အခန်း (၅၀၄)
Vol. 35 Ch. 504
‘ကျန်းချုံး... ခင်ဗျားက ယန်ကျိုးစီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး တည်နေရာကို ငြင်းချင်ရင် ငြင်းနိုင်တယ်။ ဒါပေမဲ့ ဒီအရာကို လက်ခံလိုက်ပြီဆိုတာနဲ့ ခင်ဗျားနဲ့ နင်ကျန်းရဲ့ကြားထဲမှာ ရှင်းရှင်းလင်းလင်း ကွာခြားသွားပြီ။ ခင်ဗျားက ကြားနေဖြစ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပြီးတော့ ခင်ဗျားနဲ့ ရှမ့်လန်ရဲ့ကြားထဲမှာ ရှိနေတဲ့ ဆက်ဆံရေးကို ကျုပ်တို့ဘက်က တစ်စက်ကလေးမှ ဂရုမစိုက်ဘူး။ နိုင်ငံရေးရာ ကိစ္စရပ်မျိုးတွေမှာ ပါဝင် မပတ်သက်ဘူးဆိုရင် ပြီးတာပဲ’
အကယ်၍ ဤအချက်အလက်အတိုင်း နေထိုင်သွားပါက အနာဂတ်တွင် ဝန်ကြီးချုပ်များထဲမှ တစ်ယောက်အဖြစ် ဖြစ်လာမှာ သေချာ၏။ မဟုတ်ပါက ကျူးကလန်၏ ဒေါသတရားများကို ရင်ဆိုင်ရပေလိမ့်မည်။ ကျူးဟုန်ကျူးက တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်ဆိုသည်နှင့် ကျန်းချုံး၌ ပြန်လည်တိုက်ခိုက်ရန် ဩဇာအာဏာ နှင့် စွမ်းဆောင်ရည် ဟူ၍ မရှိချေ။ ထို့ကြောင့် သံသယရှိစရာမလိုဘဲ သေဆုံးရပေလိမ့်မည်။
ရှမ့်လန်ပင်လျှင် ကယ်တင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။ ပျံ့ရှောင်းကတော့ ကယ်တင်နိုင်၏။ သို့ပေမည့် ပျံ့ရှောင်းကလည်း ကျန်းချုံးအတွက် ကျူးကလန်ကို ပြဿနာရှာလိမ့်မည် မဟုတ်ချေ။ ပျံ့ရှောင်းအနေနှင့် ကျန်းချုံးကို ကယ်တင်နိုင်စွမ်း ရှိနေသည်ဆိုလျှင်တောင်မှ နိုင်ငံရေးရာအရ သူက ကယ်တင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းချုံး၌ ရွေးချယ်ခွင့် မရှိချေ။ သူက ရှမ့်လန်ကို ကျေးဇူးတင်၏။ ထို့အတူ ရှမ့်လန်နှင့်လည်း မိတ်ဆွေကောင်းများအဖြစ် သုံးသပ်နိုင်စွမ်း ရှိနေ၏။ သို့ပေမည့် ရှမ့်လန်အတွက် သူက ခပ်ဝေးဝေးသို့ သွားရပေမည်။
ကျန်းချုံး တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားချိန်၌ ရှမ့်လန်က လိုက်ပါပို့ဆောင်ခြင်း မရှိချေ။ ကျန်းချုံး မထွက်ခွာခင်မှာလည်း ရှမ့်လန်ကို နှုတ်ဆက်စကား လာမဆိုခဲ့ချေ။ သူတို့၏ ပုဂ္ဂိုလ်ရေးအရ ရင်းနှီး ပတ်သက်မှုများက ရှိသည်ဆိုလျှင်တောင် နိုင်ငံရေးရာကိစ္စရပ်များအရ ခပ်ဝေးဝေးတွင် နေထိုင်ရပေတော့မည်။
ရှမ့်လန်က စိတ်ထဲတွင် သက်ပြင်း ချလိုက်၏။ ဤဝန်ကြီးချုပ် ကျူးဟုန်ကျူးက တကယ်ကို အစစ်အမှန် ကျွမ်းကျင်သူ တစ်ယောက်ပင်။ တစ်ခါတစ်ရံ ကျယ်ကျယ်ပြောဆို၏။ တစ်ခါတစ်ရံ တိတ်ဆိတ်ငြိမ်သက်၏။ ကျယ်လောင်စွာ ပြောဆိုသည့်နေရာတွင် စိန်ကဲ့သို့ပင် ကျယ်လောင်လွန်းလှချေပြီး တိတ်ဆိတ်ငြိမ်သက်သည့် အချိန်တွင် ယင်ကောင်ထက်ပင် အသံတိုးလွန်းလှ၏။
သူ၏လှုပ်ရှားမှုများကို ကြည့်ရှုရသည်မှာ မည်သည့်အရှိန်အဝါမျိုးမှ မရှိသလိုပင်။ သို့ပေမည့် ဝင်ရောက်ပြောဆို လိုက်သည်ဆိုသည်နှင့် ကြောက်ခမန်းလိလိပင် ဖြစ်၏။ ထို့အပြင် ပြုမူဆောင်ရွက်သည့်အရာအားလုံး၏ မျက်နှာပြင်ထက်တွင် ရှမ့်လန်ကို ပစ်မှတ်ထားနေသည်ဟူသည့် အရိပ်အယောင် တစ်ချက်ကလေးမှပင် မရှိခဲ့ချေ။ သို့ပေမည့် ကျန်းချုံးကို နင်ကျန်း၏ဘက်ဆီမှ ဖယ်ခွာသွားအောင် လွယ်လွယ်ကူကူနှင့် ပြုလုပ်ခဲ့သည်။
ကျန်းချုံးက ကျိန်းသေပေါက် နင်ကျန်းဘက်၌ သစ္စာရှိသည့်လူတစ်ယောက် ဖြစ်လာနိုင်၏။ ထို့အပြင်ကျန်းချုံးက တကယ်ကို လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူတစ်ယောက်ပင်။
အိမ်ရှေ့စံမင်းသားဘက်ခြမ်းဆီမှ ကျန်းချုံးကို ပြင်းပြင်းထန်ထန် စတင်ကာ တိုက်ခိုက်ခဲ့၏။ ရှမ့်လန်က ဘုရင်မင်းမြတ်၏အရှေ့တွင် ကျန်းချုံးကို ကယ်တင်ခဲ့၏။ အရေးအကြောင်း အခြေအနေမျိုးတွင် နင်ကျန်းက မိဖုရားကြီးပျံ့ကို သွားရောက်တောင်းပန်ပြီး မင်းကြီးပျံ့ရှောင်းအား ကျန်းချုံးကို ကယ်တင်ပေးပါရန် တောင်းဆိုခဲ့၏။
ထို့ကြောင့် ကျန်းချုံးက ကျူးမိသားစုဘက်ခြမ်းဆီမှ ဖယ်ခွာပြီး နင်ကျန်း လက်အောက်၌ လာရောက် အလုပ်အကျွေးပြုရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ယန်ကျိုးစီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူး တည်နေရာက နင်ကျန်း၏လက်အောက်သို့ ရောက်ရှိသွားသကဲ့သို့ပင်။
သို့ပေမည့် ကျူးဟုန်ကျူးက လွယ်လွယ်ကူကူဆိုသလိုပဲ ထိုလမ်းကို ဖြတ်တောက်ပစ်ခဲ့သည်။
အဓိက သော့ချက်အားဖြင့် ရှမ့်လန်အနေနှင့် ခုခံကာကွယ်၍ မရနိုင်သလို တန်ပြန်တိုက်ခိုက်မှုကိုလည်း ပြုလုပ်၍ မရနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူ့ကို တိုက်ခိုက်ခြင်းပင် မပြုလုပ်ခဲ့သောကြောင့်ပင်။
ဘုရင်မင်းမြတ်ကလည်း ရှမ့်လန် စိတ်ညစ်သွားကြောင်း သိရှိ၏။ ထို့ကြောင့် ကျန်းချုံးရာထူးကို ဆက်ခံပြီး ဒုတိယမြောက်နေ့မှာတော့ သူက တရားဝင် အမိန့်တော်တစ်ခုကို ချမှတ်ခဲ့၏။ လန်ရီအား ချန်းဖန်မြို့စား အိမ်တော်၏ ဒုတိယတန်းစား အဆင့်ခြောက် အရာရှိတစ်ယောက်အဖြစ် တရားဝင် ခန့်အပ်ခဲ့ခြင်းပင်။
ထို့အပြင် လန်ညီနောင်အားလုံးတို့အားလည်း မြို့စားအိမ်တော်၏ အရာရှိများအဖြစ် ခန့်အပ်ခဲ့၏။ ထိုအထဲတွင် ကျိုးရိချမ်လည်း အပါအဝင် ဖြစ်၏။ နင်ကျန်းက အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို စတင် တည်ထောင်ခဲ့ပြီး ဖြစ်၏။ ပြောရမည်ဆိုလျှင် အခြေခံအချက်အလက်အားလုံးကို စတင်ကာ အခြေချနိုင်ခဲ့ပြီဖြစ်သည်။
..............
အိမ်ရှေ့စံအိမ်တော်အတွင်းမှာတော့ ပုံမှန်အတိုင်း အိမ်ရှေ့စံမင်းသားနင်ယီက လက်ထဲမှ တစ်စုံတစ်ခုကို ဆော့ကစားလျက် ရှိနေ၏။ ဤတစ်ကြိမ် သူဆော့ကစားနေသည့်အရာကတော့ အနည်းငယ် ထူးခြား၏။ အရုပ်တစ်ခုကဲ့သို့ပင်။ ဤအရာက ရှန်းကုန်ဘုရားကျောင်းဆီမှ ပေးသည့်လက်ဆောင်ပင်ဖြစ်၏။ ကျိန်းသေပေါက် ကိုးကွယ်ရမည့် အရာမျိုးပင်။ သို့ပေမည့် အိမ်ရှေ့စံမင်းသားကတော့ ထိုအရာကို ဆော့ကစားလျက် ရှိနေ၏။ “ရှာတွေ့ပြီလား”
ကျိုးကျောင်းရန်က ပြောလိုက်၏။ “တွေ့ပါပြီ။ အရူးလန်နဲ့ သူတောင်းစား ၁၀ ယောက်တို့က ထူးခြားတဲ့ သွေးမျိုးဆက်တွေ ရှိတယ်။ ရှမ့်လန်က သူတို့ရဲ့သွေးမျိုးဆက်ကို သန့်စင်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့တာပဲ။ ဒါကြောင့် သူတို့အားလုံးက ပုံမှန်အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့တယ်။ သိုင်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ခဲ့တယ်”
ထိုအချိန်မှာပဲ အိမ်ရှေ့စံမင်းသား၏ အရာရှိတစ်ယောက်က ဝင်ရောက်ကာ ပြောဆိုသည်။ “ဒါဆိုရင် ဒီကိစ္စကို အသုံးပြုပြီးတော့ ရှမ့်လန်ကို ဖိနှိပ်နိုင်လား။ ရှမ့်လန်ကို ကျန်းလီရဲ့အကြွင်းအကျန်အဖြစ် သတ်မှတ် တံဆိပ်တပ်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ”
ကျိုးကျောင်းရန်က ခေါင်းကို ခါယမ်းလိုက်၏။ “မဖြစ်သေးဘူး။ ကျိုးကလန် ဖျက်ဆီးခံရပြီးတဲ့နောက်မှာ တော်ဝင်ရန်နိုင်ငံက ဒီကိစ္စကို လက်လွှတ် ဖယ်ရှားလိုက်ပြီ။ ဒီထူးခြားတဲ့ သွေးမျိုးဆက်ဆိုတာကတော့ ကျန်းလီရဲ့ သွေးမျိုးဆက် အကြွင်းအကျန်တွေနဲ့ သက်ဆိုင်မှု မရှိဘူး။”
ထိုအရာရှိက ပြောလိုက်သည်။ “ဒါဆိုရင် အရှင့်သား.... တော်ဝင်ရန်နိုင်ငံရဲ့ ဘုရင်မင်းမြတ်က ဒီသွေးမျိုးဆက် ပိုင်ရှင်တွေကိစ္စကို အလုံးစုံ လျစ်လျူရှုလိုက်ပြီပေါ့”
ကျိုးကျောင်းရန်က ပြောလိုက်၏။ “ကျိုးရိချမ်ကို ကျန်းလီရဲ့အကြွင်းအကျန်အဖြစ် သုံးသပ်ပြီး ကျိုးကလန်ကို သုတ်သင်ရှင်းလင်းခဲ့တယ်။ ဒါပေမဲ့ ကျန်းလီ သေဆုံးချိန်မှာ ထူးခြားတဲ့သွေးမျိုးဆက် ရှိတဲ့လူတွေအကုန်လုံးက ငယ်ရွယ်ကြသေးတယ်။ သူတို့ကလည်း မှန်လား၊ မှားလားတောင် မသိဘူး။ အားလုံးက အပြစ်ကင်းစင်တဲ့လူတွေ ချည်းပဲလေ”
ထိုတင်သာမကသေးချေ။ ကောင်းကင်ပင်လယ်နန်းဆောင်မှ ကျိုးရှီနှင့် ရှန်းကုန်ဘုရားကျောင်းမှ သခင်ကြီး၊ ထို့အပြင် တခြားသော ခေါင်းဆောင်အသီးသီးတို့ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းပြောဆိုခဲ့ပြီးသား ဖြစ်၏။ ဤသို့သော လူပေါင်းများစွာတို့၏ ကာကွယ်မှုကို ခံရသောကြောင့် ထူးခြားသည့်သွေးမျိုးဆက်ကို ပိုင်ဆိုင်သော လူအားလုံးက ပုန်ကန်သည့် ပြစ်မှုဆီမှ ကင်းလွတ်ခွင့်ကို ရရှိခဲ့ကြသည်။
မူလအားဖြင့် ထိုသူများက ကျန်းလီ၏ သွေးမျိုးဆက်ပိုင်ရှင်များဟု ခေါ်ဆိုခဲ့ကြပြီး ယခုအချိန်မှာတော့ အားလုံးက ထူးခြားသည့် သွေးမျိုးဆက်ပိုင်ရှင်များဟုသာ နာမည်တပ်ခြင်းကို ခံရ၏။ မဟုတ်ပါက ကျိုးရှီက နာကျည်းမှုကို တပည့်အဖြစ် အဘယ်သို့ လက်ခံမည်နည်း။ ဤအရာက သူ၏စိတ်နေစိတ်ထားကို ပြသခဲ့ခြင်းသာဖြစ်၏။
ထိုတင်သာမကချေ။ တခြားသောအဖွဲ့အစည်း အသီးသီးတို့ကလည်း ဤထူးခြားသည့် သွေးမျိုးဆက် ပိုင်ရှင်များကို တပည့်အဖြစ် လက်ခံခေါ်ယူကြ၏။ နာကျည်းမှု က ကောင်းကင်ပင်လယ်နန်းဆောင်၏ ရွေးချယ်မှု ခံခဲ့ရ၏။ ပါရမီရှင် တစ်ယောက်ဖြစ်သောကြောင့်ပင်။
သူ မသိရှိသည်မှာ သူ့ကို ခေါ်ယူချင်သည့် တခြားသော ဂိုဏ်းဂဏအသီးသီးတို့ တည်ရှိနေသည်ဆိုခြင်းပင်။ ရှန်းကုန်ဘုရားကျောင်း၊ စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင်တွန်းတင်ခြင်းမျှော်စင်၊ စသည်ဖြင့်ပင်။ ထိုသူအားလုံးတို့က အခွင့်အရေးကို စောင့်မျှော်လျက်ရှိနေ၏။
နာကျည်းမှုက ကျန်းလီ၏ အကြွင်းအကျန်ဟူသည့်ကိစ္စရပ်က ရှင်းလင်းသွားခဲ့ပြီးဖြစ်၏။ ထို့အပြင် အရူးလန်နှင့် လန်ညီနောင်အားလုံးကလည်း လူသိရှင်ကြား ထွက်ပေါ်လာခဲ့ကြ၏။ ကျိုးကလန်ကတော့ ဘာမှမဆိုင်ဘဲ စတေးခြင်းခံခဲ့ရ၏။ အသက်ရှင်ကျန်ရှိခဲ့သည့် ကျိုးကျောင်းရန်က တခြားသော အဖွဲ့အစည်းအားလုံးတို့၏ သနားညှာတာမှုကို ခံခဲ့ရပြီး လျော်ကြေးတချို့ပင် ရခဲ့သေးသည်။
အရူးလန်သည် မြေပြင်ဟိုးအောက်ခြေတွင် တည်ရှိနေသည့် လူတစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်ယံဆီမှ တိုက်ခိုက်လျက် ရှိနေသည့် လေပြင်းများကို မမြင်နိုင်ပေ။ ထို့ကြောင့် သူက အရူးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး သူ၏ ညီနောင် ဆယ်ဦးတို့အား နာမည်ကျော်ကြား ထင်ရှားခွင့် မပေးဝံ့ခဲ့ခြင်း ဖြစ်၏။ အားလုံး ဖျက်ဆီးသတ်ဖြတ်ခံရမည်ကို သူက စိုးရိမ်မိခဲ့၏။ ယခုတော့ နင်ကျန်း၏ လက်အောက်တွင် အဆင်ပြေနေပြီဖြစ်၏။
တစ်ခါတစ်ရံ မိမိက အရမ်းကို နီးကပ်လျက်ရှိနေသည်ဟု ထင်ရသော်လည်း အလွန်တရာ ဝေးကွာသည့် နေရာမျိုး၌ ရှိနေသည့်အရာမျိုးလည်း ရှိသည်။ ဥပမာအားဖြင့် သဲကန္တာရထဲတွင် ရှိနေသည့် တံလျှပ်တစ်ခုကဲ့သို့ပင် ဖြစ်၏။ မိမိက ထိုတံလျှပ်ထံသို့ လှမ်းလျှောက် သွားမည်ဆိုလျှင် ဘယ်တော့အခါမှ ရောက်ရှိလိမ့်မည် မဟုတ်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်က ထိုကဲ့သို့သောအရာတစ်ခုပင် ဖြစ်၏။
ရှမ့်လန်ကမူ ကောင်းကင်ပင်လယ်နန်းဆောင်က သူနှင့် နီးကပ်သလို ခံစားရမိ၏။ အဘယ့်ကြောင့်ဆိုသော် ကျောင်းတော်သူ ကျန်းကျိယွင်မှာ သူနှင့် ဘာဘာညာညာ ဇာတ်လမ်းများ ရှိခဲ့ဖူး၏။ ထို့ပြင် ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်တိုင်းက သူ့အပေါ်တွင် ကြင်နာစွာ ဆက်ဆံ၏။ ကောင်းကင်ပင်လယ် နန်းဆောင်က ရှမ့်လန်အား လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို ပေးထားသေးသည်။
ထို့အပြင် သူက သိုင်းရူး ထန်ယင်နှင့် ဓားဘုရင်လီချင်းချိုး၏ ဇနီးတို့ကို ကာကွယ်ပေးရန် ကောင်းကင်ပင်လယ် နန်းဆောင်ဆီသို့ ပို့ဆောင်ခဲ့သေး၏။ သူတို့က တကယ်ကို ရင်းနှီးပတ်သက် နီးကပ်ခဲ့ပုံပေါ်၏။ ကောင်းကင် ပင်လယ်နန်းဆောင်က ရှမ့်လန်၏ မဟာမိတ်နှင့် နောက်ခံအင်အားကြီးတစ်ခုသဖွယ် ဖြစ်နေ၏။
တကယ်တမ်းမှာတော့ ထိုသို့တော့ မဟုတ်သေးချေ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အရှင်သခင် ကျိုးရှီက နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မားသည့် နေရာတွင် ရှိနေသူတစ်ယောက် ဖြစ်၏။ ထိုသူက ကောင်းကင်ရှိ တိမ်ပေါ်တွင် ရှိနေပြီး မည်သူမှ ထိတွေ့ ကိုင်တွယ်နိုင်စွမ်း မရှိသည့် လူတစ်ယောက်ကဲ့သို့ပင်။
ယခု ရှမ့်လန်ကတော့ နားလည်သွားခဲ့ပြီ ဖြစ်၏။ ရွှဲ့ပြည်နယ်၏ မဟာပညာရှင် ခြောက်ဦးတို့တွင် ကျိုးရှီ မပါဝင်ချေ။ အဘယ့်ကြောင့်ဆိုသော် မဟာပညာရှင် ခြောက်ဦးဆိုသည်မှာ အမည်နာမ ဂုဏ်သိက္ခာတစ်ခုသာလျှင် ဖြစ်ပြီး ခြောက်ဦးသာရှိရမည်ဟူသော စည်းမျဉ်းစည်းကမ်းတစ်ခုလည်း ဖြစ်၏။
ကျိုးရှီက ထိုစည်းမျဉ်းများကို ချမှတ်သူ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် မဟာပညာရှင်ခြောက်ဦးထဲတွင် မပါဝင်ခြင်းဖြစ်သည်။
ကျိုးကလန်က ယခင်က အလွန်တရာ ထင်ရှားကျော်ကြားလွန်းခဲ့၏။ ကျိုးကျောင်းပိုက တောင်ပိုင်း စစ်သူကြီး တစ်ယောက်ဖြစ်ပြီး ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ တန်ခိုးအာဏာကြီးမားခဲ့၏။ အဆုံးသတ်တွင်တော့ လက်ချောင်းတစ်ချောင်းမျှဖြင့် တစ်ဖက်လူတို့က ကျိုးမျိုးနွယ်တစ်ခုလုံးကို ချေမှုန်းဖျက်ဆီးပစ်ခဲ့၏။
ဤသို့ ထည်ဝါလှသည့် ကျိုးမျိုးနွယ် တစ်ညအတွင်း ဖျက်ဆီးခံရခြင်းက ရွှဲ့ပြည်နယ်၏ ထိပ်တန်း လျှို့ဝှက်ချက်ကြီး တစ်ခု ဖြစ်လာခဲ့၏။ ဤအရာက အဆုံးမရှိသည့် တွင်းကြီးကဲ့သို့ပင် နက်နဲလွန်းခဲ့သည်။
ယခင်က နာကျည်းမှုနှင့် ကျိုးကျောင်းရန်တို့က သူတို့၏ စိတ်ကူးယဉ် ရန်သူများကို ဖန်တီးခဲ့ပြီး မရေမတွက်နိုင်သည့် လျှို့ဝှက် လှုပ်ရှားကြံစည်မှုများကို ပြုလုပ်ခဲ့ကြ၏။
သို့ပေမည့် ကျုံးမျိုးနွယ် ပျက်စီးခံရခြင်း၏ နောက်ကွယ်ရှိ တရားခံအစစ်အမှန်က မည်သူဖြစ်သနည်း။
သေသေချာချာ မသိရှိခဲ့ကြချေ။ တကယ်တမ်းမှာတော့ မင်းသမီးနင်ဟန်ပင် ဖြစ်၏။ သူမ၊ ကျူးဟုန်ရွှဲ့နှင့် တော်ဝင်ရန်နိုင်ငံမှ မင်းသားတစ်ပါးတို့က ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ တူးဖော်ရရှိထားခဲ့သည့် ရှေးဟောင်းရတနာကျမ်း များကို လေ့လာခဲ့စဉ်ကဖြစ်သည်။
ပြီးနောက် သူမက ကျိုးရိချမ်နှင့် တွေ့ဆုံခဲ့၏။ ကျိုးရိချမ်၏ ခန္ဓာကိုယ်နှင့် မျက်နှာတို့က ပုံပျက်ပန်းပျက် ဖြစ်နေပြီး အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်းကို မသိရှိသောကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ ပို့ဆောင် ကုသစေခဲ့၏။
ထိုသူက ကျန်းလီ၏ အထူးသွေးမျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်း နင်ဟန်က တစ်ချက်ကြည့်လိုက်သည်နှင့် သိရှိလိုက်၏။ နာကျည်းမှု၏ စွမ်းအင်များက တကယ်ကို ပြင်းထန်ပြီး ထိန်းချုပ်၍မရနိုင်သောကြောင့် ခန္ဓာကိုယ်များက ပုံပျက်ပန်းပျက် ဖြစ်သွားရခြင်းသာ ဖြစ်၏။ ထို့ကြောင့် ကျန်းလီ၏ သွေးမျိုးဆက်ဖြစ်ကြောင်း ပြောဆိုခဲ့မိသည်။ တော်ဝင်ရန်နိုင်ငံ၏ မင်းသားက ကျိုးမျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ပစ်လိုက်သည်။
ထိုအချိန်မှာတော့ မင်းသမီးနင်ဟန်က ဒေါသတကြီးဖြင့် ပြောဆိုခဲ့၏။ “စစ်ဘေးဒုက္ခသည်တွေ ဒီလောက် များခဲ့တာ။ ပြီးတော့ အထူးသွေးမျိုးနွယ် ပါဝင်တဲ့လူတွေကလည်း အရမ်းကို များတယ်။ အားလုံးကို သတ်ပစ်တော့မလို့လား”
ပြီးနောက် မင်းသမီးနင်ဟန်က သူမ၏ ဆရာ ကျိုးရှီထံသို့ သွားရောက်ခဲ့၏။ ကျိုးရှီက တခြားမြင့်မြတ်သည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထံသို့ သွားရောက်ခဲ့၏။ တကယ့် မြင့်မြတ်လွန်းသည့် လူအနည်းငယ်တို့က သူတို့၏ ရပ်တည်မှုကို တညီတညွတ်တည်း ထုတ်ဖော်ပြသခဲ့ကြပြီး အထူးသွေးမျိုးနွယ်ဝင် တစ်ဦးချင်းစီတိုင်းကို သူတို့၏ အမည်ခံတပည့်အဖြစ် လက်ခံခဲ့ကြသည်။
ပြီးနောက် တော်ဝင်ရန်နိုင်ငံ၏ ဘုရင်မင်းမြတ်က ဤအထူးသွေးမျိုးနွယ်များမှာ အပြစ်မရှိကြောင်း အမိန့်တော် ထုတ်ပြန်ခဲ့ရ၏။
ကျုံးမျိုးနွယ်ပျက်စီးသွားခြင်းက နင်ဟန်၏ မရည်ရွယ်သော စကားတစ်ခွန်းကြောင့်ပင်။ ကျုံးမျိုးနွယ်၏ အပြစ်ကင်းစင်မှုကို ပြန်လည်ရရှိခြင်းကလည်း နင်ဟန်၏ စကားတစ်ခွန်းကြောင့်သာ ဖြစ်သည်။
ကျိုးကျောင်းရန်က ဖြစ်ရပ်မှန်ကို ရှာဖွေတွေ့ရှိသည့်အချိန်မှာတော့ မျှော်လင့်ချက် ကင်းမဲ့သွား၏။ သူမ၏ မျိုးနွယ်တစ်စုလုံး ပျက်စီးခံရခြင်း၏ တရားခံကို ရှာတွေ့ခဲ့သော်လည်း ဘာမှလုပ်မရသည့် အခြေအနေ ဖြစ်ခဲ့သည်။နောက်ပိုင်းမှာတော့ သူမက ဘာလှုပ်ရှားမှုကိုမှ မပြုလုပ်တော့ချေ။ အရာအားလုံးက ဤသို့ပင် အဆုံးသတ်သွားခဲ့၏။
ထည်ဝါခန့်ညားပြီး ဩဇာအာဏာကြီးမားလွန်းသည့် ကျိုးမျိုးနွယ်က ဤပုဂ္ဂိုလ်များ၏ မျက်စိထဲတွင်တော့ ပုရွက်ဆိတ်လေး တစ်ကောင်မျှသာ ဖြစ်၏။ လက်ညှိုးတစ်ချောင်းတည်းဖြင့် ကြိတ်ချေနိုင်သည် ဆိုသည့်အရာထက်ပင် ပိုမိုကာ ပေါ့ပါးလွန်း၏။ တစ်ဖက်လူများက မတော်တဆ လမ်းလျှောက်ရင်း သူတို့ မိသားစုကို နင်းမိသောကြောင့် သူတို့ သေဆုံးသွားခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့်ပင် ကျိုးကျောင်းရန်သည် လက်စားချေဖို့ လုံးဝမစဉ်းစားတော့ချေ။ သူမက အပေါ်သို့ တက်လှမ်းရန်သာ ဆန္ဒရှိတော့၏။ အဘယ့်ကြောင့်ဆိုသော် လောကကြီး၏ အကြီးမားဆုံးသော စွမ်းအားကို အပေါ်ဆုံး၌ ရှိသည့်လူများမှာသာ ပိုင်ဆိုင်သည် မဟုတ်ပါလား။
နင်ယွမ်ရှန်း၏ သားသမီးများထဲတွင် စစ်မှန်သည့် အခွင့်အာဏာဩဇာကို ပိုင်ဆိုင်သူ တစ်ဦးတည်းသာ ရှိကြောင်း သူမ ကောင်းကောင်းသိ၏။ ထိုသူက မင်းသမီးနင်ဟန်ပင်။ သူမက တစ်ခါမှ မပေါ်လာဖူးသော်လည်း ကောင်းကင်ပင်လယ်နန်းဆောင် အရှင်သခင် ကျိုးရှီ၏ တိုက်ရိုက်တပည့်ဖြစ်၏။ အရှင်ကျိုးရှီက စည်းမျဉ်းများကို ချမှတ်နိုင်သူ အနည်းငယ်များထဲမှ တစ်ဦးဖြစ်၏။
ကျိုးမျိုးနွယ် ပျက်စီးပြီးနောက် ကျိုးကျောင်းရန်က တကယ့်ကို ပြိုလဲခဲ့ရပြီး အနိမ့်ကျဆုံးသော ပြည့်တန်ဆာ ထက်ပင် ပိုမိုကာ ဆိုးရွားခဲ့၏။ ထိုသို့ဆိုလျှင် သူမအနေနှင့် ယခုကဲ့သို့သော အခြေအနေကို အဘယ်သို့ ပြန်လည်ကာ ရရှိခဲ့ရသနည်း။ သူမက ယင်ယွမ်အဖွဲ့အစည်း၏ ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာရုံသာမက အိမ်ရှေ့စံ နင်ယီ၏ အမည်ခံ ကိုယ်လုပ်တော်တစ်ယောက်လည်း ဖြစ်လာခဲ့၏။ ထိုအကြောင်းအရာများ အားလုံးက စကားတစ်ခွန်းတည်းကြောင့် ဖြစ်၏။
နင်ဟန်မင်းသမီးက ပြောဆိုခဲ့၏။ “ကျွန်မ တောင်းပန်ပါတယ်”
ဤတောင်းပန်စကားတစ်ခွန်းကြောင့် ကျိုးကျောင်းရန်က ငရဲဘုံမှ နတ်ပြည်သို့ တက်လှမ်းသွားသကဲ့သို့ပင်။ လူတစ်ဦး တန်ခိုးအာဏာကို ရရှိသည်ဆိုတာက သူ၏ ကြက်နှင့်ခွေးများပင်လျှင် နတ်ပြည်သို့ လိုက်ရသည် ဟူသော ဆိုရိုးစကားရှိ၏။ မင်းသမီးနင်ဟန်၏ စကားကြောင့် ကျိုးကျောင်းရန်က နင်ဟန်၏ တောင်ပံများအပေါ်တွင် နားခိုလိုက်ရသည့် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် ကောင်းကင်ဘုံသို့ လိုက်ပါသွားခဲ့ရသည်။။
လူများ၏ မျက်လုံးထဲတွင်တော့ ရွှဲ့ပြည်နယ်၌ ပုလ္လင်လုပွဲကြီးတစ်ခုရှိ၏။
သို့ပေမည့် ကျိုးကျောင်းရန်၏ အမြင်တွင်မူ မင်းသမီးနင်ဟန်က မူလမိဖုရားခေါင်ကြီးမှ မွေးဖွားခဲ့သည့် သူဖြစ်ပြီး အိမ်ရှေ့စံက မိဖုရားခေါင်ကြီးကျူး၏ မွေးစားသားတစ်ယောက် ဖြစ်၏။ ထို့ပြင် ကျူးမျိုးနွယ်နှင့် နင်ဟန်မင်းသမီးတို့၏ ထောက်ခံမှုကို ရရှိ၏။ အိမ်ရှေ့စံနေရာက ဧဝရတ်တောင်ကဲ့သို့ပင် ခိုင်မာကြီးမားလွန်း၏။ အရှင်မင်းကြီးကိုယ်တိုင်ပင်လျှင် လှုပ်ခါနိုင်စွမ်း မရှိချေ။ အိမ်ရှေ့စံ၏ အရိပ်က သူမအတွက် အေးမြခဲ့သည်။
“ရှမ့်လန်က တကယ့်ကို ကံကောင်းတဲ့လူပဲ။ သူက အရူးလန်နဲ့ အထူးသွေးမျိုးဆက်ပိုင်ရှင် ဆယ်ယောက်ကို ရှာတွေ့ခဲ့တာပဲ”
ဘေးတစ်ဖက်တွင် ရှိနေသည့်လူက ပြော၏။ “ဒီအခွင့်အရေးကို အသုံးချပြီးတော့ အခြေအနေကို မွှေနှောက်လို့ မရနိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက ကျန်းလီရဲ့ မျိုးဆက်တွေပဲလေ”
ကျိုးကျောင်းရန်က အေးစက်စက်နှင့် ပြောလိုက်၏။ “မိုက်မဲတဲ့ အလုပ်တွေကို မလုပ်နဲ့တော့။ သွေးမျိုးနွယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရှင်းလင်းပြီးသွားပြီ။ မြင့်မြတ်တဲ့ အဖွဲ့အစည်းတော်တော်များများကလည်း ဒီကိစ္စကို လက်ခံခဲ့ပြီးပြီ။ တော်ဝင်ရန်နိုင်ငံကလည်း အမိန့်တော် ထုတ်ပြန်ခဲ့ပြီးသားပဲ။ ဒီကိစ္စကို ဘယ်သူမှ ဝင်စွက်ဖက်လို့ မရတော့ဘူး။ နားလည်ရဲ့လား”