အငြိုးကြီးဝိညာဉ် ဘဝကူးပြောင်းခြင်း…ဆန်းကြယ်သော ကျီး
Vol. 25 Ch. 373
အခန်း (၃၇၃) : အငြိုးကြီးဝိညာဉ် ဘဝကူးပြောင်းခြင်း…ဆန်းကြယ်သော ကျီး
တာအိုကိုယ်တော်ကြီး ယွဲ့ယူသဲ့က လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်တုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပထမဆုံးသူတော်စင် ဖြစ်ခဲ့သလို ကျန်းလုံယွမ်၏ ပထမဆုံး တပည့်လည်း ဖြစ်ခဲ့သည်။
ယွဲ့ယူသဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်လာခါစက ဂိုဏ်းသည် အားလျော့နေပြီး တပည့်လည်း အများကြီး မရှိသေးပေ။ ထို့ကြောင့် တခြားအထွတ်အမြတ်မြေများနှင့် ယှဉ်ပြိုင်ဖို့အတွက် မဖြစ်နိုင်ခဲ့ပေ။
ကြီးမြတ်သော ပါရမီရှင်များဖြစ်သည့် ကျန်းလုံယွမ်နှင့် ချူးလုံဟယ် ပြီးနောက် အသစ်သစ်သော မျိုးဆက်များတွင် ထူးခြားသောသူ တစ်ယောက်မှ ထပ်ပြီး ရှိမလာခဲ့ပေ။
အနည်းငယ် ပိုပြီး ထူးချွန်သည့် တစ်ဦးတည်းသောသူက ယွဲ့ယူသဲ့ ဖြစ်ခဲ့သည်။
ကျန်းလုံယွမ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် ပထမဆုံး သူတော်စင်အနေဖြင့် ဂိုဏ်းမှ ယွဲ့ယူသဲ့အပေါ် မြင့်မားသော မျှော်လင့်ချက်များ ထားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ယွဲ့ယူသဲ့၏ မွေးရာပါ အလားအလာက ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့ထက် ပိုပြီး နိမ့်ကျနေသည်။
ဘယ်လိုလုပ်နိုင်မှာလဲ
သေချာပေါက် အတင်းကျွေး လေ့ကျင့်မှု ဖြစ်ခဲ့တာပေါ့
ယွဲ့ယူသဲ့ ငယ်စဉ်တုန်းက ဆွဲဆောင်မှုရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောနိုင်သည်။ သူက ရှန်ထျန်းလောက် မချောမောသော်လည်း ခန္ဓာကိုယ်တည်ဆောက်ပုံက အရမ်းကောင်းမွန်သည်။
သို့သော် ကြာပြာကောင်းကင်အသျှင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အမျိုးမျိုးသော ဆေးလုံးများကို ဆက်တိုက်ကျွေးပြီး သူ့ကို ဝလာအောင် လုပ်ခဲ့သည်။
ဆေးလုံး အတင်းစားခိုင်းပြီး လေ့ကျင့်မှုကြောင့် ရလဒ်တချို့ကို ရရှိခဲ့သည်။
ယွဲ့ယူသဲ့က ဝသော်လည်း သူ၏ မိုးကြိုးကျင့်စဉ်က တစ်နေ့ထက် တစ်နေ့ တိုးတက်လာသည်။
သူနှင့် အဆင့်တူသူများထဲတွင် သူက ထိပ်ဆုံးပါရမီရှင် တစ်ယောက် မဖြစ်ခဲ့သော်လည်း ထူးချွန်သည့် ပါရမီရှင်များထဲတွင်တော့ တစ်ယောက် အပါအဝင် ဖြစ်ခဲ့သည်။ သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို အရှက်ရအောင် မလုပ်ခဲ့ပေ။
ယွဲ့ယူသဲ့ ရင့်ကျက်လာသည့်အခါ သူ စားသုံးနေသော ဆေးလုံးများက သူ့ဂိုဏ်းအနေဖြင့် ရဖို့ ခက်ခဲကြောင်းနှင့် ဘယ်လောက်ထိ ဈေးကြီးပြီး တန်ဖိုးကြီးကြောင်းကို သတိထားမိသွားသည်။
သူ့ကို ကြည့်ရတာ အေးဆေးတည်ငြိမ်ပုံပေါ်သော်လည်း ဂိုဏ်းကို ကျေးဇူးဆပ်ဖို့အတွက် နည်းလမ်းရှာမည်ဟု ကျိန်ဆိုခဲ့သည်။
တစ်နေ့တွင် သူက နဂါးဝိညာဉ် သတ္တုရိုင်းတုံးကျမ်းကို ရှာဖွေခြင်းဟုခေါ်သော လျှို့ဝှက်လမ်းညွှန်ကို အမှတ်တမဲ့ဖြင့် ရှာတွေ့သွားသည်။
ဤ လျှို့ဝှက်လမ်းညွှန်ထဲတွင် ရုပ်ကြွင်းများနှင့် သတ္တုရိုင်းတုံးများအကြောင်းကို စာရင်းသွင်းထားပြီး သူတို့၏ ဆန်းကြယ်သော အကြောင်းအရာများကိုလည်း ထည့်သွင်းထားသည်။ လမ်းညွှန်ထဲရှိ လမ်းညွှန်ချက်အတိုင်း လုပ်ပါက ရှေးဟောင်းကျင့်ကြံသူများ၏ ဂူဗိမာန်များတွင် ထူးခြားသောနေရာများကို ရှာတွေ့နိုင်လိမ့်မည် ဖြစ်သည်။
ဤလျှို့ဝှက်လမ်းညွှန်က ယွဲ့ယူသဲ့အတွက် အဖိုးတန်သော အရာတစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်မှစတင်၍ သူက ဂူသင်္ချိုင်းများ ဖောက်ထွင်းခြင်းကို စွဲလမ်းသွားခြင်း ဖြစ်သည်။
ရွှေအမြုတေ စံပြပုဂ္ဂိုလ်များမှ ဝိဇ္ဇာများအထိ သူတို့က ဂုဏ်သရေရှိ မိသားစု သို့မဟုတ် စွမ်းအားကြီးသောသူများ မဟုတ်သရွ့ ယွဲ့ယူသဲ့က သူတို့၏ ဂူသင်္ချိုင်းများကို ဖောက်ထွင်းသည်။
ဒါကို ဘယ်လိုပြောရမလဲ။ ဆင်းရဲတဲ့သူတွေကို ကူညီဖို့အတွက် ချမ်းသာတဲ့သူတွေဆီကနေ လုယက်တာလို့ ပြောရမလား
အဲဒီသေသွားတဲ့ ချမ်းသာတဲ့သူတွေဆီကနေ လုယက်ပြီးတော့ သနားစရာကောင်းတဲ့ သူ့ကိုယ်သူ ပြန်ပြီး ကူညီနေတယ် ပြောရမလားပဲ
သူ့အတွက် အသုံးဝင်သော ရတနာများကို ယွဲ့ယူသဲ့က အထွတ်အမြတ်မြေဆီသို့ ပေးကမ်းလိုက်သည်။
ဤလူက ရည်မွန်သည့်ပုံ မပေါ်သော်လည်း သူ၏ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအပေါ် ကူညီထောက်ပံ့မှုက ကောင်းကင်အသျှင်များနှင့် အကြီးအကဲများထက် သာသည်ဟုတော့ ပြောလို့ရသည်။
ယွဲ့ယူသဲ့ရဲ့ ဂုဏ်သရေ မရှိသည့် နည်းလမ်းတွေကြောင့်သာ မဟုတ်ပါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့နေရာကို ဆက်ခံဖို့အတွက် သူ့ကို ရွေးချယ်ခဲ့လိမ့်မည်။
သူက ဖြောင့်မတ်သော အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဖြစ်မလာနိုင်ဘူးဆိုတာကို သိထားသည့်အတွက် ယွဲ့ယူသဲ့လည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် အများကြီး ကြိုးစားမနေတော့ပေ။
ဂူသင်္ချိုင်းများကို ဖောက်ထွင်းသည့်နေရာတွင် သူက ကြာပြာကောင်းကင်အသျှင်ထက် ပိုပြီး အရှက်မဲ့သည်။
သူ့ဘဝ၏ အကောင်းဆုံးသော နေ့ရက်များတွင် အလယ်ပိုင်းကုန်းမြေရှိ အထွတ်အမြတ်မြေတစ်ခု၏ ရှေးဟောင်းဂူဗိမာန်တစ်ခုကိုပင် ဖောက်ထွင်းခဲ့သေးသည်။ ထို့ကြောင့် ထိုအထွတ်အမြတ်မြေမှ အကြီးအကဲချုပ်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ပြက်ရယ်ပြုခဲ့သည်။
ထိုကိစ္စကြောင့် အထွတ်အမြတ်မြေနှစ်ခု စစ်ဖြစ်မလိုပင် ဖြစ်သွားခဲ့သေးသည်။
ကံကောင်းစွာဖြင့် ကြီးမြတ်သော လွင်ပြင် နတ်ဘုရားတိုင်းပြည်က ကြားဝင် ပြေလည်အောင်လုပ်ပေးကာ နှစ်ဖက်လုံးရှိ ဂိုဏ်းချုပ်များနှင့် သူတော်စင်များကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ယွဲ့ယူသဲ့က တစ်ဖက်ရှိ သူတော်စင်နှင့် တိုက်ခိုက်သည့်အခါ ယောင်ကိုင်းသွားသည်အထိ ရိုက်နှက်ခံလိုက်ရပြီး သူ့ပြိုင်ဘက်ကလည်း ယွဲ့ယူသဲ့၏ မိုးကြိုးပညာရပ်ကြောင့် တစ်ကိုယ်လုံး မဲတူးနေခဲ့သည်။
ထိုအချိန်တွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် တစ်ဖက် ဂိုဏ်းချုပ်တို့က အာကာပြင်ထဲတွင် သုံးရက်နှင့် သုံးညကြာအောင် တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် အနိုင်ရသူ ပေါ်ထွက်လာခဲ့ခြင်း မရှိပေ။
မရေရာသော ရလဒ်များကြောင့် အထွတ်အမြတ်မြေနှစ်ခုကြားရှိ ပြဿနာက အနည်းနှင့်အများ ဖြေရှင်းပြီးသွားပြီဟု သတ်မှတ်လိုက်ကြသည်။
သို့သော် ယွဲ့ယူသဲ့၏ ဂုဏ်မရှိသော လုပ်ရပ်များက တခြားအထွတ်အမြတ်မြေများအနေဖြင့် သူ့ကို ဆန့်ကျင်လာအောင် အောင်မြင်စွာ လုပ်လိုက်နိုင်သည်။
ကျိရှားကျောင်းတော်၏ ဖူကျိက သူ့ကို ကျောင်းတော်ဆီ ကိုယ်တိုင်ခေါ်သွားကာ သီးသန့်အခန်းထဲတွင် နှစ်၁၀၀ ပိတ်ထားပြီး ကိုယ်လုပ်ခဲ့သော အပြုအမူများကို ပြန်လည် သုံးသပ်စေခဲ့သည်။
ယခု နှစ်ပေါင်းတစ်ရာ ကြာပြီးနောက် ကျိရှားကျောင်းတော်ဆီမှ လွတ်မြောက်လာကာ ပျော်ရွှင်မှုကို ရှာဖို့အတွက် ထာဝရဘုံဗိမာန်ကျွန်းဆီ သွားသော အဓိကအဖွဲ့နှင့် လိုက်သွားခဲ့သည်။
ဒီတစ်ခေါက်တော့ သူ ဂူဗိမာန်ကို တရားဝင် လုယက်လို့ရပြီ
အဘယ်ကြောင့်ဆိုသော် ဝိဇ္ဇာအားလုံးနီးပါးက သူ့ကို ကျွမ်းကျင် ဂူဗိမာန်ဖောက်ထွင်းသူဟု ခံစားမိသောကြောင့် ဖြစ်သည်။ ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန်ထဲတွင် မကောင်းသော တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက ဤလူက အသုံးဝင်နိုင်သည်။
ယွဲ့ယူသဲ့က တကယ်ပဲ တစ်ခုခုကို ရှာတွေ့သွားသည်ကတော့ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည်။
ဒီဂူဗိမာန်က တကယ်ကို ယုတ်မာပြီးတော့ ကံဆိုးတယ်
ဂျိန်း…
ရှန်ထျန်းနှင့် အနက်ရောင်မီးတောက်ထဲရှိ အငြိုးကြီးဝိညာဉ်တို့က ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
သူ၏ ပင်လယ်အံ့ဖွယ်တူ၏ စွမ်းအားကိုလည်း ရှေးဦးအဆီအနှစ် လေးလံရေစင်ကြောင့် အမြင့်ဆုံးအထိ မြှင့်တင်ထားသည်။
ဓာတ်နှောနတ်မိုးကြိုး၏ စွမ်းအားကိုပါ မြှင့်တင်ထားပြီး ရှန်ထျန်းက အငြိုးကြီးဝိညာဉ်ကို ထိန်းထားသည်။
အငြိုးကြီးဝိညာဉ်က ဝိဇ္ဇာတစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း စစ်မှန်သော ဝိဇ္ဇာတစ်ပါး၏ ဉာဏ်ရည်မျိုး မရှိပေ။ အကြမ်းဖျင်း အခြေခံတိုက်ခိုက်မှုများကိုသာ မှီခိုနေရသည်။ ဒီလိုဆိုလျှင်ပင် ပြိုင်ဘက်ကင်းဖြစ်ဖို့ လုံလောက်သည်။
ထိုအရာက ဝိဇ္ဇာတစ်ပါး၏ စွမ်းအား ဖြစ်သည်။ တခြား ကောင်းကင်အသျှင်သာဖြစ်ပါက အစိတ်စိတ်အမြွာမြွာ ဖြစ်နေလောက်လေပြီ။
ကြယ်ခြေမွ တူရိုက်ချက်
လဝန်းပင့်တင်တူ ရိုက်ချက်
နေမီးလျှံ တူရိုက်ချက်
အဆုံးသတ်နေ့ တူရိုက်ချက်
မိုးခြိမ်းသံ တူရိုက်ချက်
မဟာကောင်းကင် နဂါး တူရိုက်ချက်
နတ်ဆိုးအဆုံးသတ် တူရိုက်ချက်
ရှန်ထျန်း၏ လုံယွမ်နတ်ချပ်ဝတ်တန်ဆာ တောက်ပလာသည့်အတွက် သူက ရွှေရောင်နေမင်းကဲ့သို့ တောက်ပနေသည်။
ထိုရက်စက်ကြမ်းကြုတ်သော အနက်ရောင်မီးတောက်ကလည်း သွေးနီရောင်နေမင်းနှင့် တူသည်။ သူတို့နှစ်ယောက်က ထိုလှိုဏ်ခေါင်းထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
“ သခင် ဒီအငြိုးကြီးဝိညာဉ်ရဲ့ စွမ်းအားက ဒီထူးခြားတဲ့ပိုင်နက်တဲ့ အငြိုးအတေး အရှိန်အဝါကနေ ရလာတာ။ သူ့ရဲ့ အငြိုးအတေး အရှိန်အဝါကို သန့်စင်ဖို့အတွက် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်စက်ဝန်းပြားကို သုံးပြီးတော့ ကြိုးစားကြည့်ပါလား”
ဟာရီတီပုတီးစေ့များ တုန်ခါလာပြီးနောက် ကျိုးအာ၏ အသံကို ရှန်ထျန်း ကြားလိုက်ရသည်။
ထိုအရာကို သူ ခန့်မှန်းထားပြီးပြီဖြစ်သည့်အတွက် ရှန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ဝိဇ္ဇာအဆင့်နှင့် ကောင်းကင်အသျှင်အဆင့်ကြားရှိ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကို တွေ့ရန် ခက်ခဲလှသည့်အတွက် ရှန်ထျန်း အနည်းငယ်ကြာ ပိုပြီးတော့ ဆက်လက် တိုက်ခိုက်ချင်သည်။
ယခု ရှန်ထျန်းအတွက် ကောင်းကင်အသျှင်များက စိန်ခေါ်မှု တစ်ခု မဟုတ်တော့ပေ။
“ မင်းကို ကြည့်ရတာ တကယ်သနားဖို့ကောင်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဘဝပြောင်းနိုင်အောင် ကူညီပေးမယ်”
အနက်ရောင်မီးတောက်၏ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကို ခံစားမိပြီး ရှန်ထျန်း ခေါင်းကို အသာယမ်းလိုက်မိသည်။
သူက ရုတ်တရက် ပြင်းထန်သော ရိုက်ချက်ဖြင့် အငြိုးကြီးဝိညာဉ်ကို နောက်ဆုတ်သွားအောင် လုပ်လိုက်ပြီး ငွေကျောက်စိမ်းပြားကို ထုတ်ကာ ဖြည်းဖြည်းချင်း လည်ပတ်စေသည်။
ကျောက်စိမ်းပြားက ပိုမိုကြီးလာကာ မျက်နှာပြင်ပေါ်တွင် ထွင်းထားသော အက္ခရာစာ ခြောက်ခုကလည်း အံ့ဩဖွယ်ကောင်းသော အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။
အံ့ဖွယ်ဗုဒ္ဓ ရွတ်ဆိုနေသံကို ကြားယောင်ရသလိုမျိုး၊ ထာဝရအရှင်က ဘဝကူးပြောင်းခြင်းကို လုပ်ဆောင်ပေးနေသလိုမျိုး ခံစားရသည်။
“ ထာဝရ… ထာဝရ အသုံးအဆောင်ပစ္စည်းပဲ”
ရှန်ထျန်း၏ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို မြင်ပြီးနောက် ယွဲ့ယူသဲ့၏ မျက်လုံးတို့ ပြူးကျယ်သွားရသည်။
သူက နှစ်ရာပေါင်းများစွာ ဂူဗိမာန်များကို ဖောက်ထွင်းခဲ့ပြီး များပြားသည့် ကောင်းမွန်သောရတနာများကို တွေ့ခဲ့ဖူးသည်။ သူက ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းတချို့ကိုလည်း တွေ့ဖူးသည်။
သို့သော် ယခင်က ထာဝရ အသုံးအဆောင်ပစ္စည်းကို မမြင်ခဲ့ဖူးပေ။
ဂိုဏ်းတူညီလေးက ဘယ်လိုလုပ်ပြီးတော့ အဲလိုရတနာမျိုးကို ရခဲ့တာပါလိမ့်
ယွဲ့ယူသဲ့က အားကျနေသည့်အချိန် ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို အသက်သွင်းလိုက်သည်။
ထိုအနက်ရောင်မီးတောက်၏ အငြိုးအတေး အရှိန်အဝါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဖြင့် ဆေးကြောခံလိုက်ရပြီး ကုသိုလ်စွမ်းအင်အဖြစ် ပြောင်းလိုက်သည်။
ထိုအချိန်တွင် အနက်ရောင်မီးတောက်မှ ရွှေနီရောင်အဖြစ်သို့ ပြောင်းလဲကာ မီးစာကျမ်းကို အသုံးပြုပြီး ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရကာ နေမီးလျှံအစစ်ဖြင့် ပေါင်းစပ်သွားသည်။
ပိုမိုများပြားသာ ရွှေကျီးမီးတောက်များကို စုပ်ယူလိုက်ရသည့်အတွက် သူ၏ နေမီးလျှံအစစ် အရင်းအမြစ်လည်း ပိုမိုသန်မာလာသည်ဟု ရှန်ထျန်း ခံစားမိသည်။
တကယ်… တကယ်ကို ကောင်းတယ်လို့ ခံစားရတယ်
အငြိုးအတေး အရှိန်အဝါက ဆက်လက် ပျော်ဝင်သွားသည့်အတွက် ထိုအနက်ရောင်မီးတောက်များလည်း ပြင်းထန်အား လျော့နည်းလာသည်။
ထိုမီးတောက်ထဲတွင် ဖုံးကွယ်နေသော မကောင်းဆိုးဝါး၏ စစ်မှန်သော ပုံရိပ်ကို ရှန်ထျန်းနှင့် ယွဲ့ယူသဲ့တို့ ဖြည်းဖြည်းချင်း မြင်လာရပြီဖြစ်သည်။
အဲဒီမကောင်းဆိုးဝါးက ကျီးကန်းတစ်ကောင်ပဲ
ရွှေနီရောင် ကျီးကန်း…