ကွေ့ကုန်းကုန်း … ငါ့ရဲ့ ပစ္စည်းလေးက တကယ် ထွက်လာပြီလား
Vol. 25 Ch. 366
အခန်း (၃၆၆) : ကွေ့ကုန်းကုန်း … ငါ့ရဲ့ ပစ္စည်းလေးက တကယ် ထွက်လာပြီလား
အ…အ…အ…
မီးတောက် ရွှေကျီးများက ခရမ်းစိမ်းဓားနှစ်သွယ်ရှေ့တွင် ပြိုလဲသွားကာ မီးလုံးလေးများအဖြစ် တစ်ကောင်ချင်း ပြိုကွဲသွားသည်။
သို့သော် သူတို့က ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သန့်စင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ နံရံထဲသို့ ပြန်လည်စုပ်ယူခံလိုက်ရပြီး မဲမှောင်နေသော အက္ခရာစာများကို ပြန်လည်ထွန်းလင်းအောင် လုပ်ပေးလိုက်သည်။
အက္ခရာစာများက လှည့်ပတ်သွားလာနေပြီး မီးတောက် ရွှေကျီးများကို ထပ်မံ မွေးဖွားလိုက်ပြန်ပြီး ရှန်ထျန်းတို့အုပ်စုကို ထပ်မံ တိုက်ခိုက်ပြန်သည်။
“ အဲဒီမီးတောက် ရွှေကျီးတွေနဲ့ နံရံပေါ်က အက္ခရာစာတွေက တစ်သားထဲပဲ။ ငါတို့ အဲဒီအက္ခရာစာတွေကို မဖျက်စီးသ၍ အဲဒီငှက်တွေက ဘယ်တော့မှ သေမှာ မဟုတ်ဘူး”
ချီရှောက်ရွှမ်၏ တတိယမျက်လုံးမှ ခရမ်းရောင် အံ့ဖွယ်အလင်းတန်းများ ထွက်ပေါ်လာကာ နံရံများကို လေ့လာနေပြီး ကာကွယ်ရေး အစီအရင်ကို ဖျက်စီးနိုင်ဖို့အတွက် သော့ချက်ကို ရှာတွေ့ဖို့ မျှော်လင့်နေသည်။
ကံမကောင်းစွာဖြင့် သူ စိတ်ပျက်သွားရသည်။ ကာကွယ်ရေး အစီအရင်ကို တည်ဆောက်သွားသူ၏ ကျင့်ကြံဆင့်က အရမ်းမြင့်သည့်အတွက် ရှုပ်ထွေးမှုက သူ့ နားလည်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသည်။
ချီရှောက်ရွှမ်မှာ နတ်ဧကရာဇ် တစ်ပါးဖြစ်ဖို့ အလားအလာရှိနိုင်သော်လည်း သူက အရမ်းငယ်ရွယ်နေသေးသည်။ ထို့ကြောင့် သူက ဤကာကွယ်ရေး အစီအရင်ကို ထိုးဖောက်ပြီး မြင်နိုင်လောက်သည်အထိ မတော်သေးပေ။
ကျန်းယွင်ရှီးက ရှန်ထျန်း၏ ဘေးတွင် တိတ်တိတ်လေး မတ်တပ်ရပ်နေကာ သူနှင့်အတူ တိုက်ခိုက်ပေးဖို့အတွက် ဓားအလင်းတန်းများကို ထုတ်ထားသည်။ သူမ အနည်းငယ်သာ ကူညီပေးနိုင်မည် ဆိုပါကလည်း ဘာမှမလုပ်ပေးနိုင်သည်ထက်စာလျှင် ပိုပြီး ကောင်းသေးသည်။
မင်းသမီးလင်းလုံ၊ ခုံမုန့်နှင့် ခွန်ယုတို့လည်း ရှေ့တက်လာကာ ရှန်ထျန်း၏ ဘေးတွင် သူတို့ကိုယ်သူတို့ ဖိအားပေးနေကြသည်။
အားလုံး အင်အားစုပေါင်းပြီး မီးတောက်ရွှေကျီးများကို တည်ငြိမ်စွာ ပိတ်ပင်ထားပြီး ခိုင်မာသော ခုခံမှုကို ထိန်းသိမ်းထားသည်။
သို့သော် သူတို့ အက္ခရာစာ အစီအရင်ကို ဖျက်စီးနိုင်မည့် နည်းလမ်းကို မတွေ့သရွေ့ ရှန်ထျန်းတို့အဖွဲ့က စွမ်းအင်များကို ဆက်တိုက် အသုံးပြုနေရမည်ဖြစ်သည်။ ထိုအချိန်တွင် ရွှေကျီးများက အက္ခရာစာများ၏ ထောက်ပံ့မှုကို ရရှိပြီး ထာဝရအရှင်များကဲ့သို့ အားကြီးနေကြသည်။ ရှန်ထျန်းတို့အဖွဲ့က အနှေးနှင့်အမြန် သူတို့တတ်နိုင်သော ခွန်အား အဆုံးသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဝမ်ရှန်းယုက အဖွဲ့နောက်တွင် ပုန်းနေကာ တစ်ခါတစ်ရံ လိပ်လိုမျိုး မြေပြင်ပေါ်မှာ တွားသွားပြီး တစ်ခါတစ်ရံ မတ်တပ်ထကာ သူ၏ မမြင်နိုင်သော ဓားသွားပညာရပ်ကို ထုတ်သုံးနေသည်။
သူ့ ခန္ဓာကိုယ်ဆီမှ ဆိုးဝါးညစ်ညမ်းသော အနံ့တစ်ခု ထွက်ပေါ်လာပြီး ထိုအရာက ကောင်းကင်ယိုယွင်းအငွေ့အသက် ဖြစ်သည်။
ယခု သူက ထိုအရှိန်အဝါကို ဖြန့်ကျက်ပြီး စွမ်းအင်ကို ပြန်လည်ဖြည့်တင်းနေသည်။
စောနက တိုက်ခိုက်မှုမှာ ငါ အရမ်း စိတ်လိုက်မာန်ပါ မလုပ်လိုက်သင့်ဘူး။ နည်းနည်းလောက် စွမ်းအား ချန်ထားလိုက်သင့်တာ
ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန် ကျွန်တော်တို့ ဒီလိုမျိုး ဆက်လုပ်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော်တို့ အဲဒီမိစ္ဆာသားရဲတွေ ဖန်တီးထားတဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်နိုင်မှ ဖြစ်မယ် မဟုတ်ရင် ဒီလိုမျိုး တိုက်ခိုက်နေတာက အဆုံးရှိမှာ မဟုတ်တော့ဘူး”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ မလိုပါဘူး။ အဲဒီ မီးတောက် ရွှေကျီးတွေက ကြည့်ရတာ အရမ်းရက်စက်တဲ့ပုံပေါ်ပေမဲ့ သူတို့က အရမ်းကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ်တစ်ခုပဲ”
စားကောင်းသောက်ဖွယ်တဲ့လား
အားလုံးက ရှန်ထျန်း၏ စကားကြောင့် အံ့ဩထိတ်လန့်သွားကြသည်။
မင်းက ဒီအရာတွေကို စားကောင်းသောက်ဖွယ်လို့ ခေါ်တာနဲ့လား။ ပါးစပ်စူးမှာ မကြောက်ဘူးလား
ရှန်ထျန်းက ဖျော့တော့စွာသာ ပြုံးလိုက်ပြီး ဆက်ပြီး ရှင်းမပြတော့ပေ။ သူ့ခရမ်းစိမ်းဓားနှစ်လက် ထွက်လာကာ ငှက်တွေထဲမှ တစ်ကောင်ဆီသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
ခဏအကြာတွင် ခရမ်းစိမ်းဓားနှစ်သွယ်က ငှက်ကို ရှန်ထျန်းဆီသို့ ယူဆောင်လာပေးကာ သန့်စင်သော မီးဓာတ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေသည်။
သို့သော် ဒီတစ်ခေါက်တော့ ရှန်ထျန်းက ဤစွမ်းအင်များကို နံရံပေါ်ရှိ အက္ခရာစာများထဲသို့ ပြန်လည်စုပ်ယူခွင့် မပေးတော့ပေ။ သူက ထိုစွမ်းအင်များကို သူ၏ နေမင်းတော်ဝင်ကျမ်းထဲသို့ လွှဲပြောင်းလိုက်သည်။
နေဆယ်စင်းက သူ့နောက်တွင် ထွက်လာပြီး မီးဓာတ်စွမ်းအင်များ အားလုံးကို စုပ်ယူလိုက်သည်။
သို့သော် များပြားသော မီးစွမ်းအင်ကို စုပ်ယူပြီးနောက်တွင်ပင် ရှန်ထျန်း၏ အရှိန်အဝါက အနည်းငယ်သာ မြင့်တက်သွားသည်။
ထိုအရာက အနည်းငယ်တိုးတက်မှုသာ ဖြစ်သည့်အတွက် သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။
မီးစွမ်းအင်ကို စုပ်ယူပြီးနောက် စောနက မီးတောက် ရွှေကျီးက ပြန်လည်ရှင်သန်လာခြင်းမရှိတော့ပဲ အမှန်အကန် ဖျက်စီးခံလိုက်ရသည်။
“ သိပြီ။ ဒီလှိုဏ်ခေါင်းက ကျူးကျော်သူတွေကို တားဖို့ကြိုးစားတယ်လို့ ပြောတာထက် ရွှေကျီးနတ်ဧကရာဇ်က ထားခဲ့တဲ့ လေ့ကျင့်ရေး ဆန်းကြယ်နယ်ပယ်အဆင့်လို့ မြင်လိုက်ရင် ရတာပဲ”
ဖန်ချန်းလည်း နားလည်သဘောပေါက်သွားသည်
“ ဒီမီးတောက် ရွှေကျီးက နေမင်းတော်ဝင်ကျမ်းနဲ့ အရမ်းလိုက်ဖက်ညီတယ်။ ငါတို့က နေမင်းတော်ဝင်ကျမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို သင်ယူထားမယ်ဆိုရင် သူတို့ရဲ့ စွမ်းအင်ကို စုပ်ယူသန့်စင်ဖို့အတွက် ငါတို့က ကျမ်းကို အသက်သွင်းလိုက်ရင်ရပြီ”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အဲဒါတင် မကသေးဘူး။ အဲဒီ မီးတောက် ရွှေကျီးတွေက နေမင်းတော်ဝင်ကျမ်းရဲ့ ဆန်းကြယ်မှု တစ်စိတ်တစ်ပိုင်းကိုလည်း သိမ်းဆည်းထားသေးတယ်။
အဲဒီ ရွှေကျီးတွေရဲ့ စွမ်းအင်ကို ဝါးမျိုလိုက်ရင် နေမင်းတော်ဝင်ကျမ်းအပေါ် နားလည်နိုင်စွမ်းကို ကြီးမားတဲ့ အထောက်အကူပေးလိမ့်မယ်။ ဒီအခွင့်အရေးကို လက်မလွှတ်နဲ့နော်”
ရှန်ထျန်းက ပြုံးကာ ထပ်ပြောလိုက်သည်
“ အားလုံးပဲ ထိုင်ပြီးတော့ ကျင့်ကြံကြပါ။ အားလုံး စွမ်းအင်စုပ်ယူလို့ရအောင် ကျွန်တော် ဒီရွှေကျီးတွေကို သတ်ပေးပါ့မယ်”
ကျောက်ဟောင်က စိတ်မသက်မသာဖြစ်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ ကျွန်တော်တို့ ထိုင်ပြီး စွမ်းအင်ကို စုပ်ယူနေတုန်း အစ်ကိုက ရွှေကျီးတွေကို သတ်မယ်ဟုတ်လား။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးတော့ အဲလိုလုပ်နိုင်မှာလဲ”
ရှန်ထျန်းက ကျောက်ဟောင်၏ ပုခုံးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်
“ အဲဒီရွှေကျီးတွေက ငါ့အတွက် သိပ်ပြီး အသုံးမဝင်ဘူးဆိုတာ မင်းလည်း တွေ့မှာပါ။ ဒါပေမဲ့ မင်းသာ သူတို့ရဲ့ စွမ်းအင်ကို စုပ်ယူလိုက်မယ်ဆိုရင် နေမင်းတော်ဝင်ကျမ်းကို ကျင့်ကြံတဲ့နေရာမှာ အရမ်းအသုံးဝင်မှာလေ”
“ ဒါပေမဲ့…”
ကျောက်ဟောင် ငြင်းမလို့ ပြင်နေစဉ် ချီရှောက်ရွှမ်က ဖြတ်ပြောလိုက်သည်
“ ညီအစ်ကိုရှန် ပြောတာမှန်တယ်။ အဲဒီရွှေကျီးမီးတောက်တွေက နေမင်းတော်ဝင်ကျမ်းရဲ့ ဆန်းကြယ်မှုတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒီစွမ်းအင်ကို သန့်စင်လိုက်ရင် စွမ်းအားကို တိုးပွားစေရုံတင်မကသေးဘူး နေမင်းတော်ဝင်ကျမ်းအပေါ် နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးသေးတယ်။
ညီအစ်ကိုရှန်ရဲ့ နေမင်းတော်ဝင်ကျမ်းအပေါ် နားလည်မှုက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ သူ့အတွက် ဒီစွမ်းအင်တွေကို စုပ်ယူလည်း အသုံးမဝင်တာကတော့ အမှန်ပဲ”
သူ စကားပြောနေတုန်း ချီရှောက်ရွှမ်၏ မျက်နှာပေါ်တွင် ဒေါသထွက်သော အကြည့်တို့ ဖြတ်ပြေးသွားသည်။
ကိုယ့်ကိုယ်ကို တခြားသူများနှင့် နှိုင်းယှဉ်ရသည်က အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်။ သူလည်း ရှန်ထျန်းလိုမျိုး ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် “ အဲဒီစွမ်းအင်ကို စုပ်ယူလိုက်လည်း တကယ်ကို အသုံးမဝင်ဘူး” ဟု ပြောချင်သည်။
သို့သော် သူက ဂရုမစိုက်သလို မနေနိုင်ပေ။
ချီရှောက်ရွှမ်က နေမင်းတော်ဝင်ကျမ်း၏ အစိတ်အပိုင်းအချို့ကို နားလည်ထားပြီးသားဖြစ်သော်လည်း သူ့နားလည်မှုက ပထမဆုံးအဆင့်ကို ဖြတ်ကျော်ပြီး အဆင့်ငယ်လေးတစ်ခုကိုသာ ဖြတ်ကျော်ရသေးသည်။ သူ ကျမ်းတစ်ခုလုံးကို နားလည်ဖို့အတွက် အတော်လေး လိုသေးသည်။
ထိုအချိန်တွင် ရှန်ထျန်းက ဤကျမ်းကို ပြီးပြည့်စုံလုနီးပါး နားလည်နေပြီ ဖြစ်သည်။ သူ၏ နေဆယ်စင်း ပုံရိပ်သဏ္ဌာန်ကြောင့် ကြီးမြတ်သော ရွှေကျီးနတ်ဧကရာဇ်သာလျှင် သူ့ကို ဖိနှိပ်လို့ရသည်။
ချီရှောက်ရွှမ်၏ နေမင်းတော်ဝင်ကျမ်းကို နားလည်မှုက ရှန်ထျန်းနှင့် လုံးဝယှဉ်လို့ မရသေးပေ။
ကမ္ဘာပေါ်မှာ နံပါတ်နှစ် ဖြစ်ဖို့အတွက် အပြင်းအထန်ကြိုးစားနေသော ချီရှောက်ရွှမ်အတွက် အရမ်း စိတ်ရှုပ်ရစေသည်။
“ အားလုံးပဲ မူမနေကြပါနဲ့တော့။ ဒါအတွက်နဲ့ တကယ်ကို ခံစားရတာ မကောင်းဘူးဆိုရင် ရှေ့လျှောက် အတူတူ လေ့ကျင့်လို့ ရအောင် ကျွန်တော်ဆီကို ပိုပြီးတော့ အလည်လာရင် ရတာပဲ”
ရှန်ထျန်းက မီးတောက် ရွှေကျီးအုပ်ပေါ်သို့ နင်းဖြတ်ပြီးနောက် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ သူ၏ ခရမ်းစိမ်းဓားနှစ်သွယ်ဆီမှ ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
ထို ဓားအလင်းတန်းများက တစ်ခုနှင့် တစ်ခု ဖြတ်သန်းကာ ဖောက်ထွက်မရသော ပိုက်ကွန်တစ်ခုအဖြစ်သို့ ဖန်တီးလိုက်ပြီး အထဲရှိ ရွှေကျီးများအားလုံးကို လွှမ်းခြုံထားလိုက်သည်။ ဓားအရှိန်အဝါကလည်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ရှန်ထျန်း၏ မျက်လုံးတို့က ငွေရောင်တောက်ပသွားကာ မွေးရာပါ ကောင်းကင်တာအိုမျက်လုံးဖြင့် ရွှေကျီးများ၏ လှုပ်ရှားမှုကို ကြည့်ကာ သူတို့၏ အားနည်းချက်များကို ရှာဖွေနေသည်။
ဝှီး…
ဝှီး…ဝှီး…ဝှီး…
ဝှီး…ဝှီး…ဝှီး…ဝှီး…
မီးတောက် ရွှေကျီးများက အော်ဟစ်ကာ မြေပြင်ပေါ်သို့ တစ်ကောင်ချင်း ပြုတ်ကျပြီး မီးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောက်နံရံက ထိုမီးတောက်များကို ပြန်လည်မစုပ်ယူခင် ရှန်ထျန်းနောက်ရှိ ပါရမီရှင်များက သူတို့၏ နေမင်းတော်ဝင်ကျမ်းကို အသုံးပြုကာ ထိုစွမ်းအင်များကို စတင် သန့်စင်နေပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့စွမ်းအင်များ ထိုးဖောက်ဝင်ရောက်လာသည်ကို အားလုံးနီးပါး ခံစားလိုက်ရသည်။
သန့်စင်ဖို့အတွက် စွမ်းအင်တွေ အများကြီး အသုံးပြုစရာပင် မလိုလိုက်ပေ။ ထိုကဲ့သို့သော စွမ်းအင်က သူတို့၏ နေမင်းတော်ဝင်ကျမ်းထဲသို့ ပြီးပြည့်စုံစွာ စီးဆင်းသွားသည်။
သူတို့၏ နတ်ဘုရားအသိစိတ်က ဤစွမ်းအင်၏ လည်ပတ်သွားလာမှုကို ခံစားရပြီး နေမင်းတော်ဝင်ကျမ်းအပေါ် နားလည်မှုကို တိုးမြှင့်လိုက်နိုင်သည်။
ထိုအခိုက်အတန့်တွင် ဤလှိုဏ်ခေါင်းက တကယ့်ရတနာသိုက်တစ်ခုဟု သူတို့ သတိထားမိသွားသည်။
သူတို့သာ ငှက်အုပ်၏ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ပြီး ဤလှိုဏ်ခေါင်းထဲတွင် နေမင်းတော်ဝင်ကျမ်းကို ကျင့်ကြံပါက တစ်နေ့ထဲတွင် ရရှိသော ရလဒ်က အပြင်ဘက်တွင် နှစ်တစ်ရာ အားထုတ်မှုနှင့် တူညီသည်။
အံ့ဩဖို့ကောင်းတယ်… အရမ်းကို အံ့ဩဖို့ကောင်းတယ်
ရှန်ထျန်းက ဓားပညာရပ်များကို ထုတ်သုံးကာ ထို မီးတောက် ရွှေကျီးများကို သတ်ဖြတ်နေသည်။
သူ့နောက်ရှိ အုပ်စုက မီးစွမ်းအင်ကို သန့်စင်ခြင်းနှင့် နေမင်းတော်ဝင်ကျမ်းကို နားလည်ဖို့သာ အာရုံစိုက်ထားကြသည်။
ယခင်က ရှန်ထျန်း ထိုစွမ်းအင်ကို စုပ်ယူပြီး သိသာသော ပြောင်းလဲမှုများ မရှိခဲ့သည့်အတွက် ကျန်လူများကလည်း ထိုစွမ်းအင်က သိပ်မကောင်းဘူးဟု ထင်ခဲ့ကြသည်။
သူတို့ သန့်စင်ကြံ့ခိုင်တက်ကြွနေသော စွမ်းအင်ကို စုပ်ယူပြီးမှ စွမ်းအင်က အရမ်းအားနည်းနေတာ မဟုတ်ကြောင်း၊ ရှန်ထျန်းကသာ အရမ်းစွမ်းအားကြီးနေကြောင်းကို နားလည်သွားသည်။
ပိုပြီးသိသာတဲ့ ဥပမာတွေကို ကြည့်လိုက်ရအောင်။ ကျောက်ဟောင်၊ ချင်ကောင်းနဲ့ ကွေ့ကုန်းကုန်းရဲ့ ပင်မကျင့်စဉ်တွေက နေမင်းတော်ဝင်ကျမ်းကနေ ဆင်းသက်လာတာလေ
အခု သူတို့က နေမင်းတော်ဝင်ကျမ်းကို အပြည့်အစုံ နားလည်ခါနီးနေပြီ။ ရွှေကျီးတွေရဲ့စွမ်းအား အထောက်အပံ့ကြောင့် သူတို့၏ ကျင့်စဉ်က ပြီးပြည့်စုံလာပြီ
ထိုရွှေကျီးများက အဆုံးမဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားသည်ဟု ကွေ့ကုန်းကုန်း ခံစားလာရပြီး သူက ပိုပြီး သန်မာလာသည်။ သူ တော်ဝင်ကျမ်းအပေါ် နားလည်မှုကလည်း ပိုမိုနက်နဲလာသည်။
ယခင် ဟရူးဂါနတ်ဆိုးကျမ်းတုန်းက သူ့ နားလည်မှုက အရမ်းမြန်ဆန်ခဲ့ပြီး အနှေးနှင့်အမြန် ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
သူသာ ထိုအရာကို ဆက်လက်ကျင့်ကြံနေပါက ကွေ့ကုန်းကုန်းက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ အလွယ်တကူ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိရန် ခက်ခဲမည်ဖြစ်ပြီး ထိုအဆင့်ကို ဖြတ်ကျော်ပြီး ထာဝရအရှင် ဖြစ်လာဖို့က ပိုမိုခက်ခဲလှသည်။
ဒီတစ်ခေါက်က သူ့ကျင့်စဉ်ကို နေမင်းတော်ဝင်ကျမ်းဆီ ပြောင်းလဲကျင့်ကြံဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်ဟု ကွေ့ကုန်းကုန်း ခံစားမိသည်။
ထို ရွှေကျီးများ၏ စွမ်းအင်ကို စုပ်ယူပြီးနောက် ဟရူးဂါနတ်ဆိုးကျမ်း၏ အကျင့်ပျက်ပြားစေသော ပညာရပ်များမှ သန့်စင်လွတ်မြောက်ပြီး နေမင်းတော်ဝင်ကျမ်း၏ သန့်စင်သော စွမ်းအင်အဖြစ်သို့ လုံးဝ ပြောင်းလဲနိုင်လိမ့်မည်။
သူသာ ဒီအဆင့်ကို တကယ် ပြည့်စုံအောင် လုပ်နိုင်ပါက သူနှင့် ချင်ကောင်းက ယောက်ျားအဖြစ် ပြီးပြည့်စုံစွာ ပြန်လည် မွေးဖွားလာနိုင်သည်။
ဟုတ်တယ်… ဒါက လုံးဝ ဟာသတစ်ခု မဟုတ်ဘူး
ဒဏ်ရာကို ကုစားပေးသော ဆေးလုံးများက ကျင့်ကြံရေးလောကထဲတွင် အဖိုးတန်သော်လည်း အဆင့်နိမ့် ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က ရွှေအမြုတေအဆင့်နှင့် ကနဦးဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ တာအိုနှင့် ဝိညာဉ်ကို ထိခိုက်စေသော ဒဏ်ရာများ မဟုတ်ပါက ခြေလက်များ အဖြတ်ခံရသည်ဖြစ်စေ၊ လုံးဝ ထက်ဝက်ပိုင်းခံရသည်ဖြစ်စေ ထိုအစိတ်အပိုင်းများက ပြန်လည်ကုစားပြီး အသစ်ပြန်လည်ဖွံ့ဖြိုးလာစေသည်။
ဟရူးဂါနတ်ဆိုးကျမ်းက အရမ်းအန္တရာယ်များသည့်အတွက် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းက သူတို့ကိုယ် သူတို့ ပြီးပြည့်စုံသော ယောက်ျားတစ်ယောက် ပြန်ဖြစ်လာအောင် ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးပေ။
ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ဖို့အတွက် ကျင့်ကြံသူတွင် သင်းကွပ်ခံထားရသည့် ခန္ဓာကိုယ် ရှိရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့ အလွယ်တကူ ချီဖောက်ပြန်ခြင်းကို ခံစားရနိုင်သည်။
ထို့အပြင် သူတို့က သူတို့၏ အခြေအနေနှင့် အသားကျနေပြီး ကိုယ့်ကိုယ်ကို ပြန်လည်ကုသဖို့အတွက် မစဉ်းစားခဲ့ကြပေ။
ရလဒ်အနေဖြင့် သူတို့က သင်းကွပ်ခံထားရသော ပုံစံကို ထိန်းသိမ်းထားခဲ့သည်။
သို့သော် ယခု အခွင့်အရေးကောင်းတစ်ခုက သူတို့ရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
ဟရူးဂါနတ်ဆိုးကျမ်းက နေမင်းတော်ဝင်ကျမ်းဆီမှ ဆင်းသက်လာသော ပျောက်ဆုံးနေသော အခန်းတစ်ခု ဖြစ်သည်။ ယခု နေမင်းတော်ဝင်ကျမ်းကို ပြောင်းလဲကျင့်ကြံပါကလည်း ကြီးကြီးကျယ်ကျယ် စွန့်စားရတာမျိုး မရှိနိုင်ပေ။
ရွှေကျီးများဆီမှ သန့်စင်သောစွမ်းအင်ကြောင့် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းက နေမင်းတော်ဝင်ကျမ်းကို ပြောင်းလဲကျင့်ကြံဖို့အတွက် ၉၀ ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိနေပြီး နောက်တစ်ဆင့်ကိုပင် တက်လှမ်းဖို့ ယုံကြည်မှု ရှိသည်။ မသန်စွမ်း ခန္ဓာကိုယ်အနေဖြင့် စွမ်းအင်အဆီအနှစ် စိမ့်ထွက်ရန် ပိုမိုလွယ်ကူသည်။ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံအောင် လုပ်မှ ဒီထက်ပိုပြီး မြင့်မားသော နေရာသို့ ရောက်ရှိနိုင်ပေမည်။
ကွေ့ကုန်းကုန်းက ရှန်ထျန်းကို ကျေးဇူးတင်စွာဖြင့် စိုက်ကြည့်ပြီး ရေရွတ်လိုက်သည်
“ ငါ အရင်ဘဝတုန်းက ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့ အရှင့်သားက ငါ့ကို ကူညီဖို့ ဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ။ ငါက ဒါနဲ့ မထိုက်တန်ပါဘူး။
ကိုယ်လုပ်တော်လန် စိတ်မပူပါနဲ့နော်။ ကျွန်တော်မျိုး အကောင်းဆုံး ကြိုးစားကျင့်ကြံပြီးတော့ အရှင့်သားကို မှီအောင် ကြိုးစားပြီးတော့ ကျွန်တော်မျိုးရဲ့ အကောင်းဆုံးစွမ်းရည်တွေနဲ့ အမှုထမ်းပါ့မယ်။”
သူက တစ်ခုခုကို တွေးမိသွားသည့်ပုံစံဖြင့် ကွေ့ကုန်းကုန်း၏ အကြည့်တို့ မှေးမှိန်သွားကာ ပြောလိုက်သည်
“ အရှင့်သားရဲ့ အရည်အချင်းက ကျွန်တော်မျိုး ဘယ်လောက်ပဲ လိုက်မှီဖို့ ကြိုးစားနေပါစေ နောက်ကျောပုံရိပ်ကို အဝေးကနေ ကြည့်နေရုံပဲတတ်နိုင်တာ။ သူက ကျွန်တော်မျိုးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားတာမျိုးတောင် ဖြစ်နိုင်တယ်။
ကံကောင်းလို့ အရှင့်သားမှာ သူနဲ့ မျိုးဆက်တူ ပါရမီရှင်တွေ ရှိသေးလို့။
အဲဒီပါရမီရှင်တွေက အရှင့်သားနောက်ကို လိုက်နေတာမလို့ အရှင့်သားရဲ့ ကျင့်ကြံရေးခရီးစဉ်မှာ အထီးကျန်ရမယ်လို့တော့ မထင်ပါဘူး။
ကိုယ်လုပ်တော်လန် ဒီနတ်ဧကရာဇ်ဂူဗိမာန်ထဲမှာ အရှင့်သား ဘေးကင်းအောင် ကောင်းချီးပေးပါ။
အန္တရာယ် တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် သူ့ကို ကာကွယ်ဖို့အတွက် ကျွန်တော်မျိုးရဲ့ အသက်ကို စွန့်လွှတ်ရဲပါတယ်။”
ကွေ့ကုန်းကုန်းက ကတိများပေးပြီး မျက်လုံးထဲတွင် မျက်ရည်ပူများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သေစမ်း… တစ်ခုခုတော့ မဟုတ်တော့ဘူးလို့ ခံစားလာရပြီ
ကြက်သီးထစရာကောင်းတဲ့ ခံစားချက်….နည်းနည်းလည်း ယားတယ်
ကြည့်ရတာ ငါ့ပစ္စည်းလေးက တကယ် ထွက်လာပြီထင်တယ်