မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွက် ခန္ဓာကိုယ်ကို ပေးအပ်မယ်
Vol. 24 Ch. 351
အခန်း (၃၅၁) : မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွက် ခန္ဓာကိုယ်ကို ပေးအပ်မယ်
အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီး၏ အဆင့်အတန်းမှာ ထူးခြားလှမှန်း သိသာလှသည်။ သူမက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည် ဧကရာဇ်ရှီ၏ အချစ်ဆုံး သမီးလေး ဖြစ်၏။ တစ်ချိန်တည်းတွင် သူမက ဟွမ်ရှီ၏ အနှစ်သက်ခံရဆုံး မျိုးဆက်တစ်ဦး ဖြစ်ပေသည်။
သူမ မွေးဖွားလာကတည်းက အရှားပါးဆုံး ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်သည့် လင်းလုံဝိဇ္ဇာခန္ဓာကို ရရှိခဲ့သည်။ ရလဒ်အနေနှင့် ဟွမ်ရှီကိုယ်တိုင် သူမကို “ရှီလင်းလုံ” ဟု အမည်နာမည်ပေးခဲ့သည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွင်း ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် လူအရေအတွက်မှာ လက်တစ်ဖက်ဖြင့်ပင် ရေတွက်လို့ ရလေသည်။
ရှီလင်းလုံက စိတ်မပျက်စေပေ။ သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် အံ့ဩလောက်ဖွယ် ဉာဏ်ပညာကို ပြသခဲ့ပြီး ပထမဆုံး ကြိုးစားကြည့်ရုံဖြင့် ကျင့်စဉ် ပညာရပ်အမျိုးမျိုးကို ကျွမ်းကျင်ခဲ့သည်။ သူမက သူမ၏ ကိုယ်ပိုင်သဘောတရားများနှင့် ကျင့်စဉ်ကိုပင် တိုးတက်လာအောင် လုပ်နိုင်သည်။
ဖွဲ့စည်းတည်ဆောက်ပုံကြောင့်လေလား ဒါမှမဟုတ် နားလည်နိုင်စွမ်းကြောင့်လေလားတော့ မသိပေ။ ရှီလင်းလုံက နယ်မြေငါးခု၌ ထိပ်ဆုံးပါရမီရှင်တစ်ယောက် ဖြစ်လာသည်။ ပို၍ အရေးကြီးသည့်အချက်မှာ ထိုသဘောတရားနှစ်ချက်က သူမနှင့် အပြည့်အဝ ပေါင်းစပ်နေခြင်း ဖြစ်၏။
အလယ်ပိုင်းကုန်းမြေ၌ အမျိုးသမီးပါရမီရှင်များစွာ ရှိသော်လည်း ရှီလင်းလုံကိုတော့ မည်သူမှ မယှဉ်နိုင်ပေ။ ထိုသို့မဟုတ်လျှင် တောင်ပိုင်းနယ်မြေ၏ နိဗာနတောင်တန်း ဇာမဏီမျိုးနွယ်က သူတို့၏ မင်းသမီး ဖုန်းဝူကို သူမနှင့် ဇာမဏီနတ်ဘုရားစာချုပ် ချုပ်ဆိုစေမည် မဟုတ်ပေ။
ရှီလင်းလုံက အသက်နှစ်ဆယ်အစောပိုင်းမျှသာ ရှိသေးသော်လည်း သူမ၏ ကျင့်ကြံဆင့်မှာ ကနဦးဝိညာဉ်အဆင့် ရောက်နေလေပြီ။ သူမ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာကျစ်လစ်လွန်း၏။ သူမက အလယ်ပိုင်းကုန်းမြေ၏ ရွှေအမြုတေ အဆင့်စာရင်း၌ ထိပ်ဆုံးဆယ်ယောက်ထဲ တစ်ခါ ရောက်ခဲ့သေးသည်။
ပြောရမည်ဆိုလျှင် အလယ်ပိုင်းကုန်းမြေ၏ ပါရမီရှင်များက တခြားနယ်မြေများမှ ပါရမီရှင်များထက် များစွာ အားကောင်းနေကြောင်း ညွှန်ပြနေသည်။ အလယ်ပိုင်းကုန်းမြေသည် ပါရမီရှင်များအတွက် အစစ်အမှန် ပြိုင်ဆိုင်ရာနယ်မြေ တစ်ခု ဖြစ်သည်။
အလယ်ပိုင်းကုန်းမြေ ထိပ်ဆုံးတွင် ရောက်နေစဉ်အခါက တခြားနယ်မြေမှ အားအကောင်းဆုံး ရွှေအမြုတေ ပါရမီရှင်များက လာရောက်စိန်ခေါ်ခဲ့ကြသည်။
သို့သော် သူတို့က ထိပ်ဆုံးဆယ်ယောက်ထဲ မဝင်ရောက်နိုင်ခဲ့ရှာပေ။ အလယ်ပိုင်းကုန်းမြေ အားလျော့လာသော်ငြား ရွှေအမြုတေအဆင့်စာရင်းရှိ ထိပ်တန်းပါရမီရှင်များက တခြားနယ်မြေလေးခု၏ မျိုးဆက်တူ ပါရမီရှင်များကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။
ရလဒ်အနေနှင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များသည် တခြားနယ်မြေများမှ ပါရမီရှင်များနှင့် ပတ်သတ်လာလျှင် အမြဲလိုလို မောက်မာကာ အထက်စီးဆန်ကြသည်။ ဤသည်မှာ သူတို့အရင်မျိုးဆက်ဆီမှ ဆက်ခံလာသော ခံစားချက်မျိုး ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ချီရှောက်ရွမ်က အလယ်ပိုင်းကုန်းမြေ မသွားခင် အရှေ့ပိုင်းလွင်ပြင်၊ မြောက်ပင်လယ်၊ အနောက်ကန္တာရနှင့် တောင်ပိုင်းနယ်မြေတို့ကို လွှမ်းမိုးချင်မည် မဟုတ်ပေ။ သူက မာနကြီးသလောက် အလယ်ပိုင်းကုန်းမြေ၏ ပါရမီရှင်များသည် အလွန်အားကောင်းကြောင်း ဝန်ခံရပေမည်။
အကယ်၍ သူသာ တိုက်ပွဲအတွေ့အကြုံ မယူထားဘဲ လွှမ်းမိုးအုပ်စိုးနိုင်သည့် ပုံရိပ်မျိုးအဖြစ် အဆင့်အတန်းကို မထုတ်ဖော်ထားလျှင် သူ့အတွက် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ဖို့ရာ သည်းထိတ်ရင်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
ရွှေကျီး နတ်ဧကရာဇ်၏ ထာဝရဘုံဗိမာန်ကျွန်း ပွင့်လာပြီးနောက် အလယ်ပိုင်းကုန်းမြေလည်း လူငယ်ပါရမီရှင်အများအပြားကို စူးစမ်းဖို့ စေလွှတ်လိုက်ကြသည်။ သို့သော် တချို့သော အတွင်းရေးအရှုပ်အထွေးကြောင့် အလယ်ပိုင်းကုန်းမြေ ပါရမီရှင်အရေအတွက်သည် အခြားနယ်မြေများထက် လျော့နည်းနေသည်။ ထို့အပြင် သူတို့၏ အားအကောင်းဆုံး ပါရမီရှင်လည်း လိုက်ပါမလာခဲ့ပေ။
မင်းသမီးလင်းလုံသည် အလယ်ပိုင်းကုန်းမြေမှ စေလွှတ်လိုက်သော လူများအနက် အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်သည်။ အစပိုင်းတွင် သူမက တခြားသောနယ်မြေမှ ပါရမီရှင်အားလုံးကို လျစ်လျူရှုထား၏။
သို့သော်ငြား ယခုမူ သူမက ရှန်ထျန်း၏ အရှိန်အဝါကြောင့် လုံးဝ အံ့ဩမင်သက်သွားမိသည်။
သူမ၏ ဓားနှလုံးသားက စိတ်လှုပ်ရှားမှုနှင့် အကြောက်တရားတချို့ကြောင့် တုန်တုန်ယင်ယင် ဖြစ်လာသည်ကို ခံစားမိလိုက်သည်။
သူမ၏ ဓားနှလုံးသားက ဘယ်တော့မှ လိမ်ညာမည် မဟုတ်ပေ။
ဆိုတော့ ဒါက ဘာအဓိပ္ပါယ်လဲ …
ဆိုလိုသည်မှာ ထိုပါရမီရှင်သည် သူမနှင့် ယှဉ်ပြိုင်ဖို့ အားကောင်းပေသည်။ ပြောရမည်ဆိုလျှင် ထိုသူက သူမထက် အားကောင်းပြီး အနိုင်ယူနိုင်ခြေလည်း ရှိ၏။
ဤသည်မှာ မင်းသမီးလင်းလုံအတွက် စိတ်ထိခိုက်မှု ဖြစ်လာစေသည်။ သူမက ထိုအချက်ကို လက်သင့်မခံနိုင်ပေ။
“ သူက ဘယ်လောက်အားကောင်းကောင်း ဝမ်းကွဲအစ်ကိုထျန်းကျိနဲ့တော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူက ထိပ်ဆုံးငါးယောက်ထဲ အဆင့်ဝင်နေဦးမှာပဲ ” မင်းသမီးလင်းလုံက စိတ်ဝင်စားမှုအပြည့်ဖြင့် မျက်လုံးတလက်လက် ဖြစ်လာမိသည်။
“ ဒီအရှိန်အဝါက မိုးကြိုးဓာတ် တော်ဝင်ကျမ်းကနေ ဖန်တီးထားတာပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်အသစ်များ ဖြစ်နေမလား ”
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်သည် နယ်မြေငါးခုကို အုပ်စိုးပြီး အထွတ်အမြတ်မြေအားလုံး၊ မျိုးနွယ်စုများနှင့် တားမြစ်နယ်မြေများအပေါ် နက်နက်နဲနဲ နားလည်ထားသည်။
ဧကရာဇ်ရှီ၏ အချစ်ဆုံး သမီးတစ်ယောက်အနေနှင့် ရှီလင်းလုံက နယ်မြေငါးခု၏ နောက်ဆုံးသတင်းများကို သိထားလေသည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မှတ်တမ်းများအရ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် အရှေ့ပိုင်းလွင်ပြင်၌ အားအကောင်းဆုံး ဖြစ်ခဲ့ဖူးလေသည်။ ပြောရလျှင် အလယ်ပိုင်းကုန်းမြေရှိ ထိပ်တန်း အထွတ်အမြတ်မြေသုံးခုနှင့်ပင် ယှဉ်နိုင်လေ၏။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ထိုအဖြစ်အပျက်အပြီးတွင် ကျဆင်းသွားခဲ့ပြီး ဘယ်တော့မှ တဖန်မြင့်တက်မလာတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ကံကြမ္မာက ယခင်နှစ်တစ်ထောင်ကျော်အတွင်း စတင် တိုးတက်လာခဲ့ပြီး ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ သူတို့ ပြန်လည်ရှင်သန်လာသည့် လက္ခဏာမျိုး ဖြစ်သည်။
အထူးသဖြင့် လတ်တလောအတွင်း သူတို့၏ သူတော်စင်အသစ် ပေါ်ထွက်လာမှုကြောင့် ကံကြမ္မာက သိသိသာသာ တိုးတက်ပြောင်းလဲလာသည်။
အကယ်၍ ခရမ်းစံအိမ် သူတော်စင်၏ လွှမ်းမိုးနိုင်စွမ်းက အလယ်ပိုင်းကုန်းမြေရှိ ပါရမီရှင်များကို ဖိအားအနည်းငယ် ဖြစ်စေသည်ဆိုပါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အသစ်၏ သတင်းက ဧကရာဇ်ရှီကိုပင် သတိပြုမိသွားစေသည်။
ထာဝရဘုံဗိမာန်ကျွန်း စစ်ဆေးမှုမတိုင်ခင် ဧကရာဇ်ရှီက ရှီလင်းလုံအား အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် တတ်နိုင်သမျှ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ညွှန်ကြားထားသည်။ ရှီလင်းလုံက မလိုအပ်ကြောင်း တွေးမိသောကြောင့် လက်မခံပေ။ သို့သော် ရှန်ထျန်း၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် သူမအဖေ၏ အကြံပြုချက်ကို ပြန်လည် စဉ်းစားလာမိ၏။
ဤမျှလောက် အားကောင်းသည့် ပါရမီရှင်မျိုးအား မိတ်ဆွေဖွဲ့ထားသည်က ပိုကောင်းပေသည်။
သူမက သူနှင့် မိတ်ဆွေကောင်း ဖြစ်လာပါက အကောင်းဆုံး ဖြစ်၏။
“ ဖုန်းဝူ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို သွားကြည့်ရအောင် ”
မင်းသမီးလင်းလုံက သူမအောက်မှ ဇာမဏီလေး၏ တောင်ပံကို ပုတ်ပေးလိုက်သည်။ သူမဆီမှ ရန်သူအားလုံးကို သုတ်သင်ပစ်မည့် ထက်ရှသည့် ဓားအငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် တွေ့တော့မည် ဖြစ်သောကြောင့် သူမ၏ စွမ်းရည်အစစ်အမှန်ကို ပြသရမည်။ မဟုတ်လျှင် ပါရမီရှင်များ၏ နဂိုအနေအထားအရ သူ့အနေနှင့် သူမကို လုံးဝလျစ်လျူရှုသွားနိုင်သည်။
“ မတိုက်ခိုက်ကြည့်ဘဲ မိတ်ဆွေတွေ ဖြစ်မလာနိုင်ဘူး” ဆိုသည့်အတိုင်း ဖြစ်၏။ ပါရမီရှင်များအတွက် အတော်အတန် မှန်တတ်သည်။
ဝှီး …
ကောင်းကင်တစ်ဝိုက် မျက်စိစူးမတတ် မီးတောက်ကြောင့် အနီရောင်သမ်းသွားလေသည်။ သူမက ဇာမဏီနှင့် ပေါင်းစပ်သွားသည့်အလား အနီရောင်အလင်းတန်း ဖြစ်လာကာ ရှန်ထျန်းဆီ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
နီးလာပြီ …
ပိုနီးလာပြီ ...
သူတို့ကြား အကွာအဝေးနီးလာလေလေ ရှီလင်းလုံက ဖိအားများလာသလို ခံစားလာမိ၏။
အစပိုင်းတွင် သူမက ရှန်ထျန်း၏ စွမ်းရည်ကို စမ်းသပ်ဖို့ စိန်ခေါ်ဖို့သာ စဉ်းစားထားခဲ့သည်။ ယခုတွင် သူမက ထိုအချက်ကို လုံးဝ လက်လျော့လိုက်တော့သည်။ သူမက ရှန်ထျန်း၏ စွမ်းအားမှာ သူမထက် ကျော်လွန်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၍ ဖြစ်သည်။
ရှန်ထျန်းက သူမ၏ သတ္တိကို စမ်းသပ်လိုလျှင် သူမ တောင့်ခံနိုင်မည် မဟုတ်ပေ။ တိုက်ကွက်အနည်းငယ်ခန့်ဖြင့် အရှုံးပေးလိုက်ရလောက်၏။
အဖေပြောတာ မှန်တယ် … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပါရမီရှင်ကောင်းတစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့ပြီ။ ငါ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လျော့တွက်မိသွားတယ် …
သူက ထိပ်ဆုံးငါးယောက်ထဲတင် မကဘဲ ထိပ်ဆုံးသုံးယောက်ထဲအထိ ဝင်နိုင်လောက်အောင် အားကြီးတယ်
ဝမ်းကွဲအစ်ကို ထျန်းကျိကလွဲပြီး ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်လောက်ဘူး …
ငါ ဒီပါရမီရှင်နဲ့ သေချာပေါက် မိတ်ဖွဲ့ရမယ် … ငါ့ခန္ဓာကိုယ်ကို မပေးဆပ်ရသရွေ့ ဘယ်လိုတန်ကြေးမဆို ပေးနိုင်တယ်
.................
နောက်ဆုံးတွင် ရှီလင်းလုံရှေ့ ရွှေရောင်မိုးကြိုး လင်းလက်လာသည်။
ရှီလင်းလုံက ရွှေရောင်မိုးကြိုးအတွင်းမှ ပုံရိပ်ကို မြင်လိုက်ရ၏။
ပိန်ပါးပါး ပုံရိပ်၊ တောက်ပနေတဲ့ ရွှေရောင်တောင်ပံတွေ … မျက်စိစူးမတတ် ချပ်ဝတ် … အားကောင်းလိုက်တဲ့ အငွေ့အသက် အရာအားလုံးက ထူးခြားလွန်းနေသည်။
သို့သော် ပြောမပြတတ်လောက်အောင် ရုပ်ရည်နှင့် ယှဉ်လိုက်လျှင် ထိုအရာအားလုံးက မှေးမှိန်သွားရသည်။ ထိုအမျိုးသား၏ မျက်နှာကို မြင်တွေ့ပြီးနောက် မင်းသမီးလင်းလုံက တစ်ခုသာ တွေးမိလိုက်သည်။
မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ အနာဂတ်အတွက် …. ငါ့ခန္ဓာကိုယ်ကိုတောင် စတေးပြီး ပေးအပ်နိုင်တယ်