← Chapters

အခန်း (၅၀၅)

Vol. 35 Ch. 505

အခန်း (၅၀၅)

Vol. 35 Ch. 505

အိမ်ရှေ့စံက ရုတ်တရက်ပြောလိုက်၏။ “ကျိုးကျောင်းရန်... မင်း နာကျည်းမှုကို မသတ်ခဲ့ဘူးလား။ ဘာလို့ သူ အခုထိ မသေသေးရတာလဲ”

ဤအချိန်မှာတော့ ကျိုးကျောင်းရန်က ဒူးထောက်ထိုင်ချလိုက်၏။ ရှမ့်လန်၏ အသစ်ခန့်အပ်လိုက်သည့် ထောင်စုမှူးမှာ နာကျည်းမှုဖြစ်ကြောင်း မည်သူမှ မသိရှိခဲ့ချေ။ သို့ပေမည့် အရှင်မင်းကြီးက သူ့အား ချန်းဖန်မြို့စားကြီး၏ စံအိမ်တော်တွင် အလုပ်လုပ်မည့် ထောင်စုမှူးအဖြစ် ချီးမြှင့်လိုက်သည့်အချိန်မှာတော့ နာကျည်းမှုက မျက်နှာဖုံးကို ချွတ်ခဲ့၏။

ကျိုးကျောင်းရန်က အဝေးမှ လှမ်းကြည့်နေသည်ဆိုသော်လည်း သေသေချာချာ မြင်ခဲ့သည်။ ဤလူက ကျိုးရိချမ်ဖြစ်ကြောင်း သူမ သေချာသိ၏။ သူမ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သည့် တုန်လှုပ်မှုကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြနိုင်လိမ့်မည် မဟုတ်ချေ။

နာကျည်းမှု မသေဘူးလား။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ စိန်အဆိပ်ကို သောက်သုံးခဲ့ပြီး ရင်ဘတ်၌လည်း ဓားဖြင့် ထိုးသွင်းခြင်း ခံခဲ့ရ၏။ သို့ပေမည့် အဘယ့်ကြောင့် အသက်ရှင်နေသေးရသနည်း။ ဘာတွေ ဖြစ်ကုန်သနည်း။

“အဲဒီတုန်းက သူ့ရဲ့ ခေါင်းကို ဘာလို့ မဖြတ်ပစ်ခဲ့တာလဲ” အိမ်ရှေ့စံက အေးစက်စက် မေးမြန်းလိုက်၏။

ကျိုးကျောင်းရန်က ဦးတိုက်လိုက်သည် “ကျွန်မ မှားသွားပါတယ်”

အိမ်ရှေ့စံက ရှေ့ဆီသို့ လမ်းလျှောက်လာခဲ့၏။ ကျိုးကျောင်းရန်၏ ဆံထုံးအပေါ်မှ ရွှေဆံထိုးကို အသာပင် ဆွဲနုတ်လိုက်၏။ ပြီးနောက် ကျိုးကျောင်းရန်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်၏။ ကျိုးကျောင်းရန်၏ နှလုံးသားကို လက်မဝက်လောက်ပင် မကွာချေ။ နည်းနည်းလေးသာ လိုတော့၏။ လက်မဝက်လောက် အချိန်အဆ လွဲသွားပါက သူမ သေဆုံးသွားနိုင်၏။

အိမ်ရှေ့စံက ဆံထိုးကို ပြန်လည်ဆွဲထုတ်လိုက်၏။ ကျိုးကျောင်းရန်၏ ရင်ဘတ်တစ်ခြမ်းကို ထပ်မံကာ ထိုးစိုက်လိုက်ပြန်၏။ သူမ၏ ရင်သားကို နောက်တစ်ကြိမ် ထွင်းဖောက်သွားပြန်သည်။

သွေးတစ်လုတ်က သူမ၏ လေပြွန်ထဲမှ ပန်းထွက်လာခဲ့၏။ သူမက အားတင်းကာ အံကြိတ်ခံထား၏။

“နာကျည်းမှုက ဆိုးဝါးတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်။ အဖေကိုယ်တိုင် သူ့ကို ဖမ်းဆီးဖို့ အမိန့် ထုတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက အခု ငါ့ညီတော် ပဉ္စမမင်းသားရဲ့ အိမ်တော်မှာ ပုန်းအောင်းနေတယ်။ ဒါ ငါ့ညီတော်အတွက်ရော ၊ နန်းမြို့တော်အတွက်ပါ ကြီးမားတဲ့ အန္တရာယ်တစ်ခုပဲ။ ထျန်းရွှဲ့တပ်ဖွဲ့ကို အမိန့်ပေးလိုက်။ အထူးတရားရုံးနဲ့ ပူးပေါင်းပြီး ရာဇဝတ်သား နာကျည်းမှုကို ဖမ်းဆီးမယ်။ ခုခံတဲ့သူမှန်သမျှကို သတ်ပစ်တော့”

“အမိန့်တော်အတိုင်းပါပဲ”

……………..

နန်းတော်အတွင်းမှာတော့ အရှင်မင်းကြီးက ရှမ့်လန်ကို ခေါ်ယူတွေ့ဆုံ၏။ “ရှမ့်လန်... မင်းက တကယ့်ကို သတ္တိရှိလွန်းတယ်။ ပြီးတော့ အထူးသွေးမျိုးဆက် ပိုင်ရှင် ဆယ့်တစ်ယောက်ကို ရရှိတာ ကံကောင်းလွန်းတယ်။”

ရှမ့်လန်က လျှောက်တင်လိုက်သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိတ်ပင်တားဆီးမှုတွေကို ဖြေလျှော့ပေးခဲ့တာ ကြာပါပြီ။ တော်ဝင်ရန်နိုင်ငံက မင်းသားတွေတောင်မှ သူတို့ကို ရှာဖွေပြီးတော့ သိမ်းသွင်းဖို့ ကြိုးစားနေကြတာပဲ”

အရှင်မင်းကြီးက လက်ကာပြလိုက်၏။ ဤကိစ္စကို ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့ချေ။ ကျန်းလီ၏ သွေးမျိုးဆက်များကိစ္စက သူ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိနေခဲ့၏။ “ရှမ့်လန်... ငါ မင်းနဲ့ လောင်းကြေးတစ်ခု ရှိခဲ့တယ်။ အကယ်၍ အဲဒီ ဆယ့်တစ်ယောက်လုံး စာမေးပွဲ အောင်မြင်ခဲ့ရင် မင်းကို ကိုယ်ပိုင်တပ်ဖွဲ့ဝင် နှစ်ထောင်ပေးမယ်လို့ ပြောခဲ့တာပဲ”

ရှမ့်လန်က အလျင်အမြန်နှင့် ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်အတွက် မဟုတ်ပါဘူး။ မင်းသား နင်ကျန်းအတွက် ကိုယ်ပိုင်တပ်ဖွဲ့ဝင် နှစ်ထောင်ပါ”

နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သူက နင်ကျန်း၏ နာမည်ကို ပါးစပ်မှ မထုတ်ဖော်လိုချေ။

“မင်း လောင်းကြေးနိုင်သွားပြီ”

အရှင်မင်းကြီးက ပြောလိုက်၏။ “ငါ့စကားကို ငါတည်ရမယ်လေ။ ပြော... မင်း ဘယ်တပ်ကို သဘောကျလဲ။ နန်းတွင်းစောင့်တပ်လား။ ဒါမှမဟုတ် နယ်ခြားစောင့်တပ်လား။ ဘယ်လို ထိပ်တန်းတပ်ဖွဲ့ပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ မင်းသာ သဘောကျတယ်ဆိုရင် ငါ သူတို့ကို နင်ကျန်းရဲ့ ကိုယ်ပိုင်စစ်သည်တွေအဖြစ် လွှဲပြောင်းပေးမယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်ကိုယ်တိုင် တပ်သားသစ်တွေ စုဆောင်းချင်ပါတယ်”

နင်ယွမ်ရှန်းက အံ့ဩသွား၏။ “မင်းကိုယ်တိုင် တပ်သားသစ်တွေ စုဆောင်းမယ် ဟုတ်လား။ ဒါမှမဟုတ် မင်း အရင်လိုပဲ စစ်သည်တွေ စုဆောင်းချင်တာလား”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်... အမြင့်ဆုံးလစာနဲ့ ထူးခြားတဲ့ စစ်သည်တွေကို စုဆောင်း လိုပါတယ်။ အချိန်တိုအတွင်းမှာအနိုင်မခံ အရှုံးမပေးတတ်တဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ချင်ပါတယ်။ အဲဒီတပ်ကို ရွှဲ့ပြည်နယ်ရဲ့ အကောင်းဆုံး တပ်ဖြစ်လာစေချင်တယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် ရန်သူတွေရဲ့ နှလုံးသားထဲကို ကြောက်လန့်မှုတွေ ရိုက်သွင်းပေးနိုင်တဲ့ လူတွေဖြစ်ရမယ်”

“အဓိပ္ပာယ်မရှိလိုက်တာ”

အရှင်မင်းကြီးက မထီမဲ့မြင်နှင့် ပြောလိုက်၏။ “တပ်ဖွဲ့တွေကို လေ့ကျင့်ပေးရတာ ဘယ်လောက်ကြာလဲ ထင်လဲ။ မင်းတော်တာ မှန်တယ်။ ဒါပေမဲ့ မင်းက အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ ဆယ့်တစ်ယောက်ကို ရှာတွေ့ခဲ့လို့သာ အောင်မြင်ခဲ့တာ မဟုတ်လား။ အခု လောကကြီးမှာ အထူး သွေးမျိုးဆက်က တဖြည်းဖြည်းနဲ့ ရှားပါးလာခဲ့ပြီ။

မင်း သုညကနေ စပြီးတော့ တပ်သားသစ်တွေကို စုဆောင်းတပ်ဆင်ချင်တာပေါ့။ ပြီးတော့ လူနှစ်ထောင်နော်။ ရွှဲ့ပြည်နယ်ရဲ့ အကောင်းဆုံးတပ်ဖြစ်အောင် လေ့ကျင့်ပေးမယ် ဟုတ်လား။ ကြွားလုံးထုတ်တာကလည်း များလွန်းနေပြီ”

ပြီးနောက် အရှင်မင်းကြီးက လက်ကာပြလိုက်သည်။ “မင်းရဲ့ အချိန်တွေကို မဖြုန်းနဲ့တော့။ မင်း သုညက စပြီး တပ်သားသစ်တွေ စုဆောင်းမယ်ဆိုရင် ဘယ်လောက်တောင် ကြာမှာလဲ။ ငါ နန်းတွင်း အစောင့်တပ်က တစ်ထောင်၊ နယ်ခြားစောင့်က တစ်ထောင် မင်းကို လွှဲပေးလိုက်မယ်။ အဲဒီအတိုင်းပဲ အချိန်မဖြုန်းနဲ့တော့။ အချိန်မရှိဘူး”

ရှမ့်လန်က ပြောလိုက်၏။ “လေးလပါ။ အများဆုံး လေးလပါပဲ။ ကျုပ် သူတို့ကို ရွှဲ့ပြည်နယ်ရဲ့ အကောင်းဆုံး တပ်ဖြစ်အောင် လေ့ကျင့်ပေးပါ့မယ်။ အဲဒီအချိန်ကျရင် အဲဒီလူနှစ်ထောင်က စစ်သည်တော် လေးထောင်၊ ရှစ်ထောင်၊ ဒါမှမဟုတ် တစ်သောင်းကိုတောင်မှ အနိုင်ယူ တိုက်ခိုက်နိုင်စွမ်း ရှိပါလိမ့်မယ်”

အရှင်မင်းကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် အတည်ပြောနေတာပါ။ ကျုပ် နောက်ထပ် စစ်ရေးကတိဝန်ခံချက်တစ်ခုကို ထပ်ပြီး လုပ်ပေးပါ့မယ်။ သုညကနေ စပြီး တပ်သားသစ်တွေကို စုဆောင်းမယ်။ လေးလအတွင်း အကောင်းဆုံး တပ်ဖြစ်အောင် လေ့ကျင့်ပေးမယ်။ အဲဒီအချိန်ထိ ကျေးဇူးပြုပြီး စောင့်ပေးပါအုံး”

အရှင်မင်းကြီးက မဲ့ပြုံး ပြုံးလိုက်သည်။ “မင်း ဘယ်လို လုပ်ချင်တာလဲ။ ဟန်ထုတ်ချင်လို့ပဲ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “ချောင်ဘုရင်က တောင်ပိုင်းနိုင်ငံရဲ့ ကျင်းမင်းသားနဲ့ ဆက်သွယ်ပြီးသွားပြီ။ သူတို့က ညှိနှိုင်းဆွေးနွေးမှုကို ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့က ချောင်ပြည်နယ်နဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း တိုက်ခိုက်လို့ မဖြစ်သေးဘူး။ ဒါကြောင့် အရှင်မင်းကြီးက နယ်စပ်အမဲလိုက်ပွဲ တစ်ခုကို ကျင်းပဖို့ လိုအပ်လိမ့်မယ်”

“နယ်စပ်အမဲလိုက်ပွဲ ဟုတ်လား”

နယ်စပ်အမဲလိုက်ပွဲ - ဤအရာက နိုင်ငံနှစ်ခုကြားတွင် ရှိနေသည့် အငြင်းပွားမှုကို ဖြေရှင်းသည့် နည်းလမ်းတစ်ခု ဖြစ်၏။ အသေးစား စစ်ပွဲတစ်ခုကိုလည်း သတ်မှတ်နိုင်၏။ လွန်ခဲ့သည့်အချိန်က ရွှဲ့ဘုရင်က ဝူဘုရင်နှင့် နယ်စပ်အမဲလိုက် တိုက်ပွဲတစ်ခုကို ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့၏။ အမှန်တကယ်မှာတော့ ထိုရှုံးနိမ့်မှုက ရွှဲ့ပြည်နယ်၏ အကျပ်အတည်းများဆီ ဦးတည်ရောက်ရှိစေခဲ့သည်။

အရှင်မင်းကြီးက ပြောလိုက်၏။ “ဘယ်လိုလုပ်မှာလဲ”

ရှမ့်လန်က ပြော၏။ “ကျုပ်တို့က တပ်သားသစ်နှစ်ထောင်ကို အသုံးပြုပြီး ချောင်ပြည်နယ်ရဲ့ စစ်သည် ငါးထောင်နဲ့ တိုက်ခိုက်မယ်။ အကယ်၍ ကျုပ်တို့နိုင်သွားရင် ချောင်ပြည်နယ်က အရှုံးပေးရမယ်။ သူတို့ရဲ့ တပ်တွေ ပြန်ဆုတ်ရုံတင် မကဘူး၊ ချောင်ပြည်နယ်က အရှင်မင်းကြီးကို တောင်းပန်ရမယ်။ ရွှေဒင်္ဂါး ငါးသိန်းပေးရမယ်။ ပြီးတော့ ခံတပ် ၂၃ ခုကိုလည်း စွန့်လွှတ်ရမယ်”

နင်ယွမ်ရှန်းက မင်သက်သွား၏။ “အကယ်၍ ရှုံးသွားရင်ရော”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးက ချောင်ပြည်နယ်ကို တောင်းပန်ရမယ်။ ကျုပ်တို့ရဲ့ ခံတပ်တွေကိုလည်း ချောင်ပြည်နယ် သိမ်းပိုက်တာကို လက်ခံရမယ်။ ပြီးတော့ လျော်ကြေး ရွှေဒင်္ဂါးနှစ်သိန်း ပေးရမယ်”

ထိုစကားကို ကြားသည့် အချိန်မှာတော့ ဘုရင်မင်းမြတ်က ဒေါသထွက်သွား၏။ ရုတ်တရက်ထကာ ရှမ့်လန်ကို ကန်ကျောက်လိုက်၏။

“မင်း ရူးနေတာလား။ မင်းနဲ့ ငါနဲ့ ကြားမှာ ရန်ငြိုးတွေ ဘာတွေများ ရှိနေတာလဲ။ မင်း ငါ့ကို ဘာလို့ ဒီလို ဒုက္ခပေးရတာလဲ။ နိုင်ငံရေးကို နောက်ပြောင်စရာများ မှတ်နေတာလား။ မင်းရဲ့ တပ်သားသစ်နှစ်ထောင်က ချောင်ပြည်နယ်ရဲ့ ထိပ်တန်းစစ်သည် ငါးထောင်ကို အနိုင်ယူနိုင်တယ် ဟုတ်လား။ အိပ်မက်မက်နေတာလား။ နိုင်ငံရေးကိစ္စကို မင်းရဲ့ စမ်းသပ်ကွင်းများ မှတ်နေရတာလား”

ပြီးနောက် ရှမ့်လန်က အကန်ခံရမည်ကို ကြိုတင်သိ၏။ ထို့ကြောင့် အလျင်အမြန်နှင့် ရှောင်တိမ်းလိုက်၏။ ဘုရင်မင်းမြတ်က ကန်လိုက်သည်မှာ လွဲချော်သွားခဲ့၏။ ပြီးနောက် နောက်မှလိုက်ကာ ကန်လျက်ရှိ၏။ ဤသို့နှင့်ပင် ရှမ့်လန်က ရှေ့မှ ပြေးပြီး အရှင်မင်းကြီးက နောက်မှ လိုက်ကန်နေသည်။

ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ မိန်းမစိုးကြီး လီစွမ်းက ခေါင်းမီးပင် တောက်သွားမိ၏။ ‘အရှင်မင်းကြီး... အရှင်မင်းကြီးက သိုင်းပညာကို အဆင့်အတန်းမြင့်မြင့်ထိ တတ်ကျွမ်းတယ်။ ရှမ့်လန်က သိုင်းတောင် တတ်တဲ့ကောင် မဟုတ်ဘူး။ အရှင်မင်းကြီးသာ တကယ်ကန်ခဲ့ရင် ဒီကောင့်ကို တစ်ချက်တည်းနဲ့ သေအောင် ကန်လို့ရတယ်။ ဘယ်လိုဖြစ်ပြီး နောက်ကနေ မထိတထိ လိုက်ကန်နေရတာလဲ’

ထိုအချိန်မှာပဲ ရှောင်လီက ပြေးဝင်လာသည်။ “အရှင်မင်းကြီး၊ အရှင်မင်းကြီး... မင်းသမီးနင်ဟန် ပြန်ရောက်လာပါပြီ”

နင်ယွမ်ရှန်းက တုန်လှုပ်သွား၏။ ပြီးနောက် အလွန်အမင်း ဝမ်းမြောက်သွားခဲ့၏။ “နင်ဟန် ပြန်လာပြီ ဟုတ်လား”

သူ၏ အချစ်ဆုံးသမီးတော်လေး ပြန်လာချေပြီ။ အကြီးမားဆုံး ဂုဏ်ယူဝမ်းမြောက်စရာ၊ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသည့်သူ ပြန်လာခဲ့၏။ ဘယ်နှနှစ်တောင် ကြာသွားခဲ့သနည်း။ ဆယ်စုနှစ်တစ်နှစ်လောက်ပင် ကြာသွားခဲ့၏။ သူ၏ သမီးကို မတွေ့ရသည်မှာ ဤမျှထိပင်။ နင်ဟန်က အနားတွင် မရှိသော်လည်း သူမက လောကကြီး၏ အမြင့်ဆုံးသော ဗဟိုအာဏာကို ကိုင်ဆွဲထားသူတစ်ယောက်ကဲ့သို့ပင်။ သူမက ရွှဲ့ပြည်နယ်တွင် မရှိသော်လည်း သူမ၏ အဖေကို အစဉ်အမြဲ ကူညီခဲ့သည်။

“မြန်မြန်... မြန်မြန်... နင်ဟန်ကို ဝင်ခွင့်ပေးလိုက်။ မဟုတ်ဘူး။ ငါကိုယ်တိုင် ငါ့သမီးကို သွားကြိုရမယ်။ ရှမ့်လန်၊ ခွေးကောင်လေး... နင်ဟန်နဲ့ တွေ့ဖို့ ငါနဲ့အတူ လိုက်ခဲ့စမ်း”

..........

နင်ဟန်၏ နာမည်က ရှမ့်လန်၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏။ ထိုအရာက သူ၏ နားစည် တစ်ခုလုံးကို ထိုးဖောက်သွားသကဲ့သို့ပင်။ သူက ဤနာမည်ကို ချောင်ယောင်းအာ၊ နတ်မိမယ် ရွှယ်ရင်နှင့် ဓားဘုရင် လီချင်းချိုးတို့ထံမှ ကြားခဲ့ဖူး၏။

သူမက ဩဇာအာဏာကြီးမားသည့် ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ သခင်ကြီးကျိုးရှီ၏ တပည့်ရင်းလည်း ဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရွှဲ့ပြည်နယ်၏ အလှပဆုံးသော နံပါတ်တစ် နတ်မိမယ်တစ်ပါးပင်။ တခြားအရာတွေက‌တော့ ပြောမနေနှင့်။ ဤအချက်တစ်ခုတည်းကပင်လျှင် လူများကို တုန်လှုပ် အံ့အားသင့်စေရန် လုံလောက်သည့်အရာမျိုး ဖြစ်သည်။

သူမနှင့် ချောင်ယောင်းအာတို့က အဆင့်အတန်း တူညီလုနီးပါးပင်။ သိုင်းပညာ၌ဖြစ်စေ၊ အခြားအရာများတွင် ဖြစ်စေ ဤလောကကြီး၏ အမှန်တရားကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသည်နှင့်အမျှ ကျိုးရှီနှင့် မင်းသမီး နင်ဟန်တို့၏ ဩဇာအာဏာအကြောင်းကို ရှမ့်လန်က ပိုမိုကာသိရှိလာခဲ့၏။

ကျိုးမိသားစု ဖျက်ခံရခြင်းက အလွန်လျှို့ဝှက်သည့်ကိစ္စရပ်ကြီးတစ်ခု ဖြစ်၏။ သို့သော်လည်း ကျန်းယွီယင်းက ရှမ့်လန်အား တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်းမရှိဘဲ အကုန်ပြောပြခဲ့၏။ ကျိုးမိသားစု ဖျက်ဆီးခံရခြင်းက ကောင်းကင်ပင်လယ်နန်းဆောင်အတွက် အရေးမပါသည့် ပေါ့ပေါ့ပါးပါး ကိစ္စလေး တစ်ခုကဲ့သို့ပင်။

အမှန်တကယ်လည်း ထိုကဲ့သို့ပင်ဖြစ်၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ကျိုးမိသားစုကဲ့သို့ ကြွယ်ဝ ချမ်းသာသည့် မိသားစုကြီးကို နှာတစ်ချက် မှုတ်လိုက်ရုံဖြင့် ချေမှုန်းဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။

ကောင်းကင် ပင်လယ်နန်းဆောင်၊ ရှန်းကုန်ဘုရားကျောင်း၊ စေတီတောင်၊ ကျောက်စိမ်းပင်လယ်နန်းတော်နှင့် ကောင်းကင်မျှော်စင် စသည့် အရာအားလုံးတို့က အဘယ့်ကြောင့် ဤမျှ ဩဇာအာဏာကြီးမားနေရသနည်း။

ဟုတ်ပေ၏။ သူတို့က လောကကြီး၏ ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်စွက်ဖက်ခြင်း မရှိကြဘဲ ခပ်ကင်းကင်း နေထိုင်ကြ၏။ သို့ပေမည့် သူတို့က ဤလောကကြီးတွင် ဩဇာအာဏာ အမြင့်မားဆုံး၌ရှိသည်။

အဘယ့်ကြောင့်နည်း။ အကြောင်းရင်းမှာတော့ သူတို့က နှစ်ပေါင်းများစွာ ရှေးလောကကြီးများ၏ အပျက်အစီး များကို တူးဖော်လေ့လာနေကြသောကြောင့်ပင်။ သူတို့က ရှေးဟောင်းလောကကြီး၏ လျှို့ဝှက်ချက်များစွာကို သိရှိထားခဲ့ကြပြီး ကြီးမားသည့်အားအင်ကိုလည်း ပိုင်ဆိုင်ကြ၏။

မင်းသမီးနင်ဟန်က ဤလောကကြီး၏ သာမန်ထက်ကျော်လွန်သည့် အားအင်များကို ကိုယ်စားပြုသူတစ်ယောက် ကဲ့သို့ပင်။

မကြာခင်မှာပင် ရှမ့်လန်က မင်းသမီးနင်ဟန်ကို မြင်လိုက်ရ၏။ မည်ကဲ့သို့ ဖော်ညွှန်းရမည်နည်း။ ဟုတ်ပေ၏။ မင်းသမီးနင်ကျဲ့၏ အေးစက်စက်နိုင်မှုနှင့် လုံးဝမတူညီချေ။

ရှမ့်လန်က မာနကြီးပြီး မောက်လွန်းသည့်လူတစ်ယောက်ဖြစ်၏။ ခံစားချက်ကို ဘေးဖယ်ထားမည်ဆိုလျှင် လောကကြီးတွင် ရှိသမျှ အလှအပများနှင့် အိပ်နိုင်သည်ဟု ခံယူထား၏။

ချောင်ယောင်းအာက အဘယ်မျှ ကြမ်းတမ်းလိုက်သနည်း။ သူမက ရှမ့်လန်ကို ဘယ်လောက်ဘဲ မထီမဲ့မြင်ပြုပြု နောက်ဆုံးမှာတော့ သူတို့ နှစ်ယောက်က အတူတူအိပ်စက်ခဲ့သည် မဟုတ်ပါလား။

နတ်မိမယ်ရွှယ်ရင်ကလည်း ဤကဲ့သို့ပင် မာနကြီးမား၏။ သို့ပေမည့် ရှမ့်လန်သာ လိုချင်သည်ဆိုပါက သူမနှင့်လည်း အိပ်စက်နိုင်၏။ တကယ်တော့ ရှမ့်လန်၏ စိတ်ထဲတွင် စကားတစ်ခုက အမြဲတမ်းရှိနေ၏။

‘သူ မအိပ်နိုင်သည့်မိန်းမဟူ၍ လောကကြီးတွင် မရှိချေ။ သူနှင့်မထိုက်တန်သည့်မိန်းမဟူ၍လည်း လောကတွင် မရှိချေ’

သို့ပေမည့် နင်ဟန်၏ ရှေ့သို့ ရောက်ချိန်မှာတော့ သူက အပြစ်ရှိသလို၊ နိမ့်ကျသွားသလို ခံစားရ၏။ သူမက သူနှင့် မထိုက်တန်ဟု ခံစားရ၏။ ဤကဲ့သို့သောမိန်းမက သူ မည်သို့ကြိုးစားကြိုးစား အိပ်နိုင်မှာ မဟုတ်ဟုပင် ခံစားရစေ၏။ ဤအရာက သူ၏ မာနကို သေစေနိုင်လောက်သည်အထိ ထိုးနှက်ချက်ပင်ဖြစ်သည်။

သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်၊ ထိုအရာများကို ရှမ့်လန် မပြောချင်တော့ချေ။ လွန်ခဲ့သည့် ဆယ်နှစ်က ရွှဲ့ပြည်နယ်၏ အလှဆုံး ယခု ဆယ်နှစ်ကြာပြီးသည့်နောက် သူမက အသက် နှစ်ဆယ့်ခုနှစ်နှစ်နီးပါး ရှိပြီဖြစ်၏။ ပိုမိုကာ လှပပြီး ထူးခြားသည့် ရင့်ကျက်မှုများနှင့် ပြည့်နှက်လျှက် ရှိနေ၏။ သူမက မိန်းမတစ်ယောက် အတွက် ဆွဲဆောင်မှုအရှိဆုံး ရင့်ကျက်ချောမောသည့် အပြည့်စုံဆုံး အခြေအနေသို့ ရောက်ရှိနေ၏။

သို့ပေမည့် တွေ့တွေ့ချင်းမှာပင် ရှမ့်လန်က အကြည့်လွှဲလိုက်မိသည်။

“ငါ့ရဲ့မိန်းမကိုပဲ ချစ်မယ်။ ငါ့ရဲ့မူလန်က ချစ်စရာ အကောင်းဆုံးပဲ။ ငါ သစ္စာဖောက်လို့ မရဘူး။ စိတ်နဲ့တောင် သစ္စာဖောက်လို့ မရဘူး”

ဘာပဲပြောပြော ဤမိန်းမက နတ်မိမယ်ရွှယ်ရင်ထက် ပို၍လှ၏။ သူမက မည်သည့်နေရာတွင်ရပ်ရပ် ဘေးတွင် ရှိနေသည့် မည်သည့်မိန်းမမဆို ရုပ်ဆိုးသွားစေနိုင်သည့် သက်ရောက်မှုမျိုး ဖြစ်ပေါ်စေသည့် မိန်းမမျိုးပင်။ ထို့ကြောင့် သူမ၏ ဘေးနားတွင် မည်သည့်မိန်းမတစ်ယောက်မှ လာရောက်ကာ ရပ်ချင်မည် မဟုတ်ချေ။

ဤမိန်းမက ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ သမီးတော် ဟုတ်ပင်ဟုတ်ရဲ့လားဟု ရှမ့်လန်က သံသယဝင်မိ၏။ အဓိကအားဖြင့် ရုပ်ရည် သို့မဟုတ် ကိုယ်လုံးကိုယ်ပေါက်ကြောင့် မဟုတ်ချေ။ ဩဇာတိက္ကမကြောင့်ပင် ဖြစ်၏။ ကာလရှည်စွာ ကျင့်ကြံအားထုတ်ခြင်း၊ လောက၏ ထိပ်ဆုံးတွင်နေထိုင်ရခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုများကို ကာလရှည်ကြာလေ့လာရခြင်း ထိုအရာများက လူတစ်ယောက်၏ ဩဇာအာဏာဓာတ်ကို ပိုမိုကာ အရှိန်အဝါ မြင့်စေခဲ့၏။

ဤလောကကြီး၏ ယဉ်ကျေးမှုက ရှေးဟောင်းလောကကြီး၏ အကြွင်းအကျန်များပေါ်တွင် အခြေခံပြီး ဖွံ့ဖြိုး တိုးတက်လာခြင်းဖြစ်၏။ ရှေးလောကကြီးက လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းလည်းထက်၏။ ရှေးလောကကြီးကို အဖြေရှာ လေ့လာသူများက အလွန်အစွမ်းထက်ပြီး အံ့အားသင့်စရာကောင်းသည့် လျှို့ဝှက်ချက်များနှင့် ပိုမိုအဆင့်မြင့်သည့် ယဉ်ကျေးမှု၏ အားအင်များကို ပိုင်ဆိုင်ထားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ဩဇာအာဏာနှင့် ဂုဏ်အရှိန်အဝါများက အလိုလို ပြောင်းလဲလာခဲ့သည်။

All Chapters