မင်းတို့အားလုံး ကိုယ့်ကိုကိုယ်သတ်သေလိုက်ရင်ရော
Vol. 11 Ch. 117
အဇူရာတိမ်ဂိုဏ်း လျှို့ဝှက်နယ်မြေထဲတွင်
ကျန်းယန် ကျားမိစ္ဆာ၏ ၃ ကျန်းအကွာ၌ ထိုင်နေခဲ့သည်။
သူတို့သည် ယခုအခါ အတော်လေးရင်းနှီးနေပြီဖြစ်သော်လည်း ကျန်းယန် သူနှင့်အနီးကပ်တော့ မထိုင်ရဲသေးပေ။
သူ့လက်ထဲတွင် ငါးတစ်ကောင်ကို ကင်နေခဲ့၏။
ထိုငါးက သက်တန့်ငါးတော့မဟုတ်ပေ။ သူကန်ထဲမှဖမ်းလာသော သာမန်ငါးတစ်ကောင်သာ ဖြစ်သည်။
ကျားမိစ္ဆာ ၃ကျန်းအကွာမှ ကျန်းယန်လက်ထဲကငါးကင်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့၏။
“၀မ်ချိုက် ငါးကင်လို့မပြီးမချင်းမလှုပ်နဲ့” ကျန်းယန် သတိပေးလိုက်သည်။
ကျားမိစ္ဆာမလှုပ်ခဲ့သော်လည်း သူ့ပါးစပ်ကတော့ ထိန်းမရသိမ်းမရ သွားရည်များစီးကျနေခဲ့၏။
တစ်လနီးပါးကြာအောင် အတူတူရှိခဲ့ကြပြီးနောက်တွင် ကျန်းယန်နှင့်ကျားမိစ္ဆာကြား နားလည်မှုတစ်ခု ရှိလာခဲ့သည်။
တခဏအကြာတွင် ငါးကင်မှမွှေးပျံ့လွန်းသော ရနံ့များ ပျံ့လွင့်လာခဲ့၏။
ကျားမိစ္ဆာ အလိုလိုထရပ်လိုက်မိပြီး ငါးကင်ကို စိုက်ကြည့်နေခဲ့မိသည်။
“လုစရာမလိုပါဘူး ဒါက မင်းဟာပဲ” ကျန်းယန် လက်ထဲကငါးကင်ကို ပစ်ပေးလိုက်၏။
ကျားမိစ္ဆာ သွားဖြင့်ကိုက်၍ဖမ်းထားလိုက်ပြီး ကျန်းယန်ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်နေခဲ့သည်။
ဒီလူသားက တကယ်ကြီး သူ့ကိုငါးကင်ကျွေးနေခြင်းပေလော။
ကျန်းယန်ပြုံးကာပြောလိုက်၏။
“ငါတို့လေ့ကျင့်နေတာ တစ်လနီးနီးရှိသွားပြီ အခု ထွက်သွားဖို့အချိန်ကျလာပြီ ဒီတစ်လလုံးငါနဲ့ပူးပေါင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီငါးကင်ကိုတော့ နှုတ်ဆက်လက်ဆောင်လို့ သတ်မှတ်လိုက် မင်းက အထီးလားအမလား ငါမသိလို့ကွ မဟုတ်ရင် ငါထွက်မသွားခင် မင်းအတွက်လက်တွဲဖော်တစ်ယောက်လောက် ရှာပေးခဲ့လို့ရတယ်”
မိစ္ဆာကျား သူ့တီးတိုးစကားများကို ဂရုမစိုက်ခဲ့ပေ။ ငါးကင်ကိုသာ အားရပါးရစားနေပြီး အချက်အနည်းငယ်ကိုက်လိုက်ရုံဖြင့် ငါးကင်က ကုန်သွားခဲ့လေသည်။
ထို့နောက် ကျန်းယန် လက်ယမ်းပြလိုက်ပြီး ကောင်းကင်ကိုမော့ကာ အော်ပြောလိုက်၏။
“ဆရာ ကျွန်ဝောာ်ထွက်လာတော့မယ်”
ကျားမိစ္ဆာ သူ့ရှေ့တွင် ချက်ချင်းပျောက်ကွယ်သွားသော ကျန်းယန်ကိုကြည့်နေရင်း အံ့အားသင့်စရာကောင်းလောက်အောင် သူ့ရင်ထဲဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရလေသည်။
တစ်ဖက်တွင်
စန်းစုန့် သူ့ရှေ့ကလေထုအလွှာထဲမှ ထွက်ပေါ်လာသော ကျန်းယန်ကိုမြင်ပြီး အဝောာ်လေးစိတ်၀င်စားသွားခဲ့ကာ ကျန်းယန်ဘယ်သွားနေခဲ့သလဲဆိုတာ သိချင်သွားခဲ့၏။ အဘယ်ကြောင့် သူ့အ၀တ်အစားများက စုတ်ပြဲနေကာ သူ့ကိုယ်မှတိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်လာရသလို ထက်ရှသောအရှိန်အဝါများ ရှိနေရပါသနည်း။
“ဆရာ ကျွန်တော် အရင် ကိုယ်လက်သွားသန့်စင်လိုက်ဦးမယ်နော် ပြီးမှဆရာ့ကိုလာဂါရ၀ပြုတော့မယ်” ကျန်းယန် ပြောပြီးသည်နှင့် သူ့ဗီလာထဲ၀င်သွားကာ ကိုယ်လက်သန့်စင်လိုက်ပြီး သန့်ရှင်းသောအ၀တ်အစားများ သူသိုလှောင်လက်စွပ်နှင့် ရတနာများကို ပြန်၀တ်ဆင်လိုက်ပြီး ထွက်လာခဲ့လေသည်။
သူ့ချင်းယွင်ကျိရှေ့ပြန်ရောက်သောအခါမှ ထိုင်လိုက်ပြီး မေးလိုက်၏။
“ဆရာ အဲ့ဒီကျားမိစ္ဆာက ဘယ်ကလဲ”
“ဖမ်းလာတာ” ချင်းယွင်ကျိ သာမန်အတိုင်းပြောလိုက်သည်။
“မင်းသူနဲ့လက်ရည်တူယှဉ်တိုက်နိုင်တာက အဝောာ်လေးအထင်ကြီးစရာကောင်းတယ်လို့ပြောလို့ရတယ် အဲ့ဒီကောင်က အသိဉာဏ်နဲ့မွေးရာပါစွမ်းရည်အချို့ ဖွံ့ဖြိုးနေပြီ သူ့ခွန်အားက အတော်လေးသန်မာတယ်”
“သူ့မှာ အသိဉာဏ်ရှိတယ်လား” ကျန်းယန် အံ့အားသင့်သွားခဲ့၏။
“ဒါဆို ကျွန်တော်စကားပြောတုန်းက ဘာလို့ဘာမှပြန်မပြောတာလဲ ဒီ၀မ်ချိုက်ကတော့…ကျွန်တော်အားမှ ဒီကောင့်ကိုသင်ခန်းစာနည်းနည်းသွားပေးဦးမယ်”
ချင်းယွင်ကျိ သူ့ဆီ အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။
မင်းက ကျားမိစ္ဆာကိုတောင် ၀မ်ချိုက်လို့နာမည်ပေးထားသေးတာလားဟ!
“ဒီလေ့ကျင့်ရေးအပြီးမှာ မင်းအတော်လေးပိုပြီးသန်မာလာပြီ” ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်၏။
“ဒါပေမယ့် မင်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ရှင်သန်ချင်တယ်ဆိုရင် ဒီထက်ပိုပြီး အားစိုက်ဖို့ လိုနေသေးတယ်
မင်းနားလည်ထားရမှာက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို ၀င်တဲ့လူတိုင်းမှာ မြင့်မားတဲ့ပါရမီနဲ့ ဝိညာဉ်အခြေတည် အထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းရှိနေတယ်ဆိုတာပဲ
နောက်ပြီး သူတို့အားလုံးက အဓိကဂိုဏ်းကြီးတွေဆီကလာကြတာ သူတို့ရဲ့ တာအိုအပေါ်နားလည်မှုတွေက မင်းအောက်လျော့နေမှာမဟုတ်ဘူး ကျင့်ကြံခြင်းအရင်းအမြစ်ပိုင်းမှာဆိုရင် သူတို့ကမင်းထက်တောင်သာနေဦးမယ် အဲ့တာကြောင့် မင်းပြိုင်ဘက်တွေက မင်းထင်ထားတာထက်ပိုပြီး သန်မာနေကြလိမ့်မယ်
တကယ်လို့ မင်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကနေ တစ်ခုခုရချင်တယ်ဆိုရင် မင်းပိုပြီး ကြိုးစားကို ကြိုးစားရမယ်”
“ဟုတ်ကဲ့ပါဆရာ” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
သူ့ဆရာပြောသမျှက အမှန်တွေဆိုတာတော့ သူလက်ခံရမည် ဖြစ်၏။
ချင်းယွင်ကျိတခဏတွေးတောပြီးနောက် ပြောလိုက်သည်။
“ဒီဉာဏ်အလင်းပွင့်တဲ့ ကာလပြီးသွားတော့ မင်းက ကောင်းကင်နဲ့မြေပြင်ရဲ့နိယာမတွေနဲ့ပိုရင်းနှီးလာပြီး ပိုပြီးလည်းဖမ်းဆုပ်နိုင်လာတယ် အခုမင်းအရင်ကလေ့ကျင့်တဲ့နေရာကိုသွားပြီး နောက်တစ်ကြိမ်ထပ်လေ့ကျင့်ဖို့အချိန်ပဲ”
ပြောပြီးသည်နှင့် သူကျန်းယန်ကို အဇူရာမဟာတိမ်၀င်္ကပါအနက်ပိုင်းထဲသို့ တိုက်ရိုက်ပို့လိုက်၏။
ချင်းယွင်ကျိက ကျန်းယန်ကိုနောက်တစ်ကြိမ်ပို့လိုက်ပြန်သောအခါ စန်းစုန့်၏စိတ်၀င်စားမှုက ပိုတိုးလာခဲ့လေသည်။ အဇူရာတိမ်ဂိုဏ်းတွင် လျှို့ဝှက်နယ်မြေဘယ်နှစ်ခုတောင် ရှိနေပါသနည်း။ ကျန်းယန်ကျင့်ကြံသည်ဆိုသော နေရာကရော ဘယ်နေရာဖြစ်နိုင်ပါသနည်း။
ချင်းယွင်ကျိ သူ့ကိုဘာမှမပြောသောကြောင့် ကျန်းယန်လည်း ဤနေရာအကြောင်း ဘာမှမေးမနေတော့ပေ။
သူအဇူရာမဟာတိမ်၀င်္ကပါထဲရောက်သောအခါ ဤနေရာရှိ မိစ္ဆာချီစွမ်းအားများက အရင်တစ်ခေါက်ထက်ပင် ထူထပ်နေမှန်း သတိထားမိသွားခဲ့သည်။
သေချာဂရုစိုက်ကြည့်လိုက်သောအခါ ဤနေရာက သူအရင်ကရောက်ခဲ့သောနေရာနှင့်မတူမှန်း သိရှိသွားခဲ့၏။
ဤနေရာရှိ ကောင်းကင်နှင့်မြေပြင်နိယာမများက အပြင်ကမ္ဘာနှင့် လုံး၀ကွဲပြားနေခဲ့သည်။
အပြင်ကမ္ဘာရှိ ကောင်းကင်နှင့်မြေပြင်နိယာမများက နူးညံ့ငြင်သာပြီး ဤနေရာရှိကောင်းကင်နှင့်မြေပြင်နိယာမများကတော့ ကြမ်းကြုတ်လွန်းလှ၏။ သူအရင်ကဝါးမြိုခဲ့သော မိစ္ဆာသန္ဓေသားထဲရှိစွမ်းအားနှင့်ဆင်တူပေသည်။
မိစ္ဆာတာအိုစွမ်းအား!
ကျန်းယန် ချက်ချင်းနားလည်သွားခဲ့၏။
“ခွေးကောင်လေး….ဒီလောက်အားနည်းတဲ့မင်းက ဒီနေရာကိုလာရဲသလား”
ကျောချမ်းဖွယ်အသံကြီးတစ်သံ ကျန်းယန်စိတ်ထဲပေါ်လာခဲ့လေသည်။
“မိစ္ဆာတစ်ကောင်!”
ကျန်းယန်ချက်ချင်းမှတ်မိသွားခဲ့ကာ သူ့နှလုံးသားတင်းကြပ်သွားပြီ သူ့စိတ်ထဲ သတိပေးသံများညံသွားခဲ့၏။
သူ့ဆရာကသူ့ကို အဇူရာမဟာတိမ်၀င်္ကပါအနက်ပိုင်းထဲသို့ တိုက်ရိုက်ပို့လိုက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
“နှုတ်ဆက်ပါတယ် စီနီယာတို့”
“ဟားဟားဟားဟား”
“ခိခိခိခိ”
“ဒီခွေးကောင်လေးက ငါတို့ကိုစီနီယာလို့ခေါ်တယ်လား ကောင်လေးတွေ မင်းတို့ဒီကောင့်ကိုငါတို့ဂျူနီယာဖြစ်လာစေချင်လား မင်းငါတို့ကိုလွှတ်ပေးလိုက်ရင်ရော ဒါဆိုရင်တော့ ငါတို့စိတ်ကျေနပ်ပြီးမင်းကိုအသိအမှတ်ပြုရင်ပြုမှာပေါ့”
“ဒီကောင်စုတ်လေးက အတော်ယဉ်ကျေးတာပဲ အရင်တစ်ယောက်ထက်အများကြီးပိုချစ်စရာကောင်းတယ်”
အရပ်မျက်နှာပေါင်းစုံမှ ဗလုံးဗထွေးအသံပေါင်းစုံထွက်ပေါ်လာခဲ့လေသည်။
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“မဟာတာအိုလမ်းစဉ်ကိုလျှောက်လှမ်းတဲ့နေရာမှာ ဉာဏ်အလင်းအရင်ရတဲ့သူတိုင်းက စီနီယာတွေပါပဲ စီနီယာတို့ကျင့်ကြံတဲ့တာအိုက ကျွန်တော်တို့ကျင့်ကြံတဲ့တာအိုနဲ့ဆန့်ကျင့်ဘက်ဖြစ်ပေမယ့်လည်း မဟာတာအိုနဲ့ကြည့်မယ်ဆိုရင် အတူတူပါပဲ အဲ့တာကြောင့် စီနီယာတို့ကိုစီနီယာလို့ခေါ်တာ မသင့်တော်တဲ့အရာမဟုတ်ပါဘူး
ကျွန်တော်စီနီယာတို့ရဲ့တာအိုကိုလေးစားပေမယ့်လည်း စီနီယာတို့ကို သုတ်သင်ပစ်ဖို့ကတော့ မဖြစ်မနေလိုအပ်နေပါသေးတယ်
ဒါပေါ့ စီနီယာတို့က အတူတူပူးပေါင်းပေးပြီး ကိုယ့်ဟာကိုယ်သတ်သေလိုက်ရင်တော့ အကောင်းဆုံးပါပဲ”
ဖရိုဖရဲဖြစ်နေသောအသံများ ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။
မီးခိုးရောင်မြူခိုးများကြားထဲက ကြက်သွေးရောင်မျက်လုံးများ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကြ၏။
မိစ္ဆာများစွာ ကြောင်အကုန်ကြသည်။
ဒီခွေးကောင်လေးရဲ့မျက်နှာက မယုံနိုင်စရာကောင်းလောက်အောင်ထူတာပါလား!
သူကငါတို့ကိုကိုယ့်ကိုကိုယ်သတ်သေလိုက်ဖို့ အရှက်မရှိပြောရဲသေးတယ်!
“ကောင်စုတ်လေး မင်းကသေချင်နေတာလား” ကြမ်းတမ်းလှသောအသံကြီးတစ်သံ ဟိန်းထွက်လာခဲ့၏။
“စီနီယာ စီနီယာ့မှာဦးနှောက်မရှိဘူးလား” ကျနး်ယန် ပြန်ထောက်လိုက်သည်။
“စီနီယာတို့သာ ကျွန်တော့်ကိုအန္တရာယ်ပြုနိုင်မယ်ဆိုရင် ဆရာကကျွန်တော့်ကိုဒီနေရာကိုပို့လိုက်ပါ့မလား အဲ့တာကိုဘာလို့အဓိပ္ပာယ်မရှိတာကို လျှောက်ပြောနေတာလဲ”
“ငါဒေါသထွက်လာပြီ! ခွေးကောင်လေး ငါထွက်လာတဲ့အခါ မင်းကိုအရှင်လတ်လတ်မျိုချပစ်မယ်ကွ!”
“စီနီယာလွတ်လာတဲ့အခါ ကြိုးစားကြည့်လို့ရပါတယ်” ကျန်းယန်သာမန်အတိုင်းပြန်ပြောလိုက်၏။
ထို့နောက် သူအေးအေးဆေးဆေးထိုင်လိုက်ကာ မိစ္ဆာတာအိုစွမ်းအားနှင့် မိစ္ဆာစွမ်းအင်များကို စတင်စုပ်ယူလေတော့သည်။
ထိုစွမ်းအင်များသည် အဇူရာမဟာတိမ်၀င်္ကပါကဖိနှိပ်ထားသည့်ကြားက လျှံထွက်လာသော စွမ်းအင်များဖြစ်ကြ၏။
သူ့ရွှေအမြုတေအတွက်တော့ ထိုအရာများက အလွန်တန်ဖိုးရှိသော အာဟာရများပင်။
စိတ်ဝိညာဉ်ကျောက်တုံးသန်းချီစုပ်ယူတာတောင် ထူးခြားမှုမရှိတော့သောသူ့ရွှေအမြုတေက မိစ္ဆာစွမ်းအင်များကိုစုပ်ယူပြီးသောအခါ စတင်၍ ပြောင်းလဲလာခဲ့သည်။
မိစ္ဆာတာအိုနိယာမများ၏ပိုင်ရှင်ဖြစ်သော မိစ္ဆာများ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့ဩတုန်လှုပ်ကုန်ကြ၏။ သူတို့ကျန်းယန်ကိုမယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ဒီခွေးကောင်လေးက….တကယ်ကြီး သူတို့မိစ္ဆာစွမ်းအားကိုစုပ်ယူနိုင်ခြင်းပေလော။