ကျမ်းတစ်ခုကို နားလည်အောင် လုပ်ရုံဆိုတော့ အဖန်ရည် သောက်စရာ မလိုဘူး
Vol. 24 Ch. 359
အခန်း (၃၅၉) : ကျမ်းတစ်ခုကို နားလည်အောင် လုပ်ရုံဆိုတော့ အဖန်ရည် သောက်စရာ မလိုဘူး
ဘေးပတ်လည် လူအုပ်ကြီး၏ မျက်နှာထားက ခါးသက်သက် ဖြစ်လာကြသည်။ သို့သော်လည်း ခရမ်းစံအိမ် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်၏ မျက်ဝန်းများက အဖန်ရည် လက်ခံရသည်နှင့် လင်းလက်လာတော့သည်။
သူက အဖန်ရည်အနံ့လေးကို ရှုရှိုက်လိုက်သည့်အခါ သူ့စိတ်ထဲ ကြည်လင်လန်းဆန်သွားသလို ခံစားလိုက်ရသည်။ သူ့ဝိညာဉ်ပင် ပြန်လည် အားပြည့်လာသလို ဖြစ်ကာ ယခင်ကြုံတွေ့နေရသည့် အရှုပ်အထွေးများ၊ ပြဿနာများအား ချက်ချင်း နားလည်သွားလေသည်။
သူက တာအိုလက်ဆင့်ကမ်း ကျောက်ပြားနှင့် မျက်နှာချင်းဆိုင် မရှိနေသော်လည်း အဖန်ရည်တစ်ခုတည်းဖြင့် ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်ကို တိုးမြင့်သွားစေခဲ့သည်။
သူ့ဝိဇ္ဇာလက်နက် ဆုံးရှုံးလိုက်ရ၍ နာကျင်မှုကား ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ဝိဇ္ဇာလက်နက်များက ဂိုဏ်းချုပ်တစ်ယောက်အတွက် အဖိုးတန်သော်လည်း တစ်ခုလောက် နည်းခြင်း၊ များခြင်းက သူတို့အင်အားအပေါ် ကွာဟချက် မဖြစ်လာစေပေ။
ဉာဏ်အလင်းပွင့် အဖန်ရည်က ကုန်သွားနိုင်သော်လည်း သူ့စွမ်းရည်ကို သိသိသာသာ တိုးမြင့်ပေးနိုင်သည်။ သူက မည်မျှ ဆုံးရှုံး၍ မည်မျှ အကျိုးထူးလိုက်သည်ကို ကောင်းကောင်းကြီး သိသည်။
သူ့ရှေ့ရှိ တာအိုလက်ဆင့်ကမ်း ကျောက်ပြားဖြင့် ရွှေကျီး ဉာဏ်အလင်းပွင့် အဖန်ရည်တန်ဖိုးက အဆများစွာ မြင့်တက်သွားလိမ့်မည်။
ဤသည်မှာ နေမင်းတော်ဝင်ကျမ်း မဟုတ်ပါလော။ အကယ်၍ သူသာ ပင်မသဘောတရားကို တကယ်နားလည်နိုင်ခဲ့လျှင် အဖန်ရည်၏ တန်ဖိုးမှာ ဝိဇ္ဇာလက်နက် တစ်ခု၊ နှစ်ခုမျှ ကတော့မည် မဟုတ်ပေ။ ဝိဇ္ဇာလက်နက်များစွာကို ကျော်လွန်သွားနိုင်၏။
“ တကယ့်ကို ဒဏ္ဍာရီလာ ဉာဏ်အလင်းပွင့် အဖန်ရည်လေးပဲ။ နတ်ဘုရားလောကက အဖန်ရည်လေး … သေမျိုးလောကမှာ ဘယ်လောက်များ သောက်သုံးနိုင်မှာလဲ။ အရသာရှိတယ် … အရသာရှိလိုက်တာ ”
ခရမ်းစံအိမ် အထွတ်အမြတ်မြေက နည်းနည်းသောက်သုံးပြီးနောက် နှုတ်ခမ်းလေး သပ်လိုက်သည်။
ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် ဖုံးအုပ်သွားသည်။ လေဟာနယ်အတွင်း အံ့ဖွယ်ရွတ်ဆိုသံများကိုပင် ခပ်ဝါးဝါး ကြားနေရလေ၏။ ဤသည်မှာ ထူးခြားလွန်းလှလေသည်။
ဤအရာက ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ ကျင့်စဉ် ကောင်းကင်နှင့် တစ်သားတည်းပေါင်းစပ်ခြင်း ဖြစ်၏။
“ မိတ်ဆွေတို့ ကျုပ်တော့ ဒီအခိုက်အတန့်လေးမှာ အများကြီးနားလည်သွားခဲ့တယ်။ ကျုပ် အခု စတင်ကျင့်ကြံတော့မလို့ ခွင့်ပြုပါဦး ”
ထိုသို့ပြောပြီးနောက် ခရမ်းစံအိမ် ဂိုဏ်းချုပ်က အဖန်ရည်အားလုံး သောက်သုံးကာ တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့ သွားလိုက်သည်။
ဝုန်း …
ခရမ်းစံအိမ် ဂိုဏ်းချုပ် ကျောက်ပြားရှေ့ရောက်သည်နှင့် သင်္ကေတများက ပိုမို တောက်ပလာသည်။
ကျောက်ပြားပေါ်မှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာပြီး ခရမ်းစံအိမ် ဂိုဏ်းချုပ်အနားတွင် သင်္ကေတပုံရိပ်များစွာ ဝန်းရံထားသည်။ ကြည့်ရသည်မှာ ဆန်းကြယ်လှ၏။
သင်္ကေတများက အတော်လေး ရှုပ်ထွေးကာ နက်နဲလှသည်။ ဝိဇ္ဇာတစ်ယောက်ချင်းစီက ထိုအရာကို နားမလည်ကြပေ။
သို့သော် ခရမ်းစံအိမ် ဂိုဏ်းချုပ်က ထိုသင်္ကေတများကြား ထိုင်ကာ မျက်လုံးက ပိုမိုတောက်ပလာနေသည် “ အရမ်းအံ့ဩဖို့ကောင်းတာပဲ ”
ခရမ်းစံအိမ် ဂိုဏ်းချုပ်နား သင်္ကေတများစွာ ပေါ်လာသောကြောင့် သူ့အရှိန်အဝါတို့က ပို၍ အားကောင်းလာသည်။
သူ့နောက်တွင် အဆုံးမဲ့ဝိဇ္ဇာတစ်ပါး ပေါ်ထွက်လာကာ ခရမ်းအငွေ့အသက်အား အရှေ့မှ မိုင်သုံးသောင်းလောက် ပျံ့နှံ့သွားစေသည်။ ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသလို ဖြစ်၏။
ခရမ်းစံအိမ် ဂိုဏ်းချုပ်နောက်တွင် အဆုံးမဲ့ ခရမ်းအငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် အားကြီးသည့် နေလုံးအသွင် ဖွဲ့တည်လာသည်။ ထိုအလင်းရောင်က မိုင်သောင်းချီကုန်းမြေအပေါ် အလင်းဖြာကျနေသည်။
ခရမ်းအလင်းရောင်အောက်တွင် ဘေးပတ်လည်ရှိ ဝိဇ္ဇာများက ဖိအားကို ခံစားလာရသည်။
တာအိုလက်ဆင့်ကမ်း ကျောက်ပြားကို ဉာဏ်အလင်းပွင့် အဖန်ရည်သောက်ပြီး လေ့လာရခြင်းက ခရမ်းစံအိမ် ဂိုဏ်းချုပ်အတွက် အတော်လေး အကျိုးထူးသွားကြောင်း သိသာလှသည်။ သူ့ကျင့်ကြံဆင့်နှင့် စွမ်းအားတို့က ပိုအားကောင်းလာသည်။
သူ့ပုံရိပ်သဏ္ဌာန်မှ ခရမ်းစံအိမ် ဂိုဏ်းချုပ်သည် နေမင်းတော်ဝင်ကျမ်း အစိတ်အပိုင်းကို နားလည်သွားပုံပေါ်ကာ သူ့ခရမ်းစံအိမ် တော်ဝင်ကျမ်းနှင့် သဟဇာတ ဖြစ်သွားလေသည်။
ထိုအရာကို နားလည်သဘောပေါက်ပြီးနောက် ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်က အမြန်အဆန် သေချာပေါက် တိုးတက်လာလိမ့်မည်။
အကျိုးဆက်အားဖြင့် အရှေ့ပိုင်းလွင်ပြင်နှင့် နယ်မြေငါးခုအတွင်း ဝိဇ္ဇာများကြား သူ့အဆင့်အတန်းသည် တိုးမြင့်လာလိမ့်မည်။
ထိုအခါ အခြားသော ဝိဇ္ဇာများကလည်း အားကျစွာ ကြည့်လိုက်ကြသည်။
အားကျမနာလိုဖြစ်သည့်အပြင် သူတို့က လိုအင်ဆန္ဒနှင့် လောဘလည်း ရှိလာကြသည်။
ဝိဇ္ဇာလက်နက်များက အဖိုးတန်သော်လည်း မည်သည့်အထွတ်အမြတ်မြေများက များများစားစား မရှိလို့လဲ …
သူတို့က အများကြီးမရှိလျှင်ပင် သူတို့တွင် ယခုရှိတာကို ပေးလိုက်ပြီး နောင်မှ အသစ်ပြုလုပ်နိုင်လေသည်။ သို့သော် ဉာဏ်အလင်းပွင့် အဖန်ရည်က တမူထူးကာ အဖိုးတန်လွန်းလှသည်။ အကယ်၍ သူတို့သာ အခွင့်အရေးနှင့် လွဲချော်သွားလျှင် နောက်ထပ် အခွင့်အရေး ဘယ်အချိန်မှ ရလာနိုင်မည်နည်း။
အကယ်၍ ပါရမီထူးနေလျှင် သုံးသမျှ ပိုက်ဆံအားလုံးက အဆထောင်ချီ တိုးပွား၍ ပြန်ရောက်လာလိမ့်မည်။
ထိုစဉ် ဝိဇ္ဇာအားလုံးက ဆုံးဖြတ်လိုက်ကြ၏။ သူတို့က တစ်ယောက်ပြီး တစ်ယောက် ရှန်ထျန်းဆီ လျှောက်လာကာ ပြုံးပြလိုက်ကြသည်။
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဒီလိုတပည့်မျိုး ရထားတာ အရမ်းကံကောင်းတာပဲ။ ကျုပ်တော့ အားကျမိပါ့ဗျာ။ ဒီလီဆေးမီးဖိုက ဆေးလုံးဖော်စပ်ဖို့အတွက် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းလေးလေ။ ဒါလေးကို သူတော်စင်ဆီ လက်ဆောင်အနေနဲ့ပေးပါတယ် ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ကျုပ်တို့ဂိုဏ်းက မိတ်ဆွေကောင်းတွေ ဖြစ်လာတာ ကြာလှပြီ။ ဂိုဏ်းချုပ်နဲ့ ကျုပ်ကလည်း ညီအစ်ကိုတွေလိုပဲ … တကယ်လို့ သူတော်စင်ရှန် စိတ်ဝင်စားရင် ကျုပ်တို့ ကောင်းကင်ဘုံအထွတ်အမြတ်မြေဆီ လာလည်လို့ရတယ်နော်။
ဒီကောင်းကင်ဘုံပိုက်ကွန်က ကောင်းကင်ကြီးလောက် ကျယ်ပြန့်ပြီးတော့ နတ်ဆိုးတွေ၊ တစ္ဆေတွေအပါအဝင် အားလုံးကို ဖမ်းလို့ရတယ်။ ဒါလေးကို မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ လက်ခံလိုက်ပါ ”
သေစမ်း … ဝိဇ္ဇာလက်နက်တွေနဲ့ အဖန်ရည်တစ်ခွက်ကို လဲလှယ်နေချင်ကြတာလား …
ဒီလိုအသုံးအဖြုန်းကြီးလိုက်ကြတာ … မင်းတို့တွေ ဘယ်လိုများ ဂိုဏ်းချုပ် ဖြစ်လာကြတာတုန်း … နည်းနည်းလောက် တွေဝေမှုလေး ပြကြပါဦးလား
“ သူတော်စင်ရှန်ကို ကျုပ် ဝိဇ္ဇာလက်နှစ် နှစ်ခုပေးမယ်။ ကျုပ်ကို အဖန်ရည်တစ်ခွက်လောက် ပေးလို့ရမလား ”
……………...
ရှန်ထျန်းရှေ့တွင် ဝိဇ္ဇာလက်နက်များ အပုံလိုက် ဖြစ်လာသည်။ တစ်ခုချင်းစီက အထွတ်အမြတ်အလင်းရောင်များ တောက်ပနေကာ တချို့မှာ ထူးခြားဆန်းကြယ်သည့် သင်္ကေတများ ထုတ်လွှင့်နေလေ၏။ လူငယ်ပါရမီရှင်များက အားကျတကြီး ကြည့်လိုက်ကြသည်။
မနာလိုစရာ ကောင်းလိုက်တာ …
လေထုထဲ၌ မနာလိုမှု ချဉ်စုတ်စုတ်အနံ့မျိုးပင် ထွက်လာလေသည်။
လူငယ်ပါရမီရှင်အများစုက ဝိညာဉ်လက်နက်မျိုး အသုံးပြုကြသည်။ အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် သုံးနိုင်သူများက သူတို့ အထွတ်အမြတ်မြေများ၏ သူတော်စင်နှင့် သူတော်စင်မသာ ဖြစ်ကြသည်။
သူတော်စင်နှင့် သူတော်စင်မကြားမှ ထူးချွန်သည်ဟု သတ်မှတ်ခံထားရသူများသာ ဝိဇ္ဇာလက်နက် ရရှိကြသည်။ ထိုအရာကလည်း သူတို့ကျင့်ကြံဆင့် ထိပ်ဆုံးရောက်သွားမှ ရရှိကြခြင်း ဖြစ်၏။
ဒါပေမဲ့ ရှန်ထျန်းကရော …
သူတို့ မှတ်မိတာသာ မှန်ကန်လျှင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ယခုမှ ရွှေရောင်ကိုယ်ထည်အဆင့်သာ ဖြစ်၏။
ယခု သူ့ခန္ဓာကိုယ်တွင် ဝိဇ္ဇာလက်နက်အပြည့် ဖြစ်နေလေပြီ။
ကိုယ့်ဘာသာ အခြားလူများနှင့် နှိုင်းယှဉ်ခြင်းက ပင်ပန်းတတ်သည်။
“ စီနီယာတို့က ရက်ရောလွန်းနေပါပြီ။ ရက်ရောလွန်းနေပါပြီဗျာ။ ဒါတွေအားလုံး ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲဗျာ။ ကျွန်တော်ကို ထပ်မပေးပါနဲ့တော့။ တကယ် ဆက်မလက်ခံနိုင်တော့လို့ပါ ”
ရှန်ထျန်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထိုဝိဇ္ဇာလက်နက်များကို ကိုယ်ပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ သူက သိုလှောင်လက်စွပ်ထဲ ထည့်မသိမ်းခင် အရင်ဦးစွာ ကနဦးအဆင့် သန့်စင်ထားလိုက်သည်။
သူတို့၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှု ရဖို့ရာ လက်နက်များအပေါ် သွေးတစ်စက်လောက် ချပေးလိုက်ရုံဖြစ်သော်လည်း ပင်ပန်းလှပေသည်။
ထားလိုက်ပါတော့လေ … တချို့ကို အကောင်းမြင်ခံရဖို့ ပေးလိုက်ကြတာပေါ့
ရှန်ထျန်းက ခဏတာတွေးတောလိုက်ပြီးနောက် သူ့နောက်မှ အံ့ဖွယ်မိုးကောင်းကင် တပည့်များကို လှည့်ကြည့်လိုက်သည်။
“ ဂိုဏ်းတူအစ်မ ဒီရွှေဇာမဏီဓားလေးက အစ်မရဲ့ ကျားဖြူဓားထက်တောင် ပိုထက်သေးတယ်။ ဒါလေးကို ယူလိုက်ပါနော် ”
ရှန်ထျန်းက ဓားရှည်တစ်ချောင်းကို ကောက်ယူကာ ကျန်းယွင်ရှီးအား ပေးလိုက်သည်။ ထိုဓားက ငွေရောင်ဖြစ်ပြီး ဘေးတွင် သတ္တုစွမ်းအားများဖြင့် လွှမ်းခြုံထားလေသည်။ ရွှေဇာမဏီသင်္ကေတများလည်း ရေးထွင်းထားလေ၏။
ကြည့်ရသည်မှာ အားကောင်းလွန်းလှသည်။
ထိုဓားရှည်ကို ကြည့်ကာ ကျန်းယွင်ရှီး၏ မျက်နှာက အနီရောင်သမ်းလာသည်။
မောင်လေးရှန်က ငါ့ကို ဂရုစိုက်သေးတာပဲ … သူက ငါ့ဆီ ဝိဇ္ဇာလက်နက်ကို ဒီလိုမျိုးတောင် ပေးပစ်လိုက်တာပါ့လား
ကျန်းယွင်ရှီးက ခေါင်းညိတ်ကာ မျက်လုံးတလက်လက်ဖြင့် “ မောင်လေးရှန်ရဲ့ သဘောထားကို အပြည့်အဝ နားလည် … ”
မျှော်လင့်မထားစွာ ရှန်ထျန်း၏ အသံက သူမစကားမဆုံးခင် ထွက်ပေါ်လာသည် “ အစ်ကိုကြီးဖန် ဒီနယ်ရှင်နဂါးလှံက အားကောင်းတယ်။ အစ်ကိုပုံစံနဲ့ ကွက်တိပဲ ”
“ အစ်ကို(၂)ရဲ့ အဓိကလက်နက်က ဗျပ်စောင်းဆိုတော့ အသံလှိုင်းနဲ့ တိုက်ခိုက်ရာမှာ ထူးချွန်တယ်။ ဒီကောင်းကင်နဂါးသံစဉ်ခုနှစ်သွယ် ဗျပ်စောင်းနဲ့ဆိုရင် အားအပြည့် ထုတ်လွှင့်နိုင်မှာ အသေအချာပဲ ”
“ ညီလေကျောက်က အဝေးတိုက်ခိုက်မှုတွေမှာ ထူးချွန်ပြီးတော့ နန်မင်လီမီးတောက်လည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ ဒီအနီရင့်ရင့်တိမ်တိုက် တုတ်ချောင်းက သင့်တော်တယ် ”
ရှန်ထျန်းက ထိုသုံးယောက် ငြင်းပယ်တော့မည်ကို မြင်ပြီး ပြုးလိုက်မိသည်
“ အားလုံး မငြင်းကြပါနဲ့။ ကျွန်တော်တို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေလေ။ ဝိဇ္ဇာလက်နက်လေးတစ်ခုက ကျွန်တော်တို့ မိတ်ဆွေဆက်ဆံရေးကို ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ တကယ်လို့ ဒါကို လက်ခံဖို့ ဝန်လေးနေတယ်ဆိုရင် နောင်ကျ ဝိဇ္ဇာလက်နက် အသစ်တွေ့မှ ပြန်ပေးပေါ့ …
ပြီးတော့ နောင်ကျရင် ကျွန်တော်လည်း ခင်ဗျားတို့ဆီက အကူအညီကို လိုလာနိုင်တယ်လေ ”
………....
ရှန်ထျန်း၏ စကားများက အထွတ်အမြတ်မြေအသီးသီးမှ ဝိဇ္ဇာများနှင့် တပည့်များကို အံ့ဩမင်သက်သွားစေသည်။
ဝိဇ္ဇာများက အဖန်ရည်တစ်ခွက်အတွက် ဝိဇ္ဇာလက်နက်များကို လဲလှယ်ခြင်းက ရက်ရောလွန်းနေပြီးပြီ ဖြစ်၏။
ရှန်ထျန်းက သူ့ဂိုဏ်းသားများအား ဝိဇ္ဇာလက်နက် လေးခုကို ပေးပစ်လိုက်သည်မှာ အံ့ဩလောက်စရာ ဖြစ်သည်။
ရှန်ထျန်းက နောင်အခါ ဝိဇ္ဇာလက်နက်အသစ်ရလာမှ ပြန်ပေးလို့ရကြောင်း ပြောခဲ့သော်လည်း ဤသည်မှာ ယဉ်ကျေးသမှုပြောခြင်းသာ ဖြစ်ကြောင်း အရူးပင် သိပေမည်။ ဖန်ချန်းတို့အနေနှင့် လက်နက်ကို လက်ခံအောင် ဖျောင်းဖျလိုက်ခြင်းသာ ဖြစ်၏။ သူတို့အား လက်ခံဖို့ရာ မရှက်ရွံ့ရအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
အပေါ်ယံ၌ အကြွေးသဘောမျိုးနှင့် တူသော်လည်း လက်တွေ့၌ လက်ဆောင်သပ်သပ် - ရင်းနှီးမြှပ်နှံမှုတစ်ခု ဖြစ်နေသည်။
အမလေး … ဒါတွေက ဝိဇ္ဇာလက်နက်တွေလေ။ ဒီအတိုင်း ပေးပစ်လိုက်တာလား
မင်းနဲ့ မင်းဂိုဏ်းသားတွေကြားက ဆက်ဆံရေးက ဒီလောက်တောင် ကောင်းကြတယ်လား … အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကြီးက တကယ်ကို မိသားစုကြီးလိုပဲပေါ့ …
သူတော်စင်က သူ့အပေါင်းအပါတွေအပေါ် ဒီလောက်တောင် ကောင်းပေးတယ်လား
ငါလည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရုတ်တရက် ဝင်ချင်မိသွားပြီ … အခုနေ ငါ့ဂိုဏ်းကို သစ္စာဖောက်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဘက်ပြောင်းလိုက်ရင် နောက်ကျသွားမလား …
ခဏအကြာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များက အခြားဂိုဏ်းများ၏ တပည့်များဆီမှ အားကျသည့် အကြည့်များကို ရင်ဘတ်ကော့ကာ ဂုဏ်ယူစွာ ခံယူလိုက်ကြသည်။
သူတို့က ပြပွဲကောင်းတစ်ခုကို ခံစားနေကြသည့် ဘေးလူများသာ ဖြစ်၏။
ထိုစဉ် ဖန်ချန်းနှင့် အခြားသုံးယောက်က ကွဲပြားသည့် ခံစားချက်မျိုး ခံစားနေကြရသည်။
ကျန်းယွင်ရှီးက အခြားသုံးယောက်၏ လက်နက်များကို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူမက ထိုလက်နက်များဆီမှ ပြင်းထန်သည့် အငွေ့အသက်မျိုးကို ခံစားမိနေ၏။
သူမအနေနှင့် ရှန်ထျန်းက သူမတစ်ယောက်တည်းကိုသာ ပေးခဲ့သည်ဟု ထင်ကာ ကျေနပ်နေမိခဲ့သည်။ သို့သော် ယခုတွင် သူမဘာသာ အတွေးလွန်နေခြင်း ဖြစ်နေသည်။
ဟူး … မောင်လေးရှန် ငါ့အစ်ကိုနဲ့ ကျောက်ဟောင်ဆီ ပေးလိုက်တဲ့ လက်နက်တွေက ငါ့ရွှေဇာမဏီဓားလောက် ကောင်းတယ် … ပြီးတော့ ဖန်ချန်းရဲ့ နယ်ရှင်နဂါးလှံက ငါ့ဓားထက်တောင် ပိုအဆင့်မြင့်နေသလိုပဲ
မောင်လေးရှန်က အစ်ကိုဖန်အပေါ် ဘာလို့ကောင်းပြနေရတာလဲ … မောင်လေးရှန်အတွက် အစ်ကိုဖန်က ငါ့ထက် ပိုအရေးကြီးနေတာလား
ဒေါသထွက်လိုက်တာ … ငါ ဒီဓားကို အများကြီး မကြိုက်တော့သလို ခံစားလာရပြီ
ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျောက်ဟောင်တို့က သူတို့လက်နက်များကို ငေးကြည့်နေဆဲ ဖြစ်သည်။ သူတို့စိတ်နှလုံးသားထဲ ရှုပ်ထွေးလွန်းလှသည့် ခံစားချက်များ ဖြစ်တည်လာရသည်။
သူတို့အနေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် မချမ်းသာကြောင်း ကောင်းကောင်း သိထားသည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တိုက်ပွဲကြောင့် သူတို့အထွတ်အမြတ်မြေက များစွာ ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် အရင်းအမြစ်များ၊ အားကောင်းသည့် ကျင့်ကြံသူများစွာ မရှိနေခဲ့ပေ။
အခြားသော အထွတ်အမြတ်မြေများက ဝိဇ္ဇာလက်နက်များစွာကို သိမ်းဆည်းထားနိုင်ကြသော်လည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက်မူ အထွတ်အမြတ်ထားရာ အရင်းအမြစ်တစ်ခု ဖြစ်သည်။
အခြားသော အထွတ်အမြတ်မြေများမှ သူတော်စင်များထက် အဆင့်အတန်းမြင့်ကြသော ဖန်ချန်းတို့ပင် ဝိဇ္ဇာလက်နက် မရှိကြပေ။ သူတို့က ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်သည့်အထိ စောင့်ဆိုင်းရုံသာ တတ်နိုင်ကြ၏။
သို့သော် ယနေ့တွင် အထွတ်အမြတ်မြေက သူတို့အား ဝိဇ္ဇာလက်နက် ပေးမလာခင် သူတော်စင်ကိုယ်တိုင်က သူတို့ကို တစ်ခုစီ ပေးလာခဲ့သည်။
ဒါက သူတော်စင်တစ်ယောက်ရဲ့ ရက်ရောမှုလား … ဒါက ကံကြမ္မာသားတော်ရဲ့ စေတနာလား …
မာနကြီးသည့် ဖန်ချန်း၊ အေးအေးဆေးဆေးနေတတ်သည့် ကျန်းယွင်ထင်နှင့် အမြဲတမ်း တည်ငြိမ်နေတတ်သည့် ကျောက်ဟောင်တို့အားလုံး စိတ်လှုပ်ရှားကာ ရင်ထဲထိသွားကြသည်။
သူတော်စင်က ငါ့အပေါ် အရမ်းကောင်းတာပဲ … အခုကစပြီး ငါ့ကိုယ်ငါ သူ့ကို ပေးအပ်လိုက်ပြီ
နောင်အနာဂတ်မှာ ဘယ်လိုရန်သူမျိုးနဲ့ တွေ့တွေ့ ငါ ဒီဝိဇ္ဇာလက်နက်ကို ကိုင်ဆွဲရင်း သူတော်စင်နဲ့အတူ ပခုံးချင်းယှဉ်ရပ်ပြီး ငါတို့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးမယ်
ထိုစဉ် ဝိဇ္ဇာလက်နက်များက ထိုက်တောင်တန်းလို လေးလံလာကြသည်။
………….
တခြားတစ်ဖက်တွင်မူ …
နောက်ဆုံး ဝိဇ္ဇာက အဖန်ရည်သောက်ပြီးတော့ ခြေချိတ်ထိုင်လိုက်သည့်အချိန် အဖန်ရည်ကား နောက်ဆုံးတစ်ခွက်သာ ကျန်ရှိတော့သည်။
ရှန်ထျန်းက ထိုခွက်လေးအား အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီ ရိုရိုကျိုးကျိုးဖြင့် ပေးလိုက်ပြီး “ဆရာ သုံးဆောင်ပါ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်သွားကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည် “ ငါက ငါ့ကျင့်ကြံရေးလမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးပြီဆိုတော့ ဒီကျောက်ပြားက ငါ့အတွက် သိပ်အသုံးမဝင်ဘူး။ ထျန်းအာ မင်းပဲ သောက်လိုက်ပါ ”
ရှန်ထျန်းက ပြန်ဖြေလိုက်သည် “ ကျွန်တော်ဆီမှာ ထပ်ရှိပါသေးတယ်။ ဆရာက ကျွန်တော်အပေါ် အရမ်းကောင်းပေးတာ ဆရာ ဒီအဖန်ရည်ခွက်ကို လက်ခံပေးဖို့ မျှော်လင့်ပါတယ် ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က သိသိသာသာ လှုပ်ခတ်လာကာ “ မင်းက ပါရမီလည်း ထူးပြီးတော့ ကံကြမ္မာကောင်းလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ မင်းက တပည်ဝတ္တရားလည်း ကျေပွန်သေးတယ်။ မင်းလိုလူမျိုးနဲ့ တွေ့ရဖို့ ရှားသွားပြီ။ ကောင်းပြီလေ … ဒီဉာဏ်အလင်းပွင့် အဖန်ရည်က မင်းအတွက် ဒီလောက်တန်ဖိုးမရှိမှတော့ ဆရာ မငြင်းတော့ပါဘူး ”
ထိုသို့ပြောပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဖန်ရည်ခွက်ကို လက်ခံကာ သောက်သုံးလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးကို အဖက်ဖက်မှ အားကျသည့် မျက်လုံးများစွာက ကြည့်ရှုနေကြသည်။
သူတို့ ဘာပြောလိုက်တာလဲ … ဉာဏ်အလင်းပွင့် အဖန်ရည်က ဒီလောက်အဖိုးမတန်ဘူးတဲ့လား … အနည်းဆုံး ငါတို့အတွက် ဟန်ဆောင်ပန်ဆောင်လေး နေပါဦးလား
မင်းတပည့်က ကံကြမ္မာသားတော် ဖြစ်နေတော့ ဘာဖြစ်တုန်း … သူက မင်းအပေါ် သိတတ်တာနဲ့ ကိုယ့်ဘာသာ အဟုတ်ကြီး ထင်နေပြီမလား
မင်းက အခြားသူတွေအတွက် ထည့်မစဉ်းစားဘဲ ပြောနေတယ် … ကောင်းပြီ ငါ့ဆီမှာမှ ဒီလိုတပည့်မျိုး မရှိတာ
ဝိဇ္ဇာအားလုံးက အားကျနေကြသည်။ သူတို့အားလုံးက ဂိုဏ်းပြန်ရောက်သည့်အခါ မသိတတ်သည့် တပည့်များကို ဆူရိုက်ဖို့ အားခဲထားကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မင်းနဲ့ယှဉ်လိုက်ရင် ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ ကြည့်စမ်းပါဦး
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဖန်ရည်ကို သောက်လိုက်ပြီးနောက် သူ့ကောင်းကင်အရှိန်အဝါတို့မှာ ချက်ချင်း မြင့်တက်လာသည်။ သူက တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့ သွားထိုင်လိုက်၏။
ထိုအခိုက်အတန့် ကျောက်ပြားတစ်ခုလုံး တုန်ခါလာသည်။
ကျောက်ပြားပေါ်ရှိ မြောက်များစွာသော အံ့ဖွယ်သင်္ကေတများက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ဝန်းရံပေးထားသည်။ သူတို့က ခရမ်းစံအိမ် ဂိုဏ်းချုပ်ထက် ပိုရှင်းလင်းကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နား ဆန်းကြယ်နက်နဲသော တာအိုအသံများပါ ပဲ့တင်ထွက်လာသည်။
………….....
အံ့ဖွယ်မိုးကောင်းကင်နောက်တွင် ဧရာမ ရွှေရောင်နေလုံးကြီး ပေါ်ထွက်လာသည်။
ခရမ်းစံအိမ် ဂိုဏ်းချုပ်၏ ခရမ်းနေလုံးက အားကြီးသည်ဟု ယူဆရလျှင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ရွှေရောင်နေလုံးက ပို၍ တောက်ပကာ ပို၍ အားကောင်းပေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပုံရိပ်သဏ္ဌာန်အတွင်း ရွှေရောင်နေလုံးကြီးက ဝန်းရံထားသော ရွှေရောင်မိုးကြိုးတိမ်တိုက်များနှင့်အတူ ကောင်းကင်အပြည့် ဖြစ်နေသည်။ ထိုတိမ်တိုက်အတွင်း နတ်သားရဲများစွာကိုလည်း မြင်တွေ့နေရသည်။
ဤသည်မှာ စကားဖြင့် ဖော်ပြလို့မရအောင်အထိ ကြီးကျယ်လွန်းလှသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိုးမြေနှင့် တစ်သားတည်းဖြစ်သွားသလို မျက်လုံးမှိတ်ထားလိုက်သည်။ သိပ်မကြာခင် သူ့နောက်တွင် ဒုတိယမြောက် ရွှေရောင်နေလုံးကြီး ထပ်မံ ထွက်ပေါ်လာပြီး ပထမနေလုံးနှင့် ဘေးချင်းကပ်လျက် ရှိနေသည်။
ထို့နောက်တွင် တတိယမြောက် နေလုံးလည်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ သူက နေသုံးစင်းအထိ ရောက်သွားပြီလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ဘေးတွင် ကြည့်နေကြသည့် ဝိဇ္ဇာများကား မဲ့ရွဲ့ပြောလိုက်ကြသည်။
ငါတို့အားလုံး ဉာဏ်အလင်းပွင့် အဖန်ရည်အတူတူ သောက်ပြီး ကျောက်ပြားရှေ့ ထိုင်ခဲ့ကြတာလေ … အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ယှဉ်လိုက်ရင် ငါက ဘာမှမသင်ယူရသေးဘူးပဲ
...............
“ ဆရာက တကယ်ကို အားကောင်းတယ်။ ဒီလောကမှာ ဘယ်သူ့ထက်မှ မနိမ့်ဘူး ”
ရှန်ထျန်းက ပြောစရာပင် ရှာမတွေ့တော့ပေ။ သူက သိုလှောင်လက်စွပ်ထဲမှ အရွယ်မရောက်သေးသည့် ခရမ်းရောင်အရွက်သုံးရွက်ကို ထုတ်ကာ အဖန်ရည်အိုးထဲ ထည့်လိုက်ပြီး ရွှေကျီး ဉာဏ်အလင်းပွင့် သစ်ရွက်နှင့် ရောပစ်လိုက်သည်။
ထို့နောက် အဖန်ရည်အိုးထဲ ဝိညာဉ်စမ်းရေ အမြောက်အများ လောင်းထည့်လိုက်ကြသည်။ သူက အံ့ဖွယ်မိုးကောင်းကင် တပည့်များအတွက် ဉာဏ်အလင်းပွင့် အဖန်ရည် ပြင်ဆင်ပေးလိုသည်။
ဤသည်မှာ တူတစ်ချောင်းကို ချိုးရသည်မှာ လွယ်ကူသော်လည်း တူအများကြီးစုစည်းထားပါက ချိုးဖို့ ခက်ခဲပေမည်။
အထွတ်အမြတ်မြေ၏ တပည့်များသာ အတူတူ အားကောင်းလာသရွေ့ သူ့အနေနှင့် ကံအပြောင်းအလဲ အခွင့်အရေး ပြတ်လပ်သွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
ဉာဏ်အလင်းပွင့် အဖန်ရည် ဒုတိယအသုတ်က ပထမတစ်ခုလောက် အကျိုးအာနိသင်မများသော်လည်း ဝိဇ္ဇာအဆင့်အောက် ကျင့်ကြံသူများအတွက် လုံလောက်ပေသည်။
ရှန်ထျန်းအတွက်ရောလား …
ဉာဏ်အလင်းပွင့် အဖန်ရည်က သူ့အတွက် ရေငတ်ပြေစေသော်လည်း သူ့အတွက် အကျိုးသက်ရောက်မှု မရှိတော့ပေ။ ထို့အပြင် ကျမ်းတစ်ကျမ်းကို နားလည်အောင် လုပ်ရုံပဲ မဟုတ်ပါလော။
ဘာကြောင့်များ အဖန်ရည် သောက်သုံးနေရဦးမည်နည်း။
ဦးနှောက်သုံးရုံပဲလေ … မဟုတ်ဘူးလား