ထူးဆန်းသော ဝိညာဉ်သားရဲ
Vol. 1 Ch. 229
"ဘွတ်အဲ....ဘွတ်အဲ "
ထူးဆန်းလှသော သားရဲကြီးသည် နွားတစ်ကောင်ကဲ့သို့ မြည်တမ်း လာလေသည်။ သားရဲကြီးသည် မီးနဂါးဓားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ နှစ်ခုစလုံး၏ ဖိအားအောက် ရောက်နေသော်လည်း အသံပြုနိုင် နေသေးသည်။
၎င်းသည် မလှုပ်မရှား ဖြစ်နေသရွေ့ အော်နိုင်ခြင်း၊ မအော်နိုင်ခြင်းကို ကျန်းရီ လုံးဝ စိတ်ထဲ မထားပါချေ။ ကျန်းရီ၏ မျက်လုံးများသည် သားရဲကြီး၏ လှုပ်ရှားမှုများ အားလုံးကို မပြတ် အကဲခတ်လျက် ရှိသည်။ သားရဲကြီးသည် နတ်ဆိုးစွမ်းအင်များ ထုတ်လိုက်ခြင်း ကဲ့သို့သော လှုပ်ရှားမှု တစ်ခုခု ရှိလာပါက မီးနဂါးဓားသည် ၎င်းအား ချက်ချင်း ပိုင်းဖြတ် သွားလိမ့်မည်။ သူသည် ကောင်းကင်နတ်ဆိုး ပိုးချည်ကိုလည်း အချိန်မရွေး ထုတ်သုံးနိုင်ရန် ပြင်ဆင် ထားသေးသည်။ နတ်ဆိုးသားရဲကြီးသည် ဖိနှိပ်ခံထားရသေးရာ သူ့ထက်ပို၍ မြန်ဆန်စွာ လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မ၍ နတ်ဆိုးသားရဲကြီးသည် ထိုအချက်ကို နားလည်ထားပုံ ရလေသည်။ ၎င်း၏ ကြောက်စရာ ကောင်းလှသော အပြာရောင် မျက်လုံးကြီးများသည် ကျန်းရီ၏ မီးနဂါးဓားအား တည်တည်ငြိမ်ငြိမ်ပင် ကြည့်လို့နေသည်။ ကျန်းရီ၏ ဝိညာဉ်သားရဲ အဆောင်ကမူ ရွှေရောင် စာလုံးလေးများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
"ဘွတ်အဲ...ဘွတ်အဲ"
ဝိညာဉ်သားရဲ အဆောင်မှ ရွှေရောင်စာလုံးလေးများ ပိုမိုထွက်ပေါ်လာတိုင်း နတ်ဆိုး သားရဲကြီးသည် ကြောက်ရွံသော မျက်လုံးများနှင့် ခေါင်းကိုခါယမ်း၍ အဆက်မပြတ် အော်မြည်နေသည်။ ရွှေရောင်စာလုံးများ ပိုထွက်လာလေလေ သားရဲကြီး၏ ရက်စက်သော အငွေ့အသက်တို့မှာ ပိုမိုအားလျော့ သွားလေလေ ဖြစ်နေသောကြောင့် ကျန်းရီကမူ ပို၍ လုံခြုံလာသလို ခံစားရလေသည်။
"ဘွတ်အဲ....ဘွတ်အဲ"
ကျန်းရီမျှော်မှန်းထားသည်နှင့် ဆန့်ကျင်စွာ ရွှေရောင်စာလုံးများ အားလုံး အပြင်သို့ ထွက်လာသည်နှင့် နတ်ဆိုး သားရဲကြီးသည် ရုတ်တရက် အော်ဟစ်ကာ နောက်ဆုတ်တော့သည်။ ၎င်း၏ ကိုယ်မှာ အဝါရောင် အလင်းများ တောက်ပလာခဲ့သည်။ ၎င်းသည် ဖိအားနှစ်ခုဒဏ်ကို တစ်ပြိုင်နင် ခံစားနေရသော်လည်း နှေးကွေးသွား မရှိသလိုပင်။
"ဟမ့်"
ကျန်းရီသည် ပါးစပ်ထဲ ရောက်နေပြီ ဖြစ်သော အသားတုံးကို အလွတ်ပေးပါမည်လော။
ကျန်းရီ၏ မီးနဂါးဓားမှ အလင်းတို့သည် ပိုမိုသိပ်သည်းလာကာ မီးနဂါးနှစ်ကောင်သည် ဓားကိုယ်ထည်တွင် လှည့်ပတ်နေကြ၍ ပိုမိုပြင်းထန်သော အရှိန်အဝါတို့ကို ထုတ်ဖော် နေလေသည်။ ကျန်းရီသည် ရှေ့သို့ ပြေးထွက် သွားလိုက်သည်။ ဝိညာဉ်သားရဲ အဆောင်မှ ထွက်လာခဲ့ပြီးသော ရွှေရောင် စာလုံးများသည် ထူးဆန်းလှသော သားရဲကြီးထံ အဆက်မပြတ် တိုးဝင်က သွားကြလေသည်။
"ဘွတ်အဲ...ဘွတ်အဲ"
သတ္တဝါဆန်းကြီး၏ ကိုယ်သည် အဆက်မပြတ် တုန်ယင်နေပြီး နောက်ဆုတ် နေသော အရှိန်မှာလည်း သိသိသာသာ လျော့ကျ သွားလေသည်။ ကျန်းရီသည် မျက်လုံးများ တောက်ပသွားပြီး သတ္တဝါကြီးထံ ရွှေရောင်စာလုံးများ မြန်မြန် ရောက်ရှိစေရန် ရှေ့သို့ ဆက်ပြေး သွားလိုက်သည်။
သားရဲကြီး၏ ကိုယ်ပေါ် နောက်ဆုံးစာလုံး ကျရောက် သွားသည်နှင့် ၎င်း၏ ကိုယ်မှ မျက်စိ ကျိန်းမတတ်သော အဝါရောင်အလင်းများ တောက်ပလာကာ ကိုယ်ပေါ်မှ ရွှံ့များ ကွာကျ လာလေသည်။ ထိုခဏတွင် ကျန်းရီသည် သတ္တဝါကြီးနှင့် စိတ်ချင်းဆက်သွယ်မှု ရသွားသည်ကို ခံစားမိလိုက်သည်။
"ဝင်ခဲ့"
ကျန်းရီ ဝမ်းသာအားရ အော်ဟစ်လိုက်သည်နှင့် ဝိညာဉ်သားရဲ အဆောင် တောက်ပလာခဲ့ပြီး ဝိညာဉ် သားရဲကြီးသည် အဝါရောင် အလင်းစလေးအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်သားရဲ အဆောင်အတွင်း ဝင်ရောက် ပျောက်ကွယ် သွားခဲ့သည်။
"အဆင်ပြေပြီ"
ကျန်းရီသည် မြေအောက်ထဲမှ မြေပြင်ပေါ်သို့ အမြန်ဆုံးနှုန်းနှင့် ဦးတည်လိုက်သည်။ သူမြေပြင်ပေါ် ရောက်သည်နှင့် အော်ဟစ်လိုက်ရာ ဝိညာဉ်သားရဲ အဆောင်မှ ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။
"ထွက်လာခဲ့"
အဝါရောင်အလင်းတစ်ချက် လင်းလက်သွားပြီး မြေပြင်ပေါ်တွင် ပြာလဲ့လဲ့ မျက်ဝန်းများနှင့် ကျန်းရီကို စိုက်ကြည့်နေသော ဝိညာဉ် သားရဲကြီး ပေါ်ထွက်လာခဲ့သည်။ ဤနတ်ဆိုးသားရဲကြီးသည် အမြီးသုံးချောင်း မြေခွေးလေးလောက် အသိဉာဏ် မမြင့်သည်မှာ သေချာသလောက်ရှိနေပြီး ငွေလဝံပုလွေနှင့် ဉာဏ်ရည်တူ အနေအထားတွင် ရှိလောက်သည်။
"ဒီထူးထူးဆန်းဆန်း သတ္တဝါကြီးက ဘာလဲ...တောင်ဖြိုခွင်း သားရဲများလား"
ကျန်းရီသည် အဝါရောင် ကောင်ကြီးအား နားမလည်နိုင်စွာ ကြည့်နေခဲ့သည်။ ၎င်းသည် သင်းခွေချပ် တစ်ကောင်နှင့် ဆင်တူပြီး ခြောက်မီတာကျော် ရှည်လျား၍ တစ်မီတာခန့် မြင့်လေသည်။ ၎င်း၏ ဦးခေါင်းထက်တွင် ဦးချိုခြောက်ခုရှိ၍ ကျောရိုး တစ်လျှောက်တွင် ဆူးချွန်ကြီးများ ပါရှိသည်။ ၎င်းသည် ဆူးချွန်ငယ်များ ပြည့်နေသည့် အမြီးရှည်ကြီးလည်း ပိုင်ဆိုင်ထားသေးသည်။ ကိုယ်ကိုမူ အဝါရောင် အကြေးခွံများက ဖုံးအုပ် ထားလေသည်။ ခြေထောက်များတွင် ဒူးဆစ်များထက် ဆူးချွန်များ ရှိနေပြီး ခွာတစ်ခုစီတွင်လည်း လွှသွားနှယ် ချွန်မြနေသည့် ခြေသည်းတို့ ပါရှိလေသည်။ ဦးခေါင်းသည် မရှည်လျားသလို သင်းခွေချပ်ကဲ့သို့ စုပ်ချွန်းချွန်းလည်း မဖြစ်နေပေ၊ ကျွဲတစ်ကောင်၏ ဦးခေါင်းနှင့်သာ ဆင်တူလေသည်။
"ကျောပေါ်က ဆူးချွန်ကြီးတွေက အဆိုးကြီးလည်း မဟုတ်ပါဘူး၊ ငါအလယ်လောက်မှာ ထိုင်လို့ရတယ်"
ကျန်းရီသည် သတ္တဝါကြီး၏ ကျောပြင်ထက်မှ ဆူးချွန် အတန်းလိုက်ကို ကြည့်လိုက်ပြီး ခုန်တက်၍ တစ်မီတာခန့်စီမြင့်ငေါ ဆူးချွန်ကြီးနှစ်ခုကြား ထိုင်ချလိုက်သည်။ သူ့ကိုယ်သည် ပေါင်မုန့် နှစ်ခုကြား ညပ်နေသည့် ယိုပမာ ဖြစ်နေသောကြောင့် ပြုတ်ကျမည်ကို လုံးဝ မစိုးရိမ်မိပါချေ။ သူသည် မျက်စိရှေ့မှ အေးစက်စက် ဆူးချွန်ကြီးကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။
"တူးတော့"
"ဘွတ်အဲ....ဘွတ်အဲ "
သတ္တဝါကြီး အော်ဟစ်လိုက်ပြီး ၎င်း၏ ကိုယ်မှ အဝါရောင် အလင်းများ တောက်ပ လာလေသည်။ ၎င်း၏ ခြေလေးချောင်းသည် အားယူ၍ ရှေ့သို့ခုန်လိုက်ပြီး ဦးခေါင်းကြီးသည် မြေပြင်ထံ ချည်းကပ် သွားခဲ့သည်။ ခေါင်းထက်မှ ဦးချိုခြောက်ခုသည်လည်း အဝါရောင် အလင်းများ တောက်ပလာခဲ့လေသည်။
ထူးဆန်းလှချေသည်။ ရွှံ့များသည် အဝါရောင် ဦးချိုကြီးများနှင့် ထိတွေ့မိသည်နှင့် အမှုန်အမွှားများ ဖြစ်သွားလေသည်။ သတ္တဝါဆန်းကြီးသည် မြေအောက်ထဲသို့ အရှိန်နှင့် ပြေးဝင်သွားခဲ့ပြီး မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် မီတာတစ်ရာကျော် ရောက်ရှိသွားခဲ့သည်။
"ဒီနတ်ဆိုးသားရဲက ဘာကြီးလဲ၊ ရှေးကျတဲ့ မျိုးစိတ်ထဲကများလား"
သတ္တဝါကြီးသည် မြေအောက်တွင် မြေပြင်ပေါ်အလား သွားလာနေသည်ကို ကြည့်ရင်း ကျန်းရီ နှုတ်ခမ်းတစ်ချက် သပ်လိုက်သည်။ သူ့လက်ထဲတွင် မြေအောက်သို့ ထွက်ပြေးရာတွင် သုံးနိုင်သည့် သတ္တဝါကြီး ရှိနေပြီ ဖြစ်ရာ ပုံမှန်သိုင်းသမား တစ်ယောက်သည် သူ့နောက် လိုက်နိုင်ပါဦးမည်လော။ သူသည် သတ္တဝါကြီး၏ ကျောထက်ထိုင်၍ မီးနဂါးဓားကို အသာလေး ဝှေ့ယမ်း၍ သတ္တဝါကြီး တူးသွားခဲ့သည့် မြေတွင်းကြီးအား ဖြိုချ နေလိုက်ရုံပင်။ သူ့နောက်လိုက် နေသူများသည် ဆက်လိုက်ရန် မြေတွင်းအသစ် တူးနေရဦးမည် ဖြစ်လေသည်။
ဝိညာဉ်အဆင့် လက်နက်၊ ကောင်းကင်အဆင့် လက်နက် ကိုင်ဆောင်သူများ ရှိနိုင်၍ မြေတွင်းမြန်မြန် တူးလိုက် နိုင်ကြမည် ဖြစ်သော်လည်း ဤ သတ္တဝါကြီးလောက် မြန်နိုင် ပါဦးမည်လော။ ထို့ပြင် သားရဲကြီးသည် ငွေလဝံပုလွေလောက် မမြန်သော်လည်း အလွန် ကွာခြားနေခြင်း မဟုတ်ပါချေ၊ ၎င်းသည် လျင်မြန်သော တတိယအဆင့် နတ်ဆိုးသားရဲထဲမှ တစ်ကောင် ဖြစ်သည်မှာ အသေအချာ။
"မြေပေါ်တက်"
ကျန်းရီသည် ဝိညာဉ်သားရဲကြီးအား မြေပေါ်တက်ပေးရန် အမိန့်ပေး လိုက်သည်။ ၎င်းသည် ထောင့်မတ် အနေအထားနှင့် ပြေးနေခြင်း ဖြစ်သောကြောင့် ကျန်းရီ၏ ကိုယ်သည် ဆူးချွန်နှစ်ခုကြား ရောက်နေခြင်း မဟုတ်လျှင် ပြုတ်ကျနေသည်မှာ ကြာလှပေပြီ။
"ဘန်း"
မြေပြင်ပွင့်ထွက်သွားပြီး သတ္တဝါဆန်းကြီး တစ်ကောင် ထွက်လာသောကြောင့် အနီးအနားမှ ဒုတိယအဆင့် နတ်ဆိုးသားရဲများ လန့်ဖြတ်၍ ထွက်ပြေး ကြလေသည်။ ကျန်းရီသည် ထူးဆန်းလှသည့် အဝါရောင် ကောင်ကြီး၏ အကြေးခွံများအား လက်တစ်ဖက်နှင့်သပ်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
"မင်းက ဘယ်လိုနတ်ဆိုးသားရဲ အမျိုးအစားဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ ငါ့ဝိညာဉ်သားရဲ ဖြစ်လာပြီဆိုတော့ မင်းကို နာမည်တစ်ခု ပေးမယ်၊ ငါမင်းကို ဟွမ်ကြီး (အဝါရောင်ကောင်ကြီး ဟွမ် -အဝါရောင်)လို့ ခေါ်မယ်"
"ဘွတ်အဲ...ဘွတ်အဲ"
သတ္တဝါကြီးသည် ကျန်းရီ၏ ခွေးတစ်ကောင် အလား နာမည်ပေးခြင်း ခံလိုက်ရသောကြောင့် မကျေမနပ် ဖြစ်နေသည့် အလား အော်ဟစ် လိုက်သည်။
"ဟားဟား...ဟွမ်ကြီး၊ သွားကြစို့...ဟွာယွင်တောင်ဆီ"
ဝိညာဉ်သားရဲ ရပြီးဖြစ်ရာ ကျန်းရီသည် အချိန်မဆွဲတော့ဘဲ ဟွမ်ကြီးအား အနောက် မြောက်ဘက်သို့ ပြေးစေလိုက်သည်။
"အမ်"
သူတို့ ခရီးစသည်နှင့် တစ်ခုခု လွဲမှားနေသည်ကို ကျန်းရီ ခံစား မိလိုက်သည်။ သတ္တဝါကြီးသည် မြေပြင်ပေါ်တွင် နှေးကွေး နေလေသည်။ သိသိသာသာကြီး နှေးကွေး နေခြင်းမျိုး မဟုတ်သော်လည်း မြေအောက်တွင် ပြေးသည်ထက် နှေးနေသည်မှာတော့ သေချာသည်။ ခဏကြာအောင် သွားလာပြီးနောက် ကျန်းရီသည် အကြံတစ်ခုရကာ အော်ဟစ် အမိန့်ပေး လိုက်သည်။
"ဟွမ်ကြီး...မြေအောက်ကိုသွား"
"ဘွတ်အဲ...ဘွတ်အဲ"
ဟွမ်ကြီးသည် အော်သံတစ်ခုပြုကာ မြေအောက်သို့ ပြေးဝင်သွားခဲ့သည်။ မြေအောက်ထဲ ရောက်သည်နှင့် ၎င်း၏ အမြန်နှုန်းသည် ပိုမြန်လာ သောကြောင့် ကျန်းရီမှာ သူ့ကိုယ်သူပင် သတိ မထားမိလိုက်ဘဲ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။
"ဒါဆိုလည်း မြေအောက်ထဲကပဲ သွားကြတာပေါ့၊ အဲ့တာက ပိုဘေးကင်းတယ်... ကွေ့ပတ်ပြီးလည်း သွားနေစရာ မလိုတော့ဘူး၊ မျဉ်းဖြောင့်အတိုင်း တည့်တည့်သွား"
မြေအောက်ထဲတွင် လေကောင်း လေသန့်မရဘဲ စိုစွတ်စွတ် ဖြစ်နေသော်လည်း ကျန်းရီလုံးဝ စိတ်ထဲ မထားပါချေ။ ဟွမ်ကြီး မြေအောက်သို့ မီတာတစ်ရာကျော် တူးပြီး သွားသည့်နောက် ကျန်းရီသည် အနောက် တောင်ဘက်သို့ တည့်တည့်ပြေးရန် အမိန့်ပေးလိုက်သည်။ လမ်းမှား၊ မမှားကိုတော့ အကွာအဝေး တစ်ခုကို ရောက်သည်နှင့် မြေပေါ်တက်၍ စစ်ဆေးရပေမည်။
မြေအောက်ထဲမှ ခရီးသွားခြင်းသည် အတော်လေး ဘေးဘယ ကင်းလေသည်။ မြေအောက်ထဲတွင် နတ်ဆိုးသားရဲများ ရှိနေနိုင်သော်လည်း ကြုံကြိုက်ရန် အခွင့်အရေးမှာ ရှားပါး လွန်းလှသည်။ ကြုံလာလျှင် ထိုအကောင်များသည် တတိယအဆင့် နတ်ဆိုးသားရဲ ဖြစ်နေသည့် ဟွမ်ကြီးအနား ကပ်ရဲပါမည်လော။ ယခုအခါတွင် ကျန်းရီသည် ဟွမ်ကြီးကို ထိန်းချုပ်၍ အနောက်တောင် အရပ်ဆီ ပြေးနေစေခဲ့သည်။
ဟွမ်ကြီးအပေါ် စီးနင်းနေရသည်မှာ ငွေလဝံပုလွေထက် စီးနင်း နေရသည်ထက် ပို၍ သက်သောင့်သက်သာ ရှိလေသည်။ ဟွမ်ကြီး၏ ဦးချိုများနှင့် ထိတွေ့သွားသည့် အရာအားလုံးသည် အမှုန့်များ ဖြစ်သွားသောကြောင့် လမ်းရွေးနေစရာ မလိုပေ။ ကျန်းရီသည် လျင်မြန်စွာ ရွေ့လျားနေသော ကျောက်တုံးကြီး တစ်ခုထက် စီးနင်းနေရသလို ဖြစ်နေသော်ငြား တိုက်မိ ခိုက်မိခြင်းများ ရှိမနေပါချေ။
"အဆိုးကြီးတော့လည်း မဟုတ်ပါဘူး"
အချိန်အတော်ကြာ ခရီးဆက်ပြီးနောက် ကျန်းရီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူတို့ မြေအောက်တွင် ပထမအဆင့် နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်မိသော်ငြား ကျန်းရီဘာမှပင် မလုပ်လိုက်ရဘဲ ဟွမ်ကြီး၏ ဦးချိုများကြောင့် တစ်စစီ ဖြစ်သွားခဲ့သည်။ မြေအောက်တွင် ခရီးသွားနေရသည်မှာ အတော်လေး ပျင်းစရာ ကောင်းလာသောကြောင့် ကျန်းရီသည် စိတ်ငြိမ်အောင် ထား၍ အမည်မဲ့ ကျင့်စဉ်၏ တတိယပိုင်းကို နားလည်နိုင်ရန် ကြိုးစား နေလိုက်သည်။
"ငါ ဘာလို့ အမည်မဲ့ကျင့်စဉ်ရဲ့ တတိယအဆင့်ကို နားမလည် နိုင်သေးတာလဲ၊ တွေးပုံတွေးနည်းပဲ မှားနေလို့လား"
ရက်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ဖြစ်သော်လည်း ကျန်းရီဘာကိုမှ သိနားလည်ခြင်း မရှိသေးချေ။ ထိုအဆင့်သည် ပိုမိုဆန်းပြား လာသောကြောင့် ကျန်းရီ သူ၏ အယူအဆတို့ကိုပင် သံသယ ဝင်လာမိလေပြီ။ သူဤမျှ ကြာသည်အထိ နားမလည်နိုင်သေးရာ ချက်ချင်း ဉာဏ်အလင်း ရလာနိုင်သည့် အချိန်တစ်ခုကို စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။
*****