← Chapters

အခန်း (၅၀၇)

Vol. 35 Ch. 507

အခန်း (၅၀၇)

Vol. 35 Ch. 507

အရူးလန်က ပြောလိုက်၏။ “အရင်တစ်ခါလိုပဲ စားပွဲခုံခင်းပြီး စစ်သားတွေစုဆောင်းမလို့လား”

ရှမ့်လန်က ပြောလိုက်သည်။ “သိပ်မှန်တာပေါ့”

ကျိုးရိချမ်က ပြော၏။ “သခင်လေး... ကျုပ်ရဲ့ လက်အောက်ငယ်သားနှစ်ရာ မကြာခင် မြို့တော်ထဲကို ရောက်လာလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီလူနှစ်ရာထဲက တစ်ရာက ခင်ဗျားရဲ့ လက်အောက်မှာ နေရလိမ့်မယ်။ ကျန်တဲ့တစ်ရာကိုတော့ ကျုပ် အခြားတစ်နေရာမှာ အသုံးချဖို့ရှိတယ်။ သူတို့ကို ထောက်လှမ်းရေး အထူးတပ်ဖွဲ့ဝင်တွေ အဖြစ် လေ့ကျင့်ပေးရမယ်”

ကျိုးရိချမ်က ပြောလိုက်၏။ “ရေနက်တပ်ဖွဲ့လိုမျိုးလား”

ရှမ့်လန်က ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့ထက် ပိုပြီးအဆင့်မြင့်တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုပဲ။”

ကျိုးရိချမ်က ပြောလိုက်၏။ “အင်း... ကျုပ် ခြွင်းချက်မရှိ အမိန့်နာခံပါ့မယ်။ ဒီတစ်ခေါက် နန်းတွင်းစာမေးပွဲမှာ ကျုပ်တို့က အံ့အားသင့်စရာကိစ္စရပ်တစ်ခုကို ဖန်တီးနိုင်တယ် ဆိုပေမယ့် လူတွေရဲ့ အမြင်မှာ မင်းသားနင်ကျန်းရဲ့ အခြေအနေက ပိုပြီးမြင့်တက်လာခြင်း မရှိသေးဘူး။ သူက ထီးနန်းကို ရရှိဖို့ မျှော်လင့်နိုင်စရာ မရှိသေးဘူး။ ဒါကြောင့် အဆင့်မြင့်သိုင်းပညာရှင်တွေက ကျုပ်တို့နဲ့ လာပြီး ပူးပေါင်းချင်မှာ မဟုတ်တာ သေချာတယ်။ ပြီးတော့ ကျုပ်တို့ ထိပ်တန်းသိုင်းသမားတွေကို စုဆောင်းဖို့ ခက်ခဲလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးက ကျုပ်ကို လူနှစ်ထောင်ပေးချင်တယ်လ နန်းတွင်းစစ်သည် တစ်ထောင်နှင့် နယ်ခြားစောင့်တပ်က စစ်သည်တစ်ထောင်ပဲ။ ဒါပေမယ့် ကျုပ်ငြင်းခဲ့တယ်။ ကျုပ်က အစအဆုံး အစကနေ ပြန်စမယ်။ လူသစ်တွေကို စုဆောင်းရမယ်”

“လူသစ်တွေ ဟုတ်လား။ ဘာအခြေခံမှ မရှိတဲ့ လူသစ်တွေလား” ကျိုးရိချမ်က မေးမြန်းလိုက်၏။

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ”

အရူးလန်က မေးလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ရဲ့ စံသတ်မှတ်ချက်တွေက ဘာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “သိုင်းမျိုးဆက် သွေးကြောပေါ့”

အရူးလန်က ပြောလိုက်၏။ “သခင်လေးရှမ့်.. ကျုပ်ပြောရမယ်လေ။ ကျုပ်တို့လို အထူးသွေးမျိုးဆက် ရှိတဲ့လူတွေ ဆိုတာ တကယ်ကို ရှားပါးတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်သိတာပေါ့။ ခင်ဗျားတို့ကို ကျန်းလီရဲ့ အကြွင်းအကျန်တွေလို့တောင် ခေါ်ကြတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက အလွန်အဆင့်မြင့်တဲ့ သွေးကြောစွမ်းအင်တွေရှိတယ်။ ခင်ဗျားတို့ ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်မှာ တချို့က မင်းမျိုးမင်းနွယ်တွေက မွေးစားခြင်းကို ခံရပြီး တချို့ကတော့ သေဆုံးသွားခဲ့တယ်။ ခင်ဗျားတို့ ဆယ့်တစ်ယောက်က နောက်ဆုံးတွေ့ရှိခဲ့ရတဲ့ ရတနာတွေလို့တောင် သတ်မှတ်နိုင်တယ်။”

အရူးလန်က ပြောလိုက်၏။ “ဒါဆိုရင် သခင်လေးဆိုလိုတဲ့ သွေးကြောဆိုတာ ဘာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒီလောကကြီးမှာ ရှိတဲ့လူတိုင်းက သိုင်းပညာသွေးကြော ရှိတယ်။ မြင့်မြင့်၊ နိမ့်နိမ့်ပေါ့။ ကျင်းမူကုန်းလို လူမျိုးမှာတောင် သိုင်းသွေးကြောရှိတယ်”

ဘေးတစ်ဖက်တွင် တွေ့ရာစာလုံးများရေးခြစ်နေသည့် ကျင်းမူကုန်းကတော့ နားမကြားသကဲ့သို့နေ၏။ ‘ယောက်ဖ... တလျောက်လုံး ဘာလို့ကျုပ်ကို ဉပမာပြုပြီး ပြောနေတာလဲ။’

လျှို့ဝှက်အစည်းအဝေးတိုင်းတွင် ရှမ့်လန်က ကျင်းမူကုန်းကို ဘေးသို့ခေါ်ထားတတ်သည်။ ကျင်းမူကုန်းက သဘောထား မှတ်ချက် ပေးစရာမလိုဘဲ အကြောင်းအရာများကို ထိုင်နားထောင်ရန်သာလျှင်လို၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမယ့် လူတစ်စုရှိတယ်။ သူတို့ရဲ့ သွေးကြောစွမ်းအင်တွေကတော့ ဗလာနတ္ထိဖြစ်နေတာ။ သူတို့က လုံးဝ အသုံးမကျတဲ့ လူတွေပဲ”

ထိုစကားကို ထုတ်ဖော်လာသည့်အချိန်မှာတော့ လူတိုင်းက ရှမ့်လန်ကို လှမ်းကြည့်၏။ ကျင်းမူကုန်းအပါအဝင် အားလုံးက ရှမ့်လန်ကို လှည့်ကာ ကြည့်ရှုလိုက်၏။

‘ဟား.. ခင်ဗျားတို့က ဘာအဓိပ္ပာယ်လဲ။ ဒါ တရားလွန်သွားပြီ။ ကျုပ်က အသုံးမကျပုံ ပေါ်တယ်ဆိုပေမယ့် ကျုပ်ရဲ့ သွေးကြောက တခြားသောသူတွေနဲ့ လုံးဝတူတာ မဟုတ်ဘူး။ ကျုပ်ရဲ့ သွေးကြောက အဆုံးအစမရှိ နက်ရှိုင်းတယ်။ မဟာပညာရှင် ကျုံးချူးကဲ့တောင်မှ ကျုပ်ရဲ့သွေးကြောက ဘာလဲဆိုတာကို တိတိကျကျ မရှာဖွေနိုင်ဘူး။ ကျုပ်ဆီမှာ လောလောဆယ် သွေးမျိုးဆက်အရ အားနည်းချက် ရှိရင်တောင် အားသာချက်က ရုပ်ချောတာပဲ။’

ချောမောသည့်အကြောင်း ပြောသည့်အချိန်မှာတော့ ရှမ့်လန်က နင်ဟန်၏ မျက်နှာကို မတွေးဘဲ မနေနိုင်ချေ။ ပြီးနောက် သူက ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်၏။ သူမ၏ မျက်နှာကို စိတ်ထဲမှ ထုတ်ပယ်ပစ်ရန် ကြိုးစားလိုက်သည်။

“မဖြစ်သေးဘူး။ ငါ သစ္စာဖောက်လို့မဖြစ်ဘူး။ ငါ့မိန်းမကို သစ္စာဖောက်လို့ မဖြစ်ဘူး။ နင်ဟန်က ဘာတွေများ ထူးခြားနေလို့လဲ။ လောကရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေး ဖြစ်တော့ရော ဘာဖြစ်လဲ။ အားလုံးရဲ့ ထိပ်မှာရပ်တည်နေတဲ့ ဩဇာအာဏာပိုင်ရှင်တစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါသူနဲ့ မအိပ်ချင်ဘူး”

သို့ပေမည့် သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံး တည်နေရာထဲမှာတော့ အသံတစ်ခုထွက်ပေါ်လာခဲ့၏။ “မင်းသူနဲ့ မအိပ်နိုင်တာ။ မင်းက သူနဲ့ ထိုက်တန်တဲ့လူတစ်ယောက် မဟုတ်ဘူး”

ရှမ့်လန်က နင်ဟန်၏ မျက်နှာကို သူ့၏ စိတ်ထဲတွင် အသာဖယ်ရှားပြီးနောက် အစည်းအဝေး၌ ဆက်လက်ကာ ပြောဆို၏။ သူက အလေးအနက်ထား၍ ပြော၏။ အဘယ့်ကြောင့်ဆိုတော့ သူတို့ ဆွေးနွေးနေသည့် အကြောင်းအရာက တကယ်ကို အရေးကြီးမားလွန်း၏။ ကံကြမ္မာ၏ အဆုံးအဖြတ်ကို ခံယူရမည့်အရာမျိုး ကဲ့သို့ပင်။

“အသုံးမကျတဲ့လူတစ်စုရဲ့ သွေးကြောက လုံးဝ ဗလာနတ္ထိဖြစ်နေတယ်။ သူတို့မှာ ခွန်အားဆိုတာ မရှိဘူး။ ဉာဏ်ရည်ကလည်း မမြင့်မားဘူး”

ဤလောကကြီး၏ သွေးကြောစနစ်က တကယ်ကို ထူးခြားလွန်း၏။ တစ်ခါတစ်ရံတွင် ထိုအရာက ခွန်အားကို ဆုံးဖြတ်ပေးသည်သာမက၊ ဝိညာဉ်စွမ်းရည်၊ ဉာဏ်ရည်ကိုပါ ဆုံးဖြတ်ပေး၏။ ဟုတ်ပေ၏။ ခေတ်သစ်လူသား များ၏ DNA ဆိုသည့်အရာကလည်း လူတစ်ဦး၏ ဉာဏ်ရည်ကို ဆုံးဖြတ်ပေးသည် မဟုတ်ပါလား။

“ဒီအသုံးမကျတဲ့လူတစ်စုက သွေးကြောဗလာတွေဖြစ်ရုံသာမက ခွန်အားမရှိဘူး၊ ဉာဏ်ရည်မမြင့်ဘူး။ ပြီးတော့ သူတို့က လောကကြီးရဲ့အောက်ခြေစည်းမျဉ်းမှာ နေထိုင်သင့်တဲ့လူတွေပဲ။ ဘာမှမရှိတဲ့ အသုံးမကျတဲ့လူတွေပေါ့။ ကျုပ်တို့က ဒီလောကရဲ့ အဆိုးဆုံး၊ အညံ့ဆုံး၊ အသုံးမကျဆုံး လူနှစ်ထောင်ကို ရှာဖွေရမယ်။ ပြီးတော့ အဲဒီလူတွေက ကျုပ်ရဲ့တပ်သားသစ် နှစ်ထောင်ဖြစ်လာရမယ်။

ပြီးရင် လအနည်းငယ်အတွင်း ကျုပ်က သူတို့ကို အကောင်းဆုံး စစ်သည်တွေဖြစ်အောင် ဖန်တီးမယ်။ ရှုံးပွဲမရှိနိုင်တဲ့ ထိပ်တန်းတပ်ဖွဲ့ဖြစ်အောင် လေ့ကျင့်ပေးရမယ်။ ရန်သူလေးယောက်ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ပိုင်ဆိုင်လာရမယ်။ အရာအားလုံးကို အစီအစဉ် ချထားတဲ့အတိုင်း လုပ်မယ်ဆိုရင် ကျုပ်တို့ရဲ့ စစ်သည်နှစ်ထောင်က လေးလကြာရင် ပထမဦးဆုံး တိုက်ပွဲကို ရင်ဆိုင်ရမယ်။

လူနှစ်ထောင်က ချောင်ပြည်နယ်ရဲ့ ထိပ်တန်းစစ်သည်ငါးထောင်နဲ့ ရင်ဆိုင်ရမယ်။ တိုက်ပွဲက အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာ၊ ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေတယ်ဆိုတော့ ကျုပ်တို့ ကျိန်းသေပေါက် နိုင်မှ ဖြစ်လိမ့်မယ်။ လုံးဝရှုံးလို့ မဖြစ်ဘူး။ ဒီစစ်သည်သစ်တွေက ပထမဦးဆုံးတိုက်ပွဲမှာ ကောင်းကင်ပေါ်ကို ထိုးတက် သွားနိုင်လောက်အောင် ကြီးမားတဲ့စွမ်းဆောင်ရည်ကို ပြသရမယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့က ကြက်သေ သေသွားခဲ့၏။ ရှမ့်လန်က ကောင်းကင်ကို ဆန့်ကျင်သော အံ့ဖွယ်ကိစ္စရပ်တစ်ခုကို ဖန်တီးနိုင်၏။ သို့ပေမည့် မကြာမကြာ ထိုကဲ့သို့ ပြုလုပ်နိုင်ဖို့ဆိုသည်မှာတော့ တကယ်ကို အံ့အားသင့်စရာကောင်း၏။

သူတို့က အလွန်တရာ စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ မည်သူမှ မခံနိုင်တော့ချေ။ ထို့အပြင် ရှမ့်လန် ပြောဆိုနေသည့် ဗလာသွေးကြောဆိုသည့်အရာကို သူတို့မသိချေ။ ထို့ကြောင့် ထိုအရာကို မည်သို့အတည်ပြု နိုင်မည်နည်း။ ထို့အပြင် ဗလာသွေးကြောဆိုတာ ရှိသည်ဆိုလျှင်တောင်မှ ရှားပါးလွန်းမှာ သေချာ၏။ လူနှစ်ထောင်ကို တစ်ပြိုင်နက်တည်း သူတို့ မည်သည့်နေရာက သွားရှာရမည်နည်း။

ဒုတိယအချက်အားဖြင့် ဗလာသွေးကြောနှင့် အသုံးမကျသူနှစ်ထောင်ကို ရှာတွေ့သည်ဆိုလျှင်တောင်မှ လအနည်းငယ်အတွင်း သူတို့က ရှုံးပွဲမရှိနိုင်သည့် ထိပ်တန်းတပ်ဖွဲ့ရေးတစ်ခုကဲ့သို့ ဖြစ်အောင် မည်သို့ လေ့ကျင့်ပေးရမည်နည်း။

“ဒါ.. ဒါက အရမ်းမခက်ဘူးလား”

“နေကို နောက်ဘက်ကနေ ထွက်ခိုင်းမယ်ဆိုရင် ပိုပြီးလွယ်မယ်နဲ့တူတယ်”

“သခင်လေးရှမ့်... ခင်ဗျား ရှုံးနိမ့်မှာ မကြောက်ဘူးလား”

ရှမ့်လန်က ပြောလိုက်၏။ “ကဲ... ကျုပ်ပြောချင်တာ ပြောပြီးသွားပြီ။ ဒီကိစ္စကို လူတိုင်းက မဲပေးပြီးကြပြီဆိုတော့ ဆုံးဖြတ်လိုက်ကြပြီ”

အခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့က ကြောင်အသွား၏။ သူတို့ ဘယ်တုန်းက မဲပေးလိုက်တာလဲ။ သူတို့၏ သဘောထားကိုတောင် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးချေ။ တစ်ယောက်တည်း ပြောဆိုပြီး တစ်ယောက်တည်း ဇာတ်လမ်းဆင်ကာ တစ်ယောက်တည်းမဲပေးခဲ့သည်။

နင်ကျန်းက လက်ထောင်လိုက်၏။ “ကျုပ်သဘောတူတယ်”

နာကျည်းမှုက ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် လက်ထောင်လိုက်သည်။ “ကျုပ်လည်း သဘောတူတယ်”

အရူးလန်ကလည်း လက်ထောင်လိုက်၏။ “ကျုပ် သဘောတူတယ်”

တွေ့လား။ မဲပေးမှုက အောင်မြင်သွားပြီ မဟုတ်ပါလား။ အစည်းအဝေးက တကယ်ကို ယဉ်ကျေးလွန်း၏။ အလေးအနက်လည်း ရှိ၏။ ထို့အပြင် စိတ်အားတက်ကြွမှုလည်းရှိ၏။ သူ ရှမ့်လန်က ဘယ်တော့မှ အခွင့်အာဏာကို ထုတ်ဖော် အသုံးပြုတတ်သည့် လူတစ်ယောက် မဟုတ်ချေ။

“ဒါဆိုရင် နောက်လေးငါးလအတွင်း လုပ်ငန်းစဉ်တစ်ခုကို ဆုံးဖြတ်လိုက်မယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကဲ.. အနှစ်ချုပ်မယ်။ ပထမဦးဆုံး အရှင်မင်းကြီးဆီကနေ မြောက်ပိုင်းအမဲလိုက်ကွင်းကို သွားပြီး တောင်းမယ်။ အဲနေရာကို ကျုပ်တို့ရဲ့ ဌာနချုပ်အဖြစ် အသုံးပြုရမယ်။

ဒုတိယအားဖြင့် လစာငါးဆပေးပြီး ဗလာသွေးကြောနှင့် အသုံးမကျတဲ့လူပေါင်းနှစ်ထောင်ကျော်ကို စုစည်းရမယ်။ တတိယအားဖြင့် သုံးလကနေ လေးလအတွင်း ဒီလူတွေအကုန်လုံးကို အကောင်းဆုံး လေ့ကျင့်ပေးရမယ်။

“စတုတ္ထအားဖြင့် ဘုရင်မင်းမြတ်နဲ့ ချောင်ဘုရင်တို့ နယ်စပ် အမဲလိုက်ပွဲ တစ်ခုကို ပြုလုပ်အောင် စိန်ခေါ်ရလိမ့်မယ်။ ကျုပ်တို့ရဲ့ စစ်သည်သစ်နှစ်ထောင်ကျော်က ချောင်ပြည်နယ်ရဲ့ ထိပ်တန်းစစ်သည် ငါးထောင်ကျော်ကို အနိုင်တိုက်ပြီး ကြီးမားတဲ့အောင်ပွဲတစ်ခုကို ရယူရမယ်။ ဘုရင်မင်းမြတ်နဲ့ ရွှဲ့ပြည်နယ်အတွက် ကျုပ်တို့က ဂုဏ်ဆောင်ပေးရမယ်။ အဲဒီကနေစပြီး ကျုပ်တို့ ချန်းဖန်မြို့စားစံအိမ်ကြီးက ကောင်းကင်ယံပေါ်ကို ထိုးတက်သွားလိမ့်မယ်။ အားလုံးပဲ အစွမ်းကုန်ကြိုးစားကြ။ အချိန်က အရေးကြီးတယ်။ စက္ကန့်တိုင်းက အရေးကြီးတယ်။ ကဲ အစည်းအဝေးပြီးပြီ”

...................

အဘယ့်ကြောင့် ရှမ့်လန်က ဗလာသွေးကြောနှင့် အသုံးမကျသည့်လူများကို သီးသန့်ရှာဖွေလိုနေရသနည်း။ အကြောင်းအရင်းမှာတော့ သူက စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ အနိမ့်ဆုံးအဆင့် ရွှေရောင် သွေးမျိုးဆက် ကူပိုးကောင်များ၏ စွမ်းအားကို သာမန်လူများပင် ခံနိုင်ရည် မရှိကြချေ။

ထိုအနိမ့်ဆုံးအဆင့် ကူပိုးကောင်များအား မည်သို့ဖော်ညွှန်းရမည်နည်း။

ရှမ့်လန်က အရူးကြီးထံမှ သွေးကီလိုဂရမ်ပေါင်းများစွာကို ထုတ်ယူခဲ့ပြီး ထိုသွေးများထဲမှာ ရွှေရောင်သွေးမျိုးဆက် စွမ်းအင်မီလီမီတာအနည်းငယ်ကို ခွဲထုတ်ခဲ့၏။ စေတီတောင်မှ ကူပိုးကောင်များက ဤမီလီမီတာ အနည်းငယ်မျှသော ရွှေသွေးကြောစွမ်းရည်ကို မြိုချစားသုံးပြီးနောက် အဆင့်နိမ့် ရွှေရောင်သွေးမျိုးဆက် စွမ်းအင်ကို ပြန်လည်ထုတ်လုပ်ပေးနိုင်ခဲ့၏။

ပြီးနောက် ကူပိုးကောင်များက ဆက်လက်ကာ မျိုးပွားခြင်းနှင့် ခွဲထုတ်ခြင်းကို ပြုလုပ်၏။ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် သူတို့က ရွှေရောင်သွေးမျိုးဆက်စွမ်းအင်ကို ပိုပို၍ များများပြားပြား ထုတ်လွှင့် လာခဲ့ကြ၏။ သို့ပေမည့် ထိုစွမ်းအင်များက တဖြည်းဖြည်းပိုမိုကာ အားနည်းလာခဲ့သည်။

ဆယ့်ငါးဆက်မြောက် မျိုးဆက်သို့ ရောက်သည့်အချိန်မှာတော့ ရွှေရောင်သွေးမျိုးဆက်၏ စွမ်းအင်က မရှိသလောက်နီးပါး နည်းပါးသွားခဲ့၏။ ထိုအချိန်မှာတော့ အဆင့် ဆယ့်ငါးမြောက် ရွှေရောင်သွေးမျိုးဆက် စွမ်းအင်က တကယ်ကို အားနည်းနေပြီဖြစ်၏။ ထိုအဆင့်က စေတီတောင်မှ ကူပိုးကောင်များအား နောက်ထပ် မျိုးပွားခွဲထုတ်ရန် လုံလောက်သည့်စွမ်းအင်ကို မပေးနိုင်တော့ချေ။ ဤအကြိမ်တွင် မျိုးပွားခြင်းကို ရပ်တန့်သွားခဲ့၏။

သို့ပေမည့် အဆင့်ဆယ့်ငါးရှိသည့် အနိမ့်စား ရွှေရောင်သွေးမျိုးဆက်စွမ်းအင်ကို သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်ပါက ကြောက်မက်ဖွယ်ရာကောင်းသည့် အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်၏။ ထိုအရာက ပေါက်ကွဲ၍ သေဆုံးခြင်းပင်။

ရှမ့်လန်က စမ်းသပ်မှုတစ်ခုပြီးတစ်ခုကို ပြုလုပ်ခဲ့၏။ အားလုံးက ကျရှုံးခဲ့၏။ သူက သူ့၏ စမ်းသပ်မှုများနှင့် ပတ်သက်၍ နီးကပ်သည့် ကောက်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့၏။ သွေးကြောစွမ်းအင် နိမ့်ပါးခြင်း မရှိပါက ရွှေရောင်သွေးမျိုးဆက် ပိုးကောင်များ၏ စွမ်းအင်ကို ခံနိုင်ရန် မဖြစ်နိုင်ချေ။

သွေးကြောစွမ်းအင်က အင်ပါယာကျန်းလီ၏ အကြွင်းအကျန် သွေးမျိုးဆက်များထိ အဆင့်မြင့်တက်ရန် လိုအပ်၏။ နင်ယန်ပင်လျှင် မလုံလောက်ချေ။ သူ၏ အချစ်တော် မူလန်ကလည်း သွေးကြောစွမ်းအင်ကို ထိုးသွင်းရန် လုံလောက်သည့်လူမျိုး မဟုတ်ခဲ့ချေ။

သို့ပေမည့် ရုတ်တရက် တစ်နေ့မှာတော့ ရှမ့်လန်၏ စမ်းသပ်မှုက အောင်မြင်သွားခဲ့၏။ အစမ်းသပ်ခံပစ္စည်းက ပေါက်ကွဲ၍ သေဆုံးသွားခြင်း မရှိသလို ထိုအစား ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားသည့် ပြောင်းလဲမှုကို ကြုံတွေ့ရ၏။ ခွန်အား၊ စိတ်ဓာတ်စွမ်းအား၊ လျင်မြန်မှုနှင့် တခြားအရည်အချင်းများက အကြီးအကျယ် တိုးတက်သွားခဲ့ရ၏။ ထိုသူတို့က သိုင်းပညာရှင်တစ်ဦး၏ အဆင့်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း သာမန်လူ တစ်ဦးထက် အဆပေါင်းများစွာ ပိုမိုကာ သာလွန်သွားခဲ့၏။

ရှမ့်လန်က တကယ်ကို အတိုင်းမသိဝမ်းမြောက်ပြီး ထိုအရာနှင့် ပတ်သက်၍ ဆက်လက်ကာ စမ်းသပ်စစ်ဆေး၏။ နောက်ဆုံးမှာတော့ သူက အလွန်ကို ထူးခြားသည့် သွေးမျိုးဆက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုအရာက ဗလာသွေးမျိုးဆက်ပင် ဖြစ်၏။ လုံးဝ လုံးဝကို စွမ်းအားမရှိသော သွေးကြောတစ်ခုဖြစ်ပြီး အသုံးမကျသူ၊ အမှိုက်သရိုက် ကဲ့သို့ပင်ဖြစ်သည်။

ဤသွေးမျိုးဆက်မျိုးက တကယ်ကို ရှားပါးပြီး လူတစ်ရာတွင် တစ်ယောက်နှုန်းသာ ရှိ၏။ သို့ပေမည့် ရှမ့်လန် လျှို့ဝှက်စွာ ပြုလုပ်ခဲ့ပြီးဖြစ်သော စမ်းသပ်မှုအနည်းငယ်တို့က အောင်မြင်သွားခဲ့၏။ ထိုအရာက ရွှေရောင်သွေးမျိုးဆက် ပိုးကောင်များက လူတစ်ယောက်၏ သွေးကြောမျိုးဆက်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း သက်သေပြနေ၏။ ထိုပြောင်းလဲနိုင်သည့်လူများမှာ ဗလာသွေးကြောပိုင်ရှင်များပင် ဖြစ်၏။

တစ်ချို့က မေးကောင်းမေးနိုင်၏။ လန်ညီနောင် သူတောင်းစားဆယ်ဦး၏ သွေးကြောများက ပြောင်းလဲ သွားခဲ့သည် မဟုတ်လား။ သူတို့၏ သွေးကြောက ပြောင်းလဲသွားခြင်း မဟုတ်ချေ။ သူတို့၏ မူလရှိပြီးသား သွေးကြောစွမ်းအင်များကို အသက်ဝင်နိုးထအောင် ပြုလုပ်လိုက်ခြင်းသာ ဖြစ်၏။ သူတို့၏ သွေးကြောက မူလတည်းက အစွမ်းထက်ပြီးသားဖြစ်သည်။

ဗလာသွေးကြောကိုသာလျှင် ပြောင်းလဲနိုင်စွမ်း ရှိ၏။ ဤအရာက အကျိုးအကြောင်း ဆီလျော်လွန်းလှ၏။ တခြားသော သွေးကြောစွမ်းအင်များက မည်သို့ပင် နိမ့်ကျသည်ဖြစ်စေ ၊ သာမန် သို့မဟုတ် မည်မျှ သာမန်ဖြစ်သည်ဆိုပါစေ အနည်းအများဆိုသလို စွမ်းအင်ထုတ်ဖော်နိုင်စွမ်း ရှိ၏။

ရွှေရောင်သွေးမျိုးဆက် ပိုးကောင်များ ထိုသူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းပဲ သွေးကြောထဲ၌ ပဋိပက္ခ ဖြစ်ပွား၏။ ပြီးနောက် ကိုယ်ပိုင် သွေးမျိုးဆက်စွမ်းအားများက ရွှေရောင်သွေးမျိုးဆက်ပိုးကောင်များကို လုံးဝမထိန်းချုပ်နိုင်သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲပြီး သေဆုံးသွားသည်။

ဗလာသွေးကြော ပိုင်ရှင်များမှာတော့ ဗလာသက်သက်ဖြစ်၏။ ပိုးကောင်များ ဝင်သွားသည့်အချိန်မှာတော့ သူတို့ကို ခုခံတိုက်ခိုက်မည့် အရာဟူ၍ မရှိချေ။ ထို့ကြောင့် တိုက်ရိုက်ဆိုသလိုပဲ အခြေချနေထိုင်နိုင်၏။ ထို့ကြောင့် ရှမ့်လန်က အကြီးစား သွေးကြောပြောင်းလဲခြင်း အစီအစဉ်ကြီးကို စတင်ကာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်၏။

ထိုအရာက လူပေါင်းများစွာတို့အား ဖီးနစ်ငှက်ပြန်လည်မွေးဖွားခြင်းကဲ့သို့ပင် ပြောင်းလဲစေနိုင်မည့်အရာမျိုးပင်။ ထိုလူများကလည်း လူ့အဖွဲ့အစည်း၏ အောက်ခြေလွှာမှ လူများဖြစ်ပြီး အလုံးစုံ သုံးမရသည့် လူပေါင်း နှစ်ထောင်ကျော်တို့ ဖြစ်၏။

ထို့အပြင် ဤလူနှစ်ထောင်က အစပျိုးခြင်းသာဖြစ်၏။ တစ်ချိန်ချိန်တွင် စစ်သည်များ ပိုမိုကာ များပြားလာပါက ပဉ္စမမင်းသားစံအိမ်တော်တွင် အကြွင်းမဲ့ အစွမ်းထက်လွန်းသည့် စစ်သည်များ ရှိနေမှာဖြစ်ပြီး ထိုအရာက ထီးနန်းကို တိုက်ခိုက်ရန် လုံလောက်သည့် အရင်းအနှီးမျိုး ဖြစ်လာပေလိမ့်မည်။

All Chapters