← Chapters

စိတ်ဉာဏ်အလင်းပွင့်ခြင်း

Vol. 24 Ch. 360

စိတ်ဉာဏ်အလင်းပွင့်ခြင်း

Vol. 24 Ch. 360

အခန်း (၃၆၀)  : စိတ်ဉာဏ်အလင်းပွင့်ခြင်း

ခရမ်းရောင်  ဉာဏ်အလင်းပွင့် သစ်ရွက်ကို အဖန်ရည်အိုးထဲ ထည့်လိုက်သောကြောင့် ဉာဏ်အလင်းပွင့် သစ်ရွက်လေးရွက်က ဝိညာဉ်စမ်းရေဖြင့် ရောသွားလေသည်။ အဖန်ရည်နံ့ သင်းသင်းလေး ထွက်ပေါ်နေသလို ငွေရောင်အလင်းနှင့် ခရမ်းအလင်းတို့လည်း တောက်ပနေသောကြောင့် ကျင့်ကြံသူများစွာက သရေကျလာကြသည်။

သေစမ်း … ဒါတွေက ဂေါ်ဖီထုပ်တွေ မဟုတ်ဘဲ ဉာဏ်အလင်းပွင့် သစ်ရွက်တွေလေ

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလိုပုံမှန်ထုတ်သုံးနိုင်အောင် ဉာဏ်အလင်းပွင့် သစ်ရွက် ဘယ်လောက်တောင် ပိုင်ဆိုင်ထားတာလဲ

ခရမ်းရောင် ဉာဏ်အလင်းပွင့် သစ်ရွက်၏ တန်ဖိုးက ငွေရောင်အရွက်နှင့် မယှဉ်နိုင်လျှင်ပင် သူတို့က အထွတ်အထိပ် ရတနာ ဖြစ်နေဆဲ ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဖြုန်းတီးပစ်လို့ နောင်တမရဘူးလား … ဒါမှမဟုတ် သူက ဉာဏ်အလင်းပွင့် အဖန်ရည် ဆက်ရောင်းဖို့ ပြင်နေတာလား

ကောင်းကင်အသျှင်များနှင့် အထွတ်အထိပ်ရှင်များ၏ မျက်ဝန်းများကလည်း မျှော်လင့်ချက်ဖြင့် တောက်ပလာကြသည်။

အရှင်းဆုံးပြောရလျှင် သူတို့က ဉာဏ်အလင်းပွင့် အဖန်ရည်အတွက် ဝိဇ္ဇာလက်နက်ဖြင့် လဲလှယ်နိုင်မည့် တန်ဖိုးကို မပေးနိုင်ကြပေ။ သို့သော်လည်း သူတို့ရှေ့ရှိ တာအိုလက်ဆင့်ကမ်း ကျောက်ပြားတွင် တော်ဝင်ကျမ်း ပါဝင်နေသောကြောင့် အဖန်ရည်၏ ဉာဏ်အလင်းပွင့် စွမ်းရည်အတွက် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကိုတော့ လဲလှယ်နိုင်ကြသည်။

အလွန်ဆုံး ခရမ်းရောင် ဉာဏ်အလင်းပွင့် အဖန်ရည်၏ အာနိသင်က လုံလောက်လေပြီ။ ထို့ကြောင့် အကယ်၍ သူတို့ ငွေရောင် ဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်လိုက်လျှင်ပင် အလကား ဖြစ်ပေမည်။

ပင်ကိုယ်ပါရမီ လုံလောက်မှုမရှိလျှင် ဉာဏ်အလင်းပွင့် အဖန်ရည်၏ အာနိသင်က မည်မျှအားကောင်းစေကာမူ အသုံးဝင်မည် မဟုတ်ပေ။ ထို့ကြောင့် ခရမ်းရောင် ဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်သုံးသည်က အကောင်းဆုံး ဖြစ်ပေသည်။

“ အရှင့်သား ဒီဉာဏ်အလင်းပွင့် အဖန်ရည်ကိုရော ရောင်းမှာလား ”

“ ကျုပ်က သိုင်းပညာအထွတ်အမြတ်မြေက အကြီးအကဲပါ။ ကျုပ်တို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ဆက်ဆံရေးကောင်းကြပါါတယ်။ ဒီအထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်လေးနဲ့ အဖန်ရည်တစ်ခွက် လဲလှယ်လို့ ရမလား ”

“ အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် တစ်ခုတည်းနဲ့ ဘာကောင်းမှာလဲ။ ကျုပ်က အနီရင့်ကောင်းကင်အသျှင်ပါ … ကျုပ်က ဉာဏ်အလင်းပွင့် အဖန်ရည်တစ်ခွက်အတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် နှစ်ခုပေးမယ်။ မင်း သဘောတူမယ်လို့ မျှော်လင့်ပါတယ် ”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီမှာ စီးတော်သားရဲများ လိုနေလား။ တကယ်လို့ တို့ကိုသာ ဉာဏ်အလင်းပွင့် အဖန်ရည်တစ်ခွက် ပေးမယ်ဆိုရင် နောင်တမရှိဘဲ လိုလိုလားလားနဲ့ နှစ်တစ်ရာ စာချုပ်ချုပ်ပါ့မယ် ”

“ နင့်လို ဆူးချွန်တွေနဲ့  ရုပ်ဆိုးဆိုး သံပခြုပ်နတ်ဆိုးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ စီးတော်သားရဲ ဖြစ်ချင်နေသေးတယ်ပေါ့။ သူတော်စင် တို့ကို ရွေးပါ။ ကျွန်မတို့ ဂုံးမျိုးနွယ်က အိစက်ပြီးတော့ ချောမွေ့နေတာဆိုတော့ သံပခြုပ်ကို စီးရတာထက် ပိုသက်တောင့်သက်သာရှိတယ် ”

…………....

ရှန်ထျန်းအပေါ် အကြည့်များစွာ ကျရောက်လာကြသည်။ အထူးသဖြင့် အမျိုးသမီးနတ်ဆိုးများ ဖြစ်ကြသည်။ သူတို့အကြည့်များက သူတို့ရည်ရွယ်ချက်သည် ဉာဏ်အလင်းပွင့် အဖန်ရည်တစ်ခွက်လောက် မရိုးရှင်းကြောင်း သိသာနေလေ၏။

ရှန်ထျန်းက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။

သူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်  “ ကိစ္စတွေကို ခက်ခဲအောင် မလုပ်ကြပါနဲ့ဗျာ။ ကျွန်တော်ဆီမှာ ရှိတဲ့ ဉာဏ်အလင်းပွင့် အဖန်ရည်က အကန့်အသတ်နဲ့လေ။ ကျွန်တော်တို့ဂိုဏ်းက တပည့်တွေကိုတောင် ဝေမပေးရသေးဘူး။ အဲကြောင့် ခင်ဗျားတို့ကို အဖန်ရည်တော့ မရောင်းနိုင်လောက်ဘူး။ စီနီယာတွေကို သဘောထားကြီးကြီးနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ် ”

ထို့နောက် ရှန်ထျန်းက ကွေ့ကုန်းကုန်းအား ကြည့်လိုက်သည်။

“ ဦးလေးကွေ့ ဒီထာဝရဘုံဗိမာန်ကျွန်းပေါ်က ကျွန်တော်တို့ တပည့်တွေကို စာရင်းလေးတစ်ချက် လုပ်ပေးပါဦး။ မီးဓာတ်နဲ့ မိုးကြိုး ပညာရပ် ကျင့်ကြံတဲ့ လူတွေကို ဦးစားပေးပြီးတော့ ကျန်လူတွေက နောက်တစ်လှည့်ပေါ့ ”

ရှန်ထျန်း စကားအဆုံးတွင် အားလုံးက အံ့ဩကုန်ကြသည်။

ဘာ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့ဂိုဏ်းသားတွေကို ဉာဏ်အလင်းပွင့် အဖန်ရည်ကို အလကားဝေပေးချင်တာလား

သိထားရသည်မှာ ဉာဏ်အလင်းပွင့် အဖန်ရည်က ကောင်းကင်အသျှင်များကိုပင် ဆွဲဆောင်နိုင်သည့်အရာမျိုး ဖြစ်သည်။ လက်ရှိသီးသန့် အခြေအနေအောက်တွင် တစ်ခွက်စာက ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ခု ထိုက်တန်သည်။

အကယ်၍ ရှန်ထျန်းသာ ခွက်များများ ကျိုလိုက်ပါက ထိုဉာဏ်အလင်းပွင့် အဖန်ရည် လေးရွက်က ဝိညာဉ်အသုံးအဆောင်ပစ္စည်း ရာနှင့်ချီကာ လဲလှယ်နိုင်လေသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပစ္စည်းမမက်ဘူးလား … သူတော်စင်က သူ့ဂိုဏ်းကို အတော်လေး သဘောကျတာ ဖြစ်ရမယ်

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့ ထိုင်နေလျက်ရှိပြီး သူ့နောက်တွင် စတုတ္ထမြောက် နေလုံး ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။

ထိုစဉ် ထိုကောင်းကင်အသျှင်များနှင့် အထွတ်အထိပ်ရှင်များက ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။

“ သူတော်စင် ထပ်စဉ်းစားပေးပါဦး ”

“နေမင်းတော်ဝင်ကျမ်းက ထူးခြားနက်နဲတော့ ကျင့်ကြံဖို့ဆိုတော့ လူအားလုံးနဲ့ မသင့်တော်ဘူး ”

“ ကျုပ် ဉာဏ်အလင်းပွင့် အဖန်ရည်အတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းနဲ့ လဲလှယ်ချင်ပါတယ်။ သူတော်စင် ကျုပ်တို့အထွတ်အမြတ်မြေကြားက ဆက်ဆံရေးကို ထောက်ထားပြီးတော့ တစ်ခွက်လောက် လဲလှယ်ခွင့်ပြုပါ ”

“ သူတော်စင် … ဉာဏ်အလင်းပွင့် အဖန်ရည်ထက် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းကို လိုချင်တဲ့ ဂိုဏ်းသားတချို့လည်း ရှိလောက်မှာပဲလေ ”

ဝိဇ္ဇာများက တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့တွင် တိတ်တဆိတ် ထိုင်နေကြဆဲ ဖြစ်သည်။

အတိဒုက္ခလွန် ဖြတ်ကျော်ထားသော ကျင့်ကြံသူအများစုအတွက်မူ သူတို့တာအိုတိုးတက်မှုက သူတို့ဂျူနီယာများ အကျိုးအမြတ်နှင့်ယှဉ်လျှင် ပို၍ အရေးကြီးပေသည်။ သူတို့က ဉာဏ်အလင်းပွင့် အခြေအနေအတွင်း ရောက်နေစဉ် ပြင်ပလောကမှ အဖြစ်အပျက်များက သူတို့အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့သာ အသာလှုပ်ခတ်နေလေ၏။

တခြားကျင့်ကြံသူများ၏ စိတ်ပူပင်မှုကို အာရုံခံမိကာ ရှန်ထျန်းက ပြုံးလိုက်ပြီး  “စီနီယာတို့ စိတ်မပူပါနဲ့။ ကျွန်တော်က အကျိုးအကြောင်း မသင့်တဲ့လူ မဟုတ်ပါဘူး။ ကျွန်တော်အတွက် ကိုယ့်ဂိုဏ်းသားတွေဆီ ပေးမဲ့အစား  ဉာဏ်အလင်းပွင့် အဖန်ရည်ကို အားလုံးဆီ ရောင်းဖို့ မဖြစ်နိုင်ဘူး။ခံယူချက်အရရော အကျိုးအကြောင်းအရပါ မသင့်တော်ဘူးလေ …

ဒါပေမဲ့ ကျွန်တော့်ဂိုဏ်းသားတွေဆီ ဉာဏ်အလင်းပွင့် အဖန်ရည်ပေးပြီးသွားရင်တော့ သူတို့ဘာလုပ်ချင်လဲဆိုတဲ့အပေါ် မူတည်တယ်။ အဲဒါကြောင့် ကျွန်တော်ကို ဖျောင်းဖျနေမဲ့အစား ကျွန်တော်တို့ဂိုဏ်းသားတွေနဲ့ ညှိကြည့်ပါ့လား  ”

ရှန်ထျန်းက ကွေ့ကုန်းကုန်းဆီမှ ဉာဏ်အလင်းပွင့် အဖန်ရည် လက်ခံထားကြသည့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားများကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ သူတို့၏ ရောင်ဝါများက ပိုမိုတောက်ပလာကာ ကံကြမ္မာတိုးတက်လာသည်ကို မြင်လိုက်ရသည်။

ဉာဏ်အလင်းပွင့် အဖန်ရည်က ရှန်ထျန်းအနေနှင့် ချီရှောက်ရွမ်၏ ရောင်ဝါထဲတွင် တွေ့လိုက်ရသော ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်၏။ ထို့ကြောင့် ရှန်ထျန်း၏ အဖန်ရည်ကို လက်ခံရရှိသူများ၏ ကံကြမ္မာသည်လည်း တိုးတက်လာကြသည်။

ရှန်ထျန်းက အဖန်ရည် ခွဲဝေပေးလိုက်ပြီးနောက် ကိုယ်တိုင်သောက်သောက် ဒါမှမဟုတ် တခြားသူကို သောက်ခိုင်းတာဖြစ်ဖြစ် မကန့်သတ်ထားပေ။ ရှန်ထျန်း ပေးထားသော အဖန်ရည်ကို တခြားတစ်ယောက်ဆီ ပေးပစ်လိုက်သော တပည့်များက ကံကြမ္မာ ပြောင်းလဲမလာပေ။

ရှန်ထျန်းအနေနှင့် နောင်အခါ ဘယ်အချိန် ပြန်တွေ့ရမှန်း မသိသည့် အထွတ်အထိပ်ရှင်များ၊ ကောင်းကင်အသျှင်တို့နှင့်ယှဉ်လိုက်လျှင် သူ့ဂိုဏ်းသားများ၏ ကံကြမ္မာကို တိုးတက်စေခြင်းက ပိုတန်သည်ဟု ခံစားရသည်။ သူ့ဂိုဏ်းသားများဆီမှ သိုးမွေးရိတ်ဖို့ ပိုလွယ်ကူမည် မဟုတ်ပါလော။

လူများက အခြေအနေမတူလျှင် အမြင်ချင်း မတူနိုင်ပေ။ တခြားကျင့်ကြံသူများက ရှန်ထျန်း၏ စဉ်းစားတွေးခေါ်မှုကို မခန့်မှန်းနိုင်သောကြောင့် ရှန်ထျန်းသည် မတွေးတတ်လောက်အောင် နက်နဲသည်ဟုသာ ခံစားမိကြသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆိုတဲ့အတိုင်းပဲ … အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်ဆိုတာတောင် သူ့အတွက် ဘာမှမဟုတ်ဘူး။ သူက ဝိညာဉ်လက်နက်တွေအစား သူ့အပေါင်းအပါတွေကို ဉာဏ်အလင်းပွင့် အဖန်ရည် ပေးချင်နေတာ

ရက်ရောလိုက်တာ … သူ့ဂိုဏ်းအတွက် သိတတ်လိုက်တာ

ထိုအံ့ဖွယ်မိုးကောင်းကင် တပည့်များက တကယ်ကို ကံကောင်းလွန်းကြသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ထောက်ခံပေးရုံဖြင့် အကြောင်းအရင်းမရှိဘဲ အကျိုးမြတ် ခံစားကြရသည်။ ဤသည်မှာ ကျင့်ကြံသူများစွာက တစ်ဘဝလုံး ကြိုးစားလျှင်ပင် မရရှိနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးမျိုး ဖြစ်ကြသည်။

ငါ မနာလိုဖြစ်လိုက်တာ …

သူတို့ဂိုဏ်းနှင့်အတူ ထာဝရဘုံဗိမာန်ကျွန်း ဝင်နိုင်သူများက လက်ရွေးစင် တပည့်များ ဖြစ်ကြလေသည်။ သို့သော်လည်း ထိုလက်ရွေးစင် တပည့်များက အံ့ဖွယ်မိုးကောင်းကင် တပည့်များကို ကြည့်ရင်း အားကျမနာလိုဖြစ်မိနေကြသည်။

ငါ အထွတ်အမြတ်မြေဝင်ဖို့ ရွေးတုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်မှာ အဆင့်အောက်ဆုံးနားကပ်နေတာလို့ ဘယ်အရူး ဂျင်းထည့်သွားတာလဲ … ဒီအထွတ်အမြတ်မြေက အားအနည်းဆုံးထဲက တစ်ခုတဲ့လား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ သူတော်စင်ကိုယ်တိုင်က အားကြီးတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်နေပြီလေ

သူတို့က ဉာဏ်အလင်းပွင့် အဖန်ရည်ကိုတောင် နေ့လယ်အဆာပြေ အဖန်ရည်တိုက်သလိုမျိုး ဝေပေးနေကြတာလေ

အခြားသော အထွတ်အမြတ်မြေများ၏ တပည့်များက နောင်တရနေကြသည်။

ငါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားပဲ ဖြစ်လိုက်ချင်တယ် … မနက်ဖြန်ကျရင် ဂိုဏ်းကနေ နှုတ်ထွက်ပစ်မယ် .. အဆိုးဆုံး ကျင့်ကြံဆင့် ဆုံးရှုံးပြီးတော့ အစကနေ ပြန်လေ့ကျင့်ရုံပေါ့

ငါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ သေချာပေါက် သွားမယ်

ရှန်ထျန်းက သူ့အပြုအမူများသည် တခြားသူများကို ကိုယ့်ဘာသာ သံသယဝင်လာစေပြီး သူတို့ဂိုဏ်းများကို သစ္စာဖောက်ဖို့ အတွေးများ တွေးမိသွားစေသည်ကို မသိခဲ့ရှာပေ။

ဂိုဏ်းသစ္စာဖောက်ခြင်းအတွက် ပြစ်ဒဏ်သည် သေဒဏ်နီးပါး ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်ချင်သည့်လူများက နှုတ်ဖြင့် ညီးတွားနေရုံသာ တတ်နိုင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူတို့၏ အစ်ကိုအစ်မများ၊ တူ၊ တူမများအား အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပို့နိင်သေးသည် မဟုတ်ပါလော။

ငါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သေချာပေါက် ကပ်ပေါင်းရမယ်

ထိုစဉ် ထာဝရဘုံဗိမာန်ကျွန်းပေါ်ရှိ ကျင့်ကြံသူများက နေမထိထိုင်မသာ ဖြစ်လာကြသည်။

အဆင့်မြင့် တပည့်များက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်ချင်လုနီးပါး ဖြစ်နေကြသည်။ သူတို့က အနာဂတ်မျှော်လင့်ချက် ဖြစ်၏။

ကောင်းကင်အသျှင်များစွာက အံ့ဖွယ်မိုးကောင်းကင် တပည့်များသည် သူတို့အဖန်ရည်များဖြင့် ဝိညာဉ်လက်နက်များကို လဲလှယ်မလားဟု စတင်ရှာဖွေလိုက်ကြသည်။ မူလက ထိုလူများ၏ စိတ်ထဲတွင် ထိုအံ့ဖွယ်မိုးကောင်းကင် တပည့်အများစုသည် ရွှေအမြုတေအဆင့် ရောက်ခါစမျှသာ ဖြစ်သောကြောင့် သူတို့၏ အခြေခံအုတ်မြစ်က မတည်မငြိမ်ဖြစ်ကာ သူတို့တိုက်ပွဲစွမ်းရည်လည်း လိုအပ်နေပေဦးမည်။

ထို့ကြောင့် ထိုတပည့်များအတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်က ဉာဏ်အလင်းပွင့် အဖန်ရည်ထက် ပိုဆွဲဆောင်နိုင်လိမ့်မည်။ ထိုအခါ သူတို့က လဲလှယ်ဖို့သာ ရွေးချယ်ကြလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ထိုတပည့်များကို ရှာတွေ့ပြီးနောက် သူတို့က ကြောင်အမ်းကုန်ကြသည်။

“ ခင်ဗျားက ကျုပ်တို့သူတော်စင်ရဲ့ ဉာဏ်အလင်းပွင့် အဖန်ရည်ကို အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်လေးနဲ့ လာလဲလှယ်ချင်တာလား။ အားနာပါရဲ့ … ဉာဏ်အလင်းပွင့် အဖန်ရည်က တန်ဖိုးရှိပေမဲ့ သူတော်စင်အစ်ကိုရဲ့ ကြင်နာမှုက အဖိုးဖြတ်မရဘူး ”

“ ရွယ်အာ … ငါတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး နင့်ကို ငယ်ငယ်လေးကတည်းက ပိုးပန်းလာတာ နင့်အတွက် ငါ့အသက်ကို ပေးနိုင်ပေမဲ့လည်း ဒီအဖန်ရည်ကိုတော့ မပေးနိုင်ဘူး။ ဒီတစ်ခါတော့ နင့်ကို အလိုမလိုက်နိုင်တော့ဘူး ”

“ စီနီယာ ကျွန်တော် စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ။ ကျေးဇူးပြုပြီး တခြားတပည့်ကိုသာ သွားရှာလိုက်ပါ။ ကျွန်တော်က တစ်ဝက်မပြောနဲ့ .. တစ်စက်လေး ခွဲပေးဖို့တောင် နှမြောမိတယ် ”

“ ကျုပ်တို့ သူတော်စင်က နယ်မြေငါးခုမှာ အားအကောင်းဆုံး ကံကြမ္မာသားတော်ဆိုတော့ ကျုပ်တို့အပေါ် ပေးအပ်လာတဲ့ ဒီကံအပြောင်းအလဲ အခွင့်အရေးက ကံကြမ္မာကောင်းတွေ သယ်ဆောင်လာမှာ အသေအချာပဲ။ အခြားသူတွေကို အရူးပဲ ရောင်းလိမ့်မယ် ”

“ အစ်ကိုလျိုထိုက်ယီနဲ့ အစ်ကိုစုန့်ဖူကွေ့ဆီက ကြားထားတာတော့ သူတို့ သူတော်စင်နောက်စလိုက်ကတည်းက အမြဲချောမွေ့နေခဲ့တာတဲ့။ အဲဒါကြောင့် ဒီအဖန်ရည်ကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဒီကံအပြောင်းအလဲ အခွင့်အရေးက သူတော်စင်ကိုယ်တိုင် ကျုပ်တို့အပေါ် ပေးအပ်ထားတာပဲ”

“ ဒီအဖန်ရည် လိုချင်တာလား။ ဈေးနှုန်းတိုးပေးဖို့တော့ လိုတယ်။ အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်တောင် မလောက်သေးဘူး။ အနည်းဆုံးတော့ … ဝိဇ္ဇာလက်နက်လောက်ပေါ့ ”

ကောင်းကင်အသျှင်၊ အထွတ်အထိပ်ရှင်နှင့် ရွှေအမြုတေ ကျင့်ကြံသူများစွာက အံ့ဖွယ်မိုးကောင်းကင် တပည့်များကြောင့် ဒေါသထွက်ကာ ပေါက်ကွဲလုမတတ် ဖြစ်နေကြသည်။

သောက်ခွေးနဲ့မှ … သူတော်စင် ပေးတဲ့ အဖန်ရည်က ကံကောင်းမှုတွေ ပြည့်နှက်နေပြီးတော့ ကံကြမ္မာတိုးတက်လာစေနိုင်တယ်ဆိုတာ ဘာကြီးလဲ … လာနောက်နေတာလား

မင်းက ဝိဇ္ဇာလက်နက်တောင် လိုချင်လိုက်သေးတာလား … ထာဝရအဆင့် လက်နက်သာ တန်းတောင်းလိုက်ပါတော့လား

အကယ်၍ တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့တွင် ထိုင်နေပြီး အင်မတန် အားကြီးဟန်ဖြင့် ပဉ္စမမြောက် နေလုံးကို ဖွဲ့စည်းနေသည့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်လျှင် ထိုကောင်းကင်အသျှင်များက ထိုလူများကို ရိုက်နှက်ပြီးလောက်လေပြီ။

အံ့ဖွယ်မိုးကောင်းကင် တပည့်အစုတ်ပလုတ်တွေ ဈေးတွေ မတန်မရာတောင်းနေတာ … ဒီအဖန်ရည်တစ်ခွက်လောက်နဲ့ ဒီလောက်ကြီးလုပ်ဖို့ လိုလို့လား

အဆုံးသတ်၌ ကွေ့ကုန်းကုန်း ပေးထားသည့် အခွက်ပေါင်း တစ်ရာထဲ ငါးခွက်သာ သူများနှင့် လဲလှယ်လိုက်ကြသည်။ ထိုငါးခွက်မှာလည်း အံ့ဖွယ်မိုးကောင်းကင် တပည့်များက အကျိုးမြတ်အတွက် လဲလှယ်လိုက်ခြင်းထက် သူတို့၏ ဆွေမျိုးများနှင့် တာအိုလက်တွဲဖော်များကို ပေးလိုက်ကြခြင်း ဖြစ်သည်။

အခြားသော အံ့ဖွယ်မိုးကောင်းကင် တပည့် ၉၅ ယောက်က အဖန်ရည်ကို သောက်ကာ ကျောက်ပြားရှေ့တွင် ထိုင်ကာ လေ့လာလိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ အငွေ့အသက်က တိုးတက်လာလေသည်။

ရှန်ထျန်းက အားရမိသော်လည်း တစ်ချိန်တည်းတွင် သက်ပြင်းချမိသွားသည်။

ငါက မင်းတို့အားလုံး ကံကြမ္မာတိုးတက်လာပြီးတော့ အပြင်လူတွေ အလကား အကျိုးရှိသွားတာမျိုး မဖြစ်အောင် လုပ်လိုက်တာလေ

အရူးတွေ … မင်းတို့ကံကြမ္မာတိုးတက်နေပြီးသားကို ဘာလို့ အဖန်ရည်ကို အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်နဲ့ မရောင်းလိုက်ကြတာလဲ …

အလွန်ဆုံး မင်းတို့ လဲလှယ်ပြီးသွားရင် မင်းတို့အတွက် ငါ အဖန်ရည် ထပ်ကျိုပေးမှာပေါ့

ရတနာက သူတို့ရှေ့ရှိသော်လည်း သူတို့က စီးပွားရေးသမား မဟုတ်ကြပေ။

စိတ်တိုစရာကောင်းလိုက်တာ …

ရှန်ထျန်းက ပြောစရာရှာမတွေ့သော်လည်း သူ့ဂိုဏ်းသားများ သူ့ကို မည်မျှထောက်ပံ့ပေးကြောင်း မြင်တွေ့ပြီး ရင်ထဲထိသွားမိသည်။

ဒါက ဆရာပြောတဲ့ ပတ်သတ်ဆက်နွယ်မှုဆိုတာ ဖြစ်ရမယ် …

သူတို့က ငါ့ကို ယုံကြည်ပြီး ထောက်ခံပေးနေမှတော့ ငါ့ဘက်ကလည်း သူတို့ ကောင်းကောင်းမွန်မွန် ကြီးထွားပြီး သန်မာလာဖို့ ကာကွယ်ပေးရမဲ့ တာဝန်ရှိတယ်

ထိုစဉ် ရှန်ထျန်းက စိတ်ဉာဏ်အလင်းပွင့်မှုတချို့ လက်ခံရရှိလိုက်ရသလိုမျိုး ဖြစ်သွားသည်။

…………...

ရှန်ထျန်းက လူများစွာ ပတ်လည်ဝိုင်းထိုင်နေသည့် တာအိုလက်ဆင့်ကမ်း ကျောက်ပြားကို ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

သူက အကျိုးမြတ်ကို တတ်နိုင်သမျှများများရအောင် လုပ်ပြီးလေပြီ။ ထို့ကြောင့် တာအိုလက်ဆင့်ကမ်း ကျောက်ပြားကို နားလည်သဘောပေါက်အောင် လုပ်ဖို့ အချိန်ကျရောက်လာပြီ ဖြစ်၏။

နောက်ထပ် တော်ဝင်ကျမ်းတစ်ခုလောက် ထပ်စုဆောင်းထားလျှင်လည်း မဆိုးလှပေ။ အရှုံးလည်း မရှိချေ။ အနည်းဆုံးတော့ သူက သင်ယူကာ နောက်ထပ် ပုံရိပ်သဏ္ဌာန်တစ်ခု ထပ်ရလာနိုင်သေး၏။

ရှန်ထျန်းက တာအိုလက်ဆင့်ကမ်း ကျောက်ပြားရှေ့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူက ဝိဇ္ဇာများ နေရာယူထားသည့် အတွင်းပိုင်းဘက် ဦးတည်လိုက်သည်။

ဝိဇ္ဇာနယ်ပယ်၏ အားပြင်းပြင်း ဖိအား ချက်ချင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ဝိဇ္ဇာများ ဉာဏ်အလင်းပွင့် အခြေအနေတွင် ရှိနေစဉ် မတော်တဆ ထုတ်လွှင့်မိသွားသည့် အငွေ့အသက်မျိုး ဖြစ်ကာ ဝိဇ္ဇာစွမ်းအား တစွန်းတစ ပါဝင်နေသည်။ ကောင်းကင်အသျှင်ပင် ခုခံဖို့ ခက်ခဲလှပြီး နောက်ဆုတ်လျှင် ဆုတ် ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန် ရသွားတတ်သည်။

ရှန်ထျန်းက ဝိဇ္ဇာများ၏ နေရာဆီ လျှောက်လှမ်းသွားသည်ကို မြင်လိုက်ကြသည့်အခါ အားလုံးက ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။

ခဏနေပါဦး … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အဖန်ရည် သောက်မထားဘူးလေ

သူက တော်ဝင်ကျမ်းကို ဝိဇ္ဇာတွေနားနေပြီး လေ့လာဖို့ လုပ်နေတာလား … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မောက်မာလိုက်တာ

All Chapters