← Chapters

နေမင်းတော်ဝင်ကျမ်း၊ နေဆယ်စင်း

Vol. 24 Ch. 355

နေမင်းတော်ဝင်ကျမ်း၊ နေဆယ်စင်း

Vol. 24 Ch. 355

အခန်း (၃၅၅)  :  နေမင်းတော်ဝင်ကျမ်း၊ နေဆယ်စင်း

ထိုရှေးဟောင်းကျောက်ပြားက အနီရင့်ရင့် ဖြစ်နေကာ ရေကန်ရှိ မီးဓာတ်ဝိညာဉ်ချီများကို စုပ်ယူပြီးနောက် မျက်နှာပြင်ရှိ နက်နဲသော တာအိုသင်္ကေတတို့ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းတွင် ရှေးဟောင်းကျောက်ပြားပေါ်တွင် ဧရာမနေလုံးများ ထင်ရှားလာကာ အားကောင်းသော အငွေ့အသက်တို့ ထုတ်ဖော်နေသည်။

ထိုကျောက်ပြား ပေါ်ထွက်လာမှုကြောင့် ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံး အနည်းငယ် တုန်ခါသွားလေ၏။

ပေသောင်းချီ မြင့်မားသည့် ကျောက်ပြားကြီးက မီးပင်လယ်အတွင်း မလှုပ်မယှက် မတ်မတ်ရပ်တည်နေသောကြောင့် လူများစွာ၏ အာရုံကို ဖမ်းစားသွားလေသည်။

“ဒါက  …ရွှေကျီး နတ်ဧကရာဇ် ချန်ထားခဲ့တဲ့ တာအိုလက်ဆင့်ကမ်း ကျောက်ပြားများ ဖြစ်နေမလား ”

မင်းသမီးလင်းလုံက ကြောင်သွားကာ  “ ဘယ်လိုလုပ် အလွယ်လေးပေါ်လာတာ ဖြစ်နိုင်မှာလဲ ”

တကယ်တော့ မင်းသမီးလင်းလုံ တစ်ယောက်တည်း သံသယရှိနေခြင်း မဟုတ်ပေ။

ထာဝရဘုံဗိမာန်ကျွန်းပေါ်ရှိ အားကောင်းသူအားလုံးနီးပါးက ထိုအရာသည် ယုတ္တိမဆန်လွန်းသောကြောင့် မယုံကြည်နိုင်လောက်ဖွယ် ဖြစ်နေကြသည်။

တာအိုလက်ဆင့်ကမ်း ကျောက်ပြား ပေါ်ထွက်လာမှုက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသောကြောင့် ဝိဇ္ဇာများ၏ နတ်ဘုရားအသိစိတ်တို့ကလည်း ကျောက်ပြားဆီ ရောက်ရှိလာကြသည်။ သူတို့က ရှေးဟောင်းကျောက်ပြားသည် မရိုးရှင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိကြ၏။

မျက်နှာပြင်၌ ရွှေကျီး နတ်ဧကရာဇ် ကျင့်ကြံခဲ့သော အထွတ်အထိပ် တော်ဝင်ကျမ်းဖြစ်သည့် နေမင်းတော်ဝင်ကျမ်းကို  ရေးထွင်းထားသည်။ ထို့အပြင် နယ်မြေငါးခုတွင် ပျံ့နှံ့နေလျက်ရှိသည့် မပြီးပြည့်စုံသည့် ပုံစံမျိုး မဟုတ်ပေ။

တားမြစ်အခန်းဆက်များကို မရေးထွင်းထားသော်လည်း အခြားသော တော်ဝင်ပညာရပ်များကိုတော့ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားသည်။ တာအိုလက်ဆင့်ကမ်း ကျောက်ပြား၏ တန်ဖိုးက အဖိုးဖြတ်၍ မရပေ။ အကယ်၍ ကောင်းကောင်း အသုံးချပါက တော်ဝင်ကျမ်းနှင့်ပင် ယှဉ်နိုင်လေ၏။

ချိုင့်ဝှမ်းမှ အထွတ်အမြတ်မြေအဆင့်သို့ပင် တိုးမြင့်သွားနိုင်သည်။

…………….....

သဘောတရားအရဆိုရလျှင် ထိုသို့အရေးပါသော အမွေအနှစ်ရတနာမျိုးက ရေကန်မှ အလွယ်တကူ ထွက်မလာသင့်ပေ။ ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်အလယ်တွင် မြှပ်နှံပစ္စည်းအဖြစ် မထည့်သွင်းထားလျှင်ပင် အနည်းဆုံးတော့ ထာဝရဘုံဗိမာန်အတွင်းပိုင်းအတွင်း သေချာကာကွယ်စည်းကြပ်ထားသင့်၏။

သို့သော်လည်း လက်တွေ့မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မီးတောက်လေးနည်းနည်း ပစ်လွှတ်လိုက်ရုံဖြင့် ရှေးဟောင်းကျောက်ပြားကြီးက အလွယ်လေး ပေါ်ထွက်လာလေသည်။

ဒါက ယေဘုယျဆန်လွန်းပြီး တော်ဝင်အဆင့် အမွေအနှစ်ရဲ့ မျက်နှာ ဘယ်နားသွားထားတာတုန်း …

အကယ်၍ ကျောက်ပြားအနားရှိ တော်ဝင်အငွေ့အသက်သာ အစစ်အမှန်ဖြစ်ပြီး စစ်ဆေးလာသည့် နတ်ဘုရားအသိစိတ်အားလုံးကို ဝါးမျိုပစ်သည့်အချက်ကြောင့်သာ မဟုတ်လျှင် ထာဝရဘုံဗိမာန်ကျွန်းပေါ်ရှိ ဝိဇ္ဇာများက ထိုကျောက်ပြားကို အတုဟု ထင်မှတ်မိလောက်သည်။

ယခင်ကတည်းက ရှန်ထျန်း၏ ကံကြမ္မာကို တွေ့ကြုံဖူးကြသော ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျောက်ဟောင်နှင့် အခြားလူများပင် ကြောင်အမ်းမိနေကြ၏။

ရှန်ထျန်းနှင့် ပထမဆုံးတွေ့ဖူးသည့် ရှီလင်းလုံကိုတော့ ထည့်ပြောဖို့ပင် မလိုတော့ပေ။ သူမက ရှန်ထျန်း၏ ကံကြမ္မာ မည်မျှအားကောင်း၍ ဆန်းကြယ်မှန်း တစ်ခါမှ မမြင်တွေ့ဖူးသေးပေ။

လက်ရှိ သူမက ပါးစပ်ဟောင်းလောင်း ဖြစ်နေမိသည်။ သူမ၏ နူးညံ့ကြော့ရှင်းလှသည့် မျက်နှာလေးက ချစ်စဖွယ် ဖြစ်နေသည်။

ရှီလင်းလုံဘေးရှိ ဇာမဏီပေါက်စ ကောင်မလေးကလည်း အတူတူ ဖြစ်ကာ သူမ ပါးစပ်ထဲရှိ မီးသလင်းကျောက်များကို ဝါးစားဖို့ပင် မေ့သွားမိသည်။

ကောလဟာလတွေက အပိုတွေများသည်မှာ ပုံမှန်သာ ဖြစ်သောကြောင့် မယုံကြည်ရတတ်ပေ။ ထို့ကြောင့် ဧကရာဇ်ရှီက ရှီလင်းလုံအား ရှန်ထျန်းနှင့် ရင်းရင်းနှီးနှီးနေရန် မှာကြားခဲ့သော်လည်း သူမက အလေးအနက်မထားခဲ့ခြင်း ဖြစ်၏။

ရှန်ထျန်းကို တွေ့ပြီးနောက်မှသာ သူ့စွမ်းအားနှင့် ပါရမီကို ယုံကြည်လာသည်။ သို့သော်လည်း သူ့စွမ်းအားနှင့် ပါရမီတို့က အကန့်အသတ်ရှိကာ မင်းသမီးလင်းလုံက ရှန်ထျန်းအား စိတ်ရင်းဖြင့် ကံကြမ္မာသားတော်အဖြစ် အသိအမှတ်မပြုရသေးပေ။

မြင်တွေ့မှသာ ယုံကြည်ဖို့ကောင်းလာသည်။ ထိုအခိုက်အတန့်မတိုင်ခင် ရှန်ထျန်းက မီးတောက်လေးနည်းနည်း ပစ်လွှတ်လိုက်ပြီး တာအိုလက်ဆင့်ကမ်း ကျောက်ပြားကို ပေါ်ထွက်လာစေသောကြောင့် သူတို့အားလုံးက ကံကြမ္မာသားတော်အကြောင်း နားလည်သဘောပေါက်သွားကြသည်။

……………...

“ အထွတ်အထိပ်ရတနာ … အထွတ်အထိပ်ရတနာ ပေါ်လာပြီ ”

အနီရောင်မီးတောက်ဖြင့် ခြုံလွှမ်းထားသော ဝိဇ္ဇာက ရေကန်ဘေးနား ရောက်ရှိလာသည်။ သူက ရှေးဟောင်းကျောက်ပြားကို ကြည့်ကာ လိုချင်တပ်မက်မှုအပြည့် ဖြစ်နေလေ၏။ အကယ်၍ သူ့မှန်းဆချက်သာ မှန်လျှင် ဤအရာက ဒဏ္ဍာရီလာ နေမင်းတော်ဝင်ကျမ်းသာ ဖြစ်ရမည်။

မီးဓာတ်တော်ဝင်ကျမ်းများအနက် နေမင်းတော်ဝင်ကျမ်းသည် ထိပ်ဆုံးထဲမှ ဖြစ်ကာ ယန်ကျမ်းအားလုံးအနက် အကောင်းဆုံးဖြစ်ကြောင်း ဂုဏ်သတင်းကျော်ကြားပေသည်။

ဤတော်ဝင်ကျမ်းက ရွှေကျီး နတ်ဧကရာဇ် ဖန်တီးထားခြင်း မဟုတ်ဘဲ ဟိုးကတည်းက တည်ရှိခဲ့ခြင်း ဖြစ်၏။ မှတ်တမ်းများပင် ရှာမတွေ့နိုင်သော ခေတ်အခါကတည်းက ဖြစ်သည်။

ရွှေကျီး နတ်ဧကရာဇ်က ထိုတော်ဝင်ကျမ်းကို ကျင့်ကြံခဲ့သည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ ထိုတော်ဝင်ကျမ်းမှ မွေးထုတ်ပေးလိုက်သော နတ်ဧကရာဇ်အရေအတွက်မှာ သမိုင်းကြောင်းမှတ်တမ်းများမှာ မှတ်သားထားသည်ထက် ပိုပေသည်။

ကောလဟာလများအရ အလယ်ပိုင်းကုန်းမြေ နေကိုးစင်း အထွတ်အမြတ်မြေ၏ အမွေအနှစ်ဖြစ်သည့် နေကိုးစင်း တိုက်ပွဲကျမ်းကို နေမင်းတော်ဝင်ကျမ်း ပထမပိုင်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မီးတောက်ဝိဇ္ဇာသည် နေကိုးစင်း အထွတ်အမြတ်မြေမှ မဟာအကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ထိုကောလဟာလ မှန်ကန်မှုမှာ အတော်လေး မြင့်မားကြောင်း သိထားသည်။ ထို့ကြောင့် သူက နေမင်းတော်ဝင်ကျမ်းအပေါ် အလေးအနက်ဖြစ်နေသည်။

သူက ဒုတိယအကြိမ် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသော ဝိဇ္ဇာတစ်ပါး ဖြစ်ကာ ဝိဇ္ဇာအစစ်အမှန် ဖြစ်လာဖို့ ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သို့သော်လည်း သူက သူ့ကန့်သတ်ချက်သို့ ရောက်ရှိနေကာ  သူ့အနေနှင့် တတိယကြိမ် မိုးကြိုးစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မည် မဟုတ်မှန်း သိထားသည်။

အကယ်၍ သူသာ ရှေးဟောင်းကျောက်ပြား၏ ကျင့်စဉ်များကို သင်ယူပြီး နေကိုးစင်း တိုက်ပွဲကျမ်းနှင့် ပေါင်းစပ်နိုင်ခဲ့လျှင် အနာဂတ်၌ တိုးတက်လာပြီး မြင့်မားသော အဆင့်အတန်းကို ရလာနိုင်သည်။

“ မင်းကံကောင်းမှုက ထင်ထားတဲ့အတိုင်းပဲ။ ဒီလိုရတနာကို ရှာတွေ့တယ်ဆိုတော့ ငါ့ကို ပေးလိုက်ပါ့လား ”

မီးတောက်ဝိဇ္ဇာသည် ရှေးဟောင်းကျောက်ပြားကြီးအား လိုချင်တပ်မက်စွာ ကြည့်လိုက်ပြီးနောက် ရှန်ထျန်းအား ဖြည်းဖြည်းချင်း ကပ်လာကာ အားကောင်းသည့် အရှိန်အဝါနှင့် ဖိအားတို့ကို ထုတ်လွှင့်လိုက်သည်။

တာအိုလက်ဆင့်ကမ်း ကျောက်ပြားမှာ ဝိဇ္ဇာကိုပင် ဆွဲဆောင်နိုင်ကြောင်း သိသာလှသည်။ နေကိုးစင်း အထွတ်အမြတ်မြေမှ ဤဝိဇ္ဇာသည် အကျိုးမြတ်ကို လိုချင်နေလေ၏။ ပြောရလျှင် အခြားသော ဝိဇ္ဇာများ ရောက်မလာခင် လက်ဝါးကြီးအုပ်ချင်နေခြင်း ဖြစ်သည်။

ဤဝိဇ္ဇာက စကားပြောနေရင်း လက်ကို ဆန့်ထုတ်ကာ ကျောက်ပြားကြီးဆီ ချိန်ရွယ်လိုက်သည်။

ထိုစဉ် မီးဓာတ်ဝိညာဉ်ချီများ စုစည်းလာကာ ဧရာမအနီရောင် လက်ကြီး ဖြစ်လာလေသည်။ ထိုလက်ကြီးက ကောင်းကင်ကို အုပ်လွှမ်းထားပြီး ရှေးဟောင်းကျောက်ပြားကို မြဲမြံစွာ ကိုင်လိုက်သည်။

ဝုန်း …

ဝိဇ္ဇာက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ မီးတောက်အပိုင်းအစများက ကြယ်များကြွေကျလာသည့်အလား နေရာအနှံ့ ပျံ့ကျဲသွားကာ အာကာပြင်နှင့် မြေကြီးတို့က ပြိုကျပျက်စီးလာသည်။

ရှန်ထျန်းက မတရားမှုကို ပြန်လည်ချေပချင်နေသည့် ရှီလင်းလုံနှင့် အခြားလူများအား တိတ်တဆိတ် ဆွဲခေါ်လိုက်ပြီးနောက် နောက်ဆုတ်လိုက်သည်။ သူက တည်တည်ငြိမ်ငြိမ်ရှိနေဆဲ ဖြစ်၏။

ခဏအကြာတွင် ထိုမီးတောက်ဝိဇ္ဇာ၏ အပြုံးတို့က အေးခဲသွားလေသည်။

အကြောင်းမှာ သူ အင်အားမည်မျှ ထုတ်သုံးစေကာမူ ထိုကျောက်ပြားကြီးကို နည်းနည်းလေးပင် မရွှေ့နိုင်သည့်အတွက် ဖြစ်၏။

ရေကန်မှ ထွက်ပေါ်လာသော်လည်း ထာဝရဘုံဗိမာန်ကျွန်း၏ အနက်ပိုင်းအတွင်း အမြစ်တွယ်နေသလိုမျိုး ဖြစ်ကာ တည်မြဲစွာ ကပ်တွယ်ထားသည်။

မီးတောက်ဝိဇ္ဇာပင် အားအကုန်ထုတ်သုံးထားသော်လည်း ဘာမှဖြစ်မလာခဲ့ပေ။

………....

“ ဒီကျောက်ပြားကို နှစ်ပိုင်းခြမ်းပစ်မယ် ”

အားကောင်းသူများစွာ နီးကပ်လာသည်ကို ခံစားမိပြီး မီးတောက်ဝိဇ္ဇာက ရှက်ရွံ့ကာ တစ်ချိန်တည်းဆိုသလို ဒေါသလည်း ထွက်လာမိသည်။ သူ့ကိုယ်သူ အငယ်များရှေ့ အရူးလုပ်မိသည် မဟုတ်ပါလော။

သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် မီးတောက်များက ဓားအငွေ့အသက်အသွင် ပြောင်းလဲလာကာ ထိုကျောက်ပြားကြီးကို ပိုင်းခုတ်ပစ်လိုက်သည်။

ရှန်ထျန်းက ရှီလင်းလုံနှင့် ကျန်းယွင်ရှီးတို့ကို ထပ်မံ ဆွဲခေါ်ကာ ခပ်ဝေးဝေးသို့ နောက်ဆုတ်လိုက်သည်။

ဖန်ချန်းနှင့် အခြားလူများက ရှန်ထျန်း ဦးဆောင်မှုအတိုင်း လိုက်လုပ်ကြသည်။ သူတို့က အကြောင်းအရင်းကို မမေးကြသလို ရှန်ထျန်းနောက်သာ လိုက်နေကြသည်။

ဓားအငွေ့အသက်တစ်ခုက ကျောက်ပြားပေါ် ရောက်ရှိလာသော်လည်း မြင်ကွင်းကား နှစ်ပိုင်းကျိုးသွားခြင်းမျိုး ဖြစ်မလာခဲ့ပေ။ ပြောရလျှင် ကျောက်ပြားပေါ်၌ ခြစ်ရာလေးပင် မထင်ပေ။

တောက်လောင်နေသည့် မီးတောက်ဓားအငွေ့အသက်တို့က ကျောက်ပြားကြီးနှင့် ထိတွေ့မိသည့်အခါ ချက်ချင်း ကျိုးကြေသွားကာ မီးလုံးလေးများအဖြစ် ပြောင်းလဲသွားကာ ကျောက်ပြား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

တစ်ချိန်တည်းတွင် ကျောက်ပြားက ဒေါသထွက်လာသည့်အလား ပိုမို လင်းလက်လာသည်။

ကျောက်ပြားမျက်နှာပြင်အထက်ရှိ ပုံစံများနှင့် သင်္ကေတအားလုံးလည်း တောက်တောက်ပပ လင်းလက်လာကြသည်။

ကျောက်ပြားပေါ် ရေးထွင်းထားသည့် နေမင်းပုံရိပ်မှာ အသက်ဝင်လာသည့်အလား ရွှေနီရောင် အံ့ဖွယ်ငှက်များအသွင် ပြောင်းလဲသွားပြီးနောက် ရွှေကျီးများ ရှေးဟောင်းကျောက်ပြားထဲမှ ပျံသန်းထွက်လာသည်။

သူတို့ကို မီးတောက်များ ဝန်းရံထားပြီး မီးတောက်ဝိဇ္ဇာဆီ မယုံနိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ဝင်ရောက်သွားသည်။

ရွေကျီးကိုးကောင်က လေထဲ ချိတ်ဆွဲထားသည့် နေကိုးစင်းနှင့်တူပြီး  ကောင်းကင်ရှိ နေမင်းနှင့်အပြိုင် အဆုံးမဲ့ အပူဓာတ်ကို ထုတ်လွှင့်နေသည်။

ထိုစဉ် ကောင်းကင်၌ နေဆယ်စင်း ပျံ့နှံ့လာပြီး မီးတောက်ဝိဇ္ဇာကို သတ်ဖြတ်ဖို့ အဆင့်သင့်ဖြစ်နေကြလေပြီ။

All Chapters