ရှန်ထျန်းနှင့် ကြာပြာကောင်းကင်အသျှင် ပြိုင်ဆိုင်မှု
Vol. 24 Ch. 348
အခန်း (၃၄၈) : ရှန်ထျန်းနှင့် ကြာပြာကောင်းကင်အသျှင် ပြိုင်ဆိုင်မှု
ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်ကို အဘယ်ကြောင့် လေ့ကျင့်ရသနည်း။
ရှုပ်ထွေးပွေလီ မီးစာကျမ်းတွင် မှတ်သားထားသော ပြိုင်ဖက်ကင်း ရွှေရောင်ကိုယ်ထည် ဖြစ်နေ၍ ဖြစ်သည်။ ရှုပ်ထွေးပွေလီ အငွေ့အသက်များကို အသုံးပြုကာ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအဖြစ် လေ့ကျင့်နိုင်သည်။
အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသည့်အခါ ခန္ဓာကိုယ်က လေဟာနယ်ကိုပင် ဖြတ်သွားနိုင်ပြီး ထာဝရအရှင်ကိုပင် တုန်လှုပ်စေမည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမျိုး ပိုင်ဆိုင်လာကာ ဖျက်စီးမရနိုင်တော့ပေ။
ရှန်ထျန်း၏ ရွှေရောင်ကိုယ်ထည်က ထိုအဆင့်နှင့် အဝေးကြီး အလှမ်းကွာနေသေး၏။
ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် အစစ်အမှန်သည် ရှုပ်ထွေးပွေလီ အငွေ့အသက်များကို အသုံးပြုပြီး အစပြုလေ့ရှိကာ ထိုအဆင့်အားလုံးကို ဖြတ်ကျော်ဖို့ အခြေခံတည်ဆောက်ခြင်း ဖြစ်၏။
သို့သော်လည်း ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်များကို အဌမအဆင့်မှ အသုံးပြုခဲ့ရသည်။ သူ့ခန္ဓာကိုယ်က ပုံမှန် နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း ကျင့်ကြံသူများထက် ပိုအားကောင်းသော်လည်း တိုးတက်ဖို့ရာ အလားအလာကောင်းများစွာ ရှိနေသေးသည်။
“ ကြည့်ရတာ ငါ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ ပြန်သွားပြီးတော့ အချိန်ရသရွေ့ ရှုပ်ထွေးပွေလီ အငွေ့အသက်တွေ စုပ်ယူရမဲ့ပုံပဲ ”
ရှန်ထျန်း လေ့ကျင့်နေသည့် အခန်းသည် သူ့အဆင့်တက်လှမ်းပြီးနောက် အမှုန့်အဖြစ် ပြောင်းသွားတော့သည်။ သူက ပင်လယ်အောက် ပေသုံးထောင်အောက်တွင် ရပ်ကာ ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။
သူ့ နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်နှင့် ရှုပ်ထွေးပွေလီ အငွေ့အသက်များကို ထိန်းချုပ်နိုင်စွမ်းကြောင့် ရှန်ထျန်း၏ စွမ်းအားက ပိုအားကောင်းလာပြန်သည်။
ယခု ရှန်ထျန်းက အားနည်းသော ဝိဇ္ဇာကိုပင် အနိုင်ပိုင်းပစ်နိုင်လောက်သည်။
သို့သော် သူက ရွှေအမြုတေအဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလော။ အကယ်၍ ဝိဇ္ဇာသာ ရှန်ထျန်း၏ ဝှက်ဖဲများအား ကြိုသိထားလျှင် ရှန်ထျန်းအနေနှင့် ဝိဇ္ဇာကို အနိင်ယူဖို့ လွယ်မည် မဟုတ်ပေ။
အားနည်းသော ဝိဇ္ဇာပင် မိုးကြိုးစမ်းသပ်ချက် ကျော်ဖြတ်ထားပြီးသူ ဖြစ်၍ ထာဝရအဆင့်နှင့် နီးကပ်နေလေပြီ။ သူ့စွမ်းအားက ကောင်းကင်အသျှင်ပင် ယှဉ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
သူတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်များကို မကိုင်တွယ်နိုင်လျှင်ပင် ရှန်ထျန်းအား သေချာပေါက် ရှင်းထုတ်နိုင်လိမ့်မည်။
သူတို့သာ အကွာအဝေးတစ်ခုခြားထားသရွေ့ သူတို့၏ အားကောင်းကောင်း ဝိဇ္ဇာစွမ်းအားဖြင့် ရှန်ထျန်းကို တိုက်ခိုက်နိုင်သည်။ သူ့ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့်ပင် ရှန်ထျန်းအနေနှင့် ခုခံဖို့ရာ ခက်ခဲပေမည်။
ရှန်ထျန်းက ပွင့်လင်းမြင်သာ တိုက်ပွဲ၌ ဝိဇ္ဇာကို အနိုင်ရဖို့ ခက်ခဲပေလိမ့်မည်။ သူက ခိုးကြောင်ခိုးဝှက်သာ တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ရမည်။ သို့သော် အပြန်အလှန်သာ ဖြစ်၏။ သာမန် ဝိဇ္ဇာတစ်ပါးအနေနှင့် ရှန်ထျန်းကို သတ်ဖို့ရာ မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။
နဝမ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်၏ စွမ်းအားက စိတ်ကူးထားလို့ပင် မရပေ။ ထို့အပြင် ရှန်ထျန်းတွင် အထွတ်အထိပ်အဆင့် ဝိဇ္ဇာလက်နက်၊ လုံယွမ်ချပ်ဝတ်နှင့်အတူ သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုး၏ ကုသစွမ်းနှင့် အသက်ဓာတ်တို့လည်း ရှိနေသေး၏။ ဝိဇ္ဇာပင် ရှန်ထျန်းအား တစ်ချက်တည်းနှင့် သတ်ဖို့ အလွန်ခက်ခဲပေမည်။
သူတို့သာ ရှန်ထျန်းကို တစ်ချက်တည်းနှင့် မသတ်နိုင်သရွေ့ သူ့လေဟာနယ် ပညာရပ်ကို ထုတ်သုံးကာ လေဟာနယ်ထဲ ဝင်နေလို့ ရသည်။
သို့သော်လည်း တစ်ဖက်လူက ဝမ်ရှန်းယုလို ဖြစ်နေခဲ့မည်ဆိုလျှင် လေဟာနယ်ထဲ ထွက်ပြေးနိုင်လျှင်ပင် သူတို့အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ဝိဇ္ဇာက အငွေ့အသက်ကို အလွယ်တကူ အာရုံခံမိသည်နှင့် လေဟာနယ်ထဲအထိ လိုက်ဖမ်းနိုင်လေသည်။
ကံကောင်းစွာဖြင့် ရှန်ထျန်းက သူ့အငွေ့အသက်ကို အပြည့်အဝ ဖုံးအုပ်ထားနိုင်ပြီး လေဟာနယ်ထဲ ဝင်လိုက်ခြင်းက ရေစက်လေးတစ်စက် ပင်လယ်နှင့် ပေါင်းစပ်သွားသလို ဖြစ်ပေမည်။
ထိုအခါ မဟာဝိဇ္ဇာပင် သူ့အား ခြေရာခံဖို့ အခက်တွေ့လာလိမ့်မည်။
………….....
ရှန်ထျန်းက ကိုယ့်ဘာသာ သတ်သေတာမျိုး မလုပ်သရွေ့ နယ်မြေငါးခုရှိ လူတချို့သာ သူ့အတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
ကိုယ့်ဘာသာ သတ်သေဖို့ ကြိုးစားတယ်ဆိုတာ ဘယ်လိုမျိုးလဲ …
အလွန်ရိုးရှင်းလှ၏။ နမူနာအားဖြင့် ယခု နိဗာနအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းခြင်းမျိုး ဖြစ်သည်။
မီးစာကျမ်း၏ ဆိုးကျိုးက ရှန်ထျန်း၏ ကံကြမ္မာကို သိသိသာသာ လျော့ကျလာစေသည်။ အကယ်၍ သူသာ သတိလက်လွတ်နေမိပါက ကံဆိုးသော အဖြစ်အပျက်တချို့နှင့် ကြုံတွေ့လာနိုင်သည်။ သူ မည်မျှ ကံဆိုးသွားမည်ကို မည်သူမှ မသိနိုင်ချေ။
ထို့ကြောင့် ရှန်ထျန်းက သူ့ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်ကို အပြည့်အဝ မရရှိခင်အထိ နိဗာနအဆင့် တက်လှမ်းဖို့ ကြိုးစားမည် မဟုတ်ပေ။
သူ နိဗာနအဆင့် မတက်လှမ်းခင် ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို အရင် ရှာထားရမည်။
ထိုအချိန် ရှန်ထျန်းက သူ့ရွှေအမြုတေကို အက်ကွဲစေပြီး ကနဦးဝိညာဉ် ဖွဲ့စည်းဖို့ ပြင်ဆင်ထားသည်။ သူက ဖရုံသီးလောက် ကြီးမားသည့် ရွှေအမြုတေမှ မည်သို့သော ကနဦးဝိညာဉ် ထွက်လာမည်ကို သိချင်နေမိသည်။
ဧရာမ ကနဦးဝိညာဉ်များ ဖြစ်နေမလား …
ရှန်ထျန်း၏ သူတော်စင် အမှတ်အသားပြားက တုန်ခါလာကာ ရွှေရောင်ဖျဖျ လင်းလက်လာသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့အား ခေါ်နေခြင်း ဖြစ်၏။
ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ ရွှေတောင်ပံကို ဖြန့်ကျက်လိုက်သည်။
ဝှီး …
ပင်လယ်အောက်ရှိ ပေသုံးထောင် ရေဖိအားက အတော်လေး ပြင်းထန်လှသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဖိအားက ရှန်ထျန်းအတွက် ဘာမှမဟုတ်ပေ။
သူ့တောင်ပံက ရေကို ထိုးခွင်းကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းသွားပြီး ရေမျက်နှာပြင်ဆီ တက်သွားလိုက်သည်။
ဝုန်း
အဆုံးမဲ့ ပင်လယ်မျက်နှာပြင်အထက်တွင် ဧရာမလှိုင်းလုံးကြီးများ ပေါ်ထွက်လာလေသည်။
ရွှေရောင်ပုံရိပ်လေးက နေရောင်အောက်တွင် တောက်ပနေပြီး ကမ္ဘာမြေကို ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
“ ကောင်လေး ကြည့်ရတာ မင်းစွမ်းအား တိုးလာပုံပဲ။ ဆရာဦးလေးနဲ့ လက်ရည်ချင်းယှဉ်ကြည့်ရအောင် ”
အာကာပြင်တစ်ခွင် အသံကျယ်ကြီးတစ်သံ ပျံ့လွှင့်လာသည်။ ချူးလုံဟယ်က ရှန်ထျန်းဆီ သူ့ရွှေတုတ်ဖြင့် ပျံသန်းလာလေ၏။ သူက ရှန်ထျန်းဆီ အားအပြည့်ဖြင့် ချည်းကပ်လာလေသည်။
“ အထွတ်အထိပ် ပင်လယ်တုတ်ချောင်း - စွမ်းပကား နိုးထခြင်း ”
ချူးလုံဟယ်က ကောင်းကင်အသျှင်တစ်ယောက်သာ ဖြစ်သော်လည်း လူတချို့ကသာ သူ့အား သာမန်ကောင်းကင်အသျှင်အဖြစ် မြင်ကြသည်။ ထိုအထဲတွင် ရှန်ထျန်းလည်း ပါဝင်ပေသည်။
ဟိုးအရင် ဤလူက ဝိဇ္ဇာခုနှစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသည်။ သူ့စွမ်းအားက နိမ့်ကျသွားကာ နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်ကို ပြန်လည် ကျင့်ကြံနေရသော်လည်း တိုက်ခိုက်စွမ်းက ကောင်းကင်အသျှင်အဆင့်ထက် များစွာ ကျော်လွန်နေဆဲ ဖြစ်၏။
ချူးလုံဟယ်က သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်ကို ကမ္ဘာဦးတိုက်ပွဲနယ်မြေအနား ဆိုးဆိုးရွားရွား ဖြစ်သည့်အထိ ရိုက်နှက်ခဲ့သေးသည် မဟုတ်ပါလော။
ဒီလူအိုကြီးကတော့ ငါ့ဉာဏ်အလင်းပွင့် အဖန်ရည် သောက်ပြီးတာနဲ့ ခိုးကြောင်ခိုးဝှက် လာတိုက်နေတာလား
ရှန်ထျန်းက ရှုံ့မဲ့မိလိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင်အလင်းတန်း တစ်ချက် ပေါ်ထွက်လာသည်။ ထိုအလင်းတန်းက စွမ်းအားကြီးလာကာ ပေအတော်အတန် ရှည်လျားလာ၏။
ဧရာမ ရွှေတုတ်ကြီးက ရှန်ထျန်းဆီ ကျဆင်းလာစဉ် တုတ်နှင့် အနက်ရောင်အလင်းတန်းက အားပြင်းပြင်း တွေ့ဆုံသွားသောကြောင့် လေဟာနယ်က အမှုန့်အဖြစ် ပြောင်းသွားလေသည်။
ဝုန်း …
ပင်လယ်မျက်နှာပြင်အထက် စွမ်းအားအမြောက်အများ ပျံ့နှံ့သွားသည်။
ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး မိုးကြိုးများ စုစည်းထားသည့် မုန်တိုင်းတိမ်တိုက်များလည်း ဖြစ်လာသည်။
ကြည့်ရသည်မှာ ကမ္ဘာပျက်ကပ်နှင့် တူပေသည်။
ဤသည်မှာ အားကောင်းသော ကျင့်ကြံသူအစစ်အမှန်တို့၏ စွမ်းပကား ဖြစ်သည်။ သာမန်သေမျိုးအတွက် ထိုသို့သောစွမ်းအားရှိခြင်းက တကယ့် ထာဝရအရှင်တစ်ပါး ဖြစ်ရခြင်းလိုမျိုး ကောင်းပေသည်။
အကယ်၍ ရှန်ထျန်းသာ အလိုရှိပါက သူ့မိုးကြိုးထိန်းချုပ်နိုင်စွမ်း၊ သူ့တောင်ပံနှင့် မိုးလေဆင့်ခေါ်ခြင်း စွမ်းရည်တို့ဖြင့် အရှေ့ပိုင်းလွင်ပြင်၌ သူ့ကိုယ်ပိုင် တိုင်းပြည်ကို တည်ထောင်နိုင်လေသည်။
ဝေါင်း …
အနက်ရောင်နှင့် ရွှေရောင်အလင်းများ ထိပ်တိုက်တွေ့သွားကာ နဂါးတစ်ကောင်၏ အော်သံလိုမျိုး ထွက်ပေါ်လာသည်။
“ ကောင်စုတ်လေး အင်အားတချို့ ရှိနေတာပဲ ”
ကြာပြာကောင်းကင်အသျှင်၏ ရွှေတုတ်က ပင်လယ်အံ့ဖွယ်တူကြောင့် အပြင်းအထန် တုန်ခါသွားလေသည်။
တာအိုကိုယ်တော်ကြီးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ပထမဆုံး တိုက်ခိုက်မှုက စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သောကြောင့် အင်အားအပြည့် ထည့်မထားပေ။ သို့သော် ကောင်းကင်အသျှင်များစွာအနေနှင့် အားအပြည့် ခုခံစေဖို့ရာ လုံလောက်ပေသည်။
သို့သော် သူ့ဂိုဏ်းတူ တူလေးက သူ့တူရိုက်ချက် တစ်ချက်တည်းဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ အကယ်၍ ကြာပြာကောင်းကင်အသျှင်သာ သူ့ဘာသာ မကာလိုက်နိုင်ပါက တန်ပြန်သက်ရောက်မှုကြောင့် သူ့အား လွှင့်စင်သွားစေလိမ့်မည်။
………….....
“ ဂိုဏ်းတူဦးလေး ဘာတွေလုပ်နေတာတုန်း ”
ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဒီလူအိုကြီးတော့ လွန်လွန်းနေပြီ … သူ့လူတွေကိုတောင် ပြန်တိုက်နေတာပဲ
ကြာပြာကောင်းကင်အသျှင်၏ ရွှေတုတ်က ပိုမို တောက်ပလာကာ “ မင်းက မြောက်ပင်လယ်မှာ ရုတ်ရုတ်သည်းသည်း ဖြစ်စေခဲ့တာပဲ။ မင်း အခုဘယ်လောက် အားကောင်းနေပြီလဲလို့ သိချင်နေတာ … အချိန်ဖြုန်းမနေနဲ့။ ငါ လာပြီ ”
ရွှေတုတ်က ရှန်ထျန်းဆီ ကျရောက်လာပြန်သည်။
ရိုက်ချက်တိုင်းက အားအပြည့် ဖြစ်သောကြောင့် အာကာပြင်အပိုင်းအစပင် အမှုန့်ဖြစ်သွားလေသည်။ စောစောလေးက ကြာပြာကောင်းကင်အသျှင် အားအပြည့် ထုတ်မသုံးထားသည်မှာ သိသာလှသော်လည်း ယခုအခါ အလေးအနက် ပြောင်းသွားလေပြီ။
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ “ ဒီလိုဆိုမှတော့ သွားကြစို့ ”
အလကား လေ့ကျင့်ရေးတွဲဖက်က သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသောကြောင့် ရှန်ထျန်းက အသုံးချဖို့ တုံ့ဆိုင်းမနေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ မည်မျှအားကောင်းလာကြောင်း သိချင်နေမိ၏။
“ လေးလံရေစင်၊ ပြန်လည်ဝင်စားခြင်း စက်ဝန်းပြား၊ ငှက်မွေးထာဝရသတ္တု၊ နန်မင်လီ မီးတောက်၊ ပြန့်ဟွားပန်း အသက်ဝင်စမ်း ”
ရောင်စုံအလင်းတန်းက ရှန်ထျန်းကို လွှမ်းခြုံသွားကာ အရှိန်အဝါ ပိုအားကောင်းလာသည်။
သူ့ညာဘက်လက်တွင် ပင်လယ်အံ့ဖွယ်တူကို ကိုင်ထားပြီး ငွေရောင် လေးလံရေစင်ဖြင့် ဖုံးအုပ်ထားသည်။
ဝုန်း …
ကောင်းကင်တခွင် မိုးကြိုးလျှပ်စီးများ ဖြတ်ပြေးနေကာ နဂါးအော်သံများလည်း ဝေဝါးဝါး ကြားနေရသည်။ ရှန်ထျန်းက သူ့တောင်ပံကို ဖြန့်လိုက်ပြီးနောက် ပုံရိပ်များသာ ချန်ထားခဲ့တော့သည်။
ဝုန်း
လှိုင်းလုံးကြီးများ တဖန် မြင့်တက်လာသောကြောင့် ပင်လယ်သတ္တဝါများစွာက အပြေးအလွှား ပုန်းအောင်းကြရတော့သည်။
ရွှေတုတ်နှင့် ပင်လယ်အံ့ဖွယ်တူတို့ ထပ်မံ ထိပ်တိုက်တွေ့ဆုံသွားလေသည်။ ထိုစဉ် မည်သည့်ဘက်ကမှ အလျော့မပေးကြပေ။
“ ခင်ဗျားက တကယ်ကို ဂိုဏ်းတူ ဦးလေးကြာပြာပဲ။ အရမ်းအားကောင်းတယ် ”
ရှန်ထျန်းက တိတ်တဆိတ် အံ့ဩတုန်လှုပ်မိသွားသည်။ သူက ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် ရရှိပြီးနောက် ယုံကြည်ချက်အပြည့် ရှိလာခဲ့၏။ သူ့စွမ်းအားဖြင့် ကောင်းကင်အသျှင်အားလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် သူက ကြာပြာကောင်းကင်အသျှင်နှင့် တိုက်ခိုက်ရသည့်အခါ အရေးသာခြင်း မရှိပေ။ သူက သူ့တူရိုက်ချက်တိုင်း အပြည့်အဝ ပြန်လည် တုံ့ပြန်နိုင်လေသည်။
ရှန်ထျန်းက သူ့ထျန်းကျူဓားနှင့် အားအကောင်းဆုံး ဓားပျံတိုက်ကွက်ကို ထည့်မသုံးထားသည်မှာ အမှန်ဖြစ်၏။ သို့သော် ကြာပြာကောင်းကင်အသျှင်လည်း သူ့ဝှက်ဖဲများ ကျန်ရှိနေသေး၏။ သူက အားအပြည့်ပင် ထုတ်မတိုက်ရသေးပေ။
နယ်မြေငါးခုအတွင်း လျို့ဝှက်ပါရမီရှင်များစွာ ရှိလေရာ သိုသိုသိပ်သိပ် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။
……………....
ထိုစဉ် ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းထက်ပင် အံ့ဩနေသေး၏။ သူက အားအပြည့် ထုတ်မသုံးထားသလို အကောင်းဆုံး တိုက်ကွက်များ ထုတ်မသုံထားသော်လည်း အလေးအနက်ထားကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။
အရှေ့ပိုင်းလွင်ပြင်၌ ကြာပြာကောင်းကင်အသျှင်အနေနှင့် ဝိဇ္ဇာအဆင့်နှင့်အောက် ကျင့်ကြံသူများကြား သူ့အထွတ်အထိပ် ပင်လယ်တုတ်ချောင်းကို အားအပြည့် ထုတ်သုံးရမည့်လူ မရှိခဲ့ဖူးပေ။
သို့သော် ယခုတွင် သူက ရှန်ထျန်းကို မဖိနှိပ်ထားနိုင်ပေ။ တကယ်တော့ သူသာ သတိလက်လွတ်ဖြစ်သွားပါက ထိုတူရိုက်ချက် ခံရနိုင်သေး၏။
ဒီကလေးက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူ ဟုတ်ရဲ့လား … ရွှေရောင်ကိုယ်ထည်အဆင့်မှာ ဘယ်သူကများ ဒီလောက်စွမ်းအားကြီးကြလို့လဲ
ဝုန်း …
နောက်ထပ် တိုက်ကွက် …
ရှန်ထျန်းက ဝေဟင်ထဲ အမြောက်စာလို ပစ်လွှတ်ခံလိုက်ရစဉ် ကြာပြာကောင်းကင်အသျှင်က တူရိုက်ချက်ကြောင့် ကမ်းခြေဆီ ဘုန်းခနဲ ပြုတ်ကျသွားသည်။ နေရာတိုင်းမှာ ဖုန်အလိမ်းလိမ်း ထနေ၏။
“ ကောင်းပြီ ရပ်လိုက်တော့ ”
ကမ်းခြေမှ ရွှေရောင်ခပ်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာကာ “ အစ်ကိုကြီးက ဒီမှာ အကြီးအကဲလေ။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ ”
ကြာပြာကောင်းကင်အသျှင်က မဲ့ရွဲ့မိလိုက်သည်။
မင်းပဲ ဒီကလေးရဲ့ စွမ်းအားအစစ်အမှန်ကို မြင်ချင်လို့ ငါ့ကို သွားယှဉ်ခိုင်းတာ မဟုတ်ဘူးလား …
မင်းသာ ငါ မက်လောက်တဲ့ ဈေးပေးထားတဲ့အချက်ကြောင့်သာ မဟုတ်ရင် ဒီမကောင်းဆိုးဝါးလေးကို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ဘူး
အခုမှ မင်းက သူရဲကောင်းဝင်လုပ်နေတာလား …
ကြာပြာကောင်းကင်အသျှင်က ဒေါသထွက်ချင်လုနီးပါး ဖြစ်နေသော်လည်း ဂိုဏ်းချုပ်က ဖြတ်ပြောလိုက်လေသည်။
“ ထျန်းအာ နောက်ဆုံးတော့ လေ့ကျင့်ရာကနေ ထွက်လာပြီပဲ။ ညီမရွှေကြာက ထာဝရဘုံဗိမာန်ကျွန်းရဲ့ အတားအဆီးတွေ ပြေသွားပြီလို့ သတင်းပို့လာတယ်။ အင်အားစုအမျိုးမျိုးက ကျင့်ကြံသူတွေလည်း ကျွန်းထဲ ဝင်ကုန်ကြပြီ။”
ထာဝရဘုံဗိမာန်ကျွန်း … အခုဝင်လို့ ရပြီလား
ကြာပြာကောင်းကင်အသျှင်၏ မျက်ဝန်းများ လင်းလက်လာသည်။ သူက ဂိုဏ်းချုပ်အကြောင်း ရှန်ထျန်းဆီ ဖွင့်ပြောဖို့ပင် မေ့သွားလေသည်။
ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်တွင် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိကြောင်း သိကြပေသည်။ ထို့အပြင် ပါရမီရှင်များနှင့် အားကောင်းသော ကျင့်ကြံသူများစွာကလည်း ကံအပြောင်းအလဲ သွားရှာကြလိမ့်မည်။ ထိုအခါ ရတနာအသီးသီး ရလာပေမည်။
ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းသပ်ကာ ရှန်ထျန်းဆီ တိုးတိုးတိတ်တိတ် အသံဆက်သွယ်ကာ ပြောလိုက်သည်။
“ တူလေး မင်းက အရမ်းအားကောင်းနေပြီဆိုတော့ ငါတို့တွေ ကျွန်းထဲ အတူတူ ဝင်ရအောင်လေ။ အကျိုးမြတ်များများ ရယူကြတာပေါ့ … ငါသာ အဲဒီမှာ ကံကြမ္မာကောင်းနဲ့တွေ့ရင် စွမ်းအားတွေ တဟုန်ထိုးမြင့်တက်လာမှာ ”