ကြိုးတန်းပေါ်က အသက်
Vol. 1 Ch. 230
တောင်စဉ် သုံးထောင်၏ တောင်ဘက်တွင် ရှားနိုင်ငံ တည်ရှိသည်။ ကျန်းရီတွင် မြေတူး၍ မြေအောက်တွင် သွားလာနိုင်သော ဟွမ်ကြီးရှိနေသည့် အတွက် လမ်းကို ကွေ့ပတ်သွားနေရန် မလိုပေ။ ရှားနိုင်ငံကို ဝင်ရောက်ရန် ဝိညာဉ်ပျောက် တောင်ကြားမှ ဖြတ်သွားစရာလည်း မလိုတော့ပေ။ သူသည် လမ်းတစ်ဖြောင့်တည်း သွားသောကြောင့် ရှားနိုင်ငံ နယ်နိမိတ်ထဲသို့ ဝင်ရောက်ရန် တစ်ရက်သာ ကြာမြင့်ခဲ့သည်။
နှစ်နာရီကြာတိုင်း ကျန်းရီသည် ဟွမ်ကြီးအား မြေပြင်ဆီ ချည်းကပ်စေ၍ ထွက်ကြည့်ကာ ချမ်ဝမ်ကွမ် ပေးထားဖူးသော မြေပုံကိုကြည့်၍ သူရောက်နေသော နေရာကို စစ်ဆေးသည်။
ဟွာယွင်တောင်သည် ရှားနိုင်ငံ၏ မြောက်ဘက် အကျဆုံးနေရာတွင် တည်ရှိသည်။ သို့သော် ကျန်းရီ ထိုနေရာသို့ ရောက်ရန် တစ်ရက်နှင့် တစ်ညသာ ကြာမြင့်ခဲ့သည်။
ညနေအချိန်တွင် ကျန်းရီသည် တောင်ငယ်တစ်ခုအနီး မြေအောက်ထဲမှ ထွက်လာခဲ့၍ ရှေ့တွင် လပြည့်ဝန်းကြီးနှင့် သဏ္ဌာန်တူသည့် ရေကန်ကို တွေ့လိုက်ရသည်။ သူသည် ရုတ်တရက် အကြံတစ်ခုရသွား၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါလရိပ်ကန်ကို ရောက်ပြီဆိုတော့ ဟွာယွင်တောင်နဲ့ နီးနေပြီ၊ ကြင်ယာတော် အစောင့်အကြပ် စစ်တပ်တွေ ဘယ်နေရာ ရောက်ပြီမှန်း ငါသိချင်လိုက်တာ... သူတို့ ဝိညာဉ် ပျောက်တောင်ကြားကို မဖြတ်ရသေးဘူး ဆိုရင် အဲနေရာက သူတို့ကို အလစ်တိုက်ဖို့ နေရာကောင်းပဲ"
ဝိညာဉ်ပျောက် တောင်ကြားသည် အမှန်တကယ်လည်း အလစ်တိုက် လုယက်ရန် အကောင်းဆုံးသော နေရာဖြစ်လေသည်။ ယခင်က သူသည် ကျန်းစွန်းဝူကျိနှင့် ကျန်းရိလျှိုတို့ ငှားထားသော လူများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုတောင်ကြားသည် အလွန်အမင်း ရှည်လျား၍ တစ်ကြိမ်လျှင် ရထားလုံး သုံးခုသာ ဖြတ်သန်းနိုင်သည်။ ရှားဝူဟွေ့၏ စစ်သည် နှစ်သောင်းပါသော စစ်တပ် ထိုနေရာမှ ဖြတ်သန်းလျှင် တစ်ဖက်နှင့် တစ်ဖက်ကို လူခွဲ၍ ဖြတ်သန်းရပေမည်။ သူ ထိုနေရာတွင် ဖြတ်တိုက်လျှင် အသက်ရှင်နိုင်ချေ ပိုမြင့်လေသည်။
သူတစ်ဦးတည်း ဖြစ်နေရာ မည်သည့် သတင်းအချက်အလက်မှ မရသောကြောင့် မှန်းဆ တွက်ချက်မှုများသာ ပြုလုပ်နိုင်လေသည်။ ကြင်ယာတော် အစောင့်အကြပ် စစ်တပ် ဘယ်နေရာတွင် အတိအကျ ရှိနေသနည်း၊ သူလုံးဝ မသိပေ။
"ထားလိုက်တော့၊ ငါကမ္ဘာ့မီးလျှံတွေ အရင်သွားယူရမယ်။ ကမ္ဘာ့မီးလျှံတွေသာ ပါမသွားရင် သူတို့ ငါ့ကို ဝိညာဉ်ပျောက် တောင်ကြားမှာ ထိုင်စောင့်နေတယ် ဆိုရင်တောင် အသုံးမဝင်ဘူး"
ကျန်းရီ၏ မျက်လုံးများ တည်ငြိမ်သွားကာ ဟွမ်ကြီးကို စီး၍ မြေအောက်ထဲ ပြန်ဝင်ပြီး အမိန့်ပေးလိုက်သည်။
"အမြန်ဆုံးနှုန်းနဲ့ အနောက်ဘက်ကိုသွား"
"ဘွတ်အဲ...ဘွတ်အဲ"
ဟွမ်ကြီးသည် အော်သံကြီး တစ်ချက်ပြုကာ မြေအောက်သို့ မီတာရာကျော် တူးဝင်လိုက်သည်။ ထို့နောက် အနောက်ဘက်သို့ အစွမ်းကုန် ပြေးတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ကျန်းရီသည် မြေအောက်မှ ထွက်ကာ ရှေ့သို့ ခပ်မြင့်မြင့် တောင်ကြီးကို ကြည့်လိုက်သည်။ လေထဲမှ အပူချိန်ကို ခံစားမိသောအခါ သူ့နှုတ်ခမ်း ထောင့်စွန်းများသည် ကွေးတက်သွားခဲ့ပြီး စိတ်ပျက်ဟန် လှောင်ပြုံး တစ်ခုကို ပုံဖော်လာခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်က သူသည် ဤနေရာသို့ တစ်ဦးတည်း လာရောက်၍ ရှားနိုင်ငံမှလာသော သခင်လေး တစ်ယောက်နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်အုပ်ထံမှ ဝယ်၍ပင် မရနိုင်သည့် မီးလင်ဇီးမှိုကို လုယူခဲ့သည်။ ယခုတစ်ဖန် သူဤနေရာသို့ ရောက်လာခဲ့ရပြန်လေပြီ။ သူသည် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိဘဲ စိတ်ပျက်မှု တို့ကိုသာ အလုံးအရင်းနှင့် ခံစားနေရသည်။
ဟွာယွင်တောင်သည် ဟွာယွင်တောင် ဖြစ်နေဆဲဖြစ်ပြီး ဖီးနစ်ငှက် နှစ်ကောင်လည်း အထဲတွင် ရှိနေသေးသည်။ သူကမူ အတိတ်မှ သူ မဟုတ်တော့သလို အရာအားလုံးလည်း နောက်ပြန်လှည့်၍ မရတော့ပေ။
"ဝှစ်"
သူသည် ဟွမ်ကြီးကို ဝိညာဉ်သားရဲ အဆောင်အတွင်း ပြန်သိမ်းလိုက်ပြီး ဟွာယွင်တောင်ထံ ခြေလှမ်းလိုက်သည်။ သူ ဟွာယွင်တောင်ထိပ်သို့ ရောက်ရန် တစ်နာရီသာ ကြာမြင့်ခဲ့သည်။ သူ မီးတောင်ဝကြီးကို ငုံ့ကြည့်လိုက်မိသည်။ သို့သော် ဤတစ်ကြိမ်တွင် မည်သည့် ကြောက်စိတ်ကိုမှ ကျန်းရီ မခံစားမိပေ။ သူသည် မီးဝိညာဉ်ပုလဲထဲမှ ကြိုးတစ်ချောင်း ထုတ်ယူလိုက်ပြီး ကြိုးစတစ်ဖက်ကို မီးတောင်ထဲ ပစ်ချလိုက်သည်။ ကျန်တစ်ဖက်ကိုမူ ကျောက်စွန်းကြီး တစ်ခုတွင် ချည်နှောင်လိုက်ပြီး မီးတောင်ထဲ ဆင်းသက် လိုက်သည်။
အောက်တွင် ဖီးနစ်ငှက်နှစ်ကောင် ရှိနေသော်လည်း ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓားနှင့် မီးတောက်များကို ခံနိုင်ရည် ရှိစေသည့် မီးဝိညာဉ်ပုလဲတို့ ရှိနေလေသည်။ ထို့ပြင် နောက်ဆုံးသော ဝှက်ဖဲအဖြစ် သတ်ဖြတ်ခြင်း အင်အားနှင့် မီးဝိညာဉ် ကျောက်တုံးများလည်း ကျန်နေသေးရာ ထိုဖီးနစ်ငှက်နှစ်ကောင်းအား သူလုံးဝကို မကြောက်ပေ။
ကျန်းရီသည် ကြိုးစကို လက်တစ်ဖက်နှင့်ကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် မီးနဂါးဓားထဲ အတွင်းအားများ ထည့်လိုက်ကာ ကျောက်တုံး နံရံထက် စိုက်ချလိုက်သည်။ မာကျောလှသော ကျောက်နံရံများသည် မီးနဂါးဓား၏ အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရသည်။ သူတော်စင် အဆင့် ဓားတစ်ချောင်း၏ ထက်ရှမှုသည် လုံလောက်သည်ထက် ပိုနေလေပြီ။
ကျန်းရီသည် ကြိုးစကို ကိုင်ထား၍ အောက်သို့ လျင်မြန်စွာ လျှောဆင်းလိုက်ရာ မျက်စိတစ်မှိတ် အတွင်း မီတာထောင်ကျော်သို့ ရောက်ရှိသွားသည်။ အောက်ခြေမှ အနီရောင်စက်လေး တစ်ခု ပေါ်ထွက်လာခဲ့ပြီး ဆာလ်ဖာနံ့ စူးရှရှက သူ့နှာခေါင်းထဲ ပျံ့လွင့် လာခဲ့သည်။
ငှက်တွန်သံကြီးနှစ်ခု ပီပီသသ ထွက်ပေါ်လာခဲ့သည်။ အနီရောင် အစက်နှစ်စက်သည် တစ်စတစ်စ ကြီးမားလာခဲ့ပြီး အပေါ်ဘက်သို့ အပူလှိုင်းတစ်ခု ပျံ့လွင့်လာသည်။ မီးနဂါးဓားနှင့် မီးဝိညာဉ်ပုလဲတို့ လင်းလက်လာ၍ သူ့ကိုယ်ပေါ်တွင် အလွှာကြည် တစ်ထပ် ဖြစ်တည်လာပြီး သူ့ကိုယ်အား အပူဒဏ်မှ ကာကွယ် ပေးလာသည်။
"ဟား..ဟား..ဟား"
ကျန်းရီသည် အစက အောက်သို့ မီးဝိညာဉ် ကျောက်တုံး တစ်တုံး ပစ်ချလိုက်မလို့ပင်။ သို့သော် ဖီးနစ်ငှက်များဆီမှ အပူဒဏ်သည် သူ့အား ဘာမှ မလုပ်နိုင်ကြောင်း တွေ့လိုက်ရသောအခါ အလကားနေရင်း ဖြုန်းတီး မပစ်တော့ပေ။ သူ့ကိုယ်မှ အတွင်းအားများ အရူးအမူး ထွက်ပေါ်လာပြီး မီးနဂါးဓားသည် အလင်းရောင်များ ဖြာထွက်လာကာ မီးနဂါးနှစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ဖီးနစ်ငှက် နှစ်ကောင်သည် အစက မီးတောက်များ မှုတ်ထုတ်ရန် ပြင်နေသော်ငြား မီးနဂါးနှစ်ကောင် ထွက်ပေါ်လာသည်နှင့် သေစေနိုင်လောက်သည့် အန္တရာယ်ကို ခံစားမိကာ အောက်သို့ ထိတ်လန့်တကြား ပျံဆင်း ကြလေသည်။
ဖီးနစ်ငှက်နှစ်ကောင်သည် လျှပ်စီးအလျင်နှင့် ပျံဆင်း ပြေးကြသော်လည်း မီးနဂါးများက မြန်ဆန် လွန်းလေသည်။ မီးနဂါးနှစ်ကောင်သည် အပေါ်မှ ဖီးနစ်ငှက်အား အလွယ်တကူ လိုက်မီသွားခဲ့သည်။ ထိုဖီးနစ်ငှက်သည် ချောက်ချားဖွယ် မြည်သံကြီးပြုကာ သိပ်သည်းလှသော မီးတောက်များအား မီးနဂါးများထံ မှုတ်ထုတ် လိုက်လေသည်။
"ဗုန်း"
မီးနဂါးများနှင့် ဖီးနစ်ငှက်များ တိုက်မိသွားသောကြောင့် ပေါက်ကွဲသံ ကျယ်ကြီး ထွက်ပေါ် လာခဲ့သည်။ မီးတောင်ကြီးပင် ခဏမျှ တုန်ခါသွားပြီး အပေါ်သို့ရော အောက်ဘက်သို့ပါ အပူလှိုင်းကြီး တစ်ခု ပျံ့လွင့်လာသည်။ ဖီးနစ်ငှက်၏ ကိုယ်ကြီးသည် မျက်စိအောက်၌ပင် အမှုန်များ အဖြစ်သို့ ပြိုကွဲသွားခဲ့ပြီး ကျန်းရီ၏ ကိုယ်ကမူ ပြင်းထန်လှသော အားလှိုင်းကြီးကြောင့် မီးတောင် အပြင်ဘက်သို့ လွင့်ထွက် သွားခဲ့သည်။ ကျန်ဖီးနစ်ငှက်သည် ကံကောင်း သွားသော်လည်း အားလှိုင်းကြီး၏ ဖိအားကြောင့် မီးတောင် အောက်ခြေရှိ ချော်ရည်အိုင်ထဲ ပြုတ်ကျ သွားခဲ့ပြီး ချော်ရည်များ ပန်းထွက် လာခဲ့သည်။
"ဖွီး"
ကျန်းရီ၏ ကိုယ်သည် လေထဲတွင် အကြိမ်ကြိမ် လည်သွားပြီးမှ မီးတောင်ဝရှိ မြေပြင်ပေါ်တွင် ကျဆင်းသည်။ သူသည် စတင် တိုက်ခိုက်သူ ဖြစ်သည့်အပြင် မီးနဂါးများသည်လည်း ဖီးနစ်ငှက် မှုတ်ထုတ်လိုက်သော မီးတောက်များထက် သာလွန် နေသောကြောင့် သူအသာစီးရခဲ့သည်။ သို့သော် အားလှိုင်းကြီးကြောင့် သူထိခိုက်သွားသေးရာ ပေါက်ကွဲမှု၏ အားပြင်းမပြင်းကို သိနိုင်ပါသည်။
သို့သော် ကျန်းရီ၏ အင်အားနှင့်လည်း သက်ဆိုင် နေသေးသည်။ သိုင်းသမားတစ်ဦး၏ ကျင့်ကြံဆင့် မြင့်လေလေ ကြံ့ခိုင်မှု၊ အမြန်နှုန်းနှင့် ခုခံနိုင်စွမ်းတို့ သာလေလေ ဖြစ်သည်။ ကျန်းရီသာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တစ်ယောက် ဆိုပါက မည်သည့်ထိခိုက်မှုမှ ခံစားရမည် မဟုတ်ပေ။
ပေါက်ကွဲမှုကြောင့် ကြိုးများလည်း တစ်စစီ ဖြစ်သွားခဲ့သည်။ ကျန်းရီသည် ဒဏ်ရာများ အလိုလို ကုစားသွားရန် ဆေးတစ်လုံး သောက်လိုက်ပြီး နောက်ကြိုး တစ်ချောင်းကို မီးတောင်ထဲ ထပ်ပစ်ချ လိုက်ကာ မီးတောင်ထဲ ခုန်ဆင်းလိုက်သည်။ အခြား ဖီးနစ်ငှက်သည် မသေသွားသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားလောက်သည်။ ထို့ကြောင့် သူဘာကိုမှ ကြောက်မနေပါချေ။
ထင်ထားတဲ့အတိုင်းပဲ...
ကျန်းရီ ချော်ရည်အိုင်ထဲသို့ ခုန်ချလိုက်သောအခါ ဖီးနစ်ငှက်သည် သွေးများရွှဲနေ၍ အနီရဲရဲ အမွေးအတောင်များလည်း ကျွတ်လို့နေသည်။ ၎င်းသည် ချော်ရည်အိုင်ထဲတွင် မျက်လုံးများ မှေးမှိတ်၍ လဲလျောင်းလို့ နေသည်။ ၎င်း၏ ကိုယ်မှ အနီရောင်အလင်းများ တောက်ပနေပြီး မီးတောက်များကို စုပ်ယူကာ ပြန်လည် ကုစားနေပုံ ရလေသည်။
"သေစမ်း"
ကျန်းရီ၏ မျက်လုံးများ အေးစက်သွားကာ မီးနဂါးဓားကို ဝှေ့ယမ်း၍ ဖီးနစ်ငှက်အား သတ်ရန် ပြင်လိုက်သည်။ ရုတ်တရက် သူဟွမ်ကြီးကို ယဉ်ပါးအောင် လုပ်ချိန်က မြင်ကွင်းကို အမှတ်ရ သွားခဲ့သည်။ သူသည် ဒဏ်ရာပြင်းပြင်း ရထားသော ဖီးနစ်ငှက်ကို ကြည့်ရင်း အတွေးပေါက် လာခဲ့သည်။ ဒီကောင်လို့ ယဉ်ပါးအောင် လုပ်လို့များ ရမလား...
သူ့တွင် ဝိညာဉ်သားရဲ အဆောင်နှစ်ခု ကျန်နေသေးကြီး ဤဖီးနစ်ငှက်သည် တတိယအဆင့် နတ်ဆိုးသားရဲ ဖြစ်နေသည့်အပြင် မီးတောက်များလည်း မှုတ်ထုတ် နိုင်သေးသည်။ ၎င်းသည် တတိယအဆင့် နတ်ဆိုး သားရဲများအကြား အဆင့်နိမ့်သော်လည်း သူသာ ယဉ်ပါးအောင် လုပ်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းလည်း တိုးတက် သွားမည်သာ။
"လုပ်ရမလား"
ကျန်းရီ၏ မျက်လုံးများသည် ဆုံးဖြတ်လိုက်သည့်ဟန် တောက်ပလာခဲ့သည်။ သူသည် ချက်ချင်း သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး မီးနဂါးဓားကိုပါ ဆွဲထုတ်၍ ဖိအား ပေးလိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်သားရဲ အဆောင်ကို ထုတ်၍ သားရဲယဉ်ပါးအောင် လုပ်ခြင်းကို စတင်လိုက်သည်။
ကျန်းရီ၏ လက်ရှိ အပြုအမူများကို ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများနှင့် ထူးချွန်ကျောင်းသားများသာ မြင်လျှင် သူတို့ အလွန်အမင်း ဆွံ့အနေပြီးမှ သူ့ကို အရူးဟု အော်ဟစ် ကြလိမ့်မည်။
ကျန်းရီသည် သင်တန်းကျောင်းတွင် တစ်ဦးတည်းသာ သီးသန့် ကျင့်ကြံနေလေ့ရှိပြီး ဝိညာဉ်သားရဲ တစ်ကောင်သာ ယဉ်ပါးအောင် လုပ်၍ရသည် ဟူသော အခြေခံ ဗဟုသုတကိုပင် မသိချေ။ သူ ဝိညာဉ်သားရဲ နှစ်ကောင် ယဉ်ပါးအောင် လုပ်လိုက်လျှင် နှစ်ကောင်လုံး၏ စိတ်ဆက်သွယ်မှုသည် ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် တိုက်မိကာ ပြဿနာများ ဖြစ်လာနိုင်သည်။ သူ၏ စိတ်ဝိညာဉ်ပင် ကျိုးကြေ ပျက်စီးသွားနိုင်လေသည်။
ကျန်းရီသည် ချမ်ဝမ်ကွမ်ထံတွင် ဝိညာဉ်သားရဲအဆောင် သုံးခု တောင်းချိန်တည်းက ဝိညာဉ်သားရဲ အနည်းငယ် ယဉ်ပါးအောင် လုပ်မည်ဟု အကြံရှိပြီးသား ဖြစ်လေသည်။ သင်တန်းကျောင်းတွင် ဘယ်သူမှ ဝိညာဉ်သားရဲ နှစ်ကောင် လေ့ကျင့်ခြင်း မရှိသောပေ။ ထို့ကြောင့် ကျန်းရီသည်လည်း ထိုအခြေခံ ဗဟုသုတလေးကို သိထားလောက်မည်ဟု ချမ်ဝမ်ကွမ် ထင်ခဲ့သည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီ အပိုဆောင် ထားချင်၍ ဖြစ်မည်ဟု တွေးကာ မည်သို့မှ မပြောခဲ့ခြင်း ဖြစ်လေသည်။
*****