မင်းသမီးလင်းလုံနှင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မ ပြိုင်ဆိုင်မှု
Vol. 24 Ch. 352
အခန်း (၃၅၂) : မင်းသမီးလင်းလုံနှင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မ ပြိုင်ဆိုင်မှု
လက်ရှိ မင်းသမီးလင်းလုံက အတော်လေး စိတ်ရှုပ်ထွေးနေမိသည်။
သူမက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ မင်းသမီးတစ်ပါးဖြစ်ကာ မြင့်မားသည့်အဆင့်အတန်းကြောင့် လူများစွာက မျက်နှာသာရဖို့ ကြိုးစားကြသော်လည်း လူများစွာနှင့် မပတ်သတ်ဖူးပေ။ သူမ အရင်ရင်းနှီးအောင် လုပ်နိုင်သည့် အရည်အချင်းရှိသော လူအရေအတွက်မှာ နည်းပါးလွန်းလှသည်။
အတိတ်တုန်းက သူမ ထွက်ပေါ်လာတိုင်း တခြားလူများက အရင်ဦးစွာ အားတက်သရော ချည်းကပ်ခဲ့ကြသည်။ သို့သော်လည်း မင်းသမီးလင်းလုံက အမြဲလိုလို စိတ်မဝင်စားခဲ့ပေ။
သူမ သူတို့နှင့် စကားပြောဆိုသည့်အခါတိုင်း ယဉ်ကျေးမှုအရသာ ဖြစ်၏။
ပြောရလျှင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ ဒဏ္ဍာရီလာ လူငယ်ပါရမီရှင်ဟု ဆိုနိုင်သည့် အားအကောင်းဆုံး ပါရမီရှင်ရှေ့မှာသာ မင်းသမီးလင်းလုံက နိမ့်ကျသည်ဟု ခံစားနေရသည်။
သို့သော်လည်း မင်းသမီးလင်းလုံက ဤလူငယ်လေးနှင့် တွေ့လိုက်ရသည့်အခါ တူညီသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ထိုလူငယ်ပါရမီရှင်လေးက မည်မျှထူးချွန်စေကာမူ သူက ဝမ်းကွဲအစ်ကို ဖြစ်နေသည်။ တစ်ဖက်တွင် သူမအနေနှင့် ဤသို့ထူးခြားကာ ပြိုင်ဖက်ကင်းသည့် လူငယ်သူတော်စင်လေးကို တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
မင်းသမီးလင်းလုံ၏ မျက်နှာက နီရဲလာကာ ပျာယာခတ်လာသလို ခံစားလာရသည်။
ငါ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တွေ့ရတော့မှာလေ … သူ့ကို ဘယ်လိုနှုတ်ဆက်လိုက်ရမလဲ
ကြားတာတော့ ကောင်လေးတွေအတွက် မိန်းကလေး ပထမအမြင်က အရေးကြီးတယ်တဲ့ … ငါ အမြင်ဆိုး ချန်ခဲ့လို့ မဖြစ်ဘူး ။ မဟုတ်ရင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွက် ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်ကို ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ ပြီးတော့ အဖေ ပေးထားတဲ့ တာဝန်လည်း ဘယ်လိုလုပ် ပြီးမြောက်နိုင်တော့မှာလဲ …
ငါ အရင်ဆုံးရှေ့တိုးပြီးတော့ “ ကျွန်မက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ မင်းသမီးပါ။ ရှင်နဲ့အတူတူ ခရီးသွားလို့ရမလား” လို မေးလိုက်ရမလား
မဟုတ်သေးဘူး … အရမ်း ပေါ့ပြက်ပြက်နိုင်တယ်။ မိန်းမပျိုလေးတွေက အခြေအနေတွေကို မဖြစ် ဖြစ်အောင် ဖန်တီးမယူသင့်ဘူး …
သူ ငါ့ကို ငြင်းလိုက်ရင်ရော … ငါ့ပုံစံက ဆိုးရွားမသွားဘူးလား … ဒါမှမဟုတ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ လက်ရည်ချင်းယှဉ်ပြီးတော့မှ နောက်ဆုတ်ပြီး မိတ်ဖွဲ့လိုက်ရမလား
ဒီနည်းလမ်းကလည်း အတော်လေး မျက်စိနောက်စရာကြီးဆိုပေမဲ့ မင်းသမီးလင်းလုံက ရှန်ထျန်း၏ ပြိုင်ဖက် မဖြစ်နိုင်မှန်း စိုးရိမ်မိသည်။
လက်ရည်ချင်းယှဉ်ပြီး ရှုံးသွားရင် ဘယ်လိုလုပ်မလဲ … ပြီးတော့ တွေ့တာနဲ့ တိုက်ခိုက်တာက မိန်းကလေး မဆန်ဘူးလေ
မင်းသမီးလင်းလုံက ဇာမဏီကျောဘက် ရပ်နေရင်း သူမနောက်မှ ကျောက်စိမ်းဖြူဓားမှ အင်မတန် ထက်ရှသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။ ထိုစဉ် သူမက ရှန်ထျန်းတို့အဖွဲ့ရှေ့ ပိတ်ရပ်နေမိ၏။ သူမက အားလုံးကို တိတ်တဆိတ် ကြည့်လိုက်သော်လည်း သူမ မျက်ဝန်းများက စိတ်ရှုပ်နေမှန်း အတိုင်းသား မြင်နေရသည်။
သူမက လူကြောက်သည့် မိန်းကလေး တစ်ဦးဖြစ်သည့်အတွက် သူမရင်းနှီးလိုသည့် ကောင်လေးတစ်ယောက်နှင့် တွေ့ဖို့ရာ အလွန်စိုးထိတ်နေမိသည်။
အကယ်၍ သူမအဖေ၏ အမိန့်ကို ပြီးမြောက်စေဖို့သာ မဟုတ်လျှင် မင်းသမီးလင်းလုံက ထွက်သွားလောက်လေပြီ။
ကောင်ချောလေးအား စကားစပြောရခြင်းမှာ အလွန်ခက်ခဲလွန်းလှသည်။
…………...
ရှန်ထျန်းရှေ့တွင် စိတ်ရှုပ်နသည့် မင်းသမီးလင်းလုံအပြင် ရှန်ထျန်းဘေးရှိ ကျန်းယွင်ရှီး၏ မျက်ဝန်းတို့က ဖြည်းဖြည်းချင်း အန္တရာယ်များလာဟန် ပြောင်းလဲသွားသည်။
သူမက မင်းသမီးလင်းလုံ၏ ရုပ်သွင်ကို ကြည့်လိုက်ပြီးနောက် ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလာရသည်။
သေစမ်း … ငါ့မောင်လေးရှန်ရဲ့ ခန္ဓာကိုယ်ကို လိုချင်တပ်မက်လို့ ရောက်လာတဲ့ နောက်တစ်ယောက်ပဲ နေမယ်
သူမက ဇာမဏီကိုတောင် စီးနေတာဆိုတော့ ဇာစ်မြစ်က မရိုးရှင်းဘူးပဲ …
ကျန်းယွင်ရှီးနောက်တွင် ကျားဖြူပုံရိပ်သဏ္ဌာန် ချက်ချင်း ထွက်ပေါ်လာသည်။ သူမက မင်းသမီးလင်းလုံအား စိုက်ကြည့်လိုက်ပြီးနောက် “ ဘယ်သူလဲ။ ဘာလို့ လမ်းလာပိတ်နေတာလဲ ”
တစ်ခါတစ်ရံ၌ အမျိုးသမီးများကြား စကားပြောနေဖို့ မလိုပေ။ အကြည့်တစ်ချက်လောက်ဖြင့် အားလုံး နားလည်သွားနိုင်သည်။
မင်းသမီးလင်းလုံ၏ အာရုံက ရှန်ထျန်းဆီမှ ကျန်းယွင်ရှီးဆီ ကျရောက်လာသည်။
သူမမျက်နှာပေါ်ရှိ အရှက်သည်းနေမှုက ပျောက်ကွယ်သွားပြီး တော်ဝင်ဆန်ဆန် အေးစက်စက် အမူအယာ ပြောင်းလဲသွားသည်။ မင်းသမီးလင်းလုံ၏ ကျောက်စိမ်းဖြူဓားက အံ့ဖွယ်အလင်းများ တောက်ပလာကာ သူမလက်ထဲ ရောက်ရှိလာသည်။ သူမက ကျန်းယွင်ရှီးအား စိုက်ကြည့်လိုက်ပြီး “ မင်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မပဲ ဖြစ်ရမယ် ”
ကျန်းယွင်ရှီးက မင်းသမီးလင်းလုံကို အေးစက်စက် ကြည့်လိုက်ပြီး “ ဘာပြောချင်လို့လဲ ”
မင်းသမီးလင်းလုံက ပြုံးလိုက်ကာ “ ငါက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ကိုးယောက်မြောက် မင်းသမီး ရှီလင်းလုံ … အလယ်ပိုင်းကုန်းမြေ ရွှေအမြုတေအဆင့်မှာ အဆင့် ၆ … အရှေ့ပိုင်းလွင်ပြင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အမျိုးသားတွေကြားမှာ ပါရမီအရှိဆုံး ဖြစ်ပြီးတော့ သူတော်စင်မက အမျိုးသမီးတွေကြားမှာ အထူးချွန်ဆုံးလို့ ကြားထားတယ်။ အရမ်းစိတ်ဝင်စားစရာပဲ ”
မင်းသမီးလင်းလုံက ရှန်ထျန်းအား တိတ်တခိုး ခိုးကြည့်လိုက်ပြီးနောက် မျက်နှာက တဖန် နီရဲလာပြန်သည်။
သူ့အာရုံကို ဆွဲဆောင်နိုင်မဲ့ နည်းလမ်းရှာရမယ် …
မင်းသမီးလင်းလုံက ပြောလိုက်သည်
“ မင်းရဲ့ ကျင့်ကြံဆင့်က ကနဦးဝိညာဉ်အဆင့် ရောက်ဖို့ လိုနေသေးတယ်။ ငါက ကနဦးဝိညာဉ်အဆင့် ရောက်လာတာ သိပ်မကြာသေးဘူး။ ကျန်းယွင်ရှီး ငါနဲ့ ကျင့်ကြံဆင့်အတူတူ တိုက်ရဲလား။ ငါ့ကျင့်ကြံဆင့်ကို ရွှေအမြုတေအဆင့်အထိ လျော့ချပေးမယ်။ တကယ်လို့ မင်း စိုးရိမ်နေသေးရင် ငါ လက်ကို ချည်ထားပြီး ဘယ်လက်တစ်ဖက်တည်းနဲ့ပဲ တိုက်မယ် ”
ငါ့ကို ရန်လာစနေတာလား … ကျင့်ကြံဆင့်ကို နိမ့်ထားပြီးတော့ ဘယ်ဘက်လက်နဲ့ပဲ တိုက်ဦးမယ်ပေါ့လေ
မောင်လေးရှန်ရှေ့မှာ ရပ်တည်ဖို့ အနိုင်ရသူကသာ ထိုက်တန်တာလား
ကျန်းယွင်ရှီးက အမူအယာပြောင်းသွားလေသည်။ သူမက မင်းသမီးလင်းလုံ၏ အတွေးကို နားလည်သဘောပေါက်လိုက်၏။
သေစမ်း … နဂါးအိုကြီးကတင် မောက်မာတာ မဟုတ်ဘဲ နင်ကပါ ငါ့ရှေ့ လာမောက်မာပြရဲတာလား
ကျန်းယွင်ရှီးက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူမအနောက်ဘက်ရှိ ကျားဖြူပုံရိပ်သဏ္ဌာန်က ချက်ချင်း တောက်ပလာသည်။
ဝေါင်း …
ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးက ကောင်းကင်တခွင် ပြည့်နှက်သွားကာ ကျန်းယွင်ရှီး၏ အရှိန်အဝါလည်း အဆုံးအစွန်အထိ မြင့်တက်လာသည်။ ကျန်းယွင်ရှီးခေါင်းအထက်တွင် အံ့ဖွယ်သင်္ကေတကိုးခု ရေးထွင်းထားသည့် ရွှေအမြုတေတစ်ခု ထွက်ပေါ်လာသည်။
“ နင်က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ ကိုးယောက်မြောက် မင်းသမီးပေါ့။ နင့်အကြောင်း ကြားဖူးတာကြာလှပြီ။ ငါလည်း နင့်အကြောင်းကို သိချင်နေတာ ”
မင်းသမီးလင်းလုံက သူမဆီ လျှောက်လှမ်းလာသည့်အခါ ကျန်းယွင်ရှီး၏ မျက်ဝန်းက မိုးကြိုးသွားများ တောက်ပလာသည့်အလား ဖြစ်နေသည်။ ကျန်းယွင်ရှီးဆီ တိုးလာတိုင်း သူမ၏ အရှိန်အဝါတို့က ကြောက်ခမန်းလိလိ တိုးမြင့်လာသည်။
ကျန်းယွင်ရှီး၏ ကျားဖြူဓားကလည်း လက်ထဲ ရောက်ရှိနေလေပြီ။
“ ကျင့်ကြံဆင့်ကို လျော့ချထားဖို့ မလိုပါဘူး။ ကနဦးဝိညာဉ်အဆင့်ဆိုတာ ဘာမှမဟုတ်ဘူး။ အခု တိုက်လို့ရတယ် ”
ကျန်းယွင်ရှီးက စကားအဆုံးတွင် နောက်တစ်လှမ်းတိုးလာလိုက်သည်။ သူမ၏ အံ့ဖွယ်သင်္ကေတကိုးခုနှင့် ရွှေအမြုတေမှ အလင်းတန်းက တဖန် ထွက်ပေါ်လာပြန်သည်။
ကျန်းယွင်ရှီး၏ ရွှေအမြုတေပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး ခရမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ ကျန်းယွင်ရှီး၏ ကနဦးဝိညာဉ်ဆီမှ ဖြစ်သည်။
တစ်ချိန်တည်းတွင် သူမ၏ ဆယ်ခုမြောက် အံ့ဖွယ်သင်္ကေတလည်း ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ဆယ်ဆင့်မြောက်တပိုင်း ရွှေအမြုတေ သန့်စင်ခြင်းအဆင့် …
မင်းသမီးလင်းလုံက ကျန်းယွင်ရှီးကို ကြည့်ကာ မျက်ဝန်းများက အလေးအနက်ဖြစ်လာသည်။ သူမက ပြိုင်ဖက်ကို လျော့တွက်ခဲ့ကြောင်း သဘောပေါက်သွား၏။ ကျန်းယွင်ရှီးသည် သူမ တွေးထားသည်ထက် အားပိုကောင်းနေသည်။
အနည်းဆုံးတော့ အရှေ့ပိုင်းလွင်ပြင်လို နေရာမျိုးမှ တစ်ယောက်အနေနှင့် ကျန်းယွင်ရှီးက ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ ဤသည်မှာ အလွန်ရှားပါးလှပြီး အံ့ဩလောက်ဖွယ် ဖြစ်၏။
“ နင်က ငါ့လေးစားမှုကို ရယူဖို့ အရည်အချင်း ပြည့်မှီတယ်။ ငါ့ကျင့်ကြံဆင့်ကို လျော့ချပြီး လက်တစ်ဖက်တည်းနဲ့ တိုက်မယ်ဆိုတဲ့ စကားကို ပြန်ရုတ်သိမ်းတယ် ”
မင်းသမီးလင်းလုံက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ အရင်ဆုံး အဆင့်တက်လိုက် .. ငါ စောင့်နေမယ် ”
ကျန်းယွင်ရှီး၏ မျက်နှာအထက် တိုက်ခိုက်လိုစိတ်များ အပြည့်ဖြစ်လာသည် “ အဆင့်တက်ပြီးအောင်အထိ ဘာလို့စောင့်နေရတာတုန်း။ ဒီနေ့ နင့်ကို အနိုင်ယူပြီးတော့ ငါ့တာအိုကို သက်သေပြမယ် ”
သူမစကားအဆုံးတွင် နောက်မှ ကျားဖြူပုံရိပ်သဏ္ဌာန်ကြီးက ကောင်းကင်တခွင် ဟိန်းဟောက်လိုက်သောကြောင့် အာကာပြင်အပိုင်းအစတချို့ ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
ဝေါင်း …
မိန်းမပျိုနှစ်ယောက်က ဓားအသီးသီး ဆွဲကိုင်ထားကြပြီး တိုက်ပွဲ စတင်လိုက်ကြသည်။ ရွှေရောင်မိုးကြိုးများနှင့် ထူးခြားဖွယ် အံ့ဖွယ်အလင်းတန်းတို့ ရောနှောနေပြီး တစ်ခုချင်းစီက ကောင်းကင်တစ်ဝက်ကို ဖုံးအုပ်ထားကြသည်။ သူတို့က ကိုယ်မသာသူမသာ ဖြစ်နေကြ၏။
ကျန်းယွင်ရှီး၏ အရှိန်အဝါက ပိုအားကောင်းလာသလို မင်းသမီးလင်းလုံ၏ အင်အားကလည်း အတုမရှိ ပြိုင်ဖက်ကင်းလေသည်။ သူတို့က လက်ရည်တူ တိုက်နေကြသည်။
မည်သူကမှ သူတို့အနား ဝင်မပါရဲကြပေ။ သူတို့တိုက်ပွဲက အင်မတန် ပြင်းထန်လှ၏။
ဖန်ချန်းလို အားကောင်းသူပင် မဆင်မခြင် မပြုမူရဲပေ။
သူတို့နှစ်ယောက်ကြား ဝင်ဖြန်ဖြေဖို့ ကြိုးစားသူသည် ဝမ်းနည်းဖွယ် အခြေအနေနှင့် အဆုံးသတ်သွားရဖို့များသည်။
ထိုလူက သူတို့သဘောကျနေသည့်သူ မဟုတ်သရွေ့ပေါ့ …