အခန်း (၅၁၇)
Vol. 35 Ch. 517
သို့ပေမည့် မိဖုရားကြီးကျုံးကတော့ တိုင်တန်းနိုင်၏။ နင်ယွမ်ရှန်း၏ မိန်းမများထဲတွင် မိဖုရားခေါင်ကြီးကျူးမှာ တည်ကြည်ခန့်ညား၏။ မိဖုရားပျံ့က ရေသဖွယ် နူးညံ့သိမ်မွေ့ပြီး သီလ၊ သမာဓိနှင့်ပြည့်စုံ၏။ မိဖုရားစုမှာတော့ လှပပြီး ညှို့ငင်မှု အားပြင်း၏။ မိဖုရားကျုံးမှာတော့ လှပသပ်ရပ်ပြီး အလိုဆန္ဒ ပြင်းထန်လွန်းသူဖြစ်၏။
အချိန်တော်ကြာအောင်ပင် နင်ယွမ်ရှန်းက မိဖုရားကြီးကျုံး၏ ညှို့ငင်ခြင်းကို ခံခဲ့ရဖူး၏။ အမှန်တကယ်တွင် ယောက်ျားများက အနည်းငယ် ဈေးပေါတတ်၏။ သူတို့က ဤကဲ့သို့ ရမက်ပြင်းထန်ပြီး လှပလွန်းသည့် အမျိုးသမီးများ၏ ဆွဲဆောင်မှုကို သဘောကျတတ်၏။
တစ်ချိန်တုန်းက နင်ယွမ်ရှန်းသည် မိဖုရားကြီးကျုံးကို အစစ်အမှန်ပင် အလိုလိုက်ခဲ့ပြီး သူမ၏အဆောင်တွင် ရက်ပေါင်းများစွာ နေလေ့ရှိ၏။ သို့ပေမည့် ဤအမျိုးသမီးက တကယ့်ကို ရမ္မက်ပြင်းထန်ပြီး ရက်စက်လွန်း၏။ အချိန်ကြာလာသည်နှင့်အမျှ နင်ယွမ်ရှန်းက မခံနိုင်တော့ပေ။ သူမနှင့် ခပ်ဝေးဝေးသို့ ရှောင်ရှားရသည်။
မိဖုရားကြီးကျုံးကလည်း မာနရှိ၏။ ‘ရှင်က ကျွန်မကို လျစ်လျူရှုရင် ကျွန်မကလည်း ရှင့်ကို စကားပြောချင်စိတ် မရှိဘူး။’
ထို့ကြောင့် သူတို့နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် ဒေါသများကို ပုံချပြီး ခပ်ဝေးဝေး နေထိုင်ခဲ့၏။ သို့ပေမည့် နင်ယွမ်ရှန်းက သူ၏နှလုံးသားထဲတွင် မိဖုရားကြီးကျုံးကို သဘောကျနေဆဲ ဖြစ်သည်။
အနည်းဆုံးအနေနှင့် သူမက စုမိသားစုကို အလေးထားသော မိဖုရားကြီးစုကဲ့သို့ ပရိယာယ်များသူ မဟုတ်ချေ။ မိဖုရားကြီးကျုံးက မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခဲ့ပြီးနောက် နင်ယွမ်ရှန်းကိုသာ ဂရုစိုက်ခဲ့၏။ နောက်ပိုင်း လင်မယားနှစ်ယောက် စစ်အေးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူမက သူမ၏ သားတော်နင်ချီကိုသာ ဂရုစိုက်ခဲ့၏။
သူမက ကျုံးရှစ်ရှစ်ကို အချစ်ဆုံးဖြစ်၏။ ကျုံးရှစ်ရှစ်က တူမတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သမီးရင်းထက်ပင် ပိုမိုကာ ရင်းနှီး၏။ ကျုံးရှစ်ရှစ် ဤကဲ့သို့ ရိုက်နှက်ခံရသည်ကို မည်သို့ သည်းခံမည်နည်း။
သူမက ဘုရင်မင်းမြတ်၏ စာကြည့်ခန်းထဲသို့ တိုက်ရိုက်ဆိုသလို ပြေးဝင်လာခဲ့သည်။
“နင်ယွမ်ရှန်း” မိဖုရားကြီးကျုံးက အော်ဟစ်လိုက်၏။
ချက်ချင်းပဲ မိန်းမစိုးကြီးလီစွမ်းက ဦးခေါင်းကိုငုံ့ပြီး ဘောင်းဘီထဲသို့ ဦးခေါင်း ထိုးထည့်ချင်စိတ်ပင် ပေါက်သွား၏။ ဘုရင်မင်းမြတ်၏ဇနီးများထဲတွင် မိဖုရားကြီးကျုံးကို သူအကြောက်ဆုံး ဖြစ်၏။ သူမကို ဒေါသထွက်အောင် လုပ်မိပါက အညှာအတာမဲ့ ရိုက်နှက်တတ်သည်။
မိဖုရားခေါင်ကြီးက မာနကြီးသော်လည်း မိမိကိုယ်ကို ထိန်းချုပ်တတ်သူ တစ်ယောက်ဖြစ်ပြီး အစေခံများကို ဒေါသထွက်လေ့ မရှိသလောက်ပင်။ သို့ပေမည့် မိဖုရားကြီးကျုံးက အမှန်တကယ် စိတ်မြန်လက်မြန်ရှိ၏။ သူမသာ ဒေါသထွက်ပါက ကျိန်းသေပေါက် ရိုက်နှက်လေ့ရှိ၏။
ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက အကူအညီမဲ့သလိုပင် ခံစားလိုက်မိ၏။ သူက စာအုပ်ကို ချကာဖြင့် မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ”
မိဖုရားကြီးကျုံးက ပြောလိုက်၏။ “ရှမ့်လန်ကို ချက်ချင်းသွားဖမ်းပြီး သတ်ပစ်လိုက်”
ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”
မိဖုရားကြီးကျုံးက ဖြေ၏။ “ရှမ့်လန်က ခွေးမသားပဲ။ သူက ရှစ်ရှစ်ရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ ကန်တယ်။ ရှစ်ရှစ်ရဲ့နံရိုးတွေ ကျိုးသွားနိုင်တယ်။ နောက်ခြေတစ်ဖက်နဲ့ ရှစ်ရှစ်ရဲ့ ဆီးခုံကို ကန်ခဲ့သေးတယ်။ ဒါ ခွေးမသားပဲ။ မိန်းကလေးတစ်ယောက်ရဲ့ သီးသန့်နေရာကို ဒီလိုကန်ရတာလား။ ဒါတင်မကသေးဘူး။ ရှစ်ရှစ်ရဲ့မျက်နှာကို သွေးအလိမ်းလိမ်းဖြစ်အောင် ထိုးကြိတ်ပြီး ရှစ်ရှစ်ရဲ့နှာတံကို ချိုးပစ်လိုက်တယ်”
ဘုရင်မင်းမြတ်၏ မျက်နှာက ထိုစကားကိုကြားရသည့် အချိန်မှာတော့ တွန့်ခနဲဖြစ်သွား၏။ သူက ဤကိစ္စနှင့် ပတ်သက်သော အစီရင်ခံစာကိုဖတ်သည့်အချိန်က ထမခုန်မိအောင်ပင် မနည်းထိန်းချုပ်ထားခဲ့၏။ ရှမ့်လန် နိုင်မည်ဟု သူသိ၏။ သို့ပေမည့် ရှမ့်လန်က ကျုံးရှစ်ရှစ်ကို အများဆုံး တော်ရုံတန်ရုံ ရိုက်နှက်ရုံလောက်သာ ပြုလုပ်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ခွေးမသားလေးက အောက်ခြေစည်းမျဉ်းဟူ၍ မရှိခဲ့ချေ။ ကျုံးရှစ်ရှစ် ကဲ့သို့ လှပသည့်မိန်းကလေးတစ်ယောက်ကို အဘယ့်ကြောင့် ဤမျှ ရက်ရက်စက်စက် လုပ်ရက်ရသနည်း။
ဘုရင်မင်းမြတ်၏ ဦးရေပြားများပင်လျှင် ထုံကျင်သွားခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူ နောင်တရခဲ့၏။ ဤကဲ့သို့သာ ဖြစ်မည်မှန်းသိပါက ဤနှစ်ယောက်ကို လုံးဝယှဉ်ပြိုင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ ဤခွေးမသားလေး ရှမ့်လန်က တကယ့်ကို နတ်ဆိုးဝင်စားသူတစ်ယောက် ဖြစ်၏။ အနည်းငယ် လွှတ်ပေးလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာများကို လုပ်ဆောင်တတ်၏။
ခွေးရူးတစ်ကောင်နှင့် ဆင်တူလှချေ၏။ တစ်စုံတစ်ယောက်ကို ကိုက်သည်ဆိုသည်နှင့် ချက်ချင်း သွေးများ ပန်းထွက်လာသည်အထိ ကြည့်မကောင်း ရှုမကောင်းဖြစ်အောင် ကိုက်ဖြတ်တတ်၏။ မည်သူမဆို သူ့ကြောင့် အထိတ်တလန့်ဖြစ်ရသည်။
“တကယ်လား” ဘုရင်မင်းမြတ်က ဒေါသထွက်သွား၏။
မိဖုရားကြီးကျုံးက ပြောလိုက်သည်။ “အမှန်ပဲ၊ ရှမ့်လန်ကို သွားဖမ်းပြီး သတ်ပစ်လိုက်။ ရှင်မလုပ်ဘူးဆိုရင် ကျွန်မ လူလွှတ်ပြီး သူ့ကို ကိုယ်တိုင်သွားဖမ်းမယ်။ ဒီနေ့ အဲဒီခွေးမသားလေးကိုသာ မသတ်ရရင် ကျွန်မ သိက္ခာကျဖို့ပဲ ရှိတော့တယ်”
“မဟုတ်ဘူး မဟုတ်ဘူး။ ငါသူ့ကိုသွားဖမ်းခိုင်းပြီး ရိုက်သတ်ခိုင်းလိုက်မယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “လီစွမ်း... လူလွှတ်ပြီး ရှမ့်လန်ကို ဖမ်းခေါ်လာခဲ့စမ်း။ နန်းတော်ကိုခေါ်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်”
မိန်းမစိုးလီစွမ်းက ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်၏။ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း။
မိဖုရားကြီးကျုံးက ထိုအရာကို ကြားသည့်အခါမှာ ရိုက်သတ်ခြင်းဟုထင်၏။ သူမက ချက်ချင်းပဲ ကျေနပ်သွား၏။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။ “ကျွန်မကိုယ်တိုင် ကြီးကြပ်မယ်။ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင် သူ့ကိုရိုက်မယ်”
နင်ယွမ်ရှန်းက ရှေ့ကိုတိုးပြီး ပြောလိုက်၏။ “မိန်းမ... ဒီလိုကြမ်းတမ်းတဲ့ အလုပ်ကို မင်းကိုယ်တိုင်လုပ်တာ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ”
ပြီးနောက် နင်ယွမ်ရှန်းက မိဖုရားကြီးကျုံးကို ခါးကို တင်းကြပ်စွာ ဖက်ပြီးနောက် သူမကို နမ်းရှိုက်လိုက်၏။ သူ့၏လက်များသည် သူမ၏ခါးပေါ်သို့ ရောက်ရှိနေသည်။
“ရှင်ဘာလုပ်တာလဲ”
မိဖုရားကြီးကျုံး၏ မျက်နှာက နီမြန်းသွားခဲ့၏။ “ရှင်နဲ့ကျွန်မနဲ့ အဆက်အသွယ် အားလုံး ဖြတ်တောက်ပစ်တော့မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ရှင်ကျွန်မကို ထပ်ပြီးထိရင် ခွေးထက်၊ ဝက်ထက် ဆိုးတဲ့လူ ဖြစ်သွားလိမ့်မယ်ဆို။”
ဘုရင်မင်းမြတ်က သူမနှင့် ရန်ဖြစ်တုန်းက သူမကို ထပ်မထိတော့ဘူး ပြောဆိုခဲ့၏။ ထိုကဲ့သို့ ထိသည်ဆိုသော် ခွေးနှင့်ဝက်ထက်ပိုမိုကာ ဆိုးသည့်လူတစ်ယောက် ဖြစ်သည်ဟု မောက်မာဝင့်ကြွားစွာ ပြောခဲ့သည်။
နင်ယွမ်ရှန်းက ငြင်သာစွာပြောလိုက်၏။ “မိန်းမ... ယောက်ျားတွေရဲ့စကားထက် တစ္ဆေတစ်ကောင်ရဲ့ စကားကို ယုံတာကမှ ပိုပြီးကောင်းအုံးမယ်”
ပြီးနောက် နင်ယွမ်ရှန်းက သူ့၏လက်များနှင့် သူမ၏ခါးအား ဆွဲဖက်ထားတုန်းပင် ဖြစ်၏။ မိဖုရားကြီးကျုံး၏ မျက်နှာက နီမြန်းသွားခဲ့သည်။ “အရှက်မရှိတဲ့လူ၊ တကယ့်ကို အရှက်မရှိတဲ့လူ”
ပြီးနောက် သူတို့နှစ်ဦးက မြေပြင်ပေါ်သို့ လူးလှိမ့်သွားခဲ့၏။ နှစ်ဝက်ခန့် ကြာမြင့်ခဲ့သည့် စစ်အေး တိုက်ပွဲက လုံးဝ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ မိန်းမစိုးများက အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ကြပြီး တံခါးကို ပိတ်လိုက်၏။
နင်ယွမ်ရှန်းက အံကိုကြိတ်ပြီး စိတ်ထဲ၌ ကျိန်ဆဲလျက် ရှိနေသည်။ “ရှမ့်လန်၊ ခွေးမသားလေး.. မင်းကိုကယ်ဖို့အတွက် ငါအခု ဒီလိုမျိုးတောင် လုပ်နေရပြီ။”
ထိုနေ့မှာတော့ နင်ယွမ်ရှန်းက မိဖုရားကြီးကျုံးကို သူ၏အချစ်ပင်လယ်ထဲ နစ်မျောသွားစေရန် အစွမ်းကုန်ကြိုးစားခဲ့၏။ သူမအနေနှင့် ရှမ့်လန်ကို သတ်ဖြတ်မည့်ကိစ္စများကိုပင်လျှင် မေ့လျော့သွားသည်အထိ ဖြစ်ခဲ့၏။
ပြီးနောက် လီစွမ်းက ရှမ့်လန်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖမ်းဆီး၏။ လူအများ၏ရှေ့မှာပင် ကြိမ်ဒဏ် အချက်သုံးဆယ်ကို ရိုက်နှက်ခဲ့၏။ တစ်ဖန်ပြန်၍ ရှမ့်လန်က သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့၏။ တကယ့်ကို ဆိုးရွားလွန်းလှချေ၏။ သို့ပေမည့် သွေးက တကယ့်ကိုများပြားနေ၏။ အနည်းဆုံး သွေးကီလိုဂရမ်လောက် ဆုံးရှုံးသွားသည်ဟု ပြောဆိုသည်ဆိုလျှင် ချဲ့ကားရာ ရောက်ပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန်က တကယ့်ကို သွေးထွက်ခဲ့၏။ တော်တော်လည်း များ၏။ သွေးအတုထည့်ထားတာ များသွားခြင်းပင်။ ရိုက်နှက်ပြီးနောက် ရှမ့်လန်ကို ပြန်လည်ကာ သယ်ဆောင်သွားခဲ့၏။
ရှမ့်လန်က ရေမိုးချိုးလိုက်၏။ သူ့၏ဆံချည်တစ်မျှင်ပင် ဆုံးရှုံးခြင်း မရှိချေ။
ယခုအချိန်မှာတော့ အဘိုးကြီးလီစွမ်းက အမှန်တကယ် အလိုက်သိနေပြီ ဖြစ်၏။ ရှမ့်လန်၏ အော်ဟစ်သံက လုံလောက်အောင် ပြင်းထန်မှု မရှိမည်ကို စိုးရိမ်သောကြောင့် သူက တံခါးအနောက်တွင် မိန်းမစိုးတစ်ဦးကို ပုန်းအောင်းစေကာ အသံ သရုပ်ဆောင်ခိုင်းခဲ့၏။ အော်ဟစ်သံက လောကကြီးတစ်ခုလုံးကို တုန်ဟီးစေသကဲ့သို့ပင်။ တစ္ဆေတရဲများ၏ အော်ညည်းသံများ၊ ဝံပုလွေများ၏ အူသံကဲ့သို့ပင်။
ထိုမိန်းမစိုးလေးက အမှန်တကယ်ပင် ပင်ပန်းသွားခဲ့၏။ အော်ဟစ်လွန်းသောကြောင့် လည်ချောင်းများမှ သွေးများပင် ထွက်ခဲ့ရ၏။ အသံသရုပ်ဆောင်က ဤပြဇာတ်တွင် အပင်ပန်းဆုံးဖြစ်ခဲ့၏။ ညအချိန်မှာတော့ မိဖုရားကြီးကျုံးက ပင်ပန်းနွမ်းနွယ်လျက် ရှိနေ၏။ သူမက အစာဝသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ပင် နင်ယွမ်ရှန်း၏ ရင်ခွင်ထဲ၌ ကွေးကွေးလေး ရှိနေ၏။
သူမက ရုတ်တရက် သတိရသွား၏။ “ရှမ့်လန် သေသွားပြီလား”
တံခါး၏အပြင်ဘက်မှ မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်၏။ “ကြိမ်လုံး သုံးချောင်း ကျိုးသွားခဲ့ပါတယ်။ သွေးကီလိုဂရမ်ဝက်လောက် ဆုံးရှုံးသွားခဲ့ပါတယ်။ သူ့ကို သယ်သွားတဲ့အချိန်မှာ အသက်ရှူမှု မရှိတော့ သလောက်ပါပဲ”
နင်ယွမ်ရှန်းက မိဖုရားကြီးကျုံး၏ ပါးကိုပွတ်သပ်ရင်း သူမ၏ နီထွေးလျက် ရှိနေသည့် နှုတ်ခမ်းများအား နမ်းရှိုက်လိုက်၏။ “တော်ပြီမိန်းမ.. ကောင်းကောင်းအနားယူတော့။ မင်းကလိမ္မာတဲ့ ကလေးမလေးပဲ။”
မိဖုရားကြီးကျုံးက ခင်ပွန်းဖြစ်သူ၏ ရှားရှားပါးပါး နူးညံ့မှုကို ခံစားလိုက်ရ၏။ ရင်ခွင်ထဲမှ ထွက်ခွာရန် ဝန်လေးလျက် ရှိနေ၏။ ရှမ့်လန်ကိုသတ်ဖြတ်မည့်ကိစ္စ ဤကဲ့သို့ပင် အဆုံးမသတ်ဘဲ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နောက်တစ်ရက်မှာတော့ ဦးရီးတော်နင်ချီက ဘုရင်မင်းမြတ်ကို လာရောက်တွေ့ဆုံ၏။
“အရှင်မင်းကြီး.. ရှမ့်လန်ကို အလိုလိုက်လွန်းနေပြီ။ သူက ဥပဒေမဲ့ ဖြစ်နေပါပြီ”
နင်ချီက ပြောလိုက်သည်။ “ဆဋ္ဌမမင်းသား နင်ကျင်း အရှင်မင်းကြီးရဲ့သားတော်၊ သူက တော်ဝင်မိသားစု ဝင်ပဲလေ။ ဒါပေမဲ့ ရှမ့်လန်က သူ့ကိုရိုက်နှက်ခဲ့ပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
ဒါတင်မကသေးဘူး။ ကျုံးရှစ်ရှစ်က မိန်းကလေးတစ်ယောက်ပဲ။ မြို့တော်ကို လာရောက်တယ်ဆိုတာ တော်ဝင်ရန်နိုင်ငံက မင်းသားကြီးဝူရဲ့သားတော်နဲ့ ဖူးစာဖက်တွေ့ဖို့။ အခုရှမ့်လန်က ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့တယ်။ နှာတံကိုလည်းချိုးလိုက်တယ်။ ဘယ်လိုလုပ် ဖူးစာဖက် တွေ့ရတော့မှာလဲ”
ကျုံးရှစ်ရှစ်က ရွှဲ့ပြည်နယ်ရဲ့ ထောက်တိုင်တစ်ဦးဖြစ်ရုံသာမကဘူး … ဒီဖြစ်ရပ်တစ်ခုလုံးက မင်းသားကြီးဝူ ကိုလည်း ဒေါသဖြစ်စေလိမ့်မယ်။ အကျိုးဆက်က ဘယ်လောက်ဆိုးရွားလိုက်မလဲ။ ဒါက နိုင်ငံရေး ကိစ္စတွေကိုတောင် ထိခိုက်စေနိုင်တယ်”
ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ “အင်း.. ဦးရီးတော် ပြောတာမှန်တယ်။ ဒါကြောင့် ကျုပ် မနေ့က ရှမ့်လန်ကို လူအများရှေ့မှာပဲ အပြစ်ပေးခဲ့တယ်။ သူ့ကို သေလုနီးပါးထိ ရိုက်နှက်ခဲ့တယ်။ သူ့အသက်အန္တရာယ်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ကြားတယ်”
‘တော်စမ်းပါ။ မင်းရဲ့ စကားလုံးကို ဘယ်သူက ယုံမှာလဲ’
သို့ပေမည့် နင်ချီက ဤကဲ့သို့ ထုတ်ဖော် ပြောဆိုနိုင်လိမ့်မည် မဟုတ်ချေ။ သူက သက်ပြင်းကိုချလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်အကြံကို နားထောင်ပါအုံး။ ရှမ့်လန်ကို အလိုလိုက်လို့ မဖြစ်ဘူး။ သူ့ကို အရေးကြီးတဲ့နေရာမှာ ထားလို့ကို မဖြစ်ဘူး”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဦးရီးတော်ပြောတာ မှန်ပါတယ်။ ဒါကြောင့် သူ့မှာ ဘာရာထူးမှ မရှိတာပေါ့။ ကျုပ် သူ့ကို ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်ဆိုတဲ့ ရာထူးကတောင် ဖြုတ်ချခဲ့ပြီးပြီ”
နင်ချီက အခြားအရာများကို ထပ်မံကာပြောဆိုလိုသေး၏။ သို့ပေမည့် ဤအခြေအနေသို့ ရောက်သည့် အချိန်မှာတော့ ဘာများထပ်မံကာ ပြောနိုင်ဦးမည်နည်း။
............
အိမ်ရှေ့စံမင်းသား၏စံအိမ်အတွင်းမှာတော့ …
အရာရှိတစ်ယောက်က ရယ်မောလိုက်၏။ “ရှမ့်လန်ကတော့ ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ဖန်တီးလိုက်ပြီ။ မသေရင်တောင် အရေခွံ ခွာခံရတော့မှာပဲ။ အရှင်မင်းကြီးက သူ့ကိုဘယ်လောက် အလိုလိုက်ပါစေ၊ နယ်စားကြီး ကျုံးယောင်နဲ့ မင်းသားကြီးဝူကိုတော့ မျက်နှာပေးရလိမ့်မယ်”
ကျိုးကျောင်းရန်၏မျက်နှာမှာ ဖြူလျော်လျက်ရှိနေ၏။ သို့တစေ သူမက မထီမဲ့မြင်ပြုံးလိုက်သည်။
ယန်ဝူကျိက အသာပင် ပြောဆိုလိုက်၏။ “အင်း... အရှင်မင်းကြီးက ရှမ့်လန်ကို ကျေးဇူးတင်လို့တောင် မဆုံးနိုင်အောင် ဖြစ်နေမှာပါ”
ထိုအရာရှိက အံ့အားတကြီးဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယန်ဝူကျိက ပြောလိုက်၏။ “ရှမ့်လန်က ကျုံးရှစ်ရှစ်ကို အနိုင်ယူနိုင်တာနဲ့ ပွဲက ပြီးသွားပြီ။ ဘာလို့ သူက ဒုက္ခခံပြီး သူမရဲ့ဝမ်းဗိုက်လေးကိုကန်၊ နှာတံလေးကိုချိုးပြီး လှပတဲ့မျက်နှာတစ်ခုလုံးကို ဝက်ခေါင်းလိုဖြစ်အောင် လုပ်ခဲ့ရတာလဲ”
ထိုအရာရှိက ပြောလိုက်သည်။ “သူက သူ့မိန်းမအတွက် လက်စားချေတာလေ။ ဘာလို့လဲဆိုတော့ ကျုံးရှစ်ရှစ်က ကျင်းမူလန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်လေ”
ယန်ဝူကျိက ပြောလိုက်၏။ “ဒါက အကြောင်းအရင်းထဲက တစ်ခုပဲ။ နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုရှိသေးတယ်။ ရှမ့်လန်က ကျုံးရှစ်ရှစ်ရဲ့ဆီးခုံကို ကန်လိုက်တာက အမျိုးသမီး တစ်ယောက်ရဲ့ အပျိုစင် ဂုဏ်သိက္ခာကို စွန်းထင်းစေတယ်။ ပြီးတော့ သူမကို မင်းသားကြီးဝူရဲ့ သားတော်နဲ့ လက်မထပ်နိုင်အောင် လုပ်ပစ်လိုက်တာပဲ။ ဒါက အရှင်မင်းကြီးအတွက် လုပ်ပေးခဲ့တာပဲ”
ထိုစကားကိုကြားသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသားစံအိမ်၏ အရာရှိက မင်သက်သွားခဲ့သည်။
ကျိုးကျောင်းရန်က ပြောလိုက်၏။ “ကျုံးရှစ်ရှစ်က ရွှဲ့ပြည်နယ်ရဲ့ လက်အောက်ခံတစ်ယောက်ပဲ။ အရှင်မင်းကြီးက ကျုံးရှစ်ရှစ်ကို မင်းသားကြီးဝူရဲ့သားတော်နဲ့ လက်ထပ်စေချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းသားကြီးဝူရဲ့ သားတော်က လှပတဲ့ ကျုံးရှစ်ရှစ်ကို တစ်ခါမြင်ရုံနဲ့ ချစ်ကြိုက်သွားခဲ့တယ်။ အရှင်မင်းကြီးက မလိုလားဘူး ဆိုရင်တောင် တားဆီးလို့မှ မရတာ။
ရှမ့်လန်က ရှစ်ရှစ်ရဲ့မျက်နှာကို ဖျက်ဆီးပစ်လိုက်တာက ဒီဖူးစာဖက်တွေ့မှုကို ကြိုတင်ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ။ ဒီအိမ်ထောင်ရေးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ။ ရှမ့်လန်ရဲ့လုပ်ရပ်က အရှင်မင်းကြီးအတွက် အရမ်းကို အရေးပါတယ်။ သူက အရှင်မင်းကြီးရဲ့ တွေးခေါ်မှုအတိုင်း ကြိုပြီးတော့ စဉ်းစားတွေးခေါ်နိုင်ခဲ့တယ်။ အရှင်မင်းကြီးရဲ့ နှလုံးသားထဲမှာရှိနေတဲ့ အလိုဆန္ဒကို သူက ဖြည့်ဆည်းပေးခဲ့တာပဲ။
ပြီးတော့ သူက အရှင်မင်းကြီးကိုယ်စား ခေါင်းဝင်ခံပေးနေတာ။ အရှင်မင်းကြီးက သူ့ကို တကယ်ပဲ ကျေးဇူးတင်နေမှာ။ ဒါကြောင့် သူ့ကိုဘယ်လိုလုပ် အပြစ်ပေးမှာလဲ”
ရုတ်တရက် ထိုနေရာတွင်ရှိနေသည့် လူများက ဉာဏ်အလင်း ရသွားခဲ့၏။ မှန်ပေ၏။ ဤကိစ္စက အစောကြီးတည်းက ထူးဆန်းမှုများနှင့် ပြည့်နှက်နေ၏။ ကျုံးရှစ်ရှစ်က မင်းသားကြီးဝူ၏သားတော်နှင့် တွေ့လျှင်တောင် အဘယ့်ကြောင့် ရွှဲ့ပြည်နယ်၏ နန်းမြို့တော်တွင် လာတွေ့ရသနည်း။ တော်ဝင်ရန်မြို့တော်တွင် အဘယ့်ကြောင့် မတွေ့ကြသနည်း။