အလောင်းအစား
Vol. 11 Ch. 123
ကျန်းယန် စန်းစုန့်ကို လုံး၀သတိမထားဘဲ သူ့လူယုံလိုဆက်ဆံနေခဲ့ပြီး ရယ်ရယ်မောမောစကားေပြာရင်း ယွင်ထန့်အင်ပါယာ ဆီချီတက်လာခဲ့သည်။
တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရရာတွင် သူသတိထားနေလည်း ဘာမှထူးမည်မဟုတ်ပေ။
ထို့ကြောင့် သူ့လုံခြုံရေးကိုသူ့ဆရာဆီသို့သာ လွှဲအပ်ထားလိုက်သည်။
ထိုကဲ့သို့သောကိစ္စမျိုးတွင် သူ့ဆရာကအတော်လေးယုံကြည်ရ၏။
ယွင်ထန့်အင်ပါယာသည် တိမ်တောင်အင်ပါယာနှင့်ယှဉ်ပါက အဇူရာတိမ်ဂိုဏ်းနှင့်အနည်းငယ်ပိုပြီးဝေးပေသည်။
“တာအိုပညာရှင်အဖိုးကြီး ဒီတစ်ခေါက်ကျွန်တော်တို့က သရုပ်မှန်ကိုဖုံးကွယ်ထားရမှာဆိုတော့ ကျွန်တော်ခင်ဗျားကို ဘယ်လိုခေါ်သင့်လဲ” ကျန်းယန် စန်းစုန့်ကို မေးလိုက်၏။
စန်းစုန့်ကြင်နာစွာ ပြုံးပြလိုက်ကာ
“မင်းဘယ်လိုတွေးထားလဲ”
ကျန်းယန် စန်းစုန့်အသွင်ပြောင်းထားသောပုံစံကိုကြည့်လိုက်လေသည်။ သူသည် ယခုအခါ တာအိုပညာရှင်တစ်ယောက်နှင့်လုံးဝမတူတော့ဘဲ ကြင်နာတတ်သာအဖိုးကြီးပုံပေါက်နေခဲ့၏။
တခဏတွေးပြီးနောက် ကျန်းယန်ပြောလိုက်သည်။
“ဘာလို့ခင်ဗျားကို မျက်ခုံးရှည်လို့မခေါ်မှာလဲ ဒါမှမဟုတ ် မျက်ခုံးဖြူဆိုရင်ရော”
စန်းစုန့်သူမျက်ခုံးသူ စမ်းကြည့်လိုက်၏။
ဒါက ရှည်နေလို့လား ဖြူရောဖြူနေလို့လားကွ!
သူကျန်းယန်ကိုအကူအညီမဲ့စွာကြည့်လိုက်ပြီး
“မင်းခေါ်ချင်သလိုသာ ခေါ်ပါတော့”
“ကောင်းပြီလေ မျက်ခုံးဖြူပဲခေါ်မယ်” ကျန်းယန်ရယ်မောလိုက်သည်။
“ကျွန်တော်ပြောပြမယ် ဒီနာမည်က ဒဏ္ဍာရီထဲကနာမည်နော် ခင်ဗျားဒီနာမည်ကိုသုံးခွင့်ရတာ ဂုဏ်ယူသင့်တယ်”
စန်းစုန့် သံသယဖြစ်နေဟန်ဖြင့် မေးလိုက်၏။
“မင်းတကယ်ကြီး တစ်ခုခုဖြစ်သွားမှာကိုမကြောက်ဘူးလား ငါကမင်းနဲ့ဒီလောက်နီးနီးလေးမှာရှိနေတာလေ နောက်ပြီး ငါနဲ့မင်းတို့ဂိုဏ်းမှာလည်း ရန်ငြှိုးတွေကရှိနေတာ”
ကျန်းယန်ပြုံးလိုက်သည်။
“ကျွန်တော့်ဆရာရဲ့ခွန်အားကိုယုံတယ် နောက်ပြီး ခင်ဗျားအဲ့လောက်မရူးဘူးဆိုတာကိုလည်းယုံတယ်
တကယ်လို့ခင်ဗျားသာအဲ့လောက်မိုက်ရင် တာအိုပေါင်းစည်းခြင်းအဆင့်ကို ဘယ်ရောက်လာနိုင်ပါ့မလဲ ဟုတ်တယ်မလား
ဒါပေမယ့် တာအိုပညာရှင်အဖိုးကြီး….အာ မျက်ခုံးဖြူ ခင်ဗျားဘယ်လိုအသက်ဆက်ရှင်မလဲဆိုတာ အဖြေရှာပြီးပြီလား ခင်ဗျားမှာအချိန်မရှိတော့ဘူးနော်”
စန်းစုန့်တခဏကြာတိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ ခါးသက်သက်ပြုံးလိုက်ပြီး
“အရိုးသားဆုံးပြောရရင် ဘယ်သူကသေချင်မှာလဲ ငါ့လို တာအိုပေါင်းစည်းခြင်းအဆင့်ရောက်အောင်ကျင့်ကြံခဲ့ပြီး နှစ်တစ်ထောင်ကျော်အသက်ရှင်လာခဲ့တဲ့သူဆိုရင် ပိုတောင်မသေချင်သေးတယ် အထူးသဖြင့် ငါ့ပါရမီလေးကလည်းမဆိုးလှလို့ ကပ်ဘေးဖြတ်ကျော်ပြီး တက်လှမ်းဖို့ထိစီစဉ်ထားတဲ့အချိန်ဆိုရင်ပေါ့”
“ခင်ဗျားအဇူရာတိမ်ဂိုဏ်းထဲ၀င်လိုက်ရင်ရော” ကျန်းယန်သူ့ကိုကြည့်ကာ ပြောလိုက်၏။
စန်းစုန့်ပြန်ကြည့်လိုက်ကာ
“မနောက်ပါနဲ့”
“ကျွန်တော်နောက်နေတာမဟုတ်ဘူး” ကျန်းယန်လေးလေးနက်နက်ပြောလိုက်လေသည်။
စန်းစုန့်လှောင်ပြောင်ဟန်ဖြင့် ရယ်မောလိုက်ပြီး
“ဒါဆိုရင်တော့ ငါစောစောသေသွားတာကမှကောင်းဦးမယ် အနည်းဆုံးတော့သစ္စာဖောက်ဆိုတဲ့နာမည်မကျန်ခဲ့တော့ဘူးပေါ့”
သူ့အမြင်တွင် အဇူရာတိမ်ဂိုဏ်းသည် လက်ရှိဂိုဏ်းကြီးများပေးနေသောဖိအားကိုတောင့်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ သူအဇူရာတိမ်ဂိုဏ်းကို၀င်လိုက်လျှင်လည်း သစ္စာဖောက်ဟူသောနာမည်တွင်သွားရုံသာရှိပြီး နောက်ဆုံးတော့ သေရမည်သာ။ ထိုအရာက မတန်လှပေ။
“ခင်ဗျားက အဇူရာတိမ်ဂိုဏ်းကိုအဲ့လောက်တောင်အထင်သေးလား” ကျန်းယန်ခပ်ဟဟရယ်မောလိုက်၏။
“ခင်ဗျားအဇူရာတိမ်ဂိုဏ်းမှာ လပေါင်းများစွာကြာအောင်နေခဲ့တာပဲမဟုတ်လား ကျွန်တော်တို့ဂိုဏ်းကတကယ်ကြီး မျှော်လင့်ချက်မရှ်ိတော့ဘူးလို့ ခင်ဗျားထင်လား”
စန်းစုန့်ကျန်းယန်ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းအခုချိန်ထိရှင်သန်နေသေးတာကတောင် အံ့ဩစရာဖြစ်နေပြီ ဒါပေမယ့် မင်းတို့မှာအခွင့်အရေးအများကြီးမကျန်တော့ဘူး ငါ့အကဲဖြတ်မှုကို ငါယုံတယ်
ဂိုဏ်းကြီးတစ်ဂိုဏ်းလောက်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ၂ယောက်ပဲ ပို့လိုက်ရင်တောင် အဇူရာတိမ်ဂိုဏ်းကို လုံး၀ခေါင်းပြန်ထောင်မလာအောင် ဖိချေပစ်လိုက်လို့ရတယ်”
ကျန်းယန်ပြန်ထောက်လိုက်၏။
“ဒါဆိုသူတို့ဘာလို့မလုပ်ကြတာလဲ”
စန်းစုန့်ခါးသက်သက်ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး
“ငါ၀န်ခံပါတယ် အဇူရာတိမ်ဂိုဏ်းရဲ့မိစ္ဆာတွေကိုလွှတ်လိုက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုက အတော်လေးပါးနပ်တဲ့အကွက်ပဲ အဲ့ဒီအရာက ခြိမ်းခြောက်ရုံသက်သက်လို့ သံသယရှိရင်တောင် ဘယ်သူမှ အဲ့ဒီအရာအပေါ် အလောင်းအစားလုပ်ရဲမှာမဟုတ်ဘူး
မင်းတို့မှာက ဆုံးရှုံးစရာဘာမှမရှိတော့ဘူး ငါတို့မှာကရှိတယ်
ခြေဗလာနဲ့လူက ဘာကိုမှကြောက်စရာမလိုဘူး
ငါတို့လို ဖိနပ်ရှိတဲ့လူတွေကတော့ ကြောက်ကြတယ်”
“ဒါပေမယ့် အဲ့တာကလည်း ငါတို့အကုန်ပြင်ဆင်လို့မပြီးသေးလို့ပါ အဲ့ဒီအခြေအနေမှာ လတ်တလောသဘောတူရုံကလွဲပြီး ရွေးစရာမရှိတော့လို့
ဒီတစ်ခေါက်မိစ္ဆာတွေကိုလွှတ်လိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးက ငါတို့ကိုသတိထားသွားစေတယ် အဲ့တာကြောင့် ငါတို့ပြင်ဆင်ပြီးသွားတဲ့အချိန်ကျရင်တော့ မိစ္ဆာတွေလွှတ်လွှတ်မလွှတ်လွှတ် ဂရုစိုက်တော့မှာမဟုတ်ဘူး”
ကျန်းယန်မျက်ခုံးကိုပင့်ကာ မေးလိုက်၏။
“တကယ်လို့ ကျွန်တော်တို့ကမိစ္ဆာတွေကိုတကယ်ကြီး လွှတ်လိုက်ရင်ရော”
စန်းစုန့်အားရပါးရရယ်မောလိုက်ပြီး
“တကယ်လို့ မင်းသူတို့ကိုလွှတ်လိုက်မယ်ဆိုရင်တောင် အဇူရာတိမ်ဂိုဏ်းက အရင်ရင်ဆိုင်ရမှာပဲ ပြီးတော့ မိစ္ဆာတွေကနှစ်တစ်ထောင်တောင် စည်းပိတ်ခံထားရတာ သူတို့ခွန်အားကအရင်ထက်အားနည်းနေမှာသေချာတယ် အဲ့ဒီလို နှစ်ခါတောင်ထိခိုက်ခံထားရတဲ့ မိစ္ဆာတွေကို ငါတို့သာ သေချာပြင်ဆင်ထားရင် အလွယ်တကူရင်ဆိုင်နိုင်မှာပဲ”
ကျန်းယန်အလွန်ကျေနပ်နေသော စန်းစုန့်ကိုကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။
“တကယ်လို့ ကျွန်တော်တို့ကမိစ္ဆာတွေနဲ့ပူးပေါင်းလိုက်ရင်ရော”
စန်းစုန့်ကြက်သေသေသွားခဲ့၏။ ထို့နောက် အားရပါးရရယ်မောလိုက်ပြန်ကာ
“မဖြစ်နိုင်ဘူး လုံး၀မဖြစ်နိုင်ဘူး အဲ့ဒီမိစ္ဆာတွေကနှစ်တစ်ထောင်တောင်စည်းပိတ်ခံထားရတာ သူတို့ရဲ့ မင်းတို့အပေါ်အမုန်းတရားကဘယ်လောက်တောင်နက်ရှိုင်းနေလိုက်မလဲ နောက်ပြီး အဇူရာတိမ်ဂိုဏ်ဘိုးဘေးတွေကလည်း မိစ္ဆာတွေလက်ထဲမှာ သေခဲ့ရတာ မင်းတို့ကြားက ရန်ငြှိုးကဘယ်တော့မှပြေပျောက်နိုင်မယ့်အရာမဟုတ်ဘူး
အဲ့ဒီအခြေအနေမှာ ဘယ်လိုပူးပေါင်းကြမှာလဲ
လုံး၀မဖြစ်နိုင်ဘူး”
ကျန်းယန် ငြင်းမနေခဲ့ပေ။ သူဆက်ေမးလိုက်သည်။
“တကယ်လို့ ကျွန်တော်ကခင်ဗျားကိုမိစ္ဆာတွေထပ်ဆင်းသက်လာဦးမယ်လို့ ပြောရင်ရော ခင်ဗျားဆက်ပြီးကျေနပ်နိုင်နေဦးမှာလား”
စန်းစုန့်အမူအရာချက်ချင်းအရုပ်ဆိုးသွားခဲ့၏။ သူကျန်းယန်ကိုမယုံကြည်ဟန်ဖြင့် စိုက်ကြည့်နေခဲ့ပြီး
“ဘယ်လိုလုပ်မိစ္ဆာတွေ ထပ်ဆင်းသက်လာနိုင်မှာလဲ”
ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းကဘာလို့မိစ္ဆာတွေပေါ်လာသလဲ ဘယ်သူမှမသိခဲ့ကြဘူး လူတိုင်းက သူတို့ကို ဆိုးရွားစုတ်ပြတ်သွားတဲ့အထိတိုက်ခိုက်ခဲ့ကြရတာ အခုကျွန်တော်မိစ္ဆာတွေနဲ့စကားပြောကြည့်တော့ သူတို့စကားအရ နောက်ထပ်မိစ္ဆာအရှင်တွေ ဆင်းသက်လာဦးမယ်ထင်တယ်
အကျိုးဆက်ကိုတော့ ခင်ဗျားကိုယ်တိုင်ပဲ တွေးကြည့်တော့
အဲ့ဒီမိစ္ဆာတွေကတောင် ကြောက်စရာကောင်းလွန်းနေပြီ သူတို့ရဲ့အရှင်မြတ်သာဆင်းသက်လာခဲ့ရင် ခင်ဗျားတို့အစီအစဉ်လေးတွေ အလုပ်ဖြစ်ပါဦးမလား သိချင်မိတယ်”
စန်းစုန့်တိတ်ဆိတ်သွားခဲ့သည်။
သူ့ပထမဆုံးတုန့်ပြန်မှုက ကျန်းယန်လိမ်နေတာလားဟု တွေးလိုက်မိခြင်းပင်။ သို့သော်လည်း လွန်ခဲ့သောနှစ်တစ်ထောင်က မိစ္ဆာဘာလို့ဆင်းသက်လာတာလဲဆိုတာကို တကယ်လည်း ဘယ်သူမှမသိကြပေ။
နောက်ဆုံးတွင် ထိုအရာကို မတော်တဆမှုတစ်ခုဟုသာသတ်မှတ်ခဲ့ကြပြီး ထိုမတော်တဆမှုကလည်း အဇူရာတိမ်ဂိုဏ်းကိုသာဖျက်ဆီးသွားသော မတော်တဆမှု ဖြစ်သည်။
“မကြာခင်က ကျွန်တော်ခင်ဗျားကိုမေးခွန်းတစ်ခုမေးခဲ့တယ် ခင်ဗျားဘာကြောင့်ရှင်သန်နေသလဲဆိုတာလေ” ကျန်းယန်သူ့ကိုကြည့်၍ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီလိုကပ်ဘေးအခြေအနေမျိုးမှာ ခင်ဗျားဒီကမ္ဘာကြီးပေါ်ကလူတွေအတွက် တစ်ခုခုလုပ်မပေးချင်ဘူးလား
အဇူရာတိမ်ဂိုဏ်းရဲ့ အမတရတနာတွေ စိတ်ဝိညာဉ်လက်နက်တွေက အဲ့လောက်ပဲအရေးကြီးလား
လူတိုင်းသေသွားရင် အဲ့ဒီရတနာတွေကိုဘယ်နေရာမှာ သွားသုံးရမှာလဲ
နောက်ပြီးအဇူရာတိမ်ဂိုဏ်းကလည်း အဲ့ဒီရတနာတွေကို မပေးဘူးငြင်းနေတာမှမဟုတ်တာ ဂိုဏ်းထဲကိုဝင်ဖို့ပဲ တောင်းဆိုတာလေ ခင်ဗျားတို့အားလုံးဘာလို့ ငြင်းခဲ့ကြတာလဲ
ခင်ဗျားတို့နဲ့ယှဉ်ရင် အဇူရာတိမ်ဂိုဏ်းကအများကြီးပိုမြင့်မြတ်တယ် ခင်ဗျားတို့အားလုံးက အရှက်မဲ့ပြီး စောက်ကျင့်မကောင်းတဲ့လူတွေပဲ”
စန်းစုန့်ကျန်းယန်ကိုကြည့်လိုက်၏။ ဤအရာက သူ့ရှေ့တည့်တည့်တွင် သူ့ကိုဝေဖန်အပြစ်တင်နေခြင်း မဟုတ်ပါလော။
သူခေါင်းယမ်းလိုက်ကာ
“မင်းပြောတာ အဓိပ္ပာယ်ရှိတာကိုတော့ ငါ၀န်ခံပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါအဇူရာတိမ်ဂိုဏ်းကို၀င်မှာမဟုတ်ဘူး”
ကျန်းယန်သူ့ကိုကြည့်ပြီး ရုတ်တရက်မေးလိုက်၏။
“ကျွန်တော်တို့အလောင်းအစားတစ်ခုလုပ်ရင်ရော”
“ဘာအလောင်းအစားလဲ” စန်းစုန့်မေးလိုက်သည်။
ကျန်းယန် ဖြည်းဖြည်းချင်းဖြေလိုက်၏။
“ကျွန်တော် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကနေ အသက်ရှင်လျက်ပြန်လာနိုင်မနိုင်ကိုလောင်းမယ် တကယ်လို့ ကျွန်တော်ပြန်လာနိုင်ခဲ့ရင် ကမ္ဘာကြီးရဲ့ကံကြမ္မာက အဇူရာတိမ်ဂိုဏ်းကိုမျက်နှာသာပေးနေတယ်လို့ ယူဆပြီး ခင်ဗျားအဇူရာတိမ်ဂိုဏ်းကို၀င်ရမယ် တကယ်လို့ ကျွန်တော်ပြန်မလာနိုင်ခဲ့ရင်တော့ ဆရာက ခင်ဗျားကိုလွှတ်ပေးလိမ့်မယ်”
စန်းစုန့်ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ပြီး ချက်ချင်းသဘောတူလိုက်လေသည်။
“ငါလောင်းမယ်”
ထိပ်တန်းဂိုဏ်းကြီးများသည် ကျန်းယန်ကို တိုက်ပွဲကွင်းပြင်မှ လုံး၀အသက်ရှင်လျက်ပြန်မလွှတ်နိုင်မှန်း သူသေချာသိလေရာ ဘာကြောင့်မလောင်းဘဲနေရပါမည်နည်း။
အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကတော့….သူတို့က ဖျက်ဆီးခံရဖို့ ကံပါလာပြီးသား ဖြစ်ပေသည်။