အားလုံးပဲ ဂူဗိမာန်ကို လေ့လာဖို့အတွက် စိတ်ဝင်စားကြလား
Vol. 25 Ch. 362
အခန်း (၃၆၂) : အားလုံးပဲ ဂူဗိမာန်ကို လေ့လာဖို့အတွက် စိတ်ဝင်စားကြလား
တာအို လက်ဆင့်ကမ်းကျောက်ပြားက ထာဝရဘုံဗိမာန်ကျွန်း၏ ဂူသင်္ချိုင်းကို ဖွင့်ဖို့အတွက် စစ်မှန်သော သော့ချက်တစ်ခု ဖြစ်နေသည်။
ဝိဇ္ဇာများက တော်ဝင်ကျောက်ပြားကို ရှုပ်ထွေးသော ခံစားချက်များဖြင့် စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူတို့က ထိုကျောက်ပြားရှေ့တွင် ထိုင်နေသော ရှန်ထျန်းကိုလည်း စိုက်ကြည့်လိုက်ကြသည်။
ရွှေကျီး နတ်ဧကရာဇ်တွင် ကလေးကိုးယောက်ရှိပြီး တစ်ယောက်ချင်းစီကလည်း နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုကို ခြိမ်းခြောက်နိုင်သည့် ပြိုင်ဘက်ကင်း အရည်အချင်းနှင့် ထူးခြားသည့် ခွန်အားများကို ပိုင်ဆိုင်ထားသည်ဟု သူတို့ကြားဖူးသည်။
သို့သော် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကပ်ဘေးကြောင့် ရွှေကျီးနတ်ဧကရာဇ်၏ ကလေးကိုးယောက်သည်လည်း ခြွင်းချက်မရှိ သေဆုံးသွားခဲ့သည်။ ထို့နောက် ရွှေကျီး နတ်ဧကရာဇ်တစ်ပါးတည်းသာ ကျန်နေခဲ့သည်။
သူ့တွင် အမွေဆက်ခံသူမှ မရှိတော့ပေ။ သူ့ဆီမှာ မရေတွက်နိုင်သော အစေခံများနှင့် အမှုထမ်းများစွာ ရှိသော်လည်း တပည့်တော့ မရှိခဲ့ပေ။
ရွှေကျီး နတ်ဧကရာဇ် သေဆုံးသွားသည့်အချိန်တွင်ပင် အမွေဆက်ခံသူ ချန်မထားခဲ့ဘဲ ဤဂူဗိမာန်ကိုသာ ချန်ထားခဲ့သည်။
ယခု မြင်နေရသည့်ပုံအရ ရွှေကျီး နတ်ဧကရာဇ်က ဂူဗိမာန်ကိုသုံးပြီး ဆက်ခံသူကို ရှာနေပုံပေါ်သည်။
တစ်စုံတစ်ယောက်သာ တာအိုလက်ဆင့်ကမ်း ကျောက်ပြားပေါ်ရှိ နေမင်းတော်ဝင်ကျမ်းကို သတ်မှတ်ထားသော အဆင့်ထိ နားလည်နိုင်ပါက ရွှေကျီးနတ်ဧကရာဇ် ချန်ထားခဲ့သော တားမြစ်အစီအရင်က အသက်ဝင်လာလိမ့်မည်။
ထို့နောက် တာအိုလက်ဆင့်ကမ်း ကျောက်ပြားကိုလည်း အသက်သွင်းကာ အထဲတွင် ဖုံးကွယ်ထားသော နေမီးလျှံအစစ် အဆီအနှစ်လုံးကိုလည်း ထုတ်လွှတ်နိုင်မည်။ တစ်ချိန်တည်းမှာပဲ ထာဝရဘုံဗိမာန်ကျွန်းရှိ အစီအရင်များ ပျောက်ကွယ်သွားကာ ဂူဗိမာန်လည်း ပွင့်သွားမည် ဖြစ်၏။
ဟုတ်တယ် အဲဒီရွှေနီရောင်မီးလုံးက နေမီးလျှံအစစ်ရဲ့ အဆီအနှစ်ပဲ
ထိုမီးလုံးက အရမ်းသေးငယ်သည့်အတွက် ရွှေကျီးနတ်ဧကရာဇ်၏ နေမီးလျှံအစစ် အဆီအနှစ်မှ ခွဲထွက်လာသော သေးငယ်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်။
သို့သော် ဘယ်လောက်ပဲ သေးငယ်နေပါစေ ထူးခြားမီးတောက်စာရင်းတွင် အဆင့်၂ ချိတ်သော နေမီးလျှံအစစ်၏ အဆီအနှစ် ဖြစ်သည်။ စွမ်းအားအကုန်သာ လွှတ်ထုတ်လို့ရပါက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း ပါရမီရှင်များကိုပင် ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်သည်။
ဝိဇ္ဇာတစ်ယောက်သာ နေမီးလျှံအစစ် အဆီအနှစ်လုံးကို ရရှိပြီး အောင်မြင်စွာ စုပ်ယူနိုင်ပါက ဝိဇ္ဇာ၏ ခွန်အားက အဆမတန် မြင့်တက်သွားခြင်း သို့မဟုတ် အဆင့်တစ်ခုလုံး မြင့်နေသော စွမ်းအားကြီးရန်သူကိုပင် လွှမ်းမိုးနိုင်မည်။
စမ်းသပ်ချက် သုံးကြိမ် ဖြတ်ကျော်ထားသူက လေးကြိမ်ဖြတ်ကျော်ထားသူကို အနိုင်ယူဖို့ ဖြစ်နိုင်သလို ငါးကြိမ်ဖြတ်ကျော်ထားသူကလည်း ခြောက်ကြိမ်ဖြတ်ကျော်ထားသည့် ဝိဇ္ဇာကို သေချာပေါက် အနိုင်ရသည်။
ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော အားကျသည့် အကြည့်များက ရှန်ထျန်းအပေါ်သို့ ကျရောက်လာသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ ထာဝရဘုံဗိမာန်ကျွန်းမှာသာ မရှိပါက တချို့ဝိဇ္ဇာများက နေမီးလျှံအစစ်ကြောင့် လှုပ်ရှားပြီး ရှန်ထျန်းကို သတ်ပစ်လောက်သည်။
ထိုအချိန်တွင် လူအုပ်ထဲမှ တီးတိုးပြောသံများ ထွက်ပေါ်လာသည်။
“ အစတုန်းက ရွှေကျီး နတ်ဧကရာဇ်က နေမီးလျှံအစစ်နဲ့ နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းကို နတ်ဘုရားလောကဆီ ယူဆောင်လာခဲ့ပြီးတော့ ဂူဗိမာန်ရဲ့ ပင်မနေရာမှာ ထားသွားမယ်လို့ ထင်ထားခဲ့တာ။ အဲဒီကျောက်ပြားထဲမှာ နေမီးလျှံမီးတောက်က ပုန်းကွယ်နေမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းကို ထူးခြားတယ်။ သူက တစ်နာရီလောက်ထဲနဲ့တင် နေမင်းတော်ဝင်ကျမ်းကို နေမင်းဆယ်ခုရှိတဲ့ ထိပ်သီးအဆင့်ထိ ရောက်အောင် နားလည်နိုင်တယ်။ သူ့ရဲ့ နားလည်နိုင်စွမ်းက တကယ်ကို ထူးခြားတာပဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဆီမှာ တစ်ခုထက်ပိုတဲ့ ထူးခြားအံ့ဖွယ်ပစ္စည်းတွေ ရှိတယ်လို့ ကြားထားတယ်။ အခုတော့ နေမီးလျှံအစစ်ကိုလည်း ရသွားပြန်ပြီ။ သူက တကယ်ကို မယုံနိုင်စရာပဲ”
“ ထူးခြားအံ့ဖွယ် ပစ္စည်းတွေရဲ့ စွမ်းအင်က အရမ်းကို ပြင်းထန်လို့ သာမန်လူတစ်ယောက်ဆိုရင် ထူးခြားအံ့ဖွယ်ပစ္စည်းနှစ်ခုကို ပေါင်းစပ်လိုက်တာကို မခံနိုင်ပဲ အလွယ်တကူ ပေါက်ကွဲသွားနိုင်တယ်။ အံ့ဖွယ်မိုးကောင်းကင်သူတော်စင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ထူးခြားအံ့ဖွယ်ပစ္စည်းတွေက ဘာလို့ ဒီလောက်ထိ ယဉ်ပါးနေရတာလဲ”
“ နှိုင်းယှဉ်မှုတွေက မကျေနပ်စရာပဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရွှေအမြုတေအဆင့် တစ်ယောက်ဖြစ်နေတုန်းမှာပဲ ဝိဇ္ဇာအရှိန်အဝါကို တောင့်ခံနိုင်ပြီးတော့ ကျောက်ပြားကို နားလည်သွားတယ်တဲ့။ သူသာ ကောင်းကင်အသျှင်အဆင့်ကို ရောက်သွားမယ်ဆိုရင် ဝိဇ္ဇာတွေကိုတောင် အလွယ်သတ်နိုင်လောက်တယ်”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ နောက်ထပ် စွမ်းအားကြီးတဲ့သူ တစ်ယောက်ပေါ်လာပြန်ပြီ။ အဲဒါကလည်း ပြိုင်ဘက်ကင်း သာလွန်တာအိုစံပြ တစ်ယောက်တဲ့။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကလည်း ဉာဏ်အလင်းပွင့်အခြေအနေမှ အသိစိတ် ပြန်ဝင်လာသည့်အတွက် ပတ်ဝန်းကျင်ရှိ ဝိဇ္ဇာများ၏ တီးတိုးပြောနေသည်ကို အာရုံခံမိသည်။ သူ့ဘေးရှိ မိုးကြိုးအရှိန်အဝါက ပိုမိုပြင်းထန်စွာ လှုပ်ခတ်လာသည်။
ဝိဇ္ဇာစက်ဝိုင်း၏ အပြင်ဘက်ရှိ လူငယ်ပါရမီရှင်များကတော့ မေးရိုးပြုတ်ကျမတတ် အံ့ဩထိတ်လန့်နေကြသည်။
အထူးသဖြင့် အလယ်ပိုင်းကုန်းမြေ၏ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ မင်းသမီးလေး လင်းလုံ၏ အကြည့်ထဲတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။ မူလတွင် သူမ၏ ထင်မြင်ချက်အရ နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုတွင် ပါရမီရှင်မျိုးဆက်၌ အသန်မာဆုံး ပါရမီရှင်ဖြစ်သည့် နတ်ဘုရားတိုင်းပြည်၏ ရှီထျန်းကျိကသာ ရှန်ထျန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
အလယ်ပိုင်းကုန်းမြေတွင် ပါရမီရှင်များက ကောင်းကင်ရှိ ကြယ်တာရာများကဲ့သို့ များပြားပြီး သူတို့၏ စွမ်းအားက လွန်ခဲ့သော နှစ်တစ်ရာကထက်ပိုပြီး ပိုမို ထိတ်လန့်စရာကောင်းလာသည့်အတွက် ထိုအရာက ရှန်ထျန်း၏ မြင့်မားသော တန်ဖိုးကို ပြသလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အလယ်ပိုင်းကုန်းမြေရှိ လူငယ်မျိုးဆက်၏ ထိပ်ဆုံး ပါရမီရှင် ၁၀ ယောက်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြိး ကောင်းကင်အသျှင်များကို လွှမ်းမိုးနိုင်သည်။ သူတို့ကို ရွှေမျိုးဆက်ဟုပင် ခေါ်ဆိုနိုင်သည်။
ထို ထိပ်သီးပါရမီရှင် ၁၀ ယောက်တွင် တစ်ယောက်ချင်းစီက တခြားနယ်မြေလေးခုကို သွားကာ သူတို့၏ မလွှမ်းမိုးနိုင်သော ခွန်အားဖြင့် အင်အားစုများကို အနိုင်ယူခဲ့သည့်အတွက် သူတို့ကို ပြိုင်ဘက်ကင်းဟု ခေါ်ဆိုနိုင်သည်။
ထို့ကြောင့် မင်းသမီးလင်းလုံက ရှန်ထျန်းသည် ထိုပါရမီရှင် ဆယ်ယောက်ကို အနိုင်ယူနိုင်လောက်သည်ဟု စဉ်းစားခြင်းက ရှန်ထျန်း၏ တန်ဖိုးကို မြင့်တက်သွားစေသည်။
သို့သော် ထိုကဲ့သို့ အရည်အချင်းရှိသော ရှန်ထျန်းကိုပင် သူမက အတော်လေး လျှော့တွက်ခဲ့မိသည်ဟု မင်းသမီးလင်းလုံ ခံစားနေရသည်။
ရှန်ထျန်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပါရမီရှင် ရှီထျန်းကျိနှင့် တန်းတူပင် ရှိနေနိုင်သည်။
အလယ်ပိုင်းကုန်းမြေရှိ ပါရမီရှင် ဆယ်ယောက်က ကောင်းကင်ရှိ အတောက်ပဆုံး ကြယ်များဟု ဆိုပါက ရှီထျန်းကျိက လူငယ်မျိုးဆက်ပါရမီရှင်များ၏ နေမင်းဟု ဆိုနိုင်သည်။
ကောင်းကင်တွင် နေမင်း ထွက်ပေါ်လာသည့်အခါ ကြယ်တာရာအားလုံး ချက်ချင်း မှေးမှိန်သွားရသည်။
ထို့ကြောင့် မင်းသမီးလင်းလုံ၏ အမြင်အရ ရှန်ထျန်းက ရှီထျန်းကျိနှင့် ပြိုင်ဆိုင်နိုင်သည့် အလားအလာရှိသော ဒုတိယမြောက် နေမင်း ဖြစ်လာနိုင်သည်ဟု ထင်မိသည်။
အရှေ့ပိုင်းလွင်ပြင်မှာ အဲလိုမျိုး ပါရမီရှင်တစ်ယောက် တကယ်ရှိတာပဲ။ တကယ်ကို မယုံနိုင်စရာပဲ
မယုံနိုင်စရာပဲ … ဝမ်းကွဲအစ်ကိုထျန်းကျိသာ ဒီလိုမျိုး ထူးခြားတဲ့ အရည်အချင်းရှိသူ တစ်ယောက်ရှိတာကို သိသွားရင် ဘယ်လိုအကြောင်းပဲရှိရှိ ထာဝရဘုံဗိမာန်ကျွန်းကို ရောက်လာမှာပဲ
ဟင်း… သူတို့နှစ်ယောက်သာ တကယ်တွေ့ရင် တိုက်ပွဲက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်မလဲ
မောင်လေးရှန်က တကယ်ပဲ ဝမ်းကွဲထျန်းကျိကို အနိုင်ယူနိုင်ပါ့မလား
ငါက ဘာလို့ အဲတာကို မျှော်လင့်နေရတာလဲ
အားလုံး အတွေးထဲနစ်မြောနေချိန် ကျောက်ပြားပေါ်တွင် နောက်ထပ် သိသာထင်ရှားသော ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။
ရုတ်တရက် ကျောက်ပြားက ကောင်းကင်သို့ ပျံတက်သွားကာ ပေပေါင်းထောင်ချီသော ရွှေကျီးအဖြစ်သို့ ပြောင်းလဲသွားကာ မီးတောက်များဖြင့် တောက်လောင်နေသည်။
အားလုံး စောင့်ကြည့်နေသော အကြည့်အောက်တွင် ထိုရွှေကျီးက ရုတ်တရက် တောင်ပံကို ဖြန့်ထုတ်ကာ ထာဝရဘုံဗိမာန်ကျွန်း၏ အတွင်းပိုင်းဆီသို့ ပျံသန်းသွားသည်။ မီးတောက်များကလည်း ထာဝရဘုံဗိမာန်ကျွန်း၏ အတွင်းပိုင်းမှ ရုတ်တရက် ပြင်းထန်စွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုအဆုံးမဲ့ မီးတောက်ထဲတွင် ကြီးမားသော ရွှေနီရောင် ဒယ်စောက်ပုံစံ တစ်ခုပေါ်လာကာ ဘေးပတ်လည်တွင်လည်း မရေတွက်နိုင်သော ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။
ကြီးမားသော ရွှေနီရောင် ဒယ်စောက်က စက်ဝန်းက မိုင်ပေါင်းထောင်ချီရှိသော နေမီးလျှံအစစ်၏ ဝန်းရံခြင်းကို ခံထားရသည့်အတွက် ကောင်းကင်တစ်ခုလုံးကို ရွှေနီရောင် ခြယ်သထားကာ နေကိုးစင်း ပုံရိပ်သဏ္ဌာန်ကလည်း ပတ်လည်ဝန်းရံနေသည်။
အားလုံးက ထို အံ့ဖွယ် ဒယ်စောက်ကို ကြည့်ပြီး နေမင်းအစစ်ကို ကြည့်နေရသလိုမျိုး မျက်လုံးကို အလင်းစူးသွားကြသည်။
သူတို့ဆီမှာ ဒူးထောက်ပြီး ဂါရဝပြုချင်သည့် စိတ်အားထက်သန်မှုပင် ရှိသွားသည်။
“ နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်း… အဲဒါက ရွှေကျီးနတ်ဧကရာဇ် သွန်းလုပ်ခဲ့တဲ့ အထွတ်အထိပ်အဆင့် နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းပဲ”
“ အဲဒါက အံ့ဖွယ်နေမင်း ဒယ်စောက်ပဲ။ ရွှေကျီးနတ်ဧကရာဇ်က အံ့ဖွယ်နေမင်း ဒယ်စောက်ကို သူနဲ့အတူတူ ယူဆောင်မသွားပဲနဲ့ ဂူဗိမာန်ထဲမှာ ချန်ထားခဲ့တာပဲ”
“ ကြည့်လိုက်။ တာအိုလက်ဆင့်ကမ်း ကျောက်ပြားက နေမီးလျှံအစစ် အဆီအနှစ်လုံးအဖြစ် ပြောင်းလဲသွားပြီးတော့ အံ့ဖွယ်နေမင်း ဒယ်စောက်နဲ့ ပေါင်းစပ်သွားတယ်။ နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းက ပြန်လည်နိုးထလာပြီ။ ကြည့်လိုက်ဦး သူ့ဘေးမှာရှိတဲ့ အာကာပြင်က ဗလာနတ္ထိ ဖြစ်သွားပြီ။
“ ငါတို့သာ ဒီအံ့ဖွယ်နေမင်း ဒယ်စောက်ကို ရနိုင်မယ်ဆိုရင် အဲဒါက ထိပ်သီးနတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်း ဖြစ်တဲ့အတွက် နေကိုးစင်း အထွတ်အမြတ်မြေကို အဆပေါင်းများစွာ တိုးချဲ့လိုက်နိုင်မှာပဲ။”
“ ဟား…ဟား…ဟား… အိပ်မက် ဆက်မက်နေလိုက်။ ဒီအံ့ဖွယ်နေမင်း ဒယ်စောက်က ရွှေကျီးနတ်ဧကရာဇ်က သူ့ရဲ့ ဆက်ခံသူအတွက် ထားပေးခဲ့တာ သေချာတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဆန်းကြယ်တဲ့ နေမင်းတော်ဝင်ကျမ်းကို နားလည်ပြီးတော့ ဂူဗိမာန်ကိုလည်း ဖွင့်နိုင်သွားပြီလေ။ မင်းက အံ့ဖွယ်နေမင်း ဒယ်စောက်ကို ရနိုင်သေးတယ်လို့များ ထင်နေတာလား”
“ ဟုတ်တယ်… မင်းတို့ရဲ့ နေကိုးစင်း အထွတ်အမြတ်မြေက ဝိဇ္ဇာတောင် ကျောက်ပြားကို လုယူဖို့ ကြိုးစားခဲ့သေးတယ်လေ။ အနာဂတ်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပိုပြီး အားသန်လာရင် သူ လက်စားမချေဘဲ ပြဿနာမရှာမှ မင်း ကံကောင်းလိမ့်မယ်”
“ ကြည့်ရတာ ငါတို့ဆီမှာ နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းနဲ့ အထွတ်အထိပ်အဆင့် အမွေအနှစ်ကို ရဖို့ မျှော်လင့်ချက် လုံးဝ မရှိတော့တဲ့ပုံပဲ။ ဂူဗိမာန် ပွင့်တဲ့အခါ ရတနာအနည်းငယ်ရယူတာက ပိုပြီးတော့ လက်တွေ့ဆန်ပါတယ်”
ဆွေးနွေးပြောဆိုသည့် အသံများကြားထဲတွင် ဂိုဏ်းအသီးသီးက ထပ်ပြီး အချိန်မဆွဲဖို့အတွက် ဆုံးဖြတ်လိုက်သည်။
ဂူဗိမာန်က ထိုနေရာလေးတွင်ရှိပြီး အထဲရှိ ရတနာများက အလွန်များပြားလှသည်။ ရရှိဖို့အတွက် ဘယ်သူက မြန်ဆန်လဲဆိုတာအပေါ် မူတည်ပြီး ရရှိသမျှအားလုံးက အကျိုးမြတ်သာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သောလူများက ဂူဗိမာန်ထဲသို့ ဝင်ဖို့အတွက် တိုက်ခိုက်နေကြသည်။
သို့သော် ရှန်ထျန်းက အလျင်မလိုပေ။ သူက တစ်ခုခုကို လေ့လာနေသလိုမျိုး ပါရမီရှင် အသီးသီးကို စိုက်ကြည့်လိုက်သည်။
ရှန်ထျန်း၏ အကြည့်တို့ ဖြည်းဖြည်းချင်း တောက်ပသွားကာ ပြောလိုက်သည်
“ ညီအစ်ကိုချီ၊ ညီအစ်ကိုဝမ်၊ ညီအစ်ကို ချန်၊ ညီအစ်ကို ခွန်မင်၊ မင်းသမီးလေး လင်းလုံ၊ မင်းသမီးလေး ခွန်ယု၊ မင်းသမီးလေး ခုံမုန့်… အားလုံးပဲ ကျွန်တော်နဲ့အတူ ရွှေကျီးရဲ့ ဂူဗိမာန်ဆီ သွားကြမလားဟင်”