အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ထူးခြားတာပဲ
Vol. 25 Ch. 364
အခန်း (၃၆၄) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ထူးခြားတာပဲ
ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်က ဖြည်းဖြည်းချင်း ပွင့်လာပြီး အားလုံး ရှေ့တွင် အာကာပြင်မုခ်ဝတစ်ခု ပေါ်ထွက်လာသည်။
သေချာတာတစ်ခုက ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန်က သီးခြားကမ္ဘာငယ်ထဲသို့ ရောက်ရှိသွားသည့်အတွက် သာမန်ဂူဗိမာန်တစ်ခု မဟုတ်ပေ။
ထိုကဲ့သို့သော သီးခြားကမ္ဘာငယ်တွင် ဘယ်လိုမျိုး အန္တရာယ်နှင့် ကြုံတွေ့ရမည်ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ အမှုမဲ့အမှတ်မဲ့နေပါက ဝိဇ္ဇာများပင် အသက်ဆုံးရှုံးနိုင်သည်။
သို့သော် နတ်ဧကရာဇ်၏ တည်ဆောက်ပုံနှင့် သဘောထားအရ ကျင့်ကြံသူက ဂူဗိမာန်ထဲမှာရှိနေသော နတ်ဧကရာဇ်ကို လေးလေးစားစား ဆက်ဆံပြီးတော့ အဓမ္မလုယူတာမျိုး မလုပ်ဖူးဆိုလျှင် များသောအားဖြင့် မျှော်လင့်ချက်မဲ့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလေ့ မရှိပေ။
နေကိုးစင်း အထွတ်အမြတ်မြေက ငတုံးမီးဝိဇ္ဇာကိုပဲ ဥပမာအဖြစ် ကြည့်လိုက်လေ။ သူက ကျောက်ပြားကို တိုက်ခိုက်တော့ ကျောက်ပြားထဲမှာ နတ်ဧကရာဇ် သိုလှောင်ထားခဲ့တဲ့ စွမ်းအားက သူ့ကို တိုက်ခိုက်တာ အဆန်းတော့မဟုတ်ဘူး
နတ်ဧကရာဇ်တစ်ပါးကို မလေးမစားမလုပ်ရဘူးဆိုတာက ဒီအတိုင်းလျှောက်ပြောတဲ့စကား မဟုတ်ဘူးနော်
“ ထျန်းအာ … ဒီစစ်ဆေးမှုမှာ မင်းရဲ့ လုံခြုံရေးကို ရှေ့တန်းတင်ဖို့ မမေ့နဲ့နော်”
ကြာဖြူ ကောင်းကင်အသျှင်က ရှန်ထျန်းကို ကြည့်ကာ ပြန်လည်ကောင်းမွန် ဆေးလုံးပုလင်းများကို ပေးပြီး ပြောလိုက်သည်
“ ငါ ဒီပြန်လည်ကောင်းမွန် ဆေးလုံးတွေကို သန့်စင်ထားခဲ့တာ။ ဒါကြောင့် မင်းအနေနဲ့ ဒါတွေကို ငြင်းလို့မရဘူးနော်”
ကြာဖြူ ကောင်းကင်အသျှင်၏ ကြင်နာမြတ်နိုးသော အကြည့်ကြောင့် ရှန်ထျန်း ရယ်ရမလိုလို ငိုရမလိုလိုဖြစ်သွားသည်။
သုံးရောင်ခြယ် ရေစင်ရှိတဲ့သူကို ဘယ်လိုလုပ်ပြီးတော့များ အဲလို ပြောနိုင်ရတာလဲ။ အဲဒီ ပြန်လည်ကောင်းမွန် ဆေးလုံးတွေက သူ့အတွက် အသုံးမဝင်ဘူးမလား
ထားလိုက်ပါတော့…
ဒါက ဆရာဒေါ်လေးရဲ့ ဖန်တီးမှုအသစ်ဆိုတော့ ငါ မသုံးရင်တောင် တခြားတပည့်တွေ ဒဏ်ရာရတဲ့အခါ ပေးလိုက်လို့ရတယ်
ထိုဝိဇ္ဇာများက အားကောင်းသော ဝိဇ္ဇာစိတ်စွမ်းအင်များကို စုစည်းကာ သူတို့၏ ဘေးပတ်လည်တွင် ကာကွယ်ရေးအလွှာတစ်ခု ဖန်တီးပြီး ဂူဗိမာန်ထဲသို့ ဝင်သွားသည်။
ဝိဇ္ဇာများအတွက် လွတ်မြောက်ရန် ပိုမိုလွယ်ကူသည့်အတွက် ဂူဗိမာန်ထဲတွင် စွန့်စားစရာ ရှိ၊ မရှိကို ရှာဖွေကြည့်ဖို့အတွက် စဉ်းစားနေကြသည်။
ဝိဇ္ဇာများ တစ်ယောက်ပြီးတစ်ယောက် အထဲဝင်သွားပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ဖြေဆိုမှုများ ထွက်ပေါ်လာသည်။
ဂူဗိမာန်ထဲတွင် ယန္တရားတချို့နှင့် စမ်းသပ်မှုတချို့ရှိသော်လည်း လုံးဝ အန္တရာယ်မရှိပေ။
ဂူဗိမာန်ထဲသို့ ရောက်ရှိသွားသော သူများ၏ ကျင့်ကြံဆင့်အားလုံးကို ဝိဇ္ဇာအဆင့်အောက်သို့ ဖိနှိပ်ခံရမည် ဖြစ်သည်။
ဤဂူဗိမာန်ထဲတွင် ဝိဇ္ဇာများ၏ စွမ်းအားက လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။
ဂိုဏ်းအသီးသီးရှိ ဝိဇ္ဇာများ၏ ဟန့်တားမှုက သိသိသာသာ လျော့နည်းသွားသည့်အတွက် များပြားသော ကောင်းကင်အသျှင်များက ချက်ချင်း သူတို့၏ အစီအစဉ်များကို ဖန်တီးတော့သည်။
“ ထျန်းအာ… တချို့သူတွေက မင်းကို ပစ်မှတ်ထားနိုင်တာမလို့ အထဲဝင်သွားတဲ့အခါ ဝိဇ္ဇာတွေနဲ့ ဝေးဝေးနေ”
ရှန်ထျန်းက များပြားသော ပါရမီရှင်များကို အာကာပြင်မုခ်ဝဆီ ဦးဆောင်သွားနေစဉ် ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအရာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီမှ အကြံဉာဏ်ဖြစ်သည်။
ဂိုဏ်းချုပ်က နောက်လှည့်ကာ မိုးကြိုးအရှိန်အဝါများ နူးညံ့စွာ လှုပ်ခတ်သွားရင်း အာကာပြင်မုခ်ဝထဲသို့ တွေဝေခြင်းမရှိ ဝင်သွားသည်။
ဂိုဏ်းချုပ်က ရှန်ထျန်းကို သတိပေးလိုက်သော်လည်း အလွန်အမင်း မစိုးရိမ်သလို ကာကွယ်ပေးခြင်းလည်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်၏ အမြင်အရ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသော ကံကြမ္မာသားတော် အစစ်အနေဖြင့် သူက ရှန်ထျန်းကို လိုက်ပြီး ကာကွယ်ပေးစရာမလိုဘူးဟု ယူဆသည်။
စစ်ဆေးမှုနှင့် အခက်ခဲများကို တွေ့ကြုံခံစားဖူးသူများသာ ဘဝမှာ အောင်မြင်နိုင်ပေမည်။
အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားတဲ့သူတွေကရော ထျန်းအာကို ခြိမ်းခြောက်နိုင်လား
“ ကျွန်တော်တို့ လူစုမကွဲအောင်လို့ လက်တွေ ကိုင်ထားရအောင်”
ရှန်ထျန်းတို့ ရေချိုး အဝတ်အစားလဲကာ ဂူဗိမာန်ထဲသို့ ဝင်ဖို့အတွက် လိုအပ်သော ပစ္စည်းများကို ယူပြီး အာကာပြင်မုခ်ဝဆီသို့ လမ်းလျှောက်သွားကြသည်။
ထိုအာကာပြင်မုခ်ဝက အနီရောင်ဖြစ်ပြီး မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေသည်ကို မြင်နေရသည်။
မီးတောက်၏ အလယ်တည့်တည့်တွင် ခမ်းနားကြီးကျယ်ပုံပေါ်သည့် နန်းဆောင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
ထိုနန်းဆောင်က ကမ္ဘာငယ်တစ်ခုလုံးအပြည့် နေရာယူထားပြီး အကြည့်တစ်ချက်ဖြင့်တင် အရှေ့နှင့်အနောက်ဖက်ကြားတွင် အနည်းဆုံး မိုင်တစ်ထောင် ကွာဝေးသည်။
ဒါက ဘယ်လိုလုပ်ပြီးတော့ ဂူဗိမာန်တစ်ခု ဖြစ်နိုင်မှာလဲ
သေမျိုးတိုင်းပြည်များ၏ တော်ဝင်မြို့တော်များပင် ဒီလောက်ထိ မကြီးမားပေ။
ရှန်ထျန်း တုန်လှုပ်သွားသည်။ သူလည်း မတတ်နိုင်ဘဲ ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်၏ ခမ်းနားသော အရိပ်အယောင်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
အာကာပြင်မုခ်ဝက သူတို့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ရှန်ထျန်းက ကျန်းယွင်ရှီးနှင့် မင်းသမီး လင်းလုံ၏ လက်များကို ဆွဲကိုင်ကာ အာကာပြင်မုခ်ဝထဲသို့ ဝင်သွားသည်။
တခြားသူများလည်း ရှန်ထျန်းနောက်သို့ အမြန်လိုက်သွားကြသည်။ တခြားမင်းသမီးများ၏ မျက်နှာပေါ်တွင် နောင်တရသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဒါကိုသာ စောစောသိခဲ့မယ်ဆိုရင် သူနဲ့ နီးနီးကပ်ကပ်နေခဲ့ပါတယ်
ငါသာ ပိုပြီးတော့ နီးနီးကပ်ကပ်နေခဲ့မယ်ဆိုရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လက်ဆွဲထားတဲ့သူက ငါဖြစ်နေရမှာ
ဝှီး…
သူတို့ အာကာပြင်မုခ်ဝထဲသို့ ရောက်ရှိသွားပြီးနောက် သူတို့ရှေ့ရှိ အလင်းတန်းနှင့် အာကာပြင်က ပုံပျက်သွားသည်ကို ခံစားလိုက်ရပြီး သူတို့လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ထပ်မြင်ရသည့်အချိန်တွင် သူတို့က တောက်ပပူပြင်းသည့် စင်္ကြန်လမ်းကြီးတစ်ခုသို့ ရောက်ရှိနေသည်။
ထိုစင်္ကြန်လမ်းကို ထူးခြားသည့် ကြက်သွေးရောင် သတ္တုရိုင်းတုံးများ အသုံးပြုကာ ပြုလုပ်ထားပြီး ဆန်းကြယ်သော နတ်သင်္ကေတများ၊ ကာကွယ်ရေး အစီအရင်များဖြင့် ပြည့်နှက်နေကာ ဖျက်စီးခြင်းစွမ်းအားများလည်း ပါဝင်သည်။
“ ဒါက ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်ရဲ့ စင်္ကြန်လမ်းပဲ ဖြစ်ရမယ်”
ကျောက်ဟောင်က မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ နန်မင်လီမီးတောက်ကလည်း ချက်ချင်း အလွန်အမင်း တောက်ပလာသည်။
ခမ်းနားကြီးကျယ်သော ရွှေကျီးပုံရိပ်သဏ္ဌာန်က သူ့နောက်မှ ထွက်ပေါ်လာကာ ပြင်းထန်သော လောင်ကျွမ်းပူလောင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကျောက်ဟောင်လည်း တာအိုလက်ဆင့်ကမ်း ကျောက်ပြားဆီမှ တော်ဝင်ကျမ်းကို အတော်များများ နားလည်သွားခဲ့သည်။
ရှန်ထျန်းနှင့် မယှဉ်နိုင်သော်လည်း သူက အတော်လေး တိုးတက်လာခဲ့သည်။
ကျောက်ဟောင်၏ အဓိက ကျင့်စဉ်ဖြစ်သော ချန်းယန်ဓားကျမ်းက မပြည့်စုံသော နေမင်းတော်ဝင်ကျမ်းမှ ကောက်နုတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ယခု သူ နေမင်းတော်ဝင်ကျမ်းနှင့် တွေ့ဆုံသည့်အခါ အကျိုးအမြတ်အများကြီး ရရှိသွားလေသည်။
ယခုလက်ရှိတွင် ကျောက်ဟောင်က နေမင်းတော်ဝင်ကျမ်းကို တိတ်တဆိတ် ကျင့်ကြံရင်း ပတ်ဝန်းကျင်ရှိ မီးဓာတ် ဝိညာဉ်ချီကို ထိန်းချုပ်နိုင်သည်ဟု ခံစားလာရသည်။
ဤထူးခြားသည့် အာကာပြင်ထဲတွင် ကျောက်ဟောင်၏ ခွန်အားက အဆအနည်းငယ် ပိုမိုတိုးပွားလာသည်။
ထိုတွေ့ရှိမှုကို ကျောက်ဟောင်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
ရှန်ထျန်းလည်း အတူတူ တွေ့ရှိခဲ့သည်။
သူ့ ခန္ဓာကိုယ်ထဲရှိ ထူးခြားမီးတောက်၏ စွမ်းအားက ကျောက်ဟောင်မှာ ရှိတာထက်ပင် ပိုပြီး အားကောင်းနေသည်။ သူ့ ခန္ဓာကိုယ်ထဲရှိ မူလနန်မင်လီ မီးတောက်၏ အဆီအနှစ်က ကျောက်ဟောင်နှင့် တန်းတူဖြစ်သော်လည်း ရှန်ထျန်းက အဆုံးမဲ့ရှေးဟောင်းနယ်မြေရှိ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ စင်မြင့်ပေါ်တွင် များပြားသော ငရဲမီးတောက်ကိုလည်း ဝါးမျိုခဲ့သေးသည်။
ဒီထက်ပိုပြီး အရေးကြီးသည်က တာအိုလက်ဆင့်ကမ်း ကျောက်ပြားမှ နေမီးလျှံအစစ်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် မူလနန်မင်လီ မီးတောက်နှင့် ငရဲမီးတောက်တို့ဖြင့် ပေါင်းစပ်သွားသည်။
ယခု ရှန်ထျန်း ခန္ဓာကိုယ်ထဲရှိ ထူးခြားမီးတောက် အသစ်၏ စွမ်းအားက သာမန် နန်မင်လီမီးတောက်ကိုပင် လွှမ်းမိုးနိုင်သည့်အတွက် အရမ်းကြောက်ဖို့ကောင်းသည်။
ထို့အပြင် ရှန်ထျန်း၏ နေမင်းတော်ဝင်ကျမ်းအပေါ် နားလည်မှုကလည်း မယုံနိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် ဤအာကာပြင်ထဲတွင် မီးတောက်၏ စွမ်းအားကို ထိန်းချုပ်ရာ၌ ရှန်ထျန်းထက် သာသည့်သူ မရှိနိုင်ပေ။
ဤဂူဗိမာန်ထဲတွင် ဝိဇ္ဇာများပင် ရှန်ထျန်း၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
“ ဒါက တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပဲ”
ရှန်ထျန်းက ပြုံးနေရင်း သူ့နောက်ရှိ လေဟာနယ်ခြုံလွှာက လေထဲတွင် ယိမ်းနွဲ့နေသည်။
ခရမ်းရောင်နှင့် အစိမ်းရောင် ဓားရှည်များက ဓားအိမ်ထဲမှ ထွက်လာကာ ရှန်ထျန်းကို ဝန်းရံထားပြီး စူးရှသော ဓားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
ပေါ့ပါးသော ခရမ်းရောင် မဟူရာအလင်းကြေးမုံက သူ့ခေါင်းပေါ်တွင် မြောနေကာ ခရမ်းရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ ထိုခရမ်းရောင်အလင်းတန်းက မဟာစုစည်းရေး ခရမ်းအံ့ဖွယ်အလင်းဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက် အသုံးပြုနိုင်သည့် ခရမ်းစံအိမ်အထွတ်အမြတ်မြေ၏ အားအကောင်းဆုံး ရတနာတစ်ပါးဖြစ်ပြီး ထူးခြားသည်။
သူ့ခေါင်းပေါ်ရှိ ကြေးမုံကြောင့် အနိုင်မယူနိုင်သောသူ ဖြစ်လာသည့်အတွက် ထိုအရာက သေချာပေါက် အထွတ်အထိပ်အဆင့် ရတနာတစ်ပါးဖြစ်သည်။
ထိုအရာတင်မကသေးပဲ ရှန်ထျန်း ဝတ်ဆင်ထားသော လုံယွမ်နတ်ချပ်ဝတ်တန်ဆာကလည်း အသန်မာဆုံး ခုခံပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ ခေါင်းစခြေဆုံး ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေသည့်အတွက် သူ့ကို ကြည့်ရတာ အရမ်းထူးခြားနေသည်။
ရှန်ထျန်း ဝတ်ဆင်ထားသော အသုံးအဆောင်များအားလုံးက အံ့ဖွယ်အသုံးအဆောင်ပစ္စည်းနှင့် အထက်မှာသာ ရှိသည်။
ကံကြမ္မာသားတော်ဟောင်း ဖြစ်ခဲ့သော ချီရှောက်ရွှမ်ပင် ရှန်ထျန်း၏ အသုံးအဆောင်များကို ကြည့်ပြီး မနာလိုဖြစ်နေသည်။
“ သူက အံ့ဖွယ်နဲ့ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုထားပြီးတော့ နောက်ထပ် များပြားတဲ့ ထူးခြားအံ့ဖွယ်ပစ္စည်းတွေလည်း ရှိနေသေးတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို သက်ရှိ ရတနာသိုက်တစ်ခုပဲ”
မင်းသမီးလင်းလုံက ရှေ့မှ လမ်းပြနေသော ရှန်ထျန်းကို တွေဝေစွာ စိုက်ကြည့်ပြီး သူမ၏ အမြင် တစ်ဖန်ပြောင်းလဲသွားရသည်။
အပွင့်လင်းဆုံးပြောရလျှင် သူမက အရှေ့ပိုင်းလွင်ပြင်ရှိ ပါရမီရှင်များကို “ ရွာဇနပုတ်မှ လူများ”ဆိုသော ပုံစံဖြင့် ဆက်ဆံနေခဲ့သည်။
သို့သော် ယခု သူမက ရှန်ထျန်း၏ ချမ်းသာမှုကြောင့် စုံလုံးကန်းသွားပြီဖြစ်သည်။
ငါ့ရဲ့ ဆွဲဆောင်မှုတွေကို အသုံးချရမယ်ဆိုရင်တောင် အဖေက ရှန်ထျန်းနဲ့ မိတ်ဆွေဖွဲ့ဖို့ ပြောတာကို မအံ့ဩတော့ပါဘူး
သူက တကယ်ကိုထူးခြားပြီးတော့ တောက်ပတဲ့အနာဂတ်ရှိတယ်
နတ်ဘုရားတိုင်းပြည်ရဲ့ အနာဂတ်အတွက် ငါ တွေဝေမနေဘဲ လုပ်ရမယ်