သနားစဖွယ် အားအကောင်းဆုံး ပါရမီရှင်
Vol. 24 Ch. 358
အခန်း (၃၅၈) : သနားစဖွယ် အားအကောင်းဆုံး ပါရမီရှင်
လက်ရှိ ဝိဇ္ဇာအားလုံး၏ အာရုံက ရှန်ထျန်းပေါ်တွင် ကျရောက်နေသည်။ သူတို့က ရှန်ထျန်း၏ ကျင့်ကြံဆင့်သည် မရိုးရှင်းကြောင်း ခံစားမိပြီး သူ့ကံကြမ္မာ မည်မျှ ထူးခြားကြောင်း တွေ့မြင်လိုကြသည်။ သို့သော်လည်း အဆုံးသတ်၌မူ ရှန်ထျန်းက ကနဦးဝိညာဉ်အဆင့်ပင် မရောက်သေးသည့် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။
ရှန်ထျန်းက သူတို့နှင့်အတူတူ ဉာဏ်အလင်းပွင့် နားလည်နိုင်မည်လား။
သူ့တွင် အရည်အချင်းနှင့် အဆင့်အတန်း ရှိသည့်အကြောင်း ထည့်မတွက်ထားလျှင်ပင် ဉာဏ်အလင်းပွင့်နေစဉ်အတွင်း ဝိဇ္ဇာများ၏ ဖိအားက တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။
သူ တကယ် လုပ်ရဲပါ့မလား …
ဝိဇ္ဇာများ၏ အကြည့်အောက်တွင် ရှန်ထျန်းက အသာပြုံးလိုက်ပြီး “ ဆရာ့လို စီနီယာကြီးတွေနဲ့ အတူတူ ကျောက်ပြားကို လေ့လာလို့ ဘယ်လိုလုပ်ကောင်းပါ့မလဲ ”
ထိုသို့ပြောလိုက်ပြီးနောက် ရှန်ထျန်းက နောက်တစ်လှမ်းဆုတ်ကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘေး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် အဖန်ရည်အိုးကို ထုတ်ယူလိုက်သည်။
သူက ပြုံးကာ ပြောလိုက်သည် “ဆရာ စိတ်အေးချမ်းသွားအောင် ကျွန်တော် အဖန်ရည်ကျိုပေးမယ် ”
ထို့နောက် ရှန်ထျန်းက ရွှေကျီးနှင့်တူသည့် ဉာဏ်အလင်းပွင့် သစ်ရွက်ကို ထုတ်လာကာ အဖန်ရည်အိုးထဲ ထည့်လိုက်သည်။ ဝိညာဉ်စမ်းရေကို အဖန်ရည်အိုးထဲ ထည့်လိုက်ပြီးနောက် ရှန်ထျန်းက နန်မင်လီ မီးတောက်ဖြင့် ကျိုလိုက်သည်။ ထိုအခါ အဖန်ရည်အိုးမှ ဆန်းကြယ်သော တာအိုအသံများ ပဲ့တင်ထွက်လာလေသည်။ တစ်ချိန်တည်းဆိုသလို ဉာဏ်အလင်းပွင့် အဖန်ရည်အနံ့လေးက စတင် ပျံ့နှံ့လာသည်။
လေထဲ ရွှေကျီး ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာကာ တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှိ သင်္ကေတများလည်း ပို၍ ထင်ရှားလာသည်။
ထိုစဉ် ဝိဇ္ဇာအားလုံးက ကြောင်အမ်းနေကြလေ၏။
“ဒါ … ဒါက ဉာဏ်အလင်းပွင့် အဖန်ရည်အနံ့ပဲ ”
“ ဉာဏ်အလင်းပွင့် အဖန်ရည်တင် မကဘူး။ ဒီသစ်ရွက်ရဲ့ အရောင်က ငွေရောင် … ကြည့်ရတာ အနည်းဆုံး သက်တမ်း တစ်သန်းလောက် ရှိတဲ့ ဉာဏ်အလင်းပွင့် သစ်ပင်ကနေ ခူးလာတာပဲ ဖြစ်ရမယ် ”
“ ဒါက ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ ထူးခြားတဲ့ ရတနာမျိုး မဟုတ်ဘူးလား။ နယ်မြေငါးခုထဲ ဒီလိုဉာဏ်အလင်းပွင့် သစ်ပင် တကယ် ရှိလို့လား”
“ ငါ ကြားတာတော့ ကျိရှားကျောင်းတော်မှာ ဉာဏ်အလင်းပွင့် သစ်ပင် တစ်ပင်ရှိတယ်တဲ့။ ဟွမ်ရှီကိုယ်တိုင် စိုက်ပျိုးထားတာ … နှစ်ပေါင်းတစ်သိန်းလောက်ပဲ ရှိသေးပေမဲ့ အလယ်ပိုင်းကုန်းမြေ၏ အဖိုးတန်ဆုံး ဝိညာဉ်အပင် ဖြစ်နေပြီ ”
“ဒီဉာဏ်အလင်းပွင့် သစ်ရွက်တန်ဖိုးက အနည်းဆုံး အလယ်ပိုင်းကုန်းမြေရဲ့ အပင်က အရွက်ထက် အဆတစ်ရာလောက် ပိုအဖိုးတန်တယ် ”
“ ဒီကောင်လေးက သူ့ဆရာအတွက် ဒီလိုမျိုးရတနာကို ထုတ်ပေးလာလောက်အောင် ဘယ်လောက်များ ချမ်းသာနေတာတုန်း ”
“ ငါတော့ မနာလိုဖြစ်နေပြီ။ ငါ ပြန်ရောက်တာနဲ့ ငါ့ရဲ့ ဘာမှမသိတတ်တဲ့ တပည့်တွေကို သင်ခန်းစာတော့ ပေးရဦးမယ် ”
.............
ဝိဇ္ဇာတစ်ယောက် ခံယူဖြတ်ကျော်ထားသည့် မိုးကြိုးစမ်းသပ်ချက် အကြိမ်ရေများလေလေ သူတို့၏ တာအိုနှလုံးသားက ပိုမို ပြောင်မြောက်လာလေလေ ဖြစ်၏။
ပုံမှန်အားဖြင့် ဝိဇ္ဇာများက သူတို့ အမှန်တကယ် သည်းမခံနိုင်တာ မဟုတ်သရွေ့ မည်သို့ပင် ဖြစ်လာစေကာမူ ရုပ်တည်ကြီးကို ထိန်းထားနိုင်စွမ်း ရှိကြ၏။
သို့သော်လည်း ရှန်ထျန်းက အဖန်ရည်တစ်အိုး ကျိုလိုက်ရုံဖြင့် ထိုဝိဇ္ဇာများက အံ့ဩနေကြလေပြီ။ ထိုစဉ် အံ့ဩမှုအပြီးတွင် မနာလိုမှုနှင့် လိုချင်တပ်မက်မှုတို့ ကပ်ပါလာသည်။
တကယ်ကို ထူးခြားလွန်းလှသည်။
အကယ်၍ ဝိဇ္ဇာအဆင့်အောက်ရှိ ကျင့်ကြံသူများကို သာမန်လက်ဖက်ရွက်က အကျိုးသက်ရောက်မှုများစေသောကြောင့် အဖိုးတန်သည်ဟု ဆိုလျှင်ပင် ဝိဇ္ဇာများအတွက် အသုံးမဝင်ပေ။ သို့သော် ထိုငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက်က ဝိဇ္ဇာနှင့်အထက် ကျင့်ကြံသူများအတွက်ပင် အကျိုးသက်ရောက်မှု အားကောင်းလှသည်။
ပို၍ အဖိုးတန်သည်မှာ ရှန်ထျန်း ထုတ်ယူလိုက်သည့် ဉာဏ်အလင်းပွင့် သစ်ရွက်က ရွှေကျီးပုံရိပ် ဖြစ်နေပြီး တာအိုလက်ဆင့်ကမ်း ကျောက်ပြားပေါ်တွင် ရေးထွင်းထားသော နေမင်းတော်ဝင်ကျမ်းနှင့် ကောင်းကောင်းကြီး လိုက်ဖက်နေသည်။
အကယ်၍ တာအိုလက်ဆင့်ကမ်း ကျောက်ပြားကို နားလည်အောင် မလုပ်ခင် အဖန်ရည်တစ်ခွက်လောက်သာ သောက်လိုက်ရလျှင် အကျိုးအာနိသင်က ဆယ်ဆမက တိုးပွားသွားပေမည်။
ဘာလို့လဲ … ငါ့ဆီမှာ ဘာလို့ ဒီလိုတပည့်မျိုး မရှိရတာလဲ … ခံပြင်းဖို့ကောင်းလိုက်တာ
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က ညင်သာစွာ လှုပ်ခတ်နေသည်။
“ ထျန်းအာ ဖြစ်ကတတ်ဆန်း မလုပ်ရဘူးလေ။ ဝိဇ္ဇာအားလုံးက မင်းရဲ့ စီနီယာတွေချည်းပဲ။ သူတို့လည်း မင်းရဲ့ အဖန်ရည်အတွက် ထိုက်တန်ပါတယ်။ ဒီဉာဏ်အလင်းပွင့် အဖန်ရည်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားပေါ်က ကျင့်စဉ်နဲ့ ကိုက်ညီနေမှတော့ အားလုံးနဲ့ ကံစပ်နေတာပေါ့။ အားလုံးလည်း တစ်ခွက်စီ သောက်သင့်တယ်လေ …
သေချာလေး ကျိုပြီးတော့ စီနီယာတွေကို ဧည့်ခံလိုက်နော်။ ဒီစီနီယာတွေအားလုံးက လေးစားရတဲ့ ဝိဇ္ဇာတွေဆိုတော့ မင်းအပေါ် အခွင့်ကောင်းမယူလောက်ပါဘူး။
တကယ်လို့ သူတို့ ကျောက်ပြားဆီကနေ တစ်ခုခု သင်ယူနိုင်ခဲ့မယ်ဆိုရင် မင်းကို ကျင့်စဉ်တချို့ သင်ပေးတာမျိုး ဒါမှမဟုတ် ဝိဇ္ဇာလက်နက်တချို့ လက်ဆောင်ပေးရင် ပေးမှာပေါ့။ အဲလိုဆိုရင် မင်းအတွက်လည်း အကျိုးရှိတယ်လေ။
ဉာဏ်အလင်းပွင့် သစ်ရွက်လေးကို ကပ်စေးနည်းမနေနဲ့။ အဖန်ရည်များများ ကျိုပေးလိုက် … အကန့်အသတ်နဲ့မလို့ အားလုံး မသောက်နိုင်ဘူးဆိုရင်တောင် မင်းရဲ့ စီနီယာတွေက မင်းကို ဒေါသမထွက်လောက်ပါဘူး။ ထျန်းအာရေ အဖန်ရည် ထည့်ပေးလိုက် ”
ဂိုဏ်းချုပ်၏ အသံက အေးစက်နေသော်လည်း ဝိဇ္ဇာများ၏ မျက်ဝန်းမှ လိုချင်တပ်မက်မှု အရိပ်အယောင်ကို တိုးမြင့်ပေးနိုင်လိုက်သည်။
ခဏအကြာတွင် ဝိဇ္ဇာတစ်ပါးက နွေးနွေးထွေးထွေး ပြုံးလိုက်ပြီးနောက် မျက်ဝန်းထဲ ဝန်လေးနေသည့် အရိပ်အယောင်တချို့ဖြင့် ကြေးမုံတစ်ခု ထုတ်လိုက်သည်။ ထိုဝိဇ္ဇာက ရှန်ထျန်းဆီ ကြေးမုံကို ပေးလိုက်ပြီး
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘယ်လောက်ချောမောပြီးတော့ ပါရမီထူးတယ်ဆိုတဲ့အကြောင်း ခဏတိုင်း ကြားနေရတာ။ ပြီးတော့ ကောင်းကင်ဘုံကနေလည်း ကောင်းချီးပေးခံထားရတဲ့ ကံကြမ္မာသားတော်ဆို … တကယ်ကို အမှန်တွေ ဖြစ်နေတာပဲ။
ဒါက မဟူရာအလင်းကြေးမုံ ဝိဇ္ဇာလက်နက်လေးပါ။ ဒီအထဲမှာ မဟာကောင်းကင်ခရမ်းအလင်း ပါပြီးတော့ ကာကွယ်ရေးရော တိုက်ခိုက်ရေးရော သုံးလို့ရတယ်။ ဒါလေးကို သူတော်စင်နဲ့ ပထမဆုံး တွေ့တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးတာပါ ”
ဝိဇ္ဇာလက်နက်ကို လက်ဆောင်အနေနဲ့ ပေးတာလား …
အနီးဝန်းကျင်ရှိ တပည့်အားလုံးက ဝိဇ္ဇာစကားကို ကြားလိုက်ပြီးနောက် အသက်ပြင်းပြင်းရှုလိုက်မိကြသည်။
ဤသည်မှာ ဝိဇ္ဇာလက်နက် ဖြစ်၏။ ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတိုင်းပင် ဝိဇ္ဇာလက်နက် မပိုင်ဆိုင်ကြပေ။ တန်ဖိုးကလည်း ကောင်းကင်အသျှင်များစွာကို အားကျသွားစေလောက်သည်။
ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက်၏ ခန့်မှန်းခြေတန်ဖိုးသည် ဝိဇ္ဇာလက်နက်နှင့် နှိုင်းယှဉ်နိုင်သော်လည်း ဝိဇ္ဇာက အဖန်ရည်တစ်ခွက်အတွက် ကြေးမုံကို တုံ့ဆိုင်းခြင်းမရှိ လက်ဆောင်ပေးပစ်လေသည်။ တကယ်ကို အံ့ဩလောက်ဖွယ် ဖြစ်၏။
ရှန်ထျန်းပင် အံ့အားသင့်သွားမိသည်။
ဝိဇ္ဇာလက်နက် သစ်ရွက်တစ်ရွက်စာ တန်တာ မဟုတ်ဘူးလား … ဒီစီနီယာကြီးက အဖန်ရည်တစ်ခွက်အတွက် ဘာလို့ လက်ဆောင်လာပေးနေတာလဲ
သစ်ရွက်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားနဲ့ ကိုက်ညီနေလို့လား … နည်းနည်းတော့ ပိုသွားပြီ
“ စီနီယာက ချီးကျူးလွန်းနေပါပြီ။ ဒီဝိဇ္ဇာလက်နက်က အရမ်းအဖိုးတန်လွန်းနေတော့ ကျွန်တော် လက်မခံရဲပါဘူး ”
“ မင်းက နှိမ့်ချလွန်းနေပါပြီကွာ။ တကယ်လို့ မင်းက မဟူရာအလင်းကြေးမုံကို တိုက်ခိုက်ရေးအတွက် မသုံးချင်ရင်တောင် မင်းရဲ့ ရုပ်ရည်အတွက် သုံးလို့ရတယ်လေ ”
“ စီနီယာ တကယ်ကြီး ပေးဖို့ မလိုပါဘူးဗျာ ”
“ သူတော်စင် လက်ခံထားလိုက်ပါ ”
“ စီနီယာပဲ ပြန်သိမ်းထားလိုက်ပါဗျာ ”
“ သူတော်စင်က ကျုပ်ကြေးမုံကို အထင်သေးတာလား ကျုပ်ကို အထင်သေးတာလား ”
“ အာ .. ဟူး စီနီယာက တိုက်တွန်းနေမှတော့လည်း လက်ခံလိုက်ပါ့မယ်။ လက်ဆောင်အတွက် ကောင်းကောင်းတန်ဖိုးထားပါ့မယ်။ ဒီအဖန်ရည်လေး သောက်လိုက်ပါဦးဗျ ”
ရှန်ထျန်းက အဖန်ရည်တစ်ခွက် မြန်မြန် လောင်းထည့်ကာ သူ့ရှေ့မှ ဝိဇ္ဇာဆီ ရိုရိုသေသေ ပေးလိုက်သည်။
အခြားသော ဝိဇ္ဇာများက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းနေကြသည်။
ခွေးကောင် တကယ်ကြီးကို ဝိဇ္ဇာလက်နက် ပေးပစ်တာပဲ … သူက အဖန်ရည်တန်ဖိုးကို မြင့်ပေးလိုက်တာပဲ
သူက ဝိဇ္ဇာလက်နက် ပေးပစ်လိုက်သောကြောင့် သူတို့သာ ဝိဇ္ဇာလက်နက် ထုတ်မပေးနိုင်လျှင် မျက်နှာပျက်စရာ ဖြစ်လာပေမည်။
မျက်နှာပျက်တာက ကိစ္စအသေးလေးပါ …
ပြဿနာမှာ ဉာဏ်အလင်းပွင့် သစ်ရွက်လေးဖြင့် ထိုမျှအဖန်ရည်သာ ရရှိလေသည်။
တကယ်လို့ ငါတို့က ဝိဇ္ဇာလက်နက် မပေးလို့ အဖန်ရည်ဝေစု မရရင် ဘယ်လိုလုပ်ကြမလဲ …
ဒီခရမ်းစံအိမ် ဂိုဏ်းချုပ်အစုတ်ပလုတ် … ခရမ်းစံအိမ်နဲ့ အံ့ဖွယ်မိုးကောင်းကင်က မတည့်ကြတာ မဟုတ်ဘူးလား … ဘယ်တုန်းက ဒီလောက်အဆင်ချောသွားကြတာတုန်း
ဒါက ကြံစည်ထားတာပဲ ဖြစ်ရမယ်
................
ဝိဇ္ဇာအားလုံးက ခရမ်းစံအိမ်ကို စိတ်ထဲမှ ဆက်တိုက် ကျိန်ဆဲနေကြသည်။ ခရမ်းစံအိမ် ဂိုဏ်းချုပ်နောက်ရှိ ချီရှောက်ရွမ်ပင် ကိုယ့်ဘာသာ သံသယဝင်လာမိလေသည်။
ဆရာ ဘယ်တုန်းက ဒီလောက်ချမ်းသာသွားတာလဲ … သူ ဆင်းရဲတယ်လို့ တစ်ချိန်လုံး ပြောနေခဲ့တာ မဟုတ်ဘူးလား
သူ ပြောတော့ ငါတို့အထွတ်အမြတ်မြေမှာ ရတနာတွေ မရှိလို့ ငါ ကိုယ်တိုင်ထွက်ပြီး သွားရှာသင့်တယ်ဆို … ဆရာပြောတော့ ငါ့နောက်ခံက သူဆို … ငါ ရထားသမျှ ရတနာအားလုံးက ငါ့အင်အားနဲ့ငါ ရှာခဲ့တာချည်းပဲလေ
အစတုန်းက ဒီဟာကို ကိုယ့်ဘာသာ တိုးတက်လာအောင် ကြိုးစားဖို့ဆိုပြီး ဆောင်ပုဒ်အဖြစ်နဲ့ တစ်ရက်နှစ်ခေါက် ရွတ်ဆိုခဲ့သေးတာ … ဒီနှစ်တွေမှာ ခရမ်းစံအိမ် အထွတ်အမြတ်မြေအတွက် ရတနာတွေ ရှာပေးဖို့ ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာ သိရဲ့လား … အခုတော့ အခြေအနေက ဘာကြီးလဲ
ငါက တပည့်ဖြစ်နေရက်နဲ့ ဝိဇ္ဇာလက်နက်တောင် မရှိဘူးလေ … ဒါပေမဲ့ ညီအစ်ကိုရှန်ကို စိတ်ကျေနပ်အောင် ဝိဇ္ဇာလက်နက် ထုတ်ပေးနေတာတဲ့လား …
ဒါက ဘာအဓိပ္ပါယ်တုန်း … ငါက အားအကောင်းဆုံး ပါရမီရှင်ဆိုပေမဲ့ အရမ်းသနားဖို့ ကောင်းလွန်းတယ်