလေ၏။

နဂါးနက်ဘုရင်က သူ့ဝိဇ္ဇာအရှိန်အဝါကို ဖုံးကွယ်ဖို့ မကြိုးစားပေ။ ဤအချက်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီမှ ပြေးမလွှတ်ပေ။

သို့သော် ယာဉ်ပျံက လင်းလက်သွားပြီး အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။

“ နဂါးနက်ဘုရင် ကြိုဆိုပါတယ်။ အဝေးကြီးက လာခဲ့ရပေမဲ့ ကောင်းကောင်း မကြိုဆိုနိုင်ခဲ့ဘူး။ ဧည့်ဝတ်မကျေမိတာ နားလည်ပေးပါ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က နဂါးအရှိန်အဝါအားလုံးကို ဖယ်ထုတ်လိုက်သည်။

သူက အေးအေးဆေးဆေး ပြောလိုက်၏  “ နဂါးနက်ဘုရင်က ထျန်းအာကို ကိုယ်တိုင်လာတွေ့တယ်ဆိုတော့ ဘာများဖြစ်လို့လဲ ”

အောင်းယဲ့က ယာဉ်ပျံပေါ်ရှိ စပ်စုချင်နေကြသည့် တပည့်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသထွက်နေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်  “ သူတော်စင်နဲ့ နှစ်ယောက်တည်း အချိန်ပေးလို့ ရမလား ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားပြီး  “ ဒီလိုဆိုမှတော့ ထျန်းအာ နဂါးနက်ဘုရင်နဲ့ သီးသန့်ပြောလိုက်ပါ ”

လုံယွမ်ချပ်ဝတ် ဝတ်ဆင်ထားသည့် ခပ်ချောချော အမျိုးသားတစ်ယောက်က ယာဉ်ပျံပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ့ရွှေရောင်တောင်ပံတို့က ယခင်ထက် ပိုမိုတောက်ပနေကာ စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။ တောင်းမှာ အကွပ် လူမှာအဝတ် ဆိုသည့်အတိုင်း သူတော်စင်က လုံယွမ်ချပ်ဝတ်ဖြင့် ပိုမို ခန့်ညားတောက်ပနေသည်။

......................

နဂါးနက်ဘုရင်က ပြုံးကာ လေဟာနယ်ထဲ တံခါးတစ်ချပ် ဖွင့်ဟလိုက်သည်။ ထို့နောက် သူက လက်ဟန်ပြကာ  “ သူတော်စင် ဒီဘက်ကို … ”

နှစ်ယောက်လုံးက လေဟာနယ်အပေါက်ထဲ ဝင်ကာ ပျောက်ကွယ်သွားကြသည်။ အရာအားလုံး တည်ငြိမ်သွားသည်နှင့် ရှန်ထျန်းက ကျောက်သားစင်မြင့်တစ်ခုဆီ ရောက်နေကြောင်း သိလိုက်ရသည်။

ဤကျောက်သားစင်မြင့်က ပေရာကျော်ကျယ်ဝန်းပြီး အလယ်တွင် ရွှေရောင်တိုင်လုံး ရှိနေသည်။ ထိုတိုင်လုံးပေါ်တွင် ခြေငါးချောင်း ရွှေရောင်နဂါးကို ထွင်းထားလေ၏။ တကယ့် နဂါးအစစ်တစ်ကောင်အလား အသက်ဝင်လွန်းလှသည်။

ထိုနဂါး၏ မျက်ခုံးအလယ်တွင် လက်သီးအရွယ် ပုလဲဝါကြီးတစ်လုံး မြှပ်နှံထားသည်။

ရှန်ထျန်းက ထိုပုလဲကို မြင်လိုက်သည်နှင့် လိုချင်တပ်မက်စိတ်များ ပြင်းထန်လာရသည်။ ထိုပုလဲက သေချာပေါက် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်ရမည်။ ဤလေဟာနယ်ထဲ ဝင်လာပြီးနောက် လွှမ်းမိုးနိုင်စွမ်းရှိသည့် နဂါးဘုရင်က မလုံမလဲ ပြုံးပြလိုက်သည်။

သူက ရယ်မောလိုက်ပြီးနောက်  “ ဦးလေးငယ်က နဂါးနတ်ဘုရားကျွန်းကနေ နဂါးရင်းမြစ် သစ်သီးတွေ တော်တော်စုဆောင်းမိခဲ့တယ်လို့ ကြားထားတယ်။ အဲဒါ အမှန်ပဲလား။ နဂါးရင်းမြစ် သစ်သီးက နဂါးမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်ဘူး။ သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်ပြီးတော့ နဂါးမျိုးနွယ် တစ်ခုလုံးရဲ့ စွမ်းအားကို မြင့်လာစေနိုင်တယ် …

ဦးလေးငယ် အဲဒီနဂါးရင်းမြစ် သစ်သီးတွေကို ကျုပ်ဆီ ပေးလိုက်ပါ။ ကျုပ်တို့မျိုးနွယ်ရဲ့ ရတနာတွေနဲ့ အလဲအလှယ်လုပ်ပါ့မယ်။ ဈေးသာဆိုလိုက်ပါ ”

ရှန်ထျန်းက နဂါးနက်ဘုရင် မျက်နှာလိုမျက်နှာရ ပြုံးဖြီးနေသည့် အမူအယာကြောင့် အံ့ဩမိသွားသည်။ ပုံမှန်လို နဂါးအရှိန်အဝါ လွှမ်းမိုးနေခြင်းမျိုး မရှိပေ။

ဒါက အရင် နဂါးနက်ဘုရင်ပဲလား … နယ်မြေငါးခုမှာ အားအကောင်းဆုံး ကျင့်ကြံသူထဲက တစ်ယောက်ရော ဟုတ်ရဲ့လား

သူ့သား အောင်းဝူ ဝင်ပူးထားသလို ဘာလို့ ခံစားနေမိပါ့လိမ့် …

ဒါပေမဲ့ အောင်းဝူရဲ့ အကျင့်စရိုက်ကို စဉ်းစားကြည့်ရင်တော့ သူတို့က သားအဖဆိုတော့ ဖြစ်နိုင်ပါတယ်လေ

.........................

နဂါးရင်းမြစ် သစ်သီးက နဂါးများအတွက် အကျိုးရှိဆုံး ဖြစ်၏။ ထိုအရာကို ရှန်ထျန်းလည်း သိပေသည်။

သို့သော် ရှန်ထျန်းက အသက်စွန့်စားကာ ရယူခဲ့ခြင်း ဖြစ်သည်။ သူက နဂါးနတ်ဘုရားကျွန်းဆီမှ အားများစွာ စိုက်ထုတ်၍ ခူးခဲ့ရသည်။

အကယ်၍ နဂါးနက်ဘုရင်သာ အလကားလိုချင်လျှင် တစ်လုံး၊ နှစ်လုံးတော့ ပေးနိုင်လေသည်။ သို့သော် အရေအတွက် များလာပါက ရှန်ထျန်းလည်း အပြန်အလှန်အနေနှင့် တစ်ခုခု ပြန်လိုချင်မိသည်။

ရှန်ထျန်းက လည်ချောင်းရှင်းကာ နဂါးနက်ဘုရင်ကို အမူအယာ မပြောင်းမလဲ ကြည့်လိုက်သည်။

အောင်းယဲ့က တစ်ခုခု သဘောပေါက်သွားဟန်ဖြင့်

“ ဦးလေးငယ်က ဒေါ်လေးအောင်းပင်းနဲ့ နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုထားတာဆိုတော့ ကျုပ်တို့က နဂါးမိသားစုကြီးလိုပဲလေ။ ဦးလေးငယ်အပေါ် အခွင့်ကောင်းမယူပါဘူး။ နဂါးရင်းမြစ် သစ်သီးက တခြားမျိုးနွယ်အတွက် အသုံးမဝင်ဘူး။ နဂါးရင်းမြစ် သစ်သီးတစ်လုံးချင်းစီအတွက် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုစီ ပေးနိုင်ပါတယ်။ ဘယ်လိုလဲဟင် ”

ရှန်ထျန်းက အံ့ဩမိသွားသည်။ သူက မျက်လုံးပြူးလာမိကာ  “ အသီးတစ်လုံးစီအတွက် ဝိဇ္ဇာအဆင့် အသုံးအဆောင်တစ်ခုစီလား ”

ငါ့ခန်းမင်လက်စွပ်ထဲမှာ နဂါးရင်းမြစ် သစ်သီး အလုံးလေးဆယ်နီးပါး ရှိတယ်ဆိုတော့ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း အခုလေးဆယ် ရနိုင်တာလား …

အထွတ်အမြတ်မြေတောင် အားကျမနာလိုဖြစ်သွားလောက်၏။

နဂါးနက်ဘုရင်က သက်ပြင်းချလိုက်မိသည်။

“ ဦးလေးငယ် မပူပါနဲ့ … သစ်သီးတစ်လုံးအတွက် ဝိဇ္ဇာအဆင့် အသုံးဆောင်တစ်ခုက ဈေးနည်းလွန်းမှန်း သိပါတယ်။ နဂါးမျိုးနွယ်မှာ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများများ မရှိလို့ပါ။ အများစုက ပိုင်ရှင် ရှိပြီးသားဆိုတော့ သူတို့ဆီကနေ ပြန်တောင်းဖို့ ခက်တယ်လေ။ သစ်သီးနှစ်လုံးအတွက် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခုဆိုရင်ရော ဘယ်လိုလဲဟင် ”

နဂါးနက်ဘုရင်၏ မျက်ဝန်းများက မျှော်လင့်စောင့်စားမှုအပြည့် ဖြစ်နေသည်။

သူက ချီရှောက်ရွမ်ဆီမှ နဂါးရင်းမြစ် သစ်သီးကို ဝိဇ္ဇာတပိုင်း အသုံးအဆောင်ပစ္စည်းဖြင့် လဲလှယ်၍ စုပ်ယူသန့်စင်ပြီးသွားလေပြီ။ သူ့သွေးမျိုးဆက်က သိသိသာသာ မြင့်တက်လာလေ၏။

အောင်းယဲ့အား  အဆင့် ၉ နဂါးသွေးမျိုးဆက်ကို ရရှိဖို့ တားဆီးထားသည့် အကာအရံမှာ ပါးလွှားသော တစ်လွှာမျှသာ ကျန်ရှိတော့ကြောင်း ခံစားမိနေ၏။

သူသာ နောက်ဆုံးအလွှာအထိ ချိုးဖောက်နိုင်လျှင် နယ်ပယ်အဆင့်အသစ်တစ်ခုသို့ တက်လှမ်းနိုင်လိမ့်မည်။ သို့သော်လည်း နောက်ဆုံးအလွှာကို ထိုးဖောက်ဖို့ မည်မျှခက်ခဲကြောင်း ကောင်းကောင်း သိထားသည်။ ဤသည်မှာ အဆင့် ၈ မှ အဆင့် ၉ သို့ ကူးပြောင်းမည့်အသွင် ဖြစ်၏။

ချီရှောက်ရွမ် ပေးထားသော နဂါးရင်းမြစ် သစ်သီးက သူ့အား ထိပ်ဆုံး အဆင့် ၈ သွေးမျိုးဆက်အထိ မြင့်တင်ပေးခဲ့သည်။ သို့သော် သူ့တွင် နောက်ထပ် ဆယ်လုံးမက ရှိနေလျှင်ပင် အဆင့် ၉ ကို ချိုးဖောက်ဖို့ ခက်ခဲပေဦးမည်။

နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ဖို့ အလားအလာ ပိုကောင်းသည့် နဂါးရင်းမြစ် သစ်သီးမျိုး ရဖို့ လိုအပ်သည်။

အောင်းဝူ၏ နဂါးရင်းမြစ် သစ်သီးက အောင်းယဲ့အတွက် လုံလောက်ပေသည်။

သို့သော် သူက သေချာစဉ်းစားပြီးနောက် အောင်းဝူကိုသာ စုပ်ယူခွင့်ပြုဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအရာက သူ့သားအပိုင် မဟုတ်ပါလော။

သူက မည်မျှအရေထူစေကာမူ သူ့သားဆီမှ သစ်သီးကို လုယူဖို့ရာ မျက်နှာပူမိ၏။ သူက နဂါးဘုရင်တစ်ယောက် ဖြစ်သောကြောင့် ထိန်းသိမ်းရမည့် ဂုဏ်သိက္ခာလည်း ရှိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ အောင်းယဲ့က အောင်းဝူဆီမှ  ရှန်ထျန်းအနေနှင့် နဂါးရင်းမြစ် သစ်သီးလေးဆယ်ကျော် ရလာကြောင်း ကြားထားလေသည်။ တစ်လုံးချင်းစီကလည်း အရည်အသွေး မြင့်မားလှ၏။

အောင်းဝူ၏ နဂါးရင်းမြစ် သစ်သီးပင် ရှန်ထျန်းဆီ ရှိနေသော သစ်သီးများနှင့် ယှဉ်လိုက်ပါက အရည်အသွေး နိမ့်ကျသွားလေသည်။

ပို၍ အရေးကြီးသည်က ရှန်ထျန်းသည် ပြိုင်ဖက်ကင်း ထိပ်ဆုံး နဂါးရင်းမြစ် သစ်သီးကိုပင် ခူးဆွတ်နိုင်ခဲ့၏။ ထိုအသီးနှင့် ယှဉ်လိုက်လျှင် ကျန်အသီးများက ဘာမှမဟုတ်တော့ပေ။

အောင်းယဲ့က အတွေးဖြင့် စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။

နဂါးရင်းမြစ် သစ်သီး လေးဆယ်ကျော်တဲ့လား … ဒါက ဘယ်လိုသဘောတရားတုန်း

သူက ရတနာခန်းတစ်ခုလုံး အပြောင်ရှင်းလိုက်လျှင်ပင် ထိုနဂါးရင်းမြစ် သစ်သီးများ ရမည်ဆိုပါက တန်ပေသည်။ ပိုက်ဆံများနှင့် ဝိဇ္ဇာအဆင့် အသုံးအဆောင်များကို အလကား ဖြုန်းပစ်ခြင်းမျိုး မဟုတ်ပေ။ အလဲအလှယ်အားဖြင့် သူတို့၏ နဂါးမျိုးနွယ်ကို ပိုအားကောင်းလာနိုင်အောင် လုပ်နိုင်သည်။

ရှန်ထျန်းက အောင်းယဲ့၏ စိတ်ထဲမှ လိုလားမှုကို ခံစားမိသည့်အခါ ပြုံးမိသွားသည်။

“ နဂါးရင်းမြစ် သစ်သီးနှစ်လုံးအတွက် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း သုံးခုတဲ့လား။ ကျွန်တော်က ဒီလောက်ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတွေအများကြီး ဘာလုပ်ရမှာလဲ ”

ရှန်ထျန်းတွင် လုံယွမ်ချပ်ဝတ်၊ ခရမ်းစိမ်း ဓားနှစ်လက်နှင့် လေဟာနယ် ဝတ်ရုံတို့ကို ရထားပြီးပြီ ဖြစ်၏။ သူ့ထျန်းကျူဓားကလည်း ထာဝရတပိုင်းအဆင့် လက်နက် ဖြစ်ပေသည်။

သာမန်ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းလောက်ဖြင့် ရှန်ထျန်းကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

အောင်းယဲ့က စိတ်ဓာတ်ကျနေပုံပေါ်သည်။ သူက သာမန်ဝိဇ္ဇာအဆင့် ပစ္စည်းလောက်ဖြင့် ရှန်ထျန်းကို မဆွဲဆောင်နိုင်ကြောင်း မှန်းဆပြီးလေပြီ။ ဝိဇ္ဇာအဆင့် လက်နက်များက ရှားပါးသော်လည်း ဝိဇ္ဇာအဆင့်အောက် ကျင့်ကြံသူများအတွက်သာ ဖြစ်၏။ သူတို့က မိုးကြိုးစမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာများအတွက် သာမန်ပစ္စည်းများသာ ဖြစ်ကြသည်။

အကယ်၍ တစ်ယောက်ကသာ အချိန်နှင့် အားစိုက်မှုကို သုံးဖို့ စိတ်မရှိပါက အနည်းဆုံး မိုးကြိုးစမ်းသပ်ချက် သုံးကြိမ် ဖြတ်ကျော်ထားသည့်  ဝိဇ္ဇာတိုင်း ပစ္စည်း ထုလုပ်ပြီး နှစ်တစ်ထောင် ပျိုးထောင်နိုင်လေသည်။ ဝိဇ္ဇာလက်နက် သို့မဟုတ် ပစ္စည်းက ထိုသို့သော နည်းလမ်းဖြင့် ထွက်ပေါ်လာ၏။

ကိုယ့်လက်နှင့် ဖန်တီးထားသည့် ဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းက ကိုယ့်အတွက် ပိုသင့်တော်လေသည်။ စွမ်းအားကလည်း နဂိုပြုလုပ်သူ အသုံးပြုသည့်အခါ ပိုမို အားကောင်းလာပေမည်။ ရလဒ်အနေနှင့် ပါရမီရှင်များက စမ်းသပ်ချက် ဖြတ်ကျော်ပြီးသည်နှင့် သူတို့၏ ဝိဇ္ဇာလက်နက်ကို ထုဆစ်ဖန်တီးကြလေသည်။

ထိုပါရမီရှင်များအတွက် ဝိဇ္ဇာအဆင့် လက်နက်တန်ဖိုးမှာ သိပ်မမြင့်ပေ။

အောင်းယဲ့က ရှန်ထျန်းအား လေးလေးနက်နက် ကြည့်လိုက်သည်  “ တကယ်လို့ ကျုပ်သာ မမှားရင် ဦးလေးငယ်က ရွှေရောင်ကိုယ်ထည်အဆင့်မလား။ ကန့်သတ်ချက်မဲ့ အလားအလာနဲ့ ရွှေရောင်ကိုယ်ထည်က နိဗာနအဆင့် တက်လှမ်းနိုင်မှာပဲ။ ဒါပေမဲ့ မဖြစ်လာသေးဘူး။ ဖြစ်နိုင်တာ ဒဏ္ဍာရီလာ နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရင်ဆိုင်နေရတာလား ”

ရှန်ထျန်းကို မြူခိုးဖုံးလွှမ်းထားသလို ဖြစ်နေပြီး သူ့ရွှေရောင်ကိုယ်ထည် အဆင့်အမှန်ကို ထိုးဖောက်မမြင်ရပေ။

သို့သော် အောင်းယဲ့က ရှန်ထျန်းသည် အဌမ သန့်စင်ခြင်းအဆင့် အတားအဆီးတွင် ရပ်တန့်နေမည့်သူ မဟုတ်ကြောင်း ခံစားမိသည်။ ရှန်ထျန်းက အလွန်အားကောင်းကာ ထူးချွန်လွန်းသော ပါရမီရှင်တစ်ယောက် ဖြစ်၏။

ထို့ကြောင့် သူ ရွှေရောင်ကိုယ်ထည်အဆင့်တွင် ကျန်ရှိနေသည့် အကြောင်းအရင်း တစ်ခုသာ ရှိတော့သည်။

နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

ထိုစဉ် ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။

သူ ဘယ်လိုလုပ် ခန့်မှန်းလိုက်တာလဲ … ငါ ရွှေရောင်ကိုယ်ထည်အဆင့် ရောက်တာ သိပ်မကြာသေးဘူးလေ။ ကျင့်ကြံတာ တစ်နှစ်လောက်ပဲ ရှိသေးတာကို

ဒါပေမဲ့ နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်မှာ အတားအဆီးတွေ့နေတာတော့ အမှန်ပဲ

ရှန်ထျန်းက ခေါင်းညိတ်ကာ  “ ကျွန်တော်က နဝမ သန့်စင်ခြင်းအဆင့်ကို မရောက်သေးဘူး ”

…………

အောင်းယဲ့က ပေါင်ပုတ်ကာ ညာလက်ဆန့်တန်းလိုက်သည်။

တိုင်လုံးပေါ်ရှိ နဂါးပုလဲက အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အောင်းယဲ့လက်ထဲ ကျရောက်လာသည်။

သူက ရှန်ထျန်းကို ပေးလိုက်ပြီး  “ ဦးလေးငယ် ဒါက နဂါးမျိုးနွယ်ရဲ့ အထွတ်အမြတ် ရတနာ ဧကရာဇ်နဂါးပုလဲပါ … ဒီဟာက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူတွေကို စွမ်းအားတိုးမြင့်ပေးနိုင်တယ်။ နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ချိုးဖောက်ဖို့လည်း အထောက်အကူကောင်းတစ်ခုပဲ ။

နဂါးရင်းမြစ် သစ်သီးက ဦးလေးငယ်အတွက် ဒီလောက် အသုံးမဝင်ဘူး။ တကယ်လို့ ဦးလေးငယ်သာ လိုချင်ရင် ဒီနဂါးပုလဲကို နဂါးရင်းမြစ် သစ်သီးဆယ်လုံးနဲ့ လဲပေးနိုင်တယ် ”

အောင်းယဲ့က ပြောနေရင်း စိတ်ထိခိုက်နေသည့်ပုံပေါ်နေသည်။

ဤဧကရာဇ် နဂါးပုလဲက နဂါးနတ်ဘုရားကျွန်း၏ အတွင်းပိုင်း နေရာမှ အစပြုလာသည့်အပြင် နဂါးမျိုးနွယ်၏ အဖိုးတန်ရတနာတစ်ခုလည်း ဖြစ်ပေသည်။

ဤနဂါးပုလဲက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူကို အလွယ်တကူ အဆင့်မြင့်ပေးနိုင်သည်။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း ကျင့်ကြံသူ သုံးယောက်ကို အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးဖူးသည်။

ရလဒ်အနေနှင့် ဤပုလဲစွမ်းအားမှာ တစ်ဝက်လောက် လျော့ကျသွားလေပြီ။ အားပြန်ပြည့်ရန်အတွက် နဂါးတိုင်လုံးအတွင်း ထည့်သိမ်းထားကြခြင်း ဖြစ်၏။

အောင်းယဲ့က လုံးဝ မလိုအပ်သရွေ့ ထိုနဂါးပုလဲကို လွဲပြောင်းပေးမည် မဟုတ်ပေ။

ရှန်ထျန်းက နဂါးပုလဲကို ကြည့်လိုက်ပြီးနောက်  “ ဒီနဂါးပုလဲက ကျွန်တော်အတွက် အရမ်းအသုံးဝင်တာ အမှန်ပဲ။ ဒီအလဲအလှယ်ကို သဘောတူတယ် ”

ရှန်ထျန်းက လက်ဟန်တချို့ ပြုလုပ်လိုက်ပြီးနောက် ရွှေနီရောင် နဂါးရင်းမြစ် သစ်သီးဆယ်လုံး ပေါ်ထွက်လာသည်။ သူတို့က အောင်းယဲ့ကို ရူးသွပ်စေလုနီးပါးဖြစ်အောင်အထိ အရှိန်အဝါတို့ ထုတ်လွှင့်နေလေ၏။

မြင့်တယ် … အဆင့်မြင့်လွန်းတယ်

အောင်းယဲ့က ရှန်ထျန်း၏ သစ်သီး အရည်အသွေးများနှင့် ပတ်သတ်၍ မျှော်လင့်ထားမိသော်လည်း သူတိုအား လျော့တွက်မိခဲ့သည်။ အသီးဆယ်လုံးအနက် တစ်လုံးချင်းစီက သူ့အတွက် အဆင့် ၉ သွေးမျိုးဆက် နိုးထလာစေဖို့ လုံလောက်ပေသည်။

အကယ်၍ နဂါးမျိုးနွယ်သာ စတေးပြီး ကျန်သစ်သီးကိုးလုံးလုံးကို အောင်းပင်းအား ပေးလိုက်ပါက သူမအနေနှင့် ဒဏ္ဍာရီလာ ရွှေနဂါးသွေးမျိုးဆက်ကို နိုးထလာနိုင်လောက်၏။

ထိုအရာက နတ်ဧကရာဇ်ပင် ဖြစ်လာနိုင်သည့် ပြိုင်ဖက်ကင်း သွေးမျိုးဆက်မျိုး ဖြစ်၏။

ထိုသို့ဖြစ်နိုင်ခြေက သိပ်တော့ မမြင့်ပေ။ ရွှေနဂါးသွေးမျိုးဆက်က အလွန်ရှားပါးလွန်းလှ၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း မှတ်သားထားသည့် သမိုင်းကြောင်းတစ်လျှောက် ရွှေနဂါးတစ်ကောင်သာ ထွက်ပေါ်လာခဲ့ဖူးသည်။

မှိန်ဖျဖျ မျှော်လင့်ချက်လေးအတွက် သစ်သီးကိုးလုံး စတေးလိုက်ခြင်းကို  နဂါးမျိုးနွယ်အနေနှင့် မလုပ်နိုင်ပေ။ စွန့်စားလွန်းရာ ရောက်ပေသည်။

…………....

နဂါးရင်းမြစ် သစ်သီးဆယ်လုံးကို သိမ်းပြီးနောက် အောင်းယဲ့၏ နာကျင်နေသည့်ပုံစံက မျက်ဝန်းဆီ ရောက်ရှိသွားသည်။

သူ့လက်ထဲတွင် အနက်ရောင်တူအသေးလေးတစ်ခု ကိုင်ထားလေ၏။ ထိုအရာက နဂါးအမှတ်အသားများဖြင့် ဖုံးအုပ်ထားပြီး လက်ဝါးအရွယ်လောက်သာ ရှိသည်။

ထိုအနက်ရောင် တူလေး ပေါ်လာသည်နှင့် လေဟာနယ် အက်ကြောင်းများ ပေါ်ထွက်လာပြီး နဂါး ညီးသံကိုလည်း ကြားလိုက်ရသည်။ ထိုတူတွင် ထူးခြားဆန်းပြား‌သော စွမ်းအား ပိုင်ဆိုင်ထားမှန်း သိသာလှ၏။

အောင်းယဲ့က “ ဒါက ပင်လယ်အံ့ဖွယ်တူလေ။ ဒါက နဂါးမျိုးနွယ်ရဲ့ အားထားရတဲ့ အမွေအနှစ် ရတနာတစ်ခုပဲ။ ပြီးတော့ ထာဝရသတ္တုအဆင့်ထဲက အဆင့်ငါးဖြစ်တဲ့ နဂါးနက်သတ္တုနဲ့ ထုလုပ်ထားတာ။

ထာဝရအဆင့် လက်နက်ဖြစ်လာဖို့ နည်းနည်းပဲ လိုတော့တယ်။ တန်ဖိုးက ဝိဇ္ဇာအဆင့် လက်နက်တစ်ရာထက်တောင် ပိုများသေးတယ်။ ဒီဟာက နဂါးနက်သတ္တုရဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတော့ ဖျက်စီးလို့ မရနိုင်ဘူး။ ဒါကို ကျန်တဲ့ သစ်သီးတွေနဲ့ လဲလှယ်လို့ ရမလား ”

ထာဝရတပိုင်းအဆင့် လက်နက်က ဝိဇ္ဇာလက်နက်ထက် အများကြီး ပိုသာပေသည်။ ဤလက်နက်လေးက နဂါးနက်သတ္တုဖြင့် ထုဆစ်ထားသည့်အကြောင်းကို ထည့်မပြောရသေးပေ။

ဤပင်လယ်အံ့ဖွယ်တူ၏ တန်ဖိုးတစ်ခုတည်းဖြင့် နဂါးနက် အသီးအားလုံးကို ကျော်သွားနိုင်သည်။

ရှန်ထျန်းအား  နဂါးနက်ကျွန်း၏ တစိတ်တပိုင်းအဖြစ် မှတ်ယူနိုင်ပေသည်။ ထို့အပြင် သူက အလားအလာကောင်းများစွာ ပိုင်ဆိုင်ထား၏။ နဂါးရင်းမြစ် သစ်သီးက နဂါးမျိုးနွယ်အတွက် အသုံးဝင်လွန်းသည့်အပြင် ရှန်ထျန်းတွင် ရှိသမျှ အသီးအားလုံးက ထိပ်တန်းအရည်အသွေးတွေချည်း ဖြစ်သည်။

အကယ်၍ ထိုအကြောင်းအရင်းများကြောင့်သာ မဟုတ်ပါက အောင်းယဲ့က ပင်လယ်အံ့ဖွယ်တူကို လွဲပေးမည် မဟုတ်ပေ။

အဖိုးတန်ဆုံး ရတနာကို မည်သူကများ လိုလိုလားလား ပေးချင်မည်နည်း။

ထာဝရသတ္တုအဆင့်စာရင်းမှာ  အဆင့်ငါး  နဂါးနက်သတ္တုနဲ့လား ….

ရှန်ထျန်း၏ မျက်လုံးများ လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများက အပြင်းအထန် လှုပ်ခါနေကြောင်း ခံစားမိလိုက်၏။

သူက အချိန်တိုလေးအတွင်း အင်မတန် အသုံးဝင်သော ရတနာနှစ်ခု ရလိုက်သည်။ သူက အတော်လေး ကံကောင်းနေလေ၏။ ထိုစဉ် ရှန်ထျန်းက သူ့ကျင့်ကြံဆင့် တိုးတက်လာသောကြောင့် သူ့ခရမ်းမိုးကောင်းကင်တူက သိပ်မကိုက်တော့ကြောင်း အမြဲလိုလို ခံစားလာရသည်။

သူက ယခု ကောင်းကင်အသျှင်ကိုပင် အနိုင်ပိုင်းနိုင်ပြီ ဖြစ်ရာ ကောင်းကင်အသျှင်များက အထွတ်အထိပ် ဝိညာဉ်လက်နက်များ ကိုင်ဆောင်ကြသည်။ တချို့ချမ်းသာသူများက အဆင့်နိမ့် ဝိဇ္ဇာအဆင့် လက်နက်များ ကိုင်ဆောင်ကြလေသည်။

ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို အသုံးပြုခြင်းက သူ့အဆင့်နှင့် မကိုက်တော့ကြောင်း ခံစားမိလိုက်သည်။  ယခု ထာဝရတပိုင်းအဆင့် တူတစ်လက် ရလာပြီ ဖြစ်သည်။

သူ့အနေနှင့် ဝိဇ္ဇာကိုပင် တူနှင့် ရိုက်နှက်ရဲသည်။

…………...

“ နဂါးဘုရင်က အရမ်းရက်ရောတာပဲ ”

ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို လက်ခံလိုက်ပြီးနောက် ကျန်ရှိနေသော သစ်သီးတွေကို ထုတ်ပေးလိုက်သည်။

သူက ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက် တစ်ရွက်ပါ ထုတ်ပေးလိုက်ပြီး  “ ဒီသစ်ရွက်ကိုပါ ယူလိုက်ပါ။ ဒါလေးလည်း အသုံးဝင်လာမှာပါ ”

ဝိုး … နဂါးရင်းမြစ် သစ်သီးတွေ အများကြီးပဲ

အောင်းယဲ့က နဂါးရင်းမြစ် သစ်သီးအပုံလိုက်ကို မြင်ပြီး တအံ့တဩ ဖြစ်မိသွားသည်။ ဤသည်မှာ နဂါးနက်ကျွန်းရှိ အဆင့် ၈ နဂါးများကို အဆင့် ၉ ဖြစ်လာစေနိုင်သည်။

ထူးခြားသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော အောင်းပင်းလို နဂါးတစ်ကောင်အတွက် အကောင်းဆုံး သစ်သီးတချို့ ရွေးထုတ်ပြီး ထိပ်ဆုံး အဆင့် ၉ သွေးမျိုးဆက်အဖြစ် မြင့်တင်ပေးနိုင်သည်။

သူမက ပြိုင်ဖက်ကင်း ရွှေနဂါးအဖြစ် အသွင်မပြောင်းနိုင်လျှင်ပင် နယ်မြေငါးခုကို လွှမ်းမိုးနိုင်မည့် ပြိုင်ဖက်ကင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မည်။

ဤဉာဏ်အလင်းပွင့် သစ်ရွက်က အဖိုးတန်လွန်းသည့်အကြောင်း ထည့်မပြောရသေးပေ။

ဦးလေးငယ်က မျက်နှာသာပြန်ပေးတတ်ဖို့ သိသားပဲ …

အောင်းယဲ့က နဂါးရင်းမြစ် သစ်သီးများနှင့် ဉာဏ်အလင်းပွင့် သစ်ရွက်ကို သိမ်းထားလိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ  “ နဂါးမျိုးနွယ်က ဦးလေးငယ် ကောင်းပေးတာကို မမေ့ပါဘူး။ အရင်ဆုံး ဒီသစ်သီးတွေကို ခွဲဝေပေးလိုက်ဦးမယ်။ နောက်တစ်ရက်မှ အံ့ဖွယ်မိုးကောင်းကင်ဆီ တရားဝင် လာတွေ့ပြီး ကျေးဇူးတင်ပါ့မယ် ”

ထိုသို့ပြောပြီးနောက် အောင်းယဲ့က နဂါးနက်ကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်ထဲ ပျံသန်းသွားတော့သည်။

ရှန်ထျန်းက လေဟာနယ်ထဲမှ ထွက်လာပြီးနောက် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကျွန်းပေါ် ကျေနပ်စွာ ရပ်နေလိုက်သည်။ ဤတစ်ကြိမ် သူ ချမ်းသာလေပြီ။

ပြိုင်ဖက်ကင်း ထိပ်ဆုံးအသီးကို အစာခြေပြီးနောက် ရှန်ထျန်းက နဂါးဧကရာဇ် ဖွဲ့စည်းပုံကို ရရှိခဲ့သည်။ လက်ကျန်အသီးများက သူ့အတွက် အသုံးမဝင်တော့ပေ။ သူတို့က သူ့ရုပ်ခန္ဓာ တိုးတက်လာအောင် ဆိုရုံမျှသာ လုပ်ပေးနိုင်သည်။

ဧကရာဇ် နဂါးပုလဲ၊ ပင်လယ်အံ့ဖွယ်တူတို့ဖြင့် လဲလှယ်လိုက်ခြင်းက ရတနာကို အလကားရလိုက်ခြင်းသာ ဖြစ်၏။

သို့သော်လည်း အောင်းယဲ့က ရှန်ထျန်းကို ထိုအသီးအကြောင်း မမေးပေ။ သူက ရှန်ထျန်းတစ်ယောက် စားပြီးသွားကြောင်း သူ့အငွေ့အသက်များမှ သိနေပုံပေါ်၏။

နဂါးဘုရင် ဖြစ်လာဖို့အတွက် အားကောင်းရုံအပြင် ဉာဏ်ကောင်းပြီး အမြော်အမြင်ရှိဖို့လည်း လိုအပ်သေး၏။

ဧကရာဇ် နဂါးပုလဲနှင့် ပင်လယ်အံ့ဖွယ်တူတို့ကို အသီးဖြင့် လဲလှယ်လိုက်ပြီးလေပြီ။ သို့သော် သူတို့က ရှန်ထျန်းအတွက် နဂါးနက်ကျွန်း၏ အကောင်းဆုံး မြှပ်နှံမှုများအဖြစ် ယူဆနိုင်သည်။

ရှန်ထျန်းက နောက်ဆုံးတော့ အလဲအလှယ်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်မှန်း သဘောပေါက်သွားလေသည်။

နဂါးမျိုးနွယ်မှ မျက်နှာသာပေးခြင်း ဖြစ်ပြီး သူက လက်ခံဖို့ရာ လိုလားပေသည်။

...................

နောက်လကျော်သည့်အထိ ရှန်ထျန်းက ဘယ်မှမသွားဘဲ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကျွန်းပေါ်သာ သီးသန့်လေ့ကျင့်နေသည်။ သူက ဧကရာဇ် နဂါးပုလဲ၏ စွမ်းအားကို သန့်စင်ကာ နယ်မြေငါးခုတွင် မကြုံစဖူးဖြစ်သည့် ပြိုင်ဖက်ကင်း နဝမ ရွှေရောင်ကိုယ်ထည်  သန့်စင်ခြင်းအဆင့်သို့ ချိုးဖောက်ရန် ကြိုးစားနေသည်။

သို့သော် လုပ်ဆောင်ချက်က ရှန်ထျန်း ထင်ထားသည့်ထက် ပိုခက်ခဲပေသည်။

အကယ်၍ ပထမ သန့်စင်ခြင်း ၇ ဆင့်မှာ တောင်ကုန်းတက်နေရသလိုဖြစ်လျှင် သတ္တမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်မှ အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းဖို့ရာ ထိုက်ရှန်းတောင်ကို တက်နေရသလို ဖြစ်၏။

အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်မှ နဝမသို့  တက်လှမ်းခြင်းမူ ဧဝရတ်တောင် တက်နေရသလို ဖြစ်ပေမည်။

ဧကရာဇ် နဂါးပုလဲဖြင့်ပင် ရှန်ထျန်းအတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်နေသည်။

ရှန်ထျန်းက ပင်လယ်အောက်ခြေ ပေသုံးထောင်ကျယ်ဝန်းသည့် လေ့ကျင့်ရေးအခန်းထဲ ထိုင်နေလေသည်။ သူ့ဘေးနားတွင် ငွေဖြူရောင် ရှုပ်ထွေးပွေလီ အငွေ့အသက် တိမ်တိုက်များ ဝေ့ဝဲနေပြီး သူ့အားစိုက်မှုနှင့်အတူ ထွက်ပေါ်နေသည်။

ရှန်ထျန်းက ရိုးရိုးတမ်းတမ်း  နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ချိုးဖောက်ဖို့ ကြိုးစားနေခြင်း မဟုတ်ပေ။

အကယ်၍ ထိုသို့ဆိုလျှင်ပင် ယခင်ကတည်းက လုပ်ဆောင်ပြီးလောက်လေပြီ။

ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ရရှိပြီးနောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်ပွားက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ဆီ ပြန်သွားပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်များစွာ စုဆောင်းကာ သန့်စင်နေသည်။

ထိုပမာဏလောက်ဖြင့် များပြားသည်ဟု မဆိုနိုင်ပေ။

သို့သော်လည်း ရှုပ်ထွေးပွေလီ အငွေ့အသက်များကို သန့်စင်ဖို့ရာ ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအား အမြောက်အမြား လိုပေသည်။ ရှန်ထျန်း၏ ထူးခြားအံ့ဖွယ်ပစ္စည်းများက ကိုယ့်ဘာသာ အားပြန်ဖြည့်နိုင်သော်လည်း ပြန်လည်ကောင်းမွန်နှုန်းက မမြန်ဆန်ပေ။

ရှုပ်ထွေးပွေလီ အငွေ့အသက်များကို သန့်စင်နိုင်ဖို့ ရှန်ထျန်းက နှမြောမနေပေ။ သူက နိဗာနတော်ဝင်ရေစင် အမြောက်အများ သုံးစွဲပစ်လိုက်၏။

အကျိုးသက်ရောက်မှုမှာလည်း သိသာလှသည်။

ယခင်လအတွင်း ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်များသည် သူ့ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကြောင်း ခံစားမိလိုက်သည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်များကြောင့် သူ့ခန္ဓာကိုယ် ပျက်စီးလာမှုကို ခံစားလာရပြီး အမြင့်ဆုံးအခြေအနေသို့ တဖန် ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ဤဖြစ်စဉ်က အံ့ဩလောက်ဖွယ် အမြန်နှုန်းဖြင့် ထပ်ခါထပ်ခါ ဖြစ်နေသည်။

ဤသည်မှာ မပြောပြတတ်လောက်သည့် ခံစားချက်မျိုး ဖြစ်၏။

အသက်သွင်ပြင် နယ်နမိတ်စည်းအားလုံးကို ဖြတ်ကျော်ကာ ပုရွက်ဆိတ်တစ်ကောင်အား ဧရာမနဂါးတစ်ကောင် အသွင်ပြောင်းလိုက်ပေးသလိုမျိုး ဖြစ်သည်။

ရှန်ထျန်းက နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို မမြင်ဖူးပေ။ သူက အဌမ ထိပ်ဆုံးတွင် ဖြစ်သော်လည်း သူ့ရုပ်ခန္ဓာက ပိုအားကောင်းကြောင်း ယုံကြည်ထားသည်။

သူ့ရုပ်ခန္ဓာကိုယ်ကို ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် တဖန်ပြန်လည် သန့်စင်ထားသောကြောင့် ယခု အခြားသော နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို အလွယ်လေး ဖိနှိပ်ထားနိုင်သည်။

ဂျွတ် …

ရွှေရောင် ဧကရာဇ်နဂါးပုလဲ အပေါ်ယံတွင် အက်ကြောင်း ပေါ်လာလေ၏။ ထိုအက်ကြောင်းများမှ ရွှေရောင်စွမ်းအားများက ရှန်ထျန်းခန္ဓာကိုယ်ဆီ စီးဝင်သွားသည်။

ရှန်ထျန်းက လက်ဟန်တချို့ လုပ်လိုက်သည်နှင့် လေဟာနယ်ထဲ အနက်ရောင်ဝဲကတော့ တစ်ခု ပေါ်ထွက်လာပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်အားလုံးကို စုပ်ယူနေသည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်များက ပျားများက ပျားရည်ဖြင့် ဆွဲဆောင်ခံလိုက်ရသလိုမျိုး ထိုဝဲကတော့ထဲ ဝင်တိုးကုန်ကြသည်။

ဝုန်း …

အဆုံးမဲ့စွမ်းအားလှိုင်းများ ထွက်လာကာ ကြောက်မက်ဖွယ် ရေအောက်လှိုင်းများလည်း ဖြစ်ပေါ်လာသည်။

ရှန်ထျန်း၏ ရွှေရောင်မျက်လုံးက တောက်ပလာသည်။ သူ့ဆံပင်များက လွှင့်လူးနေသလို ကိုယ်လုံးတီး ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်။ သူက နတ်ဘုရားတစ်ပါးနှင့်ရော နတ်ဆိုးတစ်ကောင်နှင့်ပါ တူနေသည်။

ထိုအခိုက်အတန့် အတားအဆီးက ဖြည်းဖြည်းချင်း ပျက်စီးလာသည်ကို ခံစားမိလိုက်သည်။

ဒဏ္ဍာရီလာ နဝမ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်

နောက်ဆုံးတော့ သူ အောင်မြင်သွားလေပြီ။

All Chapters