အရိုင်းဆန်ဆန် သူရဲကောင်း၊ မင်းသမီး လင်းလုံ
Vol. 24 Ch. 350
အခန်း (၃၅၀) : အရိုင်းဆန်ဆန် သူရဲကောင်း၊ မင်းသမီး လင်းလုံ
ရှန်ထျန်းက ထိုအဆင့်မြင့် ပုဂ္ဂိုလ်နှစ်ယောက်ကြားမှ ကိစ္စမှ ဘေးထွက်နေလိုက်သည်။ သူ့ဆရာက လမ်းညွှန်ပေးသည့် ပုဂ္ဂိုလ်သာ မဟုတ်ပါလော။ စကားကို လက်လွှတ်စပယ်ပြောခြင်းက မကောင်းပေ။
သူ့အနေနှင့် မြွေနက်မျိုးနွယ်၏ ကောင်းကင်အသျှင် ချင်းမင်က ဆရာဦးလေးကြာပြာအတွက် ဆုကြေးထုတ်သည့်အကြောင်းကို မသိပေ။
အချစ်မှ အမုန်းကို ပြောင်းလဲခြင်းလား ဒါမှမဟုတ် ရန်ငြိုးလား …
စကားတစ်ခွန်းတောင် ရှိသေးသည် မဟုတ်ပါလော။
လူတစ်ယောက်ကို လွှမ်းဆွတ်နေပါက တစ်ရက်က သုံးနှစ်လောက် ကြာသလို ခံစားရတတ်လေသည်။
ရှန်ထျန်းက ငွေဖြူရောင်မင်းသားဆီမှ ကောင်းကင်အသျှင် ချင်းမင်နှင့် ကြာပြာတို့ကြားမှ အတင်းအဖျင်းတချို့ကို ကြားခဲ့ဖူးသည်။
သူတို့ကြား တစ်ရက်တာ ရှိခဲ့ခြင်းမျိုး မဟုတ်ပေ။
အဟမ်း … သူတို့က တစ်ရက်သာ ဝေးကွာနေကြခြင်း မဟုတ်ပေ။ သူတို့ မတွေ့ကြသည်မှာ နှစ်ပေါင်း ရှစ်ရာမှ တစ်ထောင်ကြား ဖြစ်နေလေပြီ။
မြွေ၏ အကျင့်စရိုက်အရ ထိုသို့သော ဖြစ်ရပ်မျိုး ပိုမို လိုအပ်တတ်ကြသည်။
ကောင်းကင်အသျှင် ချင်းမင်က ကြာပြာအပေါ် ခံစားချက် မရှိနေခဲ့လျှင် အဆင်ပြေသွားလိမ့်မည်။ အလွန်ဆုံး သူတို့က တစ်လှည့်လောက် လုပ်လိုက်ရုံသာ ဖြစ်သည်။
သို့သော် ကောင်းကင်အသျှင် ချင်းမင်က ကြာပြာအပေါ် ခံစားချက်တို့ ပေါက်ဖွားလာခဲ့လျှင် သူမတစ်ယောက်တည်း နှစ်ရှစ်ရာ၊ တစ်ထောင်နီးပါး အထီးကျန်ဝေဒနာကို ခံစားခဲ့ရပေမည်။
ဒါက ရူးသွပ်လောက်တဲ့ အရှုပ်အထွေးပဲ ဖြစ်ရမယ် …
အရိုင်းဆန်ဆန် သူရဲကောင်းမျိုး … ကြောက်စရာကြီး
................
ကောင်းကင်အသျှင် ချင်းမင်ကို လက်မအကြီးကြီး ထောင်ပေးလိုက်ပြီးနောက် ရှန်ထျန်းက သူ့ညီအစ်ကိုတို့ကို ဦးဆောင်ကာ ထာဝရဘုံဗိမာန်ကျွန်း စွန့်စားခရီးကို စတင်ခဲ့သည်။
ရှန်ထျန်းနှင့်အတူတူ ဖြစ်၍ အံ့ဖွယ်မိုးကောင်းကင် တပည့်ရင်းများက စိတ်လှုပ်ရှားကာ တက်ကြွနေကြသည်။ သူတို့၏ တိုက်ပွဲစွမ်းရည်က အမြင့်ဆုံး ဖြစ်ကြသည်။
ယခင်အတွေ့အကြုံများအပြီးတွင် အားလုံးက ရှန်ထျန်းအား ကံကြမ္မာသားတော်ဟု အခိုင်အမာ လက်ခံယုံကြည်သွားကြသည်။ ရှန်ထျန်းနှင့်အတူတူ စွန့်စားခရီးသွားလာရခြင်းက အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်ပေသည်။
သူတို့က သူတော်စင်အား အကောင်းဆုံးတွေကိုသာ ပေးပြီး တတ်နိုင်သမျှ အားလုံးကို လုပ်ပေးမည်။ သူတို့သာ သူတော်စင်အား မကျေမနပ် ဖြစ်စေမိခဲ့လျှင် နောက်ခရီးစဉ်၌ ခေါ်မသွားမည်ကို စိုးနေကြသည်။
ဆယ်ယောက်ဖြင့် အဖွဲ့အသေးလေး ဖြစ်သွားကာ ထာဝရဘုံဗိမာန်ကျွန်းထဲ ဝင်လာလိုက်ကြသည်။
သူတို့ သွားသည့်နေရာတိုင်း မြောက်များစွာသော မီးဝိညာဉ်များကို ရှင်းထုတ်ကာ သလင်းကျောက် ရယူခဲ့ကြသည်။
ရှန်ထျန်းက မီးဓာတ် လင်းယုန်ဝိညာဉ်ကို အနိုင်ပိုင်းကာ သူ့ခန္ဓာကိုယ်ထဲမှ သလင်းကျောက်ကို နှုတ်ယူခဲ့သည်။ ပြောရမည်ဆိုလျှင် မီးသလင်းကျောက် စွမ်းအားက အလွန်သန့်စင်သည်ဟု ဆိုလို့ရသည်။ အားကောင်းသော ကျင့်ကြံသူများ၏ အတွင်းအားထက်ပင် သန့်စင်နေသေး၏။
ရှန်ထျန်းအတွက် များစွာ အသုံးမဝင်သည်မှာ နှမြောစရာကောင်းလှသည်။ ထိုအရာက သူ့နန်မင်လီ မီးတောက်အား အနည်းငယ်သာ တိုးမြင့်ပေးနိုင်သည်။
ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်လူများခေါင်းအထက်တွင် ဝိညာဉ်ဆေးပင် အမြောက်အများ တွေ့လာမည့် ကံအပြောင်းအလဲ အခွင့်အရေးများ ရှိနေသည်။ သို့သော် အချိန်မကျသေးသောကြောင့် ထိုအခွင့်အရေးက သာမန်မျှသာ ဖြစ်နေသေးသည်။
ထိုပုံမှန်က ရှန်ထျန်းအား မဆွဲဆောင်နိုင်ပေ။ သူက ဉာဏ်အလင်းပွင့် သစ်ရွက်ကိုတောင် ခူးယူခဲ့သူ မဟုတ်ပါလော။ သို့သော်လည်း ဝိညာဉ်ဆေးပင်များက ကောင်းကင်အသျှင်အပါအဝင် ကျင့်ကြံသူများစွာအတွက် အဖိုးတန်ပေသည်။
ဖန်ချန်းတို့အတွက်မူ ထိုဝိညာဉ်ဆေးပင်များက သူတို့ရတနာအိတ်ကို အားဖြည့်ပေးနိုင်လောက်သည်။ သူတို့ နေ့စဉ်ကျင့်ကြံဖို့ရာအတွက် လုံလောက်ပေလိမ့်မည်။
ထိုစဉ် ရှန်ထျန်းလည်း ထိုဝိညာဉ်ဆေးပင်များကို ကူရှာပေးရင်း သူ့ကံကြမ္မာလည်း ဖြည်းဖြည်းချင်း တိုးတက်လာလေ၏။ တိုးတက်လာနှုန်းမှာ အလွန်နှေးကွေးနေဆဲသာ ဖြစ်သည်။
ဝိညာဉ်ဆေးပင် အမြောက်အများရှာတွေ့ပြီးနောက် ရှန်ထျန်း၏ ရောင်ဝါထဲ ရွှေရောင်အစက်အပြောက်တချို့ ပေါ်ထွက်လာသည်။
ဤနှုန်းဖြင့် ဘယ်အချိန်မှ ချီရှောက်ရွမ်လို ခရမ်းရောင် ရောင်ဝါ ပိုင်ဆိုင်လာမည်နည်း။
ရှန်ထျန်းက တတ်နိုင်သမျှ မြန်မြန် ကံကောင်းအောင် လုပ်ဖို့ အိပ်မက်မက်နေဆဲ ဖြစ်သည်။
……….....
ဒီလို မဖြစ်သေးဘူး … ငါ ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမားကို ရှာရမယ်
ရှန်ထျန်းက ထိုအချက်ကို သတိပြုမိပြီးနောက် အားငယ်လာပုံပေါ်သည်။ သူက တစ်ခုခုကို အာရုံခံဖို့ ကြိုးစားလိုက်သည့်အခါ မျက်လုံးကို အသာပိတ်လိုက်သည်။ ထို့နောက် ကျွန်းအနောက်ဖက်ကို မျက်နှာမူလိုက်၏။
ရှန်ထျန်းက ရုတ်ချည်း မျက်လုံးပြန်ဖွင့်လာကာ “ အနောက်ဖက်မှာ ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမား ရှိနေတယ် ”
နောက်ဆုံးတော့ ပေါ်ထွက်လာပြီ … သူတော်စင်ရဲ့ ဒဏ္ဍာရီလာ အလိုလိုသိစိတ်
ဆိုင်ရှင်စုန့်နှင့် လျိုထိုက်ယီတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူတို့သူတော်စင် အာရုံခံမိသည်နှင့် အမြဲတမ်း ကံအပြောင်းအလဲ အခွင့်အရေး ရှိတတ်သည်။
အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားမှ အံ့ဖွယ်ဝါးမျိုနွယ်ပင်၊ ထျန်းကျူဓားနှင့် စစ်နတ်ဘုရား မျှော်နန်းဆောင်အထိ တစ်ခါမှ စိတ်မပျက်စေခဲ့ဖူးပေ။
ရှန်ထျန်းနောက်လိုက်သူများလည်း ထိုကံအပြောင်းအလဲ အခွင့်အရေးများမှ အပြည့်အဝ အကျိုးမြတ်ရရှိကြသည်။
“ သူတော်စင်က ကံအပြောင်းအလဲ အခွင့်အရေးကြီး အာရုံခံမိတာဆိုတော့ အမှန်ဖြစ်လောက်တယ် ”
“ သူတော်စင်အစ်ကို ဦးဆောင်သွားပါ။ ကျွန်တော်တို့ သူတော်စင် ဘယ်သွားသွား နောက်ကလိုက်ခဲ့ပါ့မယ် ”
“ အရှင့်သား … ကံအပြောင်းအလဲ အခွင့်အရေးကောင်း ရှာတွေ့တာ အရေးကြီးတယ်ဆိုပေမဲ့ ဘေးကင်းလုံခြုံဖို့က အဓိကပဲနော်။ ကျေးဇူးပြုပြီး သတိထားပါနော် ”
“ ဂိုဏ်းတူညီလေး ငါတို့အားလုံး အတူတူသွားကြမယ်။ ငါတို့က ကနဦးဝိညာဉ် ဖွဲ့စည်းပြီးသွားပြီဆိုတော့ ကနဦးဝိညာဉ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူကိုတောင် သတ်ပစ်နိုင်ပြီ။ ငါတို့တွေ အကူအညီကောင်းဖြစ်မှာပါ ”
“ ဟုတ်တယ် … သူတော်စင်ကို ထိခိုက်ချင်တဲ့သူတိုင်း ငါ့ကို အရင်ကျော်ဖြတ်ရမယ် ”
အားလုံးက ရှန်ထျန်းနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြသောကြောင့် ရှန်ထျန်း စိတ်ထဲ နွေးထွေးသွားရသည်။
ယုံကြည်ခံရတဲ့ ခံစားချက်လေးက ကောင်းလိုက်တာ …
ရှန်ထျန်းက အနောက်သို့ မသွားခင် ကျောက်ဟောင်ခေါင်းပေါ်ရှိ ရောင်ဝါကို တစ်ချက်ကြည့်လိုက်သည်။
သူက အမြန်နှုန်းအပြည့်ဖြင့် မသွားပေ။ အကယ်၍ သူသွားလိုက်လျှင် သူ့နောက်လိုက်များ နောက်ကောက်ကျ ကျန်ခဲ့ပေလိမ့်မည်။ သူတို့က သူ့ကို အမီလိုက်နိုင်မည် မဟုတ်ကြပေ။
ရှန်ထျန်း၏ အရှိန်က အမြန်ဆုံး ဖြစ်နေပြီ မဟုတ်ပါလော။
တကယ်တော့ ကောင်းကင်အသျှင်အများစုပင် သူ့ထက် နှေးကြလေသည်။
……….....
ထာဝရဘုံဗိမာန်ကျွန်းကို ပိတ်ထားသည်မှာ နှစ်တစ်သောင်းနီးပါး ရှိသွားပြီ ဖြစ်၍ ကျွန်းအနှံ့ မီးဝိညာဉ်များကို တွေ့နေရသည်။
ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများက သူတို့တပည့်များနှင့် လူငယ်မျိုးဆက်အတွက် လေ့ကျင့်နိုင်သည့် အခွင့်အရေးရစေရန် ထိုမီးဝိညာဉ်များကို ချန်ထားပေးခဲ့ကြသည်။ ရလဒ်အနေနှင့် ရှန်ထျန်းတို့အဖွဲ့က မီးဝိညာဉ်အမြောက်အများ ကြုံတွေ့လိုက်ကြသည်။ သူတို့က ကိုယ့်ဘာသာ စတေးနေသည့်အလား ရှန်ထျန်းဆီ တစ်ကောင်ပြီး တစ်ကောင် ဝင်လာကြ၏။
ရှန်ထျန်းက မီးဝိညာဉ်များစွာကို သတ်ပြီးနောက် အကြောင်းအရင်းကို နားလည်သွားသည်။ သူက အလွန်ချောမောလွန်းနေ၍ ဖြစ်၏။
အဟမ်း စတာ …
အကြောင်းအရင်းအမှန်မှာ ရှန်ထျန်းက နဝမ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံပြီးနောက် သူ့အငွေ့အသက်ကို ဖုံးကွယ်ထား၍ သူ့ကျင့်ကြံဆင့် အစစ်အမှန်ကို ခွဲခြားဖို့ ခက်ခဲလှပေသည်။
ထိုမီးဝိညာဉ်များက သာမန်ကျင့်ကြံသူလောက် ဉာဏ်မကောင်းကြပေ။ သူတို့က သူ့အား လွယ်ကူသော ပစ်မှတ်ဟု ထင်နေပုံရ၏။
ငါက အားနည်းတဲ့ပုံ ပေါ်လို့လား …
ရှန်ထျန်း ခေါင်းတခါခါဖြင့် ခါးသက်သက် ပြုံးလိုက်မိသည်။
ငါက အရမ်းကို နှိမ့်ချပြီး နေခဲ့မိတာလား … ဒီလိုအဆင့်နိမ့် ဝိညာဉ်တွေကတောင် ငါ့ကို လာအနိုင်ကျင့်ဖို့ ကြိုးစားနေကြတယ်
ထိုအတွေးဖြင့် ရှန်ထျန်းက သူ့အရှိန်အဝါနည်းနည်း ထုတ်လွှင့်လိုက်သည်။
ဝုန်း …
ရှန်ထျန်းနောက်တွင် အဆုံးမဲ့ ပုံရိပ်သဏ္ဌာန်လည်း ချက်ချင်း ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းက လေထဲ မိုင်ထောင်ချီ ပြည့်နှက်နေသည်။ နတ်သားရဲဆယ်ကောင်၏ ပုံရိပ်ကိုလည်း ဝေဝေဝါးဝါး မြင်နေရသေးသည်။
နတ်သားရဲဆယ်ကောင်ကြားတွင် နတ်ဘုရားတစ်ပါးက ထိန်းချုပ်နေသည့်အလား မှုန်ဝါးဝါး ပုံရိပ်လေး ရှိနေသည်။ ကောင်းကင်ဘုံ ပြစ်ဒဏ်ကို ချမှတ်နိုင်သော နတ်ဘုရားမျိုး ဖြစ်၏။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးနောက် ပေါ်ထွက်လာသည့် ပုံရိပ်သဏ္ဌာန် ဖြစ်သည်။
ယခု ရှန်ထျန်းက ထူးခြားအံ့ဖွယ်ပစ္စည်းများကို သန့်စင်ပြီးသွားပြီ ဖြစ်၍ သူတို့ကို တိုက်ကွက်များ၌ ထည့်သွင်း အသုံးပြုနိုင်လာသည်။ အကယ်၍ ရှန်ထျန်းသာ အလိုရှိပါက ဓာတ်နှောနတ်မိုးကြိုးကို အဆင့်တက်ကာ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ထိုအကြောင်းအရင်းကြောင့် ရှန်ထျန်း၏ မိုးကြိုးပုံရိပ်သဏ္ဌာန်က တမူထူးနေခြင်း ဖြစ်၏။
ရှေးဟောင်း အံ့ဖွယ်မိုးကောင်းကင် နတ်ဧကရာဇ် ပြန်လည်မွေးဖွားလာပြီး အဆင့်အတူတူသာ ဖြစ်နေမည်ဆိုလျှင် ရှန်ထျန်းအား ယှဉ်နိုင်မည် မဟုတ်ပေ။
………….....
.ကြောက်မက်ဖွယ် မိုးကြိုးအရှိန်အဝါများ ပျံ့နှံ့သွားသောကြောင့် မီးဝိညာဉ်များ ပြန့်ကျဲသွားလေသည်။
ထိုစဉ် ထာဝရဘုံဗိမာန်ကျွန်း မြောက်ပိုင်းတွင် အဖြူရောင် မျက်နှာဖုံး ဝတ်ဆင်ထားသည့် ကြော့ရှင်းလှပသော မိန်းမပျိုလေးက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာသည်။ သူမက ဇာမဏီပေါ် ခြေချိတ်ထိုင်လျက် ရှိကာ ဒူးပေါ်တွင် ကျောက်စိမ်းဖြူဓားကို တင်ထားသည်။
သူမဆီမှ ထက်ရှသော ဓားအရှိန်အဝါများ ထုတ်လွှင့်နေလေ၏။
တစ်ချိန်တည်းတွင် သူမက တစ်ခုခု ခံစားမိသည့်အလား သူမဒူးပေါ်ရှိ အံ့ဖွယ်ဓားက ညင်ညင်သာသာ စတင် တုန်ခါလာသည်။
သူမက မျက်လုံးဖွင့်လိုက်ပြီးနောက် ရှန်ထျန်းရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူမ မျက်ဝန်း၌ အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမက ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်၏ “ အလယ်ပိုင်းကုန်းမြေအပြင်ဘက်မှာ ဒီလိုပါရမီရှင်မျိုး ရှိသေးတာလား ”
“ ဒီလိုကြောက်စရာကောင်းပြီး ထူးခြားတဲ့ ပုံရိပ်သဏ္ဌာန်မျိုး … ကြည့်ရတာ ဝမ်းကွဲအစ်ကိုထျန်းကျိပဲ သူ့ကို ကျော်နိုင်လောက်တယ်။ အဖေ ပြောတာ တကယ်မှန်တာပဲ။ ငါတို့တွေ နယ်မြေငါးခုက တခြားပါရမီရှင်တွေကိုလည်း လျော့တွက်လို့ မဖြစ်ဘူး”