ကောင်းကင်အသျှင်ချင်းမင်၊ လွန်ခဲ့သော နှစ်တစ်ထောင်က ဖရဲသီးကြီး
Vol. 24 Ch. 349
အခန်း (၃၄၉) : ကောင်းကင်အသျှင်ချင်းမင်၊ လွန်ခဲ့သော နှစ်တစ်ထောင်က ဖရဲသီးကြီး
လွန်ခဲ့သော လပိုင်းခန့်က ထာဝရဘုံဗိမာန်ကျွန်း ထွက်ပေါ်လာသည့်အကြောင်း ပျံ့နှံ့နေပြီးသား ဖြစ်၏။ ဤသည်မှာ ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန် ဖြစ်ကာ မြောက်ပင်လယ်အတွင်း နှစ်သောင်းချီကြာအောင် မည်သူမှ ရှာမတွေ့ဘဲ လျို့ဝှက်စွာ တည်ရှိနေခဲ့သည်။
ယခု ထိုကျွန်း ထွက်ပေါ်လာပြီ ဖြစ်၍ အင်အားစုအမြောက်အများ၏ အာရုံကို ဖမ်းစားသွားသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ ထိုနေရာကို ရဖို့ တိုက်ပွဲမည်မျှ ဖြစ်ပွားခဲ့သည်ကိုတော့ မသိနိုင်ပေ။
နတ်ဧကရာဇ် ဘုံဗိမာန်အတွင်း ကံအပြောင်းအလဲ အခွင့်အရေးများက မည်မျှအရေးကြီးကြောင်း ပြောနေဖို့ပင် မလိုတော့ပေ။ ထိုအကြောင်း သတင်းထွက်လာပြီးသည်နှင့် အင်အားစုတစ်ခုတည်းဖြင့် ကိုင်တွယ်နိုင်သည့်အရာမျိုး မဟုတ်သလို အခြားအင်အားစုများကလည်း အသည်းအသန် ပစ်မှတ်ထားကြလိမ့်မည်။
မြောက်ပင်လယ် နတ်ဆိုးများက အလွန်အားကောင်းနေလျှင်ပင် သူတို့က အခြားသောနယ်မြေများမှ အင်အားစုများနှင့် ပူးပေါင်းကာ အကျိုးမြတ်ခွဲယူရမည်သာ ဖြစ်၏။
ထိုစဉ် နတ်ဆိုးမျိုးနွယ်များနှင့် ဆက်ဆံရေးကောင်းကြသည့် အင်အားစုများက ပူးပေါင်းမှုထဲ ပါဝင်လာကာ တခြားအထွတ်အမြတ်မြေများမှ ဖိအားကို ခံနိုင်ကြသည်။ အကျိုးမြတ်ခွဲယူသူများက မိတ်ဆွေများ ဖြစ်ပြီး အခြားလူများ လုမယူနိုင်ရန် အတူတကွ ကာကွယ်ထားကြသည်။ ဤသည်မှာ နယ်မြေငါးခု၏ ပြောစရာမလိုသည့် စည်းမျဉ်းတစ်ခု ဖြစ်၏။
ထာဝရဘုံဗိမာန်ရှိ အကျိုးမြတ်များကို ခွဲဝေယူရန် နာမည်စာရင်း အတည်ပြုလိုက်ပြီးနောက် အင်အားစုအမျိုးမျိုး၏ ထိပ်သီးများစွာက ထာဝရဘုံဗိမာန်၏ အပြင်ဘက်ပိုင်း အတားအဆီးကို ချိုးဖောက်ဖို့ စတင်ကြိုးစားကြသည်။
ထာဝရဘုံဗိမာန်ကျွန်းသည် ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန် ဖြစ်၏။ ကျွန်းက အရှေ့မှအနောက် မိုင်သောင်းချီရှည်လျားပြီး အတွင်းပိုင်း၌ ဆန်းကြယ်နယ်ပယ်များစွာ ပါရှိနေသေးသည်။
ကျွန်းတစ်ခုလုံးက ကုန်းမြေတစ်ခုလို ဖြစ်နေပြီး အထဲရှိ ကံအပြောင်းအလဲ အခွင့်အရေး ပမာဏမှာလည်း တိုင်းတာ၍ မရပေ။ အန္တရာယ်များကလည်း ရှိနေဆဲသာ ဖြစ်၏။
အထွတ်အမြတ်မြေ အသီးသီးမှ ထိပ်တန်းဝိဇ္ဇာများပင် သူတို့ဂိုဏ်း၏ တန်ဖိုးအထားရဆုံး အားကောင်းသည့် လက်နက်များကို အသုံးပြု၍ အတားအဆီးကို ချိုးဖောက်သည့်အခါ တန်ဖိုးကြီးကြီးမားမား ပြန်လည်ပေးဆပ်ရသည်။
သူတို့လုပ်နိုင်သည့် အကြောင်းအရင်းမှာ အစီအရင် စွမ်းအားက အချိန်ကြာမြင့်လာ၍ လျော့ကျလာခြင်းကြောင့်သာ ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက နတ်ဧကရာဇ် ဂူဗိမာန်ထဲ ဝင်နိုင်မည် မဟုတ်ကြပေ။
နတ်ဧကရာဇ်က လူသားလောက၏ နယ်မြေငါးခုအတွင်း အတုမရှိ ပြိုင်ဖက်ကင်း တည်ရှိမှုမျိုး မဟုတ်ပါလော။
နတ်ဘုရားလောက၏ ထာဝရအရှင် ဆင်းသက်လာလျှင်ပင် နတ်ဧကရာဇ် အလွယ်တကူ နှိမ်နင်းနိုင်သည့် အနည်းငယ် အားပိုကောင်းသည့် ပုရွက်ဆိတ်မျှသာ ဖြစ်ကြသည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ကြည့်လိုက်ကာ “ဆရာ … ထာဝရဘုံဗိမာန်ကျွန်းက နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ဆိုတော့ ကျွန်တော်တို့ဂိုဏ်းက တပည့်တွေအများကြီး ဝင်ပြီး အန္တရာယ်နဲ့ တွေ့တဲ့အခါ ရင်ဆိုင်ဖို့ ခက်ခဲလောက်တယ် ”
ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ “ အရမ်းကောင်းတယ်။ အခု မင်းက ဒီလိုတွေးတတ်လာပြီဆိုတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အတွေးအခေါ်ပိုင်း ရှိလာပြီ ”
ဂိုဏ်းချုပ်အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က အညင်အသာ လှုပ်ခတ်သွားကာ အေးစက်စက် ပြောလိုက်သည်
“ ဒါပေမဲ့ ကျွန်းထဲက ကံအပြောင်းအလဲ အခွင့်အရေးတွေက တပည့်အများစု ဘဝမှာ ဒုတိယအကြိမ် တွေ့နိုင်မဲ့ ကံကြမ္မာကောင်းမျိုး မဟုတ်ဘူးလေ။ အဲဆိုတော့ ဘယ်သူကမှ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ကြဘူး။ မဟုတ်ရင် တစ်သက်လုံး နောင်တရနေကြလိမ့်မယ် …
ထာဝရဘုံဗိမာန်ကျွန်းဆီ ရောက်တာနဲ့ တပည့်နဲ့ အကြီးအကဲတွေကို သုံးဖွဲ့ခွဲပြီးတော့ အကြီးအကဲတွေကို ဦးဆောင်ခေါ်သွားခိုင်းလိုက်မယ်။ အဲလိုဆိုရင် တပည့်အားလုံး တပြိုင်နက် ဝင်တာမျိုး မဖြစ်တော့သလို အန္တရာယ်တွေ့ရင်တောင် ငါတို့ သူတို့ကို ကယ်ဖို့ ဖိအားလျော့သွားတာပေါ့ ”
ဂိုဏ်းချုပ်၏ အသံက အေးစက်နေသော်လည်း ကြောက်ရွံ့မှုနှင့် သတိထားမှုတို့ ကိန်းအောင်းနေသည်။
ဤသည်မှာ နတ်ဧကရာဇ် အဆုံးသတ်သွားသည့်နေရာ ဖြစ်သောကြောင့် ဝိဇ္ဇာပင် သူတို့၏ ဘေးကင်းလုံခြုံမှုကို အာမ မခံနိုင်ပေ။ ကံအပြောင်းအလဲ အခွင့်အရေးနှင့် သေခြင်းကြားက အကွာအဝေးမှာ ဆံချည်မျှင်မျှသာ ဖြစ်၏။
ထို့ကြောင့် ထာဝရဘုံဗိမာန်ကျွန်းထဲ ကံအပြောင်းအလဲ အခွင့်အရေးများကို လက်လွှတ်လိုက်ဖို့ မည်မျှပင် အင်တင်တင် ဖြစ်နေစေကာမူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနှင့် ခြင်းတစ်ခြင်းထဲ ကြက်ဥအားလုံး ပုံထည့်လိုက်သလိုမျိုး တပည့်အားလုံးကို စုပြုံလွှတ်လိုက်ခြင်းက သိပ်တော့ မကောင်းလှပေ။
ရှန်ထျန်းက ဂိုဏ်းချုပ်၏ အတွေးကို နားလည်သောကြောင့် ခေါင်းညိတ်ကာ “ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ထာဝရဘုံဗိမာန်ကျွန်းထဲ ဝင်ရင် ဘယ်အကြီးအကဲနောက် လိုက်လိုက်ရမလဲ ”
ဂိုဏ်းချုပ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ “ မင်းရယ်၊ ယွင်ရှီး၊ ယွင်ထင်နဲ့ ဖန်ချန်းတို့ကို ကန့်သတ်မထားဘူး။ မင်းတို့ရဲ့ ကံကြမ္မာအရ ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိရင်တောင် ဘေးကင်းမှုအထိ ထိခိုက်စေမှာ မဟုတ်ဘူး။ မင်းတို့ သတိထားဖို့ပဲ လိုတယ် ”
ဘေးတွင် ရပ်နေသည့် ကြာပြာကောင်းကင်အသျှင်က မြန်မြန်ဝင်ပြောလိုက်သည်
“ညီလေးရေ သူတို့လေးယောက်က ငါတို့ဂိုဏ်းရဲ့ မျှော်လင့်ချက်လေးတွေလေကွာ။ သူတို့ချည်း ဘယ်လိုလုပ် လွှတ်လို့ ဖြစ်မှာလဲ။ ငါ လိုက်ပြီး ကာကွယ်ပေးလိုက်မယ်။ ဒါက ငါ့ကံအပြောင်းအလဲ အခွင့်အရေးရှာတာ နှောင့်နှေးစေပေမဲ့လည်း ဂိုဏ်းအနာဂတ်အတွက် ကိုယ့်ဘာသာ စတေးခံလိုက်ပါ့မယ်လေ ”
ဆရာဦးလေးကြာပြာက ငါ့နောက် လိုက်ချင်တာလား …
ရှန်ထျန်းက ကြာပြာခေါင်းပေါ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဖြူအမည်း ရောနေသည့် ရောင်ဝါစက်ဝန်းကြီးကို မြင်လိုက်ရသည့်အခါ မျက်နှာရှစ်ခေါက်ချိုး ဖြစ်သွားတော့သည်။
ကြာပြာကောင်းကင်အသျှင်က ယခင်နှစ်အတွင်း ရှန်ထျန်း ယူဆောင်လာသည့် ကံအပြောင်းအလဲ အခွင့်အရေးများစွာကို အလကားဝေမျှယူခဲ့သည်။ နမူနာအားဖြင့် ကပ်ဘေးတဖန်၊ စစ်နတ်ဘုရား မျှော်နန်းဆောင်၊ နိဗာနတော်ဝင်ရေစင် အစရှိသဖြင့် ဖြစ်သည်။
ကြာပြာက သူ့ကံကြမ္မာ တိုးတက်လာစေရန် ကံအပြောင်းအလဲ အခွင့်အရေးများစွာပေါ် မှီခိုခဲ့သောကြောင့် သူ့အမည်းရောင် ရောင်ဝါက အဖြူရောင်များလာခဲ့ပြီ ဖြစ်၏။
ပြဿနာကား ကြာပြာက အလွန်ကံဆိုးနေဆဲသာ ဖြစ်သည်။
အဝင်ဝ၌ ဝက်သားရောင်းနေသည့် သာမန်သေမျိုးတစ်ယောက်ပင် ကြာပြာထက် ကံကြမ္မာပိုမြင့်လောက်သည်။
သူ့ကို အန္တရာယ်ပြည့်နှက်နေသည့် ထာဝရဘုံဗိမာန်ကျွန်းထဲ ခေါ်သွားရမည်လား … မေ့ထားလိုက်ပါတော့
ရှန်ထျန်းက ကျောရိုးတစ်လျှောက် ကြက်သီးများထလာကာ မြန်မြန် ဝင်ပြောလိုက်ရသည် “ ဆရာ ကိစ္စမရှိပါဘူး။ ဆရာဦးလေးကြာပြာက အရမ်းအားကောင်းနေတော့ ကျွန်တော်တို့နောက်လိုက်နေရင် နှမြောစရာကြီးလေ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကလည်း သူ့အစ်ကိုကြီးကို အေးစက်စက် ကြည့်လိုက်သည်။ သူ့အစ်ကိုကြီး တွေးနေသည့်အရာများကို ကောင်းကောင်း သိထား၏ “ အစ်ကိုကြီး အချိန်ကျလာတဲ့အခါ အစ်ကိုကြီးလည်း လုပ်ဆောင်ရမဲ့ တာဝန် ရှိလာလိမ့်မယ် …
ထျန်းအာတို့ကို ကာကွယ်ဖို့အတွက်တော့ တခြားတစ်ယောက်က တာဝန်ယူပေးပါလိမ့်မယ်။ အစ်ကိုကြီး စိုးရိမ်နေဖို့ မလိုပါဘူး ”
……………...
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်ရင်း အရာအားလုံးကို စီစဉ်ပြီးသွားလေပြီ။
လက်ရှိ ထာဝရဘုံဗိမာန် အစီအရင်ကို ချိုးဖျက်ပြီးနောက် အင်အားစုအသီးသီးက စည်းမျဉ်းများ သတ်မှတ်ခဲ့ကြသည်။ ဝိဇ္ဇာအဆင့်နှင့်အထက် ကျင့်ကြံသူများက အတူတကွ ပူးပေါင်း၍ နတ်ဧကရာဇ် ဂူဗိမာန် အတွင်းပိုင်း အတားအဆီးများကို ချိုးဖောက်ကြမည် ဖြစ်၏။
ဝိဇ္ဇာအဆင့်အောက် ကျင့်ကြံသူများအတွက်မူ ကျွန်းပေါ် ကံအပြောင်းအလဲ အခွင့်အရေးများကို စိတ်ကြိုက်ရှာဖွေနိုင်လေသည်။ သူတို့ ဘာရလာနိုင်သည် ဆိုတာတော့ ကံပေါ်သာ မူတည်လေ၏။
အပြင်ဘက်လောက၌ ထာဝရဘုံဗိမာန်ကျွန်း ပျောက်ကွယ်နေသည်မှာ နှစ်တစ်သောင်း ကြာမြင့်သွားပြီ ဖြစ်သည်။ ရွှေကျီး နတ်ဧကရာဇ်၏ ချီစုစည်းရေး အစီအရင်က ကျွန်းကို အားဖြည့်ပေးနေဆဲသာ ဖြစ်၏။ ထို့ကြောင့် ကျွန်းပေါ်တွင် ထူးခြားဆန်းပြားကာ ရှားပါးသော ရတနာများစွာ သေချာပေါက် ရှိနေပေလိမ့်မည်။
အကယ်၍ ကံကောင်းပါက ရွှေကျီး နတ်ဧကရာဇ်၏ ပင်မအမွေအနှစ်ကို ရှာတွေ့နိုင်ပြီး သူတို့ဘာသာ နယ်မြေတစ်ခုလုံးကို ကြီးစိုးနိုင်လောက်သည့်အထိ မြင့်တက်သွားလိမ့်မည်။ တခါတရံ ဆန်းကြယ်နယ်ပယ်ထဲ မည်မျှရရှိလာသည့်အချက်ကို ဆုံးဖြတ်ရာ၌ အင်အားက အဓိကအချက် မဟုတ်ပေ။
ကံကြမ္မာကောင်း ရှိ၍သာ ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနေနှင့် ဤသည်က ရှန်ထျန်းအတွက် ပြီးပြည့်စုံသော အရေးသာမှုတစ်ခု ဖြစ်ပေသည်။
ဖန်ချန်း၊ ယွင်ရှီး နဲ့ ယွင်ထင်တို့သာ ထျန်းအာရဲ့ ကံကြမ္မာကောင်း မျှဝေယူနိုင်သရွေ့ သူတို့လည်း အကျိုးမြတ်ရလာကြလိမ့်မယ် …
ဟုတ်တယ် အားလုံးက အစီအစဉ်အတိုင်းပဲ …
အံ့ဖွယ်မိုးကောင်းကင် ကျင့်ကြံသူအများစုက ထာဝရဘုံဗိမာန်ကျွန်းထဲ လွန်ခဲ့သော ရက်ပိုင်းခန့်က ဝင်သွားကြလေပြီ။
ရှန်ထျန်းက ထွက်မလာသေးသောကြောင့် ဂိုဏ်းချုပ်နှင့် ကြာပြာတို့က နောက်တွင်ကျန်ရစ်ကာ သူ့အား စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ ပြောရလျှင် အပြင်ဘက်ပိုင်းရှိ ကံအပြောင်းအလဲ အခွင့်အရေးများက သူတို့ကို မဆွဲဆောင်နိုင်ပေ။
ထျန်းအာရဲ့ မျက်နှာသာပေးမှုကသာ အရေးကြီးဆုံး …
ယခု ရှန်ထျန်း ထွက်လာပြီ ဖြစ်၍ ဂိုဏ်းချုပ်က အာကာပြင်ခွဲကာ မုခ်ဝတစ်ခု ဖန်တီးလိုက်သည်။ သုံးယောက်သား အာကာပြင်မုခ်ဝမှတဆင့် ထာဝရဘုံဗိမာန်ကျွန်းဆီ ဦးတည်လိုက်ကြ၏။
ယခင်က ရှန်ထျန်း ဂိုဏ်းချုပ်နောက်လိုက်ကာ အာကာပြင်ထဲ ဖြတ်သန်းသွားလာစဉ်က အာကာပြင်၏ လှုပ်ရှားမှုကို အာရုံမခံနိုင်ခဲ့ပေ။ သို့သော်လည်း ခွန်ပန်တာအိုကို နားလည်သွားပြီး ပြန့်ဟွားပန်းကိုပါ ရရှိထားပြီးနောက် အာကာပြင်အပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာသည်။ ပြောရလျှင် သူက အာကာပြင် အပြောင်းအလဲကို သေချာအာရုံခံမိလာ၏။
ရှန်ထျန်းက သူသာ အလိုရှိပါက ရိုးရှင်းသည့် အာကာပြင် ရွေ့ပြောင်းရေးလောက်ကို စမ်းကြည့်နိုင်လိမ့်မည်ဟု ခံစားမိနေသည်။
ခရီးဝေးအတွက် သူ့ဆရာဖြစ်သူကိုတော့ ယှဉ်နိုင်မည် မဟုတ်ပေ။ တစ်နာရီကြာမြင့်ပြီးနောက် ရှန်ထျန်းက လေဟာနယ်စွမ်းအား ဖြည်းဖြည်းချင်း အားလျော့လာကြောင်း ခံစားမိလိုက်သည်။
ရောက်တော့မှာလား …
ရှန်ထျန်းက ထိုအတွေးတွေးမိစဉ် သူ့ရှေ့ရှိ အာကာပြင်က စတင် အက်ကွဲလာကြောင်း မြင်လိုက်ရသည်။ ရှန်ထျန်းပေါ် အင်မတန် နီရဲတောက်ပနေသော အလင်းတန်း ဖြာကျလာပြီးနောက် ရေလှိုင်းသံများကို ကြားလိုက်ရသည်။
ရှန်ထျန်းက လေဟာနယ်ထဲမှ ထွက်လိုက်သည်နှင့် သူက လေထဲ၌ မီးဓာတ်ကြွယ်ဝသော ဝိညာဉ်ချီများ ပြည့်နှက်နေသလို နီရဲနေသော သဲသောင်ယံဆီ ရောက်နေကြောင်း သတိထားလိုက်မိသည်။
ဤအရာကို ပင်လယ်နှင့် ဝန်းရံထားသော်လည်း မီးတောင်တစ်လုံးလို ပူပြင်းလှသည်။
.............
ဒါက ထာဝရဘုံဗိမာန်ကျွန်းလား …
ရှန်ထျန်းက သူ့ရွှေတောင်ပံကို ဖြန့်ကာ တိမ်တိုက်ထဲ ပျံသန်းလိုက်ပြီး ကျွန်းကို ငုံ့ကြည့်လိုက်သည်။ သူ မြင်ရသည်ကား ရဲရဲတောက် အနီရောင်သာ ဖြစ်ပြီး အနီရောင်ကမ်းခြေ၊ အနီရောင် ကျောက်တုံးများနှင့် အနီရောင် သစ်ပင်၊ မြက်ပင်အမျိုးမျိုး ဖြစ်သည်။
ဤနေရာရှိ အရာအားလုံးမှာ မီးဓာတ်ကြွယ်ဝကြပြီး မီးဓာတ် ကျင့်စဉ် ကျင့်ကြံသော ကျင့်ကြံသူသာ ဤကျွန်းပေါ် နေထိုင်ပါက ကျင့်ကြံဆင့်က နှစ်ပိုင်းအတွင်း သိသိသာသာ တိုးတက်လာလိမ့်မည်။
ဤသည်မှာ ကျွန်းအပြင်ဘက်အပိုင်းသာ ဖြစ်သော်လည်း မီးဓာတ် ဝိညာဉ်ချီ သိပ်သည်းမှုက အထွတ်အမြတ်မြေများ၏ ပင်မနေရာများနှင့် ယှဉ်နိုင်နေလေပြီ။ အကယ်၍ ကျွန်းအတွင်းပိုင်းသာ ဝင်နိုင်ခဲ့လျှင် မီးဓာတ် ဝိညာဉ်ချီများက မည်မျှ သိပ်သည်းနေလိုက်မည်နည်း။
ထို့အပြင် ထာဝရဘုံဗိမာန်ကျွန်း၏ အာကာပြင် တည်ငြိမ်မှုက အပြင်ဘက်လောကထက် များစွာ သာလွန်နေသည်။
အကယ်၍ သေမျိုးနယ်မြေ၏ အာကာပြင်က စက္ကူစလို ဖြစ်ကာ အထွတ်အမြတ်မြေများ၏ အာကာပြင်က ဖန်သားလို ဖြစ်လျှင် ထာဝရဘုံဗိမာန်ကျွန်း၏ အာကာပြင်က ပြုပြင်ထားသော ဖန်သားလို ဖြစ်ကာ တည်ငြိမ်စွမ်းက အဆများစွာ ပိုအားကောင်းသည်။
ဤသို့သောနေရာမျိုး၌ ဝိညာဉ်စွမ်းအား အာရုံခံနိုင်စွမ်း၊ အမြန်နှုန်းနှင့် ဖျက်စီးနိုင်စွမ်းတို့ကို အကြီးအကျယ် ကန့်သတ်ထားလေသည်။
အားနည်းသော ကောင်းကင်အသျှင်များက ထာဝရဘုံဗိမာန်ကျွန်း၏ အာကာပြင်ကို မခွဲနိုင်ကြောင်း ပြောလာလျှင် အပိုမဟုတ်ပေ။
“ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ဆိုတဲ့တိုင်း ထူးခြားတာပဲ ”
ရှန်ထျန်းက ကမ်းခြေဆီ ပြန်ဆင်းလာလိုက်သည်။ သူက လက်သီးဆုပ်ကာ လေထဲ ထိုးခွင်းလိုက်၏။
ထိုလက်သီးချက်မှ အားကောင်းသည့် လေပြင်းများ ထွက်ပေါ်လာပြီးနောက် စွမ်းအားကြီး နဂါးအော်သံများကိုပါ ကြားလိုက်ကြရသည်။ အာကာပြင်က ချက်ချင်း ပျက်စီးသွားပြီး အပေါက် ဖြစ်သွားကာ အတွင်းပိုင်း ပင့်ကူအိမ်သဖွယ် အာကာပြင်အက်ကြောင်းများကို မြင်နေရသည်။ ထိုအရာမှ ကြောက်မက်ဖွယ် အငွေ့အသက် ထွက်ပေါ်လာပြီးနောက် မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်သွားလေ၏။
ရှန်ထျန်း၏ တိုက်ကွက်ကို ကြည့်ပြီး ရှန်ထျန်းက ခေါင်းညိတ်ကာ “ ထျန်းအာ … မင်းဆီမှာ တိုက်ကွက်သုံးခု ထည့်သိမ်းပေးထားတဲ့ သူတော်စင် အမှတ်အသားပြား ရှိတယ်။ သာမန်အခြေအနေအောက်မှာ အန္တရာယ်မတွေ့လောက်ဘူး။ ဒါပေမဲ့ တကယ်လို့ အန္တရာယ်ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီဆိုရင်တော့ ဆရာ မင်းဆီ အပြေးအလွှား အရောက်လာခဲ့မယ် … အဲကြောင့် စိတ်မပူနဲ့ ”
ထိုစကားအဆုံးတွင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ နှစ်ယောက် ထွက်သွားလိုက်ကြသည်။
ထာဝရဘုံဗိမာန်ကျွန်းပေါ်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အားအကောင်းဆုံးဖြစ်သည်နှင့်အညီ အစီအရင် ချိုးဖောက်ရာ၌ တာဝန်ယူဆောင်ရွက်ပေးရမည်။ ထိုကြောင့် သူတို့က အချိန်ဖြုန်း၍ မရပေ။ မဟုတ်လျှင် သူတို့ အကျိုးမြတ်ခွဲဝေယူသည့်အခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဆုံးရှုံးရလိမ့်မည်။
ထိုစဉ် အံ့ဖွယ်မိုးကောင်းကင်၏ တပည့်များက ဂိုဏ်းချုပ်နှင့် ရှန်ထျန်း ရောက်လာသည့်အကြောင်းကို ကြားကာ အပြေးအလွှား ရောက်လာကြသည်။ အံ့ဖွယ်မိုးကောင်းကင်၏ ထိပ်တန်းပါရမီရှင် လေးယောက် ဖြစ်သည့် ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးနှင့် ကျောက်ဟောင်တို့လည်း အားလုံးနှင့်အတူ ပါလာကြသည်။
သူတို့ကြား ဖန်ချန်းက ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာသူ ဖြစ်၏။ သူက ကနဦးဝိညာဉ်အဆင့် အောင်အောင်မြင်မြင် တက်လှမ်းသွားပြီ ဖြစ်ရာ ကျန်းယွင်ထင်လည်း အဆင့်တက်လှမ်းဖို့ သိပ်မကြာလိုက်ပေ။
ထိုစဉ် ကျန်းယွင်ရှီးက ဉာဏ်အလင်းပွင့် အဖန်ရည်အကူအညီဖြင့် ထိပ်ဆုံး ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ရှိပြီး ဆယ်ဆင့်မြောက်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ထိုအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် သူမလည်း ကနဦးဝိညာဉ်အဆင့် တက်လှမ်းဖို့ စဉ်းစားထားသည်။
သူမ၏ ယှဉ်ပြိုင်သူများက အားကောင်းလွန်းနေသည် မဟုတ်ပါလော။
စေ့စပ်ပွဲပျက်ကာ ရှန်ထျန်းကြောင့် အထွတ်အမြတ်မြေဆီ ဝင်ရောက်လာသည့် လူငယ်ပါရမီရှင် ကျောက်ဟောင်ကလည်း အတော်လေး ထူးခြားလွန်းလှသည်။ ကျောက်ဟောင်က အံ့ဖွယ်မိုးကောင်းကင်ဆီ ဝင်ရောက်ပြီးနောက် ဂိုဏ်းချုပ်က ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ ထို့အပြင် ဓားအသျှင်ချန်းယန်ကလည်း အမွေအနှစ်များ ပေးခဲ့သေး၏။ ထို့ကြောင့် သူ့ကျင့်ကြံဆင့်က မိုးထိမတတ် မြင့်မားလာသည်။
ဘဝအတွေ့အကြုံ အချိုးအကွေ့များကို ကျော်ဖြတ်ခံစားပြီးနောက် ကျောက်ဟောင်၏ စိတ်အခြေအနေက ရွယ်တူများကြား ပို၍ အားကောင်းပေသည်။ တစ်ချိန်တည်းတွင် ဓားမီးတောက် ဆန်းကြယ်ပညာရပ်က သူ့ခန္ဓာကိုယ်နှင့် စိတ်စွမ်းအားနှစ်မျိုးလုံးကို အားကောင်းလာစေသည်။
ကျောက်ဟောင်၏ ခြောက်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က အရည်အသွေးမြင့်မားပြီး ယခင် ဖန်ချန်းထက်ပင် ကျော်လွန်နေသေးသည်။
ယခု သူက လွန်ခဲ့သောလပိုင်းအတွင်း အပြင်းအထန် လေ့ကျင့်ရေးများ ဖြတ်ကျော်ခဲ့သည့်အပြင် ဉာဏ်အလင်းပွင့် အဖန်ရည်၏ အကူအညီဖြင့် ကျောက်ဟောင်က ထိပ်ဆုံး ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။
အနည်းဆုံးတော့ အရှေ့ပိုင်းလွင်ပြင် လူငယ်မျိုးဆက်အတွင်း ကျောက်ဟောင်က အထွတ်အမြတ်မြေတချို့၏ သူတော်စင်များလောက် ကျော်ကြားသည်။
ကြည့်ရတာ ဒီသိုးလေးက မယုံနိုင်လောက်အောင် ကောင်းကောင်း ကြီးပျင်းလာတာပဲ …
................
သူတို့လေးယောက်အပြင် ကောင်းချီးပေးခံထားရသူအဖွဲ့၏ တည်ထောင်သူများ ဖြစ်သည့် ကွေ့ကုန်းကုန်း၊ စုန့်ဖူကွေ့၊ လျိုထိုက်ယီ၊ ကျန်းကျစ်ကျား၊ ရှုန်းမုန့်၊ ချင်ကောင်းတို့လည်း ရှိကြသည်။
သူတို့က ရှန်ထျန်း၏ အမာခံ ကိုးကွယ်သူများ ဖြစ်ကြသောကြောင့် ရှန်ထျန်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် မရှိစဉ်ကာလအတွင်း သူတို့က တာဝန်ယူပေးခဲ့သူများ ဖြစ်၏။
ထိုစဉ် သူတို့အင်အားလည်း စစ်နတ်ဘုရား မျှော်နန်းဆောင်၊ ဉာဏ်အလင်းပွင့် အဖန်ရည်တို့လို ကံအပြောင်းအလဲ အခွင့်အရေးများကြောင့် များစွာ တိုးတက်လာလေသည်။
မူလက သူတို့၏ ကံကြမ္မာနှင့် ပါရမီအရ ဘဝ၌ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ အခွင့်အရေးပင် မရှိကြပေ။ သို့သော်လည်း စုန့်ဖူကွေ့၊ လျိုထိုက်ယီနှင့် အခြားလူများက တစ်နှစ်အတွင်း ရွှေအမြုတေအဆင့် ရောက်သွားကြလေပြီ။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့က ဟရူးဂါနတ်ဆိုးကျမ်းကို အဆုံးအစွန်အထိ ကျင့်ကြံထားသောကြောင့် ခြောက်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ပင် ရောက်နေကြပြီ ဖြစ်၏။
သူတို့က ခြောက်ဆင့်မြောက် သန့်စင်ခြင်းအဆင့်မျှသာ ဖြစ်သော်လည်း သူတို့၏ အမြန်နှုန်းနှင့် ဓားရေးပါ ထည့်ပေါင်းလိုက်သည့်အခါ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုကို ကျောက်ဟောင်ပင် မခုခံနိုင်ပေ။
အရှေ့ပိုင်းလွင်ပြင် တစ်ခုလုံး သို့မဟုတ် နယ်မြေငါးခု၌ပင် ထိုလူများကို ထူးချွန်သော ပါရမီရှင်များအဖြစ် မှတ်ယူနိုင်လေသည်။ ထို့ကြောင့် ယခု အားလုံးက အားမာန်အပြည့်ဖြင့် ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းလာကြသည်။
“ အရှင့်သား နောက်ဆုံးတော့ ထွက်လာပြီပဲ ” ကွေ့ကုန်းကုန်းက ရှန်ထျန်းအား စိတ်ပူပင်စွာ ကြည့်လိုက်ပြီး “ လေ့ကျင့်နေတဲ့ အတောအတွင်း အဆင်ပြေပါရဲ့လား ”
ရှန်ထျန်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် “ ကျွန်တော် နည်းနည်း တိုးတက်လာတယ်။ အခု အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ရောက်သွားပြီ။ တကယ်လို့ တစ်ခုခုသာ မမှားရင် နောက်တဆင့် တက်လှမ်းနိုင်တော့မှာ ”
အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်တဲ့လား …
အားလုံးက ထိုအကြောင်းကြားလိုက်ရသည့်အခါ တစ်ယောက်နှင့် တစ်ယောက် တအံ့ဩ ကြည့်လိုက်မိကြသည်။
ငါတို့ သူတော်စင်က ဘာပြောလိုက်တာလဲ … ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်း မဟုတ်ဘဲနဲ့ အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်တဲ့လား …
သူတို့က နယ်မြေငါးခု၌ နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ချိုးဖောက်တက်လှမ်းသွားသူကို မကြားဖူးသော်လည်း ဤလူမှာ ဆရာကောင်းကင်သာ ဖြစ်၏။ အကယ်၍ ဤလောကတွင် နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်ရှိမည့်လူသာ ရှိခဲ့လျှင် ဆရာကောင်းကင်သာ ဖြစ်လိမ့်မည်။
နောက်တဆင့် ချိုးဖောက်တက်လှမ်းခြင်းက သူ့အတွက် နိမ့်လွန်းနေသေး၏။
စုန့်ဖူကွေ့နှင့် လျိုထိုက်ယီတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ပဟေဠိဆန်ဆန် ပြုံးလိုက်ကြသည်။
သိုသိုသိပ်သိပ် နေရမယ် …
အကြောင်းအရင်းမှာ ဆရာကောင်းကင်က သိုသိုသိပ်သိပ် လူမသိသူမသိလေး နေချင်၍ ဖြစ်သည်။
ရှန်ထျန်းက တစ်လျှောက်လုံး သိုသိုသိပ်သိပ် နေခဲ့သည်။ သူ့ပါရမီက နှိုင်းယှဉ်စရာမရှိတော့သော်လည်း သူက လူအများကို ဘယ်တော့မှ အသိမပေးပေ။
သို့သော်လည်း စုန့်ဖူကွေ့က ကောင်းချီးပေးခံထားရသူများအဖွဲ့၏ အကြီးအကဲချုပ်တစ်ယောက်ဖြစ်၍ ဆရာကောင်းကင်၏ ကျင့်ကြံဆင့်မှာ ရိုးရိုးတမ်းတမ်း အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်လောက် ရိုးရှင်းမည် မဟုတ်ကြောင်း နားလည်ထားသည်။
ဆရာကောင်းကင်လို ဂုဏ်သတင်းကြီးမားသူက အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်လောက်ဆိုရင် အင်အားကို ဆက်တိုးပွားအောင်လုပ်ပြီး နိဗာနအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်မည် မဟုတ်ပေ။
ဆရာကောင်းကင်က အဆင့်တက်လှမ်းတော့မည်ဟု ပြောသောကြောင့် သူ့ကျင့်ကြံဆင့်က အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ထက် သေချာပေါက် မြင့်မားပေလိမ့်မည်။
သူက အနည်းဆုံး နဝမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်း အဆင့် ဖြစ်နိုင်သလို ဒဿမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ပင် ဖြစ်နေနိုင်သေး၏။
သဘောတရားအရ ရွှေရောင်ကိုယ်ထည်၏ အမြင့်မားဆုံး သန့်စင်ခြင်းအဆင့်မှာ နဝမနှင့် ဒဿမအဆင့်တို့ ဖြစ်ကြသည်။ သို့သော် ထိုအရာက သာမန်ကျင့်ကြံသူများအတွက် ကန့်သတ်ချက် ဖြစ်သည်။
ဆရာကောင်းကင်က သာမန်ကျင့်ကြံသူလား … သူက ဤခေတ်အခါမှာ ကန့်သတ်ချက်မဲ့ ဇာတ်လိုက် ဖြစ်၏။
သို့သော်လည်း ဆရာကောင်းကင်က အဌမ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ဟုသာ ကြေညာခဲ့သောကြောင့် သူ့ဘာသာ ထည့်စဉ်းစားပြီးသား ဖြစ်ပေမည်။ ဉာဏ်ကောင်းသူများက အခြားသူများ၏ ဖုံးကွယ်ထားသော အဓိပ္ပါယ်တို့ကို ဖတ်တတ်အောင် သင်ယူထားသင့်ကာ မပြောသင့်သည့်အကြောင်းအရာများကို ထိန်းသိမ်းထားရမည်။
ဆိုင်ရှင်စုန့်က ရှန်ထျန်းနောက် နာနာခံခံ လိုက်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
................
ရှန်ထျန်းကို ကျောက်ဟောင်ကို ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ တလက်လက် ဖြစ်လာသည်။
သူက ချောင်းအသာဟန့်ကာ “ ညီလေးကျောက်ရဲ့ ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာတာပဲ။ ဂုဏ်ပြုပါတယ်ကွာ ”
ကျောက်ဟောင်က ရှက်ရွံ့စွာဖြင့် ခေါင်းအသာကုတ်လိုက်ပြီး “ သူတော်စင်အစ်ကိုရှန်က ကျွန်တော်ကို မြှောက်နေပါပြီ။ နည်းနည်းလောက် တိုးတက်လာတာက သူတော်စင်အစ်ကိုနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ပါဘူး။ မီးဓာတ် ကျင့်ကြံသူတွေရဲ့ စွမ်းအားကို တိုးမြင့်ပေးနိုင်ပြီး မီးဝိညာဉ်သလင်းကျောက်ကို အားဖြည့်ပေးနိုင်တဲ့ ဒီထာဝရဘုံဗိမာန်ရဲ့ မီးဓာတ်ဝိညာဉ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာမှာ မဟုတ်ဘူး ”
မီးဝိညာဉ် သလင်းကျောက်လား …
ရှန်ထျန်းက အနည်းငယ် အံ့ဩသွားကာ “ အဲဒါက ဘာလဲ ”
ကျောက်ဟောင်က ရှင်းမပြခင် ဆိုင်ရှင်စုန့်က အရင်ကတည်းက ပြင်ဆင်ထားသည့် ကျောက်စိမ်းပေလွှာကို ခပ်သွက်သွက် ဝင်ပေးလိုက်သည်။
“ ဆရာကောင်းကင် ဒါက ထာဝရဘုံဗိမာန်ကျွန်းရဲ့ အချက်အလက်တွေပါ ”
လျိုထိုက်ယီက မဲ့ရွဲ့လိုက်မိသည်။ သူက မြန်မြန်ဆန်ဆန် မလှုပ်ရှားမိသည့်အတွက် နောင်တရနေမိသည်။
မဆန်းတော့ပါဘူး …
ဤရက်ပိုင်းအတွင်း ဆိုင်ရှင်စုန့်က တစ်ချိန်လုံး ကျောက်စိမ်းပေလွှာကို ကိုင်ကာ တစ်ခုခု ချမှတ်နေခဲ့၏။
သူက ငါ သိသွားမှာတောင် စိုးနေခဲ့သေးတာလေ … တကယ်တော့ သူက ဆရာကောင်းကင်ကို သူ့ဘာသာ တစ်ယောက်တည်း ဖားဖို့ ပြင်ဆင်နေခဲ့တာပဲ
ဉာဏ်ကောင်းလိုက်တာ … သူက ဉာဏ်ကောင်းလွန်းတယ်
ကောင်းကင်ဘုံရေ ဆိုင်ရှင်စုန့်လို လူမျိုးရှိထားရက်နဲ့ ကျွန်တော်ကို ဘာလို့များ ဖန်ဆင်းခဲ့သေးတာလဲဗျာ …
တစ်ဖက်တွင် ရှန်ထျန်းက ဆိုင်ရှင်စုန့် မည်မျှတွေးတတ်ပုံကို သဘောကျမိလာသည်။ ဆိုင်ရှင်စုန်ကို ကွေ့ကုန်းကုန်းနှင့်ပင် ယှဉ်၍ ရ၏။
အကယ်၍ ကျင့်ကြံရေးဂိုဏ်းအစား သေမျိုး တော်ဝင်နန်းတော်၌ ဖြစ်နေခဲ့လျှင် ဆိုင်ရှင်စုန့်လိုမျိုး ယုံကြည်ရသည့် လက်အောက်ခံမျိုးက နန်းတော်ရှိ ကုန်းကုန်းများနှင့် အစေခံအားလုံးကို အုပ်ချုပ်ရသည့်အထိ ရာထူးတိုးမြင့်သွားနိုင်သည်။
ထို့နောက် ရှန်ထျန်းက ကျောက်စိမ်းပေလွှာပေါ်ရှိ အကြောင်းအရာများကို အာရုံစိုက်လိုက်သည်။
ထာဝရဘုံဗိမာန်ကျွန်း ပေါ်လာသည်မှာ မကြာမြင့်သေးသော်လည်း အင်အားစုအသီးသီး၏ အာရုံကို ဖမ်းစားပြီးသွားလေပြီ။
ပထမဦးစွာ မီးဓာတ် ဝိညာဉ်ချီများမှ ဖြစ်တည်လာသည့် မီးဝိညာဉ်များက ကျွန်းအတွင်း ပုန်းခိုနေကြသည်။ ဤသည်မှာ အတော်လေး ဆန်းကြယ်လှ၏။ သူတို့က ကျွန်းပေါ်ရှိ မီးဓာတ် ဝိညာဉ်ချီများကို ထိန်းချုပ်နိုင်သောကြောင့် သူတို့တိုက်ခိုက်မှုက ကြမ်းတမ်းလွန်းသည်။
အကယ်၍ ထိုမီးဝိညာဉ်များကို သတ်လိုက်လျှင် မီးဝိညာဉ် သလင်းကျောက်ကို ရလာနိုင်သည်။
ဝိညာဉ်သလင်းကျောက်များက အင်မတန် ဆန်းကြယ်ကာ အသန့်စင်ဆုံး မီးဓာတ်ဝိညာဉ်ချီမှ ဖြစ်တည်လာသောကြောင့် အသုံးဝင်မှုများစွာ ရှိလေသည်။
ကျင့်ကြံဆင့် တိုးမြင့်တာမျိုး ဒါမှမဟုတ် လက်နက် ထုဆစ်တာမျိုး၊ ဆေးလုံး ဖန်တီးရာ၌လည်း အကျိုးအာနိသင်က ထူးခြားလှသည်။
ကျောက်ဟောင်က ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ လျှင်လျှင်မြန်မြန် ရောက်လာသည့်အချက်မှာ ထိုမီးဝိညာဉ် သလင်းကျောက်များကြောင့် အဓိကပါဝင်သည်။
မီးဝိညာဉ် သလင်းကျောက်များသည် မီးဓာတ် ကျင့်ကြံသူများအတွက် အကောင်းဆုံးသော အာဟာရမျိုး ဖြစ်၏။
အကယ်၍ အပြင်ဘက်အပိုင်းရှိ မီးဝိညာဉ်များက ကောင်းကင်အသျှင်နှင့် ဝိဇ္ဇာများအတွက် အသုံးမဝင်ဘဲ အားနည်းလွန်းသည့်အချက်ကြောင့်နှင့် ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းကို စောင့်နေရ၍ နောက်ကျနေသောကြောင့်သာ မဟုတ်လျှင် မီးဝိညာဉ်များ ချက်ချင်း မျိုးတုန်းသွားပေမည်။
………....
မီးဝိညာဉ်များအပြင် ထာဝရဘုံဗိမာန်အရှေ့ပိုင်း၌ မီးလျှံနီ မီးတောင်ဟု ခေါ်သည့် အရာလည်း ရှိသေး၏။ အလွန်အားကောင်းသည့် ထူးခြားမီးတောက် ဖြစ်သည့် မြေကြောမီးတောက်လည်း ရှိနေသည်။ ဤသည်မှာ ဆေးလုံးများ သို့မဟုတ် လက်နက်များ ဖန်တီးရာ၌ အကောင်းဆုံး မီးတောက် ဖြစ်၏။
ထူးခြားဆန်းကြယ်မီးတောက် အဆင့်စာရင်းဝင်သော နန်မင်လီ မီးတောက်နှင့် မယှဉ်နိုင်သော်လည်း ထိုသို့သော မီးတောက်မျိုးက နယ်မြေငါးခု၌ ရှားပါးလွန်းလှပြီ မဟုတ်ပါလော။
အကယ်၍ မီးလျှံနီ မီးတောင်မှ မြေကြောမီးတောက်ကို အရယူနိုင်ခဲ့လျှင် ဝိဇ္ဇာများပင် အလုအယက် ဖြစ်ကြလိမ့်မည်။
အံ့ဖွယ်မိုးကောင်းကင်၏ ကြာဖြူကောင်းကင်အသျှင်က တခြားကျင့်ကြံသူများနှင့် ဆက်ဆံရေးကောင်းရှိသောကြောင့် ကျင့်ကြံသူများစွာ၏ ထောက်ပံ့ပေးမှုအောက်တွင် ထိုမီးတောက်အပိုင်းအစလေးကို အရယူနိုင်ခဲ့သည်။
အကယ်၍ နောင်အခါ ဆေးလုံးဖော်စပ်ရာ၌ အသုံးပြုလျှင် အာနိသင်က သိသိသာသာ တိုးမြင့်လာလိမ့်မည်။
ထာဝရဘုံဗိမာန်ကျွန်း တောင်ဘက်ပိုင်းတွင် မြွေနက်မျိုးနွယ်၏ ကောင်းကင်အသျှင် ချင်းမင်က မဟူရာမီးတောက် ရွှေတွင်းကို ရှာတွေ့ထားသည်။ ဤသည်မှာ သတ္တုအမြောက်အများ ထွက်သည့် အထွတ်အထိပ်အဆင့် သတ္တုတွင်းတစ်ခု ဖြစ်၏။
သတ္တုရိုင်းများက မီးဓာတ် ဂိုဏ်းများအတွက် အလွန်အရေးပါလေသည်။ အကြောင်းမှာ သတ္တုရိုင်းများမှ ထွက်သော မဟူရာမီးတောက် ရွေအဆီအနှစ်က မီးဓာတ် ဝိညာဉ်လက်နက်များ ထုဆစ်ရာ၌ အထွတ်အထိပ် ပါဝင်ပစ္စည်းဖြစ်ပေသည်။
မြွေနက်မျိုးနွယ်တချို့သာ မီးဓာတ် ကျင့်စဉ်ကို ကျင့်ကြံကြသည်မှာ နှမြောစရာကောင်းလှပေသည်။ ထို့ကြောင့် ဤသတ္တုတွင်းက သူတို့အတွက် အသုံးမဝင်ပေ။ ယခု သူတို့က အထွတ်အမြတ်မြေများဆီ ရောင်းဖို့ တွေးနေကြ၏။
တောင်ပိုင်းနယ်မြေ၏ ဇာမဏီမျိုးနွယ် အကြီးအကဲများက ဤသတ္တုတွင်းကို ဝယ်ဖို့ရန် ကောင်းကင်အသျှင် ချင်းမင်နှင့် တွေ့ဖို့ ကြိုးစားနေကြသည်ဟု ပြောကြသည်။ သို့သော်လည်း သူမက အကြောင်းပြချက်တချို့ပေးကာ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့သည်။
ထို့နောက် လူသား အထွတ်အမြတ်မြေတချို့က ပိုင်ဆိုင်မှုတစိတ်တပိုင်းအနေနှင့် ဝယ်ယူလိုသော်လည်း အငြင်းခံလိုက်ရဆဲသာ ဖြစ်၏။
အင်အားစုများအနေနှင့် အရင်ရှာတွေ့ထားသူက ပိုင်ဆိုင်မည်ဟု သဘောတူထားသော်လည်း အကျိုးမြတ်များခွဲယူဖို့ တိုက်ခိုက်တတ်ကြသည်။ ထိုသို့သော အထွတ်အထိပ် သတ္တုတွင်း၏ တန်ဖိုးမှာ အမှန်တကယ် တန်ဖိုးကြီးလှသည်။
လက်ရှိ ထာဝရဘုံဗိမာန်၏ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကံအပြောင်းအလဲ အခွင့်အရေးများစွာကို ရှာတွေ့သွားကြလေပြီ။ သို့သော် သူတို့က မြေကြောမီးတောက်၊ မဟူရာမီးတောက် ရွှေတွင်းတို့ဖြင့် နှိုင်းယှဉ်၍ မရချေ။ ထို့ကြောင့် ဝိဇ္ဇာများ ပါဝင်လှုပ်ရှားလာအောင်အထိ မဆွဲဆောင်နိုင်သေးပေ။
ကံအပြောင်းအလဲ အခွင့်အရေးအစစ်အမှန်က အစီအရင်ဖြင့် တားဆီးထားသည့် ထာဝရဘုံဗိမာန်ကျွန်း၏ အတွင်းပိုင်းတွင် ရှိနေဆဲ ဖြစ်သည်။
……….....
ရှန်ထျန်းက နတ်ဘုရားအသိစိတ်ဖြင့် ကျောက်စိမ်းပေလွှာပါ အကြောင်းအရာများကို စစ်ဆေးကြည့်ပြီးနောက် ရုတ်ချည်းဆိုသလို ကျွန်းတောင်ပိုင်းမှ အသံတစ်သံ ပျံ့လွှင့်လာလေသည်။
“ ငါက မြွေနက်မျိုးနွယ်ရဲ့ ကောင်းကင်အသျှင် ချင်းမင်ပါ။ မဟူရာမီးတောက် ရွှေတွင်းက အခုငါ့လက်ထဲမှာ ရှိတယ်။ မဟူရာမီးတောက် ရွှေတွင်းကို လိုချင်တဲ့လူတွေ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ကြာပြာကောင်းကင်အသျှင် ချူးလုံဟယ်ကို ခေါ်လာခဲ့ မဟုတ်ရင် ညှိနှိုင်းစရာ မလိုဘူး ”
ကောင်းကင်အသျှင် ချင်းမင်က မြွေနက်မျိုးနွယ်၏ မင်းသမီးလေး ဖြစ်ပြီး သူမ ဖခင်၊ မိခင်နှင့် အဖိုးတို့က ဝိဇ္ဇာများ ဖြစ်ကြသောကြောင့် မြွေနက်မျိုးနွယ်တွင် ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
ထိုသို့သာ မဟုတ်ပါက သူမက ကောင်းကင်အသျှင်အဆင့်လောက်ဖြင့် အရေးပါသော သတ္တုရိုင်းတွင်းကို ရောင်းဖို့ရာ ဆုံးဖြတ်မည် မဟုတ်ပေ။ သူမက အရင်ဆုံး ရှာတွေ့သူ ဖြစ်လျှင်ပင် မဖြစ်နိုင်ပေ။
သူမက မဟူရာမီးတောက် ရွှေတွင်းကို ဆုကြေးအဖြစ် အသုံးပြုကာ ကြာပြာကောင်းကင်အသျှင်အား ခေါ်ဆောင်လာခိုင်းနေသည်။ ဤအခြေအနေက မက်လောက်ဖွယ် ဖြစ်၏။
“ ချင်းမင် .. နင်လွန်လွန်းသွားပြီ။ အစ်ကိုချူးက ငါ့အပိုင် ”
“ အစ်မချင်းမင် အရင်ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာပါ။ အဲဒါကြောင့် အစ်ကိုကြီးကို ခက်ခဲအောင် မလုပ်ပါနဲ့နော် ”
ရင်းနှီးပြီးသား အသံနှစ်သံ ထွက်ပေါ်လာသည်။ ဤလူတို့မှာ ရဲရဲနီကကြိုးကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ ဖြစ်ကြသည်။ သူတို့ အမျိုးသမီးသုံးယောက်ကြား မည်သို့ဇာတ်လမ်းရှုပ်ခဲ့သည်ကိုတော့ မည်သူ သိမည်နည်း။
ရှန်ထျန်းက မျက်လုံးမှိတ်လိုက်သည်နှင့် ကျွန်းအပြင်ဘက်ပိုင်းရှိ အားကောင်းသော အငွေ့အသက်တချို့ကို ခံစားမိလိုက်သည်။ သူတို့က ကောင်းကင်အသျှင် ချင်းမင်၏ ဆုကြေးကြောင့် လှုပ်ရှားနေကြဟန်ပေါ်သည်။
ထိုအရာအားလုံးက သူ့မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပြီး အားကောင်းသော အငွေ့အသက်များကို အာရုံခံမိကာ အသံများကို နားထောင်နိုင်လေသည်။ မဟုတ်လျှင် ကောင်းကင်အသျှင်ထက် အားနည်းသော ကျင့်ကြံသူများအတွက် ထာဝရဘုံဗိမာန်ကျွန်းပေါ် အဝေးကြီးမှ ခံစားမိဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးပင် ဖြစ်၏။
ဤသည်မှာ ကောင်းကင်အသျှင်အဆင့် မရောက်သေးသည့် ကျင့်ကြံသူများကို နားထောင်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ထိုစဉ် နားကွဲလုမတတ် အသံကျယ်ကြီးတစ်ခု ကျွန်းအနောက်ပိုင်းမှ ထွက်ပေါ်လာသည်။
ရွှေရောင်မိုးကြိုးများ ချက်ချင်း ကျဆင်းလာကာ အာကာပြင်ကို တစစီ ဖြစ်သွားစေပြီး လေဟာနယ်လေပွတစ်ခု ပေါ်လာစေ၏။ ထို့နောက် ပင်လယ်ရေများကို အဆုံးမရှိ စုပ်ယူတော့သည်။
“ ကျန်းလုံယွမ် … ငါ့ကို ခိုးကြောင်ခိုးဝှက် လာတိုက်တယ်ပေါ့ ”
“ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ကောင်းကင်အသျှင် ချင်းမင်ကြား အဖြစ်အပျက်တွေက နှစ်ရှစ်ရာတောင် ကြာသွားပြီလေ။ အခု ပြတ်ပြတ်သားသား လုပ်သင့်ပြီ ”
“ သေစမ်း … သူမနဲ့ ငါ့ကြား ကိစ္စတွေက ရှင်းလို့ရတယ် ထင်နေလား။ မင်းက သတ္တုရိုင်းတွင်း လိုချင်နေတာပဲ။ တစ်ယောက်ယောက် ကယ်ကြပါဦး။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အသည်းနှလုံး မရှိဘူး။ သူက သူ့အစ်ကိုကြီးကို သတ္တုရိုင်းတွင်းအတွက် ရောင်းစားတော့မယ်ဗျို့ ”
“ အစ်ကိုကြီး လျှောက်အော်မနေနဲ့တော့။ အစ်ကိုကြီးရဲ့ နတ်ဘုရားကိုယ်ထည်မာက ဘယ်လောက်အားကောင်းကောင်း ကျွန်တော်ရဲ့ ဓာတ်နှောနတ်မိုးကြိုးသံကြိုးတွေကို မချိုးဖောက်နိုင်ဘူး ”
ရွှေရောင်မိုးကြိုးများက လေထုခွင်းလာကာ ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့ကလည်း အပြင်းအထန် လှုပ်ခတ်လာသည်။ ဓာတ်နှောနတ်မိုးကြိုးမှ ဖြစ်တည်လာသည့် သံကြိုးတစ်ခု ပေါ်ထွက်လာသည်။
ခရမ်းရောင်ဝတ်ရုံနှင့် တာအိုကိုယ်တော်ကြီးက သံကြိုးတစ်ဖက်တွင် ရှိနေပြီး သူ့ဆံပင်တို့က မိုးကြိုးကြောင့် ထောင်မတ်နေသည်။
သူက အပြင်းအထန် ရုန်းကန်ရင်း လွှတ်မြောက်အောင် ကြိုးစားနေသည်။ ကံဆိုးစွာဖြင့် ဓာတ်နှောနတ်မိုးကြိုး သံကြိုးများက သူ့အား ဖက်ထုပ်လို တင်းတင်းချည်နှောင်ထားလေသည်။ သူတို့က တင်းကျပ်လွန်းသည့်အတွက် လက်တစ်ချောင်းပင် လှုပ်ဖို့ ခက်လှသည်။
“ ဒါက အစ်ကိုကြီး ကောင်းဖို့ပါပဲ။ ကောင်းကင်အသျှင် ချင်းမင်က နောက်ခံကောင်းကောင်း ရှိပြီးတော့ အစ်ကိုကြီးကိုလည်း နှစ်အကြာကြီး ဂရုစိုက်လာတာမလား။ အရှုံးကို ဝန်ခံလိုက်စမ်းပါဗျာ ”
……………....
ဂိုဏ်းချုပ်၏ အသံက အေးစက်နေကာ ခံစားချက်ကင်းမဲ့လှသည်။ သို့သော် သူ့စကားတို့က ကောင်းကင်အသျှင်များစွာနှင့် ဝိဇ္ဇာများအား ဝက်ဝက်ကွဲရယ်မောသွားစေသည်။
သို့သော်လည်း အားကောင်းသူများ၏ မျက်ဝန်းတွင် ယခင်အကြောင်းအရာများကို ပြန်လည် အတင်းတုပ်လိုစိတ်များ ပြင်းပြလာကြ၏။
နှစ်တစ်ထောင်ကြာ စောင့်ခဲ့ရတဲ့ ဖရဲသီးကြီးက နောက်ဆုံးတော့ စားရပြီလား …
ကြာပြာရေ ခံလိုက်စမ်း … ဟားဟား ကျေနပ်စရာကြီး