၀တ်စုံပြာအဖွဲ့
Vol. 11 Ch. 121
ကျန်းယန် တိတ်တဆိတ်ကျင့်ကြံနေခဲ့ပြီး အထဲတွင် မိစ္ဆာများဘာတွေဖြစ်နေသလဲ မသိခဲ့ပေ။
တကယ်တော့ ချင်းယွင်ကျိလည်း သေချာမသိခဲ့ပေ။
သူလည်း မိစ္ဆာများအားချိတ်ပိတ်ထားသော အလင်းလွှာထဲသို့ ဝင်မသွားရဲပေ။ ထို့ကြောင့် အထဲတွင်ဘာတွေဖြစ်နေသလဲဟူသော သတင်းအချက်အလက်ကိုမရရှိနိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် ကျန်းယန်ကျင့်ကြံခြင်းက မျှော်လင့်မထားရလောက်အောင် ချောမွေ့နေခဲ့၏။
မိစ္ဆာစွမ်းအားများစွမ်းအင်များအားလုံးကို သူ့ရွေအမြုတေက စုပ်ယူနေခဲ့သည်။
သူ့ရွှေအမြုတေက အနည်းငယ်ကြီးမားလာခဲ့ပြန်၏။ သို့သော် အခွံက ပိုထူလာခြင်းဖြစ်ပြီး အထဲတွင်တော့ ဘာမှပေါ်မလာသေးပေ။
ဒါပေါ့ အထဲတွင်ဘာမှပေါ်မလာသေးသော်လည်း သူ့စိတ်ဝိညာဉ်စွမ်းအားကတော့ အလွန်နက်ရှိုင်းလာခဲ့သည်။
သူကျင့်ကြံနေတာဘယ်လောက်ကြာသွားခဲ့သလဲ ကျန်းယန်မသိခဲ့ပေ။ မိစ္ဆာစွမ်းအင်များက သူ့အတွက်အကျိုးသက်ရောက်မှုမရှိနိုင်တော့တာ သတိထားမိသွားမှသာ တရားထိုင်နေရာမှ ထလာခဲ့၏။
လေထုထဲရှိ မိစ္ဆာစွမ်းအင်များက အရင်ကထက်ပိုသိပ်သည်းနေမှန်း သတိထားမိသွားသောအခါ ကျန်းယန် အလင်းလွှာထဲသို့ အလိုလိုတစ်ချက်ကြည့်လိုက်မိသည်။ ဤမိစ္ဆာများက အလွန်ပူးပေါင်းတတ်ပါပေကော။
နောက်ဆုံးတွင် မိစ္ဆာစွမ်းအင်များက သူတို့ကိုယ်ထဲကလာခြင်းဖြစ်ပြီး ထိုအရာများ ကုန်ဆုံးသွားလျှင် ထိုမိစ္ဆာများခြောက်သွေ့ပြီး သေဆုံးသွားကြရပေလိမ့်မည်။
ကျန်းယန်ကိုစောင့်ကြည့်နေသော ချင်းယွင်ကျိ ကျန်းယန်နိုးလာသည်ကိုမြင်သောအခါ အစီအရင်အပြင်ဘက်သို့ ဆွဲထုတ်လိုက်လေသည်။
သူမေးလိုက်၏။
“အဆင်ပြေရဲ့လား”
ကျန်းယန် စိတ်အနည်းငယ်ညစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ဆရာ ကျွန်တော်တာအိုမျိုးစေ့ပေါက်လာမယ့် ဘယ်လက္ခဏာမှ မမြင်ရသေးဘူး ဘာလို့ ကျွန်တော့်အတွက် ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့က ဒီလောက်ခက်ခဲနေရတာလဲ အဖြူထည်ရွှေအမြုတေက အဆင့်ချိုးဖြတ်ဖို့ ခက်ခဲမှန်းတော့ ကျွန်တော်ကြားဖူးပါတယ် ဒါပေမယ့် ကျွန်တော့်ဟာကြီးကခက်ခဲလွန်းမနေဘူးလား”
အရိုးသားဆုံးပြောရလျှင် သူအသုံးပြုထားသောအရင်းအမြစ်ပမာဏကို စိတ်ကူး၍ပင်မရတော့ပေ။
သူသည် သက်တန့်ငါးလိုရှားပါးရတနာမျိုးကိုစားခဲ့သလို မရေတွက်နိုင်သော စိတ်ဝိညာဉ်ဆေးလုံးများစွာကိုလည်း သောက်သုံးခဲ့၏။ မိစ္ဆာစွမ်းအင်ကိုတောင် စုပ်ယူခဲ့လိုက်သေးသည်။ သို့သော် ယခုထိအလုပ်မဖြစ်သေးပေ။
ချင်းယွင်ကျိ ခပ်အေးအေးပြောလိုက်သည်။
“အဆင်ပြေပါတယ် မင်းအကျိုးကျေးဇူးတွေအများကြီးရပြီးပြီပဲ ငါတို့ စိတ်ဝိညာဉ်စွမ်းအားနက်ရှိုင်းမှုအကြောင်းပဲ ပြောမယ်ဆိုရင် မင်းကဒီကမ္ဘာပေါ်က ရွှေအမြုတေအဆင့်တွေ ဝိညာဉ်အခြေတည်အဆင့်တွေကြားထဲမှာ နံပါတ်၁ပဲ”
“ဒါပေမယ့် ကျွန်တော်ဝိညာဉ်အခြေတည်အဆင့်ကိုမချိုးဖြတ်နိုင်ရင် အဲ့ဒီအဆင့်ကစွမ်းအားကို ဘယ်ရနိုင်ပါတော့မလဲ” ကျန်းယန်သက်ပြင်းချလိုက်၏။
မှန်ပေသည်။ သူ့စိတ်ဝိညာဉ်စွမ်းအားကနက်ရှိုင်းသော်လည်း နတ်ဝိညာဉ်အဆင့် တာအိုပေါင်းစည်းခြင်းအဆင့်များနှင့်တော့ ယှဉ်မရသေးပေ။
ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်သည်။
“ငါတို့မှာ အဖြူထည်ရွှေအမြုတေနဲ့ပတ်သက်ပြီး ဘာအတွေ့အကြုံမှမရှိဘူး အဲ့တော့ဆေးတွေသာဆက်သုံးနေ နောက်ဆုံးကျရင်တော့ ချိုးဖြတ်နိုင်သွားမှာပဲ ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ဖို့ လောနေစရာမလိုဘူး”
ရွှေအမြုတေအဆင့်နှင့်ဝိညာဉ်အခြေတည်အဆင့်ကြားထဲတွင် ကွဲပြားချက်တစ်ခုရှိသော်လည်း ထိုအရာက မရှိမဖြစ်လိုအပ်သောအရာတော့ မဟုတ်ပေ။
ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်နိယာမများကို ပိုနားလည်သဘောပေါက်နိုင်ပြီး ထိုအရာများကို တိုက်ခိုက်ရာ၌ ထည့်သွင်းအသုံးပြုနိုင်ပေသည်။
သို့သော်လည်း သူတို့ထိုမှော်သိုင်းကွက်များ၏စွမ်းအားကတော့ စိတ်ဝိညာဉ်စွမ်းအားနက်ရှိုင်းမှုအပေါ် မူတည်နေဆဲပင်။
“မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏနဲ့ဆို မင်းနဲ့သူတို့ကြားက ခြားနားချက်ကို ချေဖျက်ပစ်နိုင်မှာသေချာတယ်”
သူခဏရပ်လိုက်ကာ ဆက်ပြောလိုက်သည်။
“နတ်ဝိညာဉ်အဆင့်ကိုရောက်ပြီး စိတ်ဝိညာဉ်ကိုနတ်ဘုရားအဖြစ်သန့်စင်လိုက်နိုင်မှသာ နိယာမနားလည်နိုင်စွမ်းမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာမှာ အဲ့တာကြောင့် မင်းနတ်ဝိညာဉ်အဆင့်တစ်ယောက်နဲ့ ရင်မဆိုင်ရသေးသ၍ စိတ်ပူစရာမရှိဘူး
ငါပြောတာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိစ္စကိုပြောတာ
အပြင်မှာဆိုရင်တော့ မင်းရဲ့စိတ်ဝိညာဉ်အဆင့်လက်နက်တွေနဲ့ပေါင်းလိုက်ရင် နတ်ဝိညာဉ်အဆင့်တောင်မင်းကိုအများကြီးအန္တရယ်ပြုနိုင်မှာမဟုတ်ဘူး”
ကျန်းယန်အသာအာယာခေါင်းညိတ်ပြလိုက်ကာ
“ဆရာ ဒါဆိုရင် ကျွန်တော်ကရွှေအမြုတေအဆင့်မှာပဲရှိသေးပေမယ့် ကျွန်တော့်ခွန်အားက ဝိညာဉ်အခြေတည်အဆင့်နဲ့ ယှဉ်နိုင်နေပြီလား”
ချင်းယွင်ကျိခေါင်းယမ်းလိုက်ကာ တည်ကြည်စွာပြောလိုက်သည်။
“ငါက သာမန်အခြေအနေမှာကိုပြောတာ တိုက်ပွဲကွင်းပြင်ထဲကပါရမီရှင်တွေကြားထဲမှာတော့ ဘာကိုမှ ပုံသေပြောလို့မရဘူး
တိုက်ပွဲကွင်းပြင်ထဲကို ၀င်နိုင်တဲ့သူမှန်သမျှက သာမန်လူတွေမဟုတ်ကြဘူး
နောက်ပြီးတိုက်ပွဲကွင်းပြင်ကိုယ်တိုင်ကလည်း အန္တရာယ်များလွန်းတယ်
ပြီးတော့ ဘယ်သူ့ကိုမှအထင်မသေးမိစေနဲ့ လူတိုင်းမှာ ဝှက်ထားတဲ့ အသက်ကယ်ဖဲအချို့ ရှိကြတယ်”
“ဟုတ်ကဲ့ပါဆရာ ကျွန်တော်နားလည်ပါပြီ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူထိုအကြောင်းမမေးတော့ဘဲ ထိုအစားအကြောင်းအရာပြောင်းကာ ပြောလိုက်သည်။
“ဆရာ ကျန်းချန်းရှန်တို့ ၀မ်ပေ့လဲ့တို့နဲ့ အခြားတပည့်တွေအကြောင်း ဆရာသိလား သတင်းတစ်ခုခုကြားမိသေးလား
အဲ့ဒီကလေးတွေဂိုဏ်းထဲကထွက်သွားတာ အတော်ကြာနေပြီ သူတို့တပည့်လက်ခံတဲ့အစီအစဉ်ကရော ဘယ်လိုနေလဲ”
ချင်းယွင်ကျိ ပြုံးလိုက်၏။
“အတော်လေးအဆင်ပြေနေပါတယ် သူတို့အိမ်ပြန်လမ်းကိုတောင်ရောက်နေကြပြီ တစ်ဖွဲ့ချင်းစီတိုင်းက ဂိုဏ်းကိုတပည့်တစ်ထောင်ကျော်စီခေါ်လာကြတယ် သူတို့အစောပိုင်းကလက်ခံထားတဲ့ တပည့် ၉၀ ဆိုရင် ရွှေအမြုတေအဆင့်ကိုတောင် ရောက်နေကြပြီ”
သတင်းကောင်းများကိုကြားလိုက်ရသောအခါ ကျန်းယန် စိတ်လှုပ်ရှားသွားပြီး အမြန်ပြောလိုက်လေသည်။
“ဆရာ ကျွန်တော်သူတို့ကိုသွားတွေ့ဦးမယ်”
ချင်းယွင်ကျိအသာအယာခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားသောကျန်းယန်ပုံရိပ်ကို ကြည့်ရှုနေခဲ့၏။
သူ့စိတ်ထဲတွင်တော့ အတော်လေးခံစားနေခဲ့ရသည်။ မျှော်လင့်ထားခဲ့သလိုပင် အဇူရာတိမ်ဂိုဏ်းက နိမ့်ကျနေရာမှ တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့ပြန်ချေပြီ။
လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက သူတို့သည် အလွန်ဆင်းရဲခဲ့ပြီး လူလည်း ၈ယောက်ပဲရှိကာ စိတ်ဝိညာဉ်ကျောက်တုံးဆိုလျှင် ရာဂဏန်းသာရှိခဲ့သည်။
အခုတော့ ဂိုဏ်းတွင် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီရှိနေပြီဖြစ်ပြီး တပည့်လည်း ထောင်ချီကာ ရှိလာခဲ့၏။
တပည့်အရေအတွက်ကိုကြည့်မည်ဆိုလျှင် လက်ရှ်ိတပည့်အရေအတွက်က ဂိုဏ်းသမိုင်းထဲတွင် အများဆုံးပမာဏပင်။
ထိုများစွာသောတပည့်များသာ ကောင်းကောင်း ကြီးပြင်းလာကြလျှင် အဇူရာတိမ်ဂိုဏ်း၏အရင်ဂုဏ်သရေကိုပြန်ရဖို့က မဖြစ်နိုင်သောအရာ မဟုတ်ဝောာ့ပေ။
သူ့စိတ်ထဲ ကြိတ်၍သက်ပြင်းချလိုက်မိ၏။ အကယ်၍ အဇူရာတိမ်ဂိုဏ်းသာ နှစ်အနည်းငယ်ကြာအောင် ငြိမ်းငြိမ်းချမ်းချမ်းဖွံ့ဖြိုးနိုင်ခဲ့လျှင် သူတို့ကမ္ဘာပေါ်က မည်သည့်ဂိုဏ်းကိုမှ ကြောက်စရာလိုတော့မည် မဟုတ်ပေ။
ကံဆိုးစွာဖြင့် ဂိုဏ်းကြီးများက သူတို့ကို ဝံပုလွေမျက်လုံးများဖြင့် အမြဲချောင်းနေခဲ့ပြီး သူတို့အတွက် ဒီနှစ်တွေထဲ ကောင်းကောင်းရှင်သန်ရဖို့ လွယ်မည် မဟုတ်ပေ။
အဇူရာတိမ်ဂိုဏ်းမှ ထွက်လာပြီးသောအခါ မကြာခင်တွင် ကျန်းယန် ဂိုဏ်းဆီဦးတည်လာနေသောလူအုပ်ကြီးကိုမြင်လိုက်ရပြီး ချက်ချင်းပင် ထိုလူအုပ်ဆီ ပျံသန်းသွားခဲ့လိုက်လေသည်။
သူတို့အ၀တ်အစားများအရ ထိုလူအုပ်သည် ကျန်းချန်းရှန်ဦးဆောင်သော ၀တ်စုံပြာအဖွဲ့ဖြစ်၏။
ထိုအခိုက်တွင် အဖွဲ့ထဲမှေရွှအမြုေတအဆင့်တစ်ယောက် အဝေးမှ သူတို့ဆီချဉ်းကပ်လာသော ပုံရိပ်ကိုသတိထားမိသွားပြီး အလျင်အမြန်ပင် ကျန်းချန်းရှန်ဆီသတင်းပို့လိုက်သည်။
“သတင်းပို့ပါတယ် တစ်ယောက်ယောက်ကျွန်တော်တို့ဆီ ချဉ်းကပ်လာနေပါတယ်”
“ခုခံဖို့ ပြင်ဆင်ထားကြ” ကျန်းချန်းရှန် အော်ပြောလိုက်၏။
“ရွှေအမြုတေအဆင့်တွေက အခြေခံတည်ဆောက်ခြင်းအဆင့်တွေကိုကာကွယ်ထား လူတိုင်းပဲ မင်းတို့မှော်သိုင်းတွေကို ပြင်ဆင်ထားကြ အားကုန်သုံးပြီး ကာကွယ်ကြ…ဟမ် စီနီယာအစ်ကိုကြီး!”
သူခုခံဖို့စီစဉ်နေချိန်တွင် ချဉ်းကပ်လာသောပုံရိပ်ကိုတွေ့လိုက်ရပြီး ထိုပုံရိပ်က သူ့စီနီယာအစ်ကိုကြီး ဖြစ်နေခဲ့လေသည်။
သူချက်ချင်း သူ့စီနီယာအစ်ကိုကြီးဆီလမ်းလျှောက်သွားလိုက်ပြီး ပြုံးကာမေးလိုက်၏။
“စီနီယာအစ်ကိုကြီး ဘာလို့ရောက်လာတာလဲ”
ကျန်းယန် အားရပါးရရယ်မောလိုက်ကာ
“မင်းတို့ပြန်လာနေပြီလို့ ဆရာကင့ါကိုပြောတယ်လေ အဲ့တာကြောင့် တစ်ချက်လာကြည့်ကြည့်တာ…အခုပဲ မင်းတို့အားလုံးရဲ့ ကာကွယ်ရေးပုံစံအတွက် အသင့်ပြင်ထားတာကိုမြင်လိုက်ရတယ် လမ်းမှာတစ်ခုခုဖြစ်ခဲ့လို့လား”
ကျန်းချန်းရှန်ပြုံးလိုက်ကာ
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးတစ်ခါပြောခဲ့ဖူးတယ်လေ အနားကိုတစ်ယေက်ယောက်ချဉ်းကပ်လာရင် ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် သတိအပြည့်နဲ့ဆက်ဆံရမယ်တဲ့ အဲ့တာကြောင့် ကျွန်တော်တို့က သတိအပြည့်ထားနေကြတာပါ သူတို့တုန့်ပြန်မှုတွေကလည်း အစ်ကိုကြီးရဲ့ အဲ့ဒီစကားကိုအခြေခံပြီး အတော်မြန်နေကြတာ”
ထို့နောက် သူအခြေအနေကို သတင်းပို့လိုက်လေသည်။
“ဒီတစ်ခေါက် ကျွန်တော်တို့ ရွာပေါင်း ၅၄ရွာကိုဖြတ်သွားခဲ့ပြီး အခြေခံအုတ်မြစ်တည်ဆောက်နိုင်ဖို့ အလားအလာရှိတဲ့ တပည့် ၁၅၃၂ယောက် စုဆောင်းနိုင်ခဲ့ပါတယ် အဲ့ဒီအထဲမှာ အသက်အကြီးဆုံးလူက အသက် ၅၀ကျော်ဖြစ်ပြီးတော့ အငယ်ဆုံးကတော့ ဆယ်နှစ်ပဲရှိပါသေးတယ်
အစ်ကိုကြီးရဲ့ ညွှန်ကြားချက်အရ ကျွန်တော်စုဆောင်းလို့ရသမျှအကုန်လုံးကိုစုဆောင်းခဲ့ပြီးတော့ သူတို့အတွက်စတင်ကျင့်ကြံဖို့ အရင်းအမြစ်လည်း ခွဲပေးခဲ့ပါတယ်
ဒါပေါ့ ကျွန်တော်သူတို့ကို အစ်ကိုကြီးသင်ပေးထားတဲ့ ဗဟုသုတတွေနဲ့ အဇူရာတိမ်ဂိုဏ်းသမိုင်း အဇူရာတိမ်ဂိုဏ်းရှင်သန်အောင် ကြိုးစားရမယ့်အကြောင်းတွေကိုပါ သင်ကြားပေးခဲ့ပါတယ်
လမ်းမှာ မျှော်လင့်မထားတဲ့ကိစ္စတစ်ခုပဲဖြစ်ခဲ့ပါတယ် ကျွန်တော်တို့ အနောက်ပိုင်းနယ်မြေတွေထဲကို၀င်တော့ သွေးဓားစံအိမ်ဆိုတဲ့ အင်အားစုလေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် သူတို့က ကျွန်တော်တို့ အရင်းအမြစ်တွေကိုလုဖို့ကြိုးစားပြီး ကျွန်တော်တို့လူတွေကို သတ်ပစ်ခဲ့ကြပါတယ်
ကျွန်ဝောာ်တို့ပြန်တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့စံအိမ်တစ်ခုလုံးကို သုတ်သင်နိုင်ခဲ့ပြီး အရင်းအမြစ်အားလုံးကို သိမ်းယူနိုင်ခဲ့ပါတယ်
ကျွန်တော်အရင်းအမြစ်အားလုံးကို ဂိုဏ်းကိုပြန်ယူလာနိုင်ခဲ့ပါတယ်”
ကျန်းယန် စိတ်ကျေနပ်စွာပြုံးလိုက်လေသည်။ ဤအရာက သူတည်ဆောက်လိုခဲ့သော အစုအဖွဲ့သာဖြစ်၏။
နာခံတတ်ပြီး အန္တရာယ်မရှိသောကလေးများက ဘယ်နေရာတွင် အသုံး၀င်ပါမည်နည်း။
အဖွဲ့တစ်ခုတည်ဆောက်ပြီးသည်နှင့် ထိုအဖွဲ့က သူတို့အစွယ်များကိုထုတ်ပြဖို့ လိုပေသည်။ တကယ်လို့ တစ်ယောက်ယောက်က သူတို့ကိုအနိုင်ကျင့်ခဲ့လျှင် သူတို့က ထိုသူများကို ပြန်ဆုတ်ဖြဲပစ်ဖို့ လို၏။