နယ်မြေငါးခုတွင် အမြန်ဆုံးသူ
Vol. 25 Ch. 369
အခန်း (၃၆၉) : နယ်မြေငါးခုတွင် အမြန်ဆုံးသူ
ပင်လယ်အံ့ဖွယ်တူက ထာဝရသတ္တုစာရင်းတွင် အဆင့်ငါးချိတ်ပြီး နဂါးနက်သတ္တုဖြင့် ပြုလုပ်ထားကာ စစ်မှန်သော ထာဝရအသုံးအဆောင်ပစ္စည်း ဖြစ်ဖို့အတွက် အနည်းငယ်သာ လိုတော့သည်။
ပင်လယ်အံ့ဖွယ်တူက ထာဝရတပိုင်း အသုံးအဆောင်ပစ္စည်းများထဲတွင် အကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်။
တန်ဖိုးက ထျန်းကျူဓားထက်ပင် ပိုမြင့်သည်။
ပုံမှန်အားဖြင့် အထွတ်အမြတ်မြေအသီးသီး၏ ပါရမီရှင်များ တည်ရှိနေမှုက ထိုပစ္စည်း၏ တန်ဖိုးကို အသိအမှတ်ပြုပေးနိုင်သည်။
သူတို့ဆီမှာ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်း မရှိသော်လည်း ထိုပစ္စည်းကို မြင်သည့်အခါ အနည်းဆုံး သူတို့ မှတ်မိနေနိုင်သည်။
ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို ထုတ်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ပါရမီရှင်များအားလုံးက တံတွေးကို မျိုချလိုက်ကြသည်။ သူတို့ မတတ်နိုင်ဘဲ အားကျမိကြသည်။ ထိုထဲတွင် ချီရှောက်ရွှမ်လည်း အပါအဝင်ဖြစ်သည်။
ချီရှောက်ရွှမ်ကိုလည်း ကံကြမ္မာသားတော်ဟု ခေါ်ကြသော်လည်း သူ့လက်နက်များကို အဆင့်မြင့် အံ့ဖွယ်အသုံးအဆောင်ပစ္စည်းများဟုသာ သတ်မှတ်နိုင်သည်။
ခရမ်းစံအိမ်အထွတ်အမြတ်မြေ တစ်ခုလုံးတွင်ပင် ထာဝရတစ်ပိုင်းအဆင့်ရှိသော ရတနာများ အနည်းငယ်သာ ရှိသည့်အတွက် ကနဦးဝိညာဉ်အဆင့်သာရှိသော ချီရှောက်ရွှမ်ဆီ သူတို့မပေးနိုင်ပေ။ အထူးသဖြင့် ခရမ်းစံအိမ်ဂိုဏ်းချုပ်က ကပ်စေးနဲသည်ကလည်း ပါသည်။
သူက ရှန်ထျန်းကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်
“ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းဆီမှာ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းတစ်ခု ရှိနေတာပဲ”
ထိုရှာဖွေတွေ့ရှိမှုကြောင့် ချီရှောက်ရွှမ် ဒေါသထွက်မိသည်။
ချီရှောက်ရွှမ် ယခု ဘာတွေးနေသည်ကို ရှန်ထျန်းမသိပေ။ မဟုတ်ပါက သူ သေချာပေါက် ချီရှောက်ရွှမ်ကို နှစ်သိမ့်ပေးလိမ့်မည်။
ဥပမာပြောရမယ်ဆိုရင် သူ ဒီလိုပြောလိမ့်မယ်
“ တကယ်တော့ ကျွန်တော်ဆီမှာ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းတွေ တစ်ခုထက်ပိုပြီးတော့ ရှိပါတယ်။ ထျန်းကျူဓားနဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားပါ ထည့်လိုက်ရင် အနည်းဆုံး သုံးခုလောက် ရှိတယ်။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၏ ပြုလုပ်ထားသော သတ္တုက ဆန်းကြယ်မြေစာရင်းမှာ အဆင့်သုံးချိတ်တဲ့ သန့်စင်သော ပြန်လည်ဝင်စားမြေနဲ့ လုပ်ထားတာ။ သူ့ရဲ့ တန်ဖိုးက ပင်လယ်အံ့ဖွယ်တူထက် မြင့်ပြီးတော့ သာမန် ထာဝရအသုံးအဆောင် ပစ္စည်းတွေဆိုရင် သူနဲ့တောင် နှိုင်းယှဉ်လို့ မရတော့ဘူး”
ချီရှောက်ရွှမ်သာ ထိုအကြောင်းကို သိသွားပါက ပင်လယ်အံ့ဖွယ်တူလောက်နှင့်တင် မအံ့ဩတော့ဘူးဟု ရှန်ထျန်း ယုံကြည်သည်။
လူမသိသူမသိနေဖို့လည်း လိုသေးတယ်ဆိုတော့ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းလောက်ဖြင့်တင် အခြေအနေကို ကိုင်တွယ်လို့ရပါသေးတယ်
အရမ်း အများကြီး ထုတ်ပြလိုက်ရင် တခြားသူတွေ အားကျသွားတာပဲ အဖတ်တင်လိမ့်မယ်
ချမ်းသာမှု အစစ်အမှန်ကို ထုတ်ပြတာက ဉာဏ်ရှိတဲ့ အလုပ်တော့ မဟုတ်ဘူး
ရှန်ထျန်းက လေထဲရှိ အဖြူရောင်အလင်းတန်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
ငွေရောင်အလင်းတန်း၏ အလင်းရောင်က အလင်းပြန်နေသည့်အတွက် သူ့မျက်လုံးထဲတွင် ကြယ်များ တောက်ပနေသလို ဖြစ်သွားစေပြီး ထူးခြားသွားစေသည်။
သူက တစ်စုံတစ်ခုကို လေ့လာဆန်းစစ်နေပုံပေါ်သည်။
လေထုထဲမှ ပိုင်တိ၏ အသံက ထွက်ပေါ်လာသည်
“ ဟား…ဟား…ဟား…ကောင်လေး မင်းက မဆိုးဘူးပဲ။ မင်းဆီမှာ ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းတစ်ခု ရှိနေတာပဲ။ လက်နက်တွေ ဘယ်လောက်ပဲ ကောင်းကောင်း သင်ပေးတဲ့ ဆရာအပေါ်မှာလည်း မူတည်သေးတယ်။
အဲဒီတူကို ငါ့ဆီ ပေးမယ်ဆိုရင် မင်းကို အမြတ်နိုးဆုံး အမွေအနှစ်ပညာရပ်ကို သင်ပေးဖို့ စဉ်းစားကြည့်မယ်။”
သူ၏ ဂုဏ်မောက်သောအသံက စင်္ကြန်တစ်လျှောက် ပျံ့နှံ့သွားကာ အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေသည်။
အားလုံးက ဖြောင့်မတ်သော ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်ထျန်းက စိတ်တိုရမည့်အစား သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။
ရွှေမိုးကြိုးက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားကာ ပင်လယ်အံ့ဖွယ်တူဆီသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။
ထိုအခိုက်အတန့်တွင် သူက ကောင်းကင်မှ ဆင်းသက်လာသော မိုးကြိုးနတ်ဘုရားတစ်ပါးအသွင် ဆောင်နေသည်။
ရှန်ထျန်းက အဖြူရောင်အလင်းတန်းကို စိတ်ဝင်စားစွာဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ကျွန်တော် ကြားဖူးတာတော့ လိပ်မျိုးနွယ်ဝင် တစ်ယောက်ချင်းစီတိုင်းမှာ ပြိုင်ဘက်ကင်းပြီး မထိုးဖောက်နိုင်တဲ့ အကာအကွယ်တွေရှိတယ်လို့ ကြားဖူးတယ်။ အထူးသဖြင့် အကာအကွယ်တွေကို ထိုးဖောက်နိုင်တဲ့ နဂါးနက်သတ္တုကရော စီနီယာရဲ့ အကာအကွယ်ကို ထိုးဖောက်နိုင်မလားဆိုတာကို ကျွန်တော် သိချင်မိတယ်။ စီနီယာ ပိုင်တိ စမ်းကြည့်ချင်လား”
ထိုအသံက ခဏတာ တွေဝေသွားပုံပေါ်သော်လည်း သူက သူ့အမြန်နှုန်းနှင့် ပတ်သက်ပြီး အတော်လေး ယုံကြည်မှု ရှိပုံပေါ်သည်။
သူက လှောင်ရယ်ကာ ပြောလိုက်သည်
“ ဒါက နဂါးနက် သတ္တုလေးပဲလေ။ အဲဒါက ငါ့ရဲ့ ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းနိုင်ဖို့အတွက် မထိုက်တန်ဘူး”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အဲလိုဆိုရင်လည်း တိုက်ခိုက်ရတာ ပိုပြီးတော့ လွတ်လပ်သွားတာပေါ့”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှန်ထျန်း၏ မူလနေရာမှ ပျောက်သွားကာ ရွှေရောင်ပုံရိပ်များသာ ချန်ထားခဲ့သည်။ သူ့ အရှိန်က အရမ်းမြန်သည့်အတွက် တခြားသူများ သူ့ကို ရှင်းလင်းစွာ မမြင်ရတော့ပေ။
ပတ်ဝန်းကျင်မှာ ကြည့်နေသော ပါရမီရှင်များအနေဖြင့်လည်း ထိုရွှေရောင်ပုံရိပ်က အဖြူရောင်အလင်းတန်းထက် မြန်နေကြောင်းကို ခံစားမိကြသည်။
ဂျိန်း…
ဝုန်း…
စွမ်းအင်ပေါက်ကွဲသံများက လေထုထဲတွင် ပျံ့နှံ့နေပြီး ခန္ဓာကိုယ်တစ်ခု ပွတ်တိုက်မိသံများကိုလည်း ကြားနေရသည်။
စင်္ကြန်တစ်ခုလုံးလည်း တောက်ပသော မိုးကြိုးများဖြင့် ပြည့်နှက်နေသည်။ အဖြူရောင်နှင့် ရွှေရောင်မိုးကြိုးများ အပြန်အလှန် ရစ်ပတ်နေကော ဘယ်သူက ဘယ်သူမှန်း မသိအောင် လုပ်နေသလို ဖြစ်နေသည်။
ချီရှောက်ရွှမ်၏ ခရမ်းစံအိမ် ကောင်းကင်မျက်လုံးပင် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
သို့သော် သူ တစ်ခုခုကို မြင်လိုက်ရသည့်အတွက် ပြုံးလိုက်မိသည်။
ရုတ်တရက် တောက်ပလွန်းသောမိုးကြိုးက စင်္ကြန်လမ်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
တောက်ပသော နတ်မိုးကြိုးက ပြိုင်ဘက်ကင်းတူ ပုံရိပ်သဏ္ဌာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ပင်လယ်အံ့ဖွယ်တူနှင့် ချိတ်ဆက်သွားသည်။
ထိုအခိုက်အတန့်တွင် တောက်ပလွန်းသော ရွှေနဂါးက တူကို လွှမ်းခြုံသွားကာ စွမ်းအားကို ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်အောင် မြှင့်တင်ပေးနေပုံရသည်။
“ ကောင်းကင်လွင်ပြင် တူ ၃၆ ချက် … နေမီးလျှံ တူရိုက်ချက်”
ရှန်ထျန်း ကြွေးကြော်လိုက်ပြီးနောက် နေဆယ်စင်းက သူ့နောက်တွင် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် စင်္ကြန်အတွင်းရှိ မှေးမှိန်နေသော ကာကွယ်ရေးအစီအရင်များကလည်း ရုတ်တရက် လင်းလက်တောက်ပလာသည်။
အဆုံးမဲ့မီးစွမ်းအားက ထိုအစီအရင်များကို ဖြတ်သန်းကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားကာ ပင်လယ်အံ့ဖွယ်တူထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ပင်လယ်အံ့ဖွယ်တူက ကြီးမားသော နေလုံးတစ်ခု အသွင်ပြောင်းလဲသွားပုံပေါ်ကာ လေထဲရှိ တိကျသော နေရာတစ်ခုကို ထုရိုက်လိုက်သည်။
“ သေစမ်း… အာကာပြင်က ဘာလို့ ပိတ်သွားတာလဲ။
ဒါက ခွန်ပန်ရဲ့ အာကာပြင်ပိတ်ဆို့ခြင်း ပညာရပ်ပဲ။ မင်းက အဲဒါကို အောင်အောင်မြင်မြင်နဲ့ တကယ် ကျင့်ကြံပြီးသွားတာလား။ မင်းက မကောင်းဆိုးဝါးများလား။ မင်းက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်း၊ ခွန်ပန်ပညာရပ်၊ နေမင်းတော်ဝင်ကျမ်းနဲ့ ယုံနိုင်ဖွယ်ရာ မရှိတဲ့ တူပညာရပ်ကိုပါ သိနေတာပေါ့။
မင်းက ကာကွယ်ရေး အစီအရင်တွေအားလုံးကို ရွတ်ဆိုနိုင်ရုံနဲ့တင် ငါ့ရဲ့ ကာကွယ်ရေး အစီအရင်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ထင်မနေနဲ့။ အမြန်နှုန်းက ငါ့ရဲ့ အကောင်းဆုံး စွမ်းရည်ထဲက တစ်ခုဆိုတာကို မင်းသိထားသင့်တယ်။ ငါက…”
ဝုန်း…
သူ စကားပြောလို့မဆုံးသေးခင် အလင်းလုံးကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ပေါက်ကွဲမှုမှ မှိုသဏ္ဌာန် တိမ်တိုက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။
မီးခိုးနှင့် ဖုန်မှုန့်များ ပြန့်ကျဲသွားကာ စင်္ကြန်လမ်းတစ်ခုလုံးလည်း အနည်းငယ် တုန်လှုပ်သွားသည်။
မီးခိုးနှင့် ဖုန်မှုန့်များ ရှင်းလင်းသွားသည့်အခါ ရှန်ထျန်းက သူ၏ ပင်လယ်အံ့ဖွယ်တူကို ဖြည်းဖြည်းချင်း သိမ်းလိုက်သည်။
သူက ဓာတ်နှောဓမ္မစွမ်းအားကို အသုံးပြုခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖုန်လုံးဝ ရှိမနေဘဲ သူ့ ချပ်ဝတ်တန်ဆာပင် လင်းလက်တောက်ပနေဆဲ ဖြစ်သည်။
ပြီးသွားခဲ့သော တိုက်ပွဲကာ ဘာဖိအားမှမပါသည့် သာမန်တိုက်ပွဲတစ်ခုလိုမျိုး ထင်ဟပ်သွားစေသည်။ ထိုကဲ့သို့သော ရှန်ထျန်း၏ ပုံစံကြောင့် မင်းသမီးလင်းလုံနှင့် တခြားသူများ ဆွဲဆောင်ခံလိုက်ရသည်။
တစ်ဖက်တွင်လည်း မြေကြီးပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ လိပ်ကြီးတစ်ကောင်ကို ထိုထဲတွင် မြှုပ်နှံထားသည်။
မူလတုန်းက ထိုလိပ်ကြီးသည် ခေါင်းမှ ခြေဖျားအထိ ဖြူနေပြီး လိပ်ခွံက အဖြူရောင်ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည်။
ယခုတော့ ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးမီးတောက်များဖြင့် ပစ်ချခံထားရပြီး ခေါင်းမှာလည်း အဖုကြီးတစ်ခု ထွက်နေသည်။
အဖုကလည်း တစ်ခုထဲတင် မဟုတ်ဘဲ ခေါင်းပေါ်မှာပင် ဆယ်ခုထက်ပိုသော အဖုများဖြင့် ယောင်ကိုင်းနေသည်။ အကြီးဆုံးတစ်ဖုက ခေါင်းတစ်ခေါင်းစာလောက်ပင် ရှိသည်။
ထိုအခိုက်အတန့်တွင် ပိုင်တိ စတင်ရောက်ရှိလာစဉ်က ပြောခဲ့သော ဂုဏ်မောက်မှုများအားလုံး လုံးဝ ပျောက်ကွယ်သွားရသည်။
သူက ရှန်ထျန်းကို ကြည့်ရင်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဖြစ်နေသည်။
ပိုင်တိက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲတွင် ရှန်ထျန်းကို အဝေးမှ စောင့်ကြည့်ခဲ့သည့်အတွက် လျှော့တွက်လို့ မရသောသူဆိုတာကို ကောင်းကောင်းသိထားသည်။ ထို့အပြင် ရှန်ထျန်းက ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းနှင့် နှိုင်းယှဉ်လို့ရလောက်အောင်အထိ အရည်အချင်းရှိသည် သို့မဟုတ် သူကပင် ပိုပြီးတော့ အရည်အချင်း ရှိနေနိုင်သည်။
ထို့ကြောင့် သူ လိုချင်တပ်မက်မိသော်လည်း အလောတကြီးဖြင့် ရှန်ထျန်းကို သူ အိမ်မွေးတိရစ္ဆာန်လေး လုပ်ခိုင်းလို့ မရပေ။ ထို့အစား သူ စိတ်ရှည်ရှည်ဖြင့် ကျင့်ကြံဆင့် ပြန်လည်ရရှိရေးအပေါ်သာ အာရုံစိုက်ထားခဲ့သည်။
သို့သော် ရှန်ထျန်း ကျင့်ကြံနှုန်းက ပိုင်တိ ကျင့်ကြံဆင့် ပြန်လည်ရရှိအောင် လုပ်သည့်နှုန်းထက် ကျော်လွန်သွားမည်ဟု ပိုင်တိ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။
ပိုင်တိ၏ ယခင်ဘဝက ကျင့်ကြံဆင့်က ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်ထက် အများကြီးကျော်လွန်သည့်အတွက် ပြန်လည်ကျင့်ကြံသည့်အခါ အတားအဆီးများ မရှိပေ။
သူက ဧရာမစွမ်းပကားရှင် ကျင့်ကြံသူဖြစ်လာသော်လည်း အတိဒုက္ခဖြတ်ကျော်ခြင်း၊ သေခြင်းရှင်ခြင်းကပ်ဘေးအဆင့်အောက်ရှိ ပြိုင်ဘက်များနှင့် အရင်ဘဝ၏ ကျင့်စဉ်နှင့် ယှဉ်လျှင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသည်။
ထို့ကြောင့် အမြန်နှုန်းတစ်ခုထဲကိုသာ နှိုင်းယှဉ်ပါက အားနည်းသော ဝိဇ္ဇာများပင် သူ့ကို မယှဉ်နိုင်သလို သူ့ကို ဘယ်တော့မှ မှီအောင်လည်း လိုက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ပိုင်တိက သူ လက်ရှိ ကျင့်ကြံဆင့်နှင့် အရှိန်ဖြင့် ဤဂူဗိမာန်ထဲရှိနေသူအားလုံးကို သေချာပေါက် လွှမ်းမိုးနိုင်သည်ဟု တွက်ထားခဲ့သည်။
သူ ဂိုဏ်းချုပ်များနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့၏ ကျင့်ကြံဆင့်များလည်း ဖိနှိပ်ခံထားရသည့်အတွက် သူ မကြောက်ရွံ့ပေ။
သူ့ဆီမှာ ထူးခြားသော စွမ်းရည်ရှိကြောင်း ယခင်ဘဝရှိ ကျင့်ကြံဆင့်ဖြင့် သက်သေပြရလျှင် ဤဂူဗိမာန်ထဲရှိ လူအားလုံးကို အလွယ်လေး ကိုင်တွယ်လို့ရသည်။
သို့သော် သူက ဒီနေ့ ရှန်ထျန်း လိုက်ဖမ်းခြင်းကို ခံခဲ့ရပြီး တစ်ဖက်သတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သူ့ခေါင်းတစ်ခုလုံးကို တူဖြင့် ထပ်ခါထပ်ခါ ထုခံထားရသည့်အတွက် နီရဲဖူးယောင်နေသည်။
သူက အရမ်းရက်စက်တာပဲ။ သူက မကောင်းဆိုးဝါးပဲ
သူ့ရဲ့တိုက်ခိုက်မှုက ငါ့ရဲ့ လိပ်မျိုးနွယ် အကာအကွယ်ကို ထိုးဖောက်နိုင်လောက်တဲ့အထိ စွမ်းအားကြီးရုံတင်မကသေးဘူး သူ့အရှိန်ကလည်း အရမ်းကို မြန်နေတယ်
ရွှေအလင်း နတ်ဧကရာဇ်တစ်ပိုင်းသာ ဒီကလေးနဲ့ တစ်ခေတ်တည်းသာဆိုရင် “ အရှေ့ပိုင်းလွင်ပြင်မှာ အမြန်ဆုံးသူ”ဆိုတဲ့ ဂုဏ်ပုဒ်က ရွှေအလင်း နတ်ဧကရာဇ်ရဲ့ အပိုင် ဖြစ်လာမှာ မဟုတ်ဘူး
ရှန်ထျန်းသာ သူ၏ ပထမဆုံး မိုးကြိုးစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ပြီး ဝိဇ္ဇာတစ်ပါးဖြစ်လာပါက “ နယ်မြေငါးခုတွင် အမြန်ဆုံးသူ”ဆိုသော ဂုဏ်ပုဒ်ကို ရှန်ထျန်းဆီ ပေးချင်မိသည်။
မကောင်းဆိုးဝါးပဲ… သူက အရမ်း မကောင်းဆိုးဝါးဆန်တယ်
ဒီကလေးသာ ငါ့ကို မှီအောင် လိုက်နိုင်မယ်မှန်း သိခဲ့ရင် လျှောက်ပြီးတော့ ကြွားဝါတာမျိုး မလုပ်ခဲ့ပါဘူး
ကျစ်… ငါ့ခေါင်းအရမ်းကို နာတာပဲ