အခန်း (၅၀၃)
Vol. 35 Ch. 503
လူပေလူတေ ၅၀၀ ကျော်တို့က မြေပြင်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချေးနံ့၊ သေးနံ့များနှင့် နံဟောင်လျက် ရှိနေ၏။ သူတို့၏ ဝိညာဉ်၊ ခန္ဓာကိုယ်တစ်ခုလုံးက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ကြ၏။ လူတော်တော်များများက သေဆုံးခဲ့ကြပြီး ဖြစ်၏။ ထို့အပြင် ဒဏ်ရာရှိသည့် လူအားလုံးတို့က ချေး၊ သွေးတို့ဆီမှ ပိုးမွှားများ ဝင်ရောက်ကာဖြင့် မကြာခင် သေဆုံးရဦးပေမည်။
ထို့အပြင် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဤချေးတွင်းကြီးအတွင်း မကောင်းသည့် အနံ့ဆိုးများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့က အပေါ်သို့ ရောက်ရှိသည်နှင့် ထိုအန္တရာယ်များလှသည့် လေထုကို ရှူရှိုက်ခဲ့ပြီးသားဖြစ်၏။ သူတို့ထဲမှ လူမည်မျှများများက ထပ်မံကာ သေဆုံးဦးမည်နည်း။ မည်သူမှ မသိနိုင်ချေ။
ရှမ့်လန်က နှာခေါင်းကို ပိတ်ထား၏။ ပြီးနောက် သူက ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းဆုတ်ကာ ပြောလိုက်၏။ “အင်း... အရိုးသားဆုံးပြောရမယ်ဆိုရင် ကျုပ် ဒီတစ်ကြိမ် ခင်ဗျားတို့ကို ညှာတာသနားခဲ့ပြီးပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြတော့။ တကယ်လို့ လက်စားလာချေချင်တယ် ဆိုရင်လည်း အားလုံးကို ကြိုဆိုပါတယ်”
ပြောပြောပြီးချင်းမှာပဲ ရှမ့်လန်က သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ကြ၏။ အသက်ရှင် ကျန်ရှိခဲ့သည့် လူပေလူတေ ၅၀၀ ကျော်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ပြီးနောက် သူတို့က နာနာကျင်ကျင်ဖြင့် ဝမ်းနည်းပက်လက် ငိုကြွေးလိုက်မိကြသည်။
သူတို့၏ ဘဝတစ်သက်တာလုံးတွင် ဤမျှဆိုးဝါးသည့် အဖြစ်မျိုးကို တစ်ခါမှ မကြုံခဲ့ရဖူးချေ။ ထို့အတူ တစ်ခါမှလည်း ထိုကဲ့သို့ အရှက်မကွဲခဲ့ဖူးချေ။ သူတို့ အဘယ်သို့ ခွင့်လွှတ်ပေးရမည်နည်း။ သို့ပေမည့် နာနာကျင်ကျင် ငိုပြီးသည့်နောက်မှာတော့ ဤလူပေလူတေများက တကယ်ပင် နောင်တရလျက် ရှိနေ၏။ သူတို့က မျက်စိကန်းခဲ့၏။ အဘယ်ကြောင့် ရှမ့်လန်ကဲ့သို့သော အရူးကို သွားရောက်ကာ ပြဿနာ ရှာရသနည်း။
ကျန်းရှစ်စီရင်စုတွင် ရှမ့်လန် လူမည်မျှများများကို သတ်ဖြတ်ခဲ့သနည်း။ သူတို့ ထိုအရာကို မသိ၍လည်း မဟုတ်ချေ။ အဘယ်ကြောင့် ဤနတ်ဆိုးဘုရင်တစ်ပါး ဝင်စားသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် လူကို သွားရောက်ကာ ပြဿနာရှာခဲ့မိသနည်း။
..............
သူတော်စင်ဘုံကျောင်းရှေ့ ဆန္ဒထုတ်ဖော်သည့် လူများက ယခင်တုန်းက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးလုနီးပါးထိ အရှိန်အဝါ ကြီးမားလဲ့သည်။ သို့ပေမည့် လေးနာရီအတွင်း အကုန်လုံးက ပျောက်ကွယ်ကုန် ကြသည်။
နွေဦးရာသီ၏ နွေဦးလေပြည် တိုက်ခတ်လိုက်သည်နှင့် အရာအားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင် ကျန်ရှိသည့် စာမေးပွဲဖြေဆိုသည့် လူများအားလုံးတို့က ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ကြ၏။
သူတော်စင်ဘုံကျောင်း၏ အနီးတစ်ဝိုက်တွင် မည်သူမှ မရှိတော့ချေ။ အလောင်းအနည်းငယ်နှင့် သွေးအိုင်များသာ ရှိတော့၏။ ထိုထဲတွင် ချေး၊ သေးများလည်း တည်ရှိနေခဲ့ကြပြီး ကြောက်လန့်တကြားဖြင့် ထိုအရာက ထွက်ကျသွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ အလကားနေ၊ အလကား ရောက်ရှိလာခဲ့သည့် ပြည့်တန်ဆာများက သေဆုံးရန် ထိုက်တန်သည့် လူများပင်။
..............
တကယ့်ဆရာကြီးများဖြစ်သော ကျန့်ထော်နှင့် လျန်ယုံနင်တို့က မည်သည့်ကောင်းကျိုးကိုမှ မပြုလုပ်ခဲ့ကြောင်း သေသေချာချာ သိရှိပြီးသားဖြစ်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ သူတို့က ကြီးမားသည့် ကောင်းကျိုးပြုမှုကို ပြုလုပ်ခဲ့သကဲ့သို့ပင် သတင်းပျံ့နှံ့ခဲ့သည်။ ထိုသူနှစ်ယောက်က ရွှဲ့ပြည်နယ်၏ အဓိကထောက်တိုင်များ ဖြစ်သည်ဟုပင် ပြောဆိုခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျန့်ထော်က ကျန်းယွမ်နယ်စား၏ အိမ်တော်ကို အပူအပင်ကင်းစွာဖြင့် လွယ်လွယ်ကူကူ ရရှိခဲ့သောကြောင့်ပင်။
ကျန့်ထော်က သူ၏စစ်သည်များကို ချင်နိုင်ငံ၏ မြင်းတပ်သားများအဖြစ် ဟန်ဆောင်စေခဲ့ပြီး နိုင်ငံသားများအား ရူးရူးမူးမူး သုတ်သင် သတ်ဖြတ်ခဲ့၏။ ထို့အပြင် အရာအားလုံးသော အပြစ်တို့ကို ရှမ့်လန်၏ခေါင်းပေါ်သို့ ပုံချခဲ့၏။ လူများကလည်း မုန်းတီးမှုအခံဖြင့် ရှမ့်လန်ပြုလုပ်ခြင်းဖြစ်ကြောင်း လိုက်လံပြောဆိုကြသည်။
ထွက်ပေါ်နေသည့် ကောလဟာလများက ပေါက်ပန်းလေးဆယ်များ ဖြစ်ပြီး ရှမ့်လန် နှင့် ကျန်းချုံးတို့ကသာ အစစ်အမှန် အကျိုးဆောင်ခဲ့သူများ ဖြစ်ကြောင်း နန်းတွင်းမှ စာထုတ်ခဲ့သော်လည်း လူထုကြား ရှိနေသည့် ကောလဟာလကို ပယ်ဖျက်ဖို့ဆိုသည်မှာ မလွယ်ချေ။
ရှမ့်လန်က လူရမ်းကားများကို ခေါ်ဆောင်လာခဲ့ပြီး ရွှဲ့ပြည်နယ်မှ လူများ၏ အသက်ကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများကို လုယက်ခြင်း၊ ထိုကဲ့သို့သော အရာများကို ပြုလုပ်ခဲ့သည် ဟူသော အချက်အလက်က လူအများအပြားတို့၏ ဦးနှောက်ထဲ ရောက်ရှိနှင့်ပြီးဖြစ်၏။
ကျန့်ထော်နှင့် လျန်ယုံနင်တို့ သေဆုံးသွားခဲ့သည့်အချိန်မှာတော့ ထိုသူတို့အတွက် သွားရောက်ကာ စက္ကူမီးရှို့၍ ဂါရဝပြုသည့် လူများပင်ရှိခဲ့သေး၏။ သစ္စာရှိခဲ့သည့် အရာရှိအရာခံများက တရားမမျှတစွာဖြင့် သေဆုံးသွားခဲ့သည် ဟူသည့် အဓိပ္ပာယ်ဖော်ခြင်းပင်။
ထိုလူများနှင့်ပတ်သက်၍ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဒေါသထွက်နေပြီးသားဖြစ်၏။ သို့ပေမည့် သူက ထိုအချိန်တုန်းက နန်းမြို့တော်ထဲတွင် မရှိခဲ့ချေ။ ပြန်ရောက်လာသည့်အချိန်မှာတော့ ထိုသူအားလုံးတို့က လက်လျှော့ပြီး သူ့နေရာသူ ပြန်သွားခဲ့ကြသည်။
ယခု သူတော်စင်ဘုံကျောင်း၏ အရှေ့တွင်လည်း ထိုသူများက ထွက်ပေါ်လာခဲ့ပြန်၏။ သူတို့က အသက်ထက် ဂုဏ်သိက္ခာကို ပိုမိုကာ လိုချင်သည့် ပုံမျိုးကို ပြသခဲ့၏။ သို့ပေမည့် တကယ်တမ်း အသက်ကို ယူရမည့် အချိန်မှာတော့ ယင်ကောင်များကဲ့သို့ပင် ထွက်ပြေးသွားခဲ့၏။
ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်က ရှောင်လီကို အမိန့်ပေးခဲ့ခြင်း ဖြစ်၏။ မည်သူပဲဖြစ်ဖြစ် ပြဿနာ ရှာသည့် လူများကို တွေ့သည်ဆိုပါက ပြည့်တန်ဆာပဲဖြစ်ဖြစ်၊ ဒုက္ခပေးသည့်လူပဲဖြစ်ဖြစ် အားလုံးကို သတ်ဖြတ် ပစ်ရမည်ဆိုခြင်းပင်။
ထို့ကြောင့်ပင်လျှင် ပြည့်တန်ဆာ ဆယ်ယောက်ကျော်တို့က တစ်ခါတည်း ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ကြ၏။ ထို့အပြင် ဤပြည့်တန်ဆာများက ကျောင်းတော်သား အများအပြားတို့၏ အိမ်မက်ချစ်သူများဖြစ်၏။ ယခု ချက်ချင်းပဲ သေဆုံးသွားခဲ့ကြသည်။
ဤအချိန်မှာတော့ သူတော်စင်ဘုံကျောင်းရှေ့မှ လူပေါင်းများစွာတို့က ကျူးဟုန်ကျူး၏ စကားကြောင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးပစ်သံကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် နည်းလမ်းကို ပြသပြီး အားလုံးသောသူတို့ကို ကြီးကြီးမားမား အပြစ်ပေးခြင်းဖြစ်၏။
ပြဿနာရှာခဲ့သည့် လူပေါင်း ၁၃၅ ယောက်တို့က နောင်တစ်သက်တာလုံး စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်ခံရ၏။ လူပေါင်း ၁၅၀၀ တို့မှာတော့ စာမေးပွဲဖြေဆိုခွင့်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ပိတ်ပင်ခြင်းခံရသည်။
သို့ပေမည့် သူတော်စင်ဘုံကျောင်းရှေ့သို့ ရောက်ရှိလာခဲ့ကြသည့် စာမေးပွဲ အောင်မြင်ပြီးသား ကျောင်းတော်သားမှာတော့ စာမေးပွဲအောင်စာရင်းမှ ဖယ်ရှားခြင်း ခံခဲ့ရ၏။
နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ခဲ့၏။ ဤတစ်ကြိမ် စာပေစာမေးပွဲနှင့် သိုင်းစာမေးပွဲက တရားမျှတခဲ့၏။ မည်သည့်အမှားအယွင်း လိမ်လည်မှုမှ မရှိခဲ့ချေ။ ရလဒ်များကလည်း အစစ်အမှန် စစ်ဆေးခြင်း ဖြစ်၏။ ထို့ကြောင့် စာမေးပွဲစစ်ဆေးသူအားလုံးကို ဆုချီးမြှင့်ခဲ့၏။ ထိုအချိန်မှာပဲ ကြီးမားသည့် မုန်တိုင်းကြီးက ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ဝန်ကြီးချုပ်ကျူးဟုန်ကျူးက ကျန်းချုံးကို ဆင့်ခေါ်ခဲ့၏။
“အင်း.. တစ်စုံတစ်ယောက်က ခင်ဗျားကို ပြဿနာ ရှာချင်ခဲ့တယ်။ ပြီးတော့ သူတို့က သက်သေသာဓက တော်တော်များများကို ရှာဖွေတွေ့ရှိခဲ့တယ်”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “တချို့ကတော့ ခင်ဗျားက လာဘ်စားခဲ့တယ်လို့ပြောတယ်။ တချို့ကတော့ ခင်ဗျားက မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်လို့ဆိုတယ်”
မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ ဟုတ်ပေ၏။ ဤအရာက ရှစ်ကွမ်းယွမ်၏ မိသားစုတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။
“တချို့က ပြောကြတာကတော့ ခင်ဗျားက ရွှေတွေ၊ ငွေတွေကို လုယက်ခဲ့တယ်တဲ့။ ဒီအရာတွေအကုန်လုံးကို ခင်ဗျားက နိုင်ငံအတွက် ပြန်လည်အသုံးမပြုဘဲနဲ့ ကိုယ့်အိတ်ကပ်ထဲကို ကိုယ်ထည့်ခဲ့တယ်တဲ့။ တချို့ပြောခဲ့တာကတော့ ခင်ဗျားနဲ့ ရှမ့်လန်ဟာ အတူတူ အလုပ်လုပ်ပြီး အပြစ်ကင်းစင်တဲ့ လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့တယ်တဲ့”
ဤကိစ္စက ပိုင်ရီခရိုင်တွင် ဖြစ်တည်ခဲ့သည့် ကိစ္စရပ်ဖြစ်ပြီး ရှမ့်လန်နှင့် ကျန်းချုံးတို့ အတူတူ အလုပ်လုပ်သည့်အချိန်တွင် ပစ္စည်းပစ္စယများကို လိုက်လံလုယက်ကြသည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်၏။ ပိုက်ဆံကို ပြန်မပေးခဲ့ချေ။ ထိုပိုက်ဆံများက ပိုင်ရီမြို့ကို ခုခံကာကွယ်ရန် အသုံးပြုခဲ့သည့်အရာ ဖြစ်သည်။
“အရာအားလုံးကို ကျုပ် ငြင်းပယ်ခဲ့တယ်”
ကျူးဟုန်ကျူးက ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “နောက်ခံမရှိဘဲ ဘာတစ်ခုမှ လုပ်လို့မရဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိထားသင့်တယ်”
ကျန်းချုံးက ဦးညွှတ်လိုက်၏။ မည်သည့်စကားကိုမှ မဆိုချေ။
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “တချို့ကတော့ ခင်ဗျားက ကျူးမိသားစုဘက်ခြမ်းကို သစ္စာဖောက်ခဲ့ပြီလို့ ပြောတယ်။ ဒါပေမဲ့ ခင်ဗျားက ရှမ့်လန်နဲ့ ပြဿနာမဖြစ်ချင်လို့ ပြောခဲ့တာလို့ပဲ ကျုပ်သိတယ်။ အဲဒါကို ကျုပ်ယုံတယ်”
ကျန်းချုံးက ဦးညွှတ်လိုက်၏။
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ကျန်းချုံး... အရင်တုန်းက ခင်ဗျားက ဘုရင်မင်းမြတ်ရဲ့ ဓားတစ်ချောင်း ဖြစ်ခဲ့တယ်။ လူပေါင်းများစွာတို့ကို သတ်ဖြတ်ဖို့အတွက် အသုံးပြုတဲ့ ဓားတစ်ချောင်းပဲ။ အခု ခင်ဗျားက ပြောင်းလဲသွားခဲ့ပြီ။ ခင်ဗျားက ဝန်ကြီးတစ်ယောက်လို ဖြစ်လာခဲ့ပြီ။ ခင်ဗျားရဲ့ ပါရမီကလည်း တွေ့ရခဲတဲ့ အရာမျိုးပဲ။ ဒီတော့ ခင်ဗျားက ကျူးမိသားစုရဲ့ ဘက်ခြမ်းမှာ မရှိတော့ဘူးဆိုရင်တောင်မှ ဝန်ကြီးကတော့ ဝန်ကြီးတစ်ယောက်ပဲ”
ကျန်းချုံးက မည်သည့်စကားကိုမှ မဆိုချေ။ မြေပြင်ပေါ်တွင် ဦးတိုက်လျက်သာရှိ၏။
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားကို ပြောစရာတစ်ခု ရှိသေးတယ်”
ကျန်းချုံးက လေးလေးစားစားပင် ပြောလိုက်၏ “ဝန်ကြီးချုပ်ကျူး... ကျေးဇူးပြု၍ အကြံပေးပါအုံး”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်အပေါ်မှာပဲ အရမ်းကြီး အာရုံစိုက်မနေနဲ့။ ခင်ဗျားက တော်ဝင်ရန် နိုင်ငံတော်ကိုလည်း အာရုံစိုက်ထားသင့်တယ်”
ကျန်းချုံးက ပြောလိုက်၏။ “ကောင်းပါပြီ”
ကျူးဟုန်ကျူးက ပြောသည်။ “ပြီးတော့ ခင်ဗျားအနေနဲ့ ပဋိပက္ခတွေကို အလုံးစုံ ရှောင်လွှဲချင်တယ်ဆိုရင် အလယ်အလတ်မှာ နေထိုင်သင့်တယ်။ ရှမ့်လန်နဲ့လည်း ပတ်သက်လို့ မဖြစ်ဘူး။ မဟုတ်ရင် ခင်ဗျား ပြဿနာ တက်လိမ့်မယ်”
ကျန်းချုံးက ပြောလိုက်၏။ “အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
နောက်တစ်မနက်ခင်းမှာတော့ ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ကျန်းချုံးကို ယန်ကျိုးစီရင်စု၏ အုပ်ချုပ်ရေးမှူး အဖြစ် အာမခံချက်ပေးလိုက်၏။ ဘုရင်မင်းမြတ်က အနည်းငယ် တုန်လှုပ်သွားခဲ့၏။ ပျံ့ရှောင်းက အစောကြီး တည်းက ဤကိစ္စကို တိုးတိုးတိတ်တိတ် ပြောခဲ့ပြီးသားဖြစ်၏။ တရားဝင် မပြောရသေးသည်သာ ရှိသည်။ “ဝန်ကြီးချုပ်.. ခင်ဗျားက ခြေတစ်လှမ်း ဦးသွားပြီလား”
ကျူးဟုန်ကျူးက အချိန်အတော်ကြာ နေအိမ်ထဲမှာ အားမွေးလျက် ရှိနေ၏။ ညီလာခံကိုပင် တက်ရောက်ခြင်း မရှိခဲ့ချေ။ ညီလာခံကို တက်ရောက်သည်ဆိုလျှင်တောင် စကားအများအပြား ပြောခဲ့သူ မဟုတ်ချေ။ သို့ပေမည့် စကားပြောသည်ဆိုသည်နှင့် သူ၏စကားလုံးများက ရွှေကဲ့သို့ပင် တန်ဖိုးကြီး၏။
ယခင်တုန်းက နင်ယွမ်ရှန်းက ဝူစစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ စစ်သည်များကို ဦးဆောင်ကာ သွားချင်၏။ ဝန်ကြီးချုပ်ပေါင်း များစွာတို့က သူ့ကို တားဆီးခဲ့၏။ ဤကိစ္စနှင့်ပတ်သက်၍ အဆုံးအဖြတ် ဖြစ်စေခဲ့သူမှာ ကျူးဟုန်ကျူးပင် ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းကလည်း အရာရှိပေါင်းများစွာတို့က ပြဿနာ ရှာချင်ကြ၏။ သူတို့အားလုံးက ဘုရင်မင်းမြတ်ကို သိက္ခာကျအောင် ပြုလုပ်ချင်စိတ်ရှိကြ၏။ သူတို့က အခွင့်အရေးကို အသုံးပြုပြီး ရှမ့်လန်ကို ဖျက်ဆီးချင်ကြ၏။ ဤကိစ္စအားလုံးကို ဖြေရှင်းခဲ့သူကလည်း ကျူးဟုန်ကျူးပင် ဖြစ်၏။
လက်ရှိတည်ရှိနေကြသော အရာရှိကြီးများ၏ ထောက်ပံ့မှုသာ မရှိပါက စာမေးပွဲကျရှုံးသူများက ကြီးကြီးမားမား ပြဿနာ ရှာနိုင်လိမ့်မည် မဟုတ်ချေ။ ယခု ကျူးဟုန်ကျူးကြောင့် အားလုံးသောသူတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ကြသည်။
ကျူးဟုန်ကျူး ပြောလိုက်သည်နှင့် ထိုကိစ္စက အမှန်ပင် ဖြစ်လာရပေလိမ့်မည်။ ကျူးဟုန်ကျူးကို မည်သူကမှ ငြင်းပယ်ရဲလိမ့်မည် မဟုတ်ချေ။ ငြင်းပယ်ရသည့် အကျိုးရလဒ်ကလည်း ကြီးမားလွန်း လှသောကြောင့်ပင်။
ကျူးမိသားစုက အရှေ့ဘက်လောကကြီးတစ်ခုလုံးကို လွှမ်းမိုးထားခဲ့၏။ တော်ဝင်ရန်နိုင်ငံ၏ ထိပ်တန်းကလန်များထဲမှ တစ်ခုလည်း ဖြစ်၏။ ကျန်းလီ ဖျက်စီးခံရသည့်အချိန်တွင်တော့ နင်ယွမ်ရှန်းက ကြီးမားသည့် ဘေးဒုက္ခကြီးကို ကြုံဆုံခဲ့ရ၏။ ထိုကဲ့သို့သော ဘေးဒုက္ခကြီးက ကြီးမားလွန်းပြီး သူ၏ နန်းပုလ္လင်ကိုပင် ထိခိုက်နိုင်၏။ ထို့အတူ သူ၏ အသက်သေခြင်းရှင်ခြင်းကိုပင် ထိရောက်နိုင်၏။
ကျန်းလီကျဆုံးခဲ့ပြီးနောက် နိုင်ငံတော်တော်များများက ကျန်းလီ၏ မဟာမိတ်အဖြစ် သတ်မှတ်ခြင်းကို ခံ၏။ တချို့သောနိုင်ငံများ၏ ဘုရင်မင်းမြတ်များက တိုက်ရိုက်ဆိုသလို ဖယ်ရှားခြင်း ခံရ၏။ တချို့သော နိုင်ငံများမှာတော့ တော်ဝင်ရန်နိုင်ငံ မဟာမိတ်စစ်တပ်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
နင်ယွမ်ရှန်းအနေနှင့် ကျန်းလီကို ချီးကျူးသည်သာမက ကျန်းလီ၏သားနှင့်ပင် သူ၏သမီးကို စေ့စပ်ပေးရန် ပြင်ဆင်ခဲ့၏။ အရေးအကြောင်း အခြေအနေမျိုးမှာတော့ သူက ကျူးကလန်၏သမီးအား မိဖုရားခေါင်ကြီး အဖြစ် ခန့်အပ်ပြီး အရာအားလုံးကို ဖြေရှင်းခဲ့ရ၏။ ကျူးကလန်၏ စွမ်းဆောင်ရည်က နင်ယွမ်ရှန်းကို အရေးအကြောင်း အခြေအနေမျိုးတွင် အသက်ရှင်သန်နိုင်ရန် ဖန်တီးပေးနိုင်ခဲ့၏။
ထို့ကြောင့်ပင်လျှင် နင်ယွမ်ရှန်းက ကျူးဟုန်ကျူးကို ဝန်ကြီးချုပ်ဟု ခေါ်လေ့ခေါ်ထ မရှိချေ။ သို့ပေမည့် ကျူးဟုန်ကျူးကတော့ တကယ့်အရာရှိကြီးများ၏ အခွင့်အာဏာဩဇာကို ပိုင်ဆိုင်ထား၏။ ထို့အတူ သူ ပိုင်ဆိုင်သည့် ဩဇာအာဏာကိုလည်း အရေးအကြောင်း အခြေအနေမျိုးတွင်သာ အသုံးပြုတတ်၏။ ရံဖန်ရံခါ ဆိုသလိုမှသာလျှင် ထွက်ပေါ်လာတတ်၏။ သူ ပြောဆိုသည်နှင့် တစ်ပြိုင်နက် မည်သူကမှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြုံးလိုက်သည်။ “ဝန်ကြီးချုပ်ရဲ့ အကြံပြုချက်က အရမ်းကို ကောင်းတယ်။ အားလုံးကကော အဲလိုထင်ရဲ့လား”
ကျန်သည့် အရာရှိပေါင်းများစွာတို့က ဦးညွှတ်ကာ ပြောလိုက်၏။ “ကောင်းပါတယ်။ ကျုပ်တို့ သဘောတူပါတယ်”
ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ထပ်မံကာ မေးမြန်းလိုက်သည်။ “ကျန်းချုံး... ခင်ဗျားရော သွားချင်လား”
ကျန်းချုံးက ဦးညွှတ်ကာ ပြောလိုက်၏။ “ကျုပ် သွားချင်ပါတယ်”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါဆိုရင် အမိန့်ချလိုက်တော့။ ကျန်းချုံးကို ယန်ကျိုးစီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်”
ဤကိစ္စ ပြီးသွားခဲ့ပြီး ဖြစ်၏။ နောက်တစ်ရက်မှာတော့ ကျန်းချုံးက ယန်ကျိုးစီရင်စု၌ သူ၏ရာထူးကို ဆက်ခံရန် ဦးတည်ထွက်ခွာသွားခဲ့၏။ ပြောရမည်ဆိုလျှင် ဤအရာက လွန်ခဲ့သည့် နှစ်ဝက်တည်းက သူ ပိုင်ဆိုင်မည့်အရာ ဖြစ်၏။ သို့ပေမည့် အလှည့်အပြောင်းများ ပြီးသည့်နောက်မှ ဤနေရာအား ရရှိခဲ့၏။
ထိုသို့ဆိုလျှင်တောင် အခြေအနေတစ်ခုကတော့ ကွာခြားသွားခဲ့၏။ သူက ကျူးကလန်ဘက်မှ အရာရှိတစ်ယောက် မဟုတ်တော့ချေ။ ပြောရမည်ဆိုလျှင် သူက အိမ်ရှေ့စံမင်းသားအား သစ္စာဖောက်သူဟုပင် လူတချို့က တွေးတောခဲ့ကြ၏။ သို့ပေမည့် ကျူးဟုန်ကျူး၏ ထောက်ပံ့မှုကို ရရှိပြီးသည့်နောက် ကျန်းချုံး၏ သစ္စာဖောက်ဟူသည့်နာမည်က ရှင်းလင်းသွားခဲ့ပြီဖြစ်၏။ ကျိန်းသေပေါက် သူက ကြားနေ တည်နေရာကို ပိုင်ဆိုင်၏။ ထိုအရာက မည်သူမှ ထုတ်ဖော်မပြောကြားရဲသည့် အကြောင်းအရာ တစ်ခုသာ ဖြစ်သည်။
မူလအားဖြင့် ကျန်းချုံးက ရှမ့်လန်၊ မင်းသားနင်ကျန်းတို့ဘက်နှင့် ပိုမိုကာ နီးစပ်၏။ သို့ပေမည့် ကျူးဟုန်ကျူးက အသာပင် လက်ကို ဝှေ့ယမ်းကာ ထိုအရာကို ဖယ်ရှားပေးခဲ့၏။ ထိုနေ့မှစ၍ ကျန်းချုံးက ကြားနေတည်နေရာကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်တော့မှာ ဖြစ်၏။ ရှမ့်လန်က တစ်ဖက်လူ၏ အသက်ကို ကယ်တင်ခဲ့၏။ ထို့ကြောင့် သူကျူးဟုန်ကျူးကလည်း တစ်ဖက်လူကို မသတ်ပစ်ခဲ့ချေ။ ထို့အပြင် အာမခံပင် ပေးခဲ့သေး၏။