← Chapters

အခန်း (၅၀၆)

Vol. 35 Ch. 506

အခန်း (၅၀၆)

Vol. 35 Ch. 506

ရှမ့်လန်က တစ်ချက်ကြည့်ရှုလိုက်ရုံဖြင့် သိ၏။ နင်ဟန်က ဤလောကကြီးထက် ကျော်လွန်သော လျှို့ဝှက်ချက်များကို ဆုပ်ကိုင်သိရှိနားလည်ပြီးသား ဖြစ်ပုံပေါ်၏။ သူက လျင်လျင်မြန်မြန်ပင် သူမ၏ သွေးကြောစွမ်းအင်များကို ထိုးဖောက်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ သူမ၏ သွေးမျိုးဆက်က အရူးကြီးနှင့် တူညီလုနီးပါးပင်ဖြစ်၏။ မည်သို့ဖြစ်နိုင်မည်နည်း။

အရှင်မင်းကြီး၏ သိုင်းပညာ သွေးမျိုးဆက်က ဤမျှအစွမ်းထက်သည်မဟုတ်သလို မူလမိဖုရားကြီး၌လည်း ဤမျှ အစွမ်းထက်သည့် သွေးမျိုးဆက်မျိုး မရှိခဲ့ချေ။ အဘယ့်ကြောင့် နင်ဟန်တွင် ဤမျှမြင့်မားသည့် သွေး သွေးမျိုးဆက်မျိုး တည်ရှိနေရသနည်း။

သူမ၏ သွေးမျိုးဆက်က အရူးကြီးနှင့် နီးစပ်ရုံသာမကချေ။ သူမက နှစ်နှစ်ဆယ်နီးပါးခန့် သိုင်းပညာကို လေ့ကျင့်ခဲ့ပြီး ကျိုးရှီ၏ အနီးကပ် လမ်းညွှန်ပြသမှုအောက်တွင် နေထိုင်ခဲ့၏။ ထိုသို့ဆိုလျှင် သူမ၏ သိုင်းပညာက အဘယ်မျှ မြင့်မားနေမည်နည်း။ ထိုအရာက စဉ်းစား၍မရနိုင်လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။ သူမက မဟာပညာရှင် ဆိုသည့် ဂုဏ်ထူးဘွဲ့ထူးကိုပင် ဂရုစိုက်မည့်ပုံ မပေါ်တော့ချေ။

“အဖေ”

“ရှောင်ဟန်”

ဘုရင်မင်းမြတ်သည် မင်းသမီးနင်ဟန်ကို တွေ့သည့်အခါမှာတော့ အနည်းငယ် စိမ်းသက်သလို ခံစားနေမိ၏။ ဖြစ်နိုင်သည်မှာ ဤမိန်းကလေးက အလွန်ပင် ကွဲပြားသွားခဲ့ပြီး သူ၏ မှတ်ဉာဏ်ထဲတွင် ရှိနေတဲ့ ကလေးမလေးနှင့် အလုံးစုံ မတူညီတော့သလိုပင်။

သားအဖနှစ်ယောက် နှုတ်ဆက်ပြီးနောက် ခဏလောက် တိတ်ဆိတ်သွားခဲ့၏။

“ရှမ့်လန်လား” နင်ဟန်က ရှမ့်လန်ကို ကြည့်လိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်ပါပဲ” ရှမ့်လန်က ပြောလိုက်၏။

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဒါဆိုရင် ခဏနေ လာတွေ့ပါ့မယ်”

ထိုမျှလောက်ပင် တည့်တိုး ဆန်သည်လား။

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဘုရင်မင်းမြတ်ကို အရိုအသေပြုလိုက်၏။ “ကျုပ်ကို ခွင့်ပြုပါအုံး”

နင်ယွမ်ရှန်းနှင့် နင်ဟန်တို့က နန်းတော်တွင် ရှိနေသည့် တောင်ကုန်းငယ်တစ်ခုပေါ်တွင် လမ်းလျှောက်လျက် ရှိသည်။ “အဖေ”

“ရှောင်ဟန်... အဖေတောင်းပန်ပါတယ်”

ခဏလောက်ကြာပြီးသည့်နောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဖခင်တစ်ယောက်၏ ခံစားချက်များကို ပြန်လည်ရရှိလာခဲ့၏။ နင်ယွမ်ရှန်းက တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ “အင်ပါယာကျန်းလီ ကျဆုံးပြီးတဲ့နောက်မှာ အဖေက တော်ဝင်ရန်အင်ပါယာရဲ့ အင်အားကို မတွန်းလှန်နိုင်ခဲ့ဘူး။ မင်းအမေကို ထိခိုက်နာကျင်စေရုံသာမကဘူး။ မင်းကိုပါ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေ့ဆီက ထွက်သွားခိုင်းခဲ့ရတယ်”

ကျန်းလီကျဆုံးသွားခဲ့ပြီးနောက် နင်ယွမ်ရှန်း၏ အခြေအနေက တကယ်ကို အန္တရာယ်များခဲ့၏။ ထိုအချိန်တုန်းက နင်ဟန်၏ အခြေအနေက ပို၍အန္တရာယ်များ၏။ သူမက အသက် ခြောက်နှစ်၊ ခုနစ်နှစ်သာ ရှိသေးသော်လည်း ကျန်းလီ၏ ချွေးမလောင်းတစ်ယောက်ဖြစ်ခဲ့၏။ အကယ်၍ သူမသာ ပြဿနာထဲသို့ ရောက်ရှိခဲ့ပါက ကျိန်းသေပေါက် ခေါင်းဖြတ် အသတ်ခံရပေလိမ့်မည်။

ကျိုးရှီက နင်ဟန်ကို ကယ်တင်ခဲ့ပြီး တပည့်ရင်းအဖြစ် လက်ခံခဲ့သည်ကလည်း ထိုအကြောင်းအရာကြောင့်ပင်။ ထို့အပြင် သူမ၏ သွေးမျိုးဆက်က ရှားပါးပြီး အစွမ်းထက်လွန်း၏။ တကယ်တော့ နင်ယွမ်ရှန်းက ယခုအချိန်အထိ သူတို့လင်မယား နှစ်ယောက်လုံးတွင် အဆင့်မြင့် သိုင်းသွေးကြောရှိသည်ဟုသာ သိပြီး သူတို့နှစ်ယောက်တို့၏ သွေးမျိုးဆက်နှင့် ဤကဲ့သို့ ကောင်းကင်ကိုငြင်းပယ်နိုင်သည့်သွေးကြောမျိုး ရှိသော သမီးတစ်ယောက် မွေးဖွားနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ကျန်းလီက နင်ဟန်ကို တွေ့သည့်အချိန်မှာတော့ တကယ်ကို သဘောကျခဲ့၏။ သူ၏ မမွေးဖွားသေးသည့် ကလေးငယ်နှင့်ပင်လျှင် သဘောတူညီခဲ့၏။ ထိုအရာက ရုပ်ရည်ရူပကာကို ယှဉ်တွဲကာ သုံးသပ်ခဲ့ခြင်း မဟုတ်ချေ။ သွေးကြောကို တွေ့ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

နင်ယွမ်ရှန်းက ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ သမီးကို လှည့်ကြည့်လိုက်၏။ “ရှောင်ဟန်.. ဒီနှစ်တွေအတွင်းမှာ နေကောင်းခဲ့ရဲ့လား”

မင်းသမီးနင်ဟန်က ခေါင်းညိတ်လိုက်သည်။ “အဖေ.. သမီးနေကောင်းခဲ့ပါတယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “သမီးက ကျိုးရှီနှင့်အတူ ရှေးဟောင်းအမွေအနှစ်တွေကို နေ့တိုင်းလိုက်လံ ရှာဖွေနေတယ်လို့ ကြားခဲ့တယ်”

မင်းသမီးနင်ဟန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်”

နင်ယွမ်ရှန်းက ပြုံးလိုက်၏။ “အများကြီး ရခဲ့ရဲ့လား”

နင်ဟန်က ပြောလိုက်သည်။ “ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာနဲ့ တိုင်းတာရင် ရလဒ်တွေကတော့ တကယ်ကို များပြားခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက် ဒါမှမဟုတ် တစ်လနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ရလဒ်က စိတ်ပျက် အားငယ်စေလောက်တယ်။ တစ်ခါတစ်ရံ လပေါင်းများစွာ တူးဖော်နေတယ်ဆိုပေမယ့် ဘာကိုမှ မတွေ့တာမျိုးလည်းရှိတယ်လေ။”

နင်ယွမ်ရှန်းက ခဏလောက်စဉ်းစားလိုက်၏။ “ရှောင်ဟန်.. သမီးဒီနှစ်ဆိုရင် နှစ်ဆယ့်ခုနစ်နှစ်ပြည့်ပြီ။ အကယ်၍ အပြောင်းအလဲ ကြီးကြီးမားမားသာ မရှိဘူးဆိုရင်၊ သမီးသာ ကလေးမွေးခဲ့မယ်ဆိုရင် ဒီအချိန်မှာ တော်တော်တောင် ကြီးနေလောက်ပြီ။ သမီးကလည်း ဧကရီတစ်ပါး ဖြစ်နေလောက်ပြီ”

နင်ဟန်က ပြုံးလိုက်သည်။ “အဖေ.. အင်ပါယာကျန်းလီသာ လုံးဝအောင်ပွဲခံပြီး အရှေ့ပိုင်းလောကကြီး တစ်ခုလုံးကို ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့ သူက သက်တမ်းရှည်ရှည်နေနိုင်မှာပါ။ အသက် တစ်ရာလောက်ထိ နေနိုင်မှာပေါ့။ သမီးကတော့ အိမ်ရှေ့စံမင်းသမီးအဖြစ်ပဲ ရှိနေလောက်ပါသေးတယ်”

ထိုသို့သော စကားစမြည်များကို ပြောဆိုပြီးနောက် သားအဖနှစ်ယောက်၏ ခံစားချက်များက ပြန်လည်ကာ နွေးထွေးလာခဲ့၏။ ဤသမီးတော်က ပိုမိုကာ လှပလာသလို ပိုမိုကာ လျှို့ဝှက်ဆန်းကြယ်လာ၏။ ပိုမိုကာ အစွမ်းထက်လာခဲ့သည်ဆိုသော်လည်း သူမ၏ ခန္ဓာကိုယ်နှင့် ကိုယ်ရည်ကိုယ်သွေးများ၌ ချစ်စရာကောင်းသည့် အရိပ်အဝါများ ရှိနေတုန်းပင်။ သူမက နင်ယန်ကဲ့သို့ စိတ်ကြီးဝင်ခြင်း၊ အာခံတတ်ခြင်းမျိုး မရှိချေ။

နင်ယွမ်ရှန်းက ခေါင်းခါယမ်းလိုက်၏။ “အဖေ... အင်ပါယာကျန်းလီအကြောင်းကို ကောင်းကောင်း သိတယ်။ သူက လောကကြီးကို ပေါင်းစည်းပြီးသွားရင် ဘုရင်မင်းမြတ် ဆက်လုပ်ဖို့ စိတ်ဆန္ဒရှိမှာ မဟုတ်ဘူး။ သူက လောကကြီးတစ်ခုလုံးကို စူးစမ်းရှာဖွေပြီး ရှေးဟောင်းယဉ်ကျေးမှုရဲ့ လျှို့ဝှက်ချက်တွေကို လိုက်ပြီး တူးဖော်နေမှာပဲ။ သူ့သားက မကြာခင်မှာ ဘုရင်ဖြစ်လာမှာ သေချာတယ်။”

နင်ဟန်က ခဏလောက်တွေဝေသွား၏။ ပြီးနောက် ခေါင်းကို ညိတ်လိုက်သည်။

“ဒါကလည်း ဟုတ်တာပဲ”

ပြီးနောက် နင်ဟန်က ပြောလိုက်၏။ “အဖေ.. အင်ပါယာကျန်းလီကို ခုထိ သတိရနေတုန်းပဲလား”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်သည်။ “အဖေက အင်ပါယာကျန်းလီနှင့် စကားတွေ အများကြီးပြောခဲ့ဖူးတယ်။ သူ့ရဲ့ရည်မှန်းချက်က လောကကြီးကို ပေါင်းစည်းပြီး အုပ်ချုပ်ဖို့ မဟုတ်ဘူး။ သူ့ရဲ့ရည်မှန်းချက်က လောကကြီးရဲ့ ယဉ်ကျေးမှုကို ပိုပြီးအဆင့်မြင့်တက် စေဖို့ပဲ။ သူက တခြားသောသူတွေရဲ့ နယ်မြေတွေကို လိုက်လံအုပ်ချုပ်လိုတဲ့ ဆန္ဒမရှိဘူး”

မင်းသမီးနင်ဟန်က တိတ်ဆိတ်ငြိမ်သက်သွား၏။

နင်ယွမ်ရှန်းက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ “ရှောင်ဟန်.. သမီးရဲ့အသက်လည်း မငယ်တော့ဘူး။ အိမ်ထောင်ပြုဖို့ရော စဉ်းစားမိရဲ့လား။ ကျူးဟုန်ရွှဲ့က ရွေးချယ်သင့်တဲ့ လူတစ်ယောက်ပဲ”

မင်းသမီး နင်ဟန်က ပြောလိုက်၏။ “အင်း... ရှောင်ရွှဲ့က ရွေးချယ်သင့်တဲ့လူတစ်ယောက်ပဲ။ လောကမှာ အတော်ဆုံး ကောင်လေးတစ်ယောက်လည်း ဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့က အရမ်းကို ရင်းနှီးလွန်းနေတယ်။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အဖေ မင်းကို ပြောရမယ့်ကိစ္စတစ်ခုရှိတယ်။ အဖေက ဒီလူ့ကို အရမ်းမုန်းတယ် ဆိုပေမယ့် တော်ဝင်ချန်နိုင်ငံရဲ့ အိမ်ရှေ့စံ ရင်ဝူမင်က အဖေ့ဆီကို တရားဝင်လာပြီး စေ့စပ်တောင်းရမ်းတယ်။ မင်းကို လက်ထပ်ချင်လို့တဲ့”

ရင်ဝူမင်ဆိုသည့် နာမည်ကို ကြားသည့်အချိန်မှာတော့ နင်ဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မနှစ်မြို့မှုတို့ကို ထုတ်ဖော်ပြသလိမ့်မည်ဟု နင်ယွမ်ရှန်းက ထင်မှတ်ထားခဲ့၏။ သို့ပေမည့် သူမက ထိုကဲ့သို့ မဖြစ်ခဲ့ချေ။

“ဒီလူက အရမ်းကို ရှုပ်ထွေးပြီးတော့ အန္တရာယ်များတယ်” နင်ဟန်က ဆို၏။

နင်ယွမ်ရှန်းက အံ့အားသင့်သွား၏။ နင်ဟန်က ရှုပ်ထွေးပြီး အန္တရာယ်များသည်ဟူသည့် စကားကို အဘယ့်ကြောင့် သုံးရသနည်း။ ဤရင်ဝူမင်က တကယ်ပင် မရိုးရှင်းခြင်းမျိုး ဖြစ်နိုင်သည်။

နင်ဟန်က ပြောလိုက်၏။ “ရင်ဝူမင်က တော်ဝင်ရန်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်ရုံတင် မကဘူး။ စေတီတောင်ရဲ့ သခင်ငယ် တစ်ပိုင်းလည်းဖြစ်တယ်။ အဖေ... နင်ယန်ကို မင်းသားလျန်နဲ့ ကွာရှင်းစေချင်တယ်ဆိုတာ တကယ်လား”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သမီး ခုဏတုန်းက ရှမ့်လန်ကို တွေ့လိုက်တယ်မလား”

မင်းသမီးနင်ဟန်က ခေါင်းညိတ်လိုက်၏။ “တွေ့ခဲ့ပါတယ်”

နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “ဘယ်လိုထင်လဲ”

နင်ဟန်က ပြောလိုက်၏။ “ဆွဲဆောင်မှုရှိတယ်။ လောကမှာ အချောဆုံး ယောကျ်ားတစ်ယောက်ပဲ”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အဲဒီကောင်စုတ်က နင်ယန်နဲ့ အရှုပ်အထွေးတွေ ရှိတယ်။ ဒီကောင်က အကျင့်သိက္ခာ မရှိတဲ့ကောင်ပဲ။ ဒါပေမယ့် နင်ယန်က သူ့ကို အရမ်းသဘောကျနေတယ်။ သူတို့ရဲ့ ခံစားချက်ကလည်း နက်ရှိုင်းတယ်”

နင်ဟန်က ပြောလိုက်၏။ “မင်းသားလျန်ကို ဖြောင်းဖျဖို့ ယွမ်မင်ကျယ်က သွားတွေ့ခဲ့တယ်။ ဒါပေမယ့် အဆင်ပြေမလို ဖြစ်နေတုန်းမှာပဲ မိဖုရားကြီးရင်က တားဆီးခဲ့တယ်။”

နင်ယွမ်ရှန်းက အံ့အားသင့်သွား၏။ ဤအကြောင်းအရာကြောင့်လား။ သတင်းအစအန တစ်ခုမှ ထွက်မလာခဲ့ချေ။ မိဖုရားကြီးရင်က တော်ဝင်ရန်အင်ပါယာ၏ အချစ်ဆုံးသော မိဖုရားကြီးတစ်ပါးဖြစ်ပြီး တော်ဝင်ချန်နိုင်ငံ၊ ဘုရင်ရင်ကွမ်း၏ သမီးတော် ရင်ဝူမင်၏ အစ်မကြီးလည်းဖြစ်သည်။

နင်ဟန်က ပြောလိုက်၏။ “အဖေလည်း နင်ယန်ကို ကွာရှင်းစေချင်တာပဲ မဟုတ်လား”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်သည်။

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ဒီကိစ္စကို သမီးတာဝန်သာ ထားလိုက်ပါ်”

သူမ၏ စကားထဲတွင် အကြွင်းမဲ့သည့် ယုံကြည်ချက်များနှင့် ပြည့်နှက် နေ၏။ မိဖုရားကြီးရင်ပင်လျှင် နင်ဟန်၏ ဆန္ဒကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။ “ရှောင်ဟန်.. သမီးဒီတစ်ခေါက်ပြန်လာတာ ရက်အနည်းငယ်လောက် ပိုပြီးနေလို့မရဘူးလား”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “အဖေ.. သမီးလုပ်ရမယ့်ကိစ္စတွေ အများကြီး ရှိသေးတယ်။ ပုဂ္ဂလိက ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ရှေးဟောင်းအမွေအနှစ်ကို ဆက်ပြီးတူးဖော်ဖို့ ထွက်သွားရအုံးမှာပဲ”

နင်ယွမ်ရှန်းက စိတ်မကောင်းဖြစ်သွား၏။ “ဒါဆိုရင် သမီး ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ”

မင်းသမီးနင်ဟန်က ခဏလောက် စဉ်းစားလိုက်သည်။ “နှစ်ရက်လောက်ပါပဲ”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မြန်လိုက်တာ”

နင်ဟန်က ပြန်လည်ကာပြောဆို၏။ “ဟုတ်ပါတယ်။ ကျွန်မတို့တာဝန်က ဘယ်လောက်ကို အရေးကြီးလဲဆိုတာ အဖေ မသိဘူး။ ဒီတစ်ခေါက် ရှေးဟောင်းမြေအောက်နန်းတော်တစ်ခုကို တူးဖော်နေတာ။ ဒါကြီးက တကယ်ကို ကြီးမားတယ်။ ဒါပေမယ့် ဝင်ပေါက်ကို မတွေ့သေးဘူး။ ဘယ်လို အကြမ်းပတမ်းနည်းလမ်းမျိုးမှလည်း သုံးလို့မရဘူး။ တန်ဖိုးကြီးတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးသွားနိုင်လို့လေ။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှေးဟောင်းမြေအောက်နန်းတော်ကြီးတစ်ခု ဟုတ်လား”

မင်းသမီးနင်ဟန်က ဖြေသည်။ “ဟုတ်တယ်။ ဆရာကတောင်မှ ကောင်းကင်ပင်လယ်နန်းဆောင်တစ်ခုတည်းနဲ့ ဒီနေရာကို ရှာဖွေလို့ရမှာမဟုတ်ဘူးလို့ ထင်နေတယ်။ ဒါကြောင့် အကူအညီတွေ တောင်းခံထားခဲ့တယ်။ အမှားအယွင်းသာ မရှိဘူးဆိုရင် ဒါက ကျွန်မတို့ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ အပြည့်စုံဆုံးသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်လာနိုင်တယ်။ ဒါကိုသာ အောင်အောင်မြင်မြင် တူးဖော်နိုင်ပြီဆိုရင် လောကရဲ့ ယဉ်ကျေးမှုအတွက် ကြီးမားတဲ့ တွန်းအားကြီးတစ်ခုအဖြစ် ဖြစ်လာလိမ့်မယ်။ အဆင့်တစ်ခု မြင့်တက်သွားနိုင်တယ်”

နင်ယွမ်ရှန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ အင်ပါယာကျန်းလီက လောကကြီး၏ ယဉ်ကျေးမှုကို ပိုမိုတိုးတက်စေရန် အရာအားလုံးကို ပြုလုပ်ဆောင်ရွက်ခဲ့သည် မဟုတ်ပါလား။

ပြီးနောက် မင်းသမီး နင်ဟန်က မိဖုရားခေါင်ကြီးကျူး ၊ မိဖုရားကြီးပျံ့နှင့် တခြားသောသူများကို သွားရောက် နှုတ်ဆက်ခဲ့၏။

.................

ထျန်းရွှဲ့မြို့၏ မြို့တော်ဝန်က ပဉ္စမမင်းသားနင်ကျန်း၏ စံအိမ်တော်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့၏။ သူက ရာဇဝတ်သား နာကျည်းမှုကို ရှာဖွေရန်လာခြင်းဟု အကြောင်းပြ၏။ နင်ကျန်းက သူ၏ စံအိမ်တွင် ကျိုးရိချမ် သာလျှင်ရှိပြီး နာကျည်းမှုဟူ၍မရှိကြောင်း ပြောဆိုခဲ့၏။ မြို့တော်ဝန်ကလည်း ဆက်လက်ပြဿနာမရှာဘဲ ပြန်လည် ထွက်ခွာသွားခဲ့၏။

နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော် အတွင်းမှာတော့ ....

ရှမ့်လန်၊ နင်ကျန်း၊ ကျိုးရိချမ်နှင့် အရူးလန်တို့ အစည်းအဝေးလုပ်လျက် ရှိနေသည်။

“ဒီတော့ ကျုပ်တို့ လုပ်စရာနှစ်ခုရှိတယ်။ ပထမဦးဆုံး အရှင်မင်းကြီး ဆီကနေ အခြေစိုက်စခန်းတစ်ခုကို တောင်းရမယ်။ မြောက်ပိုင်း အမဲလိုက်ကွင်းတော့ အကောင်းဆုံး နေရာတစ်ခုပဲ။ အရှင်မင်းကြီးက အမဲလိုက်တာကို မကြိုက်တော့ ဒီနေရာကို စွန့်ပစ်ထားသလို ဖြစ်နေပြီ။ ဒါ အခြေစိုက်စခန်းကောင်းတစ်ခု ဖြစ်လာလိမ့်မယ်”

“အဲဒီမှာ ကျုပ်တို့ရဲ့စစ်သားတွေကို လေ့ကျင့်ပေးရုံတင်မကဘူး။ စီးပွားရေးလည်း လုပ်လို့ရတယ်။ မြို့စား အိမ်တော်က မြို့တော်ထဲမှာ ရှိတယ်။ ဘာလုပ်လုပ် လူတွေ မြင်နေရတယ်။ ပြီးတော့ ဒီနေရာက အရမ်းကို သေးလွန်းတယ်။ မြောက်ပိုင်းအမဲလိုက်ကွင်းကတော့ ဧကပေါင်း သောင်းနှင့်ချီပြီး ရှိတယ်။ လုံလောက်အောင် ကျယ်ပြီး လူသူနဲ့လည်း ဝေးတယ်။ ကျုပ်တို့အတွက် အကောင်းဆုံး အခြေစိုက်စခန်းပဲ”

နင်ကျန်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် အဖေ့ဆီက တောင်းကြည့်လိုက်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ် တာဝန်သာ ထားလိုက်ပါ။”

နင်ကျန်းက အားမလိုအားမရ ဖြစ်သွား၏။ သူက ဘုရင်၏ သားတော်တစ်ပါး ဖြစ်သည်ဆိုသော်လည်း ရှမ့်လန်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။ မြောက်ပိုင်းအမဲလိုက်ကွင်းက နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သည် ဖြစ်သော်လည်း တော်ဝင်မိသားစု၏ အမဲလိုက်ကွင်းတစ်ခု ဖြစ်နေဆဲပင်။ ဤမျှကြီးမားသည့် တည်နေရာကြီးကို ဘုရင်မင်းမြတ်က နင်ကျန်းအား ပေးမည်မဟုတ်ပေ။

သို့ပေမည့် ရှမ့်လန်ကတော့ မတူပေ။ သူက ချော့မော့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပရိယာယ်သုံးပြီး ချေးငှားခြင်း .. ခေါင်းစဉ်အမျိုးမျိုးနှင့် လှည့်ပတ်နိုင်သည်။ မည်သူသိနိုင်မည်နည်း။ ဘုရင်မင်းမြတ်က မြောက်ပိုင်း အမဲလိုက်ကွင်းကြီး တစ်ခုလုံးကို နင်ကျန်းအား ပေးချင်ပေးသွားနိုင်၏။

“ဒီကိစ္စကို သုံးရက်အတွင်းမှာ အပြတ်ဖြတ်ရမယ်”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးတာနဲ့ စစ်သည်တွေကို အပူတပြင်း စုဆောင်းရမယ်။ အချိန်အနည်းဆုံးနဲ့ စစ်သည်ပေါင်း နှစ်ထောင် ရဖို့လိုအပ်တယ်။”

All Chapters