သစ္စာဖောက်စီနီယာအစ်ကို
Vol. 11 Ch. 126
ကျန်းယန် ယွင်ထန့်ဧကရာဇ်ကို ဒီလောက်သတိပေးခဲ့တောင် ထိုလူက လန်ကျားအထွတ်အမြတ်မြေနှင့် ပူးပေါင်းသွားဦးမည်ဟု မျှော်လင့်မထားခဲ့မိပေ။
အဇူရာတိမ်ဂိုဏ်းကိစ္စတွင်၀င်ပါခြင်းကိုတောင် သူသည်းခံကောင်း သည်းခံနိုင်သေးသော်လည်းအခြားကုန်းမြေတိုက်ကြီးတစ်ခုက အင်အားစုနှင့်ပူးပေါင်းတာကိုတော့ လက်မခံနိုင်ခဲ့ပေ။ ထိုအရာက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အားနည်းသွားအောင်လုပ်နေခြင်းဟာ ဖြစ်၏။
ပိုအရေးကြီးသည်မှာ အကယ်၍ လန်ကျားအထွတ်အမြတ်မြေကသာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို တိုက်ခိုက်လာခဲ့လျှင် ယွင်ထန့်အင်ပါယာက သူတို့ဘက်မှတိုက်ခိုက်ပေးတော့မှာ သေချာနေခြင်းဖြစ်သည်။
ချက်ချင်းဆိုသလို ကျန်းယန်စိတ်ထဲသတ်ဖြတ်ခြင်းဆန္ဒများ ထိုးတက်လာခဲ့၏။
သူလုပင်းနျန်ကိုစိုက်ကြည့်လိုက်ကာ
“ခင်ဗျားကိုဒီလောက်သတ္တိရှိနေအောင် ဘယ်အရာကများသတ္တိတွေပေးနေသလဲ သိချင်မိတယ်”
“သူတုိ့ကိုရှင်းလိုက်တော့” လုပင်းနျန် အမိန့်ပေးလိုက်လေသည်။
လုချင်းနှလုံးသားကတော့ အမှောင်ထုထဲနစ်မြုပ်သွားခဲ့ရ၏။ အားလုံးပြီးဆုံးသွားပြီဆိုတာ သူသိလိုက်ချေပြီ။
ထိုစဉ် သူအမြန်အော်ပြောလိုက်သည်။
“အရှင်မင်းကြီး ဒီလိုလုပ်လို့မရဘူး!”
သို့သော် သူနောက်ကျသွားခဲ့ချေပြီ။ ဝိညာဉ်အခြေတည်အဆင့်သုံးယောက်သည် သူတို့လက်နက်များကိုထုတ်ကာ ကျန်းယန်ကို စတင်တိုက်ခိုက်လိုက်ကြ၏။
စန်းစုန့်တည်ငြိမ်နေခဲ့ပြီး တစ်ချက်မှမလှုပ်ခဲ့ပေ။ ကျန်းယန်ဘယ်လိုတုန့်ပြန်မလဲဆိုတာကိုသာ သူမြင်ချင်နေခဲ့သည်။
ဝိညာဉ်အခြေတည်အဆင့်များ၏ တိုက်ကွက်များက ကျန်းယန်ဆီပြေး၀င်သွားခဲ့ပြီး စန်းစုန့်ကိုတော့ လုံး၀လျစ်လျူရှုထားခဲ့၏။
ကျန်းယန်အေးစက်စက်ပြုံးလိုက်သည်။
ထို့နောက် အမတတုပ်နှောင်ကြိုးက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဆီပြေး၀င်သွားပြီး ကောင်းကင်ပိုက်ကွန်ကအခြားတစ်ယောက်ပေါ် အုပ်မိုးသွားခဲ့၏။
နောက်တစ်ယောက်ကိုတော့ ချပ်၀တ်ကိုအသုံးပြုကာ ကာထားလိုက်ပြီး ဝိညာဉ်အခြေတည်အဆင့်သုံးယောက်လုံးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ချပ်၀တ်က သူ့ကိုကာကွယ်ပေးထားသောကြောင့် သူခုခံရေးပိုင်းကိုလုံးဝစိတ်ပူစရာမလိုခဲ့ပေ။ တိုက်ခိုက်ရေးတွင်သာ အပြည့်အ၀အာရုံစိုက်ထားနိုင်ခဲ့၏။
“လျှက်တပြက်အလင်းနည်းစနစ်!”
မျက်လုံးကွယ်ရလောက်အောင် လင်းလွန်းသောအလင်းတစ်ချက် ခန်းမကြီးထဲတွင် လင်းထိန်သွားပြီး လူတိုင်းအကာအကွယ်မဲ့သွားကြကာ အမြင်အာရုံဆုံးရှုံးသွားကြရသည်။
သို့သော် ဝိညာဉ်အခြေတည်အဆင့်များက နတ်အာရုံသုံးနိုင်သောကြောင့် နတ်အာရုံဖြန့်ကာ ပတ်၀န်းကျင်ကို စစ်ဆေးနေခဲ့ကြ၏။
“မြေဆွဲအား နည်းစနစ်!”
လူတိုင်း သူတို့ဇက်ပေါ်လူပေါင်းများစွာတက်ထိုင်လိုက်သလို လေးလံသွားကြပြီး သာမန်လူဖြစ်သော ဧကရာဇ်ဆိုလျှင် ဒူးထောက်ပင် ကျသွားခဲ့ရသည်။
“မိုးကြိုးနည်းစနစ်!”
မိုးကြိုးလုံးကြီးတစ်လုံးက လျင်မြန်စွာပင် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဆီ ပြေး၀င်သွားခဲ့၏။
“မီးဘောလုံးကြိုး!”
ဒါဇင်နှင့်ချီသောမီးဘောလုံးအတန်းကြီးက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဆီ ပြေး၀င်သွားခဲ့ပြန်သည်။
“တောအုပ်ထဲက ကျားဟိန်းသံ!”
ကျယ်လောင်လှသော ဟိန်းသံကြီးတစ်သံထွက်ပေါ်လာခဲ့ပြီး အသံဖြတ်သန်းသွားသောနေရာတိုင်းက လူတိုင်းအပြင်းအထန်တုန်ရီသွားခဲ့ကြကာ ဧကရာဇ်ဆိုလျှင် အတွင်းဒဏ်ရာပင်ရသွားခဲ့၏။
ကျန်းယန်လက်ထဲမှ မှော်သိုင်းကွက်များတစ်ကွက်ပြီးတစ်ကွက်ထွက်ပေါ်လာခဲ့လေသည်။
ဝိညာဉ်အခြေတည်အဆင့်များ အမြင်အာရုံပြန်ရသွားသောအခါ သူဘယ်နှစ်ကွက်ထုတ်လိုက်မိသလဲဆိုတာပင် သူမသိတော့ပေ။
ဝိညာဉ်အခြေတည်အဆင့် ကျန်းယန်ကိုငေးကြောင်ကြည့်နေခဲ့ပြီး သူ့တကိုယ်လုံးရှိအပေါက်များမှ သွေးများယိုစီးကျလာကာ လဲကျသွားခဲ့ေလသည်။
အခြားဝိညာဉ်အခြေတည်အဆင့်နှစ်ယောက်ကတော့ ကျန်းယန်နှင့်တိုက်ရိုက်ရင်ဆိုင်ရခြင်းမဟုတ်ဘဲ အမတတုပ်နှောင်ကြိုးနှင့်ကောင်းကင်ပိုက်ကွန်မှတစ်ဆင့် ရင်ဆိုင်ကြရခြင်း ဖြစ်၏။
သို့သော် သူတို့ကိုလည်း လျက်တပျက်အလင်းနည်းစနစ် မြေဆွဲအားနည်းစနစ်နှင့် အသံလှိုင်းနည်းစနစ်များက ထိခိုက်သွားခဲ့သေးသည်။
ထိုကဲ့သို့သောအခြေအနေတွင် ထိုနှစ်ယောက် စိတ်ဝိညာဉ်ရတနာများ၏အလွယ်တကူဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
ဝိညာဉ်အခြေတည်အဆင့် သုံးယောက်လုံး ရှူံးနိမ့်သွားခဲ့ချေပြီ။
“ဇိမ်ကျကျဘ၀မှာနေနေရတော့ ဘယ်လိုတိုက်ခိုက်ရသလဲ မသိကြတော့ဘူးမဟုတ်လား”
“ရွှေအမြုတေအဆင့်တစ်ယောက်ကို ရတနာတွေသုံးပြီးတိုက်တဲ့ သနားစရာ တပည့်လေးသုံးယောက်!”
ကျန်းယန်ဘေးတွင်ရပ်နေသော စန်းစုန့်ကတော့ တာအိုပေါင်းစည်းခြင်းအဆင့်ဖြစ်သောကြောင့် ကျန်းယန်တိုက်ကွက်များ၏ သက်ရောက်မှုကို လုံး၀မခံခဲ့ရပေ။
“မင်းမှာအတော်လေးနက်နဲတဲ့ စိတ်ဝိညာဉ်စွမ်းအားမျိုး ရှိနေတာပဲ ဒါပေမယ့် ဒီထူးဆန်းတဲ့မှော်သိုင်းကြီးတွေက မင်းနားလည်ထားတာတွေလား” စန်းစုန့်အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။
“ဒါက ကျွန်တော့်အတွေ့အကြုံနဲ့ဖန်တီးထားတာလေးတွေပါ တိကျတဲ့ မှော်သိုင်းတစ်ခုခုရယ်လို့ မဟုတ်ဘူး”
ကျန်းယန် မြေပေါ်တွင်လဲကျကာ သွေးအန်နေသော ဧကရာဇ်ဆီလျှောက်သွားလိုက်ပြီး ဆွဲထူလိုက်ကာ အေးစက်စက်ပြောလိုက်သည်။
“ဆိုတော့ ဒါကခင်ဗျားမောက်မာနေရတဲ့ အကြောင်းပြချက်လား ဟမ့် ထင်သလောက်လည်းမဟုတ်ပါလား”
“ခင်ဗျားပြောတော့ အဇူရာတိမ်ဂိုဏ်းက ဟာသဆို ကြည့်ရတာတော့ ခင်ဗျားကမှ လူပြက်ဖြစ်နေပါလား”
ဧကရာဇ်စကားမပြောနိုင်တော့ပေ။ ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် အခုချက်ချင်းမကုသလျှင် သေခြင်းတရားကိုရှောင်လွှဲနိုင်တော့မည် မဟုတ်ပေ။
“ကျေးဇူးပြုပြီး အရှင်မင်းကြီးအသက်ကိုချ မ်းသာပေးပါ” လုချင်း ဒူးထောက်ကာတောင်းပန်လိုက်၏။
“ဧကရာဇ်မရှိရင် ယွင်ထန့်အင်ပါယာက ဖရိုဖရဲဖြစ်ပြီး ပျက်ဆီးသွားရပါလိမ့်မယ်”
“သူပြောတာမှန်တယ် ဧကရာဇ်ကိုအမြန်လွှတ်ပေးလိုက်ပါ ငါ့ဂျူနီယာညီလေး”
ခန်းမအပြင်မှ ပြင်းထန်လွန်းသောဖိအားကြီးတစ်ရပ်ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ငွေရောင်၀တ်စုံကို၀တ်ဆင်ထားသော လူငယ်တစ်ယောက် ခန်းမထဲ၀င်လာခဲ့သည်။
သူ့ခေါင်းပေါ်တွင်တော့ အလံရှည်တစ်လက်ပျံသန်းလိုက်ပါလာခဲ့၏။
ဖိအားကြီး၏အရင်းအမြစ်မှာ ထိုအလံမှထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ဝိညာဉ်ငြိမ်းအေးအလံ!”
အလံကိုမြင်သောအခါ စန်းစုန့်အလိုလိုရေရွတ်လိုက်မိ၏။
သူသက်ပြင်းတစ်ချက်ချလိုက်ကာ ကျန်းယန်ကိုအသံကူးပြောင်း၍ ပြောလိုက်သည်။
“ကောင်လေး အဲ့တာကအဇူရာတိမ်ဂိုဏ်းရဲ့ အမတရတနာနီးနီးအစွမ်းထက်တဲ့ စိတ်ဝိညာဉ်ရတနာပဲ ငါမကြောက်ပေမယ့် ငါသာ၀င်စွက်ဖက်လိုက်ရင် ငါ့သရုပ်မှန်ပေါ်သွားလိမ့်မယ် အဲ့ဒီအလံကစွမ်းအားကြီးပေမယ့် ငါကိုင်တွယ်နိုင်ပါတယ် ဒါပေမယ့်လည်း မင်းရပ်သင့်တဲ့အချိန်မှာရပ်လိုက်ဖို့ ငါအကြံပေးချင်တယ်”
ကျန်းယန်မျက်လုံးကငွေရောင်၀တ်စုံ၀တ်လူဆီတွင်သာ ရောက်ရှိနေခဲ့၏။
သူ့စကားများအရ ထိုကောင်က ဂိုဏ်းသစ္စာဖောက် နန်းကုန်းချီယီမှန်း သူသိရှိနေခဲ့ချေပြီ။
“အရှက်မဲ့ချက်!” ကျန်းယန်အေးစက်စက်အော်ပြောလိုက်လေသည်။
“စီနီယာတစ်ယောက်အနေနဲ့ မင်းကမကောင်းဆိုးဝါးတွေကို အားပေးထောက်ခံပြီး ကိုယ့်ဂျူနီယာကိုအနိုင်ကျင့်တယ် အဇူရာတိမ်ဂိုဏ်းဘိုဘေးတွေသာသိရင် မင်းအတွက် ရှက်ရွံ့နေကြလိမ့်မယ်”
နန်းကုန်းချီယီ ကျန်းယန်ကိုပြုံး၍ ကြည့်လိုက်ကာ
“ဂျူနီယာညီလေး အဇူရာတိမ်ဂိုဏ်းရဲ့လျှို့ဝှက်ချက်ကို မင်းသိလား မင်းသိရင် မင်းလည်းငါ့လိုပဲ ရွေးချယ်ခဲ့မိမှာပဲ”
ကျန်းယန် နန်းကုန်းချီယီ၏စကားကို အေးစက်စက်သာတုန့်ပြန်လိုက်သည်။
“အဲ့တာနဲ့ မင်းကရန်သူကိုအဖေခေါ်လိုက်တယ်ပေါ့ မင်းမှာအရှက်တရားရောရှ်ိလား ငါသာမင်းဆိုရင် ငါ့ကိုယ်ငါသတ်သေပစ်လိုက်တာ ကြာပြီ”
နန်းကုန်းချီယီမျက်ခုံးကို ပင့်လိုက်ကာ
“ဂျူနီယာညီလေး မင်းရဲ့စီနီယာတစ်ယောက်ကိုဒီလိုလေသံနဲ့ပြောနေတာ မသင့်တော်ဘူးမဟုတ်လား”
ကျန်းယန် ရုတ်တရက် ဂိုဏ်းချုပ်တံဆိပ်ပြားကိုထုတ်ကာ အသက်သွင်းလိုက်လသည်။
“အခုအဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါမင်းကို အဇူရာတိမ်ဂိုဏ်းဆီပြန်လာဖို့ အမိန့်ပေးမယ်”
နန်းကုန်းချီယီ ခြောက်ကပ်ကပ်ပြုံးလိုက်ကာ
“ဂျူနီယာညီလေး မင်းကတကယ်အတာပဲ ထွက်သွားဖို့ရွေးချယ်ပြီးမှတော့ ငါကပြန်လာပါဦးမလား”
ကျန်းယန် သူ့စကားကိုလျစ်လျူရှုထားပြီး အော်ပြောလိုက်၏။
“သူက ဖရိုဖရဲဝိညာဉ်ပညာရပ်ကိုကျင့်ကြံတာနဲ့ မင်းကသူ့နောက်လိုက်တယ်လား မူလဖရိုဖရဲဝိညာဉ်ပညာရပ်က အဇူရာတိမ်ဂိုဏ်းမှာပဲရှိနေသေးတယ်ဆိုတာ မင်းသိလား အဲ့ဒီပညာရပ်ကိုဖန်တီးခဲ့တဲ့ မူလပညာရှင်ကတော့ တက်လှမ်းသွားခဲ့ပြီ တကယ်လို့ မင်းကသစ္စာဖောက်တစ်ယောက်နောက်ကိုလိုက်နေမှန်းသာ သူသိသွားရင် သူဘယ်လိုတွေးလောက်မလဲ”
“မင်းတစ်ဘ၀တစ်ခုလုံးနီးနီးကို သူနဲ့အတူကုန်ဆုံးခဲ့ပြီးတော့ သူတက်လှမ်းသွားတဲ့အခါ သူကမင်းကိုဂျူနီယာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ထားခဲ့တာ ဒါကမင်းသူ့ကျေးဇူးကြွေးကိုပြန်ဆပ်တဲ့ပုံစံလား”
“မင်းကထိပ်တန်းအဆင့်စိတ်ဝိညာဉ်ရတနာတစ်ခုပါ တကယ်လို့ မင်းသာသူ့နောက်လိုက်ဖို့ မရွေးချယ်ရင် သူကမင်းကိုဘာလုပ်နိုင်မှာမလို့လဲ”
“မင်းရဲ့ အဇူရာတိမ်ဂိုဏ်းသားဆိုတဲ့ တာ၀န်ကိုမေ့သွားပြီလား မင်းကအခုသစ္စာဖောက်မှုကြီးတစ်ခုကို ကျူးလွန်နေတာပဲ
မင်းအခု အဇူရာတိမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ဆုံနေရပြီ ဒါတောင်မင်းကဆက်ပြီးသစ္စာဖောက်ဦးမလို့လား
ဖရိုဖရဲဝိညာဉ်ပညာရပ်ကိုကျင့်ကြံတဲ့ တကယ့်အဇူရာတိမ်ဂိုဏ်းသားတွေကို ငါသိပါတယ် ဒါပေမယ့်
မင်းအခုလိုက်နေတဲ့လူကေတာ့ သစ္စာဖောက်တစ်ယောက်သက်သက်ပဲ
ငါ့ဘေးကအကြီးအကဲတွေကိုကြည့်စမ်း သူတို့ကမင်းထက်အများကြီး ပိုတော်တယ် သူတို့က အဇူရာတိမ်ဂိုဏ်းအပေါ် တကယ်ချစ်ပြီး တကယ်အသိအမှတ်လည်းပြုတယ်
မင်းလမ်းမှန်ပေါ်ပြန်လျှောက်နိုင်ဖို့ ငါမျှော်လင့်ပါတယ် မဟုတ်ရင်တော့ တစ်နေ့မှာမင်းနောင်တရကို ရရလိမ့်မယ် ဒါမှမဟုတ် သေတောင်သေသွားနိုင်သေးတယ်”
ကျန်းယန် လျင်မြန်စွာ မရပ်မနားပြောလိုက်လေသည်။ သူအထက်စီးမှနေကာ အလံကို ထောင့်လေးထောင့် ဘက်လေးဘက်မှ တိုက်ခိုက်ပြောဆိုခဲ့၏။ ထိုထောင့်များမှာ ဂျူနီယာများအပေါ်ဂရုစိုက်ရမည်ဟူသော ရှုထောင့် ဂိုဏ်း၏အမွေအနှစ်ဟူသောရှုထောင့် သခင်အပေါ်သစ္စာရှိခြင်းနှင့် နန်းကုန်းချီယီ၏ သစ္စာဖောက်မှုတို့ ဖြစ်ကြသည်။
စန်းစုန့်ဘေးမှကြည့်နေရင်း ကြောင်အနေခဲ့၏။
ဒီကလေးလျှာက တကယ်ထက်တာပဲဟ!
သို့သော်လည်း စိတ်ဝိညာဉ်ရတနာတစ်ခုကို သွားဆူနေ၍ ဘာရနိုင်ပါမည်နည်း။
နောက်ဆုံးတွင် နန်းကုန်းချီယီနားလည်သွားခဲ့လေသည်။ ကျန်းယန်သည် တစ်ချိန်လုံးသူ့ကိုပြောနေခြင်းမဟုတ်ဘဲ ဝိညာဉ်ငြိမ်းအေးအလံကိုသာ ပြောနေခြင်းဖြစ်၏။
သူခြောက်ကပ်ကပ်ရယ်မောလိုက်ကာ
“ဂျူနီယာညီလေး မင်းကချစ်စရာကောင်းတဲ့ငတုံးလေးပဲ…ဒါကငါ့စိတ်ဝိညာဉ်ရတနာ ငါ့ကိုသူ့သခင်အဖြစ်ရွေးချယ်ပြီးသွားပြီ မင်းနားလည်လား”
ထို့နောက် ကျန်းယန် သူ့စိတ်ဝိညာဉ်ရတနာများကို တစ်ခုချင်းထုတ်လိုက်လေသည်။ အမတသန့်စင်အမွှေးတိုင်အိုး၊ အမတတုပ်နှောင်ကြိုး၊ ကောင်းကင်ပိုက်ကွန်၊ နဂါးဘုရင်ခြင်း၊ အလင်းချပ်၀တ်၊စည်းဖျက်အလံ အားလုံးကိုထုတ်လိုက်ပြီး တစ်ခုချင်းစီမှ သန်မာလှသောစွမ်းအားများ ထွက်ပေါ်နေခဲ့၏။
ကျန်းယန် ဝိညာဉ်ငြိမ်းအေးအလံကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်ပြန်သည်။
“စီနီယာ ပြန်လာခဲ့ပါ ဒီမှာစီနီယာ့ရဲ့အဖော်တွေ တာအိုမိတ်ဆွေတွေ ပြီးတော့ ကာကွယ်ပေးရမယ့် ဂျူနီယာတွေ နောက်ပြီး စီနီယာတကယ်လိုက်ရမယ့် လူတွေ ဒီနေရာကမှ စီနီယာ့ရဲ့အိမ်အစစ်ပါ!”
ရတနာများစွာကိုကြည့်ကာ နန်းကုန်းချီယီပျော်ရွှင်စွာ ရယ်မောလိုက်၏။
“ဂျူနီယာညီလေး မင်းကငါ့အတွက် ရတနာတွေယူလာတာလား မင်းကယူလာပြီးမှတော့ ပြန်ယူသွားမနေနဲ့တော့ ငါဆရာ့ကိုဒီလောက်ရက်ရောမယ် ထင်မထားမိဘူး သူကမင်းကိုဒါတွေအားလုံးတောင် ပေးထားတယ်…”
သူပြောနေရင်း ရုတ်ချည်းဆိုသလို သူ့ခေါင်းပေါ်မှ ဝိညာဉ်ငြိမ်းအေးအလံ၏စွမ်းအားက တဖြည်းဖြည်းအားနည်းလာခဲ့ပြီး နောက်ဆုံးတွင်တော့ သူ့စွမ်းအားများအားလုံးကို ပြန်ရုတ်သိမ်းသွားခဲ့လေသည်။
အားရပါးရရယ်မောနေသော နန်းကုန်းချီယီ ကြက်သေသေသွားခဲ့သည်။ ထို့နောက် သူမယုံကြည်နိုင်ဟန်ဖြင့် အလံကိုစိုက်ကြည့်နေခဲ့၏။
ဤအရာသည် သူ့စိတ်ဝိညာဉ်ရတနာဖြစ်ပေသည်။ သို့သော် အဘယ်ကြောင့် သူအမိန့်မပေးဘဲ စိတ်ဝိညာဉ်စွမ်းအားများကို ပြန်ရုတ်သွားရပါသနည်း။
ရုတ်တရက် ဝိညာဉ်ငြိမ်းအေးအလံပြင်းထန်စွာ တုန်ခါလာကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။
“မဟုတ်ဘူးးးး! ငါ့ဝိညာဉ်ငြိမ်းအေးအလံ!”
နန်းကုန်းချီယီ သွေးပျက်မတတ်အော်ဟစ်လိုက်ပြီး ပျောက်ကွယ်သွားသောအလံနောက် ပြေးလိုက်သွားခဲ့၏။
စာစဉ်ပြီး၏