← Chapters

အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပထမမျိုးဆက် ယွဲ့ယူသဲ့

Vol. 25 Ch. 370

အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပထမမျိုးဆက် ယွဲ့ယူသဲ့

Vol. 25 Ch. 370

အခန်း (၃၇၀) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ပထမမျိုးဆက် ယွဲ့ယူသဲ့

ပိုင်တိက လိပ်နက်မျိုးနွယ်၏ အထွတ်အထိပ်အဆင့် မျိုးရိုးသန္ဓေပြောင်းလဲမှုဖြစ်သည့် လေဟာနယ် မိုးကြိုးလိပ် ဖြစ်သည်။

သာမန်လိပ်နက်၏ အကြီးမားဆုံး ထူးခြားမှုက သူ၏ စွမ်းအားကြီးသော ခုခံမှုနှင့် လွန်ကဲသော အသက်ရှည်မှုဖြစ်ပါက ပိုင်တိက ထိုထက်ပိုပြီး တစ်မူထူးခြားသည်။

သူ့ ခုခံမှုက အရမ်းအားကောင်းပြီး အသက်လည်း ရှည်ရုံသာမက မိုးကြိုးကို အလျင်အမြန် ဖန်တီးနိုင်ပြီး မွေးရာပါ အာကာပြင် ထိန်းချုပ်နိုင်စွမ်းလည်း ပိုင်ဆိုင်ထားသည်။ သူက ဒဏ္ဍာရီလာ ပညာရပ်ဖြစ်သည့် “ လေဟာနယ် လွတ်မြောက်ခြင်း”ကိုလည်း ပိုင်ဆိုင်ထားသည်။

လေဟာနယ် လွတ်မြောက်ခြင်းပညာရပ်ကို အသုံးပြုသည့်အခါ ပိုင်တိ၏ ခန္ဓာကိုယ်နှင့် အာကာပြင်က တစ်သားတည်း ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အာကာပြင် ကာကွယ်ခြင်းအလွှာ ဖြစ်ပေါ်လာပြီး သူ၏ ကိုယ်ပိုင် လိပ်ခွံချပ်ဝတ်တန်ဆာဖြင့် ပေါင်းစပ်သွားကာ တိုက်ခိုက်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ပေးနိုင်သည်။

သူ့ ခုခံမှုက သွေးသန့် လိပ်နက်တစ်ကောင်ထက်ပိုပြီးတော့ စွမ်းအားကြီးသည်။

ပိုင်တိ၏ တိုက်ခိုက်စွမ်းရည်က သူနှင့် အဆင့်တူသူများကြားထဲတွင် စွမ်းအားကြီးသည်ဟု မဆိုနိုင်သော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းက ဘာနှင့်မျှ လဲလှယ်လို့ မရနိုင်ပေ။

ဆိုလိုသည်က ပိုင်တိက သတ်ဖြတ်လုပ်ကြံခြင်း ပညာရပ်များတွင် အရမ်းကျွမ်းကျင်ပြီး လေဟာနယ်ထဲတွင် ပုန်းကွယ်နေကာ အနောက်ဖက်မှ ပေါ်လာပြီး ချုံခိုတိုက်ခိုက်နိုင်သလို တစ်ခုခုလွဲချော်သွားပါကလည်း လေဟာနယ်ကို ဖြတ်သန်းကာ ထွက်ပြေးသွားလို့ ရသည်။

ထိုအချိန်တွင် တစ်ဖက်က သူ့ကို ဘယ်လိုနည်းနှင့်မှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သူက နယ်မြေငါးခုတွင် စွမ်းအားအကြီးဆုံး လိပ်နင်ဂျာ သေချာပေါက် ဖြစ်လာနိုင်သည်။

ထို့ကြောင့်လည်း ခွန်ယု၊ ခွန်မင်နှင့် ကျန်တဲ့သူများက ပိုင်တိကို ရင်မဆိုင်နိုင်ဖြစ်နေရခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင်ပင် ဤပြိုင်ဘက်ကင်း အံ့ဖွယ်သားရဲက ရှန်ထျန်း၏ ခြိမ်းခြောက်မှုကို လုံးဝ ခံလိုက်ရသည်။

လိပ်၏ ခေါင်းတွင် နောက်ထပ် အနီရောင်ဖုကြီး ထွက်လာသည့်အတွက် ချီရှောက်ရွှမ်နှင့် ခွန်မင်တို့ ကြောက်လန့်ပြီး ချွေးစေးများပင် ထွက်လာသည်။

ကံကောင်းစွာဖြင့် သူတို့ ရှန်ထျန်းနှင့် ရင်ဆိုင်ခဲ့ရစဉ်တုန်းက ဤလိပ်လောက် မမောက်မာခဲ့ကြပေ။ သူတို့သာ သူ့ကို တကယ် စော်ကားခဲ့ပါက … သူတို့၏ ခေါင်းများလည်း ထိုလိပ်လိုမျိုး ဖူးယောင်နေမှာ သေချာသည်။

“ စီနီယာရဲ့ အမြန်နှုန်းက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ အဲဒါကိုတော့ ကျွန်တော် လေးစားပါတယ်”

ရှန်ထျန်းက သူ၏ ပင်လယ်အံ့ဖွယ်တူကို အသုံးပြုကာ ပိုင်တိကို ပြုံးပြရင်း ပြောလိုက်သည်

“ ကျွန်တော်တို့ တိုက်ခိုက်တုန်းက ကျွန်တော်တို့ရဲ့ တိုက်ခိုက်စွမ်းရည်က လက်ရည်တူနေခဲ့တယ်။ ကျွန်တော်တို့ သရေကျတယ်လို့ သတ်မှတ်လိုက်ကြမလား”

သရေတဲ့လား

အားလုံးက သူ့ကို လေးစားစွာဖြင့် စိုက်ကြည့်မိသွားကြသည်။

သူက တကယ်ကို ငါတို့ရဲ့ ညီအစ်ကိုရှန်ပဲ

သူက သေချာပေါက် သူ့ပြိုင်ဘက်ကို ဖိနှိပ်နိုင်ခဲ့ပေမဲ့လည်း မောက်မောက်မာမာ မပြုမူပဲနဲ့ အဲဒီလိပ်ကို ဂုဏ်သိက္ခာအဖတ်ဆယ်လို့ ရအောင်ပါ လုပ်ပေးနေသေးတယ်

အဲလိုမျိုး သဘောထားတဲ့ အပြုအမူကြောင့် သူ့ရဲ့ ကမ္ဘာ့ရန်သူတောင် လေးစားရလိမ့်မယ်

ခွန်မင် သက်ပြင်းချကာ ရှန်ထျန်းနှင့် ယှဉ်ပြိုင်ဖို့အတွက် အတွေးများထဲ နစ်မြောနေသည်။

သို့သော် ယခု သူ လုံးဝ အရေးနိမ့်သွားပြီဖြစ်သည်။

သူ့ ကျင့်ကြံဆင့်က ရှန်ထျန်းထက် မြင့်နေတော့ရော ဘာဖြစ်လဲ

တိုက်ပွဲစွမ်းရည်နဲ့ အပြုအမူတွေကို ရှန်ထျန်းနဲ့ ယှဉ်လိုက်ရင် သူက တောက်ပတဲ့နေမင်းဘေးက ပိုးစုန်းကြူးလောက်ပဲ ရှိတာ။ ဒါက နှိုင်းယှဉ်တယ်လို့တောင် ပြောလို့မရဘူး

အားလုံးက ပိုင်တိဆီသို့ အကြည့်ရောက်သွားကြသည်။

ဒီလိပ်က ဘာတွေများ ထပ်ပြီးတော့ ပြောနိုင်မှာလဲ

ပိုင်တိက နာကျင်မှုကြောင့် အံကြိတ်ထားမိသည်။

သို့သော် အားလုံး၏ အကြည့်က သူ့ဆီရောက်နေတာကို သတိထားမိပြီး မျက်နှာနီရဲသွားကာ ပြောလိုက်သည်

“ အဟမ်း… မင်းက အရည်အချင်းလည်း ရှိသလို အမြော်အမြင်လည်း ရှိသားပဲ”

ပိုင်တိက ယောင်ကိုင်းနေသော မျက်နှာမှာ နာကျင်မှုကို မြိုသိပ်ကာ စကားပြောနေရသည်

“ ဒါပေမဲ့ တစ်ခုတော့ ရှင်းအောင် ပြောထားချင်တယ်။ စောနက ငါတို့ တိုက်ခိုက်တုန်းက မင်းကို အလျှော့ပေးထားခဲ့တယ်။

လိပ်လက်သီးကို သုံးတုန်းက မင်းရဲ့ နှာခေါင်းကို မထိုးမိခင် စွမ်းအားအပြည့်ကို ပြန်ပြီးတော့ ရုတ်သိမ်းခဲ့တာ။

တိုက်ခိုက်တဲ့စည်းမျဉ်းတွေအရဆိုရင် မင်း အစကတည်းက ရှုံးနေပြီ။ ငါသာ အဲဒီလက်သီးချက်ရဲ့ စွမ်းအားအပြည့်ကို လွှတ်ထုတ်လိုက်မယ်ဆိုရင် မင်းရဲ့ ဝိညာဉ်ကို တစ်စစီဖြစ်သွားအောင် လုပ်လိုက်နိုင်တယ်။

စောနက မင်းအပေါ်မှာ စွမ်းအားအပြည့် မသုံးလိုက်ဘူးဆိုတာကို မင်း သိထားသင့်တယ်။ ဒါပေမဲ့ မင်းရှုံးတာကို ဝန်မခံပဲနဲ့ ငါ့ရဲ့ခေါင်းကိုတောင် တူနဲ့ထုလိုက်သေးတယ်။

မင်းက ငါ့ရဲ့ ဂျူနီယာဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး အငြိုးအတေး မထားတော့ပါဘူး။ ငါ တခြားတစ်ယောက်နဲ့သာ တိုက်ခိုက်ခဲ့တယ်ဆိုရင် ဒီလောက်ထိ သက်ညှာပေးမှာ မဟုတ်ဘူး”

ကျန်ရှိနေသော ပါရမီရှင်များက ပိုင်တိ၏ မျက်နှာပြောင်ပုံကို ကြည့်ပြီး နှုတ်ခမ်းများ တွန့်ချိုးလိုက်မိသည်။

သူတို့ ယခင်တုန်းက ဒီလောက်ထိ အရှက်မရှိသောသူကို မမြင်ဖူးကြပေ။

သူ့လိပ်ခေါင်းက ရိုက်နှက်ခံထားရလွန်းလို့ လုံးဝ ဖူးယောင်နေတာတောင် သူ မရှုံးဘူးလို့ ခံငြင်းနေသေးတယ်

ကျန်းယွင်ရှီးက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်

“ လိပ်အိုကြီးက သူ မရှုံးဘူးလို့ ခံစားနေရတယ်ဆိုမှတော့ … မောင်လေး ဘယ်သူက အနိုင်ရလဲဆိုတာကို ရှင်းရှင်းလင်းလင်းလေး သိသွားအောင် သူနဲ့ ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါလား။ ဒီတစ်ခေါက်တော့ မျှမျှတတ လုပ်လိုက်ပါ။”

ကျစ်…

ဘယ်လောက်တောင် ကောက်ကျစ်တဲ့ မိန်းမလဲ

ပိုင်တိက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်

“ အဟမ်း… ဒီ… ကောင်းပြီလေ…”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ရပါတယ်။ ပိုင်တိရဲ့ မိုးကြိုးပညာရပ်က ပြိုင်ဘက်ကင်းတယ်လေ။ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုကနေ ကျွန်တော်ရဲ့ အတွင်းပိုင်းအင်္ဂါမှာ ထိခိုက်မှုတွေ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်ပြီးတော့ ဒဏ်ရာတွေ ပိုပြီးတော့ ဆိုးလာမယ်ဆိုရင် ဒီဂူဗိမာန်ထဲမှာ အန္တရာယ်တစ်ခုခုကြုံတွေ့တဲ့အခါ အရေးနိမ့်သွားလိမ့်မယ်”

အတွင်းပိုင်း ဒဏ်ရာတွေတဲ့လား

ရှန်ထျန်း၏ စကားကြောင့် ပါရမီရှင်များ၏ မျက်နှာထားအားလုံးလည်း ပြောင်းလဲသွားသည်။

ချီရှောက်ရွှမ်နှင့် ဝမ်ရှန်းယုတို့ကလည်း အချင်းချင်းကြည့်ကာ သူတို့မျက်နှာထားများက အတော်လေး ကို့ရို့ကားရားနိုင်လှသည်။

ညီအစ်ကိုရှန်ကို ကြည့်ရတာ စွမ်းအင်အပြည့်နဲ့ တောင့်တင်းသန်မာတဲ့ပုံ ပေါ်ပါတယ်။ သူ့ကို ကြည့်ရတာ အတွင်းပိုင်းဒဏ်ရာတွေ ရထားတဲ့ပုံလည်း မပေါ်ပါဘူး

ဒီလိပ်က အရမ်းကို တော်နေတယ်လို့တော့ မပြောနဲ့နော်။ သူ့ခေါင်းက ဒီလောက်ထိ ဖူးယောင်နေတာတောင် ညီအစ်ကိုရှန်ကို ထိခိုက်အောင် လုပ်နိုင်တယ်တဲ့လား

ငါ ဘာလို့ ဒါကို လုံးဝ မယုံနိုင်ရတာပါလိမ့်

ကျန်းယွင်ရှီး၊ မင်းသမီးလင်းလုံနှင့် တခြားအမျိုးသမီး ပါရမီရှင်များ၏ စိတ်ထဲတွင် အတွေးတစ်ခုထဲသာ ရှိသည်။

“ သူတော်စင် ဒါက ကျွန်မတို့ မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ ကုစားဆေးလုံး သုံးရောင်ခြယ် ဆေးငါးမျိုးအဆီအနှစ်ပါ။ ဒါကို သုံးရောင်ခြယ်ရေစင်နဲ့ ထူးခြားဆေးပင်ငါးမျိုးနဲ့ ပေါင်းပြီး ကျိုချက်ထားတာ။ ဒါက အတွင်းပိုင်းဒဏ်ရာတွေအတွက် အရမ်းကောင်းတယ်။ ဒါကို ချက်ချင်း သောက်လိုက်ပါ”

“ သူတော်စင်ရှန် ဒါက နတ်ဘုရားတိုင်းပြည်ရဲ့ အဆုံးမဲ့ကောင်းကင်ကျောက် အဆီအနှစ်ပါ။ ဒါက သဘာဝအတိုင်း လုပ်ထားတာမလို့ ဒဏ်ရာမျိုးစုံကို သက်သာစေတယ်။ ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ အားဖြည့်ပေးတယ်။ ကျေးဇူးပြုပြီးတော့ ဒါကို ယူလိုက်ပါ”

“ မောင်လေး ... ငါ.. ငါ ဒီလိပ်ကို အခုချက်ချင်း ငရဲကို ပို့ပေးလိုက်မယ်။ သူက ဘယ်လိုလုပ်ပြီးတော့ မင်းကို ထိခိုက်အောင် လုပ်ရဲရတာလဲ။ သူက ဒါကို လိုချင်နေတာပဲ”

ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူ့အနေဖြင့် အမြန်ဆုံး အမျိုးသမီးတွေကို စိတ်ငြိမ်သွားအောင် လုပ်ရမယ်

သူက သုံးရောင်ခြယ် အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်ကာ ယခင်ကထက်ပိုပြီးတော့ တုန်လှုပ်လာသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ အားလုံးပဲ စိတ်မပူကြပါနဲ့နော်။ ကျွန်တော်ဆီမှာ သုံးရောင်ခြယ် ရေစင် ရှိတာမလို့ အသက်အန္တရာယ် မထိခိုက်ပါဘူး”

သုံးရောင်ခြယ်ရေစင်တဲ့လား

အစ်ကိုရှန်ဆီမှာ ဘယ်လောက်တောင်များတဲ့ ရတနာတွေ ရှိနေတာလဲ

သူက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီးတော့ အစစ်အမှန်ရေစာရင်းမှာ အဆင့်မြင့်တဲ့ နောက်ထပ် ထူးခြားအံ့ဖွယ်ပစ္စည်းကို ဘယ်လိုလုပ်ပြီးတော့ ပိုင်ဆိုင်လာပြန်တာလဲ

ချီရှောက်ရွှမ်က ကောင်းကင်ပုဆိန်လှံရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး မနာလိုမှုတို့ ဖြစ်ပေါ်နေသည်။

သူသာ ရှန်ထျန်းနဲ့ ဘယ်တုန်းကမှ မဆုံတွေ့ခဲ့ဘူးဆိုရင် ဂုဏ်ယူရတဲ့ ကံကြမ္မာသားတော် ဖြစ်နိုင်ခဲ့မှာ

ဒါပေမဲ့ ဒီကောင် ပေါ်လာပြီးနောက် ဘယ်သူမှ တောက်ပလို့မရတော့ဘူး။

ဒုတိယနေရာအတွက်ပဲ တိုက်ခိုက်လို့ရတော့တယ် …

ဝမ်ရှန်းယု၊ ခွန်မင်၊ ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့က တူညီသော အတွေးကို တွေးနေကြသည်။

ရှန်ထျန်းကို ယှဉ်ပြိုင်ဖို့က တကယ် မဖြစ်နိုင်ပေ။ သူတို့ ဘာသာသူတို့ နှိပ်စက်ခြင်းနှင့်တူပြီး ချီဖောက်ပြန်ခြင်း သို့မဟုတ် တခြားဆိုးရွားသော ကိစ္စများနှင့် ကြုံတွေ့ကာ အဆုံးသတ်သွားနိုင်သည်။

ရှန်ထျန်းက သဘောထားကြီးဖို့ကို ရွေးချယ်လိုက်သည့်အတွက် ပိုင်တိက စိတ်သက်သာရာရသွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တပည့်တွေကို သေချာသင်ကြားပေးထားတဲ့ပုံပဲ

အဲဒီသူတော်စင်က တကယ်ကို သဘောထားကြီးတာပဲ

ဒါကအမှန် မဖြစ်နိုင်ဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တိုင်းက သဘောထားမကြီးကြဘူး

ဥပမာအနေနဲ့ စောစောက ငါ ဂူဗိမာန်ဘေးမှာ မြင်ခဲ့တဲ့ ဝတုတ်တုတ် လူလိုမျိုးပေါ့။ သူလည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်ခဲ့ဖူးတာပဲ

အဲဒီကောင်က သဘောထားမကြီးရုံတင် မကသေးဘူး အကျင့်စာရိတ္တလည်း မကောင်းဘူး။ သူက ငါ အားထုတ်ပြီး အများကြီး သန့်စင်ထားခဲ့ရတဲ့ ခေါင်းတလားကို ဖောက်ထွင်းခဲ့တာ

အဲဒါ ငါ့ရဲ့ ခေါင်းတလားပဲ … အဲဒီအတွက် ကောင်းကင်က အပြစ်ပေးမှာကို မကြောက်ဘူးလား

ထိုလူကို စဉ်းစားမိပြီး ပိုင်တိ သွားမကြိတ်ဘဲ မနေနိုင်တော့ပေ။

သေစမ်း…

အဲဒီခေါင်းတလားက ငါ့အပိုင်ကွ …

All Chapters