အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ သူတော်စင်နှင့်အတူ သွားလာခြင်း
Vol. 24 Ch. 357
အခန်း (၃၅၇) : အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ သူတော်စင်နှင့်အတူ သွားလာခြင်း
တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
ရေကန်ဘေးတွင် အားကောင်းသည့် ပုံရိပ်များစွာ ထွက်ပေါ်လာပြီး တစ်ယောက်ချင်းစီ၏ အရှိန်အဝါတို့က စွမ်းအားကြီးလွန်းလှသည်။ သူတို့အားလုံးက ဝိဇ္ဇာများ ဖြစ်ကြပြီး တာအိုလက်ဆင့်ကမ်း ကျောက်ပြား ထွက်ပေါ်လာသည်ကို ခံစားမိပြီးနောက် အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
မူလက တာအိုလက်ဆင့်ကမ်း ကျောက်ပြားလို အထွတ်အထိပ်ရတနာမျိုး ပေါ်ထွက်လာမှုက ဝိဇ္ဇာများကြား အငြင်းပွားစရာ သေချာပေါက် ဖြစ်လာလိမ့်မည်။ သူတို့က သဘောတူညီချက် ရှိထားခဲ့လျှင်ပင် သဘောတူညီချက်ကို ချိုးဖောက်ဖို့ အကြောင်းပြချက်များစွာ ရှိနေသေး၏။
ဤသို့သော သဘောတူညီချက်မျိုးက ဆွဲဆောင်နိုင်စွမ်း မကောင်းသည့်အခါမျိုးသာ သက်ရောက်မှု ရှိသည်။
ဆွဲဆောင်နှုန်းက အဆင့်တစ်ခု ကျော်လွန်နေသည့်အခါ လူကြီးလူကောင်းများက ကြောင်သူတော် ဖြစ်လာကြလိမ့်မည်။
အကြောင်းအရင်းမှာ ကံအပြောင်းအလဲ အခွင့်အရေးက အလွန်စွဲမက်ဖွယ် ကောင်းနေ၍ ဖြစ်သည်။
သို့သော်လည်း ဝိဇ္ဇာတိုင်းက တာအိုလက်ဆင့်ကမ်း ကျောက်ပြားကြီးအား တိတ်တဆိတ် ကြည့်ရှုနေကြသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့ ဂုဏ်ယူစွာ မားမားမတ်မတ် ရပ်နေသောကြောင့် မည်သူကမှ မလှုပ်ရှားရဲကြပေ။
မီးတောက်ဝိဇ္ဇာ၏ အလောင်း နှစ်ပိုင်းပြတ်ထားရာမှ သွေးများ ထွက်နေဆဲ ဖြစ်သည်။ သူက ဝိဇ္ဇာအစစ်အမှန်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သော အားကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။
သူ့အကျင့်စရိုက်က ဆိုးရွားသော်လည်း စွမ်းအားကိုတော့ မေးခွန်းထုတ်စရာ မလိုပေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မီးတောက်ဝိဇ္ဇာအား တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့သောကြောင့် သူ မည်မျှအားကောင်းမှန်း မည်သူမှ မခန့်မှန်းနိုင်ကြပေ။
ထို့အပြင် ဂိုဏ်းချုပ်၏ အပြုအမူအရ သူ့ဆက်ခံသူအတွက် ဂုဏ်သိက္ခာကို ထူထောင်ပြီး နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုရှိ အားကောင်းသူအားလုံးကို ပြသလိုက်ခြင်းသာ ဖြစ်သည်။
ထိုအခါမှ ရှန်ထျန်းအနေနှင့် ချောချောမွေ့မွေ့ ကြီးထွားလာနိုင်မည်။ သူ့အနေနှင့် ထိပ်ဆုံးသို့ မရောက်ခင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေသွားနိုင်သလို ရန်သူများ၏ ပစ်မှတ်ထားခြင်း ခံရနိုင်သည်။
ထိုအခိုက်အတန့် ဂိုဏ်းချုပ်၏ သတ်ဖြတ်ငွေ့က အားအကောင်းဆုံး ဖြစ်နေသောကြောင့် သူ့ကို တားဆီးသူအားလုံး သူ့ပစ်မှတ် ဖြစ်လာပေမည်။
ယခု အခြေအနေက မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်သောကြောင့် မည်သူကမှ ဂိုဏ်းချုပ်ကို မဆန့်ကျင်ရဲကြပေ။
တစ်ယောက်ယောက်က ပထမဆုံးလှုပ်ရှားလိုက်လျှင်ပင် ကျောက်ပြားကို ရရှိနိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းတွင် ဂိုဏ်းချုပ်က သူတို့အပေါ် ရန်လိုလာနိုင်သည်။
“နေကိုးစင်း အထွတ်အမြတ်မြေက မကျေနပ်ဘူးဆိုရင် သည်းခံဖို့ ပြောလိုက်ပါ။ နောင်ကျရင် ကျုပ်ကိုယ်တိုင် သူတို့ကို လာရှာလှည့်မယ်လို့ ”
ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အပြင်းအထန် လှုပ်ခါနေပြီး ကောင်းကင်၌ အဆုံးမဲ့ မိုးကြိုးများ ပြည့်နှက်နေသည်။ သိပ်မကြာခင် ဂိုဏ်းချုပ်က သူ့ဓားအငွေ့အသက်ကို ချုပ်ထိန်းလိုက်သောကြောင့် သူ့ပုံရိပ်ကို မြင်လာရ၏။
ဂိုဏ်းချုပ်က သူ့အရှိန်အဝါတစ်ခုတည်းဖြင့် အားလုံးကို ခြိမ်းခြောက်ပြီးပြီ ဖြစ်သည်။
သူက ရှန်ထျန်း ရှိရာဆီ ကြည့်လိုက်ကာ “ ထျန်းအာ … ဒီကိုလာခဲ့ ”
ရှန်ထျန်းနှင့် အခြားလူများက ဖုန်မှုန့်တစ်စက်ပင် မကပ်ဘဲ အေးအေးလူလူ ပြန်ရောက်လာကြသည်။
အထူးသဖြင့် ရှန်ထျန်း ဖြစ်၏။ သူအနေနှင့် အရာအားလုံးက သူ့အကြံအစည်အတိုင်း ဖြစ်နေသည့်အလား အပြုံးတစ်ပွင့် တည်ရှိနေသည်။
မီးတောက်ဝိဇ္ဇာ သူ့ဆီ ပြေးဝင်လာစဉ်အခါက ရှန်ထျန်းအနေနှင့် အကြောက်တရား မပြခဲ့ခြင်းမှာ မီးတောက်ဝိဇ္ဇာက ဝိဇ္ဇာ မဟုတ်ဘဲ ပြောပြဖို့ပင် မထိုက်တန်သည့်လူ ဖြစ်နေသောကြောင့် ဖြစ်သည်။
ရှန်ထျန်း၏ သတ္တိရဲစွမ်းတစ်ခုတည်းကို ကြည့်ရုံဖြင့် လူငယ်ကျင့်ကြံသူများကြား နံပါတ်တစ် ဖြစ်ဖို့ လုံလောက်ပေသည်။ ထို့အပြင် ဝိဇ္ဇာတစ်ယောက်၏ ဖိအားက သူတို့အတွက် ကြောက်ခမန်းလိလိ ဖြစ်စေ၏။
သူက ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်အနေနှင့် ဝိဇ္ဇာအရှိန်အဝါ၏ ဖိအားကို တောင့်ခံနိုင်ခဲ့သလို တည်တည်ငြိမ်ငြိမ်သာ ဆက်လက် ထိန်းထားနိုင်ခဲ့သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။
ရှန်ထျန်းက ဂိုဏ်းချုပ်ရှေ့ရောက်လာကာ ဦးညွှတ်လိုက်ပြီး “ ဆရာ ကျွန်တော်တို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က တဖန်လှုပ်ခတ်သွားကာ ရှန်ထျန်း၏ ပခုံးကို ပုတ်လိုက်ရင်း “ ငါက မင်းရဲ့ဆရာလေ။ မင်း ရှာတွေ့တာ မင်းအပိုင် ဖြစ်ရမှာပေါ့ ”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်က ရေကန်ဘေးရှိ အခြားဝိဇ္ဇာများကို လှမ်းကြည့်လိုက်သည်။
“ ဝိဇ္ဇာတွေကြားက တိုက်ပွဲကို ရှောင်ရှားဖို့ ထာဝရဘုံဗိမာန်ကျွန်း မဝင်ခင် သဘောတူညီချက် လုပ်ခဲ့တယ်။ ကံအပြောင်းအလဲ အခွင့်အရေးက ရှာတွေ့တဲ့သူ ပိုင်ဆိုင်တယ်လို့လေ။ အဲဆိုတော့ တခြားအင်အားစုတွေလည်း မလုယူနိုင်တော့ဘူး။ မဟုတ်ရင် ဝိဇ္ဇာတွေက အဲလူကို အတင်းအကျပ် မောင်းထုတ်ကြလိမ့်မယ်။
ငါတို့ဂိုဏ်းက မြွေနက်မျိုးနွယ်နဲ့ သတ္တုတွင်းကို သင့်တော်မျှတတဲ့ ဈေးနဲ့ လဲလှယ်ထားခဲ့ပြီးပြီ။ ငါတို့က အတင်းကျပ် မယူသလို မလှည့်စားဘူး …
မီးတောက်ဝိဇ္ဇာက ဝိဇ္ဇာအစစ်အမှန် ဖြစ်လာဖို့ ခြေတစ်လှမ်းလောက်ပဲ လိုပေမဲ့ သူက ငါတို့ဂိုဏ်းရဲ့ သူတော်စင်ဆီက ကံအပြောင်းအလဲ အခွင့်အရေးကို လုယူဖို့ ကြိုးစားခဲ့တယ်။ အဲဒါကြောင့် သူ သေသင့်တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကန့်ကွက်စရာရှိလား ”
ဂိုဏ်းချုပ်က ဝိဇ္ဇာအသီးသီးကို ကြည့်ကာ သူ့အရှိန်အဝါတို့ကလည်း ပိုမို ပြင်းထန်လာသည်။
နောက်အခိုက်အတန့်လေး၌ ဝိဇ္ဇာများသာ ခံစားနိုင်သည့် ဖိအားက ရေကန်အပြည့် ဖြစ်လာသည်။
သူက တကယ်ကို အားကောင်းတာပဲ …
ရေကန်ဘေးရှိ အပြာရောင်အံ့ဖွယ်အလင်းရောင်ကြားမှ အမျိုးသမီးအသံ ထွက်ပေါ်လာသည် “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကျွန်မတို့မျိုးနွယ်နဲ့ အလဲအလှယ်လုပ်တုန်းက စည်းမျဉ်းတွေကို လိုက်နာခဲ့တယ်။ အဲဒါကြောင့် ကျွန်မတို့ မြွေနက်မျိုးနွယ်က ဂိုဏ်းချုပ်ရဲ့ အပြုအမူကို သဘောတူပါတယ် ”
ဤသည်မှာ မြွေနက်မျိုးနွယ်မှ လျို့ဝှက်ဝဲဂယက် ဝိဇ္ဇာ ဖြစ်၏။ သူမက ကောင်းကင်အသျှင် ချင်းမင်၏ မိခင် ဖြစ်ပြီး သူမကို အတော်လေး ချစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်ကို ကိုယ်တိုင်ကိုယ်ကျ တုပ်နှောင်၍ မြွေနက်မျိုးနွယ်ဆီ ခေါ်ဆောင်လာပေးခဲ့သည့်အတွက် သူမက အလွန်သဘောကျနေမိသည်။
ထို့အပြင် မိုင်းတွင်းအလဲအလှယ်အတွက် တန်ကြေးကလည်း အတော်လေး မြင့်မားလှလေရာ မြွေနက်မျိုးနွယ်က အတာ်လေး ကျေနပ်၏။ ထို့ကြောင့် သူတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ဆက်ဆံရေးကောင်း ရှိနေကြလေပြီ။
လျို့ဝှက်ဝဲဂယက် ဝိဇ္ဇာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ထောက်ခံပေးဖို့ ရွေးချယ်လိုက်သည်။
ဝိဇ္ဇာတစ်ပါးက ဦးဆောင်ပြောလိုက်သောကြောင့် ကျန်ဝိဇ္ဇာများလည်း ကိုယ့်ဂုဏ်သိက္ခာကို ထိန်းထားဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ လျို့ဝှက်ဝဲဂယက် ဝိဇ္ဇာပြောတာ မှန်ပါတယ်။ ကျုပ်တို့က အရင်ကြိုတင်ပြီး သဘောတူညီချက် လုပ်ခဲ့ကြတာပဲလေ။ မီးတောက်ဝိဇ္ဇာက စည်းမျဉ်းဖောက်တာဆိုတော့ သေသင့်ပါတယ် ”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဝင်မပါရင်တောင် ရွှေကျီးမီးတောက်က သူ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ဂိုဏ်းချုပ်က သူ့ကို သက်သက်သာသာ အဆုံးသတ်ပေးလိုက်တာပါ ”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိစ္ဆာကို သုတ်သင်ပေးလိုက်တာပါပဲ။ ဘယ်လောက်တောင် လေးစားစရာကောင်းလိုက်လဲ။ တကယ်ကို လူကြီးလူကောင်းတစ်ယောက်ပဲ ”
……………...
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က ညင်သာစွာ လှုပ်ခတ်သွားကာ
“ တရားမျှတမှုဆိုတာ မြင်တဲ့လူတွေအပေါ် ကွဲပြားမှာပဲလေ။ အားလုံးက ထောက်ခံပေးတဲ့အတွက် ကျေးဇူးပါ။ ကျုပ်က အကျိုးအကြောင်း မသိတဲ့လူ မဟုတ်ပါဘူး။ ထျန်းအာက ဒီကျောက်ပြားကို တွေ့ခဲ့တယ်ဆိုပေမဲ့ ကျင့်ကြံရေးလမ်းစဉ်မှာ မျှဝေတတ်ဖို့လည်း အရေးပါတယ်လေ။ ကျုပ်တို့ အလဲအလှယ် လုပ်ကြတာပေါ့ ….
ကျုပ်တို့ဂိုဏ်းက အားလုံးကို ကျောက်ပြား မျှဝေကြည့်ရှုပြီး ဉာဏ်အလင်းပွင့်လာဖို့ လိုလားပါတယ်။ ဘယ်လောက်နားလည်တိုးတက်လာမလဲဆိုတာတော့ ကိုယ့်စွမ်းအားပေါ် မူတည်တာပေါ့ ”
တော်ဝင်ကျောက်ပြားရဲ့ အမွေအနှစ်ကို မျှဝေပေးမယ်တဲ့လား …
ဂိုဏ်းချုပ်၏ စကားကြောင့် ဝိဇ္ဇာအားလုံး ကြောင်အမ်းသွားကြသည်။
ကျောက်ပြားတွင် အားအကောင်းဆုံးထဲမှ တစ်ခုဖြစ်သည့် တော်ဝင်ကျမ်း ပါဝင်နေသည်။ တားမြစ်အခန်းဆက်များ မပါဝင်သော်လည်း တန်ဖိုးမှာ အဖိုးမဖြတ်နိုင်ပေ။
ထိုသို့သော အရေးပါသည့် အမွေအနှစ်ကို အားလုံးနှင့် အလွယ်တကူ မည်သို့များ ဝေမျှနိုင်သနည်း။
တကယ်ကို နာမည်ကျော်ဇောတဲ့ ဂိုဏ်းချုပ်ပါပဲ …
“ ဒါပေမဲ့ အလကားရတဲ့ အရာလို့ မရှိဘူးလေ။ ထျန်းအာက ဒီတာအိုလက်ဆင့်ကမ်း ကျောက်ပြားကို ဆင့်ခေါ်ဖို့ တန်ဖိုးကြီးကြီး ပေးခဲ့ရတယ်ဆိုတော့ အားလုံးက … ကျုပ် ဆိုလိုချင်တာကို သဘောပေါက်ကြမှာပါ ”
ဂိုဏ်းချုပ်က သဘောထားကို ရုတ်ချည်း ပြောင်းလဲလိုက်သည်။ သူ့အသံက ပုံမှန်ပြောနေသည့်အလား အေးစက်နေဆဲ ဖြစ်၏။
နောက်အခိုက်အတန့်လေး၌ လျို့ဝှက်စကားဝိုင်းများ ထွက်ပေါ်လာသည်။
ညှိနှိုင်းနေသူများက အသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသော်လည်း အခြားသူများက မကြားရပေ။ ဂိုဏ်းချုပ်၏ အသံက ဝိဇ္ဇာအဆင့်နှင့်အထက် ကြားရအောင်သာ ကန့်သတ်ထားသည်။
ရှန်ထျန်းကတော့ ခြွင်းချက် ဖြစ်၏။
…………....
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားကာ ဝိဇ္ဇာများ၏ အမူအယာများက ကွဲပြားလာသည်။
တချို့ဝိဇ္ဇာများက ပျော်ရွင်နေကြသလို တချို့က စိတ်သက်သာရာရသွားကြသည်။ တချို့က ဒေါကန်နေသလို ဖြစ်နေပြီး တချို့ကား မည်းမှောင်သည့် အမူအယာမျိုး ရှိနေကြသည်။
သို့သော်လည်း ထိုဝိဇ္ဇာအားလုံးက မီးတောက်ဝိဇ္ဇာထက် အကျိုးအကြောင်း ဆင်ခြင်နိုင်သူများ ဖြစ်ကြသည်။ မည်သူကမှ ဂိုဏ်းချုပ်နှင့် ပြဿနာမတက်ကြပေ။
အဆုံးသတ်၌ လေထုထဲ ဝိဇ္ဇာများ၏ ကြောက်ခမန်းလိလိ အရှိန်အဝါက လျော့ကျသွားကာ လေထုဖိအားလည်း ပျောက်ကွယ်သွားသည်။
ဂိုဏ်းချုပ်က ရှန်ထျန်းအား လှည့်ကြည့်ကာ အသံဆက်သွယ်ပြီး ပြောလိုက်သည် “ မင်းအတွက် ဈေးကောင်းကောင်း ညှိပေးထားတယ်။ မင်း အထွတ်အမြတ်မြေနဲ့ အကျိုးမြတ် တစ်ဝက်ခွဲပေးမယ်ဆိုရင်တောင် မင်းဘက်က အရှုံးမရှိစေရဘူး။ ဘယ်လိုလဲ ”
ရှန်ထျန်းက ပြုံးကာ “ ဆရာ့သဘောပါပဲ”
ဆရာရေ ကျွန်တော်အတွက် သိုးမွေး များလာစေတဲ့အတွက် ကျေးဇူးပါ ...
ဈေးနှုန်းကို ညှိနှိုင်းပြီးနောက် ဝိဇ္ဇာများက ကျောက်ပြားနား ခြေချိတ်ထိုင်ကာ နားလည်အောင် ကြိုးစားကြတော့သည်။ ထိုစဉ် ဝိဇ္ဇာများ၏ တပည့်များကို အကာအရံတစ်ခုဖြင့် ကာရံထားလေသည်။ အကြောင်းမှာ ဝိဇ္ဇာများ ဉာဏ်အလင်းပွင့်သွားသည့်အခါ မသိလိုက်ဘဲ အားကောင်းသည့် အရှိန်အဝါများ ထုတ်လွှင့်တတ်၍ ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျောက်ပြားကိုလည်း ပြဿနာ ဖြစ်လာစေနိုင်သည်။
အကယ်၍ သူတို့သာ ဝိဇ္ဇာများဆီမှ ကာကွယ်မှုကို မရထားလျှင် ရွှေအမြုတေ သို့မဟုတ် ကနဦးဝိညာဉ်အဆင့်များက အလွယ်တကူ အန္တရာယ်ဖြစ်သွားနိုင်သည်။
“ ထျန်းအာ … ငါနဲ့အတူတူ ကျောက်ပြားကို လိုက်လေ့လာလေ ”
ထိုစဉ် ဂိုဏ်းချုပ်၏ စကားက မြောက်များစွာသော ဝိဇ္ဇာများကို ကြောင်အမ်းသွားစေသည်။
သူ ဘာမေးလိုက်တာလဲ …
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါတို့နဲ့အတူတူ ဉာဏ်အလင်းပွင့်အောင်၊ နားလည်အောင် လုပ်ဖို့ အရည်အချင်းရှိလို့လား …
သူက ဝိဇ္ဇာအရှိန်အဝါကို သူ့စွမ်းအားနဲ့ တောင့်ခံနိုင်ပါ့မလား …