← Chapters

သူက ငါ့ကို သေချာပေါက် သဘောကျမှာ

Vol. 24 Ch. 354

သူက ငါ့ကို သေချာပေါက် သဘောကျမှာ

Vol. 24 Ch. 354

အခန်း (၃၅၄)  :  သူက ငါ့ကို သေချာပေါက် သဘောကျမှာ

အရမ်းအားကောင်းလိုက်တာ … အရမ်းလွမ်းမိုးနိုင်တယ်

ငါတော့ သူ့ကို သဘောကျမိသွားပြီ

အမျိုးသမီး သက်ရှိအားလုံးက အားကောင်းသူများကို သဘောကျတတ်ကြသည် မဟုတ်ပါလော။ သို့သော်လည်း ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံး လူသားများအနေနှင့် တစ်ခါတစ်ရံ၌ အင်အားထက် ရုပ်ရည်သွင်ပြင်ကို ပိုအလေးပေးတတ်ကြသည်။

ထို့ကြောင့် ရုပ်ချောပြီး အားကောင်းသော အမျိုးသား၏ အမျိုးသမီးများအပေါ် ဆွဲဆောင်နိုင်စွမ်းမှာ သေစေလောက်အောင် ပြင်းထန်လှသည်။

မင်းသမီးလင်းလုံက ရှန်ထျန်းအား အရူးအမူး မြတ်နိုးမိသွားဟန်ဖြင့် ကြည့်လိုက်သည်။ ရွှေရောင်ချပ်ဝတ်နှင့် အမျိုးသား၏ ပုံရိပ်ကို သူမစိတ်နှင့် နှလုံးသားထဲ ရေးထွင်းမှတ်သားထားလိုက်လေပြီ။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ဓားအငွေ့အသက်ကို ထိန်းနိုင်လောက်အောင်အထိ သူ့အင်အားက အမှန်တကယ် ထူးခြားပြောင်မြောက်လွန်းလှသည်။

ဟုတ်တယ် … ငါ့ကိုယ်ငါ ပေးရမယ်ဆိုရင်တောင် …

ငါ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်အတွက် သူနဲ့ သေချာပေါက် မိတ်ဖွဲ့ရမယ် …

ဤသည်မှာ မင်းသမီးလင်းလုံ တွေးနေသည့်အရာ ဖြစ်ပြီး ရှန်ထျန်းကတော့ မသိပေ။ သူက မင်းသမီးလင်းလုံ၏ နဖူးကိုသာ ကြည့်နေမိပြီး အင်မတန် အာရုံစိုက်ထားပုံပေါ်သည်။

ဤအရာက ကျန်းယွင်ရှီး၏ လှလှပပ မျက်နှာလေးအား မည်းမှောင်လာစေပြီး ကြည်လင်ရှင်းသန့်နေသည့် မင်းသမီးလင်းလုံ၏ မျက်နှာကား နီရဲသွားစေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါ့ကို ဘာလို့ စိုက်ကြည့်နေပါ့လိမ့် … ငါ့ကို မြင်မြင်ချင်း ချစ်သွားတာလား .. အမလေး တကယ်ကို မျက်နှာပူစရာကြီး

မင်းသမီးလင်းလုံက မျက်နှာလွဲလိုက်ကာ  “အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မ … နင်လည်း တကယ် အားကောင်းတာပဲ။ နောက်ကျရင် ထပ်ပြိုင်ကြတာပေါ့ ”

ရှန်ထျန်းက ပြုံးကာ  “မင်းသမီးက ဂိုဏ်းတူအစ်မ အဆင့်တက်ခါစ ဖြစ်တာကို အခွင့်ကောင်းမယူခဲ့ဘူး။ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ရဲ့ မင်းသမီးဆိုတဲ့အတိုင်း တော်ဝန်ဆန်တဲ့ အမူအကျင့်တွေ ရှိတာပဲ … ကျွန်တော်တို့နဲ့ အတူတူ  စွန့်စားခရီးထွက်ချင်လား ”

ဘာ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူနဲ့အတူတူ ခရီးထွက်ဖို့ ပြောနေတာလား …

ငါတို့ တွေ့တွေ့ချင်းကို သူက ဘာလို့ ဒီလောက်အားတက်သရော ဖြစ်နေရတာလဲ … သူက ငါ့ကို သေချာပေါက် ကြိုက်နေတာပဲ နေမယ်

မင်းသမီးလင်းလုံက ကျောက်စိမ်းဖြူဓားကို သိမ်းဆည်းလိုက်ပြီးနောက် မျက်နှာက ပိုနီလာသည်  “ သူတော်စင်က အားတက်သရော ဖိတ်ကြားနေမှတော့ ငြင်းဖို့ အားနာစရာကြီး ”

ကျန်းယွင်ရှီး  “ … ”

မောင်လေးရှန်က ဘယ်တုန်းက အားတက်သရော ဖြစ်လို့လဲ …

သူက နင့်နဖူးကို ကြည့်မိပြီး ယဉ်ကျေးသမှုနဲ့ ဖိတ်ကြားလိုက်တာလေ …

ဒါနဲ့ မောင်လေးရှန်က သူ့နဖူး ဘာလို့သွားကြည့်တာလဲ … သူ့နဖူးက ငါ့ထက် လှလို့တော့ မဖြစ်နိုင်လောက်ဘူး

ဒါပေမဲ့ မောင်လေးရှန်ရဲ့ မိန်းကလေးတွေအပေါ် အမြင်က တကယ် ထူးဆန်းတယ် … အခြားလူတွေက အလှလေးတွေရဲ့ မျက်နှာ၊ ရင်ဘတ် ဒါမှမဟုတ် ခြေထောက်ကို ကြည့်ကြတာလေ … မောင်လေးရှန်က နဖူးကို ကြည့်တာလား

ကျန်းယွင်ရှီးက အတွေးများနေလေသည်။

အပွင့်လင့်ဆုံးပြောရလျှင် မင်းသမီးလင်းလုံအပေါ် သူမအမြင်ကလည်း အတော်လေး ကောင်းမွန်လှသည်။ သူမက တကယ်ကို တော်ဝန်ဆန်သော အမျိုးသမီးတစ်ဦး ဖြစ်၏။

အကယ်၍ တစ်ဖက်လူက တိုက်နေတုန်း အဆင့်တက်သွားမည်ဆိုလျှင် တစ်ဖက်လူအား ချီသွေဖယ်မှု မဖြစ်စေရန် ဝင်မနှောင့်ယှက်သည်က အတော်လေး ကောင်းနေလေပြီ။ သို့သော်လည်း မင်းသမီးလင်းလုံက ကျန်းယွင်ရှီး အဆင့်တက်ခြင်းကို စောင့်ပေးခဲ့ရုံသာမက ကျန်းယွင်ရှီး ကျင့်ကြံဆင့် အခြေကျမည့်အချိန်ကို မှန်းဆကာ လက်ရည်လျော့တိုက်ပေးခဲ့သေးသည်။

နဂို ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ရှိ ကျန်းယွင်ရှီးက ဆယ်ဆင့်မြောက်တပိုင်းသို့ ချိုးဖောက်ကာ အဆင့်တက်ခဲ့သည်။

အဆုံးသတ်၌ ကျန်းယွင်ရှီးနှင့် မင်းသမီးလင်းလုံတို့ကြားက တိုက်ပွဲသည် ကျန်းယွင်ရှီးအား ဆယ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအစစ်အမှန် ဖြစ်လာစေခဲ့သည်။

တခြားရှုထောင့်မှကြည့်လျှင် ကျန်းယွင်ရှီးအနေနှင့် မင်းသမီးလင်းလုံအပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားလေပြီ။

တကယ်လို့ မင်းသမီးလင်းလုံသာ မောင်လေးရှန်ကို မလိုချင်ခဲ့ရင် ငါ သူမနဲ့ မိတ်ဆွေကောင်း ဖြစ်လာလောက်တယ် … ဒါပေမဲ့ မောင်လေးရှန်ဘေးမှာ ရပ်တည်နိုင်မဲ့သူက ငါတစ်ယောက်တည်းပဲ

...................

လေထဲ မမြင်ရသည့် မီးပွားများ စတင်လွှင့်စင်လာသည်။

သို့သော်လည်း မင်းသမီးလင်းလုံက ရှန်ထျန်းတို့အဖွဲ့ဆီ ရည်ရွယ်ထားသည့်အတိုင်း ပူးပေါင်းလိုက်နိုင်သောကြောင့် ပျော်ရွှင်နေမိကာ သီချင်းပင် ညီးချင်လာမိသည်။ ထိုစဉ် မင်းသမီးလင်းလုံ၏ ဇာမဏီက အနီဝတ် မိန်းကလေးတစ်ဦးအသွင် ပြောင်းလဲသွားသည်။ သူမက ဆယ်နှစ်လောက်သာ ရှိသေးပြီး ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ထားလေ၏။

သူမက အတော်လေး ချစ်ဖို့ကောင်းလှသည်။

မင်းသမီးလင်းလုံက ထာဝရဘုံဗိမာန်ကျွန်းဆီ ရောက်လာသည့်အကြောင်းအရင်းမှာ ဖုန်းဝူအား မီးအဆီအနှစ် စားသုံးဝါးမျိုနိုင်စေရန် အဖော်ပြုပေးခြင်း ဖြစ်၏။ မီးဝိညာဉ်သလင်းကျောက်များက ဇာမဏီမျိုးနွယ်အတွက် အတော်လေး အကျိုးထူးလှသည်။ သူတို့၏ အင်အားကို တိုးမြင့်ပေးနိုင်သောကြောင့် မျှော်လင့်မထားသည့် ကံကောင်းမှုဟုပင် ဆိုနိုင်သည်။

အနီဝတ်စုံနှင့် ကလေးမလေးက  အိတ်ကပ်ထဲမှ သလင်းကျောက်များကို ထုတ်ကာ ပါးစပ်ထဲ ထည့်ပြီး တဂျွတ်ဂျွတ် ဝါးစားနေသည်။

သူမ၏ ပြုံးပျော်ရွှင်နေသော အမူအယာကြောင့် သကြားလုံးစားနေရသလိုမျိုး ဖြစ်နေသည်။

သူတို့က ရှန်ထျန်း ဦးဆောင်မှုအောက်တွင် လိုက်ပါလာကြပြီး မည်သည့်အနှောင့်အယှက်နှင့်မှ မတွေ့ခဲ့ကြပေ။

ခဏအကြာတွင် သူတို့က ထာဝရဘုံဗိမာန်ကျွန်း အနောက်ဘက်ရှိ ဧရာမရေကန်ကြီးရှေ့ ရောက်လာကြသည်။ မီးဓာတ် ဝိညာဉ်ချီများက အင်မတန် နည်းပါးနေသလို မီးဓာတ် ဝိညာဉ်ချီ မရှိသလောက် နည်းပါးနေသည်ဟုပင် ပြောလို့ရသည်။ နည်းနည်းတော့ ထူးဆန်းလှ၏။

ဤသည်မှာ ရွှေကျီး နတ်ဧကရာဇ်၏ အဓိကနားခိုရာ ထာဝရဘုံဗိမာန်ကျွန်း မဟုတ်ပါလော။ နေရာတိုင်း၌ မီးဓာတ်ဝိညာဉ်ချီများ ရှိနေသင့်သည်။

ကျောက်ဟောင်၏ အမူအယာသည်လည်း အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက အသက်ပြင်းပြင်းရှုကာ  “ အစ်ကိုရှန် ကျွန်တော်တော့ တစ်ခုခု လွဲနေသလိုပဲ ”

ကျောက်ဟောင်၏ ခန္ဓာကိုယ်ထဲရှိ နန်မင်လီ မီးတောက်က အပြင်းအထန် လှုပ်ခါနေသည်။ သူတို့က တစ်ခုခုနှင့် ကြုံတွေ့ရသည့်အလား တုန်တုန်ယင်ယင် ဖြစ်နေပုံပေါ်နေသည်။

ရှန်ထျန်းက အဖြစ်အပျက်ကို သိနေပြီး အရာအားလုံး သူ့ထိန်းချုပ်မှုအောက် ကျရောက်နေသည့်အလား အပြုံးလေးတစ်ပွင့် ဖြစ်တည်လာသည်။

“ ထူခြားဆန်းကြယ် မီးတောက်ရဲ့ တုံ့ပြန်မှုကို ထိန်းချုပ်ထားစရာ မလိုဘူး။ ဒါက ပုံမှန်ပဲ … ဒါက ရွှေကျီး နတ်ဧကရာဇ် အသက်ရှင်တုန်းက နေထိုင်သွားတဲ့နေရာလေ။ ရွှေကျီး နတ်ဧကရာဇ်က နေမင်းတော်ဝင်ကျမ်းကို ကျင့်ကြံပြီးတော့ မီးတောက်တွေရဲ့ ဧကရာဇ် ဖြစ်တဲ့ နေမီးလျှံအစစ်ကို ထိန်းချုပ်နိုင်တယ် …

နန်မင်လီ မီးတောက်က မီးတောက်အားလုံးရဲ့ သခင်ဆိုပေမဲ့ ဧကရာဇ်ရှေ့မှာ ခစားရမှာပဲလေ”

ကျောက်ဟောင်၏ အမူအယာတို့က ပြောင်းလဲသွားကာ  “ အစ်ကိုရှန် ပြောချင်တာ အခု နေမီးလျှံအစစ်က အနီးအနားရှိနေတာပေါ့ ”

ဤသည်မှာ ထူးခြားဆန်းကြယ် မီးတောက်အဆင့်စာရင်း၌ ဒုတိယမြောက် ကြောက်မက်ဖွယ် တည်ရှိမှုမျိုး ဖြစ်၏။ ကောဟလာလများအရ နေကြယ်တာရာ၏ ဒေါသတရားသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းစေနိုင်ပြီး  ငြိမ်းသတ်မရသော မီးတောက်မျိုး ဖြစ်သည်။

ဤကြောက်မက်ဖွယ် မီးတောက်က ထာဝရအရှင်များနှင့် နတ်ဧကရာဇ်များစွာကိုပင် သတ်ပစ်ခဲ့သည်။

အကယ်၍ ပိုင်ရှင်မဲ့ နေမီးလျှံအစစ်သာ အနီးအနားတွင် ရှိနေပါက ထိန်းချုပ်မှုကင်းလွတ်သွားသည်နှင့် ဝိဇ္ဇာများပင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ပြဿနာအကြီးကြီး ဖြစ်လာစေနိုင်သည်။

……………….

“ စိုးရိမ်ဖို့ မလိုဘူး။ ဒီမှာ ငါ ရှိနေတာ ဘာမှဖြစ်မှာ မဟုတ်ဘူး” ရှန်ထျန်းက ကျောက်ဟောင်၏ နဖူးကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ရင်း  “ဒီရေကန်ထဲမှာ အဲလိုမျိုး ဆင်တူတာမျိုး ရှိနေတာ။ တကယ့် နေမီးလျှံအစစ် မဟုတ်သေးဘူး ”

ရှန်ထျန်းက စကားအဆုံးတွင် ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

အင်မတန် ပြင်းထန်သော နန်မင်လီ မီးတောက်က အဆုံးအစွန်အထိ  မြင့်တက်သွားပြီး အာကာပြင်ကိုပင် တွန့်လိမ်သွားစေသည့်အထိ လောင်ကျွမ်းပစ်လိုက်သည်။ လက်ရှိ နန်မင်လီ မီးတောက်က ထူးခြားလောက်ဖွယ် အားကောင်းနေကြောင်း ညွှန်ပြနေလေ၏။

ဝတ်စုံနီနှင့် ကလေးမလေးက မျက်လုံးများပြူးကျယ်သွားပြီး  “ ဒါက နန်မင်လီမီးတောက်ပဲ ”

နန်မင်လီ မီးတောက်က ထူးခြားဆန်းကြယ် မီးတောက်အဆင့်စာရင်းတွင့် အဆင့် ၁၀ ဖြစ်သော်လည်း နယ်မြေငါးခုအတွင်းသာ တည်ရှိခြင်း မဟုတ်ပေ။ ထိုအရာက တောင်ပိုင်းနယ်မြေ၏ နိဗာနတောင်တန်း အမွေအနှစ် မီးတောက်တစ်မျိုးလည်း ဖြစ်၏။

တောင်ပိုင်းနယ်မြေ၏ ပြိုင်ဖက်ကင်း ပုဂ္ဂိုလ်က ဇာမဏီအရှင်မ ဖြစ်ပြီး နန်မင်လီ မီးတောက်ကို ပိုင်ဆိုင်ထားကာ ထူးခြားဆန်းကြယ် မီးတောက်အဆင့်စာရင်း၏ ထိပ်ဆုံးငါးခုကို ကျော်လွန်၍ပင် စွမ်းအားကို ထုတ်သုံးနိုင်သည်။

ဖုန်းဝူက ဇာမဏီအရှင်မ၏ ဒဏ္ဍာရီများကို ငယ်စဉ်ကတည်းက ကြားဖူးခဲ့သူ ဖြစ်သောကြောင့် နန်မင်လီ မီးတောက်နှင့် ရင်းနှီးနေသည်မှာ သဘောဝကျပေသည်။

ရှန်ထျန်း ဖွဲ့စည်းလိုက်သည့် နန်မင်လီ မီးတောက်က သူမကို ပေးတာ မဟုတ်ဘဲ ဧရာမရေကန်ထဲ ပစ်လွှတ်လိုက်ခြင်း ဖြစ်နေ၍ ကံဆိုးသွားရှာသည်။

ဝုန်း …

ရေကန်က ပေတစ်သောင်းလောက် ကျယ်ဝန်းပြီး မီးဓာတ် ဝိညာဉ်ချီ လုံးလုံး ရှိမနေပေ။ သို့သော်လည်း နန်မင်လီ မီးတောက် ကန်မျက်နှာပြင်ပေါ် ကျရောက်သွားသည်နှင့် ရေကန်တစ်ခုလုံးက မီးပင်လယ်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

အဆုံးမဲ့ မီးဓာတ် ဝိညာဉ်ချီများ ထွက်ပေါ်လာပြီး မီးတောက်များ တောက်လောင်နေသည့် အံ့ဖွယ်ငှက်တစ်ကောင် အသွင်ပြောင်းလဲသွားကာ ကောင်းကင်တည့်တည့်သို့ ပျံတက်သွားသည်။ ကြည့်ရသည်မှာ နေဝန်းကြီးနှင့် တူနေသည်။

ဝုန်း …

ဝုန်း  ဝုန်း …

ဝုန်း  ဝုန်း   ဝုန်း …

မီးပင်လယ်တစ်လျှောက် တုန်ခါသွားကာ မိုးခြိမ်းသံလိုမျိုး နားကွဲမတတ် အသံများ ထွက်လာပြီး အားလုံးကို တုန်လှုပ်သွားစေသည်။

တစ်ချိန်တည်းတွင် ကန်အောက်ခြေမှ ရှေးဟောင်း ကြက်သွေးရောင် ကျောက်ပြားတစ်ချပ် ပေါ်ထွက်လာကာ နန်မင်လီ မီးတောက်၏ အလင်းရောင်ကို စုပ်ယူသွားလေသည်။

သိပ်မကြာခင် ရှေးဟောင်းကျောက်ပြားချပ်ပေါ်၌ ရှုပ်ထွေးကာ ဆန်းကြယ်နက်နဲသည့် သင်္ကေတများ ပေါ်ထွက်လာသည်။

All Chapters